လော့ချန်.... ဆိုတာ မင်းလား
Vol. 8 Ch. 72
ခေါင်းလောင်းရွှေအိုးရိပ်မြုံ၏ ဒုတိယထပ်တွင် ချီသန့်စင်အဆင့် ကျင့်ကြံသူအုပ်စုကြီးတစ်ခုမှာ စားပွဲအချို့ကို သိမ်းပိုက်ထားကြသည်။ ဝိညာဉ်စွမ်းအင်ပါဝင်သည့် အရသာရှိသော အစားအစာများအလယ်တွင် သူတို့၏ စကားဝိုင်းမှာ အလွန်တက်ကြွနေသည်။
စားပွဲတိုင်းတွင် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်တန်ဖိုးရှိသည့် ဟင်းလျာများ ရှိနေသော်လည်း ယနေ့ပွဲတွင်မူ ချီသန့်စင်အဆင့် ကျင့်ကြံသူများအနေဖြင့် မည်သူမျှ ပိုက်ဆံပေးစရာ မလိုပေ။
လော့ချန်မှာ ကူချိုင်ယီ၏ ခေါ်ဆောင်မှုကြောင့် အလယ်ဗဟိုနှင့် အနည်းငယ်ဝေးသော စားပွဲတစ်ခုတွင် ရောက်ရှိနေသည်။ ထိုဝိုင်းတွင် အမျိုးသမီးကျင့်ကြံသူများသာ အများစုဖြစ်ရာ သူတစ်ယောက်တည်းသာ အမျိုးသားအဖြစ် ပါဝင်နေခြင်းက လူအများ၏ အာရုံစိုက်မှုကို ခံနေရသည်။
စူးစမ်းလိုသော အကြည့်များနှင့် စူးရှသော အကြည့်များ သူ့ထံသို့ ကျရောက်နေသော်လည်း လော့ချန်မှာမူ ဘာကိုမျှ ဂရုမစိုက်ဘဲ ရှေ့ရှိ အစားအစာများကိုသာ အားပါးတရ စားသောက်နေတော့သည်။
စားပွဲတစ်ဖက်တွင်ရှိသော တျန်ရှန်းမျှော်စင်မှ ရှန်းရှန်းက စိတ်လှုပ်ရှားမှုနှင့် မခွဲခွာနိုင်သည့် အရိပ်အယောင်များဖြင့် ပြောလိုက်သည်။
"ကျွန်မရဲ့ ဆယ်နှစ်တာကာလ ပြည့်သွားရင် ပိုးပန်းပင်ဂိုဏ်းကို ပြန်ရတော့မယ်"
ကူချိုင်ယီက အားကျသောအကြည့်ဖြင့် ကြည့်ကာပြောလိုက်သည်။
“အစ်မ ပြန်သွားရင် အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် ပြင်ဆင်တော့မှာပေါ့နော်”
ရှန်းရှန်းက ခေါင်းလေးအနည်းငယ် ညိတ်ကာ ပြုံးလိုက်သည်။ ဤနေရာတွင် ဆယ်နှစ်ကြာ နေထိုင်ခဲ့ခြင်းက သူမ၏ ကျင့်ကြံမှုကို အနှောင့်အယှက် မဖြစ်စေခဲ့သည့်အပြင် ယခုအခါ သူမသည် ချီ သန့်စင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။
ပို၍အရေးကြီးသည်မှာ ပိုးပန်းပင်ဂိုဏ်း၏ ကျင့်စဉ်များအရ လိုအပ်သည့် အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် ပစ္စည်းများအားလုံးနီးပါးကို သူမ စုဆောင်းပြီးဖြစ်သည်။ သူမ လိုအပ်သည်မှာ ပြန်ရောက်သည့်အခါ ဂိုဏ်းမှ ချပေးမည့် အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံးသာ ဖြစ်သည်။
ကူချိုင်ယီ ခဏမျှ တွန့်ဆုတ်နေပြီးနောက် မေးလိုက်သည်။
"ဒေါ်လေးကုန်းကလည်း ပြန်မှာလား"
“ပြန်မှာပေါ့ကွယ် ဒီနေရာက ဝိညာဉ်ကြောက ပထမအဆင့်ပဲ ရှိတာလေ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ရေရှည်နေဖို့ မသင့်တော်ပါဘူး”
“သူ့နေရာမှာ အစားဝင်ဖို့ လာနိုင်တဲ့သူ နှစ်ယောက်ရှိတယ်၊ တကယ်လို့ အစ်မကြီးချီ ဆိုရင်တော့ အဆင်ပြေမှာပါ၊ ဒါပေမဲ့ အစ်ကိုကြီးဟွား သာ လာမယ်ဆိုရင်တော့.... ချိုင်ယီ၊ နင် သတိထားတာ အကောင်းဆုံးပဲ၊ သူ့ကို သွားမဆွနဲ့ဦး”
ရှန်းရှန်းသည် သူမ၏ သူငယ်ချင်းအရင်းအချာဖြစ်သူအား ပွင့်ပွင့်လင်းလင်းပင် သတိပေးစကား ဆိုလိုက်သည်။
ကူချိုင်ယီ၏ မျက်နှာ တင်းမာသွားသည်။
“အစ်မ ဘာကို ဆိုလိုတာလဲ….”
"အစ်ကိုကြီးဟွားနဲ့ ငါက ဂိုဏ်းထဲကို တစ်ချိန်တည်း ဝင်ခဲ့တာ၊ သူက ဒေါသကြီးပြီး တခြားသူတွေကို အသုံးချတတ်တဲ့ အကျင့်ဆိုးရှိတယ်၊ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သွားတော့မှ ဂိုဏ်းထဲမှာ အနည်းငယ် ထိန်းချုပ်ထားနိုင်ခဲ့တာ၊ သူသာ ဒီကို ရောက်လာပြီး ကြီးကြပ်မယ့်သူမရှိရင်တော့...."
ရှန်းရှန်း၏ စကားတစ်ခွန်းချင်းစီတိုင်းက ကူချိုင်ယီ၏ ရင်ကို လေးလံစေသည်။
ရှန်းရှန်းက ရုတ်တရက် ပြုံးလိုက်ပြီး စနောက်လိုက်သည်။
“ဒါပေမဲ့ နင် သိပ်ပြီးတော့လည်း ပူမနေပါနဲ့ဦး၊ အိုက်လောင်တောင်က အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူက နင့်ကို တော်တော်သဘောကျနေပုံရတယ်၊ အမြှောင်မယားအဖြစ် သိမ်းဖို့ ဒေါ်လေးကုန်းဆီကို နှစ်ခါတောင် လာပြောဖူးတယ်၊ ဘာလို့ သူ့နောက် မလိုက်သွားတာလဲ၊ အိုင်လောင်တောင်က ချမ်းသာတဲ့ ဂိုဏ်းပဲလေ”
အားပါးတရ စားသောက်နေသည့် လော့ချန်၏ လှုပ်ရှားမှုမှာ ခဏမျှ ရပ်တန့်သွားသည်။
သူ ခေါင်းမော့ကြည့်လိုက်ရာ ကူချိုင်ယီ၏ မျက်နှာတွင် ပျော်ရွှင်ရိပ် မတွေ့ရဘဲ အတင်းအကျပ် ပြုံးနေရသော အမူအရာကိုသာ မြင်လိုက်ရသည်။
“အဲဒီလူက လူကောင်းမဟုတ်ဘူး ချိုက်ယီ၊ သေချာစဉ်းစားပါ”
တစ်ချိန်လုံး တိတ်ဆိတ်နေသော ဖူရှို့ရှို့က ရုတ်တရက် ဝင်ပြောလိုက်သည်။
ကူချိုင်ယီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အကြောင်းကို ကွယ်ရာတွင် အတင်းမပြောဝံ့ပေ။
သူမသည် ရှန်းရှန်း၊ ဖူရှို့ရှို့တို့နှင့် မတူပေ။
တစ်ဦးမှာ ပိုးပန်းပင်ဂိုဏ်း၏ တပည့်ဖြစ်ပြီး ဂိုဏ်းသို့ ပြန်ရောက်ကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပါက အတွင်းစည်းတပည့်၊ ထိုမှတစ်ဆင့် တပည့်ရင်းပင် ဖြစ်လာနိုင်သည်။
အခြားတစ်ဦးမှာလည်း နတ်ဘုရားမှော်စာရွက်နန်းဆောင်၏ တာဝန်ခံ ဖြစ်လာပြီး မကြာမီ ဂိုဏ်းသားများနှင့်အတူ ပြန်တော့မည် ဖြစ်သည်။
နှစ်ဦးစလုံးမှာ ဂိုဏ်းကြီး ခြောက်ဂိုဏ်း၏ အကာအကွယ်ရှိကြသဖြင့် အိုက်လောင်တောင် ကျင့်ကြံသူအား ကြောက်နေစရာ မလိုပေ။
သူမကမူ ပြဿနာမတက်အောင် သတိကြီးစွာ ထားနေရသည်။
လော့ချန် စားသောက်နေရင်း သူတို့စကားကို နားထောင်နေသည်ကို မြင်သောအခါ ဖူရှို့ရှို့က လော့ချန်အား တိုးတိုးလေး ရှင်းပြသည်။
"ဖေးပေါ်ဝမ်က အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့် ဖြစ်ပေမဲ့ သူက ဇနီးအရိပ်အောက်နေနေရတဲ့သူပဲ၊ သူ့မိန်းမက ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီး တစ်ယောက်ရဲ့ မြေးလေ"
ဤအကြောင်းကို လော့ချန် သိထားပြီးသား ဖြစ်သည်။
“တကယ်လို့ သူက စိတ်ဓာတ်ခိုင်မာတဲ့သူဆိုရင်တော့ တစ်မျိုးပေါ့၊ ဒါပေမဲ့ သူက တော်တော်ကြီး စိတ်ပျော့လွန်းတယ်၊ အိမ်မှာ မိန်းမခိုင်းတာ လုပ်နေရရုံတင်မကဘူး၊ ဂိုဏ်းထဲမှာလည်း သူ့ရာထူးက နိမ့်တယ်၊ အဲဒါကြောင့်လည်း ဒီလို ဝေးလံတဲ့ အရပ်ကို အဆောက်အဦးတွေ လာပြင်ဖို့ အစေခိုင်းခံရတာပေါ့”
လော့ချန်သည် တတိယထပ်တွင် မြင်ခဲ့ရသည့် မြင်ကွင်းကို ပြန်အမှတ်ရလိုက်သည်။ ရတနာနန်းဆောင်မှ အဘိုးချူနှင့် စကားပြောနေသည့် လူမှာ ဖေးပေါ်ဝမ် ဖြစ်သည်။
ဖေးဘိုဝမ်သည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ဖြစ်သော်လည်း သူ့ထက် အဆင့်နိမ့်သော အဘိုးချူ၏ ရှေ့တွင် အဆင့်မြင့်သူတစ်ဦး၏ အရှိန်အဝါမျိုး လုံးဝ မရှိပေ။
သူသည် ကြောက်ရွံ့တတ်ပြီး ခံ့ညားထည်ဝါမှု ကင်းမဲ့လှသည်။
အကယ်၍ ကူချိုင်ယီသာ ထိုလူ၏နောက်သို့ လိုက်သွားခဲ့လျှင် သူ၏ဇနီး လက်ချက်ဖြင့်သော်လည်းကောင်း၊ ဖေးပေါ်ဝမ်၏ လက်ချက်ဖြင့်သော်လည်းကောင်း သေဆုံးရလိမ့်မည်။
လော့ချန်ပင် ဤရလဒ်ကို မြင်နိုင်သည်ဆိုပါက ကာယကံရှင်ဖြစ်သူ ကူချိုင်ယီမှာ ပို၍ပင် သိရှိပြီး ပိုမို တွေးတောမိမည်မှာ သေချာသည်။ သို့သော် သူမသည် ရှေ့ရေးကို အလွန်အမင်း တွေးပူနေမိသောကြောင့် သူမ၏ ရင်ထဲမှ အပူမှာ မည်သူမျှ မခန့်မှန်းနိုင်လောက်အောင် ကြီးမားလှသည်။
ဤကျင့်ကြံခြင်းလောကတွင် အရည်အချင်း မပြည့်ဝသော အမျိုးသမီးများသည် အင်အားကြီးသော အမျိုးသားကျင့်ကြံသူများကိုသာ မှီခိုကြရသည်။
ယခုအခါ သူမ၌ ထိုသို့သော အခွင့်အရေး ရှိနေသော်လည်း သူမ မယူနိုင်၊ မယူရဲပေ။
‘ငါ ဒီမှာပဲ ဆက်နေမယ်ဆိုရင်ရော’ ဟု သူမ တွေးမိသည်။
အဆုံးအဖြတ်စင်မြင့် ဖွင့်လှစ်ပြီးနောက် သူမ၏ နာမည်မှာ ကျော်ကြားလာခဲ့ပြီး ဝိညာဉ်ကျောက်တုံးများလည်း အတော်အသင့် ရှာဖွေနိုင်ခဲ့သည်။
သို့သော် ကုန်းဟွေ့ချင်း ထွက်ခွာသွားလျှင် ထျန်းရှန်းမျှော်စင်အား မည်သူ လာရောက် အုပ်ချုပ်မည်ကို မည်သူမျှ မသိနိုင်ပေ။
အကယ်၍ ထိုအစ်ကိုဟွားသာ ဖြစ်လာခဲ့လျှင် သူမသည် သူ့အား မျက်နှာချိုသွေးကာ ဂရုတစိုက် ဆက်ဆံရပေလိမ့်မည်။ ထျန်းရှန်းမျှော်စင်တွင် အလုပ်မလုပ်တော့လျှင်မူ တစ်မျိုး ဖြစ်ပေလိမ့်မည်။
သို့သော် နောက်ထပ် ပြဿနာတစ်ခုမှာ ထျန်းရှန်းမျှော်စင်မှ ထွက်လိုက်ပါက သူမ မည်သည့်နေရာသို့ သွားရမည်နည်း။
သူမ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများနှင့် မရေရာမှုများ ပြည့်နှက်နေသည်။
ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ စားပွဲတွင် တစ်ဦးတည်းသော အမျိုးသားဖြစ်သူ လော့ချန်မှာ အစားအသောက်များကိုသာ မရပ်မနား စားနေသည်ကို တွေ့ရသည်။ အရသာရှိသော ဟင်းလျာများ၏ ထက်ဝက်နီးပါးမှာ သူ၏ ဗိုက်ထဲသို့ ရောက်ရှိသွားလေပြီ။
“စား၊ စား၊ စား.... ရှင်ကတော့ စားဖို့ပဲ သိတာပဲ”
သူမ မျက်စောင်းထိုး ပြောလိုက်သည်။
လော့ချန်မှာ ကြောင်တောင်တောင် ဖြစ်သွားသည်။
“ဒီက အစားအသောက်တွေက စားဖို့ ထားတာ မဟုတ်ဘူးလားဗျာ....ဒီလို တစ်နပ် စားရတာက ပင်ပင်ပန်းပန်း ဆယ်ရက်ကျင့်ကြံတာနဲ့ ညီမျှတယ်ဗျ”
သူ၏ ကြောင်တောင်တောင် မျက်နှာပေးကြောင့်လား၊ သို့မဟုတ် သူမ၏ မဆီမဆိုင် ဒေါသကြောင့်လား မသိဘဲ ကူချိုင်ယီမှာ မိမိကိုယ်ကိုယ် ပြန်ရယ်မိသွားတော့သည်။
‘ငါက ဘာလို့ သူ့ကို လာပြီး ရန်ရှာနေမိပါလိမ့်’
သူမသည် ဝတ်ရုံလက်ကို မ လိုက်ပြီး ဖြူဝင်းသော လက်မောင်းသားလေးများကို ဖော်ကာ လော့ချန်အတွက် ဝိုင်တစ်ခွက် ကိုယ်တိုင် ငှဲ့ပေးလိုက်သည်။
“ထပ်စားဦး၊ ပြန်ရောက်ရင် ကျင့်ကြံခြင်းအဆင့် တက်အောင် သေချာ ပြန်သန့်စင်ဦး၊ တကယ်လို့ ရှင်သာ အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးဖော်ဆရာတစ်ယောက် ဖြစ်နေမယ်ဆိုရင် ကျွန်မ ဒီလောက် အဝေးကြီးကို မျှော်ကြည့်နေစရာ မလိုတော့ဘူး” ဟု ရယ်မောရင်း ပြောလိုက်သည်။
လော့ချန်သည် ဝိုင်ကို သောက်လိုက်ရင်း အနည်းငယ် အနေရခက်သွားကာ ပြောလိုက်သည်။
“မိန်းကလေး.... ကျွန်တော့်ကို အရန်လူတစ်ယောက်လို သဘောထားချင်ရင်တောင် ဒီလောက်ကြီး ဒဲ့ဒိုးမပြောပါနဲ့ဗျာ၊ ကျွန်တော်က အလှအပနောက် ပါသွားမယ့်လူစားမျိုး မဟုတ်ဘူးနော်”
ထိုစဉ် ယွီရှန်းနှင့် ဖူရှို့ရှို့တို့မှာ လက်ဖြင့် ပါးစပ်ကလေးများကို အုပ်ကာ ရယ်မောလိုက်ကြသည်။
….
စားသောက်ပွဲမှာ ညဉ့်နက်သည်အထိ ကြာမြင့်ခဲ့သည်။
သူတို့ ပြန်ထွက်လာချိန်တွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးအား မတွေ့ရတော့ပေ။ သူသည် ခဏမျှသာ ထွက်လာကာ အားလုံး၏ ဂါရဝပြုမှုကို ခံယူပြီးနောက် ကျော့ရှင်းစွာပင် ထွက်ခွာသွားသည်ဟု ဆိုကြသည်။
နောက်တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်းတွင် သူသည် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ကျင့်ကြံသူများနှင့်အတူ ဂိုဏ်းသို့ ပြန်သွားမည် ဖြစ်သည်။ အဆုံးအဖြတ်စင်မြင့် အပါအဝင် ဒေသတွင်း လုပ်ငန်းများကိုမူ မြောင်ကျန်း၏ စီမံခန့်ခွဲမှုအောက်တွင် ထားရှိခဲ့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျောက်စိမ်းအိုးဓားဂိုဏ်းတွင် လူအင်အား မလုံလောက်ခြင်းကို သိသာစေသည်။ ဤမျှ ကြီးမားသော လုပ်ငန်းကြီးအား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် အပြင်စည်းတပည့် ဆယ်ဂဏန်းခန့်ဖြင့်သာ လွှဲအပ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုအရာမှာ သူတို့၏ ရဲတင်းမှုကြောင့်လော၊ သို့မဟုတ် အခြားရွေးချယ်စရာ မရှိ၍လော ဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်သည်။
ဆူညံလှသော လူအုပ်ကြီးနှင့် ခွဲခွာလာပြီးနောက် ပင်မခန်းမသို့ အပြန်လမ်းတွင် မီရှုဟွာ၊ ချင်လျန်ချန်း နှင့် လော့ချန်တို့ သုံးဦးသာ ကျန်ရစ်တော့သည်။
လသာသာ ညတွင် ကျောက်ခင်းလမ်းကြီးမှာ ရှေ့သို့ ဆန့်တန်းနေသည်။ သူတို့ သုံးဦး၏ အရိပ်များမှာ လရောင်အောက်တွင် ရှည်လျားစွာ ထိုးကျနေသည်။
မီရှုဟွာသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ချမ်းသာကြွယ်ဝသော သူဌေးကြီးတစ်ဦးပမာ အေးအေးဆေးဆေး လျှောက်လှမ်းနေရင်း ရုတ်တရက် ထပြောလိုက်သည်။
"ချင်လေး၊ အဲဒီ အခြေခံတည်ဆောက်ခြင်းဆေးလုံးက မင်းဟာပဲ၊ အဲဒါ မင်းပိုင်တာပါ၊ ငါ ဘယ်တော့မှ ခိုးယူမှာ မဟုတ်ဘူး"
ချင်လျန်ချန်းမှာ မှင်သက်သွားပြီးနောက် ရယ်မောလိုက်သည်။
"တခြားသူတွေက ခင်ဗျားကို မယုံရင်တောင် ကျွန်တော်ကတော့ ယုံပါတယ်၊ ဂိုဏ်းချုပ်မီ အဲဒီလို ခပ်စိမ်းစိမ်းတွေ ပြောစရာ မလိုပါဘူး"
ရှေ့တွင်ရှိနေသည့် သူဌေးလူကြီး၏ မျက်နှာမှာ အရိပ်ထဲတွင် တစ်ဝက်တစ်ပျက် ဖုံးကွယ်နေသည်။
“ဂိုဏ်းချုပ်မီ ဟုတ်လား၊ အရင်ကဆိုရင် မင်း ငါ့ကို အဘိုးကြီးမီလို့ပဲ ခေါ်ခဲ့တာလေ၊ တကယ်ပါပဲ၊ ငါတို့ကြားမှာ စိမ်းကားသွားကြပြီပေါ့” ဟု ဆိုရင်း မီရှုဟွာ နှုတ်ခမ်းထောင့်ကို တွန့်ကာ ရပ်လိုက်သည်။
ချင်လျန်ချန်းသည်လည်း ရပ်တန့်သွားသည်။ သို့သော် မီရှုဟွာသည် သူ့အား ကြည့်နေခြင်း မဟုတ်ဘဲ သူ၏ ညီငယ်လေးကို စိုက်ကြည့်နေကြောင်း သတိပြုမိလိုက်သည်။
“လော့ချန်.... ဆိုတာ မင်းလား”