← Chapters

ထျန်းရှန်းမျှော်စင်မှ အကြွေးဟောင်း

Vol. 7 Ch. 61

ထျန်းရှန်းမျှော်စင်မှ အကြွေးဟောင်း

Vol. 7 Ch. 61

ပုံမှန်ဆိုလျှင် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးပျူငှာတတ်သည့် သူမ၏မျက်နှာထားသည် ယခုအခါတွင်မူ စိုးရိမ်ပူပန်မှုများဖြင့် လွှမ်းခြုံနေလေသည်။ လော့ချန်သည် သူမ၏ခံစားချက်ကို အနည်းငယ် နားလည်နိုင်သည်။

အစောပိုင်းက မင်လုံယွီ၏လှုပ်ရှားမှုမှာ အလွန်ပင် ထူးဆန်းနေသည်။

သူသည် အလံများကို အသုံးပြု၍ အစီအရင်တစ်ခုကို ဖော်ဆောင်နေသယောင် ရှိသော်လည်း၊ ထိုအစီအရင်ကို အသက်သွင်းပုံမှာ သာမန် မဟုတ်ဘဲ ပြိုင်ဘက်ကို ဖျက်ဆီးပစ်မည့် တန်ပြန်အစီအရင်မျိုး ဖြစ်နေသည်။

ထိုအစီအရင်၏ သဘောသဘာဝကို မသိရှိသည့် ရန်သူများက အလံများကို အလျင်စလို ဖျက်ဆီးပစ်လိုက်မိသည့်အခါ အစီအရင်၏ အရှိန်အဝါကို ပိုမိုအားကောင်းလာစေပြီး ရွှေရောင်ဓားချက်များ ထွက်ပေါ်လာစေရန် မသိလိုက်ဘဲ ကူညီပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

ထိုသို့သော နည်းဗျူဟာမျိုးသာဆိုလျှင် ဟန်တန် မဆိုထားနှင့်၊ ဖိုရှန်းဂိုဏ်းမှ ကျန်ရှိသော ကျင့်ကြံသူ ကိုးဦးလုံးပင် အရှက်တကွဲ ရှုံးနိမ့်သွားနိုင်ပေသည်။ ယခုမူ ဖိုရှန်းဂိုဏ်းသည် အလွန်အရေးကြီးသော ပထမဆုံးပွဲတွင် အရေးနိမ့်သွားခဲ့ရပြီး တာကျန်းဂိုဏ်းက အသာစီးရသွားခဲ့ပြီ ဖြစ်သည်။

“နောက်ထပ် တိုက်ပွဲတွေ အဆင်ပြေပြေ ဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပဲ”

လော့ချန် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူသည် ဖိုရှန်းဂိုဏ်းဘက်သို့ ရပ်တည်နေမိပြီးသား ဖြစ်သည့်အတွက် သူတို့အား အနိုင်ရစေချင်သည့် စိတ်ဆန္ဒက အလိုလို ပေါ်ပေါက်လာနေသည်။

ဆက်လက်ဖြစ်ပွားသည့် ပွဲစဉ်သုံးပွဲမှာမူ သူမျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။

အကြောင်းမှာ တာကျန်းဂိုဏ်းမှ စေလွှတ်လိုက်သည့် ကျင့်ကြံသူသုံးဦးစလုံးမှာ တာဟဲဈေးမြို့တော်ရှိ လူတိုင်းနှင့် ရင်းနှီးပြီးသားသူများ ဖြစ်နေသောကြောင့်ပင်။ ထိုပွဲများမှာ ယခင်ပွဲကဲ့သို့ ရက်စက်ကြမ်းတမ်းခြင်း မရှိတော့ပေ။

ဖြစ်နိုင်သည်မှာ ဟန်တန်၏ အဖြစ်ဆိုးကို မြင်တွေ့လိုက်ရပြီးနောက် ဖိုရှန်းဂိုဏ်းမှ ခေါင်းဆောင်များ ပိုမိုသတိထားလာကြခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

ဒုတိယပွဲစဉ်တွင် တောင်ဆင်းကျားဟု နာမည်ကြီးသည့် လော့ဝူတီ ဝင်ရောက် ယှဉ်ပြိုင်သည်။ လော့ချန်မှာ သူနှင့် မျိုးရိုးတူနေသဖြင့် ဝေးကွာသော ဆွေမျိုးတော်စပ်လေမလားဟုပင် တွေးလိုက်မိသေးသည်။

သူသည် နာမည်နှင့်လိုက်အောင်ပင် တောင်ဆင်းကျားတစ်ကောင်ပမာ ပြိုင်ဘက်ကို အားမာန်အပြည့်ဖြင့် ခုန်အုပ်တိုက်ခိုက်လိုက်ရာ သုံးမိနစ်အတွင်းမှာပင် အနိုင်ရရှိသွားသည်။

တတိယပွဲစဉ်တွင်မူ နဂါးလိမ်ကျား အနိုင်ရသွားသည်။ သူ၏အောင်မြင်မှုမှာ အမြင့်ဆုံးအဆင့် မှော်ပစ္စည်းတစ်ခုကြောင့် ဖြစ်ပြီး၊ မုရုံချင်းလျန်၏ အဆိုအရ ထိုပစ္စည်းမှာ မီရှုဟွာ၏ပစ္စည်းဖြစ်ကာ ဤပွဲအတွက် အထူးချေးငှားထားခြင်း ဖြစ်ကြောင်း သိရသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ အနိုင်ရသွားခဲ့သည်။

အကယ်၍သာ ရှုံးနိမ့်သွားပါက ထိုတန်ဖိုးကြီး မှော်ပစ္စည်းမှာ ရန်သူ့လက်ထဲသို့ ရောက်သွားပေလိမ့်မည်။

စတုတ္ထပွဲစဉ်သို့ ရောက်သောအခါ လော့ချန်၏စိတ်ဝင်စားမှုမှာ အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။ အကြောင်းမှာ ယှဉ်ပြိုင်မည့်သူမှာ သူ၏ ဖောက်သည်ကြီး ကျန်းဝမ် ဖြစ်နေသောကြောင့်ပင်။ သူ့၏ပြိုင်ဘက်မှာ တာကျန်းဂိုဏ်းမှ ၁၈ ယောက်အုပ်စုထဲတွင် တစ်ဦးတည်းသော အမျိုးသမီးကျင့်ကြံသူ လော့ရှားနတ်ဆိုးမ ဖြစ်သည်။

"ဒေါ်လေး.... ဒီပွဲကို ဘယ်လိုမြင်လဲ"

ဖိုရှန်းဂိုဏ်းက ပွဲစဉ်နှစ်ပွဲဆက်တိုက် အနိုင်ရထားသဖြင့် မှိုင်တွေနေသည့် ဝန်းကျင်မှာ ယခုအခါ စိတ်ဓာတ်တက်ကြွလာကြသည်။

မုရုံချင်းလျန်က သူမ၏ဆံပင်ကို သပ်တင်လိုက်ရင်း ပြုံး၍ ပြောလိုက်သည်။

"တာကျန်းဂိုဏ်းရဲ့ အဓိက အဖွဲ့ဝင်တွေနဲ့သာ တိုက်ရမယ်ဆိုရင်တော့ ငါတို့ မုချနိုင်မှာပါ"

ဤသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

ဖိုရှန်းဂိုဏ်းမှ ကျင့်ကြံသူများသည် တောင်တန်းများထဲတွင် နတ်ဆိုးသားရဲများနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့သူများ ဖြစ်သည်။ သူတို့၏ တိုက်ခိုက်ရေးအတွေ့အကြုံမှာ အဆင့်တူ ကျင့်ကြံသူများကြားတွင် ပြိုင်ဘက်ကင်းသည်။

တာကျန်းဂိုဏ်းမှာမူ မြစ်ကြောင်းများတစ်လျှောက်တွင် အဓိက လှုပ်ရှားကြသူများ ဖြစ်သည့်အတွက် သူတို့၏ ကျွမ်းကျင်မှုအများစုမှာ ရေပေါ်တိုက်ပွဲများအတွက်သာ ပိုမိုသင့်လျော်နေပြီး၊ အဆုံးအဖြတ်စင်မြင့်ကဲ့သို့ ကျဉ်းမြောင်းသည့်နေရာမျိုးတွင်မူ ထိရောက်မှု နည်းပါးနေတတ်သည်။

"မိတ်ဆွေကျန်းဝမ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တကယ်ကို လေးစားဖို့ကောင်းတယ်၊ သူ ငယ်စဉ်က အတွင်းအား ထိခိုက်ခဲ့လို့ ကျင့်ကြံခြင်းလမ်းစဉ် ရပ်တန့်သွားခဲ့ရတာ၊ လူတွေကတော့ သူ ကျင့်ကြံတာကို စွန့်လွှတ်ပြီး မိန်းမတွေနဲ့ပဲ အချိန်ဖြုန်းနေတယ်လို့ ထင်ကြတာပေါ့၊ ဒါပေမဲ့ သူဟာ ချီ သန့်စင်အဆင့်ရဲ့ တိုက်ခိုက်ရေးအတတ်ပညာ အားလုံးကို အထွတ်အထိပ်အထိရောက်အောင် လေ့ကျင့်ထားတယ်ဆိုတာ သူတို့မသိကြဘူး၊ သူ့ကို အမျိုးသမီးတစ်ယောက်နဲ့ လာယှဉ်ခိုင်းတာဟာ သူ့ကို လျှော့တွက်လိုက်တာပဲ"

မုရုံချင်းလျန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ တစ်ချိန်က တစ်ကိုယ်တော်ကျင့်ကြံသူကြီး တစ်ဦးဖြစ်ခဲ့သော ကျန်းဝမ်အပေါ် သူမ ဤမျှ ယုံကြည်နေလိမ့်မည်ဟု မည်သူမျှ ထင်ထားလိမ့်မည်မဟုတ်။

လော့ချန် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ သူသည် ကျန်းဝမ်အပေါ် အမြင်စောင်းခဲ့မိကြောင်း သတိပြုမိသွားသည်။

နောက်တစ်ကြိမ် အံ့ဖွယ်တစ်သောင်းဆေးလုံး ရောင်းချသည့်အခါ ကျန်းဝမ်အား လျှော့ဈေး ပေးလိုက်မည်ဟု သူတေးထားလိုက်သည်။

စင်မြင့်ပေါ်တွင် လော့ရှားနတ်ဆိုးမကို ရင်ဆိုင်ရင်း ကျန်းဝမ် အားရပါးရ ပြုံးလိုက်သည်။

"တာကျန်းဂိုဏ်းကလည်း တကယ့်ကို ရက်ရောတာပဲ၊ ငါ့ကို သတ်ဖို့ ဒီလောက်လှတဲ့သူကို စေလွှတ်လိုက်တယ်လို့၊ ဒါပေမဲ့ ဝမ်းနည်းစရာပဲ၊ ငါက ပန်းတွေကို ချစ်မြတ်နိုးတတ်ပေမယ့် ဒီနေ့တော့ ပန်းတစ်ပွင့်ကို ဖျက်ဆီးပစ်ရတော့မှာပဲ"

နာမည်နှင့်မလိုက်အောင်ပင် လော့ရှားနတ်ဆိုးမမှာ အလွန်တရာ လှပသူ ဖြစ်သည်။ အထူးသဖြင့် တောင့်တင်းလှပသော ကိုယ်လုံးကိုယ်ပေါက် မှာ မည်သူမဆို မျက်စိကျလောက်အောင်ပင်။

သူမသည် ကျန်းဝမ်၏ နောက်ပြောင်မှုကို အေးစက်စက် အကြည့်ဖြင့် တုံ့ပြန်လိုက်သည်။

"ဒီနေ့တော့ ရှင်ဟာ ပန်းတစ်ပွင့်အောက်မှာပဲ သေဆုံးပြီး ထာဝရဝိညာဉ်တစ္ဆေ ဖြစ်သွားလိမ့်မယ်"

ထိုသို့ပြောပြီးနောက် သူမသည် လခြမ်းပုံ ဓားပျံလက်နက်ကို ထုတ်ကာ မှော်စာလုံးများကို အသက်သွင်းလိုက်သည်။

တစ်ဖက်တွင်မူ ကျန်းဝမ်မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

သူသည် အဆင့်မြင့် မှော်ကာကွယ်ရေးဝတ်ရုံကို အသက်သွင်းလိုက်သည့်အပြင် ရွှေသံချပ်ကာကိုပါ ထပ်မံ ထုတ်ဖော်လိုက်သည်။

ထိုသို့ သုံးထပ်ကွမ်း အကာအရံများဖြင့် တည်တည်ငြိမ်ငြိမ် ရှိနေသည်ကို မြင်ရသောအခါ လော့ချန်ပင် အံ့အားသင့်သွားသည်။

သူ့၏ ဝိညာဉ်ဖျက်သံမှိုနှင့် ဆိုလျှင်ပင် ထိုမျှ ခိုင်မာသည့် အကာအရံကို ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။

လခြမ်းဓားပျံမှာ အလွန်ထက်မြက်သော်လည်း အကြိမ်ကြိမ် တိုက်ခိုက်သည့်တိုင် ကျန်းဝမ်အား မထိခိုက်နိုင်ပေ။ မှော်စာလုံးများမှ ထွက်ပေါ်လာသည့် မီးလုံးများနှင့် လေဓားများမှာလည်း အကာအရံနှစ်ထပ်ကိုသာ ဖျက်ဆီးနိုင်ပြီး၊ နောက်ဆုံးဝတ်ရုံအကာအရံသို့ ရောက်သောအခါ လေပြေညင်းကဲ့သို့ အားနည်းသွားလေသည်။

ကျန်းဝမ်သည် ကျေနပ်စွာ ပြုံးလိုက်ပြီး သူ၏လက်များမှာလည်း လျင်မြန်စွာ လှုပ်ရှားနေသည်။ ယခု သူ၏ တိုက်ခိုက်ချိန် ရောက်ပြီဖြစ်သည်။

သူ မှော်စာရွက်ကိုးခုကို တစ်ပြိုင်နက် ထုတ်သုံးလိုက်သည်။ စည်းကမ်းအရ မှော်စာရွက် ဆယ်ခုအထိသာ သုံးခွင့်ရှိရာ သူ အကုန်အစင် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

လော့ရှားနတ်ဆိုးမ အခက်တွေ့နေစဉ်မှာပင် ကျန်းဝမ် လက်ဟန်ကိုပြောင်း၍ ဗွက်အိုင် အစီအရင်ကို ဖော်ဆောင်လိုက်သည်။ သူမခြေအောက်ရှိ မြေပြင်မှာ ရုတ်တရက် ဗွက်အိုင်ကြီးအဖြစ် ပြောင်းလဲသွားပြီး လက်များစွာ ထွက်ပေါ်လာကာ သူမအား ဆွဲချရန် ကြိုးစားလေသည်။

လော့ရှားနတ်ဆိုးမမှာ အတင်းအကျပ်ပင် ကောင်းကင်သို့ ပျံတက်သွားရသည်။

သို့သော်လည်း ကောင်းကင်ယံမှာ အရိပ်မည်းများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။ သူမ မသိလိုက်သည့်အချိန်တွင် ကျန်းဝမ်၏ အဓိက တိုက်ခိုက်ရေး မှော်ပစ္စည်းမှာ သူမ၏ခေါင်းပေါ်သို့ ကျရောက်လာလေပြီ။ ဧရာမ အဝါရောင် ကျောက်ပြားကြီးမှာ သူမ၏ ခေါင်းပေါ်သို့ ပြိုကျလာသည်။

ဘုန်း….

သူမနှင့် သူမ၏ အကာအရံပါ ဗွက်အိုင်ထဲသို့ ရိုက်ချခြင်း ခံလိုက်ရသည်။ ထောင်ပေါင်းများစွာသော လက်ကြီးများမှာ သူမအား ဝိုင်းဝန်းဆွဲကိုင်လိုက်ပြီး ခဏအတွင်းမှာပင် လော့ရှားနတ်ဆိုးမမှာ ရွှံ့နွံများအကြား ပျောက်ကွယ်သွားတော့သည်။

"နှမြောစရာပဲဗျာ၊ တခြားနေရာမှာသာဆိုရင် ခင်ဗျားနဲ့ အချီပေါင်း ၃၀၀ လောက် နွှဲချင်ပါသေးတယ်၊ အခုတော့ မြန်မြန်ဆန်ဆန်ပဲ ပြီးသွားရပြီ"

ကျန်းဝမ်၏ မျက်နှာမှာ ဖြူဖျော့နေပြီး အပြုံးမှာလည်း ဖျော့တော့နေသည်။ တစ်ပြိုင်နက်တည်း အစွမ်းကုန် သုံးလိုက်ရသဖြင့် သူ၏ ချီစွမ်းအင်များမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေသည်။ သို့သော်လည်း သူ အနိုင်ရခဲ့သည်။ သူ ဖိုရှန်းဂိုဏ်းဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။

"အဘိုးကြီးမီ…. ကျားနာက ဒီနေ့တော့ ခင်ဗျားကို မျက်နှာမပျက်စေခဲ့ဘူးနော်၊ ထျန်းရှန်းမျှော်စင်က တစ်လစာ အခမဲ့ဝင်ခွင့် ကတိကိုတော့ မမေ့နဲ့ဦး"

ထိုသို့ပြောပြီးနောက် သူသည် အဆုံးအဖြတ်စင်မြင့်ပေါ်မှ ယိုင်တိုင်တိုင်နှင့် ဆင်းလာခဲ့သည်။

ပွဲကြည့်စင်ပေါ်ရှိ မီရှုဟွာ၏ မျက်နှာတွင်မူ အပြုံးပန်းများ ဝေဆာနေတော့သည်။

သုံးပွဲဆက်တိုက် နိုင်ထားသဖြင့် အောင်ပွဲမှာ လက်တစ်ကမ်းတွင် ရှိနေပြီ ဖြစ်သည်။ ကျန်ရှိသော ပရိသတ်များမှာလည်း အားပါးတရ ဟစ်ကြွေး အားပေးနေကြသည်။ တိုက်ပွဲမှာ တစ်ဖက်သတ် ဆန်ခဲ့သော်လည်း ကျန်းဝမ်၏ တိုက်ခိုက်ပုံမှာ စနစ်တကျရှိလှပြီး အမှားအယွင်း မရှိသည်ကို အားလုံး သတိပြုမိကြသည်။

သူသည် မှော်စာရွက်များ၊ ကာကွယ်ရေးမှော်လက်နက်နှင့် တိုက်ခိုက်ရေးမှော်လက်နက်များကို စနစ်တကျ အသုံးပြုပြီးနောက် ပြိုင်ဘက်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် စကားလုံးများဖြင့် ဖိအားပေးခဲ့သည်။ ထိုအရာမှာ ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် အကောင်းဆုံး တိုက်ခိုက်နည်းပြသမှုပင် ဖြစ်သည်။

ကျင့်ကြံသူ အမြောက်အမြားမှာ တွေးတောစရာများစွာဖြင့် ကြည့်ရှုနေကြသည်။ ဤကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည်ကို စနစ်တကျ ပေါင်းစပ်အသုံးပြုခြင်းမှာ အတုယူထိုက်လှသည်။

လော့ချန်မှာလည်း အလွန်စိတ်လှုပ်ရှားနေသည်။ ကျန်းဝမ်၏ တိုက်ခိုက်ပုံကို ပြန်လည်ဆန်းစစ်ကြည့်သောအခါ မည်သူမဆို ထိုကဲ့သို့ အခြေအနေမျိုးတွင် လော့ရှားနတ်ဆိုးမကဲ့သို့ပင် အရေးနိမ့်သွားလိမ့်မည်ဟု သူထင်မိသည်။

ပထမဦးစွာ အကာအကွယ်ကို ခိုင်မာအောင် ပြုလုပ်ပြီး ရန်သူ့တိုက်ခိုက်မှုအား တိုးဝင်မလာနိုင်အောင် လုပ်သည်။ ထို့နောက် မှော်စာရွက်များဖြင့် အဆက်မပြတ် တိုက်ခိုက်ကာ ရန်သူအား ပင်ပန်းနွမ်းနယ်စေသည်။ ထို့နောက် ဗွက်အိုင်ဖြင့် ထွက်ပေါက်ပိတ်ပြီး အဓိက မှော်ပစ္စည်းဖြင့် အဆုံးသတ်လိုက်သည်။

ထိုအရာမှာ တည်ငြိမ်၊ တိကျပြီး ရက်စက်သော နည်းဗျူဟာဖြစ်သည်။

မှန်ပါသည်၊ ဤနည်းဗျူဟာတွင်လည်း အားနည်းချက် ရှိပေသည်။ အကယ်၍ ရန်သူသည် အစောပိုင်း အဆင့်တွင်ပင် ပြင်းထန်သော တိုက်ခိုက်မှုများဖြင့် ဖိနှိပ်နိုင်လျှင် သော်လည်းကောင်း၊ သို့မဟုတ် ပထမပွဲမှ အစီအရင်အလံများကဲ့သို့ တိုက်ပွဲကို ပြောင်းလဲစေနိုင်သော မှော်လက်နက်များ ရှိနေလျှင်သော်လည်းကောင်း ရလဒ် ပြောင်းလဲသွားနိုင်သည်။

သို့သော် ခြုံငုံကြည့်လျှင် ဤနည်းဗျူဟာမှာ အတုယူထိုက်လှပေသည်။

ပွဲကြည့်သူများအတွက် စိတ်လှုပ်ရှားစရာ ကာလမှာ ကြာရှည်မခံခဲ့ပေ။ ပဉ္စမမြောက် အဆုံးအဖြတ်ပွဲစဉ် စတင်တော့မည်ဖြစ်သည်။ ဖိုရှန်းဂိုဏ်းမှာ ဤပွဲအတွက် ယုံကြည်မှု အပြည့်ရှိနေသည်။

ဓားကျိုးရွှီရန်ခယ်၏ အမည်မှာ စျေးမြို့တော်များစွားတွင် ကျော်ကြားလှသည်။ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးဖြစ်သော်လည်း သူသည် နည်းစနစ်များစွာ ပိုင်ဆိုင်ထားပြီး အသက်ကိုပင် ပဓာနမထားဘဲ တိုက်ခိုက်ရဲသည့်သတ္တိရှိသည်။

သူ၏ ပြိုင်ဘက် မြစ်နဂါး ကောင်းထင်ယွမ်မှာမူ နာမည်ကြီးမှု အနည်းငယ်သာ ရှိသူဖြစ်သည်။

ဖိုရှန်းဂိုဏ်းဘက်တွက် ယုံကြည်မှုရှိနေသလောက် တာကျန်းဂိုဏ်းဘက်တွင်မူ စိုးရိမ်မှုများ ဖုံးလွှမ်းနေသည်။

သူတို့သည် အဖွင့်ပွဲတွင် အနိုင်ရခဲ့သော်လည်း နောက်ပိုင်း သုံးပွဲဆက်တိုက် ရှုံးနိမ့်သွားခြင်းကြောင့် စိတ်ဓာတ်ကျဆင်းနေကြသည်။

"အစ်ကိုဝမ်၊ မင်းတို့ဂိုဏ်းရဲ့ ထိပ်တန်းလူတွေက အဆင်မပြေပုံပဲနော်"

တိုးညှင်းသော စကားသံမှာ ဝမ်ဟိုင်ချောင်၏ နားထဲသို့ ရောက်လာပြီး သူ့မျက်နှာအား မည်းမှောင်သွားစေသည်။

ဤပြိုင်ပွဲအတွက် တာကျန်းဂိုဏ်းမှ ငါးဦးစေလွှတ်ထားပြီး လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်အဖွဲ့မှ လေးဦးကို အကူအဖြစ် ရထားသည်။

သူ၏ အစီအစဉ်အရ အဖွင့်ပွဲစဉ်တွင် မဟာမိတ်အဖွဲ့မှ မင်လုံယွီကို လွှတ်ခဲ့သော်လည်း နောက်ထပ် ငါးပွဲမှာ သူ၏ ဂိုဏ်းသားများသာ ဖြစ်သည်။ ကျန်ရှိသော မဟာမိတ်ကျင့်ကြံသူများကိုမူ နောက်ဆုံးပွဲများအတွက် ချန်လှပ်ထားခြင်း ဖြစ်သည်။ ဤသို့ စီစဉ်ခြင်းမှာ သူ့လူများအား အစွမ်းပြခွင့်ရရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အကယ်၍ သူ့လူများသာ နောက်ထပ် တစ်ပွဲ သို့မဟုတ် နှစ်ပွဲလောက် ထပ်နိုင်ခဲ့လျှင် နောင်တွင် မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရာ၌ သူ ပိုမို အရေးပါလာလိမ့်မည်။ သို့သော် ယခုမူ သုံးပွဲဆက်တိုက် ရှုံးနေပြီ ဖြစ်သည်။

“ဟို ကျားနာ ကျန်းဝမ်က ဘာဖြစ်တာလဲ၊ သူက ကျင့်ကြံခြင်းလမ်းစဉ် ပျက်စီးပြီး အရက်နဲ့ မိန်းမပဲ လိုက်စားနေတဲ့ အသုံးမကျတဲ့လူလို့ သတင်းရထားတာ မဟုတ်လား....”

ဝမ်ဟိုင်ချောင် စိတ်ထဲမှကျိန်ဆဲနေမိသည်။

လော့ရှားနတ်ဆိုးမ၏ လခြမ်းဓားမှာ သူကိုယ်တိုင် ရတနာနန်းဆောင်တွင် ဝယ်ပေးထားသည့် အဆင့်မြင့် မှော်ပစ္စည်းဖြစ်သည်။ သုံးထောင်ကျော်သော ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ခဲ့ရခြင်း ဖြစ်သည်။ ယခုမူ ရန်သူ့လက်ထဲသို့ ရောက်သွားလေပြီ။

"အကြီးအကဲကျိုး၊ ကျွန်တော်တို့ ၉ ပွဲမှာ ၇ ပွဲနိုင်မယ်လို့ တွက်ထားတာ မဟုတ်ဘူးလား"

သူ၏မေးခွန်းကို ကြားသောအခါ အဝေးတစ်နေရာမှ ကြည့်နေသော အကြီးအကဲကျိုးက ရယ်မောလိုက်သည်။

"မင်း တကယ်ပဲ အဲဒီလောက် သေချာနေတာလား၊ ငါ သိသလောက်တော့ ရွှီရန်ခယ်ရဲ့ ဓားကျိုးဆိုတာ မှော်ရတနာ အပိုင်းအစတစ်ခုပဲ၊ အဲဒီအရာရဲ့ စွမ်းအားက တစ်ရာခိုင်နှုန်းပဲ ရှိဦးတော့.... မင်းလူတွေ တောင့်ခံနိုင်မှာ မဟုတ်ဘူး"

ဝမ်ဟိုင်ချောင်က လှောင်ပြုံး ပြုံးလိုက်သည်။

"မှော်ရတနာ အပိုင်းအစက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ.... ဝိညာဉ်ကျောက်တုံးတွေကိုတော့ ယှဉ်နိုင်ပါ့မလား"

"အိုး.... မင်း ကြိုတင်ပြင်ဆင်ထားတယ်ပေါ့ စိတ်ဝင်စားစရာပဲ၊ ငါ စောင့်ကြည့်ရမှာပေါ့"

All Chapters