လင်းစန္ဒာ အစည်းအဝေး
Vol. 8 Ch. 76
ဆယ်ရက်ဆိုသော အချိန်သည် များသည်လည်း မဟုတ်၊ နည်းသည်လည်း မဟုတ်ပေ။
ဤတိုတောင်းသော ကာလအတွင်း လော့ချန်သည် သူ၏ကျင့်ကြံခြင်း၌သာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခဲ့သည်။ နေ့စဉ် နွေဦးကျင့်စဉ်ကို ကျင့်ကြံပြီး ချီစွမ်းအင်ဖြည့်ဆေးလုံး နှစ်လုံးကို မပျက်မကွက် မှီဝဲသည်။ ထိုမှတစ်ပါး ကျန်ရှိသမျှကို ဘေးဖယ်ထားသည်။ မှော်အတတ်လေ့ကျင့်ခြင်း၊ လက်ရည်စမ်းခြင်းများကို ရှောင်ကြဉ်ပြီး သူ၏ခြံဝင်းထဲမှပင် အပြင်သို့ ထွက်ခဲလှသည်။
ချင်လျန်ချန်းနှင့် တခြားသူများသည် သူ့အား အခန်းထဲ၌သာ အောင်းနေသည်ကို မြင်တွေ့ရသည်။ ရံဖန်ရံခါတွင် အတွင်းမှ ပေါက်ကွဲသံ သဲ့သဲ့ကို ကြားရတတ်သည်။
သူတို့မှာ စပ်စုချင်စိတ် ဖြစ်မိသော်လည်း မေးမြန်းရန် မဝံ့ရဲကြပေ။ လော့ချန်တစ်ယောက် ဆေးဖော်စပ်ခြင်း သို့မဟုတ် အသစ်အဆန်းတစ်ခုခုကို စမ်းသပ်နေသည်ဟုသာ မှတ်ယူထားကြသည်။
တစ်ဖက်တွင်မူ ဖိုရှန်းဂိုဏ်းအတွင်း၌ အခြေအနေများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုတင်းမာလာနေသည်။
ဆေးဖော်ခန်းမအား မကြာမီ တည်ထောင်တော့မည်ဆိုသော သတင်းမှာ သာမန်ကိစ္စ မဟုတ်ပေ။
ဆေးလုံးဖော်စပ်ခြင်း အတတ်သည် ကျင့်ကြံခြင်း အရင်းအမြစ်များ၏ အခြေခံအုတ်မြစ် ဖြစ်သည်။ မသေမျိုးကျင့်ကြံခြင်း အတတ်ကြီးလေးရပ်ဖြစ်သော ဆေးဖော်စပ်ခြင်း၊ အစီအရင်အတတ်၊ လက်နက်သွန်းလုပ်ခြင်းနှင့် မှော်အတတ်တို့တွင် ဆေးဖော်စပ်ခြင်းသည် တန်ဖိုးအထားရဆုံး ဖြစ်သည်။ အကြောင်းမှာ တတ်မြောက်ရန် ခက်ခဲခြင်း၊ လေ့ကျင့်မှုဆိုင်ရာ စည်းကမ်းချက်များ တင်းကြပ်ခြင်းနှင့် ကုန်ကြမ်းအရင်းအမြစ် အမြောက်အမြား လိုအပ်ခြင်းတို့ကြောင့် ဖြစ်သည်။
ကျင့်ကြံသူတစ်ဦးသည် ဆေးဖော်ဆရာတစ်ဦးအား လေ့ကျင့်ပေးနိုင်ခဲ့လျှင်ပင် ရောင်းတမ်းဝင် အဓိကထုတ်ကုန်မရှိပါက အပြင်သို့ ရောင်းချ၍ အမြတ်ထုတ်နိုင်ရန်ထက် မိမိတို့အတွင်းရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာ တတ်နိုင်ကြသည်က များသည်။ ထို့ကြောင့် ဂိုဏ်းကြီးများတွင်သာ ဆေးဖော်ဆရာများကို လေ့ကျင့်ပေးရန်နှင့် ဆေးဖော်ခန်းမများ တည်ထောင်ရန် အင်အားရှိကြသည်။
ကြီးမားသော ကျင့်ကြံသူမျိုးနွယ်စုကြီးအချို့သည်လည်း ဖြစ်နိုင်လျှင် သူတို့၏မျိုးနွယ်စုဝင်များကို ဆေးဖော်စပ်ခြင်းအတတ် သင်ကြားပေးတတ်ကြသည်။ ထင်ရှားကျော်ကြားသော ဆေးဖော်ဆရာများသည် တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ခဲလှပြီး အားလုံးမှာ ဂိုဏ်းကြီးများ သို့မဟုတ် မှူးမတ်မျိုးနွယ်များမှ ဆင်းသက်လာကြသူများသာ ဖြစ်သည်။
သို့သော် ယခုမူ ဖိုရှန်းဂိုဏ်းသည် ဆေးဖော်ခန်းမ တစ်ခုအား တည်ထောင်တော့မည်ဟု ဂိုဏ်းချုပ်က ထုတ်ဖော်လိုက်ပြီဖြစ်သည်။ ဤသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။
မီရှုဟွာသည် မည်သို့သော နည်းလမ်းဖြင့်မဆို ဆေးဖော်ဆရာတစ်ဦးကို စည်းရုံးနိုင်ခဲ့ပြီဟု ဆိုလိုခြင်း ပင်ဖြစ်သည်။
အကယ်၍ ဂိုဏ်းတွင် ကိုယ်ပိုင်ဆေးဖော်ဆရာ ရှိလာပါက သူတို့ဖော်စပ်သော ဆေးလုံးများကို ဂိုဏ်းသားများအတွက် ဦးစားပေး အသုံးပြုနိုင်မည်။ ကျင့်ကြံခြင်းနှင့် ပတ်သက်သော ဆေးများဆိုလျှင် ပို၍ပင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထိုသို့ မဟုတ်လျှင်ပင် ရောင်းချ၍ရသရွေ့ လူတိုင်းမှာ တစ်နည်းမဟုတ် တစ်နည်းဖြင့် အကျိုးခံစားခွင့် ရရှိကြမည်ဖြစ်သည်။
ဖိုရှန်းဂိုဏ်းအနေဖြင့် ဆေးဖော်ခန်းမ တစ်ခု တည်ထောင်နိုင်လိုက်သည်နှင့် ဂိုဏ်း၏ တိုးတက်မှုမှာ တစ်ဟုန်ထိုး မြင့်တက်လာလိမ့်မည်။ ဂိုဏ်းသို့ ဝင်ရန် တုံ့ဆိုင်းနေကြသူများပင်လျှင် ဆေးဖော်ဆရာတစ်ဦး ရှိနေခြင်းက သူတို့၏ ဆုံးဖြတ်ချက်အား ခိုင်မာသွားစေလိမ့်မည်။
ထို့ကြောင့် ဤကာလအတွင်း ဖိုရှန်းဂိုဏ်း၌ ဆေးဖော်ခန်းမ တည်ထောင်ခြင်းနှင့် ပတ်သက်သမျှ ကိစ္စရပ်အားလုံးမှာ မည်သည့် ကန့်ကွက်မှုမျှမရှိဘဲ အတည်ပြုခြင်း ခံရသည်။ ခန်းမအသစ်အတွက် နယ်မြေ၊ လူအင်အား၊ မှော်လက်နက်များနှင့် ထောက်ပံ့ရေး လမ်းကြောင်းများမှာ လျင်မြန်စွာ ပုံဖော်လာခဲ့သည်။
ဆယ်ရက်မြောက်နေ့တွင် လော့ချန်သည် နောက်ဆုံး၌ အခန်းအောင်းနေရာမှ ထွက်လာခဲ့သည်။ သူ၏ ဝတ်ရုံများတွင် ဖုန်မှုန့်များ ကပ်ငြိနေပြီး မျက်နှာမှာ နွမ်းနယ်ကာ မျက်လုံးများမှာ သွေးကြောများဖြင့် နီမြန်းနေသည်။
တည်ငြိမ်ကျော့ရှင်းလှသော လူငယ်လေးသည် ယခုမူ မီးခိုးနှင့် မီးလျှံများကြားတွင် တိုက်ပွဲဝင်ထားရသကဲ့သို့ပင်ဖြစ်သည်။
မုရုံချင်းလျန်က သူ့အား မြင်သောအခါ အံ့ဩတကြီးဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။
"နေကောင်းရဲ့လား ဘယ်လိုဖြစ်လို့ ဒီလောက်တောင် လူက ပျက်သွားရတာလဲ"
"ဘာမှမဖြစ်ပါဘူး၊ ဆေးဖော်စပ်ရင်း ပုံမှန်ကြုံနေကျ ကျရှုံးမှုတွေနဲ့ အဆင်မပြေမှုတွေကြောင့်ပါ"
လော့ချန်က လက်ကာပြရင်း ဆိုလိုက်သည်။ သူသည် အပြင်၌ စောင့်နေသော လူသုံးယောက်အား ကြည့်ကာ အချိန်ကို ခန့်မှန်းလိုက်သည်။
"ဒီနေ့ပဲ မဟုတ်လား"
"ဟုတ်တယ်၊ ဒီနေ့ပဲ"
လော့ချန်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒါဆို သွားကြရအောင်"
ဤသည်မှာ လော့ချန် ဖိုရှန်းဂိုဏ်း၏ ဗဟိုဌာနချုပ်သို့ ဒုတိယအကြိမ်မြောက် ရောက်ရှိခြင်း ဖြစ်သည်။
ပထမအကြိမ်မှာ အဆုံးအဖြတ်စင်မြင့်တွင် အနိုင်ရပြီးနောက် အောင်ပွဲခံ ညစာစားပွဲအတွက် လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူ၏ ဆက်ဆံရေးများမှာ ဆေးခန်းမ တည်ရှိရာ လခြမ်းတောင်ကြားတွင်သာ ကန့်သတ်ထားခဲ့သည်။ ဆေးဖော်ခန်းမကိုလည်း ထိုနေရာ၌ပင် ဆောက်လုပ်မည်ဟု သူ ကြားသိထားသည်။
အဘယ်ကြောင့် ဌာနချုပ်တွင် မဆောက်သနည်းဟု မေးလျှင် လခြမ်းတောင်ကြားမှာ ပိုမို ဘေးကင်းပြီး ဆေးဖော်စပ်ရန် ပို၍ သင့်တော်သောကြောင့် ဖြစ်သည်ဟု ဂိုဏ်းက ဆိုသည်။ လော့ချန်ကမူ ဤကိစ္စအပေါ် မည်သည့် မှတ်ချက်မျှ မပေးခဲ့ပေ။
အစောပိုင်း ကိစ္စရပ်များအား သူတို့ သဘောအတိုင်း လွှတ်ထားနိုင်သည်။ သို့သော် ယခုအချိန်မှစ၍ အသေးစိတ် ညှိနှိုင်းရမည့် အချိန် ရောက်ပြီဖြစ်သည်။
လင်းစန္ဒာခန်းမထဲသို့ ဝင်လိုက်သောအခါ ဖိုရှန်းဂိုဏ်း၏ အရေးပါသော ပုဂ္ဂိုလ်အားလုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ အကြီးအကဲ လေးဦးဖြစ်သော ဝမ်ယွမ်၊ ချင်လျန်ချန်း၊ လော့ဝူတီ နှင့် စီကုန်းရှို့ကျား အပြင် ခန်းမခေါင်းဆောင် ရှစ်ဦးထဲပါဝင်သော တိုက်ခိုက်ရေး ခန်းမခေါင်းဆောင် သုံးဦးဖြစ်သူ ကျားနာ ကျန်းဝမ်၊ နဂါးလိမ်ကျား ယန်ဝေနှင့် အကြီးအကဲ ရာထူးပါ ယူထားသော လော့ဝူတီ တို့ ရှိနေကြသည်။
ကျန်သူများမှာမူ ဆေးခန်းမမှ မုရုံချင်းလျန်၊ သားရဲခန်းမမှ ခယ်ယွဲ့လင်း၊ သတ္တုတွင်းခန်းမမှ ကျန်းရှီချုံး၊ ကုသိုလ်မှတ်တမ်းခန်းမမှ မီကျွင်းဖျင်နှင့် ဝမ်ယွမ် ဦးဆောင်သော အသစ်တည်ထောင်သည့် ရေနဂါးခန်းမ တို့ ဖြစ်သည်။
အကယ်၍ ဆေးဖော်ခန်းမသာ ပေါင်းထည့်လိုက်လျှင် လော့ချန်သည် ထိုခန်းမ၏ ခေါင်းဆောင် ဖြစ်လာပေလိမ့်မည်။
သို့ဆိုလျှင် ဤလူများသည် ဖိုရှန်းဂိုဏ်းတစ်ခုလုံးတွင် ဩဇာအရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်လာကြပေမည်။
အမှန်စင်စစ် ဤလူများ၏ အထက်တွင် ဂိုဏ်း၏ အမြင့်ဆုံးနှင့် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မီရှုဟွာ ရှိနေသည်။
လော့ချန်နှင့် အဖွဲ့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ဆူညံနေသော လခြမ်းခန်းမကြီးမှာ ရုတ်ခြည်း တိတ်ဆိတ်သွားသည်။
"ဟားဟား.... ငါတို့ရဲ့ ဆေးဖော်ခန်းမ ခေါင်းဆောင် အားလုံး လေးစားရတဲ့ ဆေးဖော်ဆရာ လော့ချန်ကို ကြိုဆိုကြစို့"
မီရှုဟွာက အားရပါးရ ရယ်မောရင်း ပထမဆုံး ထရပ်ကာ ကြိုဆိုလိုက်သည်။
အခြားသူများလည်း ထရပ်ကာ လော့ချန်အပေါ် အမြင့်ဆုံး လေးစားမှုကို ပြသကြသည်။
လော့ချန်က ပြုံးလျက် လက်နှစ်ဖက်ကို စုကာ အရိုအသေ ပြန်ပြုလိုက်သည်။
သူ၏ မျက်လုံးများမှာ ထိုနေရာရှိ လူတိုင်း၏ အမူအရာကို မှတ်တမ်းတင်ထားသကဲ့သို့ပင် ရှိသည်။
မျက်မှောင်ကြုတ်နေသော ဝမ်ယွမ်၊ ကြင်နာတတ်သော ချင်လျန်ချန်းနှင့် သူ၏ဇနီး၊ မျက်စိမှိတ်ပြနေသော ကျန်းဝမ်။ သူ့အား အကဲခတ်နေသော နဂါးပတ်ကျား ယန်ဝေနှင့် သတ္တုတွင်းခန်းမ ခေါင်းဆောင် ကျန်းရှီချုံး၊ သံသယအကြည့်ဖြင့် ကြည့်နေသော လော့ဝူတီ၊ စီကုန်းရှို့ကျားနှင့် သားရဲခန်းမမှ ခယ်ယွဲ့လင်း။ မီကျွင်းဖျင်ကမူ မည်သည့် အမူအရာမျှ မပြဘဲ မီရှုဟွာ၏ ဘေးတွင် တည်ငြိမ်စွာ ရပ်နေသည်။
လူတိုင်း၏ မျက်နှာတွင် ကိုယ်စီ ထူးခြားသော အမူအရာများ ရှိနေကြသော်လည်း ရန်လိုသောအကြည့်ကိုမူ ရှာမတွေ့ပေ။
အမှန်စင်စစ် တိုက်ရိုက် ပဋိပက္ခမရှိပါက လူတိုင်းသည် ဆေးဖော်ဆရာတစ်ဦးအပေါ် ခင်မင်ရင်းနှီးသော သဘောထားကိုသာ ပြသကြမည်မှာ ဓမ္မတာပင် ဖြစ်သည်။
တစ်ချက်ကြည့်ရုံဖြင့် လော့ချန် စိတ်သက်သာရာရသွားပြီး နှိမ့်ချစွာဖြင့် ဦးညွှတ်လိုက်သည်။
"ကျွန်တော့်ရဲ့ သမ္ဘာနည်းလှတဲ့ ဆေးဖော်စပ်တဲ့ အတတ်က အခုလို ဂုဏ်ပြုခံရဖို့ မထိုက်တန်ပါဘူး အားလုံးရဲ့ ထောက်ခံမှုကို ရတာ တကယ်ပဲ အားနာစရာ ကောင်းလှပါတယ်ဗျာ” အစရှိသဖြင့် နှိမ့်ချသော စကားလုံးများမှာ မကုန်နိုင်မခမ်းနိုင် ထွက်ပေါ်လာသည်။
သို့သော် လော့ချန်၏ အမူအရာမှာ တမင်သက်သက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့နောက် သူသည် နောက်ဆုံး ထိုင်ခုံတွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်သည်။
မီရှုဟွာက ကျေနပ်စွာ ခေါင်းငြိမ့်ပြသည်၊ ၎င်းမှာ လော့ချန်တစ်ယောက် သူ၏ ရာထူးအသစ်ကို ယာယီ လက်ခံလိုက်ပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်ဖြစ်သည်။ သူ လူတိုင်းအား ပြန်ထိုင်ရန် အချက်ပြလိုက်ပြီး ယနေ့ အစည်းအဝေး၏ အဓိက အကြောင်းအရာအား မိန့်ခွန်းရှည်ကြီးဖြင့် စတင်ပြောကြား လိုက်သည်။
"ဆေးဖော်ခန်းမဟာ ဖိုရှန်းဂိုဏ်းရဲ့ အနာဂတ်အတွက် မရှိမဖြစ် လိုအပ်တယ်…စ.ဉ်းစားကြည့်ကြပါဦး၊ ဖိုရှန်းဂိုဏ်းက ညီအစ်ကို နှစ်ထောင်ဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်၊ သူတို့ရဲ့ ကျင့်ကြံမှုမှာလည်း ချီစွမ်းအင်ဖြည့်ဆေး တစ်လုံးတောင် မရှိဘဲ ပင်ပင်ပန်းပန်း ကျင့်ကြံနေကြရတယ်၊ ဒါကြောင့် ဆေးဖော်ခန်းမ ရှိမှသာ ဖိုရှန်းဂိုဏ်းဟာ ပြည့်စုံမှာ ဖြစ်ပါတယ်၊ ဆေးဖော်ဆရာတစ်ဦး ရှိတဲ့ ဖိုရှန်းဂိုဏ်းကမှ စစ်မှန်တဲ့ ကျင့်ကြံသူတွေရဲ့ နေရာတစ်ခု ဖြစ်လာမှာ၊ ဆေးဖော်ခန်းမ မရှိဘဲနဲ့တော့ ငါတို့က လမ်းဘေးက လူမိုက်ဂိုဏ်းတွေနဲ့ ဘာကွာမှာလဲ"
"အခုမှ စတင် တည်ထောင်နေတုန်း ဆိုပေမဲ့ စာကလေးဆိုတာ သေးပေမဲ့ ကလီစာ စုံရသလိုပေါ့၊ ဒီခန်းမမှာလည်း လိုအပ်တဲ့ အင်္ဂါရပ်တွေ စုံရမယ်၊ ဒီလိုမှသာ ငါတို့ ပိုပြီး ရေရှည် သွားနိုင်မှာ"
လူတိုင်းက ဤပြောနေကျ စကားဟောင်းများကို နားလည်သော အပြုံးများဖြင့် နားထောင်နေကြသည်။
နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ လူတိုင်းသည် အဘိုးကြီးမီ၏ စကားပြောဟန်ကို အသားကျနေပြီ ဖြစ်သည်။ စကားကောင်းများ ပြောပြီးမှသာ အနှစ်သာရ ပါလာတတ်ကြောင်း သူတို့ သိကြသည်။
မီရှုဟွာသည် လော့ချန်ဘက်သို့ လှည့်ကာ ဆက်ပြောသည်။
"လော့လေး.... မင်းက ဆေးဖော်ခန်းမကို ကြီးပွားအောင် ဦးဆောင်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်ကွာ…. မင်းက အလတ်စား ဆေးလုံးတွေကိုတောင် ဖော်စပ်နိုင်တာဆိုတော့ မင်းရဲ့ ပါရမီကို သက်သေပြပြီးသားပဲ….ဂိုဏ်းရဲ့ ထောက်ပံ့မှုနဲ့ဆိုရင် မင်းရဲ့ အောင်မြင်မှုတွေက ပိုပြီး မြင့်မားလာမှာ သေချာတယ်.... မင်းရဲ့ နာမည်က အနာဂတ်မှာ ကျောက်စိမ်းအိုး နယ်မြေ တစ်ခုလုံးမှာ ပျံ့နှံ့သွားလိမ့်မယ်"
လူတိုင်း လိုလိုပင် ဤသတင်းကို ကြားပြီးသားဖြစ်သော်လည်း ချီးကျူးဂုဏ်ပြုလိုစိတ်များ ဖြစ်ပေါ်နေဆဲ ပင်ဖြစ်သည်။ အကြောင်းမှာ အလတ်စား ဆေးလုံးများမှာ ဝယ်ရုံနှင့် မရဘဲ ကိုယ်တိုင် ဖော်စပ်နိုင်မှသာ ရနိုင်သောကြောင့် ဖြစ်သည်။
လော့ချန်က လက်ကို အမြန်ခါလိုက်သည်။
"ဂိုဏ်းချုပ်.... ကျွန်တော် အလတ်စားဆေးလုံး ဖော်စပ်နိုင်တာက အကြိမ်ကြိမ် လေ့ကျင့်ခဲ့လို့ပါ၊ ကျွန်တော်က ဆေးဖော်စပ်တဲ့ ပါရမီရှင်တစ်ယောက်လို့ ခေါ်ဖို့ မထိုက်တန်ပါဘူး"
မီရှုဟွာက ကြင်နာစွာ ပြုံးမြဲပြုံး၍ ပြောလိုက်သည်။
"လေ့ကျင့်လို့ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် မင်းလိုလူမျိုးက အလတ်စားဆေးလုံးကို တစ်ယောက်တည်း ဖော်စပ်နိုင်တာဟာ တကယ်ကို အံ့ဩစရာပဲ၊ ဖိုရှန်းဂိုဏ်း တစ်ခုလုံးက မင်းရဲ့ နောက်ကွယ်မှာ ရှိနေပြီဆိုတော့ အဆင့်မြင့်ဆေးလုံးတွေကိုလည်း မင်း မကြာခင် ဖော်စပ်နိုင်တော့မှာပါ"
လော့ချန်က တမင်မျက်နှာငယ်လေးဖြင့် ပြန်ပြောလိုက်သည်။
“ကျွန်တော် ဖော်စပ်တဲ့ ဆေးလုံးတွေက ကျင့်ကြံမှုအတွက် သိပ်ပြီး အထောက်အကူ မဖြစ်လှဘူးဗျ"
မီရှုဟွာ၏ အပြုံးမှာ ပို၍ပင် နွေးထွေးလာသည်။
"ဘယ်လိုအသုံးမဝင်မှာလဲ၊ မင်းရဲ့ မှော်အာဟာရဆေးတွေက ငါတို့ ညီအစ်ကိုတွေ သားရဲတွေ အမဲလိုက်ရာမှာရော၊ ရတနာတွေ ရှာဖွေရာမှာပါ၊ အများကြီး အထောက်အကူ ဖြစ်စေတယ်၊ ပြီးတော့ မင်းရဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံး ဆိုတာလည်း တကယ်ကို အံဩစရာကောင်းပြီး ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရနိုင်တဲ့အတွက် ငါတို့ ညီအစ်ကိုတွေ မှော်လက်နက်တွေနဲ့ ဆေးလုံးတွေ ဝယ်နိုင်အောင် ကူညီပေးမှာပဲလေ"
လော့ချန်က စိုးထိတ်သော အမူအရာဖြင့် ဆိုသည်။
"ဝိညာဉ်ကျောက်တုံးတွေက ရှာရခက်သလို၊ ဘဝကလည်း ခါးသီးလှပါတယ် ကျွန်တော် နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့တာတောင် အခုထိ ချီသန့်စင်အဆင့် ၅ မှာပဲ ရှိသေးတယ်၊ အနိုင်နိုင် ရုန်းကန်နေရတုန်းပါပဲ"
"အဲဒါအတွက် စိတ်မပူပါနဲ့"
မီရှုဟွာက လက်ကို ခပ်ကျယ်ကျယ် ဝှေ့ယမ်းလိုက်သည်။
"ဆေးဖော်ခန်းမရဲ့ ခေါင်းဆောင်အနေနဲ့ ဂိုဏ်းက မင်းကို တစ်လမှာ ချီစွမ်းအင်ဖြည့်ဆေး တစ်ပုလင်း ပေးသွားမယ်၊ မင်းရဲ့ ကျင့်ကြံမှုအတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့"
ချီစွမ်းအင်ဖြည့်ဆေး တစ်ပုလင်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာ တန်ဖိုးရှိသည်။ ဤခံစားခွင့်မှာ မြို့တွင်းရှိ ဆိုင်ကြီးများမှ ဝန်ထမ်းများနှင့် အစေခံများ ရရှိသော ခံစားခွင့်ထက် များစွာ သာလွန်သည်။ ဤမျှ ဝင်ငွေကောင်းသော သူများဆိုလျှင် ထျန်းရှန်းမျှော်စင် ရှိ အရည်အချင်းရှိသော အမျိုးသမီး ကျင့်ကြံသူများသာ ရှိပေလိမ့်မည်။
လော့ချန် သက်ပြင်းချလိုက်သည်။
"ကံမကောင်းတာက ကျွန်တော့်ရဲ့ ပါရမီနဲ့ဆိုရင် ချီစွမ်းအင်ဖြည့်ဆေး တစ်ပုလင်းလောက်က ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးဗျ၊ ကျွန်တော်က တစ်ရက်တည်းနဲ့တင် ချီစွမ်းအင်ဖြည့်ဆေး နှစ်လုံးလောက် သုံးနေတာ၊ တစ်လမှ တစ်ပုလင်းဆိုတာက ငါးရက်စာတောင် မရှိဘူးဗျ"
မီရှုဟွာ၏ အမူအရာမှာ ခဏမျှ တောင့်ခဲသွားသည်။
အနီးနားတွင် ထိုင်နေသော အကြီးအကဲ စီကုန်းရှို့ကျားက ရယ်မောလျက် ဆိုသည်။
"တစ်ပုလင်းဆိုတာ တကယ်တော့ နည်းနည်းတော့ နည်းတာပေါ့၊ နှစ်ပုလင်းဆိုရင်ကော ဘယ်လိုလဲ ချွေတာသုံးရင် တစ်လစာတော့ လောက်ငှမှာပါ"
ထိုသို့ပြောပြီးနောက် သူသည် လော့ချန်ဘက်သို့ ကြင်နာသော အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။
"လော့လေး…. အရင်က တစ်ကိုယ်တော်ကျင့်ကြံသူ ဘဝတုန်းကဆိုရင် မင်း တစ်လကို ချီစွမ်းအင်ဖြည့်ဆေး အနည်းငယ်တောင် ဝယ်နိုင်မှာ မဟုတ်ဘူး၊ နှစ်ပုလင်းဆိုတာ တကယ်ကို ရက်ရောတဲ့ ပမာဏပဲ"
နောက်ဆုံး ကမ်းလှမ်းချက် ဖြစ်ရမယ်…. ကောင်းပြီ၊ ငါ့ရဲ့ အဓိက အချက်က ဒီမှာ မဟုတ်ဘူးလေ….။
လော့ချန် သူ့အား လက်အုပ်ချီလိုက်သည်။
"အကြီးအကဲ စီကုန်းက တကယ်ပဲ ကရုဏာကြီးလှပါတယ်၊ ကျွန်တော့်မှာ ဘာကန့်ကွက်စရာမှ မရှိပါဘူး"
ထိုစကားကို ကြားသောအခါ စီကုန်းရှို့ကျား၊ မီရှုဟွာနှင့် ကျန်ရှိသော သူများမှာ သိသိသာသာ စိတ်အေးသွားကြသည်။
တစ်လလျှင် ချီစွမ်းအင်ဖြည့်ဆေး နှစ်ပုလင်းဆိုသည်မှာ ချီ သန့်စင်အဆင့် အဆင့် ၉ ရှိသော ကျင့်ကြံသူများအတွက် စာမဖွဲ့လောက်ပေ။
"လော့လေး.... တခြား ပြောစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါဦး"
မီရှုဟွာက ဆိုသည်။
"ဂိုဏ်းအတွက် ဆေးဖော်စပ်ပေးရတဲ့ အခါမှာ မင်းကို စိတ်မသက်မသာ မဖြစ်စေချင်ဘူး"
"စိတ်မသက်မသာ ဖြစ်တာလား၊ ကျွန်တော်ကတော့ ဘာမှ မဖြစ်ပါဘူး၊ တခြားသူတွေ စိတ်မသက်မသာ ဖြစ်မှာကိုပဲ စိုးရိမ်တာပါ"
လော့ချန်က ရင်ဘတ်ကို ဖိထားရင်း ပူဆွေးသော မျက်နှာဖြင့် ဆိုလိုက်သည်။
လူတိုင်း ဆွံ့အသွားကြသည်။ လော့ချန်၏ ယနေ့ အစီအစဉ်ကို သိထားသော ချင်လျန်ချန်းပင်လျှင် ကြောင်သွားရသည်။
ဘယ်သူ စိတ်မသက်မသာ ဖြစ်စရာ ရှိလို့လဲ၊ ဆေးဖော်ခန်းမ တည်ထောင်တာက ဂိုဏ်းအတွက် တည်ငြိမ်တဲ့ ဝင်ငွေတစ်ခု ရလာခြင်းပဲ၊ လူတိုင်းက ဝမ်းသာနေကြတာလေ၊ ဘယ်မှာ စိတ်မသက်မသာ ဖြစ်စရာ ရှိမှာလဲ….။
လော့ချန်က လူတိုင်းအား ကြည့်ကာ ရင်ဘတ်ကို ဖိလျက် ပူဆွေးသော လေသံဖြင့် ဆက်ပြောသည်။
"ကျွန်တော့်ရဲ့ ပါရမီက ညံ့လွန်းတယ်၊ ကျွန်တော် ဒီဘဝမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ရောက်ဖို့ မမျှော်လင့်ရဲပါဘူး၊ သက်တမ်းကလည်း ၁၂၁ နှစ်ပဲ ရှိမှာ ပညာရှိတစ်ယောက်က ပြောဖူးတယ်၊ ကျွန်တော်က မွေးကတည်းက ကျန်းမာရေး အားနည်းတော့ အသက် ၆၀ ဒါမှမဟုတ် ၇၀ လောက်ပဲ နေရလိမ့်မယ်တဲ့ ဟူး…. တကယ်လို့ ကျွန်တော်သာ စောစောစီးစီး သေသွားခဲ့ရင် ဘာဖြစ်မလဲဆိုတာ မတွေးရဲဘူးဗျာ၊ ကျွန်တော် ဆေးဖော်စပ်ပေးတာကို အသားကျနေတဲ့ ဂိုဏ်းက ညီအစ်ကိုတွေ ဘယ်လို လုပ်ကြမလဲ”
"ဟမ် အဲဒါက...."
"မဖြစ်နိုင်တာ လော့လေး…. မင်းကြည့်ရတာ တော်တော်လေး လန်းဆန်း.... အဲ…. ကြည့်ရတာတော့ သိပ်မလန်းဆန်းလှဘူးပေါ့လေ၊ မနေ့ညက ကောင်းကောင်း မအိပ်ရဘူးလား"
လော့ချန်၏ နီမြန်းနေသော မျက်လုံးများနှင့် နွမ်းနယ်နေသော မျက်နှာမှာ လန်းဆန်းနေသည် ဟု ပြောရန် ခက်လှသည်။ တစ်စုံတစ်ဦးက သူသည် အရွယ်မတိုင်ခင် အိုမင်းနေသည်ဟု ပြောလျှင်ပင် လက်ခံချင်စရာ ဖြစ်နေသည်။
"ဒါဆို.... လော့ချန်၊ မင်းက သေတမ်းစာကို အရင် ကြိုရေးထားချင်လို့လား"
ထို စကားပြောသူမှာ သားရဲခန်းမ ခေါင်းဆောင်နှင့် ချင်လျန်ချန်း၏ ညီအစ်ကိုဖြစ်သူ ခယ်ယွဲ့လင်း ပင်ဖြစ်သည်။
လော့ချန်၏ မျက်နှာထားမှာ တင်းမာသွားပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။
"မင်းပဲ သေတမ်းစာ ရေးရမှာ၊ မင်းတစ်မိသားစုလုံး ရေး"
သူသည် လွန်ကဲနေသော အမူအရာများကို ထိန်းချုပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် ဆိုလိုက်သည်။
"ဒါကြောင့် ကျွန်တော် တောင်းဆိုချင်တာကတော့.... အနာဂတ်မှာ ကျွန်တော်တို့ဂိုဏ်းက တစ်နေ့နေ့မှာ သက်တမ်းတိုးပေးနိုင်တဲ့ ရတနာတွေ ရလာခဲ့ရင် ကျွန်တော့်ကို ဦးစားပေးစေချင်တယ်”
ထိုစကားအဆုံးတွင် တစ်ခန်းလုံးမှာ သိသိသာသာ တိတ်ဆိတ်သွားသည်။ လော့ချန်ကမူ ရလဒ်မရမချင်း အလျှော့ပေးမည့်သူ မဟုတ်ပေ။
သူ ဆက်ပြောသည်။
"အရှေ့ပိုင်းလွင်ပြင် ဝမ်တောင်တန်းကြီးမှာ သယံဇာတတွေ အများကြီး ရှိပါတယ်၊ သက်တမ်းတိုးစေမယ့် ရတနာတွေလည်း ရှိမှာ သေချာပါတယ်၊ ကျွန်တော် သိရသလောက်တော့ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကျွန်တော်တို့ဂိုဏ်းက နတ်ဘုရားကြာပန်း ခြောက်လွှာ တစ်ပွင့် ရခဲ့ဖူးတယ် မဟုတ်လား"
နတ်ဘုရားကြာပန်း ခြောက်လွှာသည် အရွက်တစ်ရွက်လျှင် ဆယ်နှစ်နှုန်းဖြင့် အပြည့်အဝ ရင့်ကျက်ပါက သက်တမ်း ၆၀ တိုးစေနိုင်သည်။
မီရှုဟွာ မျက်တောင်ခတ်လိုက်သည်။
"အဲဒါက ကောလာဟလတွေပါကွာ၊ တကယ်တော့ အဲဒါက အရွက်နှစ်ရွက်ပဲ ရှိတာ၊ ပြီးတော့ ရရချင်းမှာပဲ ဆေးပေါင်းတစ်ထောင်ခန်းမနဲ့ ဝိညာဉ်ဆေးနန်းဆောင်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ဆီကို ဈေးကြီးပေးပြီး ရောင်းလိုက်တာပါ"
"ကျွန်တော် အတိတ်က ကိစ္စတွေကို ဂရုမစိုက်ပါဘူး၊ နောက်တစ်ခါ ထပ်တွေ့ခဲ့ရင်တော့ အဲဒါကို ကျွန်တော် အရင် ရချင်ပါတယ်"
လော့ချန်က လက်ကို ပုတ်လိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။
သူ၏ အရပ်ရှည်ရှည်နှင့် မတ်မတ်ရပ်နေသော ပုံရိပ်ကို ကြည့်ကာ လူတိုင်း တိတ်ဆိတ်နေကြသည်။
ဤသည်မှာ လွယ်လွယ်နှင့် ပေးနိုင်သော ကတိမျိုး မဟုတ်ပေ။ သက်တမ်းတိုးပစ္စည်းများမှာ အလွန်ပင် အဖိုးတန်လှသည်။ အသက်အန္တရာယ် စိုးရိမ်နေရသော အဆင့်မြင့် ကျင့်ကြံသူများအတွက်မူ ထိုပစ္စည်းများ၏ တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံးများဖြင့် တိုင်းတာ၍ မရနိုင်ပေ။
မီရှုဟွာ၏ လက်ထဲတွင် ရှိနေသော အပို အခြေခံအုတ်မြစ်တည်ဆေးလုံးမှာလည်း ထို နတ်ဘုရားကြာပန်း ခြောက်လွှာနှင့် လဲလှယ်ထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ချီ သန့်စင်အဆင့် ၅ နှင့် ဤကဲ့သို့ တောင်းဆိုချက်မျိုး မည်သူမျှအတင့်ရဲပြီး မတောင်းဆိုရဲကြ သော်လည်း သူ တောင်းဆိုလိုက်ပြီဖြစ်သည်။ တဖြည်းဖြည်းနှင့် လူအချို့၏ မျက်နှာများမှာ မကြည်မလင် ဖြစ်လာကြသည်။
ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ဆေးဖော်ခန်းမမှ အမြတ်အစွန်းများကို မတွေ့ရသေးဘဲ ဤကဲ့သို့ ကြီးလေးသော ကတိမျိုးကို သူတို့ မပေးချင်ကြပေ။
တော်တော်ကြာ တိတ်ဆိတ်သွားပြီးနောက် မီရှုဟွာက အေးအေးဆေးဆေးပင် ပြောလာသည်။
"ဒီကိစ္စကို နောက်မှ ထပ်ဆွေးနွေးကြတာပေါ့ လော့လေး.... မင်းက အခုမှ လူငယ်အရွယ်ပဲ ရှိသေးတာ၊ အခြေခံအုတ်မြစ် တည်ဆောက်ပြီး သက်တမ်းကို နောက်ထပ် နှစ်ပေါင်း နှစ်ရာလောက်အထိ တိုးအောင် ဘာလို့ မကြိုးစားတာလဲ"
ထိုသို့ပြောပြီးနောက် သူ တစ်ခု ထပ်ဖြည့်လိုက်သည်။
"လူငယ်ဆိုတာ ရည်မှန်းချက် ကြီးရမယ်ကွ၊ မဟာတာအို အပေါ် ယုံကြည်ချက် မပျက်ပါစေနဲ့"
ဤမြေခွေးအိုကြီးသည် အတော် ပါးနပ်သည်။ သူပြောသမျှအား လော့ချန် ယုံမည်ဟု ထင်နေလျင် မှားပေလိမ့်မည်။
လော့ချန်၏ မျက်နှာတွင် ပူဆွေးမှုများ ပြည့်နှက်သွားပြီး သူ၏ ထိုင်ခုံမှ ထလိုက်ရာ တစ်ခန်းလုံးရှိ လူတိုင်းက သူ့အား မြင်နေရသည်။
"ကောင်းပါပြီ၊ ကျွန်တော့်ရဲ့ မိုက်မဲမှုကြောင့် အားလုံးကို အခက်တွေ့စေခဲ့မိပါပြီ"
"ဒါဆိုရင် ကျွန်တော် နောက်ထပ် ပြတ်သားတဲ့ တောင်းဆိုချက်တစ်ခု ထပ်တင်ပြပါရစေ၊ ဒါကိုတော့ အားလုံးက သေသေချာချာ စဉ်းစားပေးကြပါလို့ မျှော်လင့်ပါတယ်"
လူတိုင်း၏ အကြည့်အောက်တွင် သူ ပြတ်သားစွာ ကြေညာလိုက်သည်။
"ဆေးလုံးတွေကနေ ရတဲ့ အမြတ်ရဲ့ တစ်ဝက်ကို ကျွန်တော် လိုချင်ပါတယ်"