← Chapters

မီးလုံးမှော်အတတ်၏ အထွတ်အထိပ်သို့ ရောက်ရှိခြင်း

Vol. 7 Ch. 69

မီးလုံးမှော်အတတ်၏ အထွတ်အထိပ်သို့ ရောက်ရှိခြင်း

Vol. 7 Ch. 69

လူအုပ်ကြီးမှာ ကျပ်ပိတ် တိုးဝှေ့နေကြပြီး လေထုထဲတွင်လည်း နားကွဲမတတ် ဆူညံနေသော အားပေးသံများဖြင့် ပြည့်နှက်နေသည်။

မွန်းလွဲပိုင်း ပွဲစဉ်များ စတင်တော့မည်ဖြစ်ရာ ကျင့်ကြံသူ အမြောက်အမြားမှာ ဖီးနစ်ကျတောင် တောင်ခြေသို့ အစုလိုက်အပြုံလိုက် ချီတက်လာကြသည်။ ဝိညာဉ်ကျောက်တုံး ဆယ်တုံးတန် ပွဲကြည့်လက်မှတ်ကို ဝယ်နိုင်သူများအဖို့မူ မုန့်ပဲသရေစာအတွက် နောက်ထပ် ကျောက်တုံး တစ်တုံး၊ နှစ်တုံး ထပ်သုံးရသည်မှာ ဘာမျှ မဟုတ်ပေ။

ထို့အပြင် ဈေးသည်လေး ပြောသွားသည်မှာလည်း ချက်ကျလှသည်။

နတ်ပဲများမှာ သီးသန့်လျှို့ဝှက်နည်းစနစ်ဖြင့် အထူးလှော်ထားခြင်း ဖြစ်သည်။

အမဲခြောက် များမှာလည်း ပထမအဆင့် မိစ္ဆာသားရဲ နွားဝါ၏ အဆင့်မြင့် အသားလွှာများကိုသာ ရွေးချယ်ကာ အချိန်အကြာကြီး ချက်ပြုတ်၊ ကြော်လှော်ပြီး ဟင်းခတ်အမွှေးအကြိုင်ပေါင်းစုံဖြင့် အပင်ပန်းခံ ပြုပြင်ထားခြင်း ဖြစ်သည်။

ပြောင်းဖူးပေါက်ပေါက်ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာမရှိ။ ဝိညာဉ်ကျောက်တုံး တစ်တုံးတန်ဖိုးရှိသော ဝိညာဉ်ဆန် ဆယ်ပိဿာခန့်ကို အသုံးပြုမှသာ မုန့်နှစ်ထုပ်၊ သုံးထုပ်ခန့်သာ ထွက်ရှိသည်။

ဤအရာအားလုံးမှာ ဝိညာဉ်ဓာတ်များ ကိန်းအောင်းနေသည့် အဆင့်မြင့် အစားအစာများ ဖြစ်ကြသည်။

သွေးရဲရဲ တိုက်ပွဲများကို ကြည့်ရှုရင်း အရသာရှိသော မုန့်များကို ဝါးစားကာ မွှေးရနံ့သင်းပျံ့သော နာနတ်ဝိုင်ကို မြည်းစမ်းရသည်မှာ ဘဝ၏ အမြင့်ဆုံး သုခပင် ဖြစ်တော့သည်။

"အင်း…. တစ်သက်လုံး ပင်ပင်ပန်းပန်း ကျင့်ကြံလာတာ၊ ဒီလောက်တော့ ခံစားသင့်တာပေါ့"

လော့ချန်သည် လက်ကို ခါလိုက်ပြီး လူအုပ်ထဲမှ တိုးထွက်လာခဲ့သည်။

ချင်လျန်ချန်းသည် လော့ချန်အား ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ထို့နောက် ထပ်မံ၍ လေးစားအားကျမှု ရောယှက်နေသော မျက်နှာထားဖြင့် ငေးကြည့်နေမိသည်။

လော့ချန်၏ မျက်ခုံးများမှာ လှုပ်ခါသွားရသည်။ ဤမျှ ရှုပ်ထွေးလှသော အကြည့်ဒဏ်ကို သူ မခံနိုင်တော့ပေ။

"ဦးလေးချင်.... ပြောစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါဗျာ၊ ရင်ထဲမှာ အောင့်မထားပါနဲ့"

ချင်လျန်ချန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။

"ငါ ချီသန့်စင်အဆင့် ၇ မှာတုန်းက မြို့တွင်းမှာ အိမ်သေးသေးလေး တစ်လုံး ငှားဖို့တောင် တော်တော် ရုန်းကန်ခဲ့ရတာ၊ အဲဒါတောင် မင်းရဲ့ ဒေါ်လေးမှာ ကိုယ်ဝန်ရှိနေလို့၊ သူ ဘေးကင်းဖို့အတွက် ငါ အံကြိတ်ပြီး ပြောင်းလာခဲ့တာလေ"

"အင်း.... ဦးလေးချင်က လူကောင်း၊ ခင်ပွန်းကောင်း၊ အဖေကောင်းတစ်ယောက်ပဲ၊ ဒါနဲ့ ဘာဖြစ်လို့လဲ"

"ဒါပေမဲ့ မင်းကတော့ကွာ.... ချီ သန့်စင်အဆင့် ၄ မှာတင် မြို့တွင်းက အိမ်ကြီးအိမ်ကောင်းမှာ နေနိုင်နေပြီ၊ အရင်ကတော့ မင်း ကံကောင်းလို့၊ ဒါမှမဟုတ် ဆေးဖော်စပ်တာ တော်လို့၊ ဒါမှမဟုတ် တစ်ခုခု ထူးခြားလို့လို့ ငါ ထင်ခဲ့တာ"

သူ၏ လေသံမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။

"အခုမှပဲ သိတော့တယ်…. မင်း အိမ်ကြီးအိမ်ကောင်းမှာ နေနိုင်တဲ့ အစစ်အမှန် အကြောင်းရင်းက မင်းဟာ အရှက်မရှိတဲ့ကောင် ဖြစ်နေလို့ပဲ"

လော့ချန်တစ်ယောက် အလစ်တွင် ပါးရိုက်ခံလိုက်ရသလို ဖြစ်သွားသည်။

ချီးကျူးစကားများပြောမိသည်ကိုပင် သူ နောင်တရသွားသည်။

ချင်လျန်ချန်းသည် လူအုပ်ထဲမှ ရှောင်ယွဲ့အား လှမ်းကြည့်လိုက်သည်။ သူမမှာ ဝယ်သူများကြားတွင် အလုပ်ရှုပ်နေပြီး မျက်နှာလေးမှာ နီမြန်းကာ နဖူးတွင်လည်း ချွေးစက်လေးများဖြင့် စိုရွှဲနေသည်။

"ဝယ်သူတွေ ဒီလောက်များတာ၊ မင်း သွားမကူပေးဘူးလားကွ"

"သူ့မှာ ရှေ့လျှောက် အသက်ရှင်ရမယ့် လမ်းတွေ အရှည်ကြီး ကျန်သေးတယ်ဗျ၊ သူ့အဖေ လုပ်ပေးခဲ့သလိုမျိုး ကျွန်တော်က အမြဲတမ်း လိုက်ကူညီနေလို့ မရဘူးလေ၊ မဟုတ်ဘူးလား"

"ဟေ့ကောင် မင်း ဘာလို့ ဒီလောက် အကြင်နာတရားမရှိရတာလဲ"

ချင်လျန်ချန်း လှမ်းကန်လိုက်သော ခြေထောက်အား လော့ချန် ပါးနပ်စွာ ရှောင်လိုက်သည်။ ယခုအခါ သူသည် လေခွင်းအတတ် နှင့်အတူ လေဟုန်စီးအတတ် ကိုပါ တတ်မြောက်ထားပြီဖြစ်ရာ သူ၏ လှုပ်ရှားမှုများမှာ ယခင်ကထက် များစွာ ပိုမို လျင်မြန် လာခဲ့သည်။

ဤမျှလောက် တိုက်ခိုက်မှုမျိုးကို သူ အရေးပင် မလုပ်ပေ။

မုန့်များရောင်းရန် ရုန်းကန်နေရပြီး ဝိညာဉ်ကျောက်တုံးများကို စုစည်းရင်း တစ်ဖက်ကလည်း အခိုးခံရမည်ကို စိုးရိမ်နေရသည့် ရှောင်ယွဲ့၏ မျက်ရည်ဝဲနေသော ပုံရိပ်ကို လှမ်းကြည့်ရင်း လော့ချန် အေးစက်စွာ ပြောလိုက်သည်။

"သူက ချီသန့်စင်အဆင့် ၂ ရှိတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ၊ သာမန်လူ မဟုတ်ဘူး ဒီလောက်လေးတောင် မခံနိုင်ဘူးဆိုရင်တော့ တောထဲသွားပြီး မိစ္ဆာသားရဲတွေကို အစာကျွေးလိုက်တာကမှ သာဦးမယ်"

ထိုစကားကြောင့် ချင်လျန်ချန်း ဆိတ်ဆိတ်နေလိုက်တော့သည်။

ရှောင်ယွဲ့မှာ အလကား အလုပ်လုပ်ပေးနေခြင်း မဟုတ်ပေ။ လော့ချန်က သူမအား တစ်ရက်လျှင် ဝိညာဉ်ကျောက်တုံး တစ်တုံး၊ တစ်လလျှင် သုံးဆယ် ပေးမည်ဟု ကတိပေးထားသည်။

ဤလုပ်ခလစာမှာ အလွန်ပင် ကောင်းမွန်လှသည်။

လော့ချန် ချီသန့်စင်အဆင့် ၃ တွင်ရှိခဲ့စဉ်က တစ်လလုံး အသေအလဲ လုပ်မှ ဝိညာဉ်ကျောက်တုံး ငါးတုံးခန့်သာ ရခဲ့ဖူးသည်။

ဆေးပေါင်းတစ်ထောင်ခန်းမတွင် အလုပ်လုပ်နေသော ပိုင်မေလင်းပင်လျှင် တစ်လလျှင် ဝိညာဉ်ကျောက်တုံး ငါးဆယ်သာ ရသည်။ သူမအနေဖြင့် ချီစွမ်းအင်ဖြည့်ဆေး တစ်ပုလင်းဝယ်နိုင်ရန် သုံးလတိတိ စုဆောင်းရမည် ဖြစ်သည်။

အကယ်၍ ထိုစဉ်က တစ်စုံတစ်ယောက်က လော့ချန်အား ဤသို့သော အလုပ်မျိုး ပေးခဲ့မည်ဆိုလျှင် သူသည် ထိုလူအား အဖေရင်းပမာ ရိုသေကိုးကွယ်မိမည် ဖြစ်သည်။

လူနှစ်ဦးမှာ အပြင်ဘက်တွင် ရပ်ရင်း အတွင်း၌ ကတိုက်ကရိုက် အလုပ်လုပ်နေသော ရှောင်ယွဲ့အား ကြည့်နေကြသည်။

ဘေးနားမှ လူတစ်ယောက်က ဆိုင်ရှင်မှာ လော့ချန် ဖြစ်ကြောင်း သိသဖြင့် မုန့်ဝယ်ရင်း သူ့အား လှမ်းဆဲလေသည်။

"မင်းကတော့ တကယ့်ကို နှလုံးသားမရှိတဲ့ ဆိုင်ရှင်ပဲ၊ ဒီမိန်းကလေးကို မကူညီဘူးလား"

လော့ချန် ပြန်မပြောဘဲ ရယ်မောလိုက်သည်။ ထို့နောက် ဤကိစ္စနှင့် မသက်ဆိုင်သကဲ့သို့ အေးအေးဆေးဆေးပင် ရပ်နေလိုက်သည်။ သူ၏ အကြည့်များမှာ ဟိုဟိုဒီဒီ ဝဲလွင့်နေပြီး ဤနေရာရှိ အခြေအနေကို စိတ်မဝင်စားဟန် ပြုနေသည်။

ထိုလူမှာ နောက်တစ်ကြိမ် ထပ်မံဆဲဆိုပြီးနောက် သူဝယ်ထားသော မုန့်ထုပ်အား ယူကာ ထွက်သွားတော့သည်။

အခြားသူများကမူ ဤနှလုံးသားမရှိသော ဆိုင်ရှင်၏ ခေါင်းပုံဖြတ်ခြင်းကို ခံနေရသည့် မိန်းကလေးအပေါ် ပို၍ပင် သနားမိကြသည်။

ထို့ကြောင့်ပင် မုန့်များကို ပိုမို အားပေးဝယ်ယူကြတော့သည်။

လူအုပ်ကြီး အနည်းငယ် ပါးသွားသောအခါမှ လော့ချန် အတွင်းသို့ ဝင်သွားသည်။

"ရှောင်ယွဲ့…. ငါ့ကို နတ်ပဲ တစ်ထုပ်ပေးဦး၊ ပြီးတော့ ဝိညာဉ်ကျောက်တုံး ဆယ်တုံးတန် ဝိညာဉ်ဝိုင် အဟောင်း တစ်ပုလင်းပါ ပေးဦး"

"ဟုတ်ကဲ့…. အစ်ကိုလော့....”

ရှောင်ယွဲ့က ချွေးများကို သုတ်လိုက်ရင်း တိုးတိုးလေး ပြန်ထူးကာ မုန့်နှင့် ဝိုင်ကို လော့ချန်ထံ ကမ်းပေးလိုက်သည်။

ထိုပစ္စည်းများကို ယူပြီးနောက် လော့ချန်သည် ဓားနန်းဆောင်ဆီသို့ လျှောက်သွားသည်။

ချင်လျန်ချန်းမှာ ဇဝေဇဝါဖြင့် ကြည့်နေမိသည်။ လော့ချန်သည် အဆုံးအဖြတ်စင်မြင့်၏ လက်မှတ်ရောင်းတန်းသို့ သွားကာ ဓားနန်းဆောင်မှ ချီသန့်စင်အဆင့် တပည့်တစ်ဦးနှင့် စကားပြောနေသည်ကို မြင်လိုက်ရသည်။

စကားပြောနေစဉ် လော့ချန်သည် သူတို့ဆိုင်ဘက်သို့ ရံဖန်ရံခါ လက်ညှိုးညွှန်ပြနေသည်။

ခဏအကြာတွင် သူ လက်ဗလာဖြင့် ပြန်လာခဲ့သည်။

"သွားရအောင်…. ဒါက ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူး"

လော့ချန်က အကြောဆန့်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

အမှန်တိုင်း ပြောရလျှင် ယနေ့နံနက် မှော်အတတ်များ လေ့ကျင့်ပြီး တိုက်ခိုက်နေခဲ့ရသဖြင့် ယခုကဲ့သို့ အေးအေးဆေးဆေး နေရသည်မှာ သူ့အတွက် အနည်းငယ် ထူးဆန်းနေသည်။

ဘေးမှ လျှောက်လာရင်း ချင်လျန်ချန်းက စူးစမ်းစွာ မေးလိုက်သည်။

"မင်း ခုနက ဓားနန်းဆောင်က တပည့်တွေကို လာဘ်ထိုးခဲ့တာလား"

"ဘာလို့ အဲဒီလို ရိုင်းရိုင်းစိုင်းစိုင်း ပြောရတာလဲဗျာ"

လော့ချန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောသည်။

"ဒါကို အချင်းချင်း ရင်းနှီးမှုတည်ဆောက်တာလို့ ခေါ်တယ်ဗျ"

ချင်လျန်ချန်း ခဏမျှ စဉ်းစားလိုက်ရာ သူ၏ မျက်နှာထားမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။

"မင်းက ဓားနန်းဆောင်က လူတွေကို ရှောင်ယွဲ့ကို ရံဖန်ရံခါ စောင့်ရှောက်ပေးဖို့ ပြောခဲ့တာ မဟုတ်လား"

"ဟဲဟဲ.... အစ်ကိုကြီးက ကျွန်တော့်ကို အမွှန်းတင်လွန်းနေပါပြီ၊ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ စီးပွားရေးကို လူလေလူလွင့်တွေ လာနှောင့်ယှက်မှာ စိုးလို့ပါဗျာ"

လော့ချန်က နှာခေါင်းရှုံ့ရင်း ထိုအကြောင်းကို ဖြတ်ပြောလိုက်သည်။

ချင်လျန်ချန်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူတို့နှစ်ဦး အိမ်သို့ ပြန်လာခဲ့ကြသည်။

ခြောက်ကပ်နေသော အိမ်ကို ကြည့်ရင်း သူ ထပ်မံ သက်ပြင်းချမိသည်။ သူ၏ဇနီး မုရုံချင်းလျန်မှာ ဖိုရှန်းဂိုဏ်း၏ ဆေးခန်းမကိစ္စများဖြင့် အလုပ်ရှုပ်နေပြီး အိမ်ရှိ အခြားမိန်းကလေးများမှာလည်း ကိုယ်စီကိစ္စများဖြင့် အလုပ်များနေကြသည်။

နံနက်ပိုင်းက ပျော်ရွှင်နေခဲ့သော လော့ချန်သည်လည်း အိမ်ပြန်ရောက်သည်နှင့် သူ၏ အခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်ပြီး မည်သည့်အရာများ လုပ်နေသည် မသိပေ။

ယခုအခါ ချင်လျန်ချန်းမှာ တစ်ဦးတည်း ပျင်းရိနေပြန်သည်။

သူသည် ဆောင်းဦးနေရောင်အောက်တွင် အထီးကျန်အဘိုးအိုတစ်ဦးပမာ အိမ်ရှေ့၌ ထိုင်နေမိသည်။ သူ၏အကြည့်မှာ သူ၏သား ရှောင်ဟူအတွက် သူကိုယ်တိုင် လုပ်ပေးခဲ့သော ဒန်းလေးပေါ်သို့ ကျရောက်သွားသည်။ ဒန်းပျဉ်ချပ်မှာ အလွန်တိုတောင်းလှသဖြင့် သူ ထိုင်၍ပင် မရတော့ပေ။

"ဒန်းကို အသစ်ပြန်လုပ်ပေးရမယ် ထင်တယ်၊ အိမ်မကြီးက ကခုန်ရတာ ဝါသနာပါတဲ့ ကောင်မလေးကလည်း ဒီဒန်းပေါ်မှာ ထိုင်ရတာ ကြိုက်ပုံရတယ်၊ ဟိုဗရုတ်ကောင် လော့ချန်….ဘေးကနေတော့ ငေးကြည့်နေတတ်တယ်…. ဒီဒန်းပျဉ်ချပ်လေးကို အသစ်လဲပေးဖို့ကျတော့ မစဉ်းစားဘူး….”

“ဒီလက်ကလဲ ဘယ်လောက်ကြာမှ အသားကျမှာလဲ၊ ငါ့ဘဝမှာ ချီ သန့်စင်အဆင့်ကို အဆုံးသတ်ပြီး အခြေခံအုတ်မြစ် တည်ဆောက်နိုင်ပါဦးမလား….”

“အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးကို ငါ့မိန်းမအတွက်ပဲ ချန်ထားပေးသင့်သလား၊ ဒါပေမဲ့ သူကလည်း ဒါကို သားအတွက်ပဲ ချန်ထားချင်မှာ သေချာတယ်၊ သူ့အကြောင်းကို ငါ့ထက် ဘယ်သူမှ ပိုမသိဘူး”

သူ အတွေးပေါင်းစုံ လျှောက်တွေးနေမိသည်။

ထိုအခိုက် ပြင်ပမှ ကမန်းကတန်း လျှောက်လာသော ခြေသံများကို ကြားလိုက်ရသည်။ ခေါင်းလှည့်ကြည့်လိုက်ရာ ဂိုဏ်းသားတစ်ဦး အပြေးအလွှား ဝင်လာသည်ကို မြင်လိုက်ရသည်။

"အကြီးအကဲချင်.... ဒီညမှာ တာဟဲဈေးမြို့တော်က ဂိုဏ်းပေါင်းစုံရဲ့ ခေါင်းဆောင်တွေ စုပေါင်းပြီး ကျောက်စိမ်းအိုး ဓားဂိုဏ်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးကို နှုတ်ဆက်ပွဲ လုပ်ပါလိမ့်မယ်….ဂိုဏ်းချုပ်မီက အကြီးအကဲကို တက်ရောက်ဖို့ ဖိတ်ကြားခိုင်းလိုက်ပါတယ်ဗျ"

"အေး.... သိပြီ၊ ငါ လာခဲ့မယ်"

ချင်လျန်ချန်းက အေးစက်စွာ ပြန်ပြောလိုက်သည်။

သူ စိတ်ပျက်နေမိသည်။ သူ တက်ရောက်ရခြင်းမှာ အင်အားပြရန် မဟုတ်ဘဲ မျက်နှာချိုသွေးရန်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုပွဲသို့ တက်ရောက်သူများမှာ အခြေခံအုတ်မြစ် တည်ဆောက်ပြီးသူများနှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြရာ အစစ်အမှန် သြဇာရှိသူများ ဖြစ်ကြသည်။ လက်တဖက် ပြတ်နေသော ချီ သန့်စင်အဆင့် အဆင့်ကိုး ကျင့်ကြံသူတစ်ဦးအနေဖြင့် တက်ရောက်ပါက အထင်သေးခြင်းကိုသာ ခံရပေလိမ့်မည်။

ထိုသို့ တွေးမိရင်း သူ ရုတ်တရက် မေးလိုက်သည်။

"ငါ တစ်ယောက်ယောက်ကို ခေါ်သွားလို့ရော ရမလား"

သတင်းလာပို့သော ဂိုဏ်းသားမှာ ခဏမျှ တွေဝေသွားသည်။ သူသည် ချင်လျန်ချန်းအနေဖြင့် သူ၏ဇနီး မုရုံချင်းလျန်ကို ခေါ်သွားမည်ဟု ထင်မှတ်ကာ ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဂိုဏ်းချုပ်မီက တစ်ယောက် ခေါ်လာလို့ ရတယ်လို့ ပြောထားပါတယ်ခင်ဗျာ"

"ကောင်းပြီ…. မင်း သွားတော့"

သူ လက်ဝှေ့ယမ်းကာ လူငယ်အား ပြန်လွှတ်လိုက်သည်။

ချင်လျန်ချန်း ရယ်မောလိုက်ပြီး လော့ချန်၏ အခန်းတံခါးကို ခေါက်လိုက်သည်။

"လော့လေးရေ…. ဒီည စားပွဲ သောက်ပွဲ ရှိတယ် လိုက်မလား"

ခဏအကြာတွင် အခန်းထဲမှ စိတ်လှုပ်ရှားနေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"လိုက်မယ်ဗျို့…. လိုက် ရမှာပေါ့"

ချင်လျန်ချန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာကာ ကျေနပ်စွာရေရွတ်လိုက်လေသည်။

"ဟဲဟဲ.... အခုတော့ ငါ့အောက်မှာ ခိုင်းစားလို့ရမယ့် နောက်တစ်ယောက် ရပြီဟေ့"

အခန်းတွင်း၌မူ လော့ချန်သည် သူ၏ ရှေ့မှ အခြေအနေပြကြေးမုံပြင်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေသည်။

အမြင့်ဆုံးသို့ ရောက်သွားပြီဖြစ်သည်။ လုံးဝကို အဆုံးစွန်ထိ ရောက်သွား‌လေပြီ။ သူ၏ မီးလုံးမှော်အတတ်၏ ကျွမ်းကျင်မှုမှာ နောက်ဆုံးတွင် ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့လေပြီ။

မီးလုံးမှော်အတတ် - အထွတ်အထိပ်အဆင့် (၁၀၀၀/၁၀၀၀)

All Chapters