← Chapters

ဆေးခန်းတာဝန်ခံ လော့ချန်

Vol. 8 Ch. 78

ဆေးခန်းတာဝန်ခံ လော့ချန်

Vol. 8 Ch. 78

ကျားနာ ကျန်းဝမ်….။

ထိုသူသည် ဖိုရှန်းဂိုဏ်းအတွင်း အမြဲ ထူးခြားဆန်းပြားနေသူတစ်ဦး ဖြစ်သည်။

ခန်းမခေါင်းဆောင်ဟူသော ဂုဏ်သရေရှိ ရာထူးကို ရရှိထားသော်လည်း နှစ်ပေါင်းများစွာ တာဝန်များကို ရှောင်လွှဲနေခဲ့သူ ဖြစ်သည်။

ငယ်စဉ်က ရရှိခဲ့သော ဒဏ်ရာများကြောင့် ရှေ့ဆက်ကျင့်ကြံရန် မျှော်လင့်ချက် ပျက်သုဉ်းသွားပြီးနောက်၊ သူသည် ပျော်ပွဲစားရုံများနှင့် ပြည့်တန်ဆာမများကြားတွင်သာ အချိန်ဖြုန်းနေခဲ့သည်။ ဝိညာဉ်ကျောက်တုံးများ ကုန်သွားလျှင် တောင်ထဲသို့ တစ်ကိုယ်တော်ဝင်ကာ အမဲလိုက်သည်။ မည်သူနှင့်မျှ မဟာမိတ်ဖွဲ့လေ့မရှိဘဲ တစ်သီးပုဂ္ဂလသာ နေထိုင်တတ်သည်။

အကယ်၍ အဆုံးအဖြတ်စင်မြင့်တွင် သူ၏ စွမ်းဆောင်ရည်မှာ အံ့မခန်း ဖြစ်မနေခဲ့လျှင်၊ ခန်းမခေါင်းဆောင် သုံးဦးသာ သေဆုံးမသွားခဲ့လျှင်၊ သူသည် ဖိုရှန်းဂိုဏ်းသို့ ပြန်လာပြီး တိုက်ခိုက်ရေးခန်းမ ခေါင်းဆောင်နေရာကို ဘယ်သောအခါမှ လက်ခံမည် မဟုတ်ပေ။

ယခု အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ၊ သူပုခုံးကို အမှုမဲ့အမှတ်မဲ့ တွန့်ပြလိုက်ပြီး ပြန်မေးလိုက်သည်။

"ဂိုဏ်းချုပ်က အမှန်တရားကို ကြားချင်တာလား၊ ဒါမှမဟုတ် လိမ်တာကို ကြားချင်တာလား"

မီရှုဟွာ၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားသည်။

"အဲဒါက ဘာကွာလို့လဲ"

"လိမ်တာကတော့.... ကျွန်တော် တော်တော်လေး ပျော်ခဲ့တယ်၊ ဘယ်လောက်တောင် ပျော်သလဲဆိုရင် လမ်းတောင် မလျှောက်နိုင်ဘဲ အဲဒီအဆောက်အဦးထဲကနေ တွားသွားပြီး ထွက်လာရတဲ့အထိပဲ"

"ဒါဆို အမှန်တရားကရော"

"အမှန်တရားကတော့.... ထျန်းရှန်းမျှော်စင်မှာ လူတွေ အပြောင်းအလဲ ဖြစ်သွားပြီဗျ၊ ကျွန်တော် သဘောကျတဲ့ မိန်းကလေးတွေက ပိုးပန်းပင်ဂိုဏ်းကို ပြန်သွားကြပြီ၊ ဒါမှမဟုတ်ရင်လည်း ဒီအလုပ်ကို နားလိုက်ကြပြီ၊ အသစ်ရောက်လာတဲ့ အမျိုးသမီးကျင့်ကြံသူတွေကတော့ စည်းကမ်းမရှိဘူးဗျာ၊ ပိုးပင်ဂိုဏ်းရဲ့ မြူဆွယ်တဲ့ မှော်အတတ်တွေကို ချီစွမ်းအင် အကုန်အကျခံပြီး ကျွန်တော့်ကို တရစပ် သုံးနေကြတာ၊ ကျွန်တော့်ရဲ့ အရိုးဟောင်းတွေက အဲဒီလို နှိပ်စက်တာတွေကို မခံနိုင်တော့ဘူး၊ ဒီနေ့ တကယ်ပဲ လမ်းမလျှောက်နိုင်တော့ဘဲ ထွက်လာခဲ့ရတာဗျ"

ဆိုလိုသည်မှာ အမှန်ဖြစ်စေ၊ အလိမ်ဖြစ်စေ သူ လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်ကမူ အတူတူပင် မဟုတ်ပါလော။

"အဓိပ္ပာယ်မရှိတာတွေ တော်တော့"

မီရှုဟွာက အသက်ပြင်းပြင်းရှူလိုက်ပြီး ဆိုသည်။

"ဂိုဏ်းက အခု ဆေးဖော်ခန်းမ တည်ထောင်တော့မယ်၊ ဒါက လူတိုင်းရဲ့ အနာဂတ် အကျိုးအမြတ်တွေနဲ့ ဆက်စပ်နေတယ်၊ မင်းက ခန်းမခေါင်းဆောင် တစ်ယောက်ပဲ၊ မင်းရဲ့ သဘောထားကို ပြောဦး"

ကျန်းဝမ်က သူ၏ ထိုင်ခုံပေါ်တွင် ပျင်းရိစွာ မှီနေရင်း ထိုစကားကို ကြားသောအခါ လက်ကို ဝှေ့ပြလိုက်သည်။

"ကျွန်တော့် သဘောထားကို မေးတာလား ဟုတ်တာပေါ့…. ဒါဟာ တကယ်ကို ကောင်းမွန်တဲ့ အကြံဉာဏ်ပဲလို့ ကျွန်တော် ထင်ပါတယ်"

"ဟမ်"

"မိတ်ဆွေလော့ဟာ ကျွန်တော့်ရဲ့ အချစ်ဆုံး ညီအစ်ကိုပဲလေ၊ သူက ကျွန်တော်တို့အတွက် ဆေးလုံးတွေ ဖော်စပ်ပေးမယ်ဆိုမှတော့၊ ဝိညာဉ်ကျောက်တုံးတွေကို ပိုပေး ရမှာပေါ့"

ပြောရင်း သူ လော့ချန်အား မျက်စိမှိတ်ပြလိုက်သည်။

"မင်း ဘယ်တော့ အဆင့်မြင့် အံ့ဖွယ်တစ်သောင်းဆေးလုံး တွေကို ဖော်ပေးမှာလဲ၊ ထျန်းရှန်းမျှော်စင်က မြူဆွယ်တဲ့ မိန်းကလေးတွေကြောင့် ငါ ဒုက္ခရောက်နေတာ ကြာလှပြီကွ"

လော့ချန်က တရားမျှတသော အမူအရာဖြင့် လက်အုပ်ချီ အရိုအသေပြုလိုက်သည်။

"ကိုကြီးညီပဲဗျာ၊ ဘယ်လိုလုပ် အစွမ်းကုန် မကြိုးစားဘဲ နေမှာလဲဗျာ၊ မိတ်ဆွေကြီး ပိုးပင်ဂိုဏ်းရဲ့ မှော်အတတ်တွေကို ချေမှုန်းနိုင်အောင် ကျွန်တော် သေချာပေါက် ကူညီပါ့မယ်"

ဤသို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စနောက်နေကြသည်ကို ကြည့်ကာ မီရှုဟွာမှာ အလိုမကျသော်လည်း ရယ်မောမိသွားတော့သည်။

"ကဲ…. ထားပါတော့၊ နှစ်ဆယ်ရာခိုင်နှုန်း ဝေစုပဲပေါ့၊ ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းလောက်ပါပဲ၊ ဒီလောက်အထိ တွက်ကပ်နေကြတာဟာ ငါတို့ ကျင့်ကြံသူတွေကို လောကီသားတွေလို အရမ်း စာရင်းတွက်လွန်းရာ ရောက်နေလိမ့်မယ်"

"ဟဲဟဲ.... ခင်ဗျားကိုယ်တိုင်ကပဲ အရင် တွက်ကပ်နေတာ မဟုတ်ဘူးလား"

လူတိုင်း ဂိုဏ်းချုပ်အား စိတ်ထဲမှ မေးငေါ့လိုက်ကြသည်။ ထိုအတွေးမှာ လူတိုင်း၏ စိတ်ထဲတွင် ဖြတ်ပြေးသွားကြသည်။

ထို့နောက် လူတိုင်း၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် လော့ချန် သူ၏ နေရာ၌ ပြန်လည် ထိုင်လိုက်သည်။

ဤအချိန်မှစ၍ ဖိုရှန်းဂိုဏ်းတွင် ကိုးခုမြောက်သော ခန်းမ ဆေးဖော်ခန်းမ ဟူ၍ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

အဓိက ဦးတည်ချက်ကို ဆုံးဖြတ်ပြီးနောက်၊ ဆွေးနွေးမှုမှာ အသေးစိတ် အချက်အလက်များဆီသို့ ကူးပြောင်းသွားသည်။

ဆေးဖော်ခန်းမ၏ တည်နေရာကို ရွေးချယ်ပြီးသား ဖြစ်သလို၊ ဆောက်လုပ်ရေးမှာလည်း ပြီးစီးလုနီးပါး ဖြစ်နေလေပြီ။ မီရှုဟွာသည် တောရိုင်းတိရစ္ဆာန်များ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် ပထမအဆင့် အလတ်စား အစီအရင် တစ်ခုကိုပင် ထောက်ပံ့ပေးခဲ့သည်။

ဆေးဖော်ခန်းမသို့ တာဝန်ချထားမည့် ဝန်ထမ်းများနှင့် ပတ်သက်၍မူ စီကုန်းရှို့ကျားက သူ့အတွက် တစ်ခုချင်း စာရင်းပြုစု ပေးထားသည်။ ဤကိစ္စနှင့် မသက်ဆိုင်သော အကြီးအကဲ တစ်ဦးက လော့ချန်အား အဘယ်ကြောင့် ရှင်းပြနေရသနည်းဆိုသော်၊ သူသည်လည်း ဆေးဖော်ခန်းမတွင် တာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်သောကြောင့်ပင်။

လော့ချန် စိတ်ထဲမှ ရယ်မိသွားသည်။

မဆိုင်းမတွပင် သူသည် ကူချိုင်ယီအား ဂိုဏ်းသို့ သွင်းရန် ကိစ္စကို တင်ပြလိုက်သည်။

ချင်လျန်ချန်းနှင့် ဇနီးဖြစ်သူတို့က သူမ၏ နောက်ကြောင်းမှာ ရှင်းလင်းပြီး ယုံကြည်ရကြောင်း ထောက်ခံပေးကြသည်။ ဤအချက်မှာ မည်သည့် အတားအဆီးမျှမရှိဘဲ အတည်ပြုခြင်း ခံရသည်။

သို့သော် ကူချိုင်ယီအား ဆေးဖော်ခန်းမသို့ တာဝန်ချရန် ကိစ္စတွင်မူ မီကျွင်းဖျင်က မျက်မှောင်ကြုတ်ကာ ငြင်းဆိုခဲ့သည်။

နောက်တစ်ကြိမ်တွင်လည်း ကျန်းဝမ်ကပင် လော့ချန်အတွက် ဝင်ပြောပေးခဲ့ပြန်သည်။

"ကူချိုင်ယီဆိုတာ တာဟဲဈေးမြို့တော် တစ်ခုလုံးမှာ နာမည်ကြီးတဲ့ ကချေသည်လေ၊ လူတိုင်းက သူမကို လေးစားကြတာ"

သူ စနောက်သော လေသံဖြင့် ထပ်ဖြည့်လိုက်သည်။

"တကယ်လို့ သူမသာ ဖိုရှန်းဂိုဏ်းရဲ့ ဆေးဖော်ခန်းမကို ဝင်လာမယ်ဆိုရင်၊ ဒါဟာ တကယ့်ကို အဖိုးတန်တဲ့ ရတနာတစ်ခု ရလိုက်တာပဲဗျ၊ ဖိန်အာ…. မင်းက သူမကို တွန်းထုတ်ပစ်ဖို့အထိ အဲလောက်တောင် မိုက်မဲနေတာလား"

မီကျွင်းဖျင်သည် အလွန်ဒေါသထွက်သွားပြီး ကျန်းဝမ်နှင့် စာရင်းဟောင်းများ စတင် ရှင်းတော့သည်။ ဤလအတွင်း သူ၏ တာဝန်ပျက်ကွက်မှုကြောင့် ခန်းမအတွင်းရှိ အမျိုးသား အမြောက်အမြား ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်ခဲ့ရသလို ဂိုဏ်းတွင်လည်း ဝိညာဉ်ကျောက်တုံး အမြောက်အမြား ဆုံးရှုံးခဲ့ရသည်။

ကျန်းဝမ်ကမူ ပြုံးပြုံးလေးပင် တုံ့ပြန်သည်။

“ဒီလကို အရင်ကျော်ဖြတ်ပြီး နောက်မှ ဆွေးနွေးကြတာပေါ့” ဟုသာ ဆိုသည်။ အဆုံးတွင်မူ ဤသည်မှာ အသက်စွန့်တိုက်ပွဲတွင် ပါဝင်ရန် သဘောတူခဲ့စဉ်က အဘိုးကြီးမီ ကတိပေးထားသော ဆုလာဘ်ဖြစ်ပြီး၊ သမီးဖြစ်သူအနေဖြင့် မေးခွန်းထုတ်ရန် အဆင့်မရှိပေ။

အစည်းအဝေး ပြီးခါနီးတွင် တိတ်ဆိတ်နေသော လော့ချန်က ထပ်မံ ပြောကြားလိုက်သည်။

"ဂိုဏ်းချုပ်.... ကျွန်တော့်ကို မှော်လက်နက် နှစ်ခု တကယ်ပေးမှာလား"

မီရှုဟွာ ဆွံ့အသွားသည်။

"တစ်ခုပဲ မဟုတ်ဘူးလား"

"တစ်ခု ဒါမှမဟုတ် နှစ်ခုလို့ ပြောခဲ့တာလေ၊ အခုမှ လျှော့ဈေးတွေ ညှိနေတာလား"

လော့ချန်သည် ရိုးသားလှသော အမူအရာဖြင့် မျှော်လင့်တကြီးကြည့်ကာ မေးနေသည်။

"အလတ်စား ဝတ်ရုံ၊ ဖုန်မှုန့်တွေကို ဖယ်ရှားပေးမယ့် သန့်စင်ခြင်း အစီအရင် ပါတယ်၊ ချီ သန့်စင်အဆင့် အဆင့်မြင့် ကျင့်ကြံသူတစ်ဦးရဲ့ တိုက်ခိုက်မှုကို တစ်ကြိမ် ခံနိုင်ရည်ရှိတဲ့ ရေဒိုင်းလွှားလည်း ပါသေးတယ်"

"အဆင့်မြင့် မှော်လက်နက်ဖြစ်တဲ့ တိမ်တက်ဖိနပ်၊ အစီအရင် သုံးခု ထွင်းထားပေမဲ့ အနှစ်သာရကတော့ အတူတူပါပဲ၊ မင်း လေခွင်းအတတ် တတ်တယ် မဟုတ်လား"

ချင်လျန်ချန်းက ထိုပစ္စည်းများအား စစ်ဆေးပြီး လော့ချန်ထံ ပြန်ပေးလိုက်သည်။

လော့ချန် အလွန်ဝမ်းသာသွားပြီး ချက်ချင်းပင် ဝတ်ဆင်လိုက်သည်။ တစ်ပတ်ရစ် ဖြစ်နေသည်ကို သူ ဂရုမစိုက်ပေ။ ယခုမူ သူ၏ ပစ္စည်းကိရိယာများမှာ အဆင့်တက်သွားပြီ ဖြစ်သည်။ သူ ဝတ်ဆင်ထားသမျှမှာ အနည်းဆုံး အလတ်စား အဆင့်များ ဖြစ်နေလေပြီ။

အကယ်၍ သူ ပိုင်ဆိုင်ထားပြီးသား ဖြစ်သော အလတ်စား စိမ်းမြရတနာဓားနှင့် အဆင့်မြင့် ဝိညာဉ်ဖျက်သံမှို တို့ကိုပါ ထည့်တွက်လိုက်လျှင် ဤသို့သော ပိုင်ဆိုင်မှုမျိုးသည် ချီ သန့်စင်အဆင့် အလယ်အလတ်သမားများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်စေပေလိမ့်မည်။

ဤသည်ကို ကြည့်ကာ ချင်လျန်ချန်း သက်ပြင်းမချဘဲ မနေနိုင်ပေ။

မျှော်လင့်ထားသည့်အတိုင်း မီရှုဟွာတွင် မှော်လက်နက်များ မရှားပါပေ။ သို့သော် သူ အသက်စွန့်တိုက်ပွဲတွင် အနိုင်ရခဲ့စဉ်ကမူ သုံးရသည်မှာ မလွယ်ကူလှသော ရွှေအပ်တစ်ချောင်းသာ ရရှိခဲ့သည်။

သူသည် မီရှုဟွာ၏ အဆင့်မြင့် ကာကွယ်ရေးဝတ်ရုံကို ပျက်စီးစေခဲ့သောကြောင့် မီရှုဟွာ ကပ်စေးနှဲနေခြင်းလား သို့မဟုတ် သူ လက်တစ်ဖက် ဆုံးရှုံးသွားသောကြောင့် အနာဂတ် မရှိတော့ဟု ယူဆကာ သူ့အပေါ် အရင်းအနှီး မပြုလိုတော့ခြင်းလား စဉ်းစား၍မရနိုင်ဖြစ်နေသည်။

ယခင်က ကျန်းဝမ်ဒဏ်ရာရခဲ့စဉ်က ကျန်းဝမ်အား မီရှုဟွာ လျစ်လျူရှုခဲ့သလိုမျိုးပင် ခံစားလိုက်ရသည်။

ကျန်းဝမ် အကြောင်း ပြောနေစဉ်မှာပင် သူ ရောက်လာသည်။ သူ၏ ခြေလှမ်းများမှာ ယိုင်နဲ့နေပြီး မျက်နှာမှာ ဖြူဖျော့နေသည်။

မုရုံချင်းလျန်က ထိုမြင်ကွင်းကို မြင်သောအခါ "ကျန်းဝမ်…. မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးမှပေါ့" ဟု ဆိုလိုက်သည်။

ကျန်းဝမ် အလွန်ပင် စိတ်လှုပ်ရှားသွားသည်။

"မုရုံ…. မင်းတစ်ယောက်ပဲ ငါ့ကို တကယ် ဂရုစိုက်တာပါ၊ ဒါနဲ့.... မင်းယောကျ်ားက လက်တစ်ဖက်လည်း ပြတ်နေပြီ၊ အနာဂတ်လည်း မရှိတော့ဘူး၊ ငါနဲ့ပဲ လိုက်ခဲ့ပါလား၊ ငါ ကတိပေးပါတယ်...."

ချင်လျန်ချန်း ဒေါသထွက်ကာ ဆဲဆိုတော့သည်။

“ခွေးမသား ထွက်သွားစမ်း ဝေးဝေးကို သွား"

ကျန်းဝမ်သည် လော့ချန်အား ဆွဲကာ အမြန်ပင် ထွက်ပြေးသွားတော့သည်။ ကျန်ရစ်ခဲ့သော ဇနီးမောင်နှံမှာမူ တစ်ဦးက အော်ဟစ်ဆဲဆိုနေပြီး တစ်ဦးက ချော့မော့နေရရှာသည်။

"မိတ်ဆွေ လော့လေး…. ငါ့မှာ လျှို့ဝှက်ကိစ္စတစ်ခု ဆွေးနွေးစရာ ရှိတယ်၊ မင်းမှာ အရန်ရှိသေးလား"

"ရှိပါတယ်.... အံ့ဖွယ်တစ်သောင်းဆေးလုံး ရှိတယ်၊ ပုလင်းကြီး၊ အလတ်စား အဆင့်"

"ဒါဆိုရင် ပုလင်းအလတ် တစ်ပုလင်း ပေးဦး"

"မိတ်ဆွေကျန်း…. ပုလင်းအလတ် မဟုတ်ဘူးဗျ၊ ပုလင်းအကြီး၊ အလတ်စားအဆင့်ပါ"

"အေး.... ဘာပဲဖြစ်ဖြစ်၊ ဆယ်ပုလင်းပေး၊ ငါ ဒီတစ်ခါတော့ အခြေအနေ ပြန်လှည့်နိုင်အောင် လုပ်ရမယ်"

တစ်ဖက်က ပိုက်ဆံပေးပြီး တစ်ဖက်က ပစ္စည်းပေးလိုက်သည်။

ကျန်းဝမ်သည် ဖြူဖျော့အားနည်းသော ပုံစံ ပျောက်ကွယ်သွားပြီး ခေါင်းကို မော့ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထွက်ခွာသွားသည်။

လော့ချန်သည် လက်ထဲမှ ဝိညာဉ်ကျောက်တုံး ငါးဆယ်ကို ကြည့်ကာ စိတ်လှုပ်ရှားမိသွားသည်။

"ကျန်းဝမ်က တကယ်ပဲ ငါ့ရဲ့ အမာခံ ဖောက်သည်ကြီးပါလား၊ ငါက လျှော့ဈေးတောင် ပေးသေးတာကို သူက ဈေးအပြည့်ပေးဖို့ ဇွတ်လုပ်နေတယ်၊ အခု ဆေးလုံးတွေက အရင်ကထက် ပိုအစွမ်းထက်နေပြီဆိုတော့ ကျင့်ကြံဖော်တစ်ယောက်ကို ခေါင်းပုံမဖြတ်ချင်ဘူးတဲ့"

လော့ချန် အတွေးထဲ နစ်နေစဉ်မှာပင် ဝမ်ယွမ် ရှေ့တွင် ပေါ်လာသည်။ သူ စောင့်နေသည်မှာ အတန်ကြာပြီ ဖြစ်ပုံရသည်။

သူ လော့ချန်အား တစ်ချက်ကြည့်၍ နောက်သို့ လှည့်ကာ ထွက်သွားသည်။

လော့ချန်လည်း နောက်မှ အပြေးအလွှား လိုက်သွားတော့သည်။

မကြာမီတွင် တိတ်ဆိတ်သော အခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားကြသည်။

"မင်း အလတ်စား ဆေးလုံးတွေ ဖော်စပ်နိုင်နေပြီဆိုတာ ငါ မသိခဲ့ဘူး"

ဝမ်ယွမ်က လှောင်ပြောင်သလို ဆိုလိုက်သည်။

လော့ချန်က ခေါင်းကို ကုတ်လိုက်ရင်း ဆိုသည်။

"ကျွန်တော် ထင်တာကတော့ အစ်ကိုက ကျင့်ကြံတာကိုပဲ အာရုံစိုက်နေတော့ ဒါတွေကို လိုမယ်မထင်လို့ပါ၊ တကယ်လို့ လိုတယ်ဆိုရင်လည်း ကျွန်တော့်ဆီမှာ အများကြီး ရှိပါတယ်ဗျာ"

"အဓိပ္ပာယ်မရှိတာ ပြောမနေနဲ့"

ဝမ်ယွမ်က သူ့အား ဆူလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

"မင်း အလတ်စား ဆေးလုံးတွေ ဖော်စပ်နိုင်မှန်း ငါသာ သိခဲ့ရင်၊ အဲဒီတုန်းက မင်းကို ဖိုရှန်းဂိုဏ်းကို ငါနဲ့အတူ ပြန်ခေါ်လာမှာ မဟုတ်ဘူး"

လော့ချန်သည် သူ၏ ပျော်ပျော်နေတတ်သော အမူအရာကို ဖျောက်လိုက်ပြီး ခေါင်းခါလိုက်သည်။

"ဒါက ခင်ဗျားအပြစ် မဟုတ်ပါဘူး အစ်ကိုဝမ်၊ ကျင့်ကြံဖို့အတွက် ဝိညာဉ်ကျောက်တုံး ရှာနေသရွေ့တော့ ကျွန်တော့်ကိုလူသိလာမှာပါပဲ၊ ဖိုရှန်းဂိုဏ်းက မဟုတ်ရင်တောင် တာကျန်းဂိုဏ်း၊ လီမိသားစု၊ နန်ကုန်းမိသားစု၊ တွမ်မိသားစု၊ ဒါမှမဟုတ် ရွှေအမြုတေ ဂိုဏ်းတွေနဲ့ ဂိုဏ်းကြီး ခြောက်ဂိုဏ်းကတောင် ကျွန်တော့်ကို သတိထားမိလာမှာပါ"

ရှေ့ပိုင်းစကားကြောင့် ဝမ်ယွမ် စိတ်လှုပ်ရှားသွားသော်လည်း၊ နောက်ပိုင်းစကားများကို ကြားသောအခါ အနည်းငယ်တော့ တစ်မျိုး ဖြစ်သွားရသည်။ ဂိုဏ်းကြီးများ သတိထားမိလိမ့်မည်ဟု လော့ချန် နားထင်သွေးရောက်နေသည်ဟု ထင်လိုက်မိသည်။ သို့သော်လည်း သူ အားပေးစကားတော့ ဆိုလိုက်သေးသည်။

ဝမ်ယွမ်၏ အကြည့်မှာ ပျော့ပြောင်းသွားသည်။

"ဒါဆို အခု မင်းရဲ့ အစီအစဉ်က ဘာလဲ"

"ရောက်မှတော့ အကောင်းဆုံး ဖြစ်အောင် လုပ်ရမှာပေါ့၊ အစ်ကိုတောင် ဖိုရှန်းဂိုဏ်းမှာ ချီ သန့်စင်အဆင့် ၈ အထိ ရောက်ခဲ့တယ်၊ အစ်ကိုချင်တို့လည်း အဆင့် ၉ ရောက်ကုန်ပြီ၊ ကျွန်တော်လည်း ဘာလို့ မရောက်နိုင်ရမှာလဲ"

သူ၏ စကားလုံးများတွင် တောင်တန်းနှင့် မြစ်များကိုပင် အောင်နိုင်မည့် ရဲရင့်ပြတ်သားသော အငွေ့အသက်များ ပါဝင်နေသည်။

ထိုအရာကို မြင်သောအခါ ဝမ်ယွမ် ထပ်မံ၍ နှစ်သိမ့်စကား မပြောတော့ပေ။

လော့ချန်သည် သူ၏ ခိုင်မာသော စိတ်ဓာတ်ကို ပြသပြီးနောက် ဝမ်ယွမ်အား စပ်စုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"အစ်ကို ကျွန်တော့်ကို တကူးတက ခေါ်တာက တောင်းပန်ဖို့သက်သက်ပဲလား၊ ကျွန်တော်တို့ ညီအစ်ကိုတွေကြားမှာ အဲဒီလောက်အထိ အားနာစရာ မလိုပါဘူး”

ဝမ်ယွမ် တိတ်ဆိတ်နေသဖြင့် လော့ချန် စိတ်ဝင်စားသွားသည်။

"တကယ်ပဲ တစ်ခုခု ရှိနေတာပေါ့ အစ်ကိုဝမ်.... ခင်ဗျား ကျွန်တော့်ကို အမြဲ ကူညီခဲ့တာပဲ၊ လိုတာရှိရင်သာ ပွင့်ပွင့်လင်းလင်း ပြောပါ"

ဝမ်ယွမ်၏ မျက်နှာမှာ မည်သည့် အမူအရာမျှ မရှိပေ။ သူသည် စိတ်ဓာတ်မာကျောလွန်းနေခြင်းလော သို့မဟုတ် ကိုယ်ခံပညာ လေ့ကျင့်မှုကြောင့် အရေ ထူနေခြင်းလော ပြောရခက်လှသည်။

တိတ်ဆိတ်မှုကြားတွင် ဝမ်ယွမ်သည် သားရဲသားရေစ တစ်ခုအား ထုတ်ယူလိုက်သည်။

လော့ချန် စပ်စုစွာဖြင့် လှမ်းယူကြည့်လိုက်သည်။

"ဟင်…. ဆေးနည်း တစ်ခုလား"

လော့ချန်သည် ဆေးနည်းကို အကဲခတ်ရင်း ဆိုသည်။

"ကျွန်တော့်အတွက် လက်ဆောင်အဖြစ် ဆေးနည်း ပေးတာလား၊ ခင်ဗျားက တကယ်ကို ညီအစ်ကိုကောင်းပဲ၊ နေပါဦး…. တစ်ခုခုတော့ မှားနေသလိုပဲ၊ ဘာလို့ ပါဝင်ပစ္စည်းအားလုံးက အမျိုးအစား တူနေတာလဲ၊ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေကို မျှတအောင် လုပ်ဖို့က အရေးမကြီးဘူးလား"

လော့ချန်သည် ဆေးနည်းအား တစ်ကြောင်းချင်း လျင်မြန်စွာ ဖတ်ကြည့်လိုက်သည်။

ဆေးနည်းကို ဖတ်ပြီးသောအခါ လော့ချန်၏ မျက်မှောင်များမှာ တင်းတင်းကြပ်ကြပ် ဖြစ်သွားတော့သည်။

နောက်ဆုံးစာမျက်နှာအား လှန်ကြည့်လိုက်သောအခါ သူ အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။

"ဒုတိယအဆင့် ဆေးနည်း တစ်ခုပါလား အကိုဝမ်ရ"

All Chapters