သစ္စာတော်ခံ
Vol. 8 Ch. 73
"သတင်းကြားတာတော့…. မင်းက ဆေးဖော်ဆရာ တစ်ယောက်ဆို”
လော့ချန် ခဏမျှ ကြောင်သွားသည်။ ထိုသတင်းသည် မည်သည့်နေရာမှ ရောက်လာသည်မသိပေ။
လော့ချန်အနေဖြင့် ဆေးဖော်စပ်ခြင်းလောကတွင် နာမည်ကျော်လှသည်တော့ မဟုတ်ပေ။ သူ၏ အံ့ဖွယ်တစ်သောင်းဆေးလုံး ရောင်းဝယ်ရေးမှာ အတော်အသင့် အဆင်ပြေနေသည်ဆိုသော်လည်း ထိုဆေးအား ဝယ်သူများသည် သူ၏အမည်ကို လိုက်လံကြေညာနေကြမည် မဟုတ်ပေ။
သို့ဆိုလျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အာရုံစိုက်မှုကို သူ မည်သို့ရရှိသွားသနည်း။
‘ဪ…. ဝမ်ယွမ်ကြောင့်ပဲ ဖြစ်ရမယ်’
သူချက်ချင်း သဘောပေါက်သွားသော်လည်း မျက်နှာတွင်မူ စိုးရိမ်တကြီးနှင့် နှိမ့်ချသော အမူအရာကို ဖော်ပြလိုက်သည်။
"ကျွန်တော်က အဆင့်နိမ့်ဆေးလုံးလေးတွေကို ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်ရုံပါ၊ ဂိုဏ်းချုပ်မီ ပြောပလောက်တဲ့ အရည်အချင်းမျိုး မဟုတ်ပါဘူး"
သူပြောနေစဉ်မှာပင် မီရှုဟွာသည် သူ၏လက်ထဲမှ နီရဲပြီး ဂျယ်လီကဲ့သို့ ဝိုင်းစက်နေသော ဆေးလုံးတစ်လုံးကို ထုတ်ပြလိုက်သည်။ လော့ချန် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ထိုဆေးမှာ အံ့ဖွယ်တစ်သောင်းဆေးပင် ဖြစ်သည်။
"ဒါက အသေးအဖွဲမဟုတ်ဘူး၊ ဒါက ပထမအဆင့် အလယ်အလတ်တန်းစား ဆေးလုံးပဲ"
သူ၏အသံတွင် လေးစားသမှုနှင့် အသိအမှတ်ပြုသည့် လေသံများ စိုးမိုးနေသည်။
"ဘာ.... အလယ်အလတ်တန်းစား ဟုတ်လား"
သူ၏ဘေးတွင်ရှိသော ချင်လျန်ချန်းမှာ ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ တုန်လှုပ်သွားသည်။
ခဏမျှ သူ၏မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားရသည်။ တစ်ချိန်လုံး သူထင်ထားသည်မှာ လော့ချန်သည် အခြေခံ မှော်အာဟာရဆေးလုံး သို့မဟုတ် ကာမအားတိုးဆေးဟု သူသတ်မှတ်ထားသည့် အံ့ဖွယ်တစ်သောင်းဆေးလုံးကဲ့သို့ အဆင့်နိမ့်ဆေးများကိုသာ ဖော်စပ်နိုင်သည်ဟု ဖြစ်သည်။
သို့သော် ယခုမူ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ဤသည်မှာ အလတ်စားဆေးလုံးဟု အတည်ပြုပေးနေသည်။ သူ၏ညီငယ်လေးက အလတ်စားဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်ဆိုသည်မှာ ယုံရန်ခက်နေသည်။
ချင်လျန်ချန်းသည် အဆင့်မြင့်ဆေးလုံးများကို မှီဝဲဖူးသည်ဆိုသော်လည်း ဝယ်ယူမှီဝဲခြင်းနှင့် ကိုယ်တိုင်ထုတ်လုပ်ခြင်းမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
ဆေးဖော်စပ်ခြင်းဆိုသည်မှာ အကြိမ်ကြိမ် ကျရှုံးမှုများ၊ စမ်းသပ်မှုများအပြင် လူတိုင်းတွင် မရှိနိုင်သည့် ပါရမီဓာတ်ခံ လိုအပ်သည်။
အထူးသဖြင့် လော့ချန်ကဲ့သို့ နောက်ခံအင်အား သို့မဟုတ် ဂိုဏ်းအထောက်အပံ့မရှိသော ချီ သန့်စင်အဆင့် အလယ်အလတ်ပိုင်း တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးအဖို့ ကျရှုံးမှုဒဏ်ကို များစွာ မခံနိုင်ပေ။
အဖြေမှာ ရှင်းနေသည်။ သူသည် ဆန်းကြယ်လှသော ဆေးဖော်စပ်ခြင်း ပါရမီကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်ရမည်။
"ငါ့တူရာ…. မင်း ဒါကို တော်တော်လေး ဝှက်ထားနိုင်တာပဲ"
ချင်လျန်ချန်းက အပြစ်တင်သလိုလို၊ အံ့သြသလိုလို အကြည့်ဖြင့် ဆိုလိုက်သည်။
လော့ချန်၏ ကျောပြင်တွင် ချွေးအေးများ စိုရွှဲနေသည်ကို သူ မသိရှာပေ။
ခေါင်းငုံ့ထားသော်လည်း အတွေးများနေပုံရသည့် အရပ်ရှည်ရှည် လူငယ်လေးကို ကြည့်ရင်း မီရှုဟွာသည် တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့် လော့ချန်၏ ပုခုံးကို ပုတ်လိုက်သည်။
"ခေါင်းမော့လိုက်၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ချင်နိမ့်နေဦးမယ်၊ ဒါပေမဲ့ မင်းရဲ့ ဂုဏ်သိက္ခာကိုတော့ ဘယ်တော့မှ မလျှော့ပါနဲ့"
ထိုစကားကြောင့် လော့ချန် ခေါင်းမော့ကြည့်လိုက်ရာ အဘိုးအို၏ ကြင်နာတတ်သော ဖခင်တစ်ဦးကဲ့သို့ အပြုံးကို မြင်လိုက်ရသည်။
သူ၏နှလုံးသားမှာ တုန်လှုပ်သွားသော်လည်း အပြင်ပန်းတွင်မူ နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်လုံးများကို ပြူးကြည့်လျက် ပြတ်သားသော အမူအရာကို ပြကာပြောလိုက်သည်။
"ကျွန်တော် မှတ်သားထားပါ့မယ်"
မီရှုဟွာက ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် ဆက်ပြောသည်။
"အခုဆို ဖိုရှန်းဂိုဏ်းမှာ ကျားခုနစ်ကောင်ခန်းမ နဲ့ ဝမ်ယွမ်ရဲ့ ရေနဂါးခန်းမ တို့ ရှိနေပြီ၊ အရာအားလုံးက လမ်းကြောင်းမှန်ပေါ်မှာ ရောက် နေပြီဆိုတော့…. နောက်ထပ် ဆေးဖော်ခန်းမ တစ်ခု တည်ထောင်ဖို့ မင်း ဘယ်လိုထင်သလဲ"
ချင်လျန်ချန်း တုံ့ဆိုင်းသွားပြီး သူ၏အကြည့်မှာ လော့ချန်ထံသို့ အလိုအလျောက် ကျရောက်သွားသည်။
"လော့ချန်.... မင်းကပဲ ဆေးဖော်ခန်းမရဲ့ ခေါင်းဆောင်တာဝန်ကို ယူလိုက်ပါ"
မီရှုဟွာက ဝင်းပသော အပြုံးဖြင့် ဆိုလိုက်သည်။
လော့ချန်မှာ အငိုက်မိသွားပြီး လက်ကို ကမန်းကတန်း ခါကာ ကမန်းကတန်း ငြင်းလိုက်ရသည်။
"ကျွန်တော်က ကျင့်ကြံခြင်းအဆင့်လည်း နိမ့်တယ်၊ ဆေးဖော်တဲ့ အရည်အချင်းလည်း မရှိဘူး၊ ခန်းမတစ်ခုကို ဦးဆောင်ဖို့ မထိုက်တန်ပါဘူး"
"လူငယ်လေး.... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစမ်းပါ"
မီရှုဟွာက လှည့်ထွက်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရှေ့သို့ လျှောက်သွားသည်။
"ငါ မင်းအပေါ် မျှော်လင့်ချက် အကြီးကြီး ထားထားတယ်၊ ဆေးဖော်ခန်းမ တည်ထောင်ပြီးတာနဲ့ ကျန်တဲ့ ခန်းမရှစ်ခုလုံးကလည်း ဝိုင်းဝန်း ကူညီပေးကြလိမ့်မယ်၊ ငါ့မှာရှိတဲ့ ဆေးကျမ်းအချို့နဲ့ ဆေးဖော်နည်း တစ်ခု၊ နှစ်ခုကိုလည်း မင်းကို လေ့လာခွင့်ပေးမယ်”
"ဒါတင်မကဘူး…. ဖိုရှန်းဂိုဏ်းက မြို့တွင်းမှာ ဆိုင်ခန်းတစ်ခု ဝယ်ပေးမယ်၊ အဲဒီမှာ ဆေးဖော်ခန်းမက ထွက်တဲ့ ပစ္စည်းတွေကို သီးသန့်ရောင်းချခွင့် ပေးမယ်”
"လော့လေး.... အားလုံးရဲ့ မျှော်လင့်ချက်ကို မပျက်စီးစေနဲ့နော်"
အထက်ပါ စကားများကို တစ်ဆက်တည်း ပြောသွားသော မီရှုဟွာ၏ လေသံမှာ နွေးထွေးသော်လည်း ဆိုလိုရင်းမှာ နေ့ခင်းကြောင်တောင် မြင်ရသည့် နေမင်းပမာ ရှင်းလင်းလှသည်။ ထိုအရာမှာ အားပေးစကားအဖြစ် ဟန်ဆောင်ထားသော တစ်ချက်လွှတ် အမိန့် သက်သက်သာ ဖြစ်သည်။
ထိုညနှောင်းပိုင်းတွင် လော့ချန်သည် ချင်လျန်ချန်း၏ အိမ်တွင် သူနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။
မုရုံချင်းလျန်က ပြုံးစစဖြင့် စနောက်လိုက်သည်။
“ခန်းမခေါင်းဆောင်လော့….နောက်ဆို ကျွန်မတို့ကို စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်နော်”
လော့ချန် လက်ကို အမြန်ခါလိုက်ရင်း နှိမ့်ချလိုက်သည်။
“ဒေါ်လေးကလည်း နောက်နေပြန်ပြီ၊ ကျွန်တော်က ဒီလို ရာထူးမျိုးနဲ့ တန်တဲ့သူ မဟုတ်ပါဘူး”
"ဟဲဟဲ.... စကားပြောကြဦး၊ ငါတော့ အိပ်တော့မယ်"
မုရုံချင်းလျန်သည် အရက်တစ်အိုး ချပေးကာ ကျော့ရှင်းစွာပင် ထွက်ခွာသွားသည်။
ဧည့်ခန်းထဲတွင် အမျိုးသားနှစ်ဦးသာ ကျန်ရစ်ခဲ့သည်။ တစ်ဦးမှာ အတွေးနက်နေပြီး ကျန်တစ်ဦးမှာမူ ခပ်နွမ်းနွမ်း ပြုံးနေသည်။
ခဏအကြာတွင် ချင်လျန်ချန်း သတိပြန်ဝင်လာသည်။
သူသည် လော့ချန်၏ရှေ့တွင် မှော်စာရွက် တစ်ခုကို အသက်သွင်းလိုက်သည်။
"ဒါက အသံလုံမှော်စာရွက်ပဲ၊ ချီသန့်စင်အဆင့်သမားတွေ ချောင်းနားထောင်တာကို တားဆီးနိုင်တယ်၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကိုတော့ မတားနိုင်ပေမဲ့ တစ်ယောက်ယောက်က ချောင်းနားထောင်တာနဲ့ ဒီစာရွက်က မီးတောက်သွားလိမ့်မယ်"
ထိုမှော်စာရွက်ကို ကြည့်ရင်း ချင်လျန်ချန်းမှာ ရင်ထဲရှိစကားများကို ပွင့်ပွင့်လင်းလင်း ပြောလိုနေကြောင်း လော့ချန် သဘောပေါက်လိုက်သည်။
ရင်ဖွင့်စကား ပြောကြသည်ဆိုသည်မှာ အနည်းငယ်တော့ ရယ်စရာကောင်းသည်။ ချင်လျန်ချန်းသည် လော့ချန်အပေါ် ကျေးဇူးကြွေးရှိသည့် ဝမ်ယွမ်နှင့် မတူသလို အတူတူ ဒုက္ခခံခဲ့ဖူးသည့် အဘိုးချန်နှင့်လည်း မတူပေ။
သို့သော် ဤမြင်ကွင်းမှာ လုံးဝ စိမ်းမနေပေ။ သူတို့နှစ်ဦးမှာ အခါနှောင်းမှ ဆုံတွေ့ရသည့် စိတ်တူကိုယ်တူ မိတ်ဆွေများကဲ့သို့ ခံစားနေရပြီး တစ်ဦး၏ အားနည်းချက်များကို တစ်ဦးက သိရှိနားလည်ကာ သံယောဇဉ် ခိုင်မြဲနေကြသည်။ အထူးသဖြင့် အတူတကွ တိုက်ပွဲဝင်ဖူးပြီးနောက် သူတို့၏ စရိုက်နှင့် စိတ်ဓာတ်မှာ အတော်လေး လိုက်ဖက်ကြောင်း တွေ့ရှိခဲ့ကြသည်။
ထို့ကြောင့် ချင်လျန်ချန်း ဤသို့ အလေးအနက် ပြုလာသောအခါ လော့ချန်လည်း တည်ငြိမ်သွားသည်။
"ဦးလေးချင်.... ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောပါ"
ချင်လျန်ချန်း ခေါင်းအသာညိတ်လိုက်သည်။
"ငါ မေးပါရစေ…. ဆေးဖော်ခန်းမ တည်ထောင်ဖြစ်ခဲ့ရင် မင်း တကယ်ပဲ အောင်မြင်အောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိရဲ့လား"
လော့ချန် ခဏမျှ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။
ချင်လျန်ချန်း၏ မျက်နှာတွင် အံ့သြရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ လော့ချန် ဤမျှ ယုံကြည်မှုရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဒါဆိုရင် မေးခွန်းက.... မင်း ဘာတွေ လိုအပ်လဲ"
"ပထမအချက်…. ဒါဟာ ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို လုံးဝ အနှောင့်အယှက် မဖြစ်စေရဘူး"
လော့ချန်က တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်ပြီးနောက် ထပ်ဖြည့်ပြောသည်။
"ဒါတင်မကဘူး.... ဖိုရှန်းဂိုဏ်းက ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို အပြည့်အဝ အထောက်အပံ့ ပေးရမယ်"
ချင်လျန်ချန်း မျက်မှောင်ကြုတ်သွားသော်လည်း နောက်မှ ခေါင်းညိတ် သဘောတူလိုက်သည်။
"ဒါက မတန်တဆ တောင်းဆိုမှုတော့ မဟုတ်ပါဘူး၊ မင်းရဲ့ ကျင့်ကြံမှုအဆင့် မြင့်လေ၊ ပိုကောင်းတဲ့ ဆေးတွေကို ဖော်စပ်နိုင်လေပဲ၊ မီရှုဟွာ ဒါကို ငြင်းမှာမဟုတ်ဘူး၊ ပြီးတော့ ချီ သန့်စင်အဆင့် အလယ်အလတ်ပိုင်း ကျင့်ကြံသူ တစ်ယောက်ကို ထောက်ပံ့ဖို့ သူမှာ အင်အား ရှိပါတယ်"
"နောက်တစ်ချက်၊ ကျွန်တော် ဖော်စပ်တဲ့ ဆေးလုံးတွေရဲ့ အမြတ်ဝေစုကို ကျွန်တော် ရရမယ်"
ချင်လျန်ချန်း မျက်မှောင်ပြန်ကြုတ်သွားသည်။
"ဒါကတော့ နည်းနည်း ခက်လိမ့်မယ်၊ မင်းရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်လွန်းတော့ ဒီလို ကိစ္စတွေမှာ စကားပြောပိုင်ခွင့် သိပ်မရှိဘူး"
"ကျွန်တော်ကတော့ အသုံးချခံတစ်ယောက်အဖြစ် အလုပ်မလုပ်နိုင်ဘူး"
လော့ချန်က ပြတ်သားစွာ ဆိုလိုက်သည်။
"အသုံးချခံ ဟုတ်လား"
"အကျိုးအမြတ် မရှိဘဲ လုပ်ပေးနေရတဲ့ အသုံးချခံဆိုတာ ခေါင်းပုံဖြတ်ခံရတာနဲ့ အတူတူပါပဲ"
ချင်လျန်ချန်း မျက်မှောင်ကြုတ်ကာ အသေအချာ စဉ်းစားပြီးမှ ဖြည်းဖြည်းချင်း ပြောလာသည်။
"ဒါကတော့ ညှိနှိုင်းရလိမ့်မယ်၊ ငါနဲ့ ငါ့မိန်းမကတော့ မင်းဘက်ကပဲ ရှိနေမှာပါ၊ ဝမ်ယွမ်လည်း ပါမှာပေါ့၊ ဒါပေမဲ့ မီရှုဟွာနဲ့ တခြား ခန်းမခေါင်းဆောင်တွေကတော့ လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး"
"ဒါဆိုရင်လည်း ကျွန်တော် ပူးပေါင်းမလုပ်ဆောင်ဘူး၊ သူတို့လည်း ဒီအကျိုးအမြတ်တွေကို ရဖို့ မမျှော်လင့်နဲ့တော့"
လော့ချန်က ပြတ်သားစွာ ဆိုလိုက်သည်။
ချင်လျန်ချန်း ရယ်မောလိုက်သည်။
"မင်းက ချီသန့်စင်အဆင့် (၅) ပဲ ရှိသေးတာလေ၊ မင်း မပူးပေါင်းရင် ဘာထူးလဲ၊ မင်း သေမှာ မကြောက်ဘူးလား"
"လွတ်လပ်မှုမရှိဘဲ အသက်ရှင်နေရတာထက် သေလိုက်ရတာကမှ မြတ်ဦးမယ်ဗျာ"
လော့ချန်က စိတ်ဓာတ်အပြည့်ဖြင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။
"တကယ်လား"
လော့ချန်၏ မျက်နှာထားမှာ ချက်ချင်းပင် ပျက်သွားတော့သည်။
"ဘယ်ကသာ.... တကယ်တော့ ဘယ်သူက သေချင်မှာလဲဗျာ၊ သက်တောင့်သက်သာနဲ့ အကြာကြီး အသက်ရှင်ချင်တာပေါ့" ဟု မျက်နှာချိုသွေးပြောလိုက်သည်။
ချင်လျန်ချန်းက သူ့အတွက် သေရည်တစ်ခွက် ငှဲ့ပေးရင်း သူကိုယ်တိုင်လည်း တစ်ခွက် သောက်လိုက်သည်။
လော့ချန်သည် စိတ်ညစ်ညူးသော မျက်နှာဖြင့် သေရည်ကို မြည်းစမ်းနေသည်။
သူသည် အသုံးချခံသက်သက် မဖြစ်စေရန် အမြဲ ရှောင်လွှဲခဲ့သော်လည်း နောက်ဆုံးတွင် ထိုကံကြမ္မာနှင့် ထိပ်တိုက် တိုးနေလေသည်။ ပြောရလျှင် ဆေးဖော်စပ်တတ်သည့် တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦး ဖြစ်နေခြင်းက လူတကာ၏ အာရုံစိုက်မှုကို ခံရလွန်းလှသည်။
ယခင်က ဝမ်ယွမ်အား ဒိုင်းအဖြစ် သုံးခဲ့သော်လည်း ယခုအခါ သူ့အား အသုံးချချင်သူများသည် ဝမ်ယွမ်၏ အထက်လူကြီး အပါအဝင် ပိုမို အင်အားကြီးမားသူများ ဖြစ်နေသည်။
ရုတ်တရက် ချင်လျန်ချန်း သေရည်ခွက်ကို ချလိုက်သည်။
"မင်း အဘိုးကြီးယွမ် ဆီ သွားပြီး စကားပြောသင့်တယ်"
"ဘယ်သူလဲ"
"မင်းကို နာနတ်ဝိုင် ရောင်းပေးနေတဲ့ ခြေထောက် မသန်တဲ့ အဘိုးကြီးလေ"
လော့ချန်၏ မျက်လုံးများ ဝင်းပသွားသည်။
"ကွယ်လွန်သူ ခုန်ပျံကျား ရဲ့ အဖေ၊ ရှောင်ယွဲ့ရဲ့ အဘိုးကို ပြောတာလား"
"ဟုတ်တယ်၊ သူက ဒုက္ခိတဖြစ်နေပြီး သားလည်း ဆုံးရှုံးထားရပေမဲ့ ဖိုရှန်းဂိုဏ်းထဲမှာတော့ ဩဇာရှိတုန်းပဲ၊ နဂါးပတ်ကျားက သူ့ရဲ့ တပည့်ဟောင်း ဖြစ်သလို သတ္တုတွင်းခန်းမ ခေါင်းဆောင်သစ်ကလည်း တစ်ချိန်က ခုန်ပျံကျားရဲ့ လက်အောက်ငယ်သားပဲ၊ ဒါ့အပြင် ငါ့ရဲ့ ညီအစ်ကိုအရင်းသဖွယ်ဖြစ်တဲ့ ခယ်ယွဲ့လင်းကိုလည်း ငါ ပြောထားပေးမယ်"
ခယ်ယွဲ့လင်းအကြောင်း ပြောရင်း ချင်လျန်ချန်း ခေတ္တမျှ ရပ်သွားသည်။
"ဒီလိုဆိုရင် ခန်းမခေါင်းဆောင် ထက်ဝက်ကျော်နဲ့ ငါ့အပြင် နောက်ထပ် အကြီးအကဲ တစ်ယောက်က မင်းဘက်က ရှိနေမှာပါ၊ ဒါပေမဲ့ ဒါတွေက နှုတ်ကတိတွေပါပဲ၊ ဘယ်သူမှ ကိုယ်ရမယ့် အကျိုးအမြတ်ကို လွယ်လွယ်နဲ့ လက်လွတ်မှာ မဟုတ်ဘူး၊ မင်းဘက်ကလည်း ပြန်ပေးဆပ်ရမယ့် ကတိအချို့ ပေးရလိမ့်မယ်"
"ဘယ်လို ကတိမျိုးလဲ"
"ဥပမာ- မင်းရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာတဲ့အခါ သူတို့ရဲ့ ကျင့်ကြံခြင်းကို တိုးတက်စေမယ့် ဆေးလုံးတွေ ဖော်စပ်ပေးဖို့၊ ဒါမှမဟုတ် ဆေးဖော်သင်တန်းသား တစ်ယောက်နှစ်ယောက်ကို သင်ပေးဖို့"
ဤနေရာတွင် သူ လော့ချန်အား ကြည့်လိုက်သည်။
"မင်း တခြားသူတွေကို သင်ပေးလို့ ရတယ် မဟုတ်လား"
လော့ချန် ရယ်လိုက်သည်။
"ရတာပေါ့၊ သင်ပေးလို့မှ မတတ်ဘူးဆိုရင်တော့ သူတို့မှာ ဆေးဖော်စပ်တဲ့ ပါရမီ မရှိလို့ပဲပေါ့"
"ကောင်လေး... မင်းက ကြည့်ရတာထက် ပိုပြီး ပါးနပ်တာပဲ"
ချင်လျန်ချန်းက ရယ်မောကာ နောက်ပြောင်လိုက်ပြီးနောက် စူးစမ်းစွာ မေးလိုက်သည်။
"ဒါနဲ့ မင်းရဲ့ နောက်ဆုံး တောင်းဆိုချက်က ဘာလဲ"
လော့ချန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ထာဝရ အသက်ရှင်ခြင်းပဲ၊ သက်တမ်းတိုးစေမယ့် နည်းလမ်းပဲဖြစ်ဖြစ်၊ ဆေးလုံးပဲဖြစ်ဖြစ်၊ ကောင်းကင်ဘုံ ရတနာပဲဖြစ်ဖြစ်…. ဒါကိုပဲ လိုချင်တယ်"
ချင်လျန်ချန်း ဆွံ့အသွားပြီး လော့ချန်ကို ကြောင်ငေးကြည့်နေမိသည်။
"မင်းက အခုမှ အသက် ၂၇ ပဲ ရှိသေးတာလေ"
"နှစ်သစ်ကူးရင် ၂၈ ထဲ ဝင်ပြီဗျ"
"ဒါပေမဲ့ သက်တမ်းနဲ့ ဆိုင်တဲ့ ပစ္စည်းတွေဆိုတာ ဘယ်သူမှ လက်လွှတ်မခံချင်တဲ့ အရာတွေကွ"
ချင်လျန်ချန်းက သက်ပြင်းချလိုက်သည်။
“ဒီလို ရတနာမျိုးသာ ရှိခဲ့ရင် ဘယ်သူက အလကား ပေးချင်မှာလဲကွာ၊ မီရှုဟွာသာ ရခဲ့ရင်တောင် သူကိုယ်တိုင် အရင် သုံးမှာပဲ”
"ကျွန်တော့်မှာ ဓာတ်ကြီးငါးပါး ကျောရိုးရှိသလို၊ မွေးကတည်းကလည်း အားနည်းချက် ပါလာခဲ့တာ၊ ကျင့်ကြံသူတစ်ယောက်က ကျွန်တော့်ကို အသက် ၈၀ ထက် ပိုမရှင်နိုင်ဘူးလို့ ပြောဖူးတယ်။ အဲဒါကြောင့် ကျွန်တော့်မှာ သက်တမ်းတိုးဖို့ တစ်ခုခု လိုအပ်တာ"
"ဒါပေမဲ့…."
"ဦးလေးချင်…. တကယ်တော့ ဒီနောက်ဆုံး တောင်းဆိုချက်ကို ပထမဆုံး တောင်းဆိုချက်အနေနဲ့ ထားလို့ရတယ်ဗျ"
"ဟင်"
ချင်လျန်ချန်း ကြောင်သွားပြီးနောက် တစ်ခုခုကို သဘောပေါက်သွားပုံရသည်။
ခဏမျှ စဉ်းစားပြီးနောက် သူ ဟားတိုက် ရယ်မောလိုက်တော့သည်။
"ကောင်းပြီလေ.... မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"
ညှိနှိုင်းရေး နည်းဗျူဟာကို ဆုံးဖြတ်ပြီးနောက် သူတို့နှစ်ဦးစလုံး စိတ်ပေါ့ပါးသွားကြသည်။
စားသောက်ရင်းနှင့် ချင်လျန်ချန်းက ဖိုရှန်းဂိုဏ်း၏ လျှို့ဝှက်ချက်များနှင့် လူများအကြောင်းကို ဆက်လက် ပြောပြနေသည်။
စကားအဆုံးတွင် သူ၏ လေသံမှာ အတိတ်ကို လွမ်းဆွတ်နေသကဲ့သို့ ဖြစ်နေသည်။
"လော့လေး.... ဒီည အဘိုးကြီးမီက မင်းကို အဲဒီလို ပြောတုန်းက ငါ ဘာတွေ တွေးမိလဲ သိလား"
"ဘာတွေလဲ"
"ခေါင်းမော့လိုက်၊ ကျင့်ကြံခြင်းအဆင့် နိမ့်နေရင်တောင် ဂုဏ်သိက္ခာ ရှိရမယ်၊ ယုံကြည်မှု ရှိရမယ်၊ မင်းအပေါ် မျှော်လင့်ချက်တွေ အများကြီးထားတယ်၊ လူတိုင်းကို စိတ်ပျက်အောင် မလုပ်နဲ့….အဲဒီအချိန်မှာ ငါ တွေးလိုက်မိတယ်၊ ဒီစကားတွေက အဲဒီတုန်းက ငါ့ကို ပြောခဲ့တဲ့ စကားတွေနဲ့ တူလိုက်တာလို့"