← Chapters

အမြင့်ဆုံး တောင်းဆိုပြီး အလယ်မှာ အဆုံးသတ်ခြင်း

Vol. 8 Ch. 77

အမြင့်ဆုံး တောင်းဆိုပြီး အလယ်မှာ အဆုံးသတ်ခြင်း

Vol. 8 Ch. 77

"မင်း တောင်းဆိုတာက လွန်နေပြီဆိုတာ ကိုယ့်ကိုယ်ကိုယ် သိရဲ့လား"

"ဟဲဟဲ…. မင်းက ငယ်ငယ်လေးနဲ့ အတော်လေးတော့ အလာသားပဲ"

"လွန်လွန်းတယ်"

အငြင်းပွားသံများက တစ်ခုပြီးတစ်ခု ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည်။ ခယ်ယွဲ့လင်၊ စီကုန်းရှို့ကျား နှင့် မီကျွင်းဖျင် တို့၏ အသံများတွင် မကျေနပ်မှုနှင့် ရှုံ့ချမှုများ ပြည့်နှက်နေသည်။

လော့ချန်သည် ထိုအမည်များကို သူ၏မှတ်ဉာဏ်ထဲတွင် တစ်ခုချင်းစီ မှတ်သားထားလိုက်သည်။

သူ ခေါင်းခါယမ်းလိုက်ပြီး ဆိုသည်။

"မများပါဘူး၊ တကယ်မများပါဘူးဗျာ၊ ဆေးလုံးဖော်စပ်တာက ဘယ်လောက် အမြတ်ထွက်တယ်ဆိုတာ ခင်ဗျားတို့ စိတ်တောင် ကူးကြည့်လို့ ရမှာမဟုတ်ဘူး၊ ကျွန်တော့်ရဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံး ကိုပဲ ဥပမာထားကြည့်၊ တစ်သုတ်ဖော်ရင် ဝိညာဉ်ကျောက်တုံး ငါးတုံးပဲ ကုန်ပေမဲ့ ဆယ်ဂဏန်းကျော်ပြန်ရတယ်၊ တစ်ဝက်တောင်းတာက တကယ်တော့ အားနာစရာတောင် ကောင်းနေသေးတယ်"

"မများဘူး ဟုတ်လား"

ခယ်ယွဲ့လင်က နှာခေါင်းရှုံ့ ပြီးပြောလိုက်သည်။

"အမြတ်များတယ်ဆိုတာ သိလို့ မင်းက တစ်ဝက်တောင် ယူချင်နေတာလား"

သူ့ဘေးရှိ မီရှုဟွာနှင့် မီကျွင်းဖျင်တို့ကလည်း ခေါင်းငြိမ့်ကာ ထောက်ခံကြသည်။ သူတို့၏ မျက်ဝန်းများတွင် တွက်ကပ်မှုများ၊ စူးစမ်းမှုများနှင့် သံသယများ ရောယှက်ကာ အရောင်တောက်နေကြသည်။

ခယ်ယွဲ့လင် မမြင်လိုက်သည်မှာ သူ၏ ညီအစ်ကိုဖြစ်သူ ချင်လျန်ချန်း၏ မျက်နှာမှာ မည်မျှအထိ မည်းမှောင်သွားသည်ဆိုသော အချက်ပင်ဖြစ်သည်။

လော့ချန်က ထိုနှာခေါင်းရှုံ့မှုအား ဂရုမစိုက်ဟန်ဖြင့် ဆက်၍ ငြီးတွားပြပြန်သည်။

"ဒါဆိုလဲ ခင်ဗျားပဲ ဆေးဖော်မလား ခန်းမခေါင်းဆောင်ခယ်.... ခင်ဗျားရဲ့ ခန့်ညားတဲ့ ရုပ်ရည်နဲ့ ဝက်မွေးမြူရေးမှာ ကျွမ်းကျင်တဲ့ အတတ်ပညာတွေကို ကြည့်ရင် ဆေးဖက်ဝင် ပစ္စည်းတွေကို ကိုင်တွယ်တာနဲ့ မီးဖိုဟုန်းဟုန်းတောက်အောင် လုပ်တဲ့နေရာမှာလည်း အပြစ်ပြောစရာ မရှိလောက်ဘူးလို့ ကျွန်တော် ယုံကြည်တယ်ဗျ"

ခယ်ယွဲ့လင်းာ ဆွံ့အသွားရသည်။ အကယ်၍ သူ့မှာသာ ထိုသို့သော အရည်အချင်းရှိလျှင် ချီ သန့်စင်အဆင့် ၉ ရောက်နေပါလျက် ဤနေရာတွင် ဝက်၊ နွားများ မွေးနေ မည်မဟုတ်ပေ။

မှန်ပေသည်။ သားရဲခန်းမမှာ ထိုကိစ္စများအား တာဝန်ယူရသည်။ ဖိုရှန်းဂိုဏ်းသည် တောရိုင်းသားရဲများကို အမဲလိုက်ရုံသာမက ယဉ်ပါးလွယ်သော အဆင့်နိမ့် တောရဲများကိုလည်း မွေးမြူကြသည်။ ၎င်းတို့အား ရှေးဟောင်းလွင်ပြင်တွင် လွှတ်ကျောင်းကာ ချီစွမ်းအင်များဖြင့် ကျွေးမွေးပြီး အဆင့်နိမ့် ဝိညာဉ်သားရဲများကို စဉ်ဆက်မပြတ် ရရှိအောင် ဖန်တီးကြခြင်း ဖြစ်သည်။

သားရဲခန်းမခေါင်းဆောင်အား ဝက်မွေးမြူရေးသမားဟု ခေါ်ခြင်းမှာ စော်ကားခြင်းပင် မဟုတ်ဘဲ အမှန်တရားသက်သက်သာ ဖြစ်နေတော့သည်။

"လော့လေး.... စကားကို ယဉ်ယဉ်ကျေးကျေး ပြောစမ်းပါ၊ အစ်ကိုခယ်ကို သွားပြီး ရန်မစပါနဲ့"

မုရုံချင်းလျန်က လှပစွာ ပြုံးလျက် ဝင်ပြောလိုက်သော်လည်း ခယ်ယွဲ့လင်ကို ကြည့်သော သူမ၏ အကြည့်မှာမူ ရေခဲတမျှ အေးစက်နေသည်။

မည်သည့်အချိန်မှစ၍ ခယ်ယွဲ့လင်သည် မီရှုဟွာ၏ ဘက်တော်သား ဖြစ်သွားရသည်ကို မတွေးတတ်ပေ။

"ကောင်းပါပြီ…. ဒေါ်လေးစကားကို နားထောင်ရမှာပေါ့"

လော့ချန်က သူ၏ သနားစဖွယ် အမူအရာကို ဖျောက်ပစ်လိုက်ပြီး ပြတ်သားစွာ ဆိုလိုက်သည်။

"ဆေးဖော်စပ်တာက ပင်ပန်းတဲ့ အလုပ်ဗျ၊ ကျွန်တော် မလိမ်ပါဘူး၊ အချိန်တန်ရင် ခင်ဗျားတို့ ကိုယ်တိုင် မြင်ရမှာပါ၊ စမ်းကြည့်ချင်ရင်လည်း ကျွန်တော် ကိုယ်တိုင် သင်ပေးပါဦးမယ်"

"ဒါကြောင့် ကျွန်တော့်ရဲ့ အမြတ်ဝေစုကို တောင်းတာက လုံးဝ ကျိုးကြောင်းဆီလျော်တယ်လို့ ထင်တယ်"

"ငါးဆယ်ရာခိုင်နှုန်းဆိုတာ များတယ်လို့ ထင်ကောင်းထင်မယ်၊ ဒါပေမဲ့ ကြည့်ကြပါဦး၊ ကျွန်တော့်ကိုပဲ ကြည့်ကြပါဦး"

လူတိုင်း၏ အကြည့်အောက်တွင် လော့ချန်သည် သူ၏ ဖုန်ထူကာ နွမ်းဖတ်နေသော အဝတ်အစားများကို လက်ညှိုးထိုးပြလိုက်သည်။

၎င်းမှာ ပထမအဆင့် နိမ့်ပါးသော ဝတ်ရုံဟောင်းတစ်ခုဖြစ်ပြီး အပေါက်များပင် ရှိနေကာ အနားသတ်များမှာ မီးလောင်ထားသကဲ့သို့ မည်းနွမ်းနေသည်။

သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ကူချိုင်ယီထံမှ ခေတ္တချေးယူထားသော ပျံသန်းရေးဓားမှာ ပေါ်ထွက်လာသည်။ ပထမအဆင့် အနိမ့်စား ပျံသန်းရေးဓားတွင် ပန်းပွင့်ပုံစံများ ထွင်းထုထားသဖြင့် အမျိုးသမီး ကျင့်ကြံသူများအတွက်သာ ဖြစ်ကြောင်း ထင်ရှားလှသည်။

"ကျွန်တော်က သနားစရာပါဗျာ၊ ကောင်းကောင်းလည်း မစားရ၊ ကောင်းကောင်းလည်း မဝတ်ရ၊ မှော်လက်နက်တွေကတောင် သူများဆီက လက်ဆင့်ကမ်းတွေလေ"

သူ ဟန်ပါပါဖြင့် သက်ပြင်းချလိုက်သည်။

"တခြားဂိုဏ်းကသာ ဒါကို မြင်သွားရင်၊ ဂိုဏ်းကိုးဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ ဆေးဖော်ခန်းမရဲ့ ခေါင်းဆောင်က ဒီလိုပုံစံ ဖြစ်နေတာ မြင်ရင် ကျွန်တော့်မျက်နှာတင် ပျက်မှာ မဟုတ်ဘူး၊ ဖိုရှန်းဂိုဏ်း တစ်ခုလုံးရဲ့ သိက္ခာကျမှာဗျ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကြီး ဂိုဏ်းချုပ်မီရဲ့ မျက်နှာပါ ပျက်မှာ"

ထိုသို့ကြားလိုက်သောအခါ မီရှုဟွာ၏ မျက်နှာပျက်သွားတော့သည်။ ဤမျှအထိ သနားစဖွယ် သရုပ်ဆောင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အခြားသူများလည်း အနည်းငယ် ကြောင်အသွားကြသည်။ သူတို့ ချီ သန့်စင်အဆင့် အလယ်အလတ်တွင် ရှိစဉ်က ဤမျှအထိ မဆင်းရဲခဲ့ကြပေ။

မုရုံချင်းလျန်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝိုင်းလာကာ နှာခေါင်းတစ်ချက်ရှုံ့ရင်း ငိုသံပါပါ ပြောလိုက်သည်။

"လော့လေးဟာ ဆေးဖော်စပ်တဲ့ အတတ်အတွက် အများကြီး စတေးခဲ့ရတာ၊ အဆိုးဆုံး ဝတ်စုံတွေကို ဝတ်ပြီး ဘေးအိမ်က အစ်မ စွန့်ပစ်ထားတဲ့ ဓားတွေကို သုံးခဲ့ရတာ၊ သူက တကယ်ပဲ ခက်ခဲတဲ့ နေ့ရက်တွေကို တော်တော်လေး ခံစားခဲ့ရရှာပြီ"

ဤသို့ စဉ်းစားကြည့်လျှင် အမြတ်ငါးဆယ် ရာခိုင်နှုန်းဆိုသည်မှာ မများလွန်းဘူးဟု ထင်စရာပင်ရှိလာသည်။

"ဒါပေမယ့် များလွန်းတယ်"

မီကျွင်းဖျင်က အေးစက်စွာ ဆိုလိုက်သည်။

လော့ချန်က တည်ငြိမ်သောအသံဖြင့် ပြန်မေးလိုက်သည်။

"ဒါဆို ကုသိုလ်မှတ်တမ်းခန်းမ ခေါင်းဆောင် ပြောကြည့်လေ၊ ဘယ်လောက်ဆိုရင် တရားမျှတမလဲ"

"ဂိုဏ်းအတွက် အကျိုးပြုတာက မင်းရဲ့ တာဝန်ပဲ၊ တစ်လကို ချီစွမ်းအင်ဖြည့်ဆေး နှစ်ပုလင်းဆိုတာ လုံလောက်ပါတယ်"

မီကျွင်းဖျင်က ထုံးစံအတိုင်း အေးစက်စက် လေသံဖြင့် ပြန်ဖြေသည်။

လော့ချန် ဒေါသပေါက်ကွဲသွားကာ စိတ်ရှိသမျှ ပြောချလိုက်တော့သည်။

"ကျွန်တော့်ကို သူတောင်းစားများ မှတ်နေလား၊ ဖိုရှန်းဂိုဏ်းက ဆေးဖော်ဆရာတွေကို နှိပ်စက်တယ်လို့ သတင်းထွက်သွားရင် တာဟဲဈေးမြို့တော်က ကျင့်ကြံသူ သောင်းနဲ့ချီပြီး ခင်ဗျားတို့ကို အထင်သေးကြလိမ့်မယ်"

"မင်းက ဘာအဆင့်မို့လို့ ဒီလို စကားမျိုး ပြောရဲတာလဲ...."

မီကျွင်းဖျင်က မျက်မှောင်ကြုတ်ကာ သူ့အား ငေါက်ငမ်းရန် ပြင်လိုက်သည်။

"ဖိန်အာ"

မီရှုဟွာက ဖခင်တစ်ဦး၏ နွေးထွေးသော လေသံဖြင့် ကြားဖြတ်ဟန့်တားလိုက်သည်။

"ဟုတ်တာပေါ့၊ မင်းက ငါတို့ မိသားစုဝင် ဖြစ်လာပြီဆိုတော့ ငါတို့က မင်းကို သေချာ ဂရုစိုက်ရမှာပေါ့၊ ဖိုရှန်းဂိုဏ်းက ဘယ်ညီအစ်ကိုကိုမှ မနှိပ်စက်ခဲ့ဖူးပါဘူး”

မီကျွင်းဖျင် သူ၏ အမှားကို သိရှိသွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ အကယ်၍ ဆေးဖော်ဆရာတစ်ဦးအား နှိပ်စက်သည်ဟု ကောလာဟလ ထွက်သွားပါက ဂိုဏ်း၏ ဂုဏ်သိက္ခာနှင့်အတူ အဆင့်နိမ့်ကျင့်ကြံသူများကို ထောက်ပံ့ပေးနေပါသည်ဆိုသော မီရှုဟွာ၏ ပုံရိပ်မှာလည်း အစအနမကျန် ပျက်စီးသွားပေလိမ့်မည်။

ဖိုရှန်းဂိုဏ်းကဲ့သို့သော တစ်ကိုယ်တော်ကျင့်ကြံသူ အဖွဲ့အစည်းများသည် လူအင်အားနှင့် စည်းလုံးမှုအပေါ်တွင်သာ အခြေခံထားသည်။ အကယ်၍ လူသစ်များ ဝင်မလာတော့ပါက မီမိသားစုသည်လည်း လေထဲလွင့်သော ဖုန်မှုန့်များကဲ့သို့ တဖြည်းဖြည်း ပြိုကွဲသွားကာ တာဟဲဈေးမြို့တော်၏ သမိုင်းစာမျက်နှာထဲတွင်သာ ကျန်ရစ်တော့မည် ဖြစ်သည်။

မီရှုဟွာက စီကုန်းရှို့ကျား ဘက်သို့ လှည့်လိုက်သည်။

"စီကုန်း…. မင်းက တည်ငြိမ်ရင့်ကျက်ပြီး အတွေ့အကြုံလည်း ရှိတယ်၊ အားလုံး သဘောတူနိုင်မယ့် တရားမျှတတဲ့ အဆိုပြုချက်တစ်ခုလောက် ပြောပြပါဦး"

“ဟမ်း”

စီကုန်းရှို့ကျားက ချောင်းတစ်ချက်ဟန့်ကာ လက်တစ်ချောင်း ထောင်လိုက်သည်။

"တစ်ဆယ်ရာခိုင်နှုန်း ဆိုရင်တော့ လုံလောက်မယ် ထင်ပါတယ်

"

"မရဘူး...."

"လော့လေး.... ကန့်ကွက်ဖို့ အလောမကြီးပါနဲ့ဦး၊ စဉ်းစားကြည့်ပါ၊ ဆေးလုံးအတွက် ကုန်ကြမ်းတွေကို ဂိုဏ်းက ထောက်ပံ့ပေးမယ်၊ ရောင်းဝယ်ရေး လမ်းကြောင်းတွေကိုလည်း ဂိုဏ်းကပဲ တာဝန်ယူပေးမယ်၊ အနာဂတ်မှာ မင်းက မျက်နှာပြစရာတောင် မလိုဘူး၊ ရောင်းဖို့အတွက် သီးသန့် လူတွေ ရှိလာလိမ့်မယ်၊ အဲဒါဆို မင်း ကျင့်ကြံဖို့အတွက် အချိန်တွေ အများကြီး မရဘူးလား"

စီကုန်းရှို့ကျားက စိတ်ရှည်လက်ရှည်ဖြင့် အချက်အလက်များကို တစ်ခုချင်း ဆက်လက် ရှင်းပြနေသည်။

"မင်းရဲ့ ခက်ခဲမှုတွေကို ငါတို့ လူကြီးတွေ မြင်ပါတယ်၊ ဒါ့အပြင် ဂိုဏ်းချုပ်မီက လူငယ်တွေအပေါ် အမြဲ ရက်ရောတတ်တယ်၊ သူ့မှာ အပိုရှိတဲ့ အဆင့်မြင့် မှော်လက်နက်တစ်ခုလောက် ပေးလိုက်တာက ပြဿနာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား ဂိုဏ်းချုပ်"

မီရှုဟွာက ခပ်ပါးပါး ပြုံးလိုက်သည်။

"ဟုတ်တာပေါ့၊ မှော်လက်နက် တစ်ခုနှစ်ခုလောက်က ဘာခက်တာမှတ်လို့၊ အပြင်မှာ ဝယ်နေမယ့်အစား ငါပဲ လက်ဆောင်ပေးလိုက်မှာပေါ့"

လော့ချန်သည် တိတ်ဆိတ်စွာဖြင့် ရပ်နေမြဲ ရှိနေသည်။ လင်းစန္ဒာ ခန်းမအတွင်းရှိ ပတ်ဝန်းကျင်မှာ ပို၍ပင်တင်းမာလာသည်။

အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကြမ်းတမ်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

"လူငယ်လေး.... အလိုမကြီးပါနဲ့ဦး၊ ရောင့်ရဲတတ်ဖို့ သင်ယူရမယ်"

ပြောလိုက်သူမှာ တောင်ဆင်းကျား လော့ဝူတီ ပင် ဖြစ်သည်။

လော့ချန်က သူ့အား တစ်ချက်ကြည့်ကာ အံကြိတ်လျက် ဆိုလိုက်သည်။

"တစ်ဆယ်ရာခိုင်နှုန်း ဆိုတာကတော့ တကယ်ပဲ နည်းလွန်းပါတယ်ဗျာ"

"ဒါဟာ ဂိုဏ်းက ပေးနိုင်တဲ့ အမြင့်ဆုံးပဲ၊ ငါတို့မှာ ကျွေးမွေးရမယ့် ညီအစ်ကို တစ်ထောင်ကျော် ရှိသေးတယ်"

မီကျွင်းဖျင်က ခပ်ပြတ်ပြတ်ပင် ပြန်တုံ့ပြန်သည်။

လော့ချန်က ခေါင်းမော့လိုက်ပြီး သူမအား ဂရုမစိုက်ဘဲ အခြားသူများကိုသာ ကြည့်လိုက်သည်။

"ကျွန်တော် လော့ချန်ဟာ တခြား အရည်အချင်းတွေ အများကြီး မရှိပေမဲ့ ဆေးဖော်စပ်တဲ့ နေရာမှာတော့ နည်းနည်း ကျွမ်းကျင်ပါတယ်၊ တကယ်လို့ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာပြီး သင့်တော်တဲ့ ဆေးနည်းတွေ ရလာမယ်ဆိုရင် အားလုံးအတွက် လိုအပ်တဲ့ ဆေးလုံးတွေကို အခမဲ့ ဖော်စပ်ပေးဖို့ ဝန်မလေးပါဘူး"

လူအများ၏ မျက်နှာတွင် စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင်များ ပေါ်လာကြသည်။ သူတို့၏ အကြည့်များတွင် မျှော်လင့်ချက်များ စတင် စီးဆင်းလာသည်။

"ဒါတင်မကဘူး၊ ခင်ဗျားတို့ရဲ့ ယုံကြည်ရတဲ့ တပည့်တွေ ဒါမှမဟုတ် သားသမီးတွေကိုလည်း ဆေးဖော်ခန်းမကို ပို့လို့ရပါတယ်၊ ကျွန်တော် တတ်နိုင်သလောက် သင်ကြားပေးပါ့မယ်၊ သူတို့ တစ်ခုခု တတ်မြောက်သွားရင် အနာဂတ်မှာ အားကိုးစရာ အတတ်ပညာတစ်ခု ရသွားတာပေါ့"

သူ့စကား ဆုံးသည်နှင့် နဂါးပတ်ကျား ယန်ဝေက ဟားတိုက် ရယ်မောလိုက်တော့သည်။

"လော့လေးကတောင် ဒီလောက် ရက်ရောနေမှတော့ ငါတို့က ဘာလို့ ကပ်စေးနှဲနေရမှာလဲ"

သတ္တုတွင်းခန်းမ ခေါင်းဆောင် ကျန်းရှီချုံးကလည်း နွေးထွေးစွာ ဆိုလိုက်သည်။

"တစ်ဆယ်ရာခိုင်နှုန်း ဆိုတာ တကယ်ပဲ နည်းလွန်းတယ်၊ နှစ်ဆယ်ရာခိုင်နှုန်းလောက် ထားလိုက်တာက ပိုကောင်းမယ် မဟုတ်လား၊ ဒါက လော့ချန်ရဲ့ ကြိုးစားအားထုတ်မှုပဲလေ"

ချင်လျန်ချန်းနှင့် မုရုံချင်းလျန်တို့ကလည်း တစ်ပြိုင်နက်တည်း ဝင်ပြောကြသည်။

"နှစ်ဆယ်ရာခိုင်နှုန်း ဆိုတာ များလည်းမများ၊ နည်းလည်းမနည်းပါဘူး၊ လော့လေးမှာက တခြား ဝင်ငွေလမ်းကြောင်းမှ မရှိတာ"

အစည်းအဝေး စတင်ကတည်းက စကားတစ်ခွန်းမှ မပြောသေးသူ တစ်ဦးသာ ကျန်တော့သည်။ ထိုသူမှာ ဝမ်ယွမ် ဖြစ်သည်။

သူသည် လော့ချန် တစ်ဦးချင်းစီနှင့် ညှိနှိုင်းနေသည်ကို ကြည့်ကာ မျက်မှောင်ကြုတ်နေခဲ့သည်။

ရယ်လိုက် ငြီးတွားလိုက် ရှိနေသော်လည်း လော့ချန်၏ အမူအရာမှာ တည်ငြိမ်နေသည်။ သူသည် သနားစဖွယ် ဟန်ဆောင်နေသူသက်သက် မဟုတ်ကြောင်း ထင်ရှားလှသည်။

ထိုအခါမှသာ ဝမ်ယွမ်၏ မျက်မှောင်များ ပြေလျော့သွားတော့သည်။

"နှစ်ဆယ်ရာခိုင်နှုန်းမှာပဲ အဆုံးသတ်ကြစို့၊ ဒီထက်များရင် မနာလိုစရာ ဖြစ်မယ်၊ ဒီထက်နည်းရင်တော့ နစ်နာစရာ ဖြစ်လိမ့်မယ်"

ယခုအချိန်တွင် ဂိုဏ်းချုပ်အပါအဝင် ရာထူးကြီး ပုဂ္ဂိုလ် ၁၂ ဦးအနက် ၅ ဦးက ဤဝေစုကို သဘောတူလိုက်ကြပြီ ဖြစ်သည်။ လော့ချန်၏ တိတ်ဆိတ်စွာ သဘောတူမှုနှင့်ဆိုလျှင် တစ်ဝက်နီးပါး ရှိသွားပြီဖြစ်သည်။

မီကျွင်းဖျင်၏ မျက်နှာမှာ ရေပြင်ငြိမ်ကဲ့သို့ အေးစက်ကာ မည်းမှောင်သွားသည်။

ဤအစည်းအဝေး မတိုင်ခင်ကတည်းက အခြားခန်းမခေါင်းဆောင်များနှင့် အမြတ်ဝေစု ခွဲတမ်းကို အကြမ်းဖျင်း ဆွေးနွေးထားပြီးသား ဖြစ်သည်။ ယခု နောက်ထပ် နှစ်ဆယ်ရာခိုင်နှုန်းကို ပေးလိုက်ရခြင်းမှာ မိမိတို့ မိသားစု၏ အကျိုးအမြတ်ကို ထိခိုက်စေခြင်းပင် ဖြစ်သည်။

ခယ်ယွဲ့လင်းာမူ ချင်လျန်ချန်းတို့ ဇနီးမောင်နှံ၏ စူးရှသော အကြည့်များကြောင့် စကားတစ်ခွန်းမှ မပြောရဲတော့ပေ။ စီကုန်းရှို့ကျားကမူ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဆင်မြန်းလျက် ဘာမှမပြောဘဲ ဘေးထိုင်ကြည့်နေလိုက်သည်။

မီရှုဟွာ၏ အပြုံးမှာ အနည်းငယ် ပျောက်ကွယ်သွားပြီး သူ၏ အကြည့်မှာ တခြားသူတစ်ဦးထံသို့ ကျရောက်သွားသည်။

"ကျန်းဝမ်…. မင်း ပြီးခဲ့တဲ့လက ထျန်းရှန်းမျှော်စင်မှာ အတော်လေး ပျော်ခဲ့ရဲ့လား "

All Chapters