ရွှေအမြုတေအဆင့် ကျင့်ကြံသူ ကြွရောက်လာခြင်း
Vol. 8 Ch. 71
“ဟုတ်တယ်၊ မူလပုံစံအတိုင်းပဲ ပြန်ပြင်လိုက်”
“ပင်မထုတ်တန်းကို လဲ၊ ကျောက်နံရံတွေကို ဖာထေးပြီး မြို့ပြင်က ကျောက်တုံးအချို့ သွားယူလိုက်ကြ”
“မီးဖုတ်အုတ်စိမ်းတွေ လိုတယ်ဟုတ်လား၊ နတ်သက်ကြွေအိမ်ရာကနေ မှာလိုက်၊ သူတို့ လာပို့ပေးလိမ့်မယ်”
လော့ချန်သည် ဖိုရှန်းဂိုဏ်းမှ ညီငယ်သုံးဦးအား တစ်ဦးလျှင် ဝိညာဉ်ကျောက်တုံး တစ်တုံးစီပေး၍ အိမ်ပြင်ရန် ငှားရမ်းလိုက်သည်။
အိမ်ပြင်နေစဉ်အတွင်း သူသည် ပျက်စီးခြင်းမှ လွတ်မြောက်ခဲ့သော သူ၏ ပစ္စည်းများကို ဘေးအိမ်ရှိ ချင်လျန်ချန်း၏ အိမ်သို့ ခေတ္တရွှေ့ပြောင်းထားလိုက်သည်။ ပစ္စည်းမှာ သိပ်မများလှသော်လည်း လောလောဆယ် နေထိုင်ရန်မူ အဆင်ပြေသည်။
မကြာမီပင် ကောင်းကင်ယံမှာ မှောင်ရီပျိုးလာတော့သည်။
လော့ချန်သည် ကိုယ်လက်သန့်စင်ကာ ညစာစားပွဲတက်ရောက်ရန် ချင်လျန်ချန်းနှင့်အတူ ခေါင်းလောင်းရွှေအိုးရိပ်မြုံသို့ ထွက်ခွာလာခဲ့သည်။
လမ်းခရီးတွင် ချင်လျန်ချန်းက ခပ်အေးအေးပင် စကားဆိုလာသည်။
“မီးမှော်အတတ်တွေထဲမှာ နေမင်းဟုန် လို့ခေါ်တဲ့ ဒုတိယအဆင့် မှော်အတတ်တစ်ခု ရှိတယ်၊ အဲဒါကို ထုတ်လွှတ်လိုက်ရင် နေမင်းအသေးစားလေး တစ်စင်း ပေါက်ကွဲထွက်သွားသလိုပဲ၊ သူ့ရဲ့ စွမ်းအားက ပြင်းထန်လွန်းလို့ ၂၀ ကျန်းအတွင်းမှာ မြက်တစ်ပင်တောင် ကျန်မှာမဟုတ်ဘူး”
၂၀ ကျန်း ဆိုသည်မှာ ဘောလုံးကွင်း တစ်ဝက်နီးပါး ရှိလေသည်။
“ဘာတွေ ပြောနေတာလဲ ဦးလေးချင်ရာ၊ ကျွန်တော်က ချီ သန့်စင်အဆင့် အလယ်အလတ်ပိုင်းလေးပါ၊ ဒုတိယအဆင့် နေမင်းဟုန် မှော်အတတ်ကို ဘယ်လိုလုပ် တတ်နိုင်မှာလဲ”
လော့ချန်သည် လက်ကို အလျင်အမြန် ဝှေ့ယမ်း၍ ငြင်းလိုက်သည်။ သို့သော် သူ၏စိတ်ထဲတွင်မူ အတွေးအချို့ ပေါ်လာသည်။
အစောပိုင်းက သူအသုံးပြုခဲ့သည့် မီးလုံး (၂၀) ကို ပေါင်းစပ်ကာ မီးလုံးငယ်တစ်ခုအဖြစ် ဖန်တီးခဲ့သည့် အစွမ်းမှာ နေမင်းဟုန် နှင့် ဆင်တူနေသည်။ သို့သော် ထိုအရာမှာ ကြမ်းတမ်းပြီး မပြည့်စုံသေးသော တုပမှုတစ်ခုသာ ဖြစ်သည်။
အကယ်၍ သူသာ နောက်ထပ် မီးလုံး အလုံးနှစ်ဆယ်၊ သုံးဆယ်၊ သို့မဟုတ် ငါးဆယ်အထိ ပေါင်းစည်းနိုင်မည် ဆိုပါက ကြောက်မက်ဖွယ် ကောင်းသလောက် အန္တရာယ်လည်း ကြီးမားပေမည်။
ချီစွမ်းအား ကုန်ဆုံးမှုမှာလည်း အလွန်အမင်း များပြားပေလိမ့်မည်။ အကယ်၍သာ ထိန်းချုပ်မှု လွတ်သွားခဲ့လျှင် ယနေ့ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုထက်ပိုဆိုးပေမည်။ ယနေ့ မတော်တဆမှုမှာ ဖယောင်းတိုင်မီးအိမ်လေး ငြိမ်းသွားသလောက်ပင် အရေးမပါသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထိုမှော်အတတ်အား လောလောဆယ် ဝှက်ဖဲတစ်ခုအဖြစ်ထားလိုက်ပြီး နောက်ပိုင်းမှ သေချာလေ့ကျင့်ရန် လော့ချန် တေးထားလိုက်သည်။
ယနေ့ ဝိညာဉ်ကျောက်တုံး ဆယ်တုံးနီးပါး ဆုံးရှုံးခဲ့ရသဖြင့် နှမြောတသဖြစ်မိသော်လည်း လော့ချန်မှာ စိတ်လှုပ်ရှားနေဆဲပင် ဖြစ်သည်။ သူ၏ ပုံမှန်တိုက်ကွက်များအပြင် နောက်ထပ် ဝှက်ဖဲသစ်တစ်ခုကို သူ ရရှိခဲ့ပြီ ဖြစ်ပေသည်။
ခေါင်းလောင်းရွှေအိုးရိပ်မြုံ၏ တတိယထပ်သို့ ရောက်သောအခါ စားသောက်ပွဲခန်းမမှာ တိတ်ဆိတ်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ အစေခံအချို့နှင့် အဆင့်နိမ့် ကျင့်ကြံသူ အနည်းငယ်သာ ရောက်ရှိနေကြသေးသည်။
ချင်လျန်ချန်းသည် အသိမိတ်ဆွေအချို့နှင့် စကားလက်ဆုံကျနေစဉ် လော့ချန်ကမူ ခဏတာ အနားယူရန် ဘေးဘက်အခန်းငယ်တစ်ခုအတွင်းသို့ တိုးဝင်လိုက်သည်။
သူသည် ဆိတ်ငြိမ်သော အခန်းလေးတစ်ခုကို ဝမ်းမြောက်ဝမ်းသာ ရှာဖွေတွေ့ရှိသွားသည်။ သူ၏ အာရုံတစ်ဝက်ကို ပတ်ဝန်းကျင်အား သတိထားရန် အာရုံစိုက်ထားပြီး ကျန်တစ်ဝက်ကိုမူ သေချာစွာ မကြည့်ရသေးသော သူ၏ အခြေအနေပြကြေးမုံပြင် ဆီသို့ လှည့်လိုက်သည်။
ကျင့်ကြံခြင်းအဆင့်မှာ အရမ်းမြန်သည်လည်း မဟုတ်၊ နှေးသည်လည်း မဟုတ်။ သူ၏ ပါရမီရှင်အဆင့် နွေဦးကျင့်စဉ်သည် ကျင့်ကြံမှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရုံသာမက ကိုယ်တွင်း အဓိကသွေးကြောမကြီး ဆယ့်နှစ်သွယ်နှင့် ထူးခြားသည့် သွေးကြော ရှစ်သွယ်တို့ကိုလည်း ပွင့်လင်းစေရန် ကူညီပေးသည်။ ထို့အရာက သူအား တစ်နေ့လျှင် ချီစွမ်းအင်ဖြည့်ဆေးလုံး နှစ်လုံးအထိ စားသုံးနိုင်စေသည်။
သို့သော် ချီသန့်စင်အဆင့် ၅ ရောက်ပြီးနောက်တွင် ကျင့်ကြံမှု တိုးတက်မှုနှုန်းမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။ အဆင့် ၃ တွင်ရှိခဲ့စဉ်က ဆေးလုံးတစ်လုံးလျှင် ၂ မှတ် တိုးသော်လည်း၊ အဆင့် ၄ တွင် ၁ မှတ်သာ တိုးသည်။ ယခု အဆင့် ၅ တွင်မူ ဆေးလုံးနှစ်လုံးမှ ၁ မှတ်သာ ရသည်။ ထို့ကြောင့် တစ်လအတွင်း ဆေးလုံးနှစ်လုံးစီ သောက်သုံးခဲ့သော်လည်း တိုးတက်မှုမှာ ၁၆ မှတ်သို့သာ ရောက်ရှိသည်။
ဤရလဒ်မှာ လော့ချန်အတွက် အံ့သြစရာ မဟုတ်ချေ။ သူ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်း လိုအပ်သော ချီစွမ်းအား ပမာဏမှာလည်း အဆမတန် တိုးပွားလာခြင်းမှာ သဘာဝပင် ဖြစ်သည်။
အဆင့်မြင့် ကျင့်ကြံသူများသည် အဆင့်တစ်ခု ကျော်ဖြတ်ရန် အဘယ်ကြောင့် အချိန်များစွာ ပေးရသည်မှာ အကြောင်းရင်းရှိသည်။
အဓိက ပြဿနာမှာ နောက်ထပ် အဆင့်တစ်ခုကို ဖြည့်တင်းရန် လိုအပ်သော ချီစွမ်းအား ပမာဏမှာ တစ်စစနှင့် တိုးပွားလာသောကြောင့် ဖြစ်သည်။
တာဟဲဈေးမြို့တော်တွင် ချီသန့်စင်အဆင့် အဆင့်မြင့်ပိုင်း ကျင့်ကြံသူ ရာနှင့်ချီ ရှိသော်လည်း ထိပ်တန်းအဆင့်သို့ ရောက်ရှိသူမှာ လက်ချိုးရေတွက်၍ ရလောက်သည်။
ကွယ်လွန်သူ နှလုံးစားကျား ဟန်တန်သည် ထိုသို့သောသူမျိုး ဖြစ်သည်။ အခြေခံအုတ်မြစ် တည်ဆောက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့သည့် ဖူရှို့ရှို့မှာလည်း အလားတူပင် ဖြစ်သည်။ သူတို့မှလွဲလျှင် ကျန်ရှိသော အရေအတွက်မှာ အလွန်နည်းပါးလှသည်။
လော့ချန် သိထားသော ချင်လျန်ချန်းနှင့် မုရုံချင်းလျန်တို့ပင်လျှင် ချီသန့်စင်အဆင့်၏ ထိပ်တန်းသို့ မရောက်ရှိကြသေးပေ။ လော့ဝူတီနှင့် ခယ်ယွဲ့လင်းတို့ဆိုလျှင် ပို၍ပင် ဝေးကွာနေသေးသည်။
လော့ချန်၏ တစ်ခုတည်းသော စိုးရိမ်ချက်မှာ ချီစွမ်းအင်ဖြည့်ဆေးလုံးများသည် နောက်ဆုံးအဆင့်များတွင် ထိရောက်မှု ရှိနေဦးမည်လော ဆိုသည့်အချက်ဖြစ်သည်။
အကြောင်းမှာ ဆေးလုံးများတွင် ဆေးယဉ်ပါးမှု ရှိသည်မှာ လူတိုင်းလိုလို သိကြသည်။
“လောလောဆယ်တော့ ဒါတွေ တွေးပူနေလို့လည်း မထူးပါဘူး”
လော့ချန်သည် အတွေးများကို ရပ်တန့်လိုက်ပြီး အတတ်ပညာကဏ္ဍဆီသို့ အကြည့်ပို့လိုက်သည်။
သူ၏ အကြည့်သည် “အောင်မြင်မှုအမှတ် -၂၁” ဆိုသော စာတမ်းပေါ်တွင် ရပ်တန့်သွားသည်။
မီးလုံးအတတ်ပညာမှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသဖြင့် အောင်မြင်မှုရမှတ် (၁) မှတ် ထပ်မံရရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤတွက်ချက်မှုအရ အထွတ်အထိပ်အဆင့်ကျွမ်းကျင်မှုတစ်ခုသည် အောင်မြင်မှုရမှတ် (၅) မှတ်နှင့် ညီမျှသည်။ ဤအမှတ်များသည် အခြေခံ၊ တတ်မြောက်၊ ကျွမ်းကျင်၊ ပြီးပြည့်စုံ၊ ပါရမီရှင်အဆင့် ဟူသော မှတ်တိုင်များအလိုက် ရရှိခြင်းပင် ဖြစ်ပေသည်။
လွန်ခဲ့သော လဝက်အတွင်း သူ၏ တိုးတက်မှုမှာ အလွန်ကြီးမားလှသည်။ သူ၏ လေခွင်းအတတ် နှင့် ဆွဲငင်ခြင်းအတတ် တို့မှာ ပါရမီရှင်အဆင့် ရောက်ရှိသွားသလို၊ နွယ်ရှင်နှောင်ကြိုး၊ နတ်မျက်စိနှင့် သိပ်မသုံးဖြစ်သော သန့်စင်ခြင်း မှော်အတတ်တို့မှာလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာခဲ့သည်။
ဤအရာအားလုံး ပေါင်းစည်းလိုက်သဖြင့် သူသည် အောင်မြင်မှုအမှတ် ခုနစ်မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။
“အခု ဒီအမှတ် ၂၁ မှတ်ကို ငါ ဘာလုပ်ရမလဲ၊ အခြေခံအဆင့် ကုသခြင်းအတတ်လား၊ မဟုတ်သေးဘူး၊ ဒါကတော့ နောက်နှစ်ရက်လောက် လေ့ကျင့်လိုက်ရင် ငါ့ဘာသာ ကျွမ်းကျင်သွားလိမ့်မယ်”
“ငါ့လက်ထဲမှာ တခြား ကျင့်စဉ်တွေလည်း မရှိသေးဘူး၊ တကယ်တော့ ကျင့်စဉ်တွေထက်စာရင် အောင်မြင်မှုအမှတ်တွေကို ဆေးဖော်နည်းသစ်တစ်ခု သင်ယူဖို့ သုံးလိုက်တာက ပိုတန်ဖိုးရှိလိမ့်မယ်၊ အဲဒါမှ အစပိုင်းမှာ ကြုံရမယ့် အကြိမ်ကြိမ် ရှုံးနိမ့်တာတွေကို ကျော်လွှားနိုင်မှာ” ဟု စိတ်ထဲမှ အတွေးနယ်ချဲ့နေမိသည်။
အကြိမ်ကြိမ် ရှုံးနိမ့်ခြင်းဆိုသည်မှာ ဝိညာဉ်ကျောက်တုံး အမြောက်အမြား ဆုံးရှုံးခြင်းပင် ဖြစ်သည်။
ယခုအချိန်တွင် လော့ချန်၌ ရှိသော ဆေးနည်းမှာ ဒုတိယအဆင့် ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ မပြည့်စုံသော ဆေးနည်းတစ်ခုသာ ရှိသည်။
ထိုဆေးကို ဖော်စပ်ရန်မှာ အချိန်မတန်သေးသည်မှာ ထင်ရှားလှသည်။ သူ၏ ငွေကြေးအင်အားနှင့် ကျွမ်းကျင်မှုမှာ မလောက်ငသေးသည့်အပြင် အကယ်၍ ဖော်စပ်နိုင်ခဲ့လျှင်ပင် သူ ရဲရဲဝံ့ဝံ့ ရောင်းရဲလိမ့်မည် မဟုတ်ပေ။
"ပိုမိုကျယ်ပြန့်တဲ့ ဈေးကွက်ရှိပြီး ပြိုင်ဘက်နည်းတဲ့ ပထမအဆင့် ဆေးဖော်နည်းတစ်ခုကို ရှာဖို့ လိုတယ်၊ ဖိုရှန်းဂိုဏ်းမှာ ရှိမလား ဒါမှမဟုတ် ဆေးဝါးခန်းမမှာများ ရှိမလား"
လော့ချန် တွေးတောနေစဉ်တွင် ညရောက်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
အခန်းငယ်လေး၏ အပြင်ဘက်တွင် သက်ဝင်လှုပ်ရှားသော စကားပြောသံများ ဆူညံထွက်ပေါ်နေသည်။ လော့ချန်သည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး အပြင်သို့ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် သူ အသက်ရှူမှားသွားရသည်။
တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်၊ ငါးယောက်၊ ခြောက်ယောက်….။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ စုစုပေါင်း (၁၃) ဦး….။
“အို.... တာဟဲဈေးမြို့တော်လေးမှာ ဒီလောက်တောင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ရှိနေတာလား”
လော့ချန်သည် သူတို့ထဲမှ အများစုအား ခပ်ရေးရေး သိနေသည်။
ဆေးပေါင်းတစ်ထောင်ခန်းမမှ ဆိုင်ရှင်လျိုသည် ဝိညာဉ်ဆေးနန်းဆောင်မှ ဆိုင်ရှင်ဝမ်နှင့် အလေးအနက် စကားပြောနေသည်။ တစ်ဖက်တွင်မူ လင်ယွမ်နန်းဆောင်မှ တာအိုကျင့်ကြံသူမုသည် လူစုတစ်စု၏ အလယ်တွင် ရပ်လျက် အခြား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးနှင့်အတူ မှော်အတတ်များအကြောင်း ဆွေးနွေးနေသည်။
အခန်း၏ အခြားတစ်ဖက်တွင်မူ ဖိုရှန်းဂိုဏ်းမှ မီရှုဟွာသည် တာကျန်းဂိုဏ်းမှ ဝမ်ဟိုင်ချောင်နှင့် အခြားတစ်ဦးတို့နှင့်အတူ ရယ်မော စကားပြောနေသည်။ ဤလူနှစ်ဦးမှာ မကြာသေးမီက ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု ယုံနိုင်စရာပင် မရှိပေ။
သူတို့ဘေးရှိ တည်ကြည်သော မျက်နှာထားနှင့် လူမှာ လျန်ယွန်း ကုန်သွယ်ရေးမဟာမိတ်၏ ဒေသခံအကြီးအကဲ ကျိုးချောင်ရှန်း ဖြစ်ပေလိမ့်မည်။
မဝေးလှသော နေရာတွင် ရတနာနန်းဆောင်မှ နာမည်ကျော် ကုန်သည် အဘိုးကြီးချူသည် ခမ်းနားစွာ ဝတ်ဆင်ထားသော လူတစ်ဦးနှင့် ခပ်တိုးတိုး စကားပြောနေသည်။ သို့သော် ထိုလူမှာ စိတ်မရှည်ဟန်ဖြင့် အမျိုးသမီး ကျင့်ကြံသူများဘက်သို့ ခဏခဏ လှမ်းကြည့်နေသည်။ သို့သော်လည်း သူသည် အဘိုးကြီးချူအား မစော်ကားရဲဘဲ ခေါင်းညိတ်၍ နားထောင်နေရသည်။
လော့ချန်၏ အကြည့်မှာ အမျိုးသမီး ကျင့်ကြံသူများ စုဝေးရာသို့ ရောက်ရှိသွားရာ သူ ရင်းနှီးသော မျက်နှာအချို့ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ တင့်တယ်လှပသော ကူချိုင်ယီ၊ လှပလွန်းလှသော မမရှန်းရှန်း နှင့် နူးညံ့သိမ်မွေ့သော ဖူရှို့ရှို့ တို့ကို တွေ့ရသည်။
သို့သော် သူတို့ မည်မျှပင် ဆွဲဆောင်မှု ရှိစေကာမူ ဤစုဝေးပွဲ၏ အဓိက အာရုံစိုက်ရာမှာ နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော ကျော့ရှင်းလှပသည့် အမျိုးသမီးကြီး ဖြစ်သည်။
သူမသည် ထျန်းရှန်းမျှော်စင်၏ အရှင်သခင်မ သို့မဟုတ် ပိုးပန်းပင်ဂိုဏ်းမှ ကျင့်ကြံသူ ကုန်းဟွေ့ချင်း ဖြစ်ပေလိမ့်မည်။ အလွန် ကျော့ရှင်း လှပသော အထက်တန်းလွှာ အမျိုးသမီးကြီးဖြစ်သည်။ အမျိုးသားများစွာ၏ အကြည့်သည် ထိုမိန်းမလှဆီသို့ ကျရောက်နေကြသည်။
တစ်ခဏချင်းမှာပင် ထိုအမျိုးသမီးကြီး၏ အကြည့်မှာ လော့ချန်ထံသို့ ကျရောက်လာသည်။
လော့ချန်သည် ကမန်းကတန်း ခေါင်းငုံ့လိုက်ပြီး ထောင့်တစ်နေရာတွင် ရပ်နေသော ချင်လျန်ချန်းဘက်သို့ တိုးကပ်သွားသည်။
“ဦးလေးချင်.... ဒီနေရာမှာ တကယ့် ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေချည်းပဲ၊ ကျွန်တော်တို့ ဒီမှာ ဘာလုပ်နေကြတာလဲ” ဟု လက်တို့ကာ သတိကြီးစွာထား၍ မေးလိုက်သည်။
ချင်လျန်ချန်းက ခပ်တိုးတိုး ရယ်လိုက်ကာ “ဘာဖြစ်လို့လဲ၊ ငါတို့က ဒီကို မျက်နှာလိုမျက်နှာရလုပ်ဖို့ လာရတာလေ” ဟုပြောလိုက်သည်။
လော့ချန် ဆွံ့အသွားသည်။
“လူကြီးတွေ အပြင်ထွက်ရင် တပည့်ငယ် တစ်ယောက် နှစ်ယောက်တော့ ခေါ်လာရတာ ထုံးစံပဲလေ စိတ်ဓာတ်မကျပါနဲ့၊ တစ်နေ့နေ့မှာ ငါတို့လည်း ဒီလို လူကြီးလူကောင်းတွေ ဖြစ်လာနိုင်တာပဲ”
ချင်လျန်ချန်းက သူ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ဒါက ငါတို့ကော ဘာလို့ မဖြစ်နိုင်ရမှာလဲ ဆိုတဲ့ စိတ်ဓာတ်မျိုးပဲ၊ ဒီလို စကားမျိုးကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ကြားသွားမှာ မစိုးရိမ်ဘူးလား” ဟု ပြန်ပြောရင်းလော့ချန် မျက်စောင်းထိုးလိုက်သည်။
အသံလွှင့်နည်းလမ်း ဆိုသည်မှာလည်း အလွန် လုံခြုံလှသည် မဟုတ်ဟု သူ ကြားဖူးသည်။
ကံကောင်းစွာပင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးဖြစ်သည့် မီရှုဟွာ၊ ဝမ်ဟိုင်ချောင် နှင့် ကျိုးချောင်းရှန်းတို့ သူတို့ရှေ့တွင် ရပ်နေကြသည်။
ထိုသုံးဦးအနက် နောက်ဆုံးတစ်ဦးက ရုတ်တရက် လှည့်ကြည့်လာရာ သူ၏ စူးရှသော အကြည့်မှာ ချင်လျန်ချန်းထံတွင် ရပ်တန့်သွားသည်။
“ဒါဆို မင်းက အဆုံးအဖြတ်စင်မြင့်ပေါ်မှာ ပိုင်ချီကို သတ်ခဲ့တဲ့သူပေါ့ ဟုတ်စ” ဟု ခပ်တင်းတင်းမေးလိုက်သည်။
ချင်လျန်ချန်း၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားပြီး အကူအညီတောင်းခံသော အကြည့်ဖြင့် မီရှုဟွာအား လှမ်းကြည့်လိုက်သည်။
“မိတ်ဆွေကျိုး…. မင်း....”
မီရှုဟွာ စကားစရုံရှိသေးသော်လည်း ကျိုးချောင်းရှန်းက လက်မြှောက်ကာ တားလိုက်သည်။
သူ ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ငါ သူ့ကို သိကျွမ်းချင်ရုံသက်သက်ပါ၊ ဘာပဲဖြစ်ဖြစ် ချင်လေးမှာ ပိုးပန်းပင်ဂိုဏ်းရဲ့ ထူးချွန်တဲ့ သားတစ်ယောက် ရှိနေတာပဲ၊ ငါ ဘာလို့ သူ့ကို ထိခိုက်အောင် လုပ်မလဲ၊ ဒါပေမဲ့ မီရှုဟွာ၊ မင်းဆီမှာ သူ့ရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးကို သိမ်းထားတယ်လို့ ကြားတယ်၊ နောက်မှ ကိုယ့်ဘာသာ အိတ်ထဲ ထည့်မသွားနဲ့ဦး"
မီရှုဟွာ၏ မျက်နှာမှာ တစ်ခဏမျှ အေးခဲသွားပြီး သိသိသာသာ မှောင်ကျသွားတော့သည်။
အခြေအနေ တင်းမာလာစဉ်မှာပင် တံခါးဝမှ ထက်မြက်ပြီး စူးရှလှသော အရှိန်အဝါတစ်ခု ဖြာထွက်လာသည်။
နောက်တစ်ခဏတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ (၇) ဦး တက်လာကြသည်။ ထိုသူတို့မှာ ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ဖြစ်သည်။
ထိုခုနစ်ဦးမှာ တွေဝေခြင်းမရှိဘဲ ခေါင်းညွှတ်ကာ အပြင်ဘက်သို့ အော်ဟစ်လိုက်သည်။
"အကြီးအကဲဖန်ကို ရိုသေစွာ ကြိုဆိုပါတယ်"
အားလုံးမှာ ခဏမျှ မှင်တက်သွားပြီးနောက် အလျင်အမြန် ဦးညွှတ်ကာ ရိုသေစွာ ဆိုလိုက်ကြသည်။
“အကြီးအကဲဖန်ကို ရိုသေစွာ ကြိုဆိုပါတယ်”
ညဉ့်ကောင်းကင်အောက်တွင် တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုသည် ခေါင်းလောင်းရွှေအိုးရိပ်မြုံ၏ တတိယထပ်သို့ ရောက်ရှိလာသည်။
ထိုသူကား ရွှေအမြုတေအဆင့် စီရင်စုသခင် ဖန်ရင်ရှုံပင် ဖြစ်သည်။
လော့ချန်သည် ခေါင်းကို အနိမ့်ဆုံးအထိ ငုံ့ထားလိုက်သည်။ သူ ဘေးဘီသို့ မျက်စိကစားရန်ပင် မဝံ့ပေ။ ရွှေအမြုတေအဆင့်၏ ဖိအားအောက်တွင် သူ၏ သွားများ၊ အရိုးများသာမက ဝိညာဉ်ပါ တုန်ရီနေသည်။
ရွှေအမြုတေအဆင့်၏ စွမ်းအားကို တွေးမိရင်းလော့ချန်၏ စိတ်ထဲတွင် အတွေးပေါင်းစုံမှာ လှိုင်းတံပိုးပမာ ရိုက်ခတ်နေသည်။
‘တကယ့် ယောက်ျားကောင်းတစ်ယောက်ဆိုတာ ဒီလို အမြင့်မျိုးအထိ တက်လှမ်းရမှာပဲ’ ဟူ၍လည်း တစ်ဆက်တည်း ကောက်ချက်ချလိုက်သည်။