ဓားအမြုတေလှည့်ကွက်နှင့် သူသေကိုယ်သေ အသက်လောင်းကြေးထပ်ပွဲ
Vol. 7 Ch. 63
တစ်ဦးမှာ လေထဲ၌ လွင့်ဝဲနေသည့် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ နောက်တစ်ဦးမှာမူ အဖြူရောင် ဝတ်ရုံသန့်သန့်ကို ဝတ်ဆင်ထားသည်။ ထိုအချိန်၌ သူတို့နှစ်ဦးမှာ ပရိသတ်အားလုံး၏ အာရုံစိုက်မှုကို အပြည့်အဝ ရရှိသွားကြသည်။
လူအုပ်ကြီးကြားတွင် အားပေးဟစ်အော်သံများမှာ လှိုင်းလုံးကြီးများအလား ဆူညံစွာ ထွက်ပေါ်လာသည်။ သို့သော် ထိုအသံများမှာ စင်မြင့်ပေါ်တွင် ရပ်နေသည့် လူနှစ်ဦးအပေါ် မည်သို့မျှ အကျိုးသက်ရောက်မှု မရှိပေ။
"တာဟဲဈေးမြို့တော်က ကျင့်ကြံသူတွေဟာ တိုက်ခိုက်ရေးမှာ ထူးချွန်တယ်လို့ အမြဲကြားဖူးတယ်၊ ဒါပေမဲ့ ဒီနေ့မြင်ရတာတော့ တော်တော်လေး စိတ်ပျက်ဖို့ကောင်းတယ်"
ပိုင်ချီက သူ့လက်ထဲရှိ အနီရောင်လုံးဝန်းသည့်ပစ္စည်းတစ်ခုကို ကစားရင်း မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် ပြောလိုက်သည်။
“အရင်ခုနစ်ပွဲလုံးမှာ ကျားနာ ကျန်းဝမ်ကလွဲရင် ကျန်တဲ့သူတွေက တကယ့်ကို အသုံးမကျတာပဲ၊ မင်းကတော့ သူ့ထက် မညံ့ဘူးလို့ မျှော်လင့်ရတာပဲ”
ထွားကြိုင်းလှသော ချင်လျန်ချန်းသည် ခေါင်းကို အနည်းငယ်မော့ကာ နှာခေါင်းရှုံ့လျက် အထင်သေးစွာ ကြည့်လိုက်သည်။
“ကျန်းဝမ်လား….သူက ငါနဲ့ယှဉ်ဖို့တောင် မတန်ပါဘူး၊ အရင်တုန်းက သူဟာ မိန်းမတစ်ယောက်ကိစ္စနဲ့ ငါ့ကိုလာစိန်ခေါ်လို့ ခေါင်းကိုလက်နဲ့အုပ်ပြီး ထွက်ပြေးရတဲ့အထိ ငါဆုံးမခဲ့ဖူးတယ်”
ပိုင်ချီ၏ မျက်လုံးများ တောက်ပသွားသည်။
“ဒါဆို မင်းမှာလည်း ဝှက်ဖဲတွေ ရှိနေတာပေါ့၊ ဟုတ်လား”
သူ၏မျက်လုံးများမှာ သားကောင်ကိုတွေ့လိုက်ရသည့် သားရဲတစ်ကောင်ကဲ့သို့ အေးစက်စက်နှင့် အမဲလိုက်လိုသည့် ဆန္ဒများဖြင့် တောက်ပနေသည်။
ချင်လျန်ချန်းသည် ထိုအကြည့်မျိုးကို အလွန်ရွံရှာသည်။ သူသည် နတ်ဆိုးသားရဲများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများကို အမြဲ သားကောင်များကဲ့သို့သာ သဘောထားတတ်သူ ဖြစ်သည်။
ရွှေရောင်သံပတ်ကြီး တစ်ချောင်းမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
"တိုက်ချင်ရင် တိုက်လိုက်စမ်း၊ အပိုစကားတွေ ပြောမနေနဲ့"
အလေးချိန်စီးပြီး ဖိအားပြင်းထန်သည့် ရွှေရောင်သံပတ်ကြီးမှာ တစ်ချက်တည်းဖြင့် ရှေ့သို့ ထိုးဝင်သွားရာ ထိုစွမ်းအား၏ ဖိအားကြောင့် ပရိသတ်များ၏ နှလုံးသားများပင် တုန်ရီသွားကြသည်။
ပိုင်ချီသည် တည်ငြိမ်စွာပင် အနီရောင်လုံးဝန်းသည့်ပစ္စည်းကို ကောင်းကင်သို့ ပစ်မြှောက်လိုက်သည်။
တစ်ခဏချင်းမှာပင် ကောင်းကင်ယံတစ်ခုလုံး ဓားအလင်းတန်းများဖြင့် လောင်ကျွမ်းသွားသည်။ အလင်းတန်းတစ်ခုချင်းစီမှာ သတ်ဖြတ်လိုသည့် အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ တစ်ချက်တည်း ထိတွေ့မိလိုက်ချိန်တွင် ထိုဓားအလင်းတန်းများမှာ ရွှေရောင်သံပတ်ကြီးအား ရစ်ပတ်ချုပ်နှောင်လိုက်ပြီး အလင်းတန်းပိုက်ကွန်တစ်ခုအတွင်းသို့ သိမ်းသွင်းလိုက်သည်။
ပြင်းထန်လှသော ဖြတ်တောက်နိုင်စွမ်း စွမ်းအင်များ ပေါက်ကွဲထွက်လာပြီးနောက် သံပတ်ကြီးမှာ အပိုင်းပိုင်းပြတ်ကာ စင်မြင့်တစ်လျှောက် ပြန့်ကျဲသွားတော့သည်။
ချင်လျန်ချန်း၏ မျက်နှာထားမှာ ချက်ချင်းပင် ပျက် သွားတော့သည်။
“ဟိုး…. ဒါ ငါတို့ဂိုဏ်းရဲ့ ဓားအမြုတေပဲ မဟုတ်လား”
မျက်စိမှိတ်၍ အနားယူနေသော ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖန်ရန်ရှုံသည် မျက်လုံးကို အသာဖွင့်ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းခါကာ မျက်လုံးကို ပြန်မှိတ်လိုက်သည်။ သူသည် အစမှအဆုံး မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။
လော့ထျန်းဟုန်မှာမူ ဂရုမစိုက်ဟန် ရှိသည်။ ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦး ဓားအမြုတေကို ကိုင်ဆောင်ထားခြင်းမှာ ဂိုဏ်း၏ အကြီးအကဲတစ်ဦးအတွက်မူ အရေးတယူ လုပ်စရာမလိုသည့် အရာဖြစ်သည်။ သို့သော်လည်း သူ စိတ်ဝင်စားမိသည်။
သို့သော် အနည်းငယ် ထပ်မံကြည့်ရှုပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလို ကောက်ကျစ်တဲ့ နည်းလမ်းတွေကို ဓားပညာလို့ ခေါ်ဖို့တောင် မထိုက်တန်ဘူး"
ဓားအမြုတေ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အမြင်ကျယ်သော ကျင့်ကြံသူအားလုံးမှာ ကျောက်စိမ်းအိုးဓားဂိုဏ်းသားများ ရှိရာ ပွဲကြည့်စင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
သို့သော်လည်း ထိုဂိုဏ်းမှ ဓားကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ စကားမဆိုကြပေ။ အကူအညီပေးနေသော ချီ သန့်စင်အဆင့် တပည့်များပင်လျှင် အံ့သြတုန်လှုပ်နေကြပြီးနောက် ဒေါသရိပ်များ မျက်နှာတွင် ပေါ်လာကြသည်။
အတွင်းရေးကို မသိကြသော ပွဲကြည့်ပရိသတ်များမှာမူ အဆုံးအဖြတ်စင်မြင့်ထက်သို့သာ ပြန်လည် အာရုံစိုက်လိုက်ကြသည်။
ဓားအလင်းတန်းများ၏ ကြားတွင် ဖိုရှန်းဂိုဏ်းမှ ကျင့်ကြံသူမှာ ခက်ခက်ခဲခဲ ခုခံနေရပြီး သူ၏ ခရမ်းရောင်ဝတ်ရုံမှာလည်း အပေါက်များစွာဖြင့် ပြဲစုတ်နေသည်။
"အဲ့ဒီ ခရမ်းရောင်ဝတ်ရုံက အမြင့်ဆုံးအဆင့် မှော်ကာကွယ်ရေးဝတ်ရုံ ဖြစ်ရမယ်၊ ဖိုရှန်းဂိုဏ်းက တကယ်ကို တန်ဖိုးကြီးတာတွေကို အကုန်ထုတ်သုံးနေတာပဲ"
“ဒါပေမဲ့ ဓားအမြုတေလို လက်နက်မျိုးနဲ့ ဆိုရင်တော့ အဲဒီဝတ်ရုံဟာ သိပ်ကြာကြာ ခံနိုင်မှာ မဟုတ်ဘူး”
“သူ တော့ ဒုက္ခရောက်ပြီ”
ချင်လျန်ချန်း၏ အခြေအနေမှာ လူတိုင်းမြင်နိုင်သည့်အတိုင်းပင် ဖြစ်သည်။ သူ မည်သည့်မှော်ပစ္စည်းကို ထုတ်သုံးပါစေ၊ မိုးရေစက်ကဲ့သို့ ကျရောက်နေသည့် ဓားအလင်းတန်းများအောက်တွင် နှစ်ချက် သုံးချက်အတွင်းမှာပင် အပိုင်းပိုင်း ဖြစ်သွားလေသည်။
ဖိုရှန်းဂိုဏ်း၏ ပွဲကြည့်စင်ပေါ်တွင်မူ မုရုံချင်းလျန်သည် စိုးရိမ်စိတ်ကြောင့် မတ်တပ်ရပ်နေမိပြီ ဖြစ်သည်။ သူမသည် နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။
"ဦးလေးမီ၊ လျန်ချန်း အနိုင်ရနိုင်မလား"
မီရှုဟွာ၏ မျက်နှာထားမှာ ခန့်မှန်းရခက်နေပုံပေါ်နေသည်။
“ပြိုင်ဘက်က ဓားအမြုတေကို သုံးနေတာ၊ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက မှော်လက်နက်တွေထဲမှာ ပြိုင်ဘက်ကင်းပဲ၊ ဒါပေမဲ့ ငါပေးထားတဲ့ ခရမ်းရောင်မြစ်ဝတ်ရုံ ကြောင့် လျန်ချန်း ခဏတော့ ဘေးကင်းနေသေးတယ် ဒါပေမဲ့ အကာအကွယ်ချည်းပဲ လုပ်နေရင်တော့ ရှုံးမှာပဲ၊ လျန်ချန်း ပြန်တိုက်မှ ဖြစ်မယ်၊ သူ ပြန်တိုက်နိုင်ပါ့မလား”
ပြင်းထန်လှသည့် အနီရောင်ဓားအလင်းတန်းများအောက်တွင် မည်သည့် ချီသန့်စင်အဆင့် ကျင့်ကြံသူကများ ဖောက်ထွက်နိုင်မည်နည်း။
လော့ချန်၏ နှလုံးသားမှာ မြန်ဆန်စွာခုန်နေပြီး သူ တွေးလိုက်မိသည်။
“ဒီလောက်ထိ စွမ်းအားကြီးတဲ့ မှော်ပစ္စည်းမျိုး လောကမှာ ရှိသေးတာလား…. မဟုတ်ဘူး၊ ဓားအမြုတေကို မှော်ပစ္စည်းလို့ ခေါ်လို့ မရတော့ဘူး”
ကျောက်စိမ်းအိုးဓားဂိုဏ်း၏ ဓားအမြုတေတိုင်းမှာ မှော်ရတနာသန္ဓေဟု ခေါ်ဆိုနိုင်သည်။ ကျင့်ကြံသူတစ်ဦးက နေ့စဉ် ဝိညာဉ်အသိစိတ်နှင့် ချီစွမ်းအင်များဖြင့် ပြုစုပျိုးထောင်ပေးမည်ဆိုလျှင် ရွှေအမြုတေအဆင့်သို့ ရောက်သည့်အခါ မှော်ရတနာအဖြစ် ပြောင်းလဲသွားနိုင်သည်။
ထိုကဲ့သို့သော လက်နက်မျိုးအား အဆင့်မြင့်ဆုံး အကာအကွယ်ဝတ်ရုံနှင့်ပင် တောင့်ခံရန် မဖြစ်နိုင်ပေ။
“ဦးလေးချင်၊ ဦးလေး ဘယ်လိုများ ဒီအခြေအနေကို ပြောင်းလဲမှာလဲ….”
“အနာဂတ်မှာသာ ဒီလိုရန်သူမျိုးနဲ့ တွေ့ခဲ့ရင် ငါ ဘယ်လိုလုပ် ခုခံရမလဲ….”
ချင်လျန်ချန်း၏ ဆံပင်နှင့် မုတ်ဆိတ်များမှာ လေထဲတွင် လွင့်မြောနေပြီး သူသည် နောက်ထပ် မှော်လက်နက်တစ်ခုကို ထုတ်ယူလိုက်ပြန်သည်။
တစ်ဖက်တွင်မူ ပိုင်ချီ အားရပါးရ ရယ်မောလိုက်သည်။
“ဒီလို အညံ့စားလက်နက်တွေက ငါ့ရဲ့ ဓားအမြုတေရှေ့မှာ အပိုပဲ”
ချင်လျန်ချန်းမှာ တုန်လှုပ်ခြင်းမရှိပေ။ မှော်လက်နက်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ကြီးမားလှသော ချီစွမ်းအင်ဖြင့် ပစ္စည်းပေါ်ရှိ အစီအရင်များကို ဖျက်ဆီးပစ်လိုက်သည်။
ဘုန်း….
မှော်လက်နက်မှာ ချက်ချင်း ပေါက်ကွဲသွားတော့သည်။
ပြင်းထန်လှသော ပေါက်ကွဲအားကြောင့် ပတ်ဝန်းကျင်ရှိ ဓားအလင်းတန်းများမှာ ခဏမျှ လွင့်စင်သွားသည်။ ဤနည်းလမ်းမှာ ယခင်ပွဲတွင် ရန်ရုရှန်း အသုံးပြုသွားသော နည်းဗျူဟာကို အတုယူထားခြင်း ဖြစ်သည်။
ချင်လျန်ချန်းသည် ထိုအခွင့်အရေးကို အရယူကာ ရှေ့သို့ ပြေးဝင်သွားသည်။
ပိုင်ချီမှာ ဤအခြေအနေကို ကြိုသိထားသည့်အလား မဲ့ပြုံး ပြလိုက်သည်။ ပြန့်ကျဲသွားသည့် ဓားအလင်းတန်းများမှာ စွမ်းအား အပြည့်အဝ မရှိတော့သော်လည်း သူ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
သူ၏ လက်ချောင်းဆယ်ချောင်းမှာ လျင်မြန်စွာ လှုပ်ရှားသွားပြီး လက်ထိပ်များမှ သွေးများ ပန်းထွက်လာသည်။ လေထဲရှိ ဓားအလင်းတန်းများမှာ ရုတ်တရက် စုစည်းသွားပြီး ကြီးမားလှသော သွေးရောင်ဓားကြီးအဖြစ် ပြောင်းလဲကာ အောက်သို့ ခုတ်ပိုင်းချလိုက်သည်။
“ဒါက သွေးသန့်စင် နည်းလမ်းပဲ….”
သူ ဤနည်းလမ်းကို အသုံးပြုလိုက်သည့်အခါ ပရိသတ်အများစုမှာ သဘောပေါက်သွားကြသည်။ သူ ဓားအမြုတေအား ထိန်းချုပ်နိုင်ရသည့် အကြောင်းရင်းမှာ ယခုမှ အဖြေ ပေါ်လာသည်။ ဓားအမြုတေမှာ အမှန်တကယ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင် အနိုင်နိုင် ထိန်းချုပ်နိုင်သည့် လက်နက်မျိုး ဖြစ်သည်။
သို့သော်လည်း ဤနည်းလမ်းမှာ အသုံးပြုသူရော၊ ဓားလုံးပါ ပျက်စီးစေနိုင်သည်။ မှော်ရတနာသန္ဓေ ဖြစ်လာနိုင်သည့် ပစ္စည်းမှာ ထာဝရ အဆင့်မတက်နိုင်တော့ဘဲ အဆင့်မြင့်ဆုံး မှော်တိုက်ခိုက်ရေးပစ္စည်းအဖြစ်သာ ကျန်ရှိတော့မည် ဖြစ်သည်။
ကျောက်စိမ်းအိုး ဓားဂိုဏ်းဝင်များ အဘယ်ကြောင့် အထင်သေးစွာနှင့် ဒေါသထွက်နေကြသနည်း ဆိုသည်မှာလည်း ရှင်းသွားပြီ ဖြစ်သည်။ ဤကဲ့သို့သော အောက်တန်းကျသည့် နည်းလမ်းကို သုံးခြင်းမှာ ဓားအမြုတေကို စော်ကားခြင်း ပင်ဖြစ်သည်။
သို့သော် ချင်လျန်ချန်းမှာမူ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ သူ့ထံသို့ ကျဆင်းလာသော သွေးရောင်ဓားကြီးကို ကြည့်ရင်း ချင်လျန်ချန်းသည် မျက်လုံးများ ပြူးကျယ်သွားကာ အသက်ကို ပုံအော၍ ရှေ့သို့ တိုးဝင်လိုက်သည်။
ဤသည်မှာ တစ်ခုတည်းသော အခွင့်အရေး ပင်ဖြစ်သည်။ သေရမည်ဆိုလျှင်တောင် သူ ဤအခွင့်အရေးကို ဖမ်းဆုပ်ရမည်။
ကျောက်စိမ်းကဲ့သို့ ဖြူစင်သည့် လက်တစ်ဖက်မှာ ဓားအလင်းတန်းကို ဆုပ်ကိုင်လိုက်သည်။
“အား....”
သူ၏ လက်ဖဝါးအတွင်း၌ ဓားအမြုတေမှာ ပြင်းထန်စွာ တုန်ခါနေပြီး သူ၏ နှုတ်ခမ်းမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ခရမ်းရောင်ဝတ်ရုံမှာလည်း ခရမ်းရောင်အလင်းတန်းများကို ထုတ်လွှတ်ကာ ဓားအလင်းတန်းများကို ခုခံရန် ကြိုးစားသော်လည်း မှော်ရတနာသန္ဓေ၏ စွမ်းအားကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။
ခဏအတွင်းမှာပင် ခရမ်းရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည်။
ထို့နောက်တွင်မူ နားကွဲမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။
ဘုန်း….ဘုန်း….ဘုန်း….
သူ၏ လက်ဖဝါးမှစ၍ ချင်လျန်ချန်း၏ အသားစများမှာ တစ်လက်မချင်း ကြေမွပျက်စီးသွားတော့သည်။
သူ၏ မျက်နှာချင်းဆိုင်တွင်မူ ပိုင်ချီတစ်ယောက် လှောင်ရယ်နေသည်။ ဓားအမြုတေ၏ နောက်ဆုံးလှည့်ကွက်အား ခန္ဓာကိုယ်နှင့် ခုခံသည့် မိုက်မဲသူမျိုးကို သူ တစ်ခါမှ မမြင်ဖူးပေ။
သို့သော် ရုတ်တရက် သူ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားသည်။
ထိုခဏအတွင်းမှာပင် ပြိုင်ဘက်မှာ သူ့အနားသို့ အန္တရာယ်ရှိလောက်အောင် နီးကပ်လာခဲ့ပြီ ဖြစ်သည်။
ဘုန်း….
နောက်ထပ် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြန်သည်။ သို့သော် ချင်လျန်ချန်း၏ မျက်နှာတွင် နာကျင်မှုထက် ကြောက်မက်ဖွယ်ကောင်းသော အမူအရာကသာ ဖုံးလွှမ်းနေသည်။
ဟား….
သူသည် အကောင်းပကတိကျန်နေသေးသော ဘယ်ဘက်လက်အား လေထဲသို့ မြှောက်ကာ အရှိန်ဖြင့် ရိုက်ချလိုက်သည်။
ပိုင်ချီမှာ အံ့အားသင့်စွာဖြင့် မြေပြင်သို့ လဲကျသွားပြီး သူနှင့်အတူ ဓားအလင်းတန်းများစွာဖြင့် ရစ်ပတ်ထားသည့် အနီရောင်ဓားလုံးမှာလည်း ပြုတ်ကျသွားသည်။
ချင်လျန်ချန်းသည် အသက်ကို ပြင်းပြင်းရှူကာ ရက်စက်စွာ ပြုံးလျက် ပြောလိုက်သည်။
“ငါ့ကို ကျောက်စိမ်းခွဲကျား လို့ ခေါ်တာ အကြောင်းမဲ့လို့ မင်း ထင်နေတာလား”
မည်သူမျှ သတိမထားမိခင်မှာပင် သူ၏ ဘယ်ဘက်လက်၌ ဖြူဆွတ်သော လက်အိတ်တစ်ခု ပေါ်နေခဲ့ပြီ ဖြစ်သည်။ ဤမှော်လက်နက်ကြောင့်သာ သူသည် တစ်မီတာခန့် အကွာအဝေးမှနေ၍ ပိုင်ချီ၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ချင်လျန်ချန်း ပေးဆပ်လိုက်ရသည်မှာ သူ၏ညာဘက်လက်ဖြစ်ပြီး လက်ဖဝါးမှ လက်မောင်းအထိ အပိုင်းပိုင်း ဖြစ်သွားလေသည်။
စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေသော လက်တစ်ဖက်ပြတ် ကျင့်ကြံသူအား လူတိုင်း စိုက်ကြည့်နေကြသည်။ သူ၏ ခြေရင်းတွင်မူ ပိုင်ချီ၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်လျက် လဲကျနေသည်။
ချီသန့်စင်အဆင့် တိုက်ပွဲတစ်ခုမှာ ဤမျှ ရက်စက်ပြီး ပျက်စီးခြင်းများမည်ဟု မည်သူမျှ မတွေးခဲ့မိပေ။
ခဏအကြာတွင် မြောင်ကျန်းသည် စင်မြင့်ပေါ်သို့ ဆင်းလာခဲ့သည်။ သူသည် ခေါင်းကိုယမ်းကာ ဓားအမြုတေကို ကောက်ယူလိုက်ရင်း ကြေညာလိုက်သည်။
“ဒီပွဲမှာ ဖိုရှန်းဂိုဏ်းမှ ချင်လျန်ချန်း အနိုင်ရပါတယ်”
ရလဒ်ကို ကြေညာပြီးနောက် သူ အေးစက်စွာ ဆက်ပြောလိုက်သည်။
“ဒီဓားအမြုတေနဲ့ ဒီလူဆီက ရတဲ့ ပစ္စည်းအားလုံးဟာ ငါတို့ ကျောက်စိမ်းအိုး ဓားဂိုဏ်းရဲ့ ပိုင်ဆိုင်မှု ဖြစ်လာပါလိမ့်မယ်”
မိမိ၏ နိုင်ကြေးပစ္စည်းများကို တစ်စုံတစ်ယောက်က လုယူနေသည့် အသံကြောင့် ချင်လျန်ချန်းသည် သတိတစ်ချက် ပြန်ဝင်လာကာ ခေါင်းမော့ကြည့်လိုက်သည်။
“မင်းရဲ့လက်က ပျက်စီးသွားပြီ…. ငါတို့ မင်းအတွက် သင့်တော်တဲ့ လက်အသစ်တစ်ခု စီစဉ်ပေးမယ်….နောက်ပြီး ဝိညာဉ်ကျောက်တုံး တစ်သောင်းကိုလည်း လျော်ကြေးအဖြစ် ပေးမယ်…. ဒါဆို တော်လောက်ပါပြီ အခု ထွက်သွားလို့ ရပြီ”
“အင်း….အင်း”
လက်အသစ် ရလိမ့်မည်ဟု ကြားလိုက်ရသည့်အခါ အသိစိတ်မရှိတော့သည့် ချင်လျန်ချန်းမှာ အသာလေး ပြန်ဖြေလိုက်ပြီး အဆုံးအဖြတ်စင်မြင့်ပေါ်မှ ယိုင်တိုင်တိုင်နှင့် ဆင်းသွားသည်။
သူ အဝင်ဝသို့ ရောက်သည့်အခါ မုရုံချင်းလျန်သည် ထိုနေရာတွင် အသင့်စောင့်နေခဲ့ပြီ ဖြစ်သည်။
သူ ပြုံးလျက် ပြောလိုက်သည်။
“ရှင်မရေ…ငါ ပြန်လာပြီ”