ထာဝရသွေး
Vol. 9 Ch. 896
ပိုင်ရှောင်ချန်းမှ လွဲ၍ သူ့ကိုယ်တွင်းရှိ ပြည့်နှက်နေသော မိုးခြိမ်းသံကဲ့သို့ ထစ်ခြုန်းမြည်ဟည်းသံများအား မည်သူမှ မကြားကြရပေ။ ၄င်းက မိုးကြိုးပစ်နေသည်ထက်သာလွန်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် ပဲ့တင်ထပ်နေကာ သူထိုင်နေသည့် နေရာမှာ လှုပ်ခတ်သွားပြီး သူ့လည်ပင်းနှင့်မျက်နှာပေါ်ရှိ သွေးကြောြကီးများ ထောင်ထလာတော့သည်။
သူက သူ့ခန္ဓာကိုယ်ပေါ်သို့ ဧရာမတောင်ကြီးတစ်လုံး ဖိနှက်နေသည့်အလား ခံစားနေရတော့သည်။ သူက အပြင်အားများကို ဆင့်ခေါ်၍ တောင်ကို တွန်းထုတ်ကာ ဖြိုဖျက်ရန် ကြိုးစားလိုက်သည်။
သူ့ခန္ဓာကိုယ်တွင်းရှိ ချီနှင့်သွေးစွမ်းအားများ ပေါ်ထွက်လာပြီး ထစ်ခြုန်မြည်ဟည်းသံများ ပို၍ပြင်းထန်ကျယ်လောင်လာစဥ် သူက အော်ဟစ်လိုက်သည်။
" ပြိုကွဲစေ "
ထိုအချိန်တွင် လူသားခန္ဓာ၏ လေးခုမြောက် အတားအဆီးဖြစ်သည့် မမြင်နိုင်သော တောင်ကြီးကား အစိတ်စိတ်အမြွှာြမွှာ ပျက်စီးသွားတော့သည်။ ရုတ်တရက် သူသည် ဇက်ကြိုး လွှတ်ပေးလိုက်သဖြင့် လွတ်လွတ်လပ်လပ် တဟုန်ထိုး ပြေးလွှားသွားသော မြင်းရိုင်းတစ်ကောင်အလား ပို၍လွတ်လပ်ပေါ့ပါးသွားသည့်ပမာ ခံစားလိုက်ရသည်။
ကန့်သတ်ချက်များဖြစ်စေ၊ တားဆီးပိတ်ဆို့မှုများဖြစ်စေ မရှိတော့ပြီဖြစ်ရာ သူ၏ချီနှင့် သွေးများ အားကောင်းစွာ တဟုန်ထိုး စီးဆင်းလာတော့သည်။ သူ၏ တရားပိတ်ကျင့်ကြံရာအခန်းမှာ တုန်ခါလာပြီးနောက် အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ခုလုံး တုန်လှုပ်လာတော့သည်။
သူ၏ထာဝရအရိုးများစွမ်းအားများက နောက်ထပ် မမြင့်မားနိုင်တော့သည့်အဆင့်ထိ တဟုန်ထိုး ထွက်ပေါ်လာသည်။ ၄င်းက ရေလှိုင်းများသဖွယ် သူ့ခန္ဓာကိုယ်ထဲတွင် တဝေါဝေါစီးဆင်းနေသဖြင့် နောက်ဆုံးတွင်.......
သူသည် ထာဝရအရိုးအဆင့်အား ဖောက်ထွက်တော့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူက အထွတ်အထိပ်ကို အမှန်ကယ် ရောက်နေလေပြီ။
" လူတစ်ယောက်က အာရုံစူးစိုက်ပြီး အပြင်းအထန်ကြိုးစားလျှင် ကံကောင်းမှုက နောက်ကလိုက်လာလိမ့်မည် " ဟူသော ဆိုးရိုးစကားအတိုင်း ယခုအခါ ထာဝရသွေးအတွက် ကဗျာက သူ့ဝိညာဥ်ထဲတွင် တံဆိပ်နှိပ်ထားခံရပြီး ယခုအခိုက်အတန့်ကို စောင့်နေသည့်အလား ရုတ်တရက် ပေါ်ပေါက်လာ၏။
သူက ကဗျာမှညွှန်ကြားထားသည့်အတိုင်း အလုပ်လုပ်လိုက်စဥ် ကောင်းကင်ဧကရာဇ်၏ဆံပင်မှ ကျန်ရှိသော စွမ်းအားများ သက်ဝင်လှုပ်ရှားလာ၏။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး အသက်ရှူချိန်အနည်းငယ်လေးအတွင်း မယုံနိုင်စရာကောင်းလောက်အောင် သိသိသာသာ ပိန်လှီခြောက်ကပ်လာသည်။
ဤရလဒ်အတွက် သူသာ ကြိုတင်မပြင်ဆင်ထားခဲ့ပါက ထိတ်လန့်စရာ ဖြစ်နေလိမ့်မည်။
" ငါ ခြောက်ကပ်ပြီး သေတော့မယ် "
သူက ထာဝရသွေးလုပ်ဆောင်ချက်အား ချက်ချင်း ရပ်တန့်လိုက်သည်။ ကံကောင်းစွာထောက်မစွာ ရပ်၍ရလိုက်သည်။ ကုန်လွန်သွားသည် တခဏလေးကပင်လျှင် သူ့မျက်နှာကို ဖြူဖျော့သွားစေပြီး သူ၏ အမြင်အာရုံများ ဝေဝါးသွားစေကာ နားများ အူသွားစေသည်။
အချိန်အနည်းငယ်ကြာသော် သူပြန်လည်သက်သာလာ၏။ သို့သော် သူ့မျက်နှာမှာ ဖြူဆုတ်နေဆဲဖြစ်ပြီး သူ့နှလုံးသားထဲတွင် ကျန်ရှိနေသေးသော အကြောက်တရားများကြောင့် တလှပ်လှပ်ဖြစ်နေတော့သည်။ သူ့ကိုယ်သူ အတွင်းအပြင် စစ်ဆေးပြီးနောက် အော်ငိုမိမတတ် ဖြစ်သွားတော့သည်။
"ငါ့သက်စောင့်အား....."
သူ၏ ယခင်က သက်ဝင်လှုပ်ရှားနေသော သက်စောင့်အားများမှာ အသက်ရှူချိန်အနည်းငယ်အတွင်း တစ်ဝက်ကျော်ကျော်ကုန်ခမ်းသွားလေပြီ။
" အရင်က ဒီလောက်မဟုတ်ပါဘူး။ ဒါ.... ဒါက သခင်မလေးဟုန်ချိန်နဲ့ စုန့်ကျင်းဝမ်တို့ ပေါင်းထားတာ ထက်တောင် ပိုကြောက်ဖို့ ကောင်းသေးတယ် "
သူက ညည်းညူလျက် ထာဝရသွေးအား ကျင့်ကြံအားထုတ်ခြင်းအပေါ် လက်လျှော့လိုက်တော့သည်။
အမှန်ဆိုရလျှင် ၄င်းအား မတတ်ကျွမ်းခင်မှာပင် သူ့ကိုယ်သူ မတော်တဆသတ်မိမည်ကို သူ စိုးရိမ်နေသည်။
" ထာဝရထီးကို သုံးရတော့မယ်လို့တော့ မပြောနဲ့နော် "
သူက စိတ်တိုတိုနှင့် နဖူးအား ရိုက်လိုက်တော့သည်။
" ဒီထာဝရသိုင်းက အဆိုးဆုံးကျင့်စဥ်ပဲဟေ့။ လူကောင်းတွေကို လူဆိုးဖြစ်အောင်လုပ်နေတာ "
သူက စိတ်ဓာတ်ကျစွာဖြင့် တစ်ခါတုန်းက ဖြူစင်ပြီး တုံးအသော ကောင်လေးတစ်ယောက်က ထာဝရအရေပြားကို ကျင့်ကြံပြီး ကြက်သူခိုးအဖြစ်ပြောင်းလဲခဲ့ရပုံကို ပြန်ပြောင်းတွေးမိလိုက်သည်။
ထို့နောက် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ထာဝရကောင်းကင်ဘုရင်အတွက် ချီနှင့်သွေးများ ခိုးယူရန် တခြားသူများ၏ အင်မော်ဂူများကို ခိုးကြောင်ခိုးဝှက်သွားခဲ့ရသည်။
ထို့နောက်တွင် ထာဝရအရွတ်အကြောများအတွက် သူ လိုအပ်မျှအကုန် အလွဲသုံးစားလုပ်ခဲ့ရပြီး ရှေ့တန်းတပ်သားအဖြစ် မဟာတံတိုင်းတွင် ဆေးဖော်စပ်ခဲ့ရသည်။
နောက်ဆုံးတွင် မြေရိုင်းဒေသထဲတွင် သူက ထာဝရအရိုးအား အပြီးသတ်ရန် ရက်စက်ကြမ်းကြုတ်သော သက်စောင့်အားအမဲလိုက်သူတစ်ယောက် ဖြစ်လာခဲ့ရသည်။
" ဒါတွေအားလုံးက တန်ရဲ့လား။ ငါက လူကောင်းတစ်ယောက်ပဲလေ။ ထာဝရအရိုးကို တတ်မြောက်တာပဲ ကောင်းသင့်သလောက် ကောင်းနေပါပြီ။ ဒီတစ်ခုတည်းနဲ့တင် တော်တော်အံသြစရာကောင်းနေပြီပဲ "
သူက သက်ပြင်းချ၍ ထာဝရသွေးကဗျာအား ထပ်မံဖတ်ရှုလိုက်သည်။
ထာဝရသွေးသည် ထာဝရသိုင်း၏ နောက်ဆုံးအဆင့်ဖြစ်ပြီး ကျင့်စဥ်တစ်ခုလုံးအား ကျွမ်းကျင်စွာ တတ်မြောက်ရန် လိုအပ်သည့် နောက်ဆုံးခြေလှမ်းဖြစ်သည်။
ထာဝရအရေပြားက မယုံကြည်နိုင်ဖွယ်ကောင်းသော ခုခံနိုင်စွမ်းအားကို ထောက်ပံ့ပေးသည်။ ထာဝရအသွေးအသားက အပြင်ခန္ဓာအား အံ့သြတုန်လှုပ်ဖွယ်အဆင့်အထိ တိုးမြှင့်ပေးသည်။ ထာဝရအရွတ်အကြောများက ပြင်းထန်သောအမြန်နှုန်းနှင့် စွမ်းအားကို ထောက်ပံ့ပေးသော်လည်း ထိုသည်က အမှန်တကယ်တော့ ပထမဆုံးအဆင့်သာဖြစ်သည်။ ထာဝရအရိုးများက ထိုသွေးကြောထဲရှိ ဒုတိယအဆင့်ဖြစ်သည်။
ထိုဒုတိယအဆင့်တက်ခြင်း၏ သက်ရောက်မှုများက ပို၍ သိသာသည်။ သူက ထာဝရအရိုးများအဆင့်ကို တတ်မြောက်ပြီးနောက် သူ၏ခုခံနိုင်စွမ်း၊ အမြန်နှုန်း၊ ခွန်အားများနှင့် အခြားအရာများအားလုံးတွင် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။
သို့သော်လည်း သူ၏ ထာဝရသိုင်းက ဟာကွက်များ ရှိနေဆဲ ဖြစ်သည့်အပြင် သူ့ကို လွယ်လင့်တကူ သတ်၍ ရနေသေးသည်။ သူ့မှာ အံသြတုန်လှုပ်ဖွယ်စွမ်းအားများ ရှိနေသည့်တိုင် အလွယ်တကူ အားအင်ကုန်ခမ်းနိုင်သည်။ သူ၏ ထာဝရဧကရာဇ်လက်သီးကို ဆင့်ခေါ်ခြင်းကပင် သူ့ကို အစွမ်းကင်းမဲ့လုနီးပါး ဖြစ်သွားစေမည် ဖြစ်သည်။
သူက သန်မာပြီး ဒဏ်ရာရရန် ခက်ခဲပါသော်လည်း ထိခိုက်ဒဏ်ရာရလာခဲ့လျှင် ပြန်လည်သက်သာရန် အချိန်လိုအပ်သေးသည်။ ထိုမျှသာမက သူ့အပေါ် သက်ရောက်လာမည့် ဒဏ်ရာအများစုက အလွန်အမင်း ပြင်းထန်မည် ဖြစ်သည်။
သို့သော် ယခုတွင် သူက ထာဝရသွေးကို ကျင့်ကြံနိုင်သည်ဖြစ်ရာ ထိုအားနည်းချက်များ ပျောက်ကွယ်လာနေလေပြီ။
ယင်းမှာ အပြောင်းအလဲမြန်လွန်းလှပါသော်လည်း ထိုသို့ ထာဝရသွေးကို ကျင့်ကြံနိုင်ပြီဆိုသည်နှင့်တစ်ပြိုင်နက် ထာဝရသိုင်းကျင့်ကြံသူက အင်အားကုန်ခမ်းရန် ခက်ခဲမည်ဖြစ်သည်။
ထိုအခြေအနေတွင် ကောင်းကင်တုန်လှုပ်ပြီး မြေပြင်တို့ အက်ကွဲစေနိုင်လောက်အောင် စွမ်းအားကြီးသော ထာဝရဧကရာဇ်လက်သီးက မည်သို့ ဖြစ်မည်ကို အလွယ်တကူ တွေးကြည့်နိုင်ပေသည်။
အမှန်တွင် ထာဝရသွေးက အပြင်အားတစ်ခုလုံးကို အတိုင်းအဆများစွာ မြင့်တက်သွားစေနိုင်သည်။ သို့သော် ထိုသည်က ဒုတိယသာ။ အကြီးမားဆုံး အကျိုးကျေးဇူးက ပြန်လည်သက်သာခြင်းစွမ်းအား၏ မယုံကြည်နိုင်ဖွယ် တိုးတက်မှုပင်။
အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီးနောက် ပိုင်ရှောင်ချန်းသည် ထာဝရဧကရာဇ်လက်သီးကို အသုံးပြုသည့်အချိန်တွင် မည်သည်နှင့်တူကြောင်း ပြန်စဥ်းစားလိုက်သည်။ ထို့နောက် သူက ထာဝရသွေး၏ ကောင်းကျိုးများနှင့် အသုံးပြုလျှင် မည်သည်နှင့်တူလိမ့်မည်ကို မမျှော်လင့်မိဘဲ မနေနိုင်တော့ပေ။
ထို့နောက်တွင် အားပြန်ပြည့်ခြင်းအကျိုးကျေးဇူးများ ရှိသေးသည်။ ထိုသည်နှင့် သူစိတ်တိုင်းကျသွားအသုံးပြုနိုင်မည့် အံ့မခန်းစွမ်းအားဖြင့် ပေါင်းစပ်သွားသောအခါ သူသည် ကောင်းကင်နှင့်မြေပြင်ရှိ လူအနည်းစုသာ သတ်နိုင်သော လူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
" နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူတွေ ငါ့ကိုကြောက်ပြီး ထွက်ပြေးစေရမယ်။ ကောင်းကင်ဧကရာဇ်တောင် ငါ့ကြောင့် ခေါင်းကိုက်သွားနိုင်လောက်တယ် "
ပိုင်ရှောင်ချန်း၏ မျှော်လင့်ချက်များ ဆက်လက်ကြီးထွားလာတော့သည်။ သူသာ ဤကျင့်ကြံခြင်းအမျိုးအစား၏ အခက်အခဲများကို ကျော်လွှားနိုင်လျှင် တစ်နေ့တွင် သူက ထာဝရအသက်ရှင်နိုင်မည်မှာ ဧကန်မုချပင်။ ထိုအတွေးလေးကပင် သူ၏မျက်လုံးများအား နီရဲတောက်သွားစေတော့သည်။
" ဘယ်လိုဖြစ်နေပါစေ ငါ ဂရုမစိုက်ဘူး။ ဒါတွေအားလုံးက ထာဝရအသက်ရှင်ဖို့ဆိုတဲ့ ငါ့ပန်းတိုင်အတွက်ပဲ။ ငါ ဆက်လုပ်ရမယ် "
သူ၏ မျက်လုံးများက စိတ်ပိုင်းဖြတ်ထားမှုများဖြင့် စူးရှတောက်ပနေ၏။ သို့သော် ယခု သူက ကျင့်ကြံခြင်းအား ဆက်လက်မလုပ်ကိုင်သေးပေ။ ယခုအချိန်က သင့်တော်သည့်အချိန်မဟုတ်ချေ။
ထိုသည်က သူ ကျင့်စဥ်နှင့်ပတ်သက်၍ ဉာဏ်အလင်းပွင့်ခြင်းမရရှိခြင်းကြောင့် မဟုတ်ဘဲ သူ၏အားထုတ်မှုများ ချောချောမွေ့မွေသွားစေရန် အကောင်းဆုံးနည်းလမ်း ဖြစ်နေနိုင်သောကြောင့်သာ ဖြစ်သည်။
" ထာဝရသွေးကို ထာဝရအပိုင်းရဲ့ အခြားကဏ္ဍတွေလို အဆင့်လိုက် မခွဲထားဘူးပဲ "
" အဓိကအားဖြင့် ထာဝရသွေးရဲ့အချက်က လူတစ်ယောက်ခန္ဓာကိုယ်ထဲက လက်ရှိသွေးတွေနေရာမှာ အစားထိုးဖို့ပဲ။ အဲဒါသာ အောင်မြင်သွားရင် ငါ့ခန္ဓာကိုယ်ထဲက သွေးစက်တိုင်းက ဧရာမရေကန်ကြီးလို အကန့်အသတ်မဲ့သွားလိမ့်မယ် “
" သွေးတွေကို ရာခိုင်နှုန်းအလိုက် ခွဲထားတယ်။ ငါ့သွေးရဲ့ ၁၀၀ရာခိုင်နှုန်းကို အစားထိုးနိုင်တာနဲ့ ထာဝရမပျက်စီးတဲ့ ထာဝရသွေးကို ရလိမ့်မယ် "
သူက ရက်ပေါင်းများစွာအချိန်ယူ၍ ထာဝရသွေး၏ အချက်အလက်များနှင့် ကဗျာအား အထပ်ထပ်အခါခါ ဖတ်ရှုလိုက်သည်။ ထိုအချိန်တွင် သူက တခဏကြာမော့လိုက်ပြီးနောက် သူ့အိတ်ကို ပုတ်ကာ ဆေးလုံးအချို့ ထုတ်လိုက်သည်။
" ငါ နောက်တစ်ကြိမ် ကြိုးစားမယ်။ ဒါပေမယ့် ဒီတစ်ကြိမ် သေချာဂရုစိုက်ရမယ် "
သူ၏အမြင်အရ ၄င်းမှာ အန္တရာယ်များသော နှစ်ဦးချင်းတိုက်ပွဲကို ဆင်နွှဲရတော့မည့်အလား။ သူက မျက်လုံးများ ရဲရဲနီနေလျက် အပြင်အားများကို ဆင့်ခေါ်လိုက်သည်။
ထိုသို့ သူလုပ်ဆောင်လိုက်စဥ် သူ့ခန္ဓာကိုယ်ထဲတွင် ေရဝဲတစ်ခုအစား ရေဝဲပေါင်းများစွာအား ရှာတွေ့လိုက်သည်။ သွေးတစ်စက်စီတိုင်းက သူ၏သက်စောင့်အားများကို ဆာလောင်မွတ်သိပ်စွာ ဝါးမျိုနေသည့် ရေဝဲတစ်ခုပမာ ဖြစ်နေသည်။
ထိုအခြင်းအရာကြောင့် သူ ချုံးပွဲချ ငိုချင်သွားသည်။ မည်သည့်အတွက်ကြောင့်ဆိုရသော် သူစားသုံးခဲ့သမျှ ဆေးလုံးတိုင်း၏ စွမ်းအားများမှာ ရေဝဲများ၏ စုပ်ယူခြင်းခံနေရသောကြောင့်ပင်။
သူက ကျင့်ကြံခြင်းလုပ်ငန်းစဥ်အား အလျင်အမြန် အဆုံးသတ်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူ ရုတ်တရက် ပါးစပ်အဟောင်းသားဖြစ်သွားပြီး သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ရှိရာဘက် သွေးဘိုးဘေးကြီးဆီသို့ လှမ်းကြည့်လိုက်လေသည်။