← Chapters

ဂိုဏ်းဝင်ခြင်းဆိုသည်မှာ တိုက်ခိုက်သတ်ဖြတ်ရန် သက်သက် မဟုတ်

Vol. 7 Ch. 65

ဂိုဏ်းဝင်ခြင်းဆိုသည်မှာ တိုက်ခိုက်သတ်ဖြတ်ရန် သက်သက် မဟုတ်

Vol. 7 Ch. 65

"ကိုယ်ခန္ဓာသန့်စင်အဆင့် ကျင့်ကြံသူ"

"အစ်ကိုဝမ်၊ အစ်ကိုက တကယ်တော့ ကိုယ်ခန္ဓာသန့်စင်သူ တစ်ယောက်ပဲကိုး"

လူအုပ်ကြီးမှာ လမ်းကြောင်းအသီးသီးမှတစ်ဆင့် မြစ်ရေစီးသကဲ့သို့ စီးဆင်းထွက်ခွာနေကြသည်။ လော့ချန်သည် ဖိုရှန်းဂိုဏ်းဝင်များကြားတွင် ပါဝင်လိုက်ပါလာရင်း သူ၏အံ့အားသင့်မှုကို စိတ်အားထက်သန်စွာဖြင့် ဖော်ပြနေသည်။

ဝမ်ယွမ်သည်မူ အစောပိုင်းက လူအများ၏ အာရုံစိုက်မှုကို ရရှိထားသည့် အောင်နိုင်သူတစ်ယောက်ကဲ့သို့ မဟုတ်ဘဲ အေးဆေးတည်ငြိမ်စွာဖြင့်ပင် ရှိနေသည်။ သူ၏ပတ်ဝန်းကျင်ရှိ အခြားဂိုဏ်းဝင်များကလည်း ဝမ်ယွမ်အား လေးစားသည့်အကြည့်များဖြင့် တစ်ချက်တစ်ချက် ငေးကြည့်နေကြသည်။

ရှေးခေတ်ကာလများတွင် ကိုယ်ခန္ဓာသန့်စင်အဆင့် ကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအားကျင့်ကြံသူများနှင့် ရင်ပေါင်တန်းနိုင်ခဲ့ကြသည်။ သို့သော် ခေတ်ကာလများ ပြောင်းလဲလာပြီး မှော်လက်နက်၊ မှော်ရတနာ၊ အစီအရင်နှင့် မှော်စာရွက်များ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်နှင့်အမျှ ခန္ဓာကိုယ်သန့်စင်သူ အရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာခဲ့သည်။

ယနေ့ခေတ်တွင်မူ စစ်မှန်သော ခန္ဓာကိုယ်သန့်စင်သူဟူသည် အလွန်ရှားပါးသွားလေပြီ။ ထိုလမ်းစဉ်ကို လိုက်စားသူများပင်လျှင် များသောအားဖြင့် ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းအား တွဲဖက်ကျင့်ကြံကြသူများသာ ဖြစ်သည်။ ထို့ကြောင့် အနည်းငယ်မျှ စနစ်တကျရှိသော ခန္ဓာကိုယ်သန့်စင်ခြင်းအတတ်အား သုံးနိုင်သူကိုပင် စစ်မှန်သော ခန္ဓာကိုယ်သန့်စင်သူအဖြစ် သတ်မှတ်နေကြရသည်။

မည်သို့ပင်ဆိုစေကာမူ ခန္ဓာကိုယ်သန့်စင်ခြင်းဟူသည် တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် လက်လှမ်းမမီနိုင်သော နယ်ပယ်တစ်ခု ပင်ဖြစ်သည်။ ခန္ဓာကိုယ်ကို သန့်စင်ရန် လိုအပ်သော အရင်းအမြစ်များမှာ သာမန်လူများ တတ်နိုင်သည့် ပမာဏထက် များစွာ သာလွန်လွန်းလှသည်။

ဝမ်ယွမ်မှာ ဤလမ်းစဉ်အား တိတ်တဆိတ် စတင်ကျင့်ကြံနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။ သို့သော် ကြည့်ရသလောက်ဆိုလျှင် သူ၏တိုက်ခိုက်ပုံများမှာ သမားရိုးကျ ကျင့်ကြံသူများ၏ ပုံစံများပါဝင်နေသေးသဖြင့် သူသည် ကိုယ်ခန္ဓာသန့်စင်သူစစ်စစ် ဖြစ်ပုံမရပေ။

လော့ချန်၏ အံ့သြမှုကို မြင်သည့်အခါ ဝမ်ယွမ် ရုတ်တရက် သက်ပြင်းချလိုက်သည်။

လော့ချန်မှာ ဇဝေဇဝါဖြစ်သွားပြီး စူးစမ်းစွာ မေးလိုက်သည်။

"အစ်ကိုဝမ်၊ ဘာလို့ သက်ပြင်းချနေတာလဲ၊ အစ်ကိုနိုင်သွားပြီလေ၊ အဲ့လောက်နဲ့တင်မကဘဲ ထိပ်တန်းပါရမီရှင် စာရင်းမှာတောင် အစ်ကိုနာမည် ပါသွားပြီ"

ဘေးနားမှ ကျန်းဝမ်ကလည်း ရယ်မောလျက် ဝင်ပြောသည်။

“ဟုတ်ပါ့ဗျာ၊ ခင်ဗျား ဖီးနစ်ကျတောင်ကနေ ထွက်သွားတဲ့အခါ ကျောက်စိမ်းအိုး ဓားဂိုဏ်းကတောင် ဂိုဏ်းဝင်ဖို့ လာဖိတ်ရင် ဖိတ်ဦးမှာ”

ဝမ်ယွမ်က ခေါင်းယမ်းလိုက်ရုံသာ ပြုသည်။ သူ လော့ချန်အား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ခဏနေရင် ငါနဲ့အတူ ပင်မခန်းမကို လိုက်ခဲ့၊ ငါ့ရဲ့ တစ်ဦးတည်းသော ညီငယ်ဆိုတော့ အခြားသူတွေနဲ့လည်း သိကျွမ်းထားသင့်တယ်”

လော့ချန် သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် သူသည် ကောင်းထင်ယွမ်အား မကြောက်ရတော့ပေ။ သူ့တွင် နောက်ခံရှိသွားပြီ ဖြစ်သည်။ သူ့တွင် ဆက်သွယ်မှုများ ရှိသွားလေပြီ။

ဝမ်ယွမ်သည် ဓားကျင့်ကြံသူများနှင့် ယှဉ်နိုင်သော မိစ္ဆာကျင့်ကြံသူများကိုပင် ချေမှုန်းနိုင်သည်အထိ အစွမ်းထက်သူ ဖြစ်သည်။ ဖိုရှန်းဂိုဏ်းမှာလည်း ကိုးပွဲတွင် ငါးပွဲနိုင်ခဲ့သဖြင့် အလွန်သန်မာနေသည်။ ဂိုဏ်းသည် မကြာမီ အရှိန်အဟုန်ဖြင့် တိုးတက်လာတော့မည်မှာ သေချာလှသည်။ ဤသည်မှာ လော့ချန်အတွက် အခွင့်အရေးကောင်း ပင်ဖြစ်သည်။

လော့ချန်မှာ အချိန်အတော်ကြာ တစ်ကိုယ်တော်ကျင့်ကြံသူအဖြစ် အားနည်းပြီး နောက်ခံမရှိဘဲ ရုန်းကန်ခဲ့ရသည်။ ကျင့်ကြံခြင်းလမ်းကြောင်းတွင် လမ်းပြပေးမည့်သူမရှိ၊ ကူညီပေးမည့်သူမရှိသဖြင့် ဘဝမှာ အလွန်ခက်ခဲခဲ့ရသည်။ သူသည် ဂိုဏ်းတစ်ခုခု သို့မဟုတ် မိသားစုတစ်ခုခုသို့ ဝင်ရောက်ရန် စဉ်းစားဖူးသော်လည်း အသုံးချခံတစ်ယောက် ဖြစ်သွားမည်ကို ကြောက်ရွံ့ခဲ့သည်။

ယခုမူ အခြေအနေက ပြောင်းလဲသွားလေပြီ။ အစ်ကိုဝမ်သည် အေးစက်သယောင် ရှိသော်လည်း ရည်မှန်းချက်ကြီးမားပြီး အမြင်ကျယ်သူ ဖြစ်သည်။

သူ၏ အကာအကွယ်နှင့် လော့ချန်၏ ပါးနပ်မှုတို့ ပေါင်းစပ်လိုက်လျှင် ဤလောကတွင် သူ ကောင်းကောင်း ရှင်သန်နိုင်မည်ဟု ယုံကြည်ချက် ရှိသွားသည်။

ထိုသို့ တွေးတောနေစဉ်တွင် သူတို့အဖွဲ့သည် ဖီးနစ်ကျတောင်မှ ထွက်ခွာလာပြီး မြို့တွင်းပိုင်းရှိ ကျောက်စိမ်းအိုးဓားနန်းဆောင်သို့ ရောက်ရှိလာကြသည်။

သူတို့ ခြေချလိုက်သည်နှင့် ဆူညံပွက်လောရိုက်နေသော မြင်ကွင်းက ဆီးကြိုနေသည်။

“ခုနစ်ရာ၊ ငါ ဝိညာဉ်ကျောက်တုံး ခုနစ်ရာ တောင်ရတာ‌ဟေ့.…ဒီတစ်ခါတော့ ငါ သူဌေးဖြစ်ပြီ....တကယ်ကို သူဌေးဖြစ်ပြီ”

“အဲဒီ နှလုံးစားကျားကောင်.... ငါ ဘာလို့ သူ့အပေါ် အကုန်ပုံအောလိုက်မိပါလိမ့်”

“ဖိုရှန်းဂိုဏ်းက နိုင်ပြီး ငါကတော့ ရှုံးပြီ၊ ကြည့်ရတာ ဒီနေ့ကစပြီး လီမိသားစုရဲ့ သတ္တုတွင်းမှာ ကျွဲလိုနွားလို လုပ်ရတော့မယ် ထင်တယ်”

“နှစ်ပေါင်းများစွာ စုထားသမျှ တစ်နေ့တည်းနဲ့ အကုန်ပြောင်တာပဲ”

“ဝမ်ယွမ်…. မင်း ကျိန်စာသင့်ပြီး သေချင်းဆိုးနဲ့ သေပါစေ”

အနီးဆုံးရှိ လူတစ်ယောက်သည် လောင်းကစားဖြတ်ပိုင်းကို ကိုင်ကာ ရှိုက်ကြီးတငင် ငိုကြွေးရင်း ဝမ်ယွမ်အား ဆဲဆိုနေသည်။

ကံကြမ္မာက မျက်နှာသာပေးပုံမှာ ဝမ်ယွမ်သည် ထိုလူ၏ အနီးတွင် မတ်တပ်ရပ်နေသည်။ ထိုလူသည် ဝမ်ယွမ်အား မြင်လိုက်သည့်အခါ ရုတ်တရက် အသံတိတ်သွားသည်။ သူသည် အတင်းအကျပ် ပြုံးပြရန် ကြိုးစားလိုက်သော်လည်း မိဘဆုံးရှုံးရသကဲ့သို့ ပို၍ပင် နွမ်းလျနေသည့်ပုံ ပေါက်နေသည်။

ထိုခဏ၌ လော့ချန်မှာ အနည်းငယ်မျှ သနားစိတ် မရှိပေ။

လောင်းကစားလုပ်သော လူမိုက်များမှာ ဤကဲ့သို့ အဆုံးသတ်ရမည်သာ ဖြစ်သည်။ သူသည် အစ်ကိုဝမ်အား အယုံကြည်ဆုံး ဖြစ်သော်လည်း တစ်ပြားတစ်ချပ်မျှ လောင်းကြေးမထပ်ခဲ့ပေ။

….

စီးဆင်းနေသည့် ချောင်းငယ်များဘေးတွင် တောင်ကုန်းငယ်လေးများ ရှိနေပြီး အစိမ်းရောင် သစ်ပင်များက အရိပ်ပေးထားသည်။ ဝါးအိမ်နှင့် သစ်သားအိမ်များမှာ သဘာဝအတိုင်း သပ်ရပ်စွာ တည်ရှိနေသည်။

ထိုနေရာ၏ ဗဟိုချက်တွင် ကြီးမားသည့် နန်းဆောင်တစ်ခု တည်ရှိသည်။ သူ၏ရှေ့တွင် အဆုံးအဖြတ်စင်မြင့်၏ တစ်ဝက်ခန့်ရှိသည့် ကျောက်ပြာခင်းထားသည့်ရင်ပြင်မှာ ကျယ်ပြန့်စွာ ရှိနေသည်။

ဤသည်မှာ လော့ချန် ဖိုရှန်းဂိုဏ်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။

မြင်တွေ့ရသော မြင်ကွင်းမှာ သူ ထင်ထားသည်နှင့် လုံးဝ ခြားနားနေသဖြင့် နေရာမှားရောက်လာသလားဟုပင် သူ သံသယဝင်မိသည်။

ခံတပ်များ၊ ကင်းမျှော်စင်များနှင့် လက်နက်ကိုင် အစောင့်များဖြင့် ခန့်ညားထည်ဝါနေရမည့်အစား အဘယ်ကြောင့် ဤမျှ အေးချမ်းနေရသည်ကို ဝေခွဲမရ ဖြစ်သွားသည်။

ဤသည်မှာ ကျင့်ကြံသူများ၏ ဂိုဏ်းဖြစ်ကြောင်း သတိရလိုက်မှသာ သူ နားလည်သွားတော့သည်။ အပြင်လောကတွင် အသက်နှင့်ရင်း၍ တိုက်ခိုက်နေကြခြင်းမှာ ကျင့်ကြံရေး အရင်းအမြစ်များအတွက် ဖြစ်ပြီး၊ အိမ်သို့ ပြန်ရောက်သည့်အခါတွင်မူ အေးချမ်းစွာ ကျင့်ကြံနိုင်မည့် ပတ်ဝန်းကျင်မျိုး ရှိသင့်သည်။

ဝမ်ယွမ်တို့နှင့်အတူ ပင်မခန်းမထဲသို့ ဝင်ရောက်လာသည့်အခါ လော့ချန်မှာ စကားသိပ်မပြောဘဲ စပ်စုစွာ လေ့လာနေသည်။

ထိုအချိန်အတွင်း မီရှုဟွာသည် ခဏမျှ ပေါ်လာပြီး ကျဆုံးသွားသော ကျင့်ကြံသူများ၏ နာရေးကိစ္စများကို စီစဉ်ပေးကာ အလျင်အမြန် ပြန်ထွက်သွားသည်။ သူသည် တာကျန်းဂိုဏ်းနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လွှဲပြောင်းရယူရေးအတွက် ဆွေးနွေးရန် သွားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ညနေစောင်းတွင် မီရှုဟွာသည် စိတ်လှုပ်ရှားသော မျက်နှာထားဖြင့် ခန်းမသို့ ပြန်ရောက်လာသည်။ အောင်ပွဲခံသည့် အနေဖြင့် စပျစ်ရည်များ အလျှံပယ်ပါဝင်သော ဂုဏ်ပြုစားပွဲကြီးကို ကျင်းပတော့သည်။

ချီစွမ်းအင်များ ပါဝင်သည့် ဟင်းလျာများကို စားပွဲများပေါ်တွင် တင်ထားပြီး လာရောက်သူအများစုမှာ ချီသန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

လူပေါင်း နှစ်ရာကျော် လာရောက်ကြသည်။ လော့ချန်ကဲ့သို့ ချီသန့်စင်အဆင့် အလယ်အဆင့်ရှိသူ အနည်းငယ်လည်း ရှိပြီး အများစုမှာ ဂိုဏ်းဝင်များ၏ မိသားစုဝင်များ ဖြစ်ကြသည်။ သူတို့ကြားတွင် ရောနှောနေသည့်အတွက် သူ ထူးခြားနေသော်လည်း အဆင်မပြေမှုတော့ မရှိပေ။

သူသည် တပ်မှူး ဝမ်ယွမ်၏ ညီငယ်ဖြစ်ကြောင်း လူအများက သိကြသည်။ ယနေ့တွင် ဝမ်ယွမ်သည် နောက်ဆုံးတိုက်ပွဲတွင် အနိုင်ရကာ ဂိုဏ်း၏ အောင်မြင်မှုအတွက် အဓိက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ရာ လူတိုင်းက သူ့အား လေးစားကြသည်။ ထိုလေးစားမှုမှာ လော့ချန်အပေါ်သို့လည်း ကူးစက်လာခြင်း ဖြစ်သည်။

အောင်ပွဲခံစားသောက်ပွဲမှာ ညဉ့်နက်သည်အထိ ကြာမြင့်ခဲ့သည်။

မီရှုဟွာမှ အတွင်းရေးအစည်းအဝေး ခေါ်ယူသည့်အခါ လော့ချန်ကဲ့သို့ အပြင်လူမှာ ဝင်မပါသင့်မှန်း သိလိုက်သည်။

ဝမ်ယွမ်က သူ့အနားသို့ လာပြီး မေးသည်။

“မင်း မြို့ထဲက အိမ်ကိုပဲ ပြန်မလား ဒါမှမဟုတ် ဒီည ငါ့ဆီမှာပဲ အိပ်မလား”

အမှန်တော့ မေးနေစရာပင် မလိုအောင် ဤကဲ့သို့ အချိန်မျိုးတွင် ညလမ်းလျှောက်ရန် မည်သူမျှမရဲကြတော့ပေ။

မြို့ပြင်ပတွင် ကင်းလှည့်မှုများ ရှိခဲ့ဖူးသော်လည်း ဖွင့်ပွဲအခမ်းအနား ပြီးသွားပြီဖြစ်ရာ ကျောက်စိမ်းအိုး ဓားဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူသည် မကြာမီ ဂိုဏ်းသို့ ပြန်တော့မည် ဖြစ်သည်။ ထို့ကြောင့် မြို့ပြင်တွင် ကင်းလှည့်မှုများ ဆက်ရှိ၊ မရှိမှာ မသေချာတော့ပေ။

"အစ်ကိုကြီး၊ အစည်းအဝေးကို စောစောသွားပြီး စောစောပြန်လာခဲ့ပါ၊ ဒီညတော့ အစ်ကိုနဲ့အတူတူပဲ အိပ်တော့မယ်"

“သွားစမ်းပါ”

ဝမ်ယွမ်က ရယ်မောရင်း ကျိန်ဆဲကာ လှည့်ထွက်သွားသည်။

သူ ထွက်သွားပြီးနောက် လော့ချန်သည် ဂိုဏ်းဝင်တစ်ဦး၏ လမ်းပြမှုဖြင့် ဝမ်ယွမ်၏ နေအိမ်သို့ ရောက်ရှိလာသည်။

“တပ်မှူးဝမ်က ပုံမှန်ဆိုရင် ဒီမှာ မနေဘူး၊ ဂိုဏ်းကိစ္စတွေ ရှိတဲ့အခါမှပဲ ဒီမှာလာနားတာ”

"မိတ်ဆွေ…. နာမည်ကို သိခွင့်ရမလား"

လော့ချန်က သူ့ရှေ့မှလူကို နွေးထွေးစွာ ပြုံးပြလိုက်သည်။ ထိုသူ၏ ကျင့်ကြံခြင်းအဆင့်မှာ မမြင့်မားဘဲ ချီသန့်စင်အဆင့် (၄) သာ ရှိပြီး လော့ချန်ထက်ပင် တစ်ဆင့် နိမ့်နေသည်။

ဤကဲ့သို့သော လူမျိုးများသည် ပါရမီရှင်များ ပေါများသော ဖိုရှန်းဂိုဏ်းတွင် အောက်ခြေအဆင့်သာ ဖြစ်ကြသည်။

“ကျွန်တော့်နာမည် လုယန်ကျိုက် ပါ”

လော့ချန်က ထိုလူ၏ လက်ကို အားရပါးရ ဆုပ်ကိုင်လိုက်သည်။

“မိတ်ဆွေလု…. တွေ့ရတာ ဝမ်းသာပါတယ်ဗျာ”

ကျင့်ကြံသူတစ်ဦးထံမှ ဤမျှ လှိုက်လှဲသော ဆက်ဆံမှုကို နေသားမကျသဖြင့် လုယန်ကျိုက်မှာ အနေရခက်သွားပြီး လက်ကို ပြန်ရုပ်ရမလို၊ ထားရမလို ဖြစ်နေရှာသည်။

ဒါက တပ်မှူး ဝမ်ယွမ်ရဲ့ တစ်ဦးတည်းသော ညီငယ်လေ….။

ဂိုဏ်း၏ လက်တိုလက်တောင်း အလုပ်များကိုသာ လုပ်ကိုင်ခဲ့ရသည့် ဝမ်ယွမ်မှာ ဤမျှ လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

ပထမဦးစွာ သူသည် တာကျန်းဂိုဏ်းနှင့် ပဋိပက္ခတွင် ထူးချွန်သော စွမ်းဆောင်ရည်များကို ပြသခဲ့ပြီး တပ်မှူးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ယခုမူ သူသည် မိစ္ဆာကျင့်ကြံသူကို လူအများရှေ့တွင် သတ်ဖြတ်ကာ နာမည်ကျော်သွားခဲ့လေပြီ။

အဆုံးအဖြတ်စင်မြင့်မှ သတ်မှတ်သော ထိပ်တန်းပါရမီရှင် စာရင်းတွင်ပင် သူ့အတွက် နေရာရှိနေသည်။

လော့ချန်သည် အနေရခက်မှုကို အကြာကြီး မထားဘဲ လက်ကို ချက်ချင်း ပြန်လွှတ်လိုက်သည်။

လမ်းလျှောက်နေရင်း သူသည် ဖိုရှန်းဂိုဏ်း၏ အခြေအနေကို စတင် စပ်စုတော့သည်။

“ဖိုရှန်းဂိုဏ်းက တော်တော်လေး စည်ကားတာပဲ၊ မင်းတို့လည်း တော်တော်လေး သက်သောင့်သက်သာ နေရမှာပေါ့”

“ဒါကတော့ တပ်မှူးဝမ်နဲ့ ခန်းမမှူးလော့တို့လောက်ပါပဲ၊ ကျွန်တော်တို့လို အောက်ခြေ တစ်ကိုယ်တော်ကျင့်ကြံသူတွေကတော့ တည်ငြိမ်တဲ့ ကျင့်ကြံရေး ပတ်ဝန်းကျင်လေး ရဖို့အတွက်ပဲ စုစည်းနေကြတာပါ”

“ဂိုဏ်းက တောင်ပေါ်မှာ ပုံမှန် အမဲလိုက်တာတွေ လုပ်တယ် မဟုတ်လား၊ ကျင့်ကြံသူတွေရဲ့ အကာအကွယ်နဲ့ဆိုတော့ ရလဒ်တွေကလည်း ကောင်းမှာပဲနော်”

“အဆင်ပြေရုံပါပဲ၊ စားဝတ်နေရေးအတွက် လောက်ရုံပေါ့၊ ဒါပေမဲ့ တောင်ပေါ်က မိစ္ဆာသားရဲတွေက အရမ်း‌ ကြောက်စရာကောင်း တယ်၊ ဒုတိယအဆင့် သားရဲတွေနဲ့ တွေ့ရင်လည်း အသေအပျောက် များတတ်တယ်၊ ကံဆိုးလို့ တတိယအဆင့် သားရဲနဲ့ တွေ့ပြီဆိုရင်တော့ တစ်ဖွဲ့လုံး ပြောင်တာပဲဗျ”

လော့ချန် နားထောင်ရင်း မျက်ခုံးများ လှုပ်ခတ်သွားသည်။

ဒါဆို ဖိုရှန်းဂိုဏ်းကလည်း လွယ်ကူတဲ့နေရာ မဟုတ်သေးပါလား….။

အမြတ်အစွန်းများမှာ အထက်လူကြီးများအတွက် ဖြစ်ပြီး အန္တရာယ်မှာ တပည့်ငယ်များအတွက် ဖြစ်နေသည်။

အကယ်၍ သူသာ ဂိုဏ်းဝင်ဖြစ်သွားပါက နောင်တွင် ဤကဲ့သို့သော အလုပ်များကို လုပ်ရတော့မည်မှာ သေချာသည်။

ဒါမျိုးတော့ မဖြစ်သေးဘူး….။

သူသည် တိုက်ခိုက်ရမည်ကို မကြောက်သော်လည်း အစွမ်းမရှိသေးခင်မှာမူ ရှောင်ချင်သည်။ အစွမ်းထက်လာမှသာ လူဖြစ်ဖြစ်၊ သားရဲဖြစ်ဖြစ် သူနိုင်မည့်သူကို ရွေးချယ်ချေမှုန်းချင်သည်။

လော့ချန်သည် သူ၏ အခြေအနေကို အမြန်ခွဲခြမ်းစိတ်ဖြာလိုက်ပြီး စိတ်ထဲတွင် အနည်းငယ် ကသိကအောက် ဖြစ်လာသည်။

ဝမ်ယွမ်သည် အစွမ်းထက်သော်လည်း သူ့တွင် သစ္စာရှိသည့် ကိုယ်ပိုင် လူယုံအဖွဲ့ဟူ၍ မရှိ‌သေး ပေ။ အခြားသူများက ဝမ်ယွမ်အား လေးစားသဖြင့် လော့ချန်ကို မျက်နှာသာပေးကြမည် မှန်သော်လည်း၊ ပြဿနာတက်လာသည့်အခါတွင်မူ သူသည်လည်း ရောပါသွားပေလိမ့်မည်။

ဂိုဏ်းအတွင်း အားပြိုင်မှုများ ရှိလာပါက သူသည် ကြားညှပ်မည့် မြက်ပင်လေးသာ ဖြစ်ပေလိမ့်မည်။

လော့ချန်သည် ဤနေရာသို့ လာခဲ့မိသည်ကို နောင်တရစပြုလာသည်။ သို့သော် သူ၏ ခက်ခဲမှုကြားတွင် ပျော်အောင်နေတတ်သော စရိုက်ကြောင့် စိတ်ကို ပြန်ထိန်းလိုက်သည်။

ရောက်နှင့်ပြီး ဖြစ်သည့်အတွက် မိမိကိုယ်ကို အကျိုးရှိမည့်အရာ တစ်ခုခုကို ရှာဖွေရပေတော့မည်။

“မိတ်ဆွေလု…. ဖိုရှန်းဂိုဏ်းမှာ ဗဟိုဌာနချုပ်အပြင် ကျား ခုနစ်ကောင်ခန်းမ ဆိုတာ ရှိတယ်လို့ ငါကြားဖူးတယ်၊ အဲဒါက ဘာလဲဟင်”

လုယန်ကျိုက်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။

“ဟုတ်ကဲ့၊ အခန်း ခုနစ်ခု ခွဲထားတာပါ”

“ဘာတွေကွာလို့လဲ လူအလိုက် ခွဲတာလား၊ ဒါမှမဟုတ် အလုပ်အမျိုးအစားအလိုက် ခွဲတာလား”

“အလုပ်အမျိုးအစားလား”

လုယန်ကျိုက်က မျက်တောင်ခတ်လိုက်သော်လည်း ထိုစကားလုံး၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။

သူ ပြုံးပြရင်း ရှင်းပြသည်။

"အလုပ်ခွဲဝေမှု ရှိပါတယ်၊ ခန်းမ (၃) ခုက တိုက်ခိုက်ရေးအတွက် တာဝန်ယူရတယ်၊ လူတွေပဲဖြစ်ဖြစ်၊ နတ်ဆိုးသားရဲတွေပဲဖြစ်ဖြစ်ပေါ့၊ ကျန်တဲ့ (၄) ခုကတော့ ကျောက်မိုင်းနဲ့ သယ်ယူပို့ဆောင်ရေး၊ ဆေးမြစ် စုဆောင်းရေးနဲ့ ပြုပြင်ရေး၊ လူအင်အားနဲ့ စွမ်းဆောင်ရည်၊ ပြီးတော့ သားရဲ ထိန်းကျောင်းဖို့အတွက် တာဝန်ယူရတယ်"

လော့ချန်၏ မျက်လုံးများမှာ တောက်ပသွားသည်။ ကျင့်ကြံသူတို့၏ ဂိုဏ်းတစ်ခုတွင် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းသာ ရှိသည်မဟုတ်ပေ။

All Chapters