ကျောထောက်နောက်ခံ မိတ်ဆွေကောင်းများ ရှိသော အမောင်လော့ချန်
Vol. 7 Ch. 66
ကျင့်ကြံခြင်းဟူသည်မှာ တိုက်ခိုက်သတ်ဖြတ်ခြင်း သက်သက်မဟုတ်ပေ။ ကျင့်ကြံခြင်းသည် အရာခပ်သိမ်း၏ အခြေခံအကျဆုံးသော အနှစ်သာရသာ ဖြစ်သည်။
ဖိုရှန်းဂိုဏ်းကို စတင်တည်ထောင်ခဲ့ခြင်းမှာ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် ကျင့်ကြံရေးအရင်းအမြစ်များကို စုပေါင်းရှာဖွေနိုင်ရန် ဖြစ်သည်။
အဆုံးအဖြတ်စင်မြင့်ထက်မှ အသေအလဲတိုက်ပွဲများသည် ကြည့်ရသူအဖို့ ခမ်းနားထည်ဝါနေသယောင် ရှိသော်လည်း၊ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကျင့်ကြံသူ (၁၈) ဦးကို မေးကြည့်လျှင် မည်သူကမှ မိမိသဘောဆန္ဒအလျောက် ပါဝင်ခဲ့ကြသည် မဟုတ်ပေ။ လက်ချိုးရေတွက်ရုံမျှသာ ရှိပေလိမ့်မည်။
ချီသန့်စင်အဆင့် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသည့် နှလုံးစားကျား ဟန်တန် နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် လက်တစ်ကမ်းအလိုရှိနေသည့် မြစ်နဂါး ကောင်းထင်ယွမ်တို့ကို ကြည့်ပါ။ တစ်ဦးမှာ အသက်ပျောက်ခဲ့ရပြီး ကျန်တစ်ဦးမှာမူ မဟာတာအို ကို ထပ်မံမြင်တွေ့ခွင့်မရှိတော့သည့် ဒုက္ခိတဘဝသို့ ရောက်ရှိသွားခဲ့ရသည်။
အကယ်၍ သူတို့သာ နောက်တစ်ကြိမ် ရွေးချယ်ခွင့်ရမည်ဆိုပါက မဆိုင်းမတွပင် ငြင်းပယ်ကြမည်မှာ သေချာသည်။
သို့ရာတွင် သူတို့၌ ငြင်းပယ်ပိုင်ခွင့်ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။
သူတို့၏အထက်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးဖြစ်သည့် မီရှုဟွာနှင့် ဝမ်ဟိုင်ချောင်တို့က အရိပ်မည်းကြီးများပမာ လွှမ်းမိုးထားခဲ့သည်။
ထိုကျင့်ကြံသူနှစ်ဦးသည် အဘယ်ကြောင့် ဤမျှအကုန်အကျခံကာ လူအင်အားစုဆောင်းပြီး အဆင့်မြင့်ဆုံးမှော်လက်နက်များကို ပုံအောပေးကာ သေတွင်းထဲသို့ လွှတ်ခဲ့ကြသည်ကိုမူ သူတို့ကိုယ်တိုင်သာ သိပေလိမ့်မည်။
အဆုံးစွန်တွင် သူတို့ကိုယ်တိုင်၏ အကျိုးစီးပွားအတွက်သာ ဖြစ်သည်။
ထိုအကျိုးစီးပွားများသည်လည်း သူတို့၏ ကျင့်ကြံခြင်းခရီးလမ်းကို အထောက်အပံ့ပေးရန်အတွက်ပင် ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဤအသေအလဲတိုက်ပွဲသည် သူတို့၏ တာအိုလမ်းစဉ်ကို လျှောက်လှမ်းရာ၌ အချင်းချင်း အားပြိုင်ကြသည့် ပြိုင်ပွဲတစ်ခုသာ ဖြစ်သည်။ သူတို့သည် မိမိတို့၏အသက်ကို အလွန်တန်ဖိုးထားကြသဖြင့် လက်အောက်ငယ်သားများအား နယ်ရုပ်များသဖွယ် အသုံးချခဲ့ကြခြင်းပင်ဖြစ်သည်။
ယခုအခါ လော့ချန်သည် ဖိုရှန်းဂိုဏ်း၏ တရားဝင်အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့လေပြီ။
သူသည် တိုက်ခိုက်သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဂိုဏ်းဝင်ခဲ့ခြင်း မဟုတ်ပေ။
အစွမ်းထက်သော ဂိုဏ်းကြီး၏ အကာအကွယ်အောက်တွင် အေးအေးချမ်းချမ်း ကျင့်ကြံလို၍သာ ဖြစ်သည်။ သို့သော် သစ်ပင်ကြီး၏အရိပ်ကို ခိုလှုံရာတွင်လည်း မိမိကိုယ်မိမိ အနစ်နာခံရမည့်နေရာမျိုး မဟုတ်ဘဲ သင့်တော်သည့်နေရာကို ရွေးချယ်တတ်ရန် လိုအပ်ကြောင်း သူကောင်းကောင်းနားလည်ထားသည်။
ဖိုရှန်းဂိုဏ်း၏ အခြေအနေအရပ်ရပ်ကို စုံစမ်းပြီးနောက် သူသည် စိတ်ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်တော့သည်။
….
ညဉ့်နက်ပိုင်းတွင် ဝမ်ယွမ်သည် ကျင့်စဉ်များလေ့ကျင့်ပြီးစဖြစ်သော လော့ချန်ထံသို့ ရောက်ရှိလာသည်။
လော့ချန် တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအားများကို ပြန်လည်ထိန်းညှိပြီး အသက်ရှူနှုန်းမှန်သွားသည်ကို စောင့်ကြည့်ပြီးနောက် ဝမ်ယွမ် ခေါင်းတစ်ချက်ညိတ်ကာ ချီးကျူးလိုက်သည်။
“ချီသန့်စင်အဆင့် ၅ ပဲ၊ မင်း အခြေခံကျင့်စဉ်တွေကို ပစ်ပယ်မထားတာ တော်သေးတာပေါ့”
လော့ချန် အသာအယာပြုံးလိုက်သော်လည်း ဝမ်ယွမ်ကမူ မမျှော်လင့်ဘဲ သက်ပြင်းချလိုက်သည်။ သူ၏အကြည့်ထဲတွင် မနာလိုမှု အနည်းငယ်ပင် ပါဝင်နေသယောင် ရှိသည်။
“အစ်ကိုကြီးဝမ်.... ဘာတွေဖြစ်နေတာလဲ”
လော့ချန်က ဇဝေဇဝါဖြစ်ကာ မေးလိုက်သည်။
ဝမ်ယွမ်သည် ယနေ့တွင် အနိုင်ရရှိခဲ့သည်။ လူသောင်းချီရှေ့တွင် သူ၏အစွမ်းကို ပြသနိုင်ခဲ့သလို ထူးချွန်သူများစာရင်းတွင်လည်း နာမည်ပါခဲ့သည်။
ကျောက်စိမ်းအိုး ဓားဂိုဏ်း၏ အာရုံစိုက်မှုကိုလည်း ရရှိခဲ့ကာ မိစ္ဆာကျင့်ကြံသူ၏ ပိုင်ဆိုင်မှုများကိုလည်း ရရှိခဲ့သဖြင့် ကြွယ်ဝချမ်းသာလာခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့် မျက်နှာမကောင်းရသည်ကို သူ စဉ်းစား၍မရပေ။
ထို့ပြင် သူရရှိခဲ့သော အောင်မြင်မှုမှတ်တမ်းများမှာ ချင်လျန်ချန်းနှင့် တန်းတူပင် ဖြစ်ရာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးကိုလည်း ရရှိကောင်း ရရှိပေလိမ့်မည်။
ဂိုဏ်းချုပ် မီရှုဟွာက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးအား ဝမ်ယွမ်ကို မပေးဘဲ ဦးလေးချင်အား ပေးလိုက်ခြင်းလည်းဖြစ်နိုင်သည်။ တခဏအတွင်းမှာပင် လော့ချန်၏ ဦးနှောက်ထဲ၌ အတွေးမျိုးစုံ ချာချာလည်သွားတော့သည်။
ဝမ်ယွမ်က ရင်ပြင်ထဲသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်ဝင်လာသည်။
“ဒီတိုက်ပွဲအပြီးမှာ ဖိုရှန်းဂိုဏ်းဟာ တာဟဲဈေးမြို့တော်ရဲ့ ထိပ်တန်းဂိုဏ်းအဖြစ် အခိုင်အမာ နေရာယူနိုင်ခဲ့ပြီ၊ လန်ချန်းမြစ်ရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကိုလည်း ငါတို့ ဝေစုရခဲ့တယ်….ဂိုဏ်းရဲ့ အနာဂတ်ကတော့ တောက်ပြောင်လာတော့မှာပဲ….”
လော့ချန် ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ မပြောလည်း သိနိုင်သော အချက်ပင်ဖြစ်သည်။
“ဒါပေမဲ့ ငါတို့ဘက်က အကျအဆုံးလည်း များခဲ့တယ်၊ နှလုံးစားကျား၊ ခုန်ပျံကျားနဲ့ တောကျား တို့ သေဆုံးသွားတာဟာ ကျားခုနစ်ခန်းမမှာ နေရာလွတ်ကြီး သုံးခု ဖြစ်သွားစေခဲ့တယ်၊ ရွှီရန်ခယ် သေဆုံးသွားတဲ့အတွက် အခြေခံတည်ဆောက်ခြင်းအဆင့်အောက်မှာ ငါတစ်ယောက်တည်းပဲ တပ်မှူးအဖြစ် ကျန်တော့တယ်၊ ငါတို့ရဲ့ အထက်တန်း တိုက်ခိုက်ရေးစွမ်းအားတွေ တော်တော်လေး ယိုင်နဲ့သွားခဲ့ပြီ”
လော့ချန် ထပ်မံခေါင်းညိတ်ပြလိုက်သည်။ သူလည်း ထိုအချက်ကို သတိထားမိသည်။
အကျအဆုံးများသော်လည်း ဤသည်မှာ ဝမ်ယွမ်၏ ဂိုဏ်းအတွင်း ရာထူးနေရာကို ပိုမိုမြင့်မားသွားစေသည်။ နောင်တွင် သူရရှိမည့် ခံစားခွင့်များလည်း ပိုကောင်းလာပေလိမ့်မည်။
ဝမ်ယွမ်က ဆက်ပြောသည်။
“ဒီည အစည်းအဝေးမှာ ဂိုဏ်းချုပ်က ပြောင်းလဲမှုတချို့ကို ကြေညာခဲ့တယ်၊ ကျန်းဝမ်က ကျားခုနစ်ခန်းမကို ပြန်လာပြီး တောင်ဆင်းကျား လော့ဝူတီ၊ နဂါးရစ်ကျား ရန်ဝေတို့နဲ့အတူ တိုက်ခိုက်ရေးခန်းမ သုံးခုကို တာဝန်ယူရမယ်၊ မုရုံချင်းလျန်က ဆေးခန်းမကို ဦးဆောင်မယ်၊ ခယ်ယွဲ့လင်းက သားရဲခန်းမ ကို တာဝန်ယူမယ်၊ ဂိုဏ်းချုပ်ရဲ့ သမီး မီကျွင်းဖျင်ကတော့ လူအင်အားနဲ့ ကုသိုလ်မှတ်တမ်းတွေကို စီမံရမယ့် ကုသိုလ်ခန်းမကို တာဝန်ယူလိမ့်မယ်….”
“သတ္တုတွင်းခန်းမရဲ့ ခန်းမမှူးနေရာကတော့ လောလောဆယ် လစ်လပ်နေတုန်းပဲ၊ လာမယ့် ငါးရက်အတွင်းမှာ ဂိုဏ်းတွင်း ပြိုင်ပွဲတွေလုပ်ပြီး ခန်းမမှူးအသစ်ကို ရွေးချယ်သွားမယ်၊
တပ်မှုး ရာထူးကိုတော့ ဖျက်သိမ်းလိုက်ပြီ၊ အဲဒီအစား အကြီးအကဲ နေရာ လေးခုကို အစားထိုးလိုက်တယ်၊ ငါရယ်၊ ချင်လျန်ချန်းရယ်၊ လော့ဝူတီရယ်၊ နောက်ပြီး အကြီးတန်း တစ်ယောက်ရယ်က အဲဒီနေရာတွေကို တာဝန်ယူရမှာ....”
ရာထူးအပြောင်းအလဲများစွာမှာ ဝမ်ယွမ်၏ နှုတ်ဖျားမှ တရစပ် ထွက်ပေါ်လာသည်။ သူသည် လော့ချန်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားပေ။
လော့ချန်သည် ထိုသတင်းအချက်အလက်များကို ခေါင်းထဲထည့်ကာ တိတ်ဆိတ်စွာ ခေါင်းညိတ်နေမိသည်။ အကျိုးအမြတ် အများဆုံးရသူမှာ ချင်လျန်ချန်းနှင့် မုရုံချင်းလျန်တို့ ဇနီးမောင်နှံပင် ဖြစ်သည်။ သူတို့သည် ဈေးဆိုင်ငယ်လေး ဖွင့်ရာမှနေ၍ အကြီးအကဲနှင့် ခန်းမမှူး ရာထူးအထိ တဟုန်ထိုး တက်လှမ်းသွားကြလေပြီ။
ရှင်းနေသည်မှာ သူတို့သည် တိမ်ပြိုဂိုဏ်းသို့ ဝင်သွားသော သားဖြစ်သူ ချင်ရှောင်ဟု အတွက် အုတ်မြစ်ချပေးနေခြင်းပင် ဖြစ်သည်။ ဖိုရှန်းဂိုဏ်းမှ ရရှိသော အမြတ်များသည် ရှောင်ဟု၏ ကျင့်ကြံခြင်းခရီးလမ်းကို များစွာ အထောက်အပံ့ပေးပေလိမ့်မည်။
ဂိုဏ်းကြီးများအတွင်း၌ ပြိုင်ဆိုင်မှုမှာ အလွန်ပြင်းထန်လှသည်ဟု ဆိုကြသည်။ အကယ်၍ မိသားစုက ကျင့်ကြံရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်လျှင် ရှောင်ဟုသည် အခြားတပည့်များထက် သာလွန်ကာ အတွင်းစည်းတပည့် သို့မဟုတ် လက်ရုံးတပည့်အထိ ဖြစ်လာနိုင်သည့် အခွင့်အလမ်း ရှိသည်။
ထိုဇနီးမောင်နှံမှာ သားဖြစ်သူ၏ အနာဂတ်အတွက် အားသွန်ခွန်စိုက် ကြိုးစားနေကြခြင်းပင်ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ သူ၏ ဖောက်သည်ဟောင်း ကျန်းဝမ် ကျားခုနစ်ခန်းမသို့ ပြန်ရောက်လာခြင်းကို လော့ချန် မမျှော်လင့်ထားခဲ့ပေ။
ထိုလူသည် ဝိညာဉ်ကျောက်တုံး ပြတ်မှသာ အလုပ်လုပ်တတ်သည့် လူစား ဖြစ်သည်။ ယခုမူ ပျင်းနေခြင်းအား ရပ်လိုက်ရန် ဆုံးဖြတ်လိုက်ပုံပင်။
မိကျွင်းဖျင် ဆိုသူက ကုသိုလ်ခန်းမအား တာဝန်ယူလိုက်ပြီ ဖြစ်ရာ ဤတိုက်ပွဲအပြီးတွင် မီရှုဟွာသည် ဖိုရှန်းဂိုဏ်းအား ပိုမိုတင်းကျပ်စွာ ချုပ်ကိုင်လိုက်ပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။
သတ္တုတွင်းခန်းမမှူး နေရာကို ချန်ထားခြင်းမှာမူ ဂိုဏ်းသားများအကြား မကျေနပ်မှုများ မရှိအောင် ပြုလုပ်ထားသည့် နည်းဗျူဟာတစ်ခု ဖြစ်ပေလိမ့်မည်။
ရုတ်တရက် လော့ချန် မျက်ခုံးပင့်ကာ အံ့သြစွာ မေးလိုက်သည်။
“တပ်မှုး ရာထူးကို ဖျက်သိမ်းလိုက်တယ်ဆိုတော့ အစ်ကိုကြီးဝမ်ရဲ့ အဆင့်အတန်းက နိမ့်သွားတာ မဟုတ်ဘူးလား”
ဝမ်ယွမ် ခေါင်းတစ်ချက်ညိတ်ပြီးမှ ပြန်ယမ်းပြသည်။
“အဲဒါကို ငါ ဂရုမစိုက်ပါဘူး၊ ငါ စိတ်ပူနေတာက တခြားအရာပါ”
“ဘာများလဲဟင်”
“ဂိုဏ်းချုပ်က ငါ့ကို တာကျန်းဂိုဏ်းဆီကရတဲ့ လန်ချန်းမြစ် ရေကြောင်းလုပ်ငန်းတွေကို တာဝန်ယူဖို့ အဖွဲ့တစ်ခု ဖွဲ့ခိုင်းတယ်၊ အဲဒီလမ်းကြောင်းက ထိုက်ရှန်းဈေးကွက် အထိ ပေါက်တဲ့ လမ်းကြောင်းပဲ”
ဆိုလိုရင်းကို နားမလည်၍ လော့ချန် မျက်တောင်ခတ်လိုက်မိသည်။ ဦးစွာ ဝမ်ယွမ်၏ ရာထူးကို ဖယ်ရှားပြီး ဂုဏ်ထူးဆောင် အကြီးအကဲဘွဲ့ ပေးသည်။ ထို့နောက်တွင်မူ အဖွဲ့သစ်တစ်ခုအား တာဝန်ပေးကာ လုပ်ပိုင်ခွင့်အစစ်အမှန်ကို ပေးလိုက်ပြန်သည်။
မီရှုဟွာ၏ ရည်ရွယ်ချက်မှာ ဆန်းလှသည်။
သူသည် ဝမ်ယွမ်၏ စွမ်းဆောင်ရည်ကို တန်ဖိုးထားခြင်းလော၊ သို့မဟုတ် ဝမ်ယွမ်အား ဂိုဏ်း၏ အာဏာဗဟိုချက်မှ ဖယ်ထုတ်ကာ သူနှင့်မရင်းနှီးသော ရေကြောင်းလုပ်ငန်းများဆီသို့ ပို့ဆောင်လိုက်ခြင်းလော ဟူသည်ကို သေချာမသိနိုင်ပေ။
ရုတ်တရက် လော့ချန်၏ ခေါင်းထဲသို့ အရေးကြီးသော အတွေးတစ်ခု ဝင်လာသည်။
“အစ်ကိုကြီးဝမ်…. ဂိုဏ်းချုပ်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးကို ဘယ်သူ့ကို ပေးလိုက်တာလဲ”
“ပြောစကားအရဆိုရင်တော့ ချင်လျန်ချန်းကို ပေးလိုက်တာပေါ့၊ သူက ချီသန့်စင်အဆင့် အဆင့်ကိုးမှာ ရှိနေတာကိုး၊ ငါကတော့ အဆင့် ၈ မှာပဲ ရှိသေးတာ၊ ပြီးတော့ ဒီတိုက်ပွဲမှာ သူပေးဆပ်ခဲ့တာတွေကလည်း ငါနဲ့မခြားပါဘူး”
“ပြောစကားအရဆိုတာဘာလဲအကို”
လော့ချန်က မျက်ခုံးပင့်လျက် မေးလိုက်သည်။
“ချင်လျန်ချန်းက တိုက်ပွဲမှာ လက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်၊ ကျောက်စိမ်းအိုး ဓားဂိုဏ်းက လက်အသစ်တစ်ခု ပေးမယ်လို့ ကတိပေးထားပေမဲ့ အဲဒီလက်က ခန္ဓာကိုယ်နဲ့ တစ်သားတည်း ဖြစ်ပါ့မလား၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအတွက် အနှောင့်အယှက် ဖြစ်မလားဆိုတာ မသေချာဘူး”
“ဒါကြောင့် ဂိုဏ်းချုပ်က ချင်လျန်ချန်း ချီသန့်စင်အဆင့် ပြည့်စုံသွားတဲ့အခါမှ ဆေးလုံးကို ပေးမယ်လို့ ပြောတယ်၊ အခုလောလောဆယ်တော့ မကောင်းကြံမယ့်သူတွေရန်ကနေ ကာကွယ်ပေးဖို့ ဂိုဏ်းချုပ်ကပဲ သိမ်းထားပေးမယ်တဲ့”
လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ ဆိုလိုသည်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးအား မည်သူမှ မရသေးခြင်းပင်။ ဤလှည့်ကွက်မှာ အခြားသူများ ဝေဖန်စရာမရှိအောင် အကွက်စေ့လွန်းလှသည်။
မီရှုဟွာသည် ချင်လျန်ချန်းအား ကာကွယ်ပေးသည့်အနေဖြင့် ဆေးလုံးကို သိမ်းထားခြင်း ဖြစ်သည်။ ချင်လျန်ချန်း အဆင့်တက်နိုင်သည့်အချိန်ကျမှ ဆေးလုံးကို ပေးမည်ဟု ဆိုသော်လည်း၊ အချိန်ကြာလာသည့်အခါ လက်အတုမှာ ကျင့်ကြံခြင်းအား ထိခိုက်၊မထိခိုက် ဆိုသည်ကို မည်သူက အာမခံနိုင်ပါမည်နည်း။
နောက်ဆုံးတွင် ထိုဆေးလုံးသည် မည်သူ့လက်ထဲသို့ ရောက်သွားမည်မှာ ပဟေဠိဖြစ်နေသည်။
ဝမ်ယွမ်၏ လေးနက်နေသော မျက်နှာကို ကြည့်ရင်း ဝမ်ယွမ် စိတ်ပူနေသည်များကို လော့ချန် နားလည်သွားသည်။
မီရှုဟွာသည် အရင်နှင့် မတူတော့ပေ။ သို့မဟုတ် သူသည် သူ၏ စရိုက်စစ်ကို ဖုံးကွယ်ထားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
“ဒီတစ်ခါ ငါ မင်းကို ဘာလို့ ဖိုရှန်းဂိုဏ်းထဲ သွင်းပေးခဲ့လဲဆိုတာ သိလား”
စကားဝိုင်းမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
လော့ချန်မှာ ကြောင်သွားသော်လည်း ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“အစ်ကိုကြီးဝမ်မှာ အားကိုးရမယ့်လူ လိုနေလို့ မဟုတ်လား…. ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း မဆိုးဘူး၊ ပြီးတော့ ကျွန်တော်တို့က တစ်ယောက်အကြောင်းတစ်ယောက် သိနေကြတာဆိုတော့ ယုံကြည်ရတဲ့လူကို အနားမှာ ထားချင်တာပေါ့၊ ဟုတ်တယ်မလား….”
“အင်း.... အဲဒါလည်း ပါတာပေါ့”
ဝမ်ယွမ်က ခေါင်းညိတ်ပြီးမှ နောက်ထပ်အချက်တစ်ခုကို ထပ်ဖြည့်လိုက်သည်။
“နောက်ထပ် အကြောင်းရင်းတစ်ခု ရှိသေးတယ်၊ ကောင်းထင်ယွမ်ရဲ့ အတွင်းအားက ပျက်စီးသွားပြီ၊ ဝိညာဉ်ပင်လယ်ကလည်း ကြေမွသွားပြီဆိုတော့ သူ အခြေခံအုတ်မြစ်တည်ဆောက်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး၊ သူဟာ ငါ့ကို ဘာမှမလုပ်နိုင်ပေမဲ့ သူ့ညီအတွက် လက်စားချေဖို့ မင်းကို ရန်ရှာလာနိုင်တယ်”
လော့ချန်၏ မျက်လုံးများ လှုပ်ခတ်သွားသည်။ သူသည် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာမှ မပြောဖြစ်ခဲ့ပေ။
ဤအချက်ကို သူ ထည့်မစဉ်းစားခဲ့မိသော်လည်း သေချာစဉ်းစားကြည့်လျှင် သူသာ ကောင်းထင်ယွမ်၏ နေရာတွင် ဖြစ်ပါက ကျင့်ကြံခြင်းလမ်းစဉ် ပိတ်ဆို့သွားသည့်အခါ တစ်ဦးတည်းသော မိသားစုဝင်အတွက် လက်စားချေရန် ကြိုးစားမည်မှာ သေချာသည်။
“အစ်ကိုကြီးဝမ်…. ကျေးဇူးတင်ပါတယ်ဗျာ”
သူ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဝမ်ယွမ်က လက်ကာပြလိုက်သည်။
“မင်း ဖိုရှန်းဂိုဏ်းကို ဝင်လာပြီးပြီဆိုတော့ ခန်းမတစ်ခုခုမှာ ဝင်ပြီး တာဝန်ထမ်းဆောင်ရလိမ့်မယ်၊ အခု မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်၊ တစ်ခုက ငါနဲ့အတူ မြစ်ကြောင်းလုပ်ငန်းတွေမှာ လိုက်လုပ်မလား၊ ဒါမှမဟုတ်ရင် ဂိုဏ်းထဲက ကျားခုနစ်ခန်းမထဲက တစ်ခုခုမှာ နေမလား”
ရွေးချယ်စရာ နှစ်ခုအား ကြည့်ပြီး လော့ချန်သည် စိတ်ထဲတွင် ဆုံးဖြတ်ပြီးသား ဖြစ်သည်။
သို့သော်လည်း ဝမ်ယွမ်က သူ၏ညီငယ်ကို စိုးရိမ်သဖြင့် ထပ်မံ ရှင်းပြပေးသည်။
“ငါနဲ့လိုက်ခဲ့ရင်တော့ ဂိုဏ်းထဲက ဘယ်သူမှ မင်းကို လာနှောင့်ယှက်မှာကို စိတ်ပူစရာမလိုဘူး၊ အစပိုင်းမှာတော့ ပင်ပန်းလိမ့်မယ်၊ ဒါပေမဲ့ ရေကြောင်းအလုပ်တွေ ကျွမ်းကျင်သွားရင်တော့ မင်း တော်တော်လေး ဝင်ငွေကောင်းမှာပါ၊ တကယ်လို့ ဂိုဏ်းထဲက ခန်းမတစ်ခုခုမှာ နေမယ်ဆိုရင်တော့ အဝေးမှာဆိုတော့ မင်းကို သိပ်ပြီး အကာအကွယ် မပေးနိုင်ဘူး၊ မင်း ဆုံးဖြတ်ပြီးပြီလား”
လော့ချန် ခိုင်ခိုင်မာမာ ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် ကျားခုနစ်ခန်းမထဲက ဆေးခန်းမဆောင်မှာပဲ နေဖို့ ရွေးချယ်ပါတယ်”
“သြော်....ဟုတ်သားပဲ၊ ချင်လျန်ချန်းတို့ ဇနီးမောင်နှံက မင်းရဲ့ အိမ်နီးချင်းတွေပဲ မဟုတ်လား”
ဝမ်ယွမ်က အသာအယာပြုံးလျက် လော့ချန်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
“ဒါလည်း ကောင်းတာပါပဲ၊ ဂိုဏ်းထဲမှာ နေရင်းနဲ့ အခြေအနေတွေကို စောင့်ကြည့်ပေးပေါ့၊ တစ်ခုခု ထူးခြားတာရှိရင် ငါ့ကို သတင်းပို့လေ”
လော့ချန်က ရယ်မောလိုက်ပြီး တက်ကြွစွာ ပြောလိုက်တော့သည်။
“တစ်ယောက်က အထဲမှာ၊ တစ်ယောက်က အပြင်မှာဆိုတော့ တို့ညီအစ်ကိုတွေ ကြီးပွားကြတော့မှာပေါ့၊ ကျွန်တော်တို့တွေ အရင်က အိပ်မက်မက်ခဲ့တဲ့ ဂုဏ်သိက္ခာတွေကို အတူတူ ပြန်ရှာကြတာပေါ့”