← Chapters

အိမ်တစ်ဆောင် မီးတစ်ပြောင်နှင့် နေရန်ကြိုးစားတော့မည်

Vol. 7 Ch. 70

အိမ်တစ်ဆောင် မီးတစ်ပြောင်နှင့် နေရန်ကြိုးစားတော့မည်

Vol. 7 Ch. 70

အဆုံးအဖြတ်စင်မြင့်ကြီး ခမ်းနားထည်ဝါစွာ ဖွင့်လှစ်ခဲ့သည်မှာ လဝက်ခန့် ရှိခဲ့လေပြီ။

ဤကာလအတွင်း လော့ချန်သည် သူ၏ ပုံမှန်အလုပ်ဖြစ်သော ဆေးဖော်စပ်ခြင်းကို ရပ်နားထားခဲ့သည်။ ထိုသို့လုပ်ဆောင်ရခြင်း၌ အကြောင်းရင်းများစွာ ရှိသည်။ ပထမအချက်မှာ ဖိုရှန်းဂိုဏ်း၏ လူမှုဆက်ဆံရေးနှင့် လုပ်ငန်းဆောင်တာများကို အသားကျအောင် လုပ်ဆောင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ သူ၏ လက်ဝယ်တွင် ဝိညာဉ်ကျောက်တုံးများ မရှားပါးတော့ပေ။

သူ၏စုဆောင်းမှုမှာ ဝိညာဉ်ကျောက်တုံး (၁၅၀) ရှိသည့်အပြင် လက်မှတ်မှောင်ခိုလုပ်ငန်းမှလည်း နောက်ထပ် (၂၀၀) ခန့် ရရှိထားသည်။ ထို့ပြင် တစ်လစာ ကျင့်ကြံရန် လုံလောက်သော ချီစွမ်းအင်ဖြည့်ဆေးလုံး ငါးပုလင်းကိုလည်း စုဆောင်းထားပြီးသား ဖြစ်သည်။

သို့သော် ဤအချက်များမှာ အရေးအကြီးဆုံး မဟုတ်ပေ။

အဓိကအချက်မှာ သူမျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသော တိုက်ပွဲများ၊ အထူးသဖြင့် ချီ သန့်စင်အဆင့် ကျင့်ကြံသူ (၁၈) ဦး ပါဝင်သည့် အသေအလဲတိုက်ပွဲကြီးမှာ သူ့အတွက် အသိအမြင်သစ်များစွာ ရရှိစေခဲ့သည်။

သူသည် အဆင့်မြင့်ကျင့်ကြံသူများကို ထူးခြားဆန်းပြားသော လူသားများဟု အမြဲတွေးထင်ခဲ့ဖူးသည်။ သို့သော် သူတို့တိုက်ခိုက်ပုံကို ကြည့်ရှုပြီးနောက် သူတစ်ခု သဘောပေါက်သွားသည်။

ကျင့်ကြံဆင့်ကွာခြားခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအား ပမာဏအပေါ်တွင်သာ အဓိကမူတည်သည်။

သူတို့အသုံးပြုသော မှော်အတတ်များမှာ သူနားလည်နိုင်သော ဘောင်အတွင်း၌သာ ရှိနေခြင်းပင် ဖြစ်သည်။

တိုက်ပွဲများကို လေ့လာပြီးနောက် သူသည် မှော်အတတ်များ၊ မှော်လက်နက်များနှင့် တိုက်စစ်၊ ခံစစ်၊ အစီအရင်များအပေါ် သိသိသာသာ အမြင်ပွင့်လာခဲ့သည်။ ဤအသိဉာဏ်ပွင့်မှုမှာ ဉာဏ်အလင်းပွင့်ခြင်းမျိုး မဟုတ်သော်လည်း အလွန်ပင် တန်ဖိုးရှိလှသည်။

ထို့ကြောင့် ဤသင်ခန်းစာများကို သူ၏ ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းရည်အဖြစ်သို့ ပြောင်းလဲရန် ဤအချိန်ကို အမိအရ ဆုပ်ကိုင်ထားရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ သူ့အား သားကောင်ပမာ ချောင်းမြောင်းနေသော ကောင်းထင်ယွမ် ဆိုသူ ရှိနေသေးသည်။ လော့ချန်အနေဖြင့် အချိန်တိုအတွင်း ကျင့်ကြံခြင်းအဆင့်ကို မမြှင့်တင်နိုင်သော်လည်း တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရန်မှာမူ လက်တစ်ကမ်းအကွာတွင်သာ ရှိသည်။

ကံကောင်းထောက်မစွာပင် တိုးတက်မှု အရှိန်မြှင့်ရန်အတွက် အခြေအနေကောင်းများ ကို သူပိုင်ဆိုင်ထားသည်။

သူ၏ ပါရမီရှင်အဆင့် ထာဝရနွေဦးကျင့်စဉ်မှာ ဝိညာဉ်စွမ်းအားကို အဆက်မပြတ် ဖြည့်တင်းပေးနေသဖြင့် မှော်အတတ်များအား စိတ်ကြိုက် အသုံးပြုနိုင်သည်။ ထို့ပြင် နေ့စဉ် ချင်လျန်ချန်းနှင့် လက်ရည်စမ်းခြင်းမှာလည်း အကျိုးရှိလှသည်။ ချင်လျန်ချန်းအတွက် အစားထိုးလက်အသစ်နှင့် အသားကျစေရန် ကူညီပေးရင်း လော့ချန်၏ ကျင့်စဉ်ကျွမ်းကျင်မှုမှာလည်း ထိုးတက်သွားခဲ့သည်။

ယခုမူ အသီးအပွင့်များကို ရိတ်သိမ်းရမည့်အချိန် ရောက်ပြီဖြစ်သည်။

[အခြေအနေပြကြေးမုံပြင်]

အမည် - လော့ချန်

သက်တမ်း - ၂၇/၇၅

ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)

အဆင့် - ချီသန့်စင် အဆင့် ၅ (၆/၁၀၀)

အောင်မြင်မှုအမှတ် - ၂၁ အမှတ်

[ကျင့်စဉ်များ]

နွေဦးကျင့်စဉ် - ပါရမီရှင်အဆင့် (၅၆၀/၁၀၀၀)

[မှော်အတတ်များ]

မီးလုံးမှော်အတတ် - အထွတ်အထိပ်အဆင့်

လေလွင့်ခြေလှမ်း - ပါရမီရှင်အဆင့် (၇၁၂/၁၀၀၀)

လေခွင်းမှော်အတတ် - ပါရမီရှင်အဆင့် (၅၁၀/၁၀၀၀)

ဆွဲငင်ခြင်းမှော်အတတ် - ပါရမီရှင်အဆင့် (၅၅၀/၁၀၀၀)

နွယ်ရှင်နှောင်ကြိုး - ပြီးပြည့်စုံအဆင့် (၃၇၀/၅၀၀)

နတ်မျက်စိ မှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၁၀/၅၀၀)

သန့်စင်ခြင်းမှော်အတတ် - ကျွမ်းကျင်အဆင့် (၂၀၁/၃၀၀)

[အတတ်ပညာများ]

ပထမအဆင့် ဆေးဖော်ဆရာ

မှော်အာဟာရဆေးလုံး - ပါရမီရှင်အဆင့် (၈၄၀/၁၀၀၀)

အံ့ဖွယ်တစ်သောင်းဆေးလုံး - ပြီးပြည့်စုံအဆင့် (၃၀၁/၅၀၀)

လက်ရှိ အခြေအနေပြကြေးမုံပြင်ကို ကြည့်ရင်း လော့ချန် ရင်ခုန်စိတ်လှုပ်ရှားသွားရသည်။

နောက်ဆုံးတွင် သူ၏ မှော်အတတ်တစ်ခုမှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။

မီးလုံးမှော်အတတ်ဖြင့် သူစိတ်ညှို့လိုက်သည်နှင့် လက်ဖဝါးပေါ်တွင် မီးလုံးတစ်လုံး ပေါ်လာသည်။ ထိုမီးလုံးမှာ လက်သီးဆုပ်ခန့်ရှိပြီး ပြင်းထန်သော အပူရှိန်နှင့် ပေါက်ကွဲအားကို ဖော်ဆောင်ထားသည်။

သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ မီးလုံးမှာ ထူးထူးခြားခြား ပြောင်းလဲသွားပုံ မရပေ။ သို့သော် ဝိညာဉ်စွမ်းအားကို အနည်းငယ် ထိန်းချုပ်လိုက်သည်နှင့် မီးလုံးမှာ ပုံစံပြောင်းသွားကာ မီးငှက်၏ ဟန်ပန်ကို ဆောင်သော ငှက်တစ်ကောင်အသွင်သို့ သက်ဝင်လှုပ်ရှားစွာ ပြောင်းလဲသွားသည်။

အကယ်၍ အတွေ့အကြုံရှိသော ကျင့်ကြံသူတစ်ဦးသာ မြင်လျှင် အံ့သြတုန်လှုပ်သွားပေလိမ့်မည်။

ဤကဲ့သို့ တိကျလှသော ထိန်းချုပ်မှုမျိုးမှာ ဓာတ်ကြီးငါးပါးဂိုဏ်းမှ တပည့်များ၏ အမှတ်အသား ဖြစ်သည်။ လော့ချန်မှာမူ မိမိဘာသာ လေ့ကျင့်ရင်း ဤအဆင့်ကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထိုအရာမှာ သာမန်တပည့်မျိုး မဟုတ်ဘဲ အခြေခံအုတ်မြစ် တည်ဆောက်ရန် မျှော်လင့်ချက်ရှိသော အမာခံတပည့်များမှသာ တတ်နိုင်သော အစွမ်းမျိုး ဖြစ်သည်။

သို့သော် လော့ချန်မှာ ကျေနပ်ခြင်း မရှိသေးပေ။ ဤထိန်းချုပ်နိုင်စွမ်းမှာ အထွတ်အထိပ်အဆင့် ရောက်ရုံဖြင့် ရလာခြင်းမဟုတ်ဘဲ ချင်လျန်ချန်းနှင့် လက်ရည်စမ်းစဉ် သူ၏ ဆွဲငင်ခြင်းအတတ် နှင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သည်။

အခြေခံအားဖြင့်မူ ၎င်း၏ အရှိန်နှင့် စွမ်းအားမှာ သိသိသာသာ တိုးတက်လာခြင်း မရှိသေးဘဲ ဝိညာဉ်စွမ်းအားအပေါ် ထိန်းချုပ်မှုကိုသာ ပိုမိုမြင့်မားစေခဲ့သည်။

ထို့ပြင် ၎င်းက သူ၏ ဆွဲငင်ခြင်းအတတ် ကိုပါ ပါရမီရှင်အဆင့်သို့ တွန်းပို့ပေးခဲ့သည်။ သို့သော် ဤသည်မှာ လော့ချန် မျှော်လင့်ထားသော ရလဒ် မဟုတ်သေး‌ ပေ။

ပြောင်းလဲသွားသည်များကို လော့ချန် အလေးအနက် စဉ်းစားရင်း လက်ထဲရှိ ဝိညာဉ်စွမ်းအားကို မြှင့်တင်လိုက်ရာ မီးလုံးလေးများ တစ်လုံးပြီးတစ်လုံး ပေါ်ထွက်လာတော့သည်။

မကြာခင်မှာပင် မီးလုံးအရေအတွက်မှာ (၁၀) လုံးအထိ ရှိလာသည်။

ယခင်ကဆိုလျှင် ဤသည်မှာ သူ၏ ကန့်သတ်ချက်ဖြစ်ပြီး သူ၏ မီးလျှံပိုးအိမ် မှော်အတတ်အတွက် မီးလုံး (၁၀) လုံးသာ ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက် လော့ချန် ထူးဆန်းသော ခံစားချက်တစ်ခု ရလိုက်သည်။ သူသည် ကန့်သတ်ထား‌သော စွမ်းအင်အဆင့်တစ်ခုကို ကျော်ဖြတ်သွားသလို ခံစားလိုက်ရသည်။

သူ့စိတ်ထဲမှ ရည်ရွယ်လိုက်သည်နှင့် နောက်ထပ် မီးလုံးတစ်လုံး ထပ်မံ ဖြစ်ပေါ်လာသည်။ လော့ချန် မျက်ခုံးပင့်လိုက်ပြီး ဝိညာဉ်စွမ်းအားကို ပိုမို ထုတ်လွှတ်လိုက်ရာ (၁၂) လုံးမြောက် မီးလုံး ပေါ်လာပြန်သည်။

(၁၃) လုံး (၁၄) လုံး…. (၂၀) လုံးအထိ….။

ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူငယ်လေး၏ ပတ်ပတ်လည်တွင် မီးလုံး (၂၀) ခန့်မှာ လေထဲ၌ လည်ပတ်ဝဲပျံနေကြပြီး သေစေနိုင်လောက်သော စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။

လော့ချန်မှာ အရေအတွက်ကြောင့်သာမက သူသည် ယခုထက်ပို၍ ထုတ်နိုင်သေးသည်ဟု ခံစားနေရသဖြင့် အံ့အားသင့်နေမိသည်။

လက်ရှိ ဝိညာဉ်စွမ်းအား ပမာဏအရ ဆိုပါက မီးလုံးပေါင်း (၁၀၀) နီးပါးအထိ သူ ထုတ်နိုင်မည်ဟု ခန့်မှန်းရသည်။

ထိုအရာများမှာ အမြင့်ဆုံး ပေါက်ကွဲအားအခြေအနေတွင် မရှိသေးသော်လည်း ဤသည်မှာပင် ကြောက်မက်ဖွယ် ကောင်းလှလေပြီ။

အဆင့်မြင့် အဆင့် (၁) မှော်စာရွက်တစ်ခုဖြစ်သော ဒေါသမာန်ဟုန် ကြယ်ပျံမိုးရွာခြင်းတွင်ပင် အများဆုံး မီးလုံး (၁၀၀) ခန့် ပါဝင်ပြီး ၎င်းမှာ ချီသန့်စင်အဆင့် အဆင့်မြင့်ပိုင်း ကျင့်ကြံသူများ၏ တိုက်ခိုက်မှုမျိုး ဖြစ်သည်။

ပြောင်းလဲမှုများသည် မပြီးသေးဟုယူဆပြီး လော့ချန် ခဏတွန့်ဆုတ်နေပြီးနောက် မီးလုံးနှစ်လုံးကို အနီးသို့ ဖြည်းညင်းစွာ စုစည်းကြည့်လိုက်သည်။

ရှဲ….

မီးပွားများ လွင့်စင်သွားပြီးနောက် မီးလုံးနှစ်လုံးမှာ ချောမွေ့စွာ ပေါင်းစည်းသွားတော့သည်။

ထွက်ပေါ်လာသော မီးလုံးမှာ အရွယ်အစား နှစ်ဆ ကြီးမားသွားသည်။

"နှစ်လုံးတင် မဟုတ်ဘူး.... အများကြီး ပေါင်းလို့ရတာပဲ"

လော့ချန် တကိုယ်တည်းရေရွတ်လိုက်သည်။

သူသည် ပုံမှန်အားဖြင့် သတိကြီးသူဖြစ်ပြီး တိုက်ခိုက်ရမည်ဆိုလျှင် ကြောက်တတ်သူ ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် တိုက်ပွဲများနှင့် အသားကျစေရန် ချင်လျန်ချန်းနှင့် လက်ရည်စမ်းရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ ယခင်က သူ ကြုံတွေ့ခဲ့ရသော လူသတ်လုယက်မှုမျိူး ကြုံတွေ့ခဲ့ပါက မိမိကိုယ်ကိုယ် ခုခံကာကွယ်ရုံမျှသာ ဖြစ်သည်။

သို့သော် လော့ချန်၌ ဆရာကျသော အချက်တစ်ခုလည်း ရှိသည်။ ၎င်းမှာ ဆေးဖော်စပ်ခြင်းနှင့် ကျင့်စဉ်လေ့ကျင့်ခြင်းတို့တွင် ဖြစ်သည်။ သူသည် သူ၏ ပိုင်ဆိုင်မှုအားလုံးကို ရင်းပြီး ဆေးလုံးများကို ဖော်စပ်ခဲ့သလို၊ လမ်းညွှန်ချက်မရှိဘဲ အန္တရာယ်ရှိသော နတ်မျက်စိ အတတ်ကိုလည်း ရဲရဲဝံ့ဝံ့ လေ့ကျင့်ခဲ့သူ ဖြစ်သည်။

ယခုအခါ မီးလုံးမှော်အတတ်၏ ပြောင်းလဲမှုကို ရင်ဆိုင်ရချိန်တွင် သူသည် မကြောက်မရွံ့ဘဲ စူးစမ်းလိုစိတ်ဖြင့် ပေါင်းစည်းခြင်း ခရီးကို စတင်လိုက်တော့သည်။

နှစ်လုံးမှ သုံးလုံး၊ လေးလုံး၊ ငါးလုံး....ဖြစ်လာသည်။

လော့ချန်၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ကျယ်လာသည်။ သူ၏ ရှေ့တွင် မီးလုံးမှာ နေမင်းအသေးစားလေးတစ်ခုအလား ကြီးမားလှပနေပြီ ဖြစ်သည်။

နောက်တစ်ခဏတွင်မူ သူ၏ ပါရမီရှင်အဆင့် လေလွင့်ခြေလှမ်းနှင့် လေခွင်းအတတ် တို့မှာ အလိုအလျောက် နိုးကြားလာသည်။

ရှူး….

ပုံရိပ်တစ်ခု လျှပ်စီးပမာ အပြင်သို့ ပြေးထွက်သွားသည်။ သူ၏ နောက်ကွယ်တွင်မူ ထိုနေမင်းငယ်လေးမှာ မတည်မငြိမ်ဖြစ်လာပြီး တစစ ကြီးထွားလာလေသည်။

ထို့နောက် တောက်ပလှသော နေမင်းငယ်မှာ ရုတ်တရက် ပေါက်ကွဲထွက်သွားတော့သည်။

ဘုန်း….

"လော့ချန်…. ကောင်စုတ် ဘာတွေ လျှောက်လုပ်နေတာလဲ…."

ချင်လျန်ချန်းမှာ အော်ဟစ်လျက် မီးလျှံများ ဝါးမြိုနေပြီး တစ်ဝက်ပြိုကျနေသော အိမ်အိုကြီးကို ငေးကြည့်နေမိသည်။

"ဦးလေးချင်.... ဆေးဖော်ရင်း မတော်တဆ အိမ်ပေါက်ကွဲသွားတာပါဆိုရင် ဦးလေး ယုံမလားဗျ"

လော့ချန်မှာ အပြေးတစ်ပိုင်း သူ့ဘေးသို့ ရောက်ရှိလာပြီး အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် မေးလိုက်သည်။

ချင်လျန်ချန်းက သူ့အား စိုက်ကြည့်ကာ လေးလေးပင်ပင် ပြောလိုက်သည်။

"မင်းက ငါ့ကို ငတုံး ထင်နေတာလား"

လော့ချန် ရှက်ကိုးရှက်ကန်း ရယ်လိုက်ပြီး ဘာမှ ထပ်မရှင်းပြတော့ပေ။

ရုတ်တရက် သူ တစ်ခုခုကို သတိရသွားပြီး အော်ဟစ်လိုက်သည်။

"မီးဗျို့ မီး.…မီးသတ်ကြဦးဗျို့"

သူ၏ ပစ္စည်းအချို့ အထဲမှာ ကျန် နေသေးသည်။

နောက်ဆုံးတွင်မူ သူတို့ အခြားသူအား အကူအညီ မတောင်းခဲ့ကြပေ။

ချင်လျန်ချန်းမှာ သတ္တု၊ မြေနှင့် ရေ အမြစ် ရှိသူဖြစ်သည်။ တိုက်ပွဲတွင် ရွှေဓာတ်မှော်လက်နက်များကို အသုံးများသော်လည်း ရေဓာတ်ကျင့်စဉ် အချို့ကိုလည်း တတ်မြောက်ထားသည်။

သူ တိမ်တောင်မိုးရွာခြင်း အတတ်ကို အသုံးပြုလိုက်ရာ မိုးလေးများ ရွာချလာပြီး ကျန်ရှိနေသော အိမ်တစ်ဝက်အား ပျက်စီးခြင်းမှ ကယ်တင်လိုက်နိုင်တော့သည်။

မီးငြိမ်းသွားသည်နှင့် လော့ချန် အထဲသို့ ပြေးဝင်သွားသည်။

မကြာခင်မှာပင် ကြေးပေါင်းအိုးတစ်လုံးကို ပွေ့ချီကာ သူ ပြန်ထွက်လာသည်။

"တော်သေးတာပေါ့.... တော်သေးတာပေါ့ ပြုပြင်ထားတဲ့ ဆေးမြစ်တွေ မပျက်စီးသွားဘူး၊ နည်းနည်းပဲ ပေသွားတာ၊ ဆေးလိုက်ရင် ပြန်သုံးလို့ ရသေးတယ်"

"မမရှို့ရှို့ရဲ့ ပန်းပင်လေးတွေကလည်း နေ့ဘက်ဆိုတော့ အပြင်ထုတ်ထားလို့ ဘာမှမဖြစ်သွားဘူး"

"ကျွန်တော် အချစ်ရဆုံး ခရမ်းရောင်တိမ်တိုက် ကြေးမီးဖိုလည်း အကောင်းအတိုင်းပဲ"

ပေါက်ကွဲမှုမှာ အိပ်ခန်းထဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အိပ်ခန်းမှာ အပျက်အစီး အများဆုံး ဖြစ်ခဲ့သည်။ သို့သော် အိပ်ခန်းထဲတွင်မူ ကုတင်တစ်လုံး၊ သစ်သားစားပွဲ တစ်လုံးနှင့် အဝတ်အစား အနည်းငယ်သာ ရှိသဖြင့် တန်ဖိုး သိပ်မကြီးလှပေ။

အပြင်သို့ ထွက်လာသောအခါ အဘိုးအိုတစ်ဦးမှာ ဒေါသတကြီးဖြင့် လျော်ကြေးတောင်းရင်း ခုန်ပေါက်ကာ ဆဲဆိုနေသည်ကို တွေ့လိုက်ရသည်။

ချင်လျန်ချန်း သက်ပြင်းချလိုက်သည်။

"အဘိုးစွန်းရယ်…. ဆေးဖော်ရင်း မတော်တဆ ဖြစ်သွားတာပါ၊ လျော်ကြေးဆောင်ဖို့အထိတော့ မလိုပါဘူး"

"မတော်တဆ ဖြစ်တာနဲ့တင် ပြီးမလားဟ၊ ဒီအိမ်တွေကို ငါတို့ဂိုဏ်းက ဓာတ်ကြီးငါးပါး ညီညွတ်မျှတအောင်၊ ခမ်းနားထည်ဝါအောင် ဆောက်ထားတာ အခုတော့ အိမ်ကြီး ပြိုသွားပြီ၊ လျော်ကြေးပေးရမယ်"

စွန်းရှို့က ရင်နာနာဖြင့် မြည်တမ်းနေသည်။

ချင်လျန်ချန်းက ခပ်ပြုံးပြုံးဖြင့် ချော့မော့လိုက်သည်။

"ကျုပ် ဂိုဏ်းက လူငယ်အချို့ကို ချက်ချင်းခေါ်ပြီး ပြန်ပြင်ခိုင်းလိုက်ပါ့မယ်၊ အရင်အတိုင်း ပြန်ဖြစ်စေရမယ်"

စွန်းရှို့ နှာခေါင်းရှုံ့လိုက်သည်။

"မင်းတို့ဂိုဏ်းက ကလေးတွေက အိုက်လောင်တောင်က ကျင့်ကြံသူတွေလောက် တတ်လို့လား"

"ငါးတုံး ဝိညာဉ်ကျောက်တုံး ငါးတုံး ပေးမယ်"

လော့ချန် အံကြိတ်ကာ ပြောလိုက်သည်။

"သဘောတူတယ်…. ထုတ်ပေးလိုက်တော့"

စွန်းရှို့၏ နှာခေါင်းရှုံ့နေသော မျက်နှာမှာ ပျောက်ကွယ်သွားပြီး နွေဦးလေပြေပမာ နွေးထွေးလှသော အပြုံးကြီး ပေါ်လာတော့သည်။

လော့ချန်မှာ ဝိညာဉ်ကျောက်တုံး ငါးတုံးကို နှမြောတသစွာ ပေးလိုက်ရင်း ဤအဘိုးကြီး၏ မျက်နှာပြောင်းလဲပုံမှာ မြန်လှချေလားဟု တွေးနေမိသည်။

စွန်းရှို့သည် ကျောက်တုံးများကို အိတ်ထဲထည့်ရင်း ထွက်အသွားတွင် လှမ်းပြောခဲ့သည်။

"နောက်လ ငှားရမ်းခ ပေးရတော့မယ်နော်၊ အချိန်မီ ပေးကြဦး၊ ဪ…. ချင်လေး မင်းလည်း ပေးဖို့ လိုသေးတယ်နော်၊ တကယ်တော့ မင်းတို့ ဒီအိမ်ကြီးကိုပဲ ဝယ်လိုက်ပါလား၊ သိပ်မဈေးကြီးပါဘူး၊ ဝိညာဉ်ကျောက်တုံး အနည်းငယ်လောက်ပဲ ကျမှာပါ"

"ဂရုစိုက်သွားပါ အဘိုးစွန်း"

"လမ်းမှာ ခလုတ်မတိုက်စေနဲ့နော် အဘိုးကြီး"

လော့ချန်နှင့် ချင်လျန်ချန်းတို့က အဘိုးအိုအား ကမန်းကတန်း နှုတ်ဆက်လိုက်ကြသည်။

ထို့နောက် သူတို့နှစ်ဦးမှာ မီးလောင်ထားပြီး တစ်ဝက်ပြိုကျနေသော အိမ်နောက်ခန်းကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြတော့သည်။

"အိမ်ဝယ်ဖို့လား ဒီဘဝတော့ မဖြစ်နိုင်တော့ပါဘူး၊ ငါ ဝယ်ရင်တောင် တိမ်ပြိုဂိုဏ်း နားမှာပဲ ဝယ်မယ်၊ ငါ့သားနဲ့ နီးတာပေါ့" ဟု ချင်လျန်ချန်းက ဆိုသည်။

လော့ချန်ကမူ "ငါ့ သနားစရာ အိမ်လေး….ဝမ်းနည်းလိုက်တာ" ဟု ညည်းတွားနေတော့သည်။

All Chapters