← Chapters

နဝမမြောက် ပွဲစဉ်၏ အဆုံးသတ်

Vol. 7 Ch. 64

နဝမမြောက် ပွဲစဉ်၏ အဆုံးသတ်

Vol. 7 Ch. 64

"မိတ်ဆွေဝမ်…. တစ်ပွဲမှ မရှုံးစေရဘူးဆိုတဲ့ မင်းရဲ့စကားက ဒါကို ဆိုလိုတာလား"

"မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ရှိလာလို့ပါ မီရှုဟွာက အဲဒီအဆင့်မြင့်ဆုံး မှော်ကာကွယ်ရေးဝတ်ရုံကို ထုတ်ပေးလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲဗျာ"

နှစ်ဖက်စလုံးသည် ဤပြိုင်ပွဲအပေါ် အလွန်အလေးထားကြသည်။

မီရှုဟွာသည် အခြေခံတည်ဆောက်ခြင်း ဆေးလုံးအား ဆုလာဘ်အဖြစ် ပေးအပ်ကာ သူ့လူများအား အဆင့်မြင့်ဆုံး မှော်လက်နက်နှစ်ခုစီ တပ်ဆင်ပေးကာ အကုန်အကျခံခဲ့သည်။ ဝမ်ဟိုင်ချောင်သည်လည်း ထပ်တူပင် လခြမ်းဓား ကဲ့သို့သော ထိပ်တန်းမှော်လက်နက်နှင့် အဆင့်မြင့်ဆုံး မှော်ဓားပျံအား သူ၏လက်အောက်ငယ်သားများအတွက် ပြင်ဆင်ပေးခဲ့သည်။

နှစ်ဖက်စလုံးမှာ အနိုင်ရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့ကြသည်။

ကြွယ်ဝချမ်းသာလှသော လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်သည်လည်း ထူးခြားဆန်းပြားသော လက်နက် များကို အားဖြည့်ပေးခဲ့သည်။ ပထမပွဲစဉ်မှ ဆန်းကြယ်လှသော အစီအရင်အလံများနှင့် ပိုင်ချီကိုင်ဆောင်ခဲ့သော တန်ဖိုးကြီးလှသည့် ဓားအမြုတေတို့မှာ သက်သေပင် ဖြစ်သည်။

သို့သော်လည်း ထိုဓားအမြုတေမှာ သွေးသန့်စင် နည်းလမ်းကို အသုံးပြုထားရသဖြင့် ၎င်း၏ အစွမ်းမှာ အဆင့်မြင့်ဆုံး မှော်လက်နက်အဆင့်သို့သာ လျော့ကျသွားခဲ့ရသည်။ စွမ်းအားကြီးမားဆဲ ဖြစ်သော်လည်း မှော်ရတနာသန္ဓေလောင်း ဖြစ်လာမည့် အခွင့်အရေးကိုမူ ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။

အကောင်းဆုံးဆိုလျှင် ၎င်းမှာ ယခုအခါ အမြင့်ဆုံးအဆင့် တိုက်ခိုက်ရေးမှော်ပစ္စည်းအဖြစ်သာ ရှိတော့ပြီး ဓားအလင်းတန်းများကို ကြိုးများအဖြစ် ရက်လုပ်ကာ တစ်ချက်တည်းဖြင့် ပြင်းထန်စွာ တိုက်ခိုက်နိုင်စွမ်းရှိသည်။ ၎င်းအား နက်နဲသောလက်နက်အဖြစ်ပင် ခေါ်ဆိုနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ မှော်ပစ္စည်း အမျိုးအစားထဲတွင်သာ ရှိနေသေးသည်။ ဤအမျိုးအစားထဲတွင် ရှိနေသရွေ့ အမြင့်ဆုံးအဆင့် မှော်ကာကွယ်ရေးဝတ်ရုံဖြင့် အနည်းငယ် ခုခံနိုင်ပြီး ဝတ်ဆင်သူအတွက် လုံလောက်သည့် အချိန်နှင့် နေရာကို ရရှိစေသည်။ ထို့ကြောင့်ပင် ကာကွယ်ရေးပစ္စည်းများသည် တိုက်ခိုက်ရေးပစ္စည်းများထက် ဈေးပိုကြီးပြီး ပိုမိုလိုအပ်ချက်များနေခြင်း ဖြစ်သည်။

ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် အသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။

"မမျှော်လင့်တာတွေက များလွန်းနေပြီ၊ နောက်ဆုံးပွဲကိုတော့ ငါတို့ပဲ အနိုင်ရရမယ်"

ဝမ်ဟိုင်ချောင်က ပြတ်သားစွာ ကြေညာလိုက်သည်။

"မင်း တကယ်ပဲ ယုံကြည်ချက်ရှိရဲ့လား၊ ရှောင်ဝူရန်က မင်းရဲ့လူ မဟုတ်လား၊ သူ့ကို မယုံဘူးလား"

"ဟား၊ ငါ သူ့ကို မယုံတာမဟုတ်ဘူး၊ မင်းတို့ရဲ့ သတင်းစုဆောင်းနိုင်စွမ်းကို မယုံကြည်တာ"

ဝမ်ဟိုင်ချောင်မှာ ပါးစပ်မဟနိုင်လောက်အောင် ဆွံ့အသွားရသည်။

အခြေအနေများမှာ သူတို့ဘက်တွင် အသာစီးရနေဆဲ ဖြစ်သည်။ မင်လုံယွီ၊ ရန်ရုရှန်း၊ ပိုင်ချီ၊ ကောင်းထင်ယွမ်၊ လော့ရှားနတ်ဆိုးမ နှင့် အဆင့်မြင့်ဆုံးမှော်လက်နက် ကိုင်ဆောင်ထားသူတို့မှာ အနိုင်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။

သို့သော် လော့ရှားနတ်ဆိုးမမှာ ကျန်းဝမ်၏လက်ချက်ဖြင့် ရှုံးနိမ့်သွားပြီး ပိုင်ချီမှာလည်း ချင်လျန်ချန်း၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ သူတို့ အနိုင်ရမည်ဟု လောင်းကြေးထပ်ထားသည့် ပွဲနှစ်ပွဲမှာ ဆုံးရှုံးသွားခဲ့သည်။

"စိတ်ချပါ၊ နောက်ဆုံးပွဲမှာ မမျှော်လင့်တာတွေ မဖြစ်လာစေရဘူး၊ ဝမ်ယွမ်က ကျင့်ကြံလာတာ မကြာသေးလို့ သူ့ရဲ့ တိုက်ခိုက်စွမ်းအားက ကောင်းပေမဲ့ သူ၏အဆင့်က ချီသန့်စင်အဆင့် (၇) အဆင့်မှာပဲ ရှိသေးတယ်၊ အဲ့ဒါကြောင့် မီရှုဟွာက သူ့ကို နောက်ဆုံးမှာ ထားခဲ့တာပဲ"

"ဒါပေမဲ့ သူက မှော်ရတနာအပိုင်းအစကို ကိုင်ဆောင်ထားတဲ့ ရွှီရန်ခယ်နဲ့တန်းတူ တပ်မှူးဘွဲ့ကို ရထားတာဆိုတော့ သူ့ရဲ့စွမ်းအားက အသေးအဖွဲတော့ မဟုတ်လောက်ဘူး၊ သူ့ရဲ့ တိုက်ခိုက်စွမ်းအားက ပြင်းထန်ပေမဲ့ ရှောင်ဝူရန်ကတော့ ရုတ်တရက် တိုက်ခိုက်မှုရော၊ ရေရှည်တိုက်ပွဲမှာပါ ထူးချွန်တဲ့အတွက် ထိပ်တန်း ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်တယ်"

ဝမ်ဟိုင်ချောင်မှာ မတတ်သာတော့ပေ။ အခြေအနေများက ဤအဆင့်သို့ ရောက်နေပြီဖြစ်ရာ စကားအပိုပြောနေ၍ ဘာထူးမည်နည်း။ သူသည် မိမိ၏ မဟာမိတ်ကို ယုံကြည်မှုရှိအောင်သာ ပြောနိုင်တော့သည်။

"အမှားအယွင်း မရှိစေရဘူး၊ ငါ့ကို ယုံလိုက်"

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် သူတို့၏ ဝိညာဉ်အာရုံကို ပြင်ပသို့ ထုတ်လွှတ်နိုင်သဖြင့် စိတ်ကူးလိုက်ရုံမျှဖြင့် အဝေးမှနေ၍ ဆက်သွယ်နိုင်ကြသည်။

သူတို့၏ စကားဝိုင်းအဆုံးတွင် ဝမ်ယွမ်နှင့် ရှောင်ဝူရန်တို့မှာ နောက်ဆုံးတွင် အဆုံးအဖြတ်စင်မြင့်ပေါ်သို့ ရောက်ရှိလာကြသည်။

သို့သော် ဝမ်ယွမ် သူ၏ မှော်ပစ္စည်းကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် အကြီးအကဲကျိုး၏ အံ့အားသင့်ပြီး ဒေါသထွက်နေသည့် အသံမှာ ထပ်မံထွက်ပေါ်လာသည်။

"မင်း မမျှော်လင့်တာတွေ မဖြစ်လာဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ အဲ့ဒီကောင်က ချီသန့်စင်အဆင့် (၈) ကို ဘယ်လိုလုပ် ရောက်နေတာလဲ"

ဝမ်ဟိုင်ချောင်မှာ ကြောင်အသွားသည်။ သူ၏မျက်နှာမှာ တစ်စုံတစ်ယောက်က ပါးရိုက်လိုက်သည့်အလား တုန်ရီသွားသည်။

သူ အတင်းအကျပ် ပြန်ပြောလိုက်ရသည်။

"ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ၊ ချီသန့်စင်အဆင့် (၈) နဲ့ (၇) က ဘာများ ကွာခြားလို့လဲ၊ သူတို့ရဲ့ ချီစွမ်းအင်တွေက ချီသန့်စင်အဆင့် (၉) အဆင့် ကျင့်ကြံသူနဲ့ဆိုရင် ကမ္ဘာနဲ့မြေကြီးလောက် ကွာခြားနေဦးမှာပဲ"

ဟွန့်….

ဤတစ်ကြိမ်တွင်မူ အကြီးအကဲကျိုးမှာ ဆက်လက်ငြင်းခုံရန် စိတ်မပါတော့ပေ။

….

သီးသန့်အခန်းတစ်ခုအတွင်း၌ အကြီးအကဲကျိုးသည် သူ၏အဖော်ကို လေးနက်စွာ ပြောလိုက်သည်။

"ရှောင်ဝူရန်ရဲ့ ဖုံးကွယ်ထားတဲ့ အမှတ်အသားက ပျက်စီးသွားနိုင်တယ်၊ အဲဒီအချိန်ရောက်ရင် ကျောက်စိမ်းအိုး ဓားဂိုဏ်းက သူ့ကို အကာအကွယ်ပေးဖို့ ငါတို့ သေချာလုပ်ရမယ်"

ပွဲကြည့်စင်ပေါ်တွင် လက်တစ်ဖက်ပြတ်သွားသော ချင်လျန်ချန်း ပြန်ရောက်လာသည်။

လော့ချန်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"ဦးလေးချင်.... အဆင်ပြေရဲ့လား"

အနာကျက်ဆေးလုံးကို သောက်သုံးပြီးနောက် ချင်လျန်ချန်း၏ စိတ်ဓာတ်မှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာသည်။ လော့ချန်၏ မေးခွန်းကို ကြားသောအခါ သူ လော့ချန်အား လူမိုက်တစ်ယောက်အလား ကြည့်လိုက်သည်။

"ငါ့လက် ပြတ်သွားပြီလေ၊ ငါ အဆင်ပြေမယ်လို့ မင်း ထင်နေတာလား"

လော့ချန်က အားနာစွာ ရယ်မောလိုက်ပြီး "အသက်ရှင်နေသရွေ့ အဆင်ပြေပါတယ်" ဟု ခပ်တိုးတိုး ပြောလိုက်သည်။

ချင်လျန်ချန်းသည် မီရှုဟွာအား ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် စင်မြင့်ထက်သို့သာ မျက်တောင်မခတ် စိုက်ကြည့်နေတော့သည်။

ကိုးကြိမ်မြောက် တိုက်ပွဲကို ဆွဲခေါ်ပေးခဲ့ပြီဖြစ်သဖြင့် သူတာဝန်ကျေခဲ့ပြီ ဟူသောအဓိပ္ပာယ်ဖြစ်သည်။

သူ့ကဲ့သို့ပင် အခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေသူများစွာ ရှိသည်။ လော့ချန်မှာလည်း ထိုသူများထဲတွင် ပါဝင်သည်။

ဝမ်ယွမ်၏ ထူးကဲလှသော စွမ်းအားများ၊ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုများနှင့် ပြိုင်ဘက်ကင်းသော အစွမ်းများအကြောင်းကို သူ အမြဲကြားဖူးခဲ့သည်။ ဝမ်ယွမ်သည် တာဟဲဈေးမြို့တော်၏ တစ်ကိုယ်တော်ကျင့်ကြံသူများအကြား ဒဏ္ဍာရီတစ်ခုပမာ ဖြစ်နေသည်။

သို့သော် အမှန်စင်စစ် သူသည် ဝမ်ယွမ် တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ လရောင်အောက်တွင် ဓားတစ်စင်းနှင့် လူ့ခေါင်းတစ်လုံးကို ကိုင်ဆောင်ထားသော ဝမ်ယွမ်၏ ပုံရိပ်ကိုသာ မြင်ဖူးသည်။ သို့ဆိုလျှင် သူသည် မည်ကဲ့သို့သော နည်းလမ်းများဖြင့် ဤမျှ ကျော်ကြားသော ဂုဏ်သတင်းကို တည်ဆောက်ခဲ့သည်မှာ စဉ်းစားစရာဖြစ်သည်။

သူ စောင့်ကြည့်နေစဉ် အဆုံးအဖြတ်စင်မြင့်ပေါ်တွင် တိုက်ပွဲမှာ စတင်ဖြစ်ပွားတော့သည်။ နှင်းဆီရောင် ရှည်လျားသည့်ဓားနှင့် ပုံဆောင်ခဲရောင် ဓားရှည်မှာ အမြင့်ဆုံးအဆင့် မှော်ပစ္စည်းများ ဖြစ်ကြောင်း ထင်ရှားသည်။ ထိုလက်နက်များကို ဝှေ့ယမ်းလိုက်သည့်အခါ ထွက်ပေါ်လာသော အရှိန်အဝါမှာ ပြိုင်ဘက်ကင်းလှပေသည်။

တာဟဲဈေးမြို့တော်ကဲ့သို့ သေးငယ်ပြီး တစ်ကိုယ်တော်ကျင့်ကြံသူများပြည့်နှက်နေသည့် နေရာတွင်ပင် ဤမျှ ထူးချွန်သော ပါရမီရှင်များ ပေါ်ထွက်လာနိုင်သည်ကို လော့ချန် အံ့သြမဆုံး ဖြစ်နေမိသည်။ အမှန်ပင် ထိပ်ဆုံးသို့ ရောက်ရှိလာသူတိုင်းမှာ ထူးခြားသူများသာ ဖြစ်ကြသည်။

ယခင်က ရှားရှားပါးပါးသာ မြင်ဖူးခဲ့သော အဆင့်မြင့်ဆုံး မှော်လက်နက်များသည် ယခုမူ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး သူ၏ အသိအမြင်များကို အမြဲတစေ ပြောင်းလဲစေခဲ့သည်။ ဤကဲ့သို့ များပြားလှသော လက်နက်များမှာ ဤလောက၏ ထူးကဲသော အရင်းအမြစ်များကြောင့် ဖြစ်ပေလိမ့်မည်။

သူ မသိလိုက်သည်မှာ ထိုအဆင့်မြင့်ဆုံး မှော်လက်နက်အားလုံးနီးပါးကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးနှင့် လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်တို့က ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။

မှော်လက်နက်များ၏ စွမ်းအားထက် ဝမ်ယွမ်၏ တိုက်ခိုက်ရေး နည်းစနစ်များကို သူ ပိုမို စိတ်ဝင်စားသည်။ အတန်ကြာ စောင့်ကြည့်ပြီးနောက် သူ အားပါးတရ အော်ဟစ်ပြီး အားပေးနေမိတော့သည်။

သူ၏ တိုက်ခိုက်ပုံမှာ ခန့်ညားပြီး အမိန့်ပေးနေသကဲ့သို့ ရှိလှသည်။ မည်သည့် မှော်လက်နက် သို့မဟုတ် မှောစာရွက်ကိုမဆို တစ်ချက်တည်းဖြင့် ချေမှုန်းနိုင်စွမ်း ရှိသည်။ သူ၏ ပြင်းထန်လှသော တိုက်စစ်မှာ အစောပိုင်းက ချင်လျန်ချန်း ပြသသွားသော တိုက်ကွက်များထက်ပင် ပိုမို ရက်စက်လှသည်။

ရှေ့ဘက်တွင် မီရှုဟွာ၏ စိတ်သက်သာရာရသွားသော သက်ပြင်းချသံကို ကြားလိုက်ရသည်။

“ဝမ်ယွမ်အတွက် နဂါးနိုင်ဓား ကို ငါရှာပေးခဲ့ရတာ တန်သွားပြီ” ဟု သူ ခံစားလိုက်ရသည်။ ဓား၏ စွမ်းအားနှင့် ဓားသိုင်းပညာကို ပေါင်းစပ်လိုက်သည့်အခါ သူသည် ရန်သူအား သေစေနိုင်သော လမ်းစဉ်သစ်တစ်ခုကို ဖန်တီးလိုက်နိုင်ပြီ ဖြစ်သည်။

"သူသာ အခြေခံတည်ဆောက်ခြင်း ဒါမှမဟုတ် ရွှေအမြုတေအဆင့်ကို ရောက်ခဲ့ရင် သူ့ရဲ့ စွမ်းအားဟာ ဓားကျင့်ကြံသူတွေထက် လျော့မှာမဟုတ်ဘူး၊ အခုတော့ အမွှေးတိုင်တစ်ဝက်စာ အချိန်မတိုင်ခင်မှာတင် ရှောင်ဝူရန် မုချ ရှုံးတော့မှာပဲ"

ချင်လျန်ချန်းကလည်း ချီးကျူးလိုက်သည်။

"ဒီလို တိုက်စစ်မျိုးနဲ့ဆိုရင် သူဟာ ငါနဲ့ တန်းတူပဲ သူ့ကို နောက်ဆုံးမှာ ထားတာဟာ တကယ်ကို ထိုက်တန်ပါတယ်"

သူသည် ယခင်က သူ့အား ဒုတိယနောက်ဆုံးတွင် ထားခဲ့ခြင်းအပေါ် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့ပုံရသည်။

ထိုနှစ်ဦး၏ စကားကြောင့် လော့ချန် စိတ်သက်သာရာ ရသွားသည်။ သို့သော်လည်း ကံကြမ္မာမှာ တစ်ခါတစ်ရံတွင် ထူးဆန်းတတ်လှသည်။ အရာအားလုံး အဆင်ပြေတော့မည်ဟု ယုံကြည်လိုက်သည့် အချိန်မှာပင် ဘေးဒုက္ခက ရောက်လာတတ်စမြဲ ဖြစ်သည်။

နောက်တစ်ခဏတွင် ပွဲကြည့်ပရိသတ် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ဘုန်း….

ရှောင်ဝူရန်၏ ခန္ဓာကိုယ်မှ သွေးရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ မိစ္ဆာသားရဲများနှင့် တိုက်ပွဲများ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှင့် ဒုတိယအဆင့် သားရဲတို့၏ တိုက်ပွဲ၊ ထို့အပြင် ဂိုဏ်းနှစ်ခုအကြား ရှစ်ပွဲမြောက် တိုက်ခိုက်မှုများကြောင့် ပျက်စီးနေသော အဆုံးအဖြတ်စင်မြင့်မှာ ယခုမူ လုံးဝ ကြေမွသွားတော့သည်။

အလျင်အမြန် ပြုပြင်ထားသော်လည်း သွေးစက်များ၊ အသားစများနှင့် အရိုးအစများမှာ စင်မြင့်ပေါ်တွင် ပြန့်ကျဲနေဆဲဖြစ်သည်။

သိပ်သည်းလှသည့် သွေးရောင်အလင်းတန်းများအောက်တွင် သွေးရောင်ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများမှာ မြစ်ပေါင်းစုံ ပင်လယ်ထဲ စီးဝင်သကဲ့သို့ ရှောင်ဝူရန်ထံသို့ စီးဆင်းသွားသည်။ သူ၏မျက်နှာမှာ ထူးဆန်းလာပြီး သူ၏ခန္ဓာကိုယ်တွင် သွေးနဂါးများ လှုပ်ရှားနေသည့်အလား ဖြစ်လာသည်။

"သေစမ်း"

ဝမ်ယွမ် အော်ဟစ်လိုက်သည်။ သူ၏ နှင်းကဲ့သို့ ဖြူစင်သည့်ဓားမှ ဆယ်မီတာကျော်အထိ ရှည်လျားသည့် ဓားအရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ၏စွမ်းအားမှာ အမြင့်ဆုံးအဆင့် မှော်ပစ္စည်း၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်သွားခဲ့သည်။

ထိုခဏ၌ သူသည် ကျင့်ကြံသူ ဝမ်ယွမ် မဟုတ်တော့ဘဲ ပြိုင်ဘက်ကင်း ဓားသိုင်းသမားကြီး တစ်ဦးအလား ဖြစ်နေသည်။

သို့သော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်ကို ရင်ဆိုင်ရင်း ရှောင်ဝူရန်သည် ခေါင်းကိုမော့ကာ သူ၏ ညာလက်ဖြင့် ညွှန်ပြလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ သွေးနဂါးတစ်ကောင်သည် ခွာများကို ဖြန့်လျက် ရှေ့သို့ ပျံထွက်သွားသည်။ ဆယ်မီတာရှည်သော ဓားအရှိန်အဝါမှာ ချက်ချင်းပင် ကြေမွသွားတော့သည်။

"မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ"

"သွေးလမ်းစဉ် ကျင့်ကြံသူ"

ပွဲကြည့်ပရိသတ်အကြား နေရာအနှံ့မှ ထိုအော်ဟစ်သံများ ထွက်ပေါ်လာသည်။

လော့ချန်မှာ ဇဝေဇဝါ ဖြစ်သွားသည်။

မီရှုဟွာမှာမူ အံ့သြတုန်လှုပ်မှုနှင့်အတူ ဒေါသများ ချောင်းချောင်းထွက်နေသည်။

"ယုတ်မာလိုက်တဲ့ ကောင်ပဲ မိစ္ဆာလမ်းစဉ်ထဲမှာမှ အယုတ်မာဆုံးဖြစ်တဲ့ သွေးလမ်းစဉ် ကျင့်ကြံသူပဲ သူဟာ သေချာပေါက် ငါတို့ရဲ့ ကျောက်စိမ်းအိုး နယ်မြေက မဟုတ်ဘူး"

ထိုအချိန်မှာပင် ကျောက်စိမ်းအိုး ဓားဂိုဏ်း၏ ပွဲကြည့်စင်ပေါ်တွင် ဖန်ရန်ရှုံသည် မျက်လုံးကို ထပ်မံ ဖွင့်ကြည့်လိုက်သည်။ သူသည် စင်မြင့်ပေါ်မှ ရှောင်ဝူရန်ကို စိုက်ကြည့်လိုက်ပြီးနောက် သူ၏ အေးစက်သော အကြည့်ကို တာကျန်းဂိုဏ်းနှင့် အခြားပွဲကြည့်စင်တစ်ခုဆီသို့ လွှဲပြောင်းလိုက်သည်။

"လော့ထျန်းဟုန်၊ ကျန်းရန်၊ ပွဲပြီးတာနဲ့ အဲ့ဒီလူကို ဖမ်းလိုက်၊ ပြီးရင် အနောက်ပိုင်းဒေသက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူကို ခိုလှုံခွင့်ပေးထားတဲ့ တာကျန်းဂိုဏ်းနဲ့ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်အဖွဲ့ကို အရေးယူမယ်"

"အမိန့်အတိုင်းပါ အကြီးအကဲ"

"အမိန့်အတိုင်းပါ အကြီးအကဲ"

ထိုသူနှစ်ဦးမှာ ဒေါသထွက်နေသည့် မျက်နှာဖြင့် ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်သည်။

ဝမ်ယွမ် နိုင်မည်လား၊ ရှုံးမည်လား ဆိုသည်မှာ သူတို့အတွက် အရေးမကြီးတော့ပေ။ မိစ္ဆာကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အမြဲ အဆင့်တူ ကျင့်ကြံသူများထက် သာလွန်လေ့ရှိပြီး ဓားကျင့်ကြံသူများသာလျှင် ရင်ဆိုင်နိုင်သည်။

ထို့ပြင် အရှေ့ဘက်လွင်ပြင်၏ နယ်မြေ ၃၆ ခုလုံးတွင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများနှင့် မည်သည့်ဂိုဏ်းမျှ ဆက်သွယ်ခြင်း မပြုရဟု တားမြစ်ထားသည့် ဥပဒေမှာ ကြာမြင့်လှပြီ ဖြစ်သည်။

ဝမ်ယွမ် ရှုံးနိမ့်တော့မည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။

ထိုအချိန်တွင် ပရိသတ်အားလုံးမှာ ဝမ်ယွမ် ရှုံးနိမ့်တော့မည်ဟု လက်ခံလိုက်ကြသည်။ တစ်ဦးတည်းသော လူကသာ မျှော်လင့်ချက်အနည်းငယ်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။

မီရှုဟွာ၏ အံ့အားသင့်မှုနှင့် ဒေါသမှာ ပျောက်ကွယ်သွားပြီး သူ၏ အမူအရာမှာ တည်ငြိမ်သွားသည်။

အဆုံးအဖြတ်စင်မြင့်မှာ သွေးရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီး သွေးနဂါးမှာ အဆက်မပြတ် ဟိန်းဟောက်နေသည်။ သို့သော် ဝမ်ယွမ်မှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး ဓားကိုကိုင်ကာ ထူးဆန်းသည့် ခြေလှမ်းကျဲများဖြင့် သွေးနဂါးအား အဆက်မပြတ် ခုတ်ပိုင်းနေသည်။

ဘုန်း….

နောက်ထပ် ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူ ယခင်ကဲ့သို့ ရှုံးနိမ့်သည့် အဖြစ်မျိုး ထပ်မဖြစ်တော့ပေ။ သူသည် သွေးနဂါး၏ ဦးခေါင်းကို တစ်ဖက်ဖြင့် ဖိထားရင်း အေးစက်စက် မဲ့ပြုံး ပြလိုက်သည်။

"ကွဲသွားစမ်း"

ဘုန်း….

အစွမ်းထက်ပြီး ထူးဆန်းလှသော စွမ်းအားတစ်ခု အဆက်မပြတ် ပေါက်ကွဲထွက်လာပြီး ဟိန်းဟောက်နေသော သွေးနဂါးအား နောက်သို့ ဆုတ်သွားစေကာ နောက်ဆုံးတွင် ကြေမွသွားစေသည်။ ရှောင်ဝူရန်၏ မျက်နှာထားမှာ ချက်ချင်း ပျက်ယွင်းသွားသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်း သွေးချီပွက်ခြင်းဒဏ်ကို မခံရဘူးလား"

သူပြောနေစဉ်မှာပင် သွေးရောင်လက်ဝါးကြီးများ ပေါ်ထွက်လာပြီး ကောင်းကင်ယံအား ဖုံးလွှမ်းလိုက်သည်။

ဝမ်ယွမ်မှာ ဂရုမစိုက်ဘဲ သွေးစွန်းနေသည့် လက်ဝါးများအား သူ၏ဓား သို့မဟုတ် လက်သီးများဖြင့် ဖျက်ဆီးပစ်လိုက်သည်။

ဤရက်စက်သည့် တိုက်ခိုက်မှုမှာ အမွှေးတိုင်တစ်တိုင်စာနီးပါး ကြာမြင့်ခဲ့သည်။

နောက်ဆုံးတွင် ရှောင်ဝူရန်၏ ပတ်ဝန်းကျင်ရှိ သွေးရောင်အလင်းတန်းများမှာ မရှိသလောက် မှိန်ဖျော့သွားတော့သည်။ ဝမ်ယွမ် သူ၏ အနားသို့ တိုးကပ်သွားသည်။ သူ၏ ကြွက်သားများ ပြည့်နှက်နေသည့် ကိုယ်ခန္ဓာမှာ သတ္တုကဲ့သို့ တောက်ပနေသည်။

"သွေးချီလား…. ငါ့ရဲ့ သွေးချီက မင်းထက် ပိုသန်မာတယ်ကွ"

စကားသံဆုံးသည်နှင့် ဓားမှာ ကျရောက်လာပြီး ရှောင်ဝူရန်၏ ခေါင်းမှာလည်း ပြတ်ထွက်သွားသည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပရိသတ်များ၏ အားပေးဟစ်အော်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။

ကျောက်စိမ်းအိုးဓားဂိုဏ်း၏ ပွဲကြည့်စင်တွင် လော့ထျန်းဟုန်နှင့် ကျန်းရန်မှာ စကားမဆိုနိုင်ဘဲ ရပ်နေကြသည်။ သူတို့၏အထက်တွင် ဖန်ရန်ရှုံမှာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ဒီကလေးငယ်က ကိုယ်ခန္ဓာ သန့်စင်ခြင်းရဲ့ ရှေးဟောင်းလမ်းစဉ်ကို လိုက်နေတာပဲ၊ သွေးလမ်းစဉ် ကျင့်ကြံသူက သူ့ကို ဘာလို့ မနိုင်တာလဲဆိုတာ မဆန်းပါဘူး"

“ကောင်းပြီ…. ဒီရလဒ်က တရားသောစစ် အောင်နိုင်မြဲ ဆိုတဲ့ အမှန်တရားကို ကောင်းကောင်း သက်သေပြလိုက်တာပဲ”

"အဆုံးအဖြတ်စင်မြင့်ရဲ့ ပွဲဦးထွက် အခမ်းအနားကို ဒီမှာတင် အဆုံးသတ်လိုက်ပြီ"

ထိုသို့ပြောပြီးနောက် သူသည် ပွဲကြည့်စင်မှ ပျံသန်းထွက်ခွာသွားတော့သည်။

All Chapters