လူယုံမွေးသူ
Vol. 8 Ch. 74
ညဉ့်ယံကား ဆိတ်ငြိမ်လှပြီး တစ်လောကလုံး အိပ်မောကျနေဟန် တူသည်။
ချင်လျန်ချန်း၏သားဖြစ်သူ ချင်ရှောင်ဟူ ပိုင်ဆိုင်ခဲ့ဖူးသော အခန်းငယ်လေးထဲတွင် လော့ချန်သည် မအိပ်နိုင်ဘဲ နိုးကြားနေသည်။ သူသည် လက်နှစ်ဖက်ကို ခေါင်းခုလျက် ပက်လက်လှန်နေသော်လည်း သူ၏စိတ်မှာမူ အနားမရနိုင်ဘဲ ရှိနေသည်။
သူသည် ယနေ့ည ဖြစ်ပျက်ခဲ့သမျှကို အကြိမ်ကြိမ် ပြန်တွေးနေမိသည်။
အကယ်၍သာ စားသောက်ပွဲကို မတက်ခဲ့မိပါက ဤအရာများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
လော့ချန်၏ရင်ထဲတွင် စိတ်ပျက်မှု အရိပ်အယောင်တစ်ခု စိုးမိုးနေသည်။ သို့သော် သူသည် ထိုသို့သော အတွေးများကို ချက်ချင်းပင် ဖယ်ထုတ်လိုက်သည်။
ယနေ့ည စုဆုံပွဲ မရှိခဲ့လျှင်ပင် မီရှုဟွာသည် တစ်နေ့မဟုတ် တစ်နေ့ သူ့ထံသို့ ချဉ်းကပ်လာမည်မှာ သေချာသည်။ မီရှုဟွာသည် စိတ်ကူးပေါက်ရာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း ထင်ရှားလှသည်။
သူ၏ အစီအစဉ်များသည် လော့ချန်ကို မြင်လိုက်ရုံမျှဖြင့် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ လော့ချန်၏ နောက်ကြောင်းကို သေချာစုံစမ်းကာ နေထိုင်မှုပုံစံ အသေးစိတ်မှအစ သိရှိထားပြီး ဖြစ်သည်။ လော့ချန် မကြာသေးမီကမှ စတင်ထုတ်လုပ်ခဲ့သော အလတ်စား အံ့ဖွယ်တစ်သောင်းဆေးလုံးကို မီရှုဟွာ လက်ဝယ်ရရှိထားခြင်းကပင် အဖြေဖြစ်နေသည်။
မီရှုဟွာ ထိုဆေးလုံးကို ပိုင်ဆိုင်ထားခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ဘဲ သူ့အား စောင့်ကြည့်နေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သတိပေးချက်တစ်ခုပင်ဖြစ်သည်။ ဤအလတ်စားဆေးလုံး၏ ထူးခြားသော အာနိသင်ကြောင့် ကျင့်ကြံသူများသည် ရရှိသည်နှင့် ချက်ချင်းဆိုသလို အသုံးပြုလေ့ရှိကြသည်။
မီရှုဟွာ ထိုဆေးကို အထူးတလည် ရယူထားခြင်းမှာ သူ၏ ရည်ရွယ်ချက်ကို ပေါ်လွင်စေသည်။
"ဒီနေ့ပွဲ မရှိခဲ့ရင်တောင် သူ ငါ့ဆီ ရောက်လာမှာပဲ၊ အဲဒီအစား ချင်လျန်ချန်း ရှိနေတော့ သူက ယဉ်ယဉ်ကျေးကျေးနဲ့ လူကြီးတစ်ယောက်လို ဟန်ဆောင်ပြီး ငါ့ကို စနစ်တကျ လမ်းညွှန်ပေးနေသေးတယ်လို့ ပြောရမှာပေါ့"
အကြောင်းစုံကို ဆင်ခြင်မိသွားပြီးနောက် လော့ချန်သည် နောင်တရနေခြင်းကို ရပ်တန့်လိုက်ပြီး ရှေ့ဆက်ရမည့် အဆင့်များကို စတင်စဉ်းစားတော့သည်။
ထွက်ပြေးရန်မှာမူ မဖြစ်နိုင်ပေ။ တိုက်ခိုက်ရေးစွမ်းရည် အနည်းငယ်ရှိသော်လည်း ကျင့်ကြံခြင်းအဆင့် နိမ့်လွန်းနေသေးသည်။
ထို့ပြင် သူသည် ပြင်ပလောကအကြောင်းကိုလည်း အနည်းငယ်မျှသာ သိရှိထားသည်။ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည့် တစ်နှစ်ခွဲအတွင်း သူ၏ အချိန်အားလုံးနီးပါးကို တာဟဲဈေးမြို့တော်တွင် အသက်ရှင်ရပ်တည်နိုင်ရေးအတွက်သာ ရုန်းကန်ရင်း ကုန်ဆုံးခဲ့ရသည်။
မရင်းနှီးသော နေရာသစ်တစ်ခုသို့ ပြောင်းရွှေ့ခြင်းမှာ ကုန်ကျစရိတ် အလွန်ကြီးမားပေလိမ့်မည်။
ထို့အပြင် အခြားတစ်နေရာတွင် ဆေးလုံးများ ခဏခဏရောင်းချနေသော တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးသည် အခြားအင်အားစုများ၏ အာရုံစိုက်ခြင်းကို မခံရဘူးဟု မည်သူ အာမခံနိုင်မည်နည်း။ အကယ်၍ ထိုသို့ဖြစ်လာလျှင် တစ်ကျော့ပြန် ထွက်ပြေး ရဦးမည်သာ ဖြစ်သည်။
ဖိုရှန်းဂိုဏ်းတွင် နေထိုင်ခြင်းက ယခင်က ရရှိခဲ့သော လွတ်လပ်မှုအချို့ကို စတေးလိုက်ရခြင်း ဖြစ်နိုင်သော်လည်း ဤဂိုဏ်းတွင် သူနှင့် ရင်းနှီးသူများစွာ ရှိနေပြီး အများစုမှာ ရာထူးကြီးသူများ ဖြစ်ကြသည်။
ဝမ်ယွမ်က သူ့အား အကာအကွယ်ပေးမည်မှာ သေချာသလို၊ ချင်လျန်ချန်းနှင့် မုရုံချင်းလျန်တို့မှာလည်း သူ့အပေါ် ကြင်နာသူများ ဖြစ်ကြသည်။ ကျန်ရှိသော အသိမိတ်ဆွေများလည်း ရှိနေသေးသည်။
"တစ်ကိုယ်တော်ကျင့်ကြံသူရဲ့ လွတ်လပ်မှုကို စတေးပြီး ဆေးဖော်ခန်းမရဲ့ ခေါင်းဆောင် ဖြစ်လာတာက သိပ်တော့ မဆိုးလှပါဘူး"
အခြေအနေအား ပြောင်းလဲရန် မလွယ်ကူသဖြင့် လော့ချန်သည် သူ ခန်းမခေါင်းဆောင် ဖြစ်လာလျှင် မည်သို့သော ရာထူးအခြေအနေမျိုး ရရှိနိုင်မည်ကို ခန့်မှန်းကြည့်တော့သည်။
"ပထမဆုံးအနေနဲ့ ရာထူးအဆင့်အတန်းကတော့ မဆိုးနိုင်ဘူး"
ဤအချက်ကိုမူ လော့ချန် အတော်လေး ယုံကြည်မှုရှိသည်။
ကျင့်ကြံခြင်းလောကတွင် အဓိက အတတ်ပညာကြီး လေးရပ်နှင့်အတူ အခြားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများစွာ ရှိနေကြသည်။ ထိုအတတ်ကျင့်ကြံသူများထဲတွင် ဆေးဖော်ဆရာ တစ်ဦး ဖြစ်လာရန်မှာ အခက်ခဲဆုံးဖြစ်သော်လည်း အနည်းငယ်မျှ အောင်မြင်ရုံဖြင့်ပင် လူအများ၏ ဝိုင်းဝန်းတောင်းဆိုခြင်းကို ခံရတတ်သည်။
အကြောင်းရင်းမှာ ရိုးရှင်းသည်။ ဆေးလုံးများသည် ကျင့်ကြံသူတစ်ဦး၏ တိုးတက်မှုနှင့် တိုက်ရိုက် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ အလွန်ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မည်သူမျှ ဆေးဖော်ဆရာတစ်ဦးကို မစော်ကားရဲကြပေ။ ဤသည်မှာ ဂိုဏ်းကြီးများမှအစ တစ်ကိုယ်တော်ကျင့်ကြံသူ အင်အားစုများအထိ လက်ခံထားသော အမှန်တရားပင်ဖြစ်သည်။
လူတိုင်းသည် အနာဂတ်အတွက် မျှော်လင့်ချက်ဖြင့် ဆေးဖော်ဆရာများနှင့် ရင်းနှီးအောင် ကြိုးစားတတ်ကြသည်။
တာဟဲဈေးမြို့တော်တွင် နေထိုင်စဉ်အတွင်း လူအများက သူ့အပေါ် စေတနာထားခဲ့ကြခြင်းမှာလည်း သူသည် ဆေးဖော်ဆရာတစ်ဦး ဖြစ်နေသောကြောင့် ဖြစ်ပေလိမ့်မည်။ သူ တိုက်ပွဲနှစ်ကြိမ်နှင့် ကြုံတွေ့ခဲ့ရသော်လည်း သူ့အား တိုက်ရိုက်ပစ်မှတ်ထားခြင်းထက် အခြားသောအကြောင်းအရင်းများကြောင့်သာ ဖြစ်သည်။
"အခုတော့ ရာထူးကလည်း တိုးမှာဆိုတော့ ရမယ့် အကျိုးအမြတ်တွေကို စဉ်းစားရတော့မယ်၊ အဲဒါကတော့ မီရှုဟွာနဲ့ ဖိုရှန်းဂိုဏ်းအပေါ် ငါ ဘယ်လောက် ညှိနှိုင်းနိုင်မလဲဆိုတဲ့ အချက်အပေါ် မူတည်လိမ့်မယ်"
လော့ချန်၏ ရင်ထဲတွင် လေးလံမှုကို ခံစားလိုက်ရသည်။ မီရှုဟွာနှင့် ဖိုရှန်းဂိုဏ်းကို ညှိနှိုင်းရန်မှာ ခက်ခဲပေလိမ့်မည်။ ဆေးလုံးဆိုသည်မှာ အကျိုးအမြတ်ဖြစ်ပြီး အကျိုးအမြတ်ရှိရာတွင် လောဘလည်း လိုက်ပါလာတတ်သည်။
သို့သော် လော့ချန်သည် အသုံးချခံသက်သက် ဖြစ်ရန် အစီအစဉ် မရှိပေ။ သူသည် ယခင်ဘဝတွင် အလုပ်အတွက် ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ဖူးသောကြောင့် ယခုဘဝတွင် ထပ်မံ၍ ခေါင်းပုံဖြတ်မခံလိုတော့ခြင်းလည်း ဖြစ်သည်။
"ဒီဘဝကို ကူးပြောင်းလာပြီးမှ အလကား သက်သက် အလုပ်လုပ်ပေးရမယ်ဆိုရင် ဘာထူးမှာလဲ၊ အရင်ဘဝကလည်း သူများအတွက် လုပ်ပေးခဲ့ရတယ်၊ အခုလည်း သူများအတွက်ပဲ လုပ်ပေးနေရမယ်ဆိုရင် ငါ့ရဲ့ ဘဝကူးပြောင်းမှုက အလကားပဲပေါ့…. တကယ်တော့ ဆေးဖော်ခန်းမ ခေါင်းဆောင်ရာထူးကနေ ငါ ရယူနိုင်တဲ့ အကျိုးအမြတ်တွေ အများကြီးရှိပါတယ်"
သူ့အား ယခုအဆင့်ထိ လမ်းညွှန်ပေးခဲ့သော ဆန်းကြယ်သည့် စနစ်ကြီး နှင့် အခြေအနေပြကြေးမုံပြင်ရှိ ကျွမ်းကျင်မှုအမှတ်များသည် ထာဝရအသက်ရှင်ခြင်း အတွက် သူ၏ မျှော်လင့်ချက် အုတ်မြစ်ပင် ဖြစ်သည်။
အကယ်၍ ဆေးဖော်ခန်းမ တည်ထောင်ဖြစ်လျှင် သူ၏ ဆေးဖော်စပ်မှုမှာ ယခင်ကကဲ့သို့ ဆေးဖက်ဝင်ပစ္စည်း တစ်ခုချင်းစီကို စေ့စေ့စပ်စပ် တွက်ချက်နေရသော အိမ်တွင်းမှုလုပ်ငန်းငယ်လေး မဟုတ်တော့ပေ။
ဂိုဏ်းတစ်ခုလုံး၏ ထောက်ပံ့မှုဖြင့် သူ၏ လုပ်ငန်းကို အဆမတန် ချဲ့ထွင်နိုင်မည်မှာ သေချာသည်။ ရလဒ်အနေဖြင့် သူ၏ ဆေးဖော်စပ်ခြင်း ကျွမ်းကျင်မှုမှာလည်း ထိုးတက်သွားပေလိမ့်မည်။
"မီရှုဟွာ ပြောတာတော့ သူ့မှာ ဆေးကျမ်းတွေနဲ့ ဆေးဖော်နည်းတွေ ရှိတယ်ဆိုပဲ၊ ဒါကလည်း ငါ ရနိုင်တဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုပဲ"
လော့ချန်၏ မျက်လုံးများ ဝင်းပသွားပြီး လျှို့ဝှက်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။
မီရှုဟွာနှင့် ချင်လျန်ချန်းတို့ နှစ်ဦးစလုံးက လော့ချန်၏ ဆေးဖော်စပ်ခြင်း ပါရမီမှာ အထူးချွန်ဆုံးဟု ထင်နေကြသော်လည်း လော့ချန်၏ ဆေးဖော်စပ်ခြင်း ပါရမီမှာ ချီးကျူးလောက်သည်အထိ မဟုတ်ကြောင်း သူ့ကိုယ်သူသိသည်။
သူသည် ယခင်က ထျန်းရှန်းမျှော်စင်မှ ရှန်းရှန်းနှင့် စကားပြောဖူးခဲ့သော်လည်း ရှန်းရှန်း၏ မကြာခဏ မေးတတ်သော မေးခွန်းများကို သူ လုံးဝ မဖြေနိုင်ခဲ့ပေ။ ထိုစဉ်က ရှန်းရှန်းမှာ အံ့သြနေခဲ့သည်။ ထိုစဉ်က ရှန်းရှန်းသည် ဆေးဖော်စပ်ခြင်း၏ အခြေခံကိုမသိသော လော့ချန်အား နားမလည်နိူင်ဖြစ်ခဲ့ဖူးလေသည်။
အမှန်စင်စစ် ထိုသို့ဖြစ်ရခြင်းမှာ အကြောင်းရှိသည်။ လော့ချန်၏ ဆေးဖော်စပ်နည်းမှာ ပုံစံတူ ကူးယူခြင်းနှင့် ညွှန်ကြားချက်အတိုင်း လိုက်နာခြင်းသာ ဖြစ်သည်။ သူသည် စနစ်တကျ ဆေးဖော်စပ်ခြင်း သင်တန်းများကို မတက်ရောက်ဖူးသလို အခြေခံသဘောတရား အများအပြားကိုလည်း နားမလည်ပေ။ ယခု သူ သိရှိထားသမျှမှာ ကျရှုံးမှုနှင့် အောင်မြင်မှုများကြားမှ ကိုယ်တိုင် စမ်းတပ်လေ့လာခဲ့ခြင်း၏ အသီးအပွင့်များသာ ဖြစ်သည်။
စနစ်မှ ကျွမ်းကျင်မှု မြင့်တက်လာတိုင်း ရရှိသော အပိုဆောင်း အသိပညာများမှာလည်း မှော်အာဟာရဆေးလုံး နှင့် အံ့ဖွယ်တစ်သောင်းဆေးလုံး တို့အပေါ်၌သာ အသုံးချဖြစ်ခဲ့သည်။
"ငါသာ မီရှုဟွာရဲ့ ဆေးကျမ်းတွေကို ရခဲ့မယ်ဆိုရင် ငါ့ရဲ့ အရည်အချင်းကို အများကြီး တိုးတက်လာမှာ ရေရှည်မှာ ငါ ဖိုရှန်းဂိုဏ်းကနေ ထွက်လာတဲ့တနေ့ ဒီအသိပညာတွေက ငါ့အတွက် အရမ်းတန်ဖိုးရှိမှာပဲ"
ဖိုရှန်းဂိုဏ်းအတွင်းသို့ ဝင်ရောက်ကာ ဆေးဖော်ခန်းမ ခေါင်းဆောင် ဖြစ်လာခြင်းမှာ မဆိုးလှသော ကိစ္စပင် ဖြစ်သည်။ အနည်းဆုံးတော့ သူသည် တစ်ကောင်ကြွက် မဟုတ်တော့ပေ။
ဂိုဏ်းအတွင်း၌ ပဋိပက္ခများနှင့် ပြိုင်ဆိုင်မှုများ ရှိနိုင်သော်လည်း ၎င်းတို့မှာ အတွင်းရေး ကိစ္စများသာ ဖြစ်သည်။ အပြင်ပန်းတွင်မူ သူသည် အကာအကွယ် ရရှိမည် ဖြစ်သလို ရာထူးအဆင့်အတန်းလည်း ရှိပေလိမ့်မည်။ သူသည် တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်တော့ဘဲ အများက ရိုသေလေးစားရသော ဆေးဖော်ဆရာ ဂိုဏ်းခေါင်းဆောင်လော့ ဖြစ်လာတော့မည်။
လော့ချန်သည် အိပ်ရာပေါ်တွင် ဟိုလှည့်ဒီလှည့်ဖြင့် အရှုံးအမြတ်များကို ထပ်ခါတလဲလဲ တွက်ချက်နေမိသည်။
တဖြည်းဖြည်းနှင့် သူ၏ စိတ်မှာ တည်ငြိမ်လာပြီး စိုးရိမ်ပူပန်မှုများ လျော့နည်းသွားသည်။
လိုက်လျောညီထွေ နေထိုင်တတ်ခြင်းမှာ လော့ချန်၏ အားသာချက် တစ်ခုပင် မဟုတ်ပါလော။
ယခင်ဘဝက အလုပ်ကြမ်းသမား ဘဝတွင်လည်းကောင်း၊ ယခုဘဝ တစ်ကိုယ်တော်ကျင့်ကြံသူ ဘဝတွင်လည်းကောင်း သူသည် အခြေအနေအရ လျင်မြန်စွာ ပြောင်းလဲနေထိုင်နိုင်ခဲ့သည်။ ဒုက္ခကြားတွင် ပျော်အောင်နေတတ်ပြီး ဇွဲရှိလျှင် တစ်နေ့ အောင်မြင်မည်ဟု သူ အမြဲ ယုံကြည်ထားသည်။
"အခုတော့ အစကနေ ပြန်စရတာပေါ့" ဟု တွေးကာ အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်ဖြင့် လော့ချန်သည် ငြိမ်းချမ်းစွာ အိပ်မောကျသွားတော့သည်။
နောက်ရက်များတွင် အေးချမ်းနေသည်။ ဆေးဖော်ခန်းမ တည်ထောင်ခြင်းမှာ တစ်ညတည်းဖြင့် ပြီးမြောက်နိုင်သည့် ကိစ္စမဟုတ်ပေ။ ထိုရက်များအတွင်း လော့ချန်သည် ဖိုရှန်းဂိုဏ်းသို့ မသွားဘဲ အိမ်၌သာ နေရင်း သူ၏ အိမ်ကို ပြင်ဆင်နေကြသော ညီငယ်များကို ကြည့်နေလိုက်သည်။
တစ်ဖက်တွင်လည်း သူသည် အဆင့်မြင့်သစ်သားအချို့ကို အသုံးပြုကာ သစ်သားထည်အချို့ကို ကိုယ်တိုင် ပြုလုပ်နေသည်။
“ရှင် ဘာတွေ လုပ်နေတာလဲ”
ကူချိုင်ယီက ဒန်းပေါ်တွင် ထိုင်ရင်း လော့ချန်၏ အလုပ်များကို စပ်စုမေးမြန်းလာသည်။
ဝှစ်….
လော့ချန်၏ လက်တစ်ချက် လှုပ်ရှားလိုက်ရာ ဘီးတပ်ထားသော ကုလားထိုင်တစ်လုံးသည် သူ၏ လက်အောက်တွင် လည်ပတ်သွားသည်။ ဘီးတပ်ကုလားထိုင် ပြုလုပ်ခြင်းမှာ သူ ကျောင်းသားဘဝက အထူးပြုခဲ့သော အတတ်ပညာတစ်ခုပင်ဖြစ်သည်။
“ဒါက ဘီးတပ်ကုလားထိုင်လို့ ခေါ်တယ်၊ လမ်းလျှောက်ဖို့ အခက်အခဲရှိတဲ့ သူတွေအတွက်ပေါ့”
ကူချိုင်ယီ အံ့သြသွားသည်။
“ရှင်ပြောတာက လမ်းမလျှောက်နိုင်တဲ့သူတွေ အလွယ်တကူ သွားလာနိုင်ပြီး ကောင်းကင်ပေါ်မှာတောင် ပျံနိုင်တဲ့ ဘီးတပ်ကုလားထိုင်မျိုးလား”
လော့ချန် ခေါင်းညိတ်ကာ ထိုကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်သည်။ လက်ဖြင့် တွန်းစရာ မလိုဘဲ ချီစွမ်းအင် အနည်းငယ် ထုတ်လွှတ်လိုက်ရုံဖြင့် ကုလားထိုင်မှာ ရွေ့လျားသွားတော့သည်။ သူသည် ရင်ပြင်အတွင်း၌ ကုလားထိုင်ကို ဟိုဟိုဒီဒီ မောင်းနှင်ပြနေသည်။
“နှမြောစရာပဲ၊ ငါက အစီအရင် တွေအကြောင်း မသိဘူးဖြစ်နေတာ၊ မဟုတ်ရင် အစီအရင်အချို့ ထည့်ပြီး ဝိညာဉ်ကျောက်တုံးနဲ့ မောင်းလို့ရအောင် လုပ်လိုက်ရင် တော်တော်လေး အရောင်းသွက်မှာ”
အမှန်စင်စစ် ဘီးတပ်ကုလားထိုင်များကို ဤကမ္ဘာတွင် တီထွင်ထားပြီးသား ဖြစ်သည်။
ပျံလွှားမြို့ စတင်တည်ထောင်စဉ်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက တီထွင်ခဲ့သည်ဟု ဆိုကြသည်။ ရာစုနှစ်များစွာ ကြာပြီးနောက်တွင် ၎င်းမှာ ထိုမြို့၏ ထင်ရှားသော မှော်လက်နက် တစ်ခု ဖြစ်လာခဲ့သည်။
သို့သော် တာဟဲဈေးမြို့တော်တွင်မူ ဤပစ္စည်းကို မည်သူမျှ မရောင်းချကြသေးပေ။ အဓိက အကြောင်းရင်းမှာ လိုအပ်ချက် နည်းပါးခြင်းကြောင့် ဖြစ်သည်။ မသန်စွမ်းသော ကျင့်ကြံသူများသည်ပင် သူတို့ဘာသာ သွားလာနိုင်သော နည်းလမ်းများ ရှိကြသည်။
တာဟဲဈေးမြို့တော်မှာ အလွန်ဝေးလံလှပြီး ရတနာနန်းဆောင်မှ ရောင်းချသော မှော်လက်နက် အများစုမှာလည်း သယ်ယူပို့ဆောင်ရေး လွယ်ကူသော ပစ္စည်းများသာ ဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံသူအများစုမှာ ဘီးတပ်ကုလားထိုင် အကြောင်း ကြားဖူးကြသော်လည်း လက်တွေ့တွင်မူ တစ်ခါမျှ မမြင်ဖူးကြပေ။
“ဖယ်စမ်း၊ ကျွန်မ စမ်းကြည့်ချင်တယ်”
ကူချိုင်ယီ ချက်ချင်းပင် ခုန်ထလိုက်သည်။
လော့ချန်သည် ကျောက်သားခုံပေါ်တွင် ထိုင်ရင်း ကုလားထိုင်ကို ပျော်ရွှင်စွာ စီးနေသော ကူချိုင်ယီကို ကြည့်ကာ စိတ်သက်သာရာ ရသွားသည်။
ဤလက်ဆောင်လေးမှာ တန်ဖိုးမကြီးသော်လည်း စေတနာ အပြည့်ပါသည်။ ၎င်းမှာ အဘိုးကြီးယွမ်နှင့် စကားစမြည်ပြောရာတွင် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။
“ခင်ဗျား အိမ်မှာနေတာ အရင်ကထက် ပိုများလာသလိုပဲ၊ ထျန်းရှန်းမျှော်စင်မှာ အလုပ်မများဘူးလား” ဟု လော့ချန်က စပ်စုမေးမြန်းလိုက်သည်။
ကုလားထိုင်ကို ပျော်ရွှင်စွာ ဆော့ကစားနေရင်း ကူချိုင်ယီက “အဲဒီအလုပ်ကနေ ထွက်ဖို့ ကျွန်မ ဆုံးဖြတ်ထားတယ်” ဟု ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေသည်။
လော့ချန် အံ့သြသွားသော်လည်း မကြာမီပင် ကျိုးကြောင်းဆီလျော်ကြောင်း တွေ့ရှိလိုက်သည်။
ထျန်းရှန်းမျှော်စင်၏ ရာထူးအပြောင်းအလဲများကို ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ရှန်းရှန်း ပြောခဲ့သည့်အတိုင်း နောက်ထပ် တာဝန်ကျမည့်သူမှာ စိတ်အပြောင်းအလဲ မြန်ပြီး အနိုင်ကျင့်တတ်သော ပိုးပန်းပင်ဂိုဏ်း မှ ကြီးကြပ်ရေးမှူး အစ်ကိုဟွား ဖြစ်သည်။
ကူချိုင်ယီ၏ စရိုက်နှင့်ဆိုလျှင် ထိုသို့သောသူ၏ လက်အောက်တွင် အလုပ်လုပ်ရခြင်းမှာ ဒုက္ခရောက်ရန်သာ ရှိသည်။
သူ မရောက်လာခင် ကြိုတင်ထွက်လိုက်ခြင်းကသာ အကောင်းဆုံးပင်ဖြစ်သည်။
“ဒါဆို.... အဲဒီနောက်ပိုင်း ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ”
“မဆုံးဖြတ်ရသေးဘူးလေ၊ မြို့ထဲက ဆိုင်ကြီး ခြောက်ဆိုင်မှာ အလုပ်လိုမယ့် နေရာရှိမလားဆိုတာ သွားကြည့်ပြီး ကံစမ်းကြည့်ရမှာပဲ”
ကျောက်စိမ်းအိုး နယ်မြေအား ကျောက်စိမ်းအိုး ဓားဂိုဏ်း နှင့် အခြားဂိုဏ်း (၁၅) ဂိုဏ်းတို့ ပူးပေါင်း တည်ထောင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနယ်မြေအတွင်း၌ ထိုဂိုဏ်းကြီးများ၏ လုပ်ငန်းခွဲများစွာ ရှိနေသည်။
တာဟဲဈေးမြို့တော်မှာ ဝေးလံလှသော်လည်း မသေးလှပေ။ ကျင့်ကြံသူဦးရေ သုံးသောင်းခန့်အထိ တိုးပွားလာသော်လည်း ကျပ်ညပ်နေခြင်း မရှိပေ။
အရှေ့ပိုင်းလွင်ပြင်၏ ဝမ်တောင်တန်းကြီးနှင့် နီးကပ်နေသည့်အတွက် တာဟဲဈေးမြို့တော်သည် အရင်းအမြစ်များ တူးဖော်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။
ရလဒ်အနေဖြင့် ဤနေရာတွင် ဂိုဏ်းကြီး ခြောက်ဂိုဏ်း၏ စီးပွားရေးလုပ်ငန်းများနှင့် ဂိုဏ်းငယ်လေးများ၏ ဆိုင်ခန်းပေါင်းများစွာ ရှိနေသည်။ ဂိုဏ်းကြီး ခြောက်ဂိုဏ်းသည် သူတို့၏ လုပ်ငန်းများကို ကြီးကြပ်ရန်အတွက် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို သီးသန့်ထားရှိလေ့ရှိသော်လည်း ဂိုဏ်းငယ်များမှာမူ ချီ သန့်စင်အဆင့်သမားများဖြင့်သာ စီမံကြသည်။
ဆယ်နှစ်ပြည့်သည့် ကာလမှာ အလွန် အထိခိုက်မခံသော အချိန်ဖြစ်သည်။ ဆယ်နှစ်ပြည့်တိုင်း ဤနေရာတွင် တာဝန်ကျသော ကျင့်ကြံသူများကို အလှည့်ကျ လဲလှယ်လေ့ရှိသည်။ မည်သူမျှ ပထမအဆင့် ဝိညာဉ်ကြောသာရှိသော ဤဈေးကွက်မြို့လေးတွင် ကြာရှည်စွာ မနေလိုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အလှည့်ကျ စနစ်ကို ကျင့်သုံးကြခြင်းပင်ဖြစ်သည်။
ယခုအကြိမ်တွင် ပိုးပန်းပင်ဂိုဏ်း၏ ထျန်းရှန်းမျှော်စင်အပြင် မှော်စာရွက်ဂိုဏ်း၏ နတ်ဘုရားမှော်စာရွက်နန်းဆောင်၊ ဓာတ်ကြီးငါးပါးဂိုဏ်း၏ လင်ယွမ်နန်းဆောင် တို့တွင်လည်း ရာထူးအပြောင်းအလဲများ ရှိနေသည်။
ရာထူးအပြောင်းအလဲများစွာ ရှိနေသဖြင့် အလုပ်အကိုင် အခွင့်အလမ်းအချို့လည်း ပေါ်ပေါက်လာပေလိမ့်မည်။
ကူချိုင်ယီသည် ရုပ်ရည်လှပသလို ချီသန့်စင်အဆင့် အဆင့်ကိုးသို့လည်း ရောက်ရှိနေပြီဖြစ်သည်။ ထျန်းရှန်းမျှော်စင်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သဖြင့် ဧည့်ဝတ်ကျေပွန်မှုနှင့် လူမှုဆက်ဆံရေးတွင်လည်း ကျွမ်းကျင်လှသည်။ အကယ်၍ မျှော်လင့်ချက် အရမ်းမမြင့်ပါက အလုပ်အကိုင်အသစ် ရှာဖွေရန် မခက်ခဲနိုင်ပေ။
“ရှင်က ဘာလို့ မေးတာလဲ”
“သူငယ်ချင်းအချင်းချင်း စိုးရိမ်လို့ မေးတာပေါ့”
“ဟွန့်.... ကျွန်မကတော့ ကျွေးထားမယ်များ ပြောမလားလို့ စောင့်နေတာ”
“အင်း.... အဲဒါကလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူးပေါ့။”
ရုတ်တရက် ကူချိုင်ယီ၏ ဘီးတပ်ကုလားထိုင်မှာ ရပ်တန့်သွားသည်။ သူမသည် လော့ချန်အား စူးစိုက်သော အကြည့်ဖြင့် ကြည့်လိုက်တော့သည်။