← Chapters

လူယုံ ရှာပုံတော်

Vol. 8 Ch. 75

လူယုံ ရှာပုံတော်

Vol. 8 Ch. 75

နေဝင်ချိန်၏ ရွှေရောင်အလင်းတန်းများက လမ်းမများပေါ်သို့ ကျရောက်နေပြီး အိမ်တန်းလျားများ၏ အရိပ်များမှာ ရှည်လျားစွာ ဆန့်ထွက်နေသည်။

နွေးထွေးသော အလင်းရောင်အောက်တွင် လော့ချန်သည် အိမ်ငယ်လေးတစ်ခု၏ ဝင်ပေါက်တွင် ရပ်ကာ နေ့တာကုန်ဆုံးသွားသည်ကို ကြည့်ရင်း သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။

အဘိုးကြီးယွမ်နှင့် ညှိနှိုင်းမှုမှာ ထင်ထားသည်ထက် ပို၍ အဆင်ပြေခဲ့သည်။ နာနတ်ဝိုင်ကြောင့် ဖြစ်ပေါ်ခဲ့သော ရင်းနှီးမှုကြောင့်လော၊ သို့မဟုတ် ရှောင်ယွဲ့အတွက် ခိုင်မာပြီး ဝင်ငွေကောင်းသော အလုပ်တစ်ခု စီစဉ်ပေးခဲ့၍လော မပြောတတ်ပေ။ အကြောင်းရင်း မည်သို့ပင်ရှိစေကာမူ၊ လော့ချန် အထူးမှာယူပြုလုပ်ထားသော ဘီးတပ်ကုလားထိုင်အား ယူဆောင်လာပြီး သူ၏ရည်ရွယ်ချက်ကို ပြောပြသောအခါ အဘိုးအိုက ငြင်းဆိုခြင်း မပြုခဲ့ပေ။

သူသည် သတ္တုတွင်းခန်းမ၏ ခေါင်းဆောင်သစ် နဂါးပတ်ကျား နှင့် စကားပြောပေးမည်ဟု ဆိုလာသည်။

အာမခံချက် မပေးနိုင်သော်လည်း ဤသည်မှာ ရှေ့သို့ လှမ်းလိုက်သော ခြေလှမ်းကောင်းတစ်ခုပင်ဖြစ်သည်။

သူ့နောက်တွင် မိန်းကလေးငယ်တစ်ဦး၏ နူးညံ့ပြီး ကြောက်ရွံ့သည့် အသံ ထွက်ပေါ်လာသည်။

"အစ်ကိုလော့၊ အဘိုးက ဒါကို အစ်ကို့ကို ပေးခိုင်းလိုက်လို့ပါရှင်"

လော့ချန် လှည့်ကြည့်လိုက်ရာ ရှောင်ယွဲ့လေးက ကျောက်စိမ်းရောင် ဗူးသီးခြောက်ဘူးလေးကို လက်ကလေးနှစ်ဖက်ဖြင့် ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

"အဘိုးက အဲဒီကုလားထိုင်ကို တော်တော်သဘောကျတယ်တဲ့"

လော့ချန်သည် ထိုဗူးသီးဘူးလေးကို လှမ်းယူကာ စမ်းသပ်ကြည့်လိုက်ရာ အံ့အားသင့်သွားရသည်။ အရည်အသွေးမှာ အလွန်ထူးခြားပြီး အနည်းဆုံး သက်တမ်းတစ်ရာခန့် ရှိနေပြီဖြစ်သည်။ အကယ်၍ အစီအရင်များသာ ထွင်းထုထားပါက အဆင့်နိမ့် မှော်လက်နက်တစ်ခုဟုပင် သတ်မှတ်၍ ရနိုင်သည်။

"အဘိုးကြီးယွမ်က တကယ်ပဲ ဒီလောက် ရက်ရောတာလား"

ထိုအတွေးက လော့ချန်၏ စိတ်ထဲ ဖြတ်ပြေးသွားပြီး မိမိကိုယ်ကိုယ် ပြန်ရယ်မိသွားသည်။

အမှန်ပင်၊ အဘိုးကြီးယွမ်သည် ကပ်စေးနှဲလှသော အဘိုးကြီး ချန်ရှို့ဖိန်နှင့် မတူပေ။ သူသည် အတွင်းရော အပြင်ပါ ရက်ရောသော အဘိုးအိုတစ်ဦး ဖြစ်သောကြောင့်လည်း ခုန်ပျံကျား နှင့် နဂါးပတ်ကျား ကဲ့သို့သော ခန်းမခေါင်းဆောင် နှစ်ဦးကို လေ့ကျင့်ပေးနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

လော့ချန်က ဗူးသီးဘူးကို အသာအယာ လှုပ်ကြည့်လိုက်ရာ အတွင်းမှ အရည်များ လှုပ်ခတ်သံ ထွက်ပေါ်လာသည်။

"ရှောင်ယွဲ့.... ဒီနေ့ ဈေးရောင်းတာ ဘယ်လိုလဲ"

သူ မေးလိုက်သည်။

မိန်းကလေးငယ်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းပသွားသည်။

"ကောင်းတယ်၊ အစ်ကိုသင်ပေးတဲ့အတိုင်း ဈေးဝယ်တွေကို လှမ်းခေါ်ကြည့်တာ မုန့်လာဝယ်တဲ့သူတွေ အများကြီးပဲ၊ ဒါပေမဲ့...."

သူမ၏ စိတ်လှုပ်ရှား‌နေသံလေးမှာ ဝေခွဲမရသည့် အရိပ်အယောင်လေးအဖြစ် ပြောင်းလဲသွားသည်။

လော့ချန် ပြုံးလိုက်မိသည်။ သူမလေး အတော် အရွယ်ရောက်လာပြီဖြစ်သည်။ သူ ဤမိန်းကလေးငယ်နှင့် စတင်ဆုံတွေ့စဉ်က သူမသည် လူစိမ်းကြောက်သော သားရဲငယ်လေးနှင့် တူလှသည်။ နောက်ပိုင်းတွင် သူမ ဈေးစရောင်းဝံ့လာသော်လည်း လူများအား ရင်မဆိုင်ရဲဘဲ ကြောက်ရွံ့နေဆဲ ဖြစ်သည်။ ယခုမူ တစ်ရက်တည်းနှင့်ပင် သူမ၏ လေသံမှာ တိုးညှင်းနေသေးသော်လည်း ယုံကြည်မှုအသစ်များ ကိန်းအောင်းနေပြီ ဖြစ်သည်။

မှန်ပေသည်။ လော့ချန် တက္ကသိုလ်တက်စဉ်က ခြေအိတ်များ လိုက်ရောင်းကာ ပိုက်ဆံရှာခဲ့စဉ်ကလည်း သူ၏ ယုံကြည်မှုမှာ သိသိသာသာ တိုးတက်လာခဲ့ဖူးသည်။ ကြိုးစားမှုနှင့် ရလဒ်သည် မိမိကိုယ်ကိုယ် ယုံကြည်မှုကို အမြဲ ဆောင်ကြဉ်းပေးတတ် လေသည်။

သူ ပြုံးလျက်ပင် မေးလိုက်သည်။

"ဒါပေမဲ့…. ဘာဖြစ်လို့လဲ"

"လူတွေ အများကြီးက အစ်ကို့ကို ရက်စက်တဲ့ အလုပ်ရှင်လို့ ပြောနေကြတယ်.... အစ်ကိုက သမီးရဲ့ လစာတွေကို ဖြတ်မှာ စိုးလို့ သတိထားပါဦးတဲ့"

ရှောင်ယွဲ့၏ အသံမှာ တိုးသထက် တိုးသွားပြီး လော့ချန်အား စိုးရိမ်တကြီး ကြည့်လာသည်။

လော့ချန် ခဏမျှ ဆွံ့အသွားပြီးမှ ဟားတိုက် ရယ်မောလိုက်တော့သည်။

"ပြောပါစေကွာ၊ မင်းရဲ့ အစ်ကိုလော့က အဲဒီလောက်အထိတော့ ကပ်စေးမနှဲပါဘူး"

လော့ချန်က လက်ကို ဝှေ့ယမ်းကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သော်လည်း ရင်ထဲတွင်မူ အံကြိတ်ကာ‌ရေရွတ်‌နေမိသည်။

"ရက်စက်တဲ့ အလုပ်ရှင် ဟုတ်လား၊ ငါ့တစ်သက်လုံး နိုင်ငံအတွက်၊ လူ့အဖွဲ့အစည်းအတွက်၊ အခုလည်း ကျင့်ကြံခြင်းလောကအတွက် အလုပ်တွေ ကြိုးကြိုးစားစား လုပ်ပေးနေတာ.... ငါက အကျိုးပြုနေတဲ့သူကြီးလေ၊ ဘယ်လိုဖြစ်ပြီး ရက်စက်တဲ့ အလုပ်ရှင် ဖြစ်သွားရတာလဲ၊ ဒီသတင်းကို ဘယ်သူ ဖြန့်နေတာလဲဆိုတာ သိရလို့ကတော့ မလွယ်ဘူးသာ မှတ်လိုက်တော့"

သူ ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ကူချိုင်ယီ တစ်ဦးတည်း ရှိနေသည် မဟုတ်ဘဲ ချင်လျန်ချန်းနှင့် ဇနီးဖြစ်သူ မုရုံချင်းလျန် တို့ကိုပါ တွေ့လိုက်ရသည်။ သူတို့သည် အနောက်ခန်းထဲတွင် တစ်ခုခုကို လက်ညှိုးထိုးပြကာ ဝေဖန်နေကြသည်။

လော့ချန်ကို မြင်သောအခါ မုရုံချင်းလျန်က ပြုံးပြလာသည်။

"မင်းရဲ့အိမ်က ပြင်ပြီးသွားပြီ၊ အရင်ကထက် အများကြီး ပိုကောင်းသွားတယ်နော်"

လော့ချန် မျက်လုံးများ ဝင်းပသွားပြီး “တကယ်လား” ဟု‌ မေးကာ အခန်းထဲသို့ ဝင်ကြည့်လိုက်သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ အလွန်ပင် ကျေနပ်သွားမိသည်။

ယခင်က အခန်းမှာ ကျယ်ဝန်းသော်လည်း တောင် မြောက် မျက်နှာမူထားပြီး လမ်းကြားနှင့်

နီးကပ်နေသောကြောင့် ပြတင်းပေါက် မရှိပေ။ ရလဒ်အနေဖြင့် အခန်းမှာ အလင်းရောင် မရဘဲ စိုထိုင်းနေတတ်သည်။ သို့သော် ယခု ပြုပြင်ပြီးသော အိမ်တွင်မူ အမိုးပေါ်၌ မှန်ပြတင်းပေါက် နှစ်ခု တပ်ဆင်ထားသည်။ ဖန်ပြားများကို အသုံးပြုထားသဖြင့် နေ့အလင်းရောင်သည် အိမ်ထဲသို့ ကောင်းစွာ ဝင်ရောက်နေပြီ ဖြစ်သည်။

ထို့ပြင် အိမ်ပြင်ပေးသော ညီငယ်များက အိပ်ခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်နှင့် ဆေးဖော်ခန်းဟူ၍ အကန့်လေးများ စနစ်တကျ ပြုလုပ်ပေးထားကြသည်။ ယခုမှပင် အိမ်ဆိုသည့် အပြင်အဆင်မျိုး ပေါ်လာတော့သည်။

လော့ချန် အလွန်ဝမ်းသာသွားပြီး "အိမ်သစ်တက်ပွဲ အနေနဲ့ ဒီနေ့ လူတိုင်းအတွက် ငါကိုယ်တိုင် ချက်ကျွေးမယ်"ဟူ၍ အော်ပြောလိုက်သည်။

အားလုံး ပြုံးရွှင်စွာဖြင့် သဘောတူလိုက်ကြသည်။

ထိုည ညစာစားပွဲတွင် လော့ချန်က ဗူးသီးစိမ်းဘူးထဲမှ ဝိုင်ကို ငှဲ့ပေးနေသည်ကို ကြည့်ကာ ချင်လျန်ချန်းနှင့် မုရုံချင်းလျန်တို့ တစ်ဦးကိုတစ်ဦး ကြည့်ကာ ခေါင်းညိတ်ပြလိုက်ကြသည်။

ထိုဗူးသီးမှာ ယွမ်မိသားစု၏ အထူးထုတ်ကုန် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ခုန်ပျံကျားသည် ရှေးဟောင်းလွင်ပြင်မှ ဝိညာဉ်မြေတွင် ပေါက်ရောက်သော ဗူးသီးပင်ကို ယူဆောင်ကာ စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ စစ်မှန်သော ဝိညာဉ်ပင် မဟုတ်သော်လည်း ရှည်လျားသော သက်တမ်းကြောင့် ဝိညာဉ်ဓာတ် အနည်းငယ် ကိန်းအောင်းနေပြီ ဖြစ်သည်။ အဘိုးကြီးယွမ်၏ နာနတ်ဝိုင်မှာ သာမန်ပါဝင်ပစ္စည်းများကို အသုံးပြုသော်လည်း အလွန် အရသာရှိနေခြင်းမှာ ဤသက်တမ်းရင့် ဗူးသီးကြီးများကို အသုံးပြုကာ ဝိုင်ကို နှပ်ထားသောကြောင့် ဖြစ်သည်။

ထိုအရာက ဝိုင်အား ဝိညာဉ်ဝိုင်၏ ဂုဏ်သတ္တိများ ရရှိစေသည်။

ယခု လော့ချန်သည် သက်တမ်းတစ်ရာရှိသော ဗူးသီးစိမ်းဘူးကို လက်ခံရရှိခြင်းမှာ အဘိုးကြီးယွမ်က သူ့အား ကူညီရန် သဘောတူလိုက်ပြီဖြစ်ကြောင်း သက်သေပင် ဖြစ်သည်။ ဤသည်မှာ သတင်းကောင်းပင်ဖြစ်ပေသည်။

အကယ်၍ လော့ချန်သာ ဆေးဖော်ခန်းမကို အမှန်တကယ် ထိန်းချုပ်နိုင်ခဲ့လျှင် သူတို့ ဇနီးမောင်နှံအတွက် ဂိုဏ်းအတွင်း၌ နောက်ထပ် အင်အားကြီး မဟာမိတ်တစ်ဦး ရရှိပေလိမ့်မည်။

ယခု ဖိုရှန်းဂိုဏ်းမှာ ယခင်ကကဲ့သို့ ရိုးရှင်းနေသည် မဟုတ်တော့သဖြင့် သူတို့တွင် မဟာမိတ်များ လိုအပ်သည်။ အမှန်စင်စစ် တစ်ကိုယ်တော်ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော ဤဂိုဏ်းမှာ စတင်ကတည်းက လုံးဝ ကောင်းနေခဲ့သည်တော့ မဟုတ်ပေ။ မီရှုဟွာ၏ ချော့မော့မှုကြောင့် ဂိုဏ်းဝင်ဖြစ်လာခဲ့ကြသော်လည်း ယခုမှသာ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူတို့ သတိထားမိလာကြခြင်း ဖြစ်သည်။

ဝိုင်တစ်ခွက် သောက်ပြီးနောက် လော့ချန်က သူ၏ အကြံပြုချက်ကို စတင်တင်ပြလိုက်သည်။

"မိန်းကလေးချိုင်ယီကို ဖိုရှန်းဂိုဏ်းဝင်ခိုင်းချင်ရင် ပြဿနာ ရှိနိုင်မလား"

သူ့ဘေးရှိ ကူချိုင်ယီမှာ သိသိသာသာပင် တုန်လှုပ်သွားသည်။ ဤသည်မှာ သူမ၏ အနာဂတ် ကျင့်ကြံခြင်း အထောက်အပံ့များနှင့် တိုက်ရိုက် သက်ဆိုင်နေသည် မဟုတ်ပါလော။

ချင်လျန်ချန်းက မဆိုင်းမတွပင် ပြန်ဖြေသည်။

"ပြဿနာ နဲနဲတော့ ရှိလိမ့်မယ်၊ ဒါပေမဲ့ သိပ်တော့ မကြီးပါဘူး၊ အဓိကက မင်း သူမကို ဆေးဖော်ခန်းမမှာ ထားချင်နေတာမလား"

"ဖိုရှန်းဂိုဏ်းက တာဟဲဈေးမြို့တော်က တစ်ကိုယ်တော်ကျင့်ကြံသူတွေကို အမြဲ ကြိုဆိုနေတာပါ၊ အဆင့်နိမ့်ကျင့်ကြံသူတွေကိုတော့ သိပ်တန်ဖိုးမထားပေမဲ့ အလယ်အလတ်အဆင့် ကျင့်ကြံသူတွေကိုတော့ အမြဲလက်ခံလိုက်တာပဲလေ၊ ဒါပေမဲ့ အဆင့်မြင့်ကျင့်ကြံသူတွေ အတွက်ဆိုရင်တော့ ထောက်ခံပေးမယ့်သူလည်း လိုအပ်တယ်"

မုရုံချင်းလျန်က သေချာ ရှင်းပြလာသည်။

လော့ချန်က ပြုံးလျက် မေးလိုက်သည်။

"ဦးလေးချင်နဲ့ ဒေါ်လေးတို့ကိုယ်တိုင် ထောက်ခံပေးမယ်ဆိုရင်တော့ ဒါက ပြဿနာ မဟုတ်တော့ဘူး မဟုတ်လား"

မုရုံချင်းလျန်က ခေါင်းခါပြရင်း ဆိုသည်။

"အဲဒါက သာမန် အဆင့်မြင့်ကျင့်ကြံသူတွေအတွက်ပဲ‌၊ ချီ သန့်စင်အဆင့်ကိုးဆိုရင် ဂိုဏ်းချုပ်ရဲ့ သဘောတူညီချက် လိုအပ်တယ်၊ ဓားကျိုး ရွှီရန်ခယ် ဂိုဏ်းဝင်လာတုန်းကလည်း ဂိုဏ်းချုပ်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာ"

ကူချိုင်ယီ၏ စိုးရိမ်နေသော မျက်နှာကို ကြည့်ကာ မုရုံချင်းလျန်၏ အမူအရာမှာ တည်ကြည်သွားသည်။

"ဒါ့အပြင် ဆေးဖော်ခန်းမ တည်ထောင်ပြီးရင်လည်း ဘယ်သူတွေကို ဘယ်နေရာမှာ နေရာချမယ်ဆိုတာ မသေချာသေးဘူး၊ မင်းက ချိုင်ယီအတွက် နေရာတစ်ခု အခုကတည်းက ဖယ်ထားမယ်ဆိုရင် မီရှုဟွာ သဘောတူချင်မှ တူမှာ"

ထိုစကားအဆုံးတွင် ပတ်ဝန်းကျင်မှာ အနည်းငယ် တိတ်ဆိတ်သွားရသည်။

ခဏအကြာတွင် လော့ချန်က အေးအေးဆေးဆေးပင် ဆိုသည်။

"ဆေးဖော်ခန်းမမှာ ကျွန်တော် ယုံကြည်ရမယ့် ချီ သန့်စင်အဆင့်ကိုး ကျင့်ကြံသူ တစ်ယောက်တော့ လိုအပ်တယ်ဗျ"

ချင်လျန်ချန်း သက်ပြင်းချလိုက်သည်။ သူသည် အကြီးအကဲအဖြစ် ခန့်အပ်ခြင်း ခံထားရသူ ဖြစ်သည်။ ထို့အပြင် သူ၏ အသစ်တပ်ဆင်ထားသော ညာလက်မှာလည်း ပြန်လည် နာလန်ထူဆဲ ကာလသာ ရှိသေးသဖြင့် သူသည် ဆေးဖော်ခန်းမသို့ ဝင်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ခန်းမတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိစေရန်အတွက် ဖိုရှန်းဂိုဏ်းက အဆင့်မြင့် ကျင့်ကြံသူများကို ထည့်သွင်းပေးမည်မှာ သေချာသည်။ အမှန်စင်စစ် ဤသည်မှာ စောင့်ကြည့်ရန်နှင့် ထိန်းချုပ်ရန်အတွက် အဆင့်မြင့် ကျင့်ကြံသူများကို ထည့်သွင်းခြင်းဟုလည်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။

ဤသို့သော အခြေအနေတွင် လော့ချန်၏ တောင်းဆိုချက်မှာ အလွန် ကျိုးကြောင်းဆီလျော်လှသည်။

"ဒီကိစ္စကိုတော့ သေချာ ညှိနှိုင်းရလိမ့်မယ်" ဟု ပြောကာ ခေါင်းညိတ်လိုက်သည်။

"ဦးလေးကို ဒုက္ခပေးရဦးမှာပဲ" ဟု လော့ချန်က သက်ပြင်းချရင်း ဆိုလိုက်သည်။

ကူချိုင်ယီက မျှော်လင့်ချက်အပြည့်ဖြင့် ခွက်ကို မြှောက်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးချင်၊ အစ်မကြီးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင်"

ညစာစားပွဲ ပြီးခါနီးတွင် လော့ချန်က ဂိုဏ်း၏ အတွင်းရေး အခြေအနေများကို မေးမြန်းလိုက်သည်။

"ဆေးဖော်ခန်းမ တည်ထောင်ဖို့ ဘယ်လောက်အထိ ခရီးရောက်နေပြီလဲဗျ"

"နေရာကတော့ ဆုံးဖြတ်ပြီးပြီ၊ လခြမ်းတောင်ကြားက ဆေးခန်းမနားမှာတင်ပဲ၊ အလုပ်တာဝန်ပေးဖို့ အနေနဲ့တော့ အဆင့်မြင့်ကျင့်ကြံသူတွေနေရာကို မဆုံးဖြတ်ရသေးဘူး၊ ဒါပေမဲ့ ဆေးခန်းမကနေ အလယ်အလတ်အဆင့် ကျင့်ကြံသူ ဆယ်ယောက် ပို့ပေးလိမ့်မယ်၊ ဌာနချုပ်ကလည်း သယ်ယူပို့ဆောင်ရေးနဲ့ အရောင်းအဖွဲ့တွေ ဖွဲ့စည်းဖို့ စဉ်းစားနေတယ်"

မုရုံချင်းလျန်က မသေချာဟန်ဖြင့် "နောက် (၁၀) ရက်ထက် မပိုတဲ့ အချိန်မှာ မင်း ဂိုဏ်းတွင်း အစည်းအဝေးကို တက်ရဖို့ များတယ် "ဟု ထပ်ဖြည့်ပြောသည်။

ဆယ်ရက် ဟုတ်လား အချိန်လုံလောက်ပါတယ်….။

လော့ချန် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

All Chapters