နဝမမြောက်ပွဲစဉ်
Vol. 7 Ch. 62
ဆိတ်ငြိမ်ခြင်း၊ သေမင်းကဲ့သို့ ဆိတ်ငြိမ်ခြင်းပင်။
ဖီးနစ်ကျတောင်တွင် လူပေါင်းတစ်သောင်းကျော်၏ အားပေးဟစ်အော်သံများ ဆူညံနေသည့်ကြားမှ ပွဲကြည့်စင်တစ်ခုလုံးမှာမူ အပ်ကျသံပင် မကြားရအောင်
တိတ်ဆိတ်သွားခဲ့သည်။
စင်မြင့်ပေါ်တွင် ဓားကျိုး ရွှီရန်ခယ်၏ အသက်မဲ့နေသော ရုပ်အလောင်းမှာ ငြိမ်သက်စွာ လဲလျောင်းနေသည်။
ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် တစ်စုံတစ်ယောက်က အသံသြသြဖြင့် မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"သူ.... သူ ဘယ်လိုလုပ် ရှုံးသွားရတာလဲ"
ထိုစကားသံကြောင့် လူတိုင်းမှာ အသိစိတ်ပြန်ဝင်လာကြသည်။
“ဟုတ်တယ်…. သူ ဘယ်လိုလုပ် ရှုံးသွားရတာလဲ”
ရွှီရန်ခယ်သည် ငြင်းပယ်၍မရအောင် အစွမ်းထက်သူ ဖြစ်သည်။ ဓားကျိုး ဟု ကျော်ကြားသော သူသည် ဖိုရှန်းဂိုဏ်း၏ အဓိက တပ်မှုး နှစ်ဦးအနက် တစ်ဦးဖြစ်ပြီး စျေးမြို့တော်များစွာတွင် လှည့်လည်ကျင့်ကြံရင်း နာမည်ကျော်ခဲ့သူ ဖြစ်သည်။
သို့သော် ခဏလေးအတွင်းမှာပင် သူတို့ အထင်သေးခဲ့သော မြစ်နဂါး ကောင်းထင်ယွမ် လက်ချက်ဖြင့် အသက်ပျောက်သွားခဲ့လေပြီ။
ပွဲကြည့်စင်သို့ ပြန်ရောက်လာသည့် ကျန်းဝမ်မှာ မျက်နှာတွင် သွေးရောင်မရှိတော့ဘဲ မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"အစောပိုင်းက ရွှီရန်ခယ်က ဓားကျိုးကို အသက်သွင်းပြီး မှော်ရတနာရဲ့ အစွမ်းအချို့ကို ထုတ်သုံးလိုက်တာ၊ သူ ကောင်းထင်ယွမ်ကို ထိမှန်သွားတာ သေချာတယ်၊ ဘာလို့ ကောင်းထင်ယွမ် မသေတာလဲ"
"အဲ့လောက် စွမ်းအားကြီးတဲ့ တိုက်ခိုက်မှုကို ငါဆိုရင် အစွမ်းကုန် ထုတ်သုံးရင်တောင် မနိုင်နိုင်ဘူး"
သို့သော် ကောင်းထင်ယွမ်သည် အနိုင်ရခဲ့သည့်အပြင် အသက်လည်း ရှင်ကျန်ခဲ့သည်။
မီရှုဟွာသည် မျက်မှောင်ကြုတ်လိုက်ပြီး စင်မြင့်ပေါ်တွင် လဲလျောင်းနေသည့် အရပ်ပုပုနှင့် လူကို စိုက်ကြည့်နေသည်။ ကြာမြင့်စွာ စဉ်းစားပြီးနောက် သူက တွေဝေစွာဖြင့် ပြောလိုက်သည်။
"ကိုယ်စားရုပ်သေး.... ဖြစ်နေတာလား"
"ဟင်"
မုရုံချင်းလျန်မှာ တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား အံ့အားသင့်သွားသည်။
"သူ့မှာ တကယ်ပဲ ကိုယ်စားရုပ်သေး ရှိနေတာလား"
အဆုံးအဖြတ်စင်မြင့်ပေါ်တွင် ကောင်းထင်ယွမ် ကြောက်လန့်တကြားဖြင့် ထိုင်နေသည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေသည်။
"စင်ပေါ်မတက်ခင်က ဒါဟာ လွယ်လွယ်ကူကူ အနိုင်ရမယ့်ပွဲလို့ ငါ့ကို ပြောခဲ့ကြတာ မဟုတ်လား၊ ဘာလို့ သူက ငါ့ကို သေကြောင်းကြံတာလဲ”
"မှော်ရတနာ၊ အဲ့ဒါက အမြင့်ဆုံးအဆင့် မှော်ပစ္စည်းထက် အဆပေါင်းများစွာ သာလွန်တယ်၊ တိမ်ပြိုဂိုဏ်းက ပေးထားတဲ့ ကိုယ်စားရုပ်သေးသာ မရှိရင် ငါ ဒီအချိန်ဆို သေနေလောက်ပြီ"
သူ ဝမ်းဗိုက်ကို ဖိထားသည်။ အပြင်ပန်းတွင် ဒဏ်ရာမရှိသော်လည်း အရေပြားအောက်မှ အနီရောင်သွေးများမှာ စီးကျနေဆဲဖြစ်သည်။ သူ၏ ဒန်တျန် ပျက်စီးသွားလေပြီ။
စွမ်းအင်ပင်လယ် ပေါက်ထွက်သွားပြီး ဝိညာဉ်စွမ်းအားများမှာ ထိန်းမနိုင်သိမ်းမရ စိမ့်ထွက်နေတော့သည်။ အစွမ်းထက်သော ဆေးစွမ်းကောင်းများဖြင့် ကုသလျှင်ပင် သူ၏ ဘဝတွင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် မျှော်လင့်ချက် မရှိတော့ပေ။ ၎င်းမှာ မှော်ရတနာ၏ အစွမ်းပါဝင်သော ဓားချီကြောင့် ဖြစ်သည်။ အပြင်ပန်း ထိခိုက်မှုမဟုတ်ဘဲ ဓားချီမှာ ဒန်တျန်အတွင်းသို့ စိမ့်ဝင်သွားပြီး စွမ်းအင်များကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
"ဟမ်၊ သူက တကယ်ပဲ တိမ်ပြိုဂိုဏ်းက ပေးတဲ့ ကိုယ်စားရုပ်သေးကို ပိုင်ဆိုင်ထားတာလား"
အကြီးအကဲကျိုး၏ အံ့အားသင့်သံမှာ အသံလွှင့်စနစ်မှတစ်ဆင့် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဝမ်ဟိုင်ချောင်သည် အနည်းငယ် ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောဘဲ လက်ခုပ်တီးလိုက်သည်။ သူနှင့်အတူ တာကျန်းဂိုဏ်းဝင်များအားလုံးမှာလည်း ဝမ်းသာအားရ လက်ခုပ်တီး ဟစ်အော်ကြသည်။
"ငါတို့ဂိုဏ်းရဲ့ အကောင်းဆုံး ချီသန့်စင်အဆင့် ကျင့်ကြံသူပဲ၊ မှော်ရတနာအပိုင်းအစကို ကိုင်ထားတဲ့ ဓားကျိုးတောင် သူ့ကို မနိုင်ဘူး"
"မြစ်နဂါးက ပြိုင်ဘက်ကင်းပဲ"
"သူ့နာမည်ကို ထိပ်တန်းပါရမီရှင် စာရင်းမှာ ထည့်ရမယ်"
"တာကျန်းဂိုဏ်း အဓွန့်ရှည်ပါစေ"
ကောင်းထင်ယွမ် ပွဲကြည့်စင်သို့ ယိုင်တိယိုင်တိုင် ပြန်ရောက်လာသည့်အခါ တစ်ဂိုဏ်းလုံး၏ ချီးကျူးမှုကို ခံရသည်။ ဂိုဏ်းချုပ် ဝမ်ဟိုင်ချောင်ပင် သူ့အား ကိုယ်တိုင်ကိုယ်ကျ နွေးထွေးစွာ ကြိုဆိုနေတော့သည်။
"ဒဏ်ရာတွေ ပြင်းထန်နေလား၊ အိုး…. စွမ်းအင်ပင်လယ် ပျက်စီးသွားပြီပဲ”
"ဒါကို ယူလိုက်၊ ချီစွမ်းအင်တည်ငြိမ်ဆေးလုံးပဲ၊ အားမနာပါနဲ့၊ ငါတို့အားလုံးက မိသားစုဝင်တွေပဲလေ"
ကောင်းထင်ယွမ်သည် ခေါင်းငုံ့လျက် ဆေးလုံးကို ဆုပ်ကိုင်ထားရင်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။
‘ဒီမြေခွေးအိုကြီး ငါ့ကို ဒီလို အကွက်ဆင်ရက်တယ်’ ဟု သူ တွေးနေမိသည်။
အပြင်လူများအမြင်တွင်မူ သူသည် ဂိုဏ်းချုပ်၏ ဂရုစိုက်မှုကို ခံရသဖြင့် ဝမ်းသာနေသည်ဟုသာ ထင်ပေလိမ့်မည်။
‘ကြည့်စမ်း.... ငါတို့ဂိုဏ်းချုပ်က သူ့လူတွေအပေါ် ဘယ်လောက်တောင် ကြင်နာတတ်သလဲ’ ဟုပင် တီးတိုးပြောနေပေလိမ့်မည်။
….
"ရွှီရန်ခယ်ရဲ့ ရုပ်အလောင်းကို သေသေချာချာ သိမ်းလိုက်၊ သူ့ကို ငါတို့ရဲ့ ပင်မခန်းမ နောက်က ဂူဗိမာန်မှာ မြှုပ်နှံပေးမယ်၊ ဖိုရှန်းဂိုဏ်းက ငါတို့ညီအစ်ကိုတွေဟာ လေလွင့်သူတွေ မဟုတ်ဘူး၊ သေပြီးရင်တောင် သူတို့မှာ အေးအေးချမ်းချမ်း အနားယူနိုင်တဲ့ နေရာတစ်ခု ရှိရမယ်"
မီရှုဟွာသည် ရွှီရန်ခယ်၏ နောက်ဆုံးခရီးကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးသည်။ ဂိုဏ်းဝင်များမှာ သူ့စကားကြောင့် စိတ်လှုပ်ရှားသွားကြသည်။ ဤလောကတွင် တစ်ကိုယ်တော် ကျင့်ကြံသူအဖြစ် ရှင်သန်ရသည်မှာ ခက်ခဲလှသည်။ ဤသို့သော ခေါင်းဆောင်မျိုးအောက်တွင် နေရသည်မှာ ကံကောင်းခြင်းပင် ဖြစ်သည်။
မီရှုဟွာ သက်ပြင်းချလိုက်သော်လည်း အကြောင်းရင်းမသိဘဲ သူ့ရင်ထဲတွင် စိုးရိမ်မှုများ ကိန်းအောင်းနေဆဲ ဖြစ်သည်။ စတုတ္ထမြောက် အောင်ပွဲကို မရရှိဘဲ အရေးနိမ့်သွားခြင်းက သူ့အား စိတ်မသက်မသာ ဖြစ်စေသည်။ တာကျန်းဂိုဏ်းက များစွာ စိုးရိမ်ခဲ့ရသော ဓားကျိုး မှာ မြစ်နဂါး လက်ထဲတွင် ကျဆုံးသွားခဲ့လေပြီ။ လူတစ်ရာတွင် ကိုးဆယ်ခန့်မှာ ဤကဲ့သို့သော ရလဒ်ထွက်လာလိမ့်မည်ဟု ထင်ထားမည် မဟုတ်ပေ။
သူ အလွန်အလေးထားသော ရွှီရန်ခယ်မှာ အသစ်ဖွင့်လှစ်ထားသည့် အဆုံးအဖြတ်စင်မြင့်ပေါ်တွင် အသက်ပျောက်သွားခဲ့လေပြီ။ အရေးကြီးဆုံးပွဲစဉ်မှာ သူတို့၏ အစွမ်းထက်ဆုံး တပ်မှူး နှစ်ဦး ပါဝင်သည့် ပွဲစဉ်များ ဖြစ်သည်။
ယခု သူတို့ သုံးပွဲ အနိုင်ရထားသော်လည်း သူတို့၏ နောက်ဆုံးလက်ကျန် အားသာချက်များမှာ တဖြည်းဖြည်း နည်းပါးလာပြီဖြစ်သည်။ တာကျန်းဂိုဏ်းမှာမူ နောက်ထပ် အရန်အင်အားများ ကျန်ရှိနေသေးသည်။
"နောက်ပွဲက တောကျား ဖြစ်မှာမဟုတ်လား"
ဆဋ္ဌမမြောက် ပွဲစဉ်တွင် ဖိုရှန်းဂိုဏ်းမှ တောကျားနှင့် တာကျန်းဂိုဏ်းမှ ကုန်းဆွန်းချန်းကျိတို့ ယှဉ်ပြိုင်ကြသည်။ တိုက်ပွဲမှာ အလွန်တိုတောင်းလှသည်။ ကုန်းဆွန်းချန်းကျိ၏ အပြာရောင်ဓားပျံ ထွက်ပေါ်လာချိန်မှာပင် တောကျား၏ အသက်မှာလည်း ကုန်ဆုံးသွားခဲ့သည်။
၎င်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ ဝမ်ဟိုင်ချောင်၏ ကိုယ်ပိုင်ဓားဖြစ်ပြီး အမြင့်ဆုံးအဆင့် မှော်ပစ္စည်းတစ်ခု ဖြစ်သည်။
သူ့လူ၏ ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်လာသည်ကို ကြည့်ရင်း မီရှုဟွာ၏ မျက်ခုံးများ လှုပ်ခတ်သွားသည်။
"နောက်တစ်ပွဲမှာရော ခုန်ပျံကျား နိုင်နိုင်ပါ့မလား" ဟု တွေးရင်း သူ ရင်လေးသွားသည်။
သူ၏ ပြိုင်ဘက်မှာ ထျန်းယဲ့ဈေးမြို့တော်မှ နာမည်ကြီး တစ်ကိုယ်တော်ကျင့်ကြံသူ ရန်ရုရှန်း ဖြစ်သည်။ အမှန်စင်စစ် ရန်ရုရှန်းမှာ တစ်ကိုယ်တော်ကျင့်ကြံသူ စစ်စစ် မဟုတ်ဘဲ ကျင့်ကြံရေးမိသားစုမှ ပေါက်ဖွားလာသူ ဖြစ်သည်။
သူ၏ မိသားစု မျိုးဖြုတ်သတ်ဖြတ်ခံရပြီးနောက်မှသာ တစ်ကိုယ်တော်ကျင့်ကြံသူ ဖြစ်လာခြင်းဖြစ်သည်။ သို့သော် သူ၏ အရင်းအမြစ်နှင့် အတတ်ပညာများမှာ သာမန် ချီ သန့်စင်အဆင့်သမားထက် များစွာ သာလွန်သည်။
မှော်လက်နက် နှစ်ခုကို ဆက်တိုက် ဖောက်ခွဲလိုက်သည့်အခါ သွက်လက်သည်ဟု နာမည်ကြီးသော ခုန်ပျံကျားမှာ သွေးစက်လက်ဖြင့် မြေစာပုံ ဖြစ်သွားရတော့သည်။ ယခုတစ်ကြိမ်တွင်မူ ရုပ်အလောင်းပင် ကောက်ရန် မကျန်တော့ပေ။
ဖိုရှန်းဂိုဏ်း၏ စံချိန်မှာ တစ်ပွဲရှုံးမှ သုံးပွဲနိုင်၊ ယခုမူ သုံးပွဲဆက်တိုက် ရှုံးနိမ့်ခြင်းသို့ ရောက်သွားပြီဖြစ်သည်။ ယခုမူ အရေးအကြီးဆုံး ပွဲစဉ်မှာလည်း သူတို့လက်ထဲမှ လွတ်သွားခဲ့လေပြီ။ အကယ်၍သာ နောက်ပွဲကို ထပ်ရှုံးပါက ဤသေမင်းပွဲစဉ်မှာ အဆုံးသတ်သွားပေလိမ့်မည်။
မီရှုဟွာသည် လေးလံသော စိတ်နှလုံးဖြင့် မုရုံချင်းလျန်အား ကြည့်လိုက်သည်။
မုရုံချင်းလျန်က အသာအယာ ပြုံးပြရင်း ဆိုသည်။
"အဘိုးကြီးချင် အစွမ်းကုန် ကြိုးစားမှာပါ"
သူတို့ ဘေးတွင်ထိုင်နေသည့် လော့ချန်မှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူမ၏အပြုံးမှာ အလွန်ပင် ရှုပ်ထွေးလှသည်။ ထိုအပြုံးထဲတွင် ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိုးရိမ်မှုတို့အပြင် ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှုများပါ ရောနှောနေသည်။
ထိုသို့သော အပြုံးမျိုးကို သူ၏ ဘဝနှစ်ခုလုံးတွင် တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ အတော်ဆုံး သရုပ်ဆောင်တစ်ဦးပင်လျှင် ဤမျှ ရှုပ်ထွေးသော ခံစားချက်ကို ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။
ကျောက်စိမ်းခွဲကျား အသစ်ဖြစ်သော ခယ်ယွဲ့လင်းသည် လက်ကို တင်းတင်းဆုပ်ကာ အံကြိတ်နေမိသည်။ ဝမ်ယွမ်နေရာတွင် သူမဝင်ရဘဲ သူ၏ သွေးသောက် အစ်ကိုကြီး ချင်လျန်ချန်းက သူ့ကိုယ်စား ဝင်ရောက်တိုက်ခိုက်ပေးခြင်း ဖြစ်သည်ကို သူ သိနေသည်။ ဤကဲ့သို့ စီစဉ်မထားပါက ယခုအလှည့်မှာ သူ့အလှည့် ဖြစ်နေပေလိမ့်မည်။
တာကျန်းဂိုဏ်းမှ ခေါ်လာသည့် အရန်အင်အားများမှာ ကြောက်ခမန်းလိလိပင်။
တစ်ယောက်ပြီးတစ်ယောက် ပိုမိုအားကောင်းလာသည်။ လော့ချန်သာ ကိုယ်တိုင် စင်မြင့်ပေါ် တက်ရမည်ဆိုလျှင်လည်း ရလဒ်မှာ ထူးခြားလိမ့်မည် မဟုတ်ပေ။ သူသည်လည်း နှလုံးသားစားကျား ဟန်တန်ကဲ့သို့ အပိုင်းပိုင်းဖြစ်သွားမည် သို့မဟုတ် ခုန်ပျံကျားကဲ့သို့ ပေါက်ကွဲသွားမည်သာ ဖြစ်သည်။
ထိုအဖြစ်အပျက်ကို သူ စိတ်ကူးပင် မယဉ်ဝံ့ပေ။ သူသည် ငယ်ရွယ်သေးသည်၊ သူ၏ ကျင့်ကြံခြင်း လမ်းကြောင်းမှာ အစပြုရုံသာ ရှိသေးသည်။ မိမိကိုယ်ကို ကြောက်ရွံ့ခြင်း၊ အစ်ကိုဖြစ်သူအတွက် စိုးရိမ်ခြင်း၊ သူရဲကောင်းမိတ်ဆွေတို့၏ ရက်စက်စွာ သေဆုံးခြင်းများမှာ သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။
"ငါ ကျင့်ကြံခြင်းလောကထဲကို ဝင်လာခဲ့တာက တရားကို ရှာဖွေဖို့ပါ၊ ဘာလို့ ဒါက သာမန်လူတွေရဲ့ ရန်ပွဲလို ဖြစ်နေရတာလဲ"
….
အဆုံးအဖြတ်စင်မြင့်၏ အောက်ဘက် မြေအောက်နန်းဆောင်တွင် ဖြစ်သည်။
ချင်လျန်ချန်းမှာ မတ်တပ်ရပ်နေပြီး ဝမ်ယွမ်ကမူ ထိုင်နေသည်။ ထိုနှစ်ဦးမှာ ရင်းနှီးသူများ မဟုတ်ကြပေ။ သူတို့၏ ဆက်ဆံရေးမှာ သာမန် ခေါင်းညိတ်နှုတ်ဆက်ရုံသာ ရှိသည်။
ချင်မိသားစုတွင် ကိုယ်ပိုင်လုပ်ငန်းငယ်လေး ရှိပြီး ဝိညာဉ်ငါးများ ရောင်းချရင်း၊ သားသမီးများကို ပြုစုပျိုးထောင်ရင်း အေးချမ်းသာယာသော ဘဝကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဝမ်ယွမ်ကမူ တစ်ကိုယ်တော်ကျင့်ကြံသူ ဈေးမြို့တော်များနှင့် ရှေးဟောင်းလွင်ပြင်များကြားတွင် လှည့်လည်ကာ ခက်ခဲသော ဘဝကို ဖြတ်သန်းနေရသူဖြစ်သည်။
ယခုအချိန်တွင် ချင်လျန်ချန်းမှာ ခန့်ညားစွာ မတ်တပ်ရပ်နေပြီး သူ၏ အသစ်စက်စက် ခရမ်းရောင်ဝတ်ရုံမှာ လေမတိုက်ဘဲ လွင့်မြောနေသည်။
အပြင်ဘက်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အဋ္ဌမမြောက် ပွဲစဉ်မှာ ဖိုရှန်းဂိုဏ်းမှ ချင်လျန်ချန်းနှင့် တာကျန်းဂိုဏ်းမှ ပိုင်ချီတို့ ယှဉ်ပြိုင်ရပါမည်…."
ချင်လျန်ချန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အပြင်သို့ လျှောက်သွားရင်း စကားတစ်ခွန်း ချန်ထားခဲ့သည်။
"နဝမပွဲစဉ်အထိ ရောက်အောင် ငါ ဆွဲခေါ်သွားပေးမယ်"
ဝမ်ယွမ်မှာမူ မျက်လုံးများကို မှိတ်ထားဆဲ ပင်ဖြစ်သည်။ သူ၏ မျက်ခုံးများမှာ မသိမသာ လှုပ်ခတ်သွားသော်လည်း နောက်ဆုံးတွင် ပွင့်မလာခဲ့ပေ။