ကျောထောက်နောက်ခံ မိတ်ဆွေကောင်းများ ရှိသော အမောင်လော့ချန်
Vol. 7 Ch. 67
တစ်လခွဲခန့် အကြာတွင်ဖြစ်သည်။
ဖီးနစ်ကျတောင် တောင်ခြေရှိ အသစ်စက်စက် ဖွင့်လှစ်ထားသော အဆုံးအဖြတ်စင်မြင့်၏ အရိပ်အောက်တွင် စမ်းသပ် လေ့ကျင့်ရာခန်းမဟု ခေါ်သော နေရာတစ်ခု ရှိလေသည်။
ယခင်က ထိုနေရာကို လက်ရည်စမ်းကွင်း ဟုသာ ခေါ်ဆိုခဲ့ကြသော်လည်း အဆုံးအဖြတ်စင်မြင့် ဖွင့်လှစ်ပြီးနောက်တွင်မူ ၎င်းအား ကျယ်ဝန်းသော အခန်းများစွာဖြင့် တိုးချဲ့ကာ စမ်းသပ်ခန်းမအဖြစ် အဆင့်မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
ထိုအခန်းများ၏ ရည်ရွယ်ချက်မှာ မြို့တွင်းရှိ ကျင့်ကြံသူများ မိမိတို့၏ မှော်အတတ်များကို စမ်းသပ်ရန်နှင့် ကာကွယ်ရေးအတတ်များကို လေ့ကျင့်ရန်အတွက် ငှားရမ်းနိုင်သော နေရာများ ပေးအပ်ရန် ဖြစ်သည်။
ငှားရမ်းခမှာလည်း သင့်တင့်လှသည်၊ ခဏတာ အသုံးပြုရန်အတွက် ဝိညာဉ်ကျောက်တုံး တစ်တုံးမှ စတင်ကာ အချိန်ကြာမြင့်မှုအပေါ် မူတည်၍ ဈေးနှုန်းမြင့်တက်သွားသည်။ အကယ်၍ ကျောက်စိမ်းအိုး ဓားဂိုဏ်းမှ တပည့်များကို တိုက်ခိုက်ဖော်အဖြစ် ငှားရမ်းလိုပါကမူ ဝိညာဉ်ကျောက်တုံး တစ်ရာခန့်အထိ အကုန်အကျခံရမည် ဖြစ်သည်။
မကြာသေးမီက စမ်းသပ်ခန်းမ၏ သတ္တမမြောက်အခန်းအား လူနှစ်ဦးက အပိုင်စီးထားသကဲ့သို့ ဖြစ်နေသည်။ နေ့စဉ် နံနက်တိုင်း ထိုလူနှစ်ဦးမှာ ပျက်ကွက်ခြင်းမရှိ ရောက်ရှိလာတတ်ရာ အခန်းစောင့်များအတွက်ပင် ရိုးအီနေသော မြင်ကွင်း ဖြစ်နေလေပြီ။ ယခုအချိန်တွင် သတ္တမအခန်းအတွင်းသို့ ဝင်လိုက်မည်ဆိုပါက တိုက်ခိုက်သံ များကို အတိုင်းသား ကြားရပေလိမ့်မည်။
ရှဲ.... ရှဲ…. ရှဲ….
မြစိမ်းရောင် အလင်းတန်းများသည် ရေထဲတွင် ကူးခတ်နေသော ငါးအုပ်ပမာ လေထဲ၌ ဝဲပျံနေကြသည်။
လော့ချန်၏ ပတ်ပတ်လည်တွင် ဓားကြီးတစ်စင်းနှင့် ဓားငယ် ခြောက်စင်း၊ စုစုပေါင်း သစ်သားပျံဓား ခုနစ်စင်းတို့သည် တိကျလှသော အရှိန်ဖြင့် လည်ပတ်နေကြသည်။ သူ၏ မျက်လုံးများက တိုက်ခိုက်ဖော်ကို စိုက်ကြည့်လျက် လက်ဟန်ခြေဟန် ပြုလုပ်ကာ အော်ဟစ်လိုက်သည်။
"ပေါင်းစမ်း"
ဓားခုနစ်စင်းသည် လည်ပတ်နေသော အစီအရင်တစ်ခုအဖြစ် ပေါင်းစည်းသွားပြီး လေထုအား ခွင်းကာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
"လာစမ်း"
တစ်ဖက်မှ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ တောက်ပသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ အားပြိုင်မှုနှစ်ခု ထိပ်တိုက်တွေ့ဆုံကြရာ လော့ချန်၏ ဓားများမှာ အသက်ရှူနှုန်း သုံးကြိမ်စာခန့်သာ တောင့်ခံနိုင်ပြီးနောက် ရှုံးနိမ့်သွားသော ငှက်များပမာ မြေပြင်ပေါ်သို့ တဖြုတ်ဖြုတ် ကြွေကျသွားတော့သည်။
သို့သော် လော့ချန်မှာ စိတ်ပျက်ဟန် မရှိပေ။
အလတ်စား မှော်လက်နက်တစ်ခုအနေဖြင့် အဆင့်မြင့်ဆုံး မှော်လက်နက်၏ ဒဏ်ကို ခဏတာမျှ တောင့်ခံနိုင်ခြင်းမှာပင် အံ့မခန်းစွမ်းဆောင်ရည် ဖြစ်သည်။ သူ၏ ပါရမီရှင်အဆင့် ဆွဲငင်အတတ် ကြောင့်သာ ဤမျှ လျင်မြန်စွာ ဓားအစီအရင်ကို ဖော်ဆောင်နိုင်ခြင်း ဖြစ်သည်။
သာမန်လူဆိုပါက ထိုရွှေရောင်အလင်းတန်း၏ ဝါးမြိုခြင်းကို မခံရခင်မှာပင် ဓားအစီအရင်ကို ဖော်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် တိုက်ပွဲမှာ ဤတွင် မဆုံးသေးပေ။
"ဦးလေးချင်.... သတိထားပါဦး"
သူသည် လက်ဖဝါးကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်ရာ မြွေများပမာ တွန့်လိမ်နေသော စိမ်းစိုသည့် နွယ်ပင်များမှာ မြေပြင်မှ ထွက်ပေါ်လာပြီး ချင်လျန်ချန်းထံသို့ အတင်းတိုးဝင်သွားသည်။
တစ်ခါမျှ အပတ်ခံရလျှင် ပြိုင်ဘက်မှာ ရုန်းမထွက်နိုင်သော ချုပ်နှောင်မှုဒဏ်ကို ခံရပေလိမ့်မည်။
ချင်လျန်ချန်းက အားရပါးရ ရယ်မောလိုက်ပြီး နောက်သို့ ဆုတ်လိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းများစွာ ထွက်ပေါ်လာသည်။ ထိုရွှေရောင်အလင်းနှင့် ထိတွေ့မိသော နွယ်ပင်များမှာ တစစီ ပြတ်တောက်သွားကြရသည်။
ထို့ပြင် ရွှေရောင်အလင်းတန်း တစ်ခုသည် လမ်းကြောင်းပြောင်းကာ လော့ချန်ထံသို့ လျှပ်စီးပမာ ပြေးဝင်လာတော့သည်။
လော့ချန်သည် အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထိန်းထားပြီး ထိုအလင်းတန်းကို တည်ငြိမ်စွာ စောင့်ကြည့်လိုက်ရာ ၎င်းမှာ ရွှေအပ် များဖြစ်ကြောင်း သိလိုက်ရသည်။ ရွှေအပ်များသည် အလွန်လျင်မြန်သော အရှိန်ဖြင့် နီးကပ်လာသော်လည်း သူကမူ တုန်လှုပ်ခြင်း မရှိပေ။
လော့ချန်သည် မြေပြင်အား ခြေတစ်ချက် ပေါ့ပါးစွာ ကန်၍ နောက်သို့ ပျံတက်လိုက်ရာ ဝဲပျံနေသော လင်းယုန်ငှက်ကြီးတစ်ကောင်အလား ရှိလှသည်။ အပ်များက နောက်မှ မဆုတ်မနစ် လိုက်ပါလာသော်လည်း သူကမူ တိကျစွာ ရှောင်တိမ်းနေသည်။ အပ်များမှာ အလွန်မြန်သော်လည်း သူ၏ အဝတ်စွန်းကိုပင် မထိနိုင်ပေ။
ချင်လျန်ချန်းက ရယ်မောလျက် "မင်းရဲ့ ကိုယ်ဖော့သိုင်းက တကယ် အံ့သြဖို့ကောင်းတာပဲ၊ ဆုံးသွားတဲ့ ခုန်ပျံကျားထက်တောင် သာဦးမယ်" ဟု ပြောရင်း ရွှေအပ်များကို သူ၏လက်ထဲသို့ ပြန်လည် ခေါ်ယူလိုက်သည်။
လော့ချန်က ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ မီးစအသေးလေး ဆယ်ခုကို ဆင့်ခေါ်လိုက်သည်။ တစ်ခဏချင်းမှာပင် ပိုးစုန်းကြူးများအလား တောက်ပသော မီးစလေး ဆယ်ခု ပေါ်ထွက်လာသည်။
၎င်းကို မြင်သည့်အခါ ချင်လျန်ချန်း၏ မျက်နှာထားမှာ အနည်းငယ် တည်ကြည်သွားပြီး ကြီးမားသော မြေသားဒိုင်းလွှာတစ်ခုကို ဖန်တီးလိုက်သည်။
"လာစမ်းပါဦး.... မင်းရဲ့ မီးလျှံပိုးအိမ်အတတ်တွေ ဘယ်လောက်တိုးတက်လာလဲ ကြည့်ရသေးတာပေါ့"
လော့ချန်က ပြန်မပြောဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ မီးစလေးများမှာ ရှေ့သို့ ပြေးဝင်သွားကြသည်။ လမ်းခရီးတွင် ထိုမီးစလေးများသည် မျက်နှာသစ်ဇလုံခန့်ရှိသော မီးလုံးကြီးများအဖြစ် ပြောင်းလဲသွားပြီး မြေသားဒိုင်းလွှားကို အရှိန်အဟုန်ဖြင့် သွားရောက် ရိုက်ခတ်တော့သည်။
ဘုန်း….ဘုန်း….ဘုန်း….
အဆက်မပြတ် ပေါက်ကွဲမှုများနှင့်အတူ ထွက်ပေါ်လာသော ပြင်းထန်သည့် တန်ပြန်သက်ရောက်မှုကြောင့် ချင်လျန်ချန်းမှာ နောက်သို့ ယိုင်နဲ့သွားရသည်။
ရုတ်တရက် ချင်လျန်ချန်း၏ အကြည့်များ စူးရှသွားသည်။ ဒိုင်းလွှာ၏ အကာအကွယ်လမ်းကြောင်းကို ရှောင်တိမ်းကာ ဘေးဘက်မှ တိုးဝင်လာသော မီးစလေးတစ်ခုကို သူ မြင်လိုက်ရသည်။
"ဒီကောင်လေး…. တကယ်ကို လည်တာပဲ"
ချင်လျန်ချန်းက ဆဲဆိုလိုက်ပြီး ရေဓာတ် မှော်စာရွက်တစ်ခုကို အမြန် အသက်သွင်းလိုက်သည်။ ရေမြှားတစ်စင်း ထွက်ပေါ်လာပြီး မီးလုံးနှင့် ထိတွေ့သွားရာ လေထုထဲတွင် ရေနွေးငွေ့များ ပေါက်ကွဲထွက်ကုန်ပြီး သူ့ မျက်နှာအား လာရောက် ဟပ်တော့သည်။
ရှဲ….
ရေနှင့် မီး ထိတွေ့မိသည့် ခဏမှာပင် ပြင်းထန်သော အပူရှိန်များ ထွက်ပေါ်လာပြီး ပူပြင်းသော ရေနွေးငွေ့များ ပျံ့နှံ့သွားသည်။
ချင်လျန်ချန်းသည် မျက်နှာတွင် အပူလောင်သည့် ဝေဒနာကြောင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ရသည်။ သူ မျက်မှောင်ကြုတ်လျက် ကြည့်လိုက်ရာ လော့ချန်၏ လက်ထဲတွင် နောက်ထပ် မီးစလေး ဆယ်ခု ထပ်မံ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသဖြင့် သူ အလိုအလျောက် တုန်လှုပ်သွားတော့သည်။
"တော်ပြီ…. တော်ပြီ.... ဒီနေ့အတွက်တော့ ဒီလောက်ပဲ"
လော့ချန်သည် ချက်ချင်းပင် မီးစများကို ဖြန့်ကျက်ဖျောက်ပစ်လိုက်သည်။ သူ၏ ထိန်းချုပ်နိုင်စွမ်းမှာ အလွန်ပင် ပေါ့ပါးလှပလှသည်။
"ဟူး...."
သူ သက်ပြင်းတစ်ချက် ချလိုက်ပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဦးလေးချင်.... ဒီနေ့တော့ ကျွန်တော် နိုင်တယ်လို့ ပြောလို့ရမလား"
"မင်း နိုင်ပါတယ်ကွာ.... ငါ့ကို အသေသတ်တော့မလားလို့တောင် ထင်ရတယ်"
ချင်လျန်ချန်းက သူ့ကိုယ်သူ ကုသခြင်းမှော်အတတ်ဖြင့် ကုသရင်း ညည်းတွားလိုက်သည်။
"မင်းက ပိုပြီး လည်လာပြီပဲ၊ မင်းရဲ့ မီးစတွေက လမ်းကြောင်းပြောင်းနိုင်တယ်ဆိုတာ အရင်က တစ်ခါမှ မပြောခဲ့ဘူးနော်"
ယေဘုယျအားဖြင့် အခြေခံမှော်အတတ်များသည် အတွင်းစိတ်ဝိညာဉ်စွမ်းအား၏ အပြင်ပန်း သရုပ်ဖော်မှုမျှသာ ဖြစ်သည်။ ဝိညာဉ်အာရုံ မရှိသေးသော အောက်ခြေကျင့်ကြံသူများ ထုတ်လွှတ်သည့် မီးလုံး၊ ရေမြှား သို့မဟုတ် ရွှေလှံများမှာ မျဉ်းဖြောင့်အတိုင်းသာ သွားလေ့ရှိသည်။
နွံအိုင် သို့မဟုတ် ချုပ်နှောင်ခြင်း ကဲ့သို့သော မှော်အတတ်အနည်းငယ်သာ ကန့်သတ်ချက်အတွင်း အနည်းငယ် ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။
သို့သော် လော့ချန်၏ မီးစဆယ်ခုအနက် တစ်ခုမှာ ကြီးထွားမလာသည့်အပြင် အခြားကိုးခု၏ အကွယ်ကို ယူကာ ဘေးတိုက်မှ တိုးဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ တိုက်ပွဲအတွေ့အကြုံ မရှိဘဲ ရေဓာတ်မှော်စာရွက်ကို ချက်ချင်း အသုံးမပြုနိုင်ခဲ့ပါက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားနိုင်ပေသည်။
ထိုမှော်စာရွက်ကို အတင်းအကျပ် အသုံးပြုလိုက်ရခြင်းကြောင့်ပင် ဤပွဲတွင် သူ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ရခြင်း ဖြစ်သည်။
မှန်ပေသည်။ ဤသည်မှာ ချင်လျန်ချန်း၏ အစွမ်းကုန် မဟုတ်သေးသည်မှာလည်း ထင်ရှားလှသည်။
လော့ချန်က ရယ်မောလိုက်ပြီး ဆိုသည်။
"ဒါက လည်တာ မဟုတ်ပါဘူး ဦးလေးချင်ရယ်၊ ဦးလေးက ကျင့်ကြံခြင်းဆင့်ကို သတ္တမအဆင့်အထိ လျှော့ချထားပြီး အကန့်အသတ်ရှိတဲ့ ဝိညာဉ်စွမ်းအားနဲ့ တိုက်ခိုက်ရတာကို မကျင့်သားရသေးလို့ပါ"
ချင်လျန်ချန်းက ခေါင်းယမ်းလိုက်သည်။
"ဒါက ကျင့်ကြံခြင်းအဆင့်ကို လျှော့ထားလို့ မဟုတ်ဘူး၊ ငါ့ရဲ့ လက်အသစ်က ဒီလောက် တိုက်ပွဲဒဏ်ကိုပဲ ခံနိုင်သေးလို့ပါ"
ထို့နောက် သူ၏ ညာလက်ကို ဝှေ့ယမ်းပြလိုက်သည်။ ထိုလက်မှာ အသားအရောင်နှင့် သတ္တုရောင် ရောယှက်နေပြီး အနည်းငယ် သဘာဝမကျသယောင် ရှိသည်။ ဤသည်မှာ ကျောက်စိမ်းအိုး ဓားဂိုဏ်းမှ တပ်ဆင်ပေးထားသော လက်အသစ် ဖြစ်သည်။ ဤလက်အတွက် သူသည် သူ၏ စစ်နိုင်ပစ္စည်းများ ဖြစ်သော ဓားအမြုတေနှင့် ပိုင်ချီ၏ သိုလှောင်အိတ်တို့ကို ပေးအပ်ခဲ့ရသည်။
လွန်ခဲ့သော ဆယ်ရက်ခန့်က လက်ကို တပ်ဆင်ပြီးနောက် အနားယူပြီးသည်နှင့် သူသည် အကောင်းဆုံး အခြေအနေသို့ ပြန်ရောက်ရန် စိတ်အားထက်သန်နေခဲ့သည်။ ထို့ကြောင့် သတ္တမမြောက် စမ်းသပ်ခန်းမကို ငှားရမ်းကာ မှော်အတတ် လေ့ကျင့်ရန် လိုအပ်နေသော လော့ချန်အား နေ့စဉ် နံနက်တိုင်း အတူတူ လေ့ကျင့်ရန် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အစပိုင်းတွင် သူ လော့ချန်အား လုံးဝ လွှမ်းမိုးထားနိုင်သော်လည်း တဖြည်းဖြည်းနှင့် လော့ချန်အား ထိန်းချုပ်ရန် ခက်ခဲလာသည်ကို ခံစားလာရသည်။ ယနေ့တွင်မူ သူသည် အရှုံးမပေးရရန်အတွက် မှော်လက်နက် နှစ်ခုနှင့် ရေဓာတ်မှော်စာရွက်ကိုပင် အသုံးပြုခဲ့ရသည်။
လော့ချန်၏ တိုးတက်မှုမှာ အံ့သြစရာ ကောင်းလွန်းလှသည်။
"မင်းလို လူမျိုးက တစ်ကိုယ်တော်ကျင့်ကြံသူ လုပ်နေတာ နှမြောစရာပဲ ကောင်လေးရာ"
ချင်လျန်ချန်းက သူ၏ မျက်နှာ ပြန်လည်ကောင်းမွန်သွားသည်ကို စမ်းကြည့်ရင်း ပြောလိုက်သည်။
"မီးလုံးမှော်အတတ်၊ နွယ်ရှင်နှောင်ကြိုး မှော်အတတ်တွေကို မင်းက ပေါ့ပေါ့ပါးပါးနဲ့ သုံးနိုင်နေပြီ၊ မင်းရဲ့ စွမ်းအားက ချီသန့်စင်အဆင့် သတ္တမအဆင့်ကိုတောင် ခြိမ်းခြောက်နိုင်နေပြီ မှော်အတတ်တွေမှာ ဒီလောက် ပါရမီပါတာ.... မင်းက ဓာတ်ကြီးငါးပါးဂိုဏ်း နဲ့ တကယ်ကို ကိုက်ညီတာပဲ"
ဓာတ်ကြီးငါးပါးဂိုဏ်းဟူသည် ဝိညာဥ်သန္ဓေတည်အဆင့် ကျင့်ကြံသူကြီးများ ဦးဆောင်သော အလွန်ကြီးကျယ်သော ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ ထိုဂိုဏ်းသည် အရှေ့ဘက်လွင်ပြင်၏ နယ်မြေ ၃၆ ခုလုံးတွင် ဓာတ်ကြီးငါးပါး ကျင့်စဉ်များ၌ အကျွမ်းကျင်ဆုံးအဖြစ် ကျော်ကြားလှသည်။
လော့ချန်က ခပ်အေးအေးပင် ပြုံးလိုက်သည်။
"ဖြစ်နိုင်တာပေါ့"
သို့သော် ဓာတ်ကြီးငါးပါး နယ်မြေသည် ကျောက်စိမ်းအိုး နယ်မြေနှင့် အလွန်ပင် ဝေးကွာလှသည်။ သူ ထိုဂိုဏ်းသို့ ဝင်လိုလျှင်ပင် ဖြစ်နိုင်ခြေ လုံးဝ မရှိသလောက်ပင် ဖြစ်သည်။
ဓာတ်ကြီးငါးပါးဂိုဏ်းနှင့် ဆက်နွှယ်နေသော လင်ယွမ်နန်းဆောင် မှတစ်ဆင့် ဝင်ရောက်ရန် ကြိုးစားနိုင်သော်လည်း ကံမကောင်းစွာဖြင့် ထိုသို့သော အခွင့်အရေးမျိုး သူတို့တွင် မရှိပေ။
ဓာတ်ကြီးငါးပါးဂိုဏ်းသည် မိသားစုအမွေဆက်ခံသော ဂိုဏ်းကြီးဖြစ်ပြီး သူတို့၏ နယ်မြေအတွင်းမှသာ တပည့်များကို လက်ခံလေ့ရှိသည်။
သတင်းများအရ ထိုဂိုဏ်း၏ လျှို့ဝှက်နတ်ဘုရားကျင့်စဉ်များကြောင့် ပြင်ပမှ တပည့်များကို လက်ခံရာတွင်လည်း မိသားစုကြီးများနှင့် လက်ထပ်ထိမ်းမြားခြင်းဖြင့်သာ လက်ခံလေ့ရှိသည်ဟု ဆိုကြသည်။
လော့ချန်သည် လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ ပါရမီရှင်အဆင့် ဆွဲငင်ခြင်းအတတ်ကြောင့် မြေပြင်ပေါ်ရှိ ဓားခုနစ်စင်းမှာ အိမ်ပြန်သော နှံကောင်များပမာ သူ၏လက်ထဲသို့ ပြန်လည် ရောက်ရှိလာကြသည်။
လော့ချန်သည် သစ်သားဓားလေးများကို ကစားရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဦးလေးချင်၊ ဦးလေး အသစ်ဝယ်ထားတဲ့ ဒီမှော်လက်နက်တွေက ဦးလေးနဲ့ သိပ်မကိုက်သလိုပဲနော်"
ချင်လျန်ချန်းက မတတ်သာသလို သက်ပြင်းချလိုက်သည်။
"ငါက အရင်က တင်းပုတ်ကြီးတွေ၊ ကျောက်စိမ်းကြေလက်အိတ် တွေလို လက်နက်ကြီးတွေနဲ့ပဲ တိုက်လာတာလေ၊ ဒါပေမဲ့ အဲဒါတွေအားလုံးက အဆုံးအဖြတ်စင်မြင့်ပေါ်မှာ ပျက်စီးသွားပြီ၊ ထိပ်တန်းမှော်လက်နက်တွေက ဈေးကြီးတယ်လေ၊ အခုရထားတဲ့ ရွှေအပ် နဲ့ မြေသားဒိုင်း ကတောင် တော်တော်လေး ဟန်ကျနေပါပြီ"
ရွှေအပ် (၇၂) စင်းမှာ အလွန်ရှားပါးပြီး ထူးခြားသော မှော်လက်နက်များ ဖြစ်သည်။ ထိုအရာများမှာ အလွန်လျင်မြန်ပြီး စွမ်းအားကြီးမားလှသည်။
လော့ချန်၏ လျင်မြန်သော ကိုယ်ဖော့သိုင်းကြောင့်သာ တောင့်ခံနိုင်ခြင်း ဖြစ်ပြီး၊ သာမန်လူဆိုလျှင် ထိုရွှေအပ်များ၏ ဒဏ်ကို ခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ဤလက်နက်များသည် ချင်လျန်ချန်း၏ ပြင်းထန်သော တိုက်ခိုက်ရေးပုံစံနှင့် လုံးဝ လွဲချော်နေသည်။
လော့ချန်က မေးလိုက်သည်။
"ဂိုဏ်းမှာ စွမ်းဆောင်ရည်ရှိတဲ့သူတွေအတွက် ချန်ထားတဲ့ ထိပ်တန်းမှော်လက်နက်တွေ ရှိတယ် မဟုတ်လား ဂိုဏ်းချုပ်မီက ဦးလေးချင်ကို မပေးဘူးလား...."
ချင်လျန်ချန်း၏ မျက်နှာထားမှာ တည်ကြည်သွားသည်။
"စကားပြောတာ ဆင်ခြင်ပါဦး၊ ငါ့ရဲ့ စွမ်းဆောင်မှုအတွက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးကို ရခဲ့ပြီလေ"
"ဒါပေမဲ့ အဲဒီဆေးလုံးက ဦးလေး လက်ထဲမှ မရောက်သေးတာ"
လော့ချန်က မျက်စောင်းထိုးလျက် ပြောလိုက်သည်။
"အဘိုးကြီးမီက သိမ်းပေးထားတာ ငါ့အတွက် ပိုကောင်းပါတယ်၊ ငါ့ရဲ့ အခုအစွမ်းနဲ့ဆိုရင် အဲဒီဆေးလုံးကို ငါ ကာကွယ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့...."
ချင်လျန်ချန်း ပြုံးကာ ဆက်ပြောလိုက်သည်။
"ငါ့သားက တိမ်ပြိုဂိုဏ်းက တပည့်တစ်ယောက်ပဲ၊ သူက ငါ့ပစ္စည်းတွေကို လိမ်ယူရဲမယ် ထင်နေလား"
"ကောင်းပါပြီ.... ဦးလေး စိတ်ချတယ်ဆိုရင်လည်း ပြီးတာပါပဲ"
ထို့နောက် လော့ချန် ပုခုံးတွန့်ကာ ဓားများအား သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
သူတို့နှစ်ဦးသား စကားတပြောပြောဖြင့် အပြင်သို့ ထွက်လာကြသည်။ သို့သော် သိပ်မဝေးသေးခင်မှာပင် နောက်မှ လူတစ်ယောက် အပြေးအလွှား လိုက်လာသည်။
"ချင်လျန်ချန်း.... မင်း ဝိညာဉ်ကျောက်တုံး ငါးတုံး ထပ်ပေးဖို့ လိုသေးတယ်"
ချင်လျန်ချန်း မျက်လုံးပြူးသွားကာ အော်လိုက်သည်။
"ဘာပြောတယ်ကွ"
ဓားနန်းဆောင်တပည့်ဝတ်စုံ ဝတ်ထားသော ထိုလူက နှာခေါင်းရှုံ့လိုက်သည်။
"ဒီနေ့ မင်းတို့နှစ်ယောက် သတ္တမအခန်းကို ဖျက်ဆီးထားတာက သတ်မှတ်ချက်ထက် ကျော်နေပြီ၊ ဒါကြောင့် ထပ်ဆောင်းကြေး ပေးရမယ်"
"ဒီကောင်တွေ.... တကယ့်ကို အမြတ်ကြီးစားတွေပဲ"
ချင်လျန်ချန်းက ဆဲဆိုရင်း ဝိညာဉ်ကျောက်တုံး ငါးတုံး ထုတ်ပေးလိုက်သည်။
လော့ချန်သည်လည်း ထိုမြင်ကွင်းကို ကြည့်ပြီး သူ့ရင်ထဲမှာ တဆစ်ဆစ် နာကျင်သွားရသည်။
ယနေ့နံနက် တစ်ပိုင်းတည်းမှာတင် ဦးလေးချင်သည် ဝိညာဉ်ကျောက်တုံး ဒါဇင်နဲ့ချီပြီး ပေးခဲ့ရသည်။ ကျောက်စိမ်းအိုး ဓားဂိုဏ်း၏ ငွေညှစ်ပုံမှာ အမှန်တကယ်ပင် အရှက်မရှိလှပေ။
သူတို့နှစ်ဦးသည် ဂိုဏ်းကြီးများ၏ ငွေညှစ်ပုံများကို တစ်လမ်းလုံး ဆဲဆိုကြိမ်းမောင်းရင်း ထွက်လာကြသည်။ အပြင်ဘက်သို့ ရောက်သောအခါ ကျောက်ပြားကြီးပေါ်ရှိ စာတမ်းများကို မြင်လိုက်ရသည်။
ချင်လျန်ချန်းက လော့ချန်၏ ကျောကို ပုတ်ကာ လေးလေးနက်နက်ပြောလိုက်သည်။
“မင်း တကယ်ပဲ ချီသန့်စင်အဆင့် အလယ်အလတ် တိုက်ပွဲတွေမှာ မပါတော့ဘူးလား”