← Chapters

နတ်ပဲလှော်၊ အမဲခြောက်နှင့် ပြောင်းဖူးပေါက်ပေါက် ရမယ်ဗျို့….

Vol. 7 Ch. 68

နတ်ပဲလှော်၊ အမဲခြောက်နှင့် ပြောင်းဖူးပေါက်ပေါက် ရမယ်ဗျို့….

Vol. 7 Ch. 68

အဆုံးအဖြတ်စင်မြင့်ကြီးအား ခမ်းနားထည်ဝါစွာ ဖွင့်လှစ်ခဲ့သည်မှာ လဝက်ခန့် ရှိသွားပြီ ဖြစ်သော်လည်း ၎င်း၏ ရိုက်ခတ်မှုမှာ တာဟဲဈေးမြို့တော်၏ ထောင့်အသီးသီးသို့ လှိုင်းဂယက်ပမာ ပျံ့နှံ့‌နေဆဲ ဖြစ်လေသည်။

ကျင့်ကြံသူလောကတစ်ခုလုံး ဤအကြောင်းကိုသာ တစိုက်မတ်မတ် ပြောဆိုနေကြပြီး ၎င်း၏ သြဇာလွှမ်းမိုးမှုကို မည်သူမျှ ငြင်းပယ်၍မရပေ။

ကျောက်စိမ်းအိုးဓားနန်းဆောင် အနေဖြင့် ကျင့်ကြံသူများအကြား တိုက်ခိုက်လိုစိတ် မြှင့်တင်ပေးရန် ရည်ရွယ်သည်လော၊ သို့မဟုတ် ပွဲကြည့်ပရိသတ်၏ စိတ်လှုပ်ရှားမှုကို အထွက်အထိပ် ရောက်စေချင်သည်လော မသိရသော်လည်း ဒေသခံ ဓားဂိုဏ်းက ဆုလာဘ်အမြောက်အမြားကို ထုတ်ပြန်ကြေညာထားသည်။

မိစ္ဆာသားရဲများနှင့် အဆင့်တူတိုက်ပွဲများတွင် အနိုင်ရရှိသူသည် သားရဲထံမှရရှိသော ပစ္စည်းအားလုံးကို စစ်နိုင်ပစ္စည်းအဖြစ် ပိုင်ဆိုင်ခွင့်ရှိသည်။ အဆင့်မြင့်ကျင့်ကြံသူအချင်းချင်း ယှဉ်ပြိုင်ရာတွင်မူ အနိုင်ရသူသည် ရှုံးနိမ့်သူ ကြိုတင်လောင်းကြေးထပ်ထားသော မှော်လက်နက်ကို သိမ်းပိုက်ခွင့်ရှိလေသည်။

လစဉ်အဆင့်သတ်မှတ်ချက်များအတွက်မူ ပိုမိုကြီးမားသော ဆုကြေး များက စောင့်ကြိုနေသည်။

ထိပ်တန်းအဆင့် (၃) ဦးအတွင်း ဝင်ပါက ထိပ်တန်းမှော်လက်နက်များ၊ ဆေးလုံးများ သို့မဟုတ် ကျင့်စဉ်များကိုပင် ဆုအဖြစ် ရရှိနိုင်မည် ဖြစ်သည်။

ထို့အပြင် ကျောက်စိမ်းအိုးဓားနန်းဆောင်သည် ပွဲစဉ်၏ အရေးပါမှုအပေါ် မူတည်၍ လက်မှတ်ဈေးနှုန်းများကို သတ်မှတ်ထားရာ အခြေခံလက်မှတ်မှာ ဝိညာဉ်ကျောက်တုံး (၁၀) တုံးမျှသာ ရှိသည်။

လက်မှတ်မှောင်ခိုရောင်းသူများအတွက်မူ အပြစ်ဒဏ်မှာ ပြင်းထန်လှသည်။ ဖမ်းမိပါက တိုင်နီထောင်တွင် တစ်လ အကျဉ်းချခံရမည့်အပြင် အပြင်သို့မထွက်မီ မိမိနှင့် အဆင့်တူသူတစ်ဦးနှင့် အသေအလဲ တိုက်ခိုက်ပြရမည် ဖြစ်သည်။

တစ်ခါက ဝိညာဉ်ကျောက်တုံး (၁၀၀) တန် လက်မှတ်ကို (၂၀၀) ဖြင့် ရောင်းချခဲ့သော အရှက်မရှိသူတစ်ဦးကြောင့် လူအများမှာလည်း မဟုတ်မဟတ် ကြားညှပ်ပါခဲ့ရဖူးသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

ချင်လျန်ချန်း ပြောခဲ့သည့် ချီသန့်စင်အဆင့် အလယ်အလတ်ပိုင်း တိုက်ပွဲသစ်များသည်လည်း အလွန်ပင် ပြင်းထန်လှသည်။ ကျင့်ကြံသူများအား အဆင့်အလိုက် ခွဲခြားထားရာ ဤအဆင့်တိုက်ပွဲများတွင် မှော်လက်နက် ဆုလာဘ်မပါသော်လည်း ဝိညာဉ်ကျောက်တုံး (၁၀၀) တန်ဖိုးရှိသည့် ချီစွမ်းအင်ဖြည့်ဆေးလုံး တစ်ပုလင်းကို ဆုအဖြစ် ရရှိနိုင်သည်။ လကုန်အထိ ထိပ်တန်းအဆင့်ကို ထိန်းထားနိုင်ပါက ဆေးလုံး (၁၀) ပုလင်းအထိ ရရှိမည် ဖြစ်သည်။

ဆယ်ပုလင်းတွင် ဆေးလုံးပေါင်း (၁၀၀) တိတိ ဖြစ်ရာ သုံးလကျော်တိုင်တိုင် မပြတ်တမ်း ကျင့်ကြံနိုင်ရန် လုံလောက်သော ပမာဏပင် ဖြစ်သည်။ ထို့ကြောင့် တစ်ကိုယ်တော်ကျင့်ကြံသူ အမြောက်အမြားသည် အဆုံးအဖြတ်စင်မြင့်ထက်သို့ အလုအယက် တက်လှမ်းနေကြတော့သည်။

ဤကဲ့သို့သော ဆုလာဘ်များနှင့် အခွင့်အလမ်းများကြောင့် တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြားမှာ တာဟဲဈေးမြို့တော်တွင် ဆက်လက် အခြေချနေထိုင်ကြတော့သည်။

အချို့ကမူ ဤနေရာမှ ဆုလာဘ်များသည် အိမ်နီးချင်းနယ်မြေများထက် ပိုမိုကောင်းမွန်သည်ဟု ဆိုကြသည်။ ထို့ကြောင့်ပင် သူတို့သည် ပွဲစဉ်များ၏ အဓိက ပါဝင်ယှဉ်ပြိုင်သူများ ဖြစ်လာကြသည်။

ချင်လျန်ချန်း၏ အကြည့်အတိုင်း လော့ချန်သည် ဧရာမ ကျောက်ပြားကြီးကို လှမ်းကြည့်လိုက်သည်။ အဆင့်သတ်မှတ်ချက်များအပြင် ယနေ့ပွဲစဉ်ဇယားများကိုလည်း ထိုနေရာတွင် ဖော်ပြထားသည်။ ယနေ့တွင် ပွဲစဉ်ပေါင်း (၂၀) ကျော် ရှိရာ သွေးထွက်သံယိုမှုများ ရှိဦးမည်မှာ ဧကန်မလွဲပင်။

သာမန်ပွဲစဉ်များသည် အသေအလဲ တိုက်ပွဲများ မဟုတ်ပဲ အနိုင်အရှုံးပေါ်သည်နှင့် ရပ်နားရကာ ဒိုင်လူကြီးများကလည်း အချိန်မရွေး ကြားဝင်ရန် အသင့်ရှိနေသည်။ ထို့ကြောင့် ဤနေရာသည် ကျင့်ကြံသူများအတွက် အတတ်ပညာ ဖလှယ်ရန်နှင့် လက်ရည်စမ်းရန် အလွန်ကောင်းသော နေရာတစ်ခုဟု ဆိုနိုင်သည်။

ဘေးနားရှိ ချင်လျန်ချန်းက သူ၏အမြင်ကို ပြောလာသည်။

“မင်းမှာရှိတဲ့ မှော်လက်နက်တွေက နည်းပေမဲ့ တကယ့်ကို အဆင့်မြင့်တယ်၊ အဲဒီ စိမ်းမြရတနာဓားနဲ့ ဝိညာဉ်ဖျက်သံမှို နှစ်ခုတည်းနဲ့တင် ချီသန့်စင်အဆင့် အလယ်အလတ်ပိုင်းမှာ မင်းကို ယှဉ်နိုင်သူ ရှားလိမ့်မယ်၊ မင်းရဲ့ မှော်အတတ် ထိန်းချုပ်ပုံကလည်း ထူးခြားတယ်၊ ငါတောင် မင်းနဲ့ လက်ရည်စမ်းရင် သတိထားနေရတာ၊ မင်းရဲ့ ပါးနပ်တဲ့ တိုက်ခိုက်ပုံနဲ့ဆိုရင် လစဉ်ထိပ်တန်းအဆင့်ကို ရဖို့က မခက်ပါဘူး”

ချင်လျန်ချန်း၏ ချီးကျူးစကားများမှာ ရေလိုနှင်းလိုပင် အလကားရသကဲ့သို့ တရစပ် ထွက်ပေါ်နေသည်။

လော့ချန် မျက်စောင်းထိုးလိုက်သည်။

“ဒါမျိုးက ကံကောင်းလို့ မရဘူးဗျ၊ ပွဲအနည်းငယ် ကစားပြီးတာနဲ့ အတတ်ပညာတွေ အားလုံး ပေါ်ကုန်မှာပေါ့၊ တခြားသူတွေက ကျွန်တော့်ရဲ့ ပုံစံနဲ့ လက်နက်တွေကို သိသွားပြီဆိုတာနဲ့ ရှုံးဖို့က အချိန်ပဲ လိုတော့တာ၊ ဟို ပိုင်ယွီတောင်ကြား လီမိသားစုက လီကျော်ချီကို ကြည့်လေ၊ အဆင့်မြင့် ပျံလွှားဓားနဲ့ (၁၀) ရက်တိုင်တိုင် ထိပ်ဆုံးမှာ နေခဲ့ပေမဲ့ နောက်ဆုံးတော့ အပြင်က တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ရဲ့ လက်ချက်နဲ့ ပြုတ်သွားတာပဲ မဟုတ်လား”

မည်သူမျှ အမြဲ မနိုင်နိုင်ကြောင်း လော့ချန် ကောင်းကောင်း သိထားသည်။ နည်းဗျူဟာများ ခွဲခြမ်းစိတ်ဖြာခံရပြီးပါက အရှုံးသည် မလွဲမသွေ ရောက်လာမည်သာဖြစ်သည်။

အကယ်၍ ရန်သူတစ်ဦးက ထိုအချက်အလက်ကို သိသွားပြီး တန်ပြန်နည်းလမ်း ရှာထားမည်ဆိုပါက တောထဲတောင်ထဲတွင် လူမသိသူမသိ အသက်ပျောက်သွားနိုင်သည်။

ထို့ကြောင့် လော့ချန်သည် ဤမျှ မပြောပလောက်သော ဆုလာဘ်လေးအတွက်နှင့် မိမိကိုယ်မိမိ လူမြင်ကွင်းသို့ ထုတ်ပြရန် အစီအစဉ် မရှိပေ။

ထိုအချက်ထက် အဆုံးအဖြတ်စင်မြင့်မှတစ်ဆင့် ဝိညာဉ်ကျောက်တုံး ရှာခြင်းမှာ ကွင်းထဲဆင်းတိုက်ရုံဖြင့်ပင် ရခြင်း မဟုတ်ပေ။

လော့ချန်သည် ကျောက်ပြားကြီး၏ ဆန့်ကျင်ဘက်ရှိ ရင်ပြင်ငယ်လေးဆီသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် ဆိုင်ခန်းလေးတစ်ခု ရှိနေသည်။

“ရှောင်ယွဲ့…. ဒီနေ့ ရောင်းရရဲ့လား”

ဆိုင်ရှေ့တွင် အသက် (၁၇) သို့မဟုတ် (၁၈) နှစ်ခန့်ရှိသော မိန်းကလေးတစ်ဦး ဆောင့်ကြောင့်ထိုင်နေသည်။

သူ့အသံကို ကြားသည်နှင့် သူမမှာ ရှက်သွေးဖြာသွားပြီး ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ လက်ချောင်းလေးများကို ရှက်ကိုးရှက်ကန်း ဆော့ကစားရင်း ပြောလာသည်။

“နတ်ပဲလှော် (၇) ထုပ်၊ အမဲခြောက် (၅) ထုပ်၊ ပြောင်းဖူးပေါက်ပေါက် (၁၃) ထုပ်နဲ့ နာနတ်ဝိုင် (၁၀) ပုလင်းပဲ ရောင်းရသေးတယ်ရှင်၊ အားလုံးပေါင်း ဝိညာဉ်ကျောက်တုံး (၃၅) တုံး ရပါတယ်….”

လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။

“ငါ ခုနကပဲ ကြည့်ခဲ့တယ်၊ ဒီနေ့ ပွဲစဉ်ပေါင်း (၂၅) ပွဲ ရှိတယ် မဟုတ်လား၊ ပွဲကြည့်စင်ပေါ်မှာ လူ လေးငါးထောင်လောက် ရှိမှာပဲ၊ ဘာလို့ ဒီလောက်ပဲ ရောင်းရတာလဲ”

ရှောင်ယွဲ့မှာ ဘာပြန်ပြောရမှန်းမသိဘဲ မျက်ရည်ဝဲလျက် လက်ချောင်းလေးများကိုသာ လိမ်နေမိသည်။

ဘေးနားတွင် ရပ်နေသော ချင်လျန်ချန်းမှာ လော့ချန်တစ်ယောက် မိန်းကလေးအား ဤသို့ ခြောက်လှန့်နေသည်ကို မကြည့်ရက်တော့ပေ။

“မင်းရဲ့ ဒီမုန့်စုတ်လေးတွေက (၁၀) ထုပ်ပေါင်းမှ ဝိညာဉ်ကျောက်တုံး တစ်တုံးတောင် တန်တာ မဟုတ်ဘူး၊ မင်းက တစ်ထုပ်ကို တစ်တုံး ရောင်းနေတာကိုး၊ ဘယ်သူက ဝယ်ချင်ပါ့မလဲ”

“ဟေ့.... ဟေ့ စကားကို လျှောက်မပြောပါနဲ့ဗျာ၊ နတ်ပဲတွေက လျှို့ဝှက်နည်းနဲ့ လုပ်ထားတာဗျ၊ ပြောင်းဖူးပေါက်ပေါက်ကလည်း ဝိညာဉ်ဆန်ကိုမှ ထူးခြားတဲ့ မှော်အတတ်နဲ့ ဖောက်ထားတာ၊ နာနတ်ဝိုင်ဆိုတာလည်း ကွယ်လွန်သူ ဆေးခန်းမမှူး ခုန်ပျံကျား ရဲ့ အဖေ ကိုယ်တိုင် ချက်ထားတာ၊ ဘယ်အရာကမှ ဝိညာဉ်ကျောက်တုံး တစ်တုံး မတန်ဘူးလို့ ပြောမရဘူးဗျ”

လော့ချန်သည် မျက်နှာတစ်ခုလုံး နီမြန်းကာ လည်ပင်းကြောများ ထောင်သည်အထိ ချင်လျန်ချန်းနှင့် အားရပါးရ ငြင်းခုံနေတော့သည်။

ချင်လျန်ချန်းမှာ အံ့သြတုန်လှုပ်လျက် စိုက်ကြည့်နေမိသည်။

ငါ တန်ဖိုးဖြတ်တာ မှားသွားတာလား….။

ရှောင်ယွဲ့မှာ ခေါင်းငုံ့လျက် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။ သူမသည် မိမိကိုယ်မိမိ အသုံးမကျဟု ခံစားနေရသည်။ ဤမျှ ကောင်းသော ပစ္စည်းများကိုပင် သူမ မရောင်းတတ်ပေ။

လော့ချန် သက်ပြင်းချလိုက်မိသည်။

ရှောင်ယွဲ့သည် အဆုံးအဖြတ်စင်မြင့်ထက်တွင် ကျဆုံးသွားခဲ့သော ဖိုရှန်းဂိုဏ်း ခန်းမမှူး ခုန်ပျံကျား ၏ သမီးဖြစ်သည်။ ဖခင်သေဆုံးပြီးနောက် ဒုက္ခိတ အဘိုးဖြစ်သူနှင့် ချီသန့်စင်အဆင့် ဒုတိယအဆင့်ရှိသော သူမတို့ မြေးအဘွားနှစ်ဦးသာ ကျန်ရစ်ခဲ့သည်။

မီရှုဟွာက ကျဆုံးသွားသူများ၏ မိသားစုကို စောင့်ရှောက်မည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့တွင်မူ ဂိုဏ်းအတွင်း အန္တရာယ်ကင်းသော အလုပ်အချို့ပေးကာ အသက်ဆက်ရုံမျှသာ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ ကျင့်ကြံရေး အရင်းအမြစ်များ ဝယ်ယူရန်အတွက်မူ ဝေးကွာလွန်းလှသည်။

အမှန်စင်စစ်တွင် သာမန်ဂိုဏ်းသားများပင် မိမိတို့ ကျင့်ကြံရေးအတွက် ဝိညာဉ်ကျောက်တုံး မလောက်မင ဖြစ်နေကြရသည်။ အမြတ်အစွန်း အများစုမှာ ခန်းမမှူးများနှင့် ဂိုဏ်းချုပ်၏ လက်ထဲသို့သာ ရောက်ရှိသွားသည်။ ဤကဲ့သို့သော ထောက်ပံ့မှုမျိုးမှာ မကျေနပ်မှု မဖြစ်စေရန်နှင့် အငတ်မဘေးမှ ကာကွယ်ရန်လောက်သာ ဖြစ်ပြီး တိုးတက်မှုအတွက်မူ လုံးဝ မလုံလောက်ပေ။

လွန်ခဲ့သော လဝက်အတွင်း လော့ချန်သည် ဂိုဏ်း၏ လုပ်ငန်းစဉ်များကို လေ့လာရင်း ကျင့်ကြံခြင်းကိုလည်း အဆက်မပြတ် လုပ်ဆောင်နေခဲ့သည်။ သူသည် သူ၏ ဆေးလုံးပေါင်းစုံ ဖော်စပ်မှုကို ခေတ္တရပ်နားထားခဲ့သည်။

အကြီးအကဲ ချင်လျန်ချန်း၏ ဒဏ်ရာများကို ကုသရန် ကူညီပေးနေသည်ဟု အကြောင်းပြကာ ဂိုဏ်း၏ အလုပ်ကြမ်းများကို ရှောင်လွှဲပြီး မှော်အတတ်များ၊ ကျင့်စဉ်များကိုသာ အသည်းအသန် လေ့ကျင့်နေခဲ့သည်။

သူ၏ တိုးတက်မှုမှာ အံ့မခန်းလှသည်။

ချင်လျန်ချန်းပင်လျှင် သူ့အား အလယ်အလတ်အဆင့်တွင် ရှုံးနိမ့်နိုင်ချေမရှိ၊ အဆင့်မြင့်ပိုင်း ကျင့်ကြံသူကိုပင် ယှဉ်နိုင်သူဟု ချီးကျူးခဲ့ရသည်။

အဆုံးအဖြတ်စင်မြင့်သို့ မကြာခဏ လာရောက်ရာမှ လော့ချန်သည် စီးပွားရေးအခွင့်အလမ်း တစ်ခုကို မြင်ခဲ့သည်။ လက်မှတ်မှောင်ခိုရောင်းခြင်း မဟုတ်ပဲ ပျင်းစရာကောင်းသော ပွဲစဉ်များကို ကြည့်နေရသည့် ကျင့်ကြံသူများ၏ ပျင်းရိမှုကို အသုံးချရန် ဖြစ်သည်။

ထို့ကြောင့်ပင် သူသည် နတ်ပဲ၊ ပြောင်းဖူးပေါက်ပေါက်နှင့် အမဲခြောက်ကဲ့သို့သော မုန့်များကို မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဆေးခန်းမ၌ ခုန်ပျံကျား သည် သူ၏ဖခင် ချက်သော သစ်သီးဝိုင်ကို အလွန်ကြိုက်နှစ်သက်ကြောင်း သိခဲ့ရသည်။ လော့ချန်သည် ထိုအဘိုးအိုထံ တိုက်ရိုက်သွားကာ အမြောက်အမြား ထုတ်လုပ်နိုင်မလားဟု မေးမြန်းခဲ့သည်။ အဘိုးအိုက မငြင်းသော်လည်း အခြေအနေတစ်ရပ် တောင်းဆိုခဲ့သည်၊ ၎င်းမှာ ရှောင်ယွဲ့အား စောင့်ရှောက်ပေးရန်ပင် ဖြစ်သည်။

ဤတောင်းဆိုချက်ကို တောင်းရသည့်အကြောင်းမှာ ရှင်းသည်။ လော့ချန်သည် လက်ရှိ ဖိုရှန်းဂိုဏ်းတွင် သြဇာအရှိဆုံး လူငယ်တစ်ဦး ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သူသည် အကြီးအကဲ ဝမ်ယွမ်၏ ညီငယ်ဖြစ်သလို၊ အခြားအကြီးအကဲ တစ်ဦးဖြစ်သော ချင်လျန်ချန်းနှင့်လည်း အိမ်နီးချင်းရင်းချာများ ဖြစ်ကြသည်။

ဆေးခန်းမမှူး မုရုံချင်းလျန်ကိုလည်း ဒေါ်လေး ဟု အမြဲ ပြုံးရွှင်စွာ ခေါ်ဝေါ်လေ့ရှိသည်။ ထို့ပြင် တိုက်ခိုက်ရေးခန်းမမှ ကျန်းဝမ်သည်လည်း လော့ချန်ထံသို့ ခဏခဏ လာရောက်လည်ပတ်လေ့ ရှိသည်။ သူတို့ စကားပြောလျှင်လည်း အလွန်ရင်းနှီးသော ပုံစံမျိုး ရှိလှသည်။

ဤမျှ အဆက်အသွယ်ကောင်းသူတစ်ဦး၏ အနာဂတ်သည် တောက်ပနေမည်မှာ အထင်းသားဖြစ်နေသည်။

လော့ချန်သည် ငြင်းပယ်ရန် အကြောင်းမရှိသဖြင့် သဘောတူလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ မုန့်ရောင်းပေးမည့်သူ တစ်ဦး လိုအပ်နေသည်။

ရှောင်ယွဲ့သည် သနားစရာကောင်းသော ပုံစံရှိသည့် မိန်းကလေးဖြစ်ရာ အရောင်းသမားအဖြစ် သင့်တော်လှသည်ဟု သူ ထင်ခဲ့သည်။ သို့သော် လက်တွေ့တွင်မူ ဤဆုံးဖြတ်ချက်မှာ အနည်းငယ် လွဲချော်နေပုံရသည်။

ရှောင်ယွဲ့သည် သူမ၏ဖခင် ခုန်ပျံကျား ၏ အကာအကွယ်အောက်တွင် အေးအေးချမ်းချမ်း နေခဲ့ရသဖြင့် စရိုက်မှာ အလွန်နူးညံ့လွန်းနေသည်။

လော့ချန် သက်ပြင်းချလိုက်ပြီး သူမအား အသာအယာ ဖယ်ခိုင်းလိုက်သည်။

“နောက်ကို ခဏဆုတ်နေ…. ငါ့ကိုပဲ ကြည့်ထား”

ရှောင်ယွဲ့မှာ ဝေခွဲမရဖြစ်နေသော်လည်း လော့ချန်အား နေရာပေးကာ ဘေးသို့ ဆုတ်ပေးလိုက်သည်။

ချင်လျန်ချန်းမှာ လော့ချန် ဘာလုပ်မည်ကို မသိသဖြင့် ဇဝေဇဝါ ကြောင်ကြည့်နေမိသည်။

နောက်တစ်ခဏတွင်မူ ချင်လျန်ချန်း၏ မျက်နှာမှာ နီမြန်းသွားပြီး လူသူမရှိသော နေရာသို့ အလျင်အမြန် ထွက်သွားတော့သည်။

“ပြောင်းဖူးပေါက်ပေါက်၊ နာနတ်ဝိုင်၊ အမဲခြောက်.... အရမ်းအရသာရှိတယ်ဗျို့၊ ကျင့်ကြံသူတွေရဲ့ သွေးသံရဲရဲ တိုက်ပွဲတွေကို ကြည့်ရင်း နတ်သက်ကြွေတဲ့ အရသာကို ခံစားကြည့်လိုက်ပါ၊ နတ်ပဲတစ်စေ့ချင်းစီမှာ မဟာတာအိုရဲ့ ဉာဏ်အလင်းတွေ ပါဝင်နေပါတယ်ဗျ….”

“လာကြည့်ကြပါဦး…. ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းနဲ့ ဝိညာဉ်ဆန်နဲ့လုပ်ထားတဲ့ ပြောင်းဖူးပေါက်ပေါက် အိတ်ကြီးတစ်အိတ် ရပါမယ်၊ ပြောင်းဖူးပေါက်ပေါက် ဝါးရင်း ပွဲကြည့်ရတာထက် ပိုကောင်းတာ ဘာရှိဦးမလဲဗျာ….”

ဟူ၍ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဟစ်အော်လိုက်သဖြင့် သူ၏ ကြည်လင်ပြတ်သားသော အသံမှာ မိုင်အနည်းငယ်အထိ ပဲ့တင်ထပ်သွားတော့သည်။

ကျောက်ပြားကြီးရှေ့မှ လူများဖြစ်စေ၊ လောင်းကစားဒိုင်များမှ လူများဖြစ်စေ၊ လက်မှတ်ရောင်းသူများဖြစ်စေ လူတိုင်းမှာ လှည့်ကြည့်ကုန်ကြသည်။

သူတို့ မြင်လိုက်ရသည်မှာ ပြုံးရွှင်နေသော လူငယ်လေးတစ်ဦးက သူ၏ ဖြူဖွေးလှသော သွားများ ပေါ်သည်အထိ ‌အော်ဟစ်ဈေးရောင်းနေခြင်းဖြစ်သည်။

သူတို့ကြည့်နေစဉ်မှာပင် ထိုလူငယ်လေးမှာ

“နတ်ပဲလှော်၊ အမဲခြောက်၊ ပြောင်းဖူးပေါက်ပေါက်….လာကြည့်ကြပါဦးဗျို့” ဟု ထပ်အော်ရောင်းနေပြန်တော့သည်၊

All Chapters