← Chapters

သွေးမိစ္ဆာဆေးလုံး

Vol. 8 Ch. 79

သွေးမိစ္ဆာဆေးလုံး

Vol. 8 Ch. 79

လော့ချန်၏ လက်ထဲရှိ သားရဲသားရေစပေါ်တွင် သွေးမိစ္ဆာဆေးလုံးဟု အမည်ရသော ဒုတိယအဆင့် ဆေးနည်းကို အသေးစိတ် ဖော်ပြထားသည်။

ဖော်ပြချက်အရ ဤဆေးလုံးအား ဖော်စပ်ပြီး မှီဝဲပါက ကျင့်ကြံသူတစ်ဦးသည် အလွန်အမင်း များပြားလှသော သွေးချီစွမ်းအင်ကို ရရှိနိုင်သည်။ ဤသွေးချီစွမ်းအင်မှာ မှန်ကန်သော လမ်းစဉ်ကျင့်ကြံသူတို့၏ ချီစွမ်းအင်နှင့် လုံးဝမတူညီဘဲ ကွဲပြားသော်လည်း သွေးလမ်းစဉ်ကျင့်ကြံသူများ အတွက်မူ ကျင့်ကြံခြင်းအဆင့်အား အဆမတန် မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။

လော့ချန်သည် ဝမ်ယွမ်၏ လက်ချက်ဖြင့် သေသွားရသည့် သွေးလမ်းစဉ် ကျင့်ကြံသူ ရှောင်ဝူရန်အား ချက်ချင်း သတိရလိုက်မိသည်။

"သွေးလမ်းစဉ် ဆေးလုံးတွေလား"

လော့ချန်၏ မျက်တောင်များမှာ မထိန်းချုပ်နိုင်ဘဲ တဆတ်ဆတ် တုန်ယင်သွားသည်။

ဝမ်ယွမ်က မေးခွန်းထုတ်သလို ကြည့်ကာ မေးလိုက်သည်။

"မင်း ဖော်စပ်နိုင်မလား"

လော့ချန် ခါးသီးစွာ ရယ်မောလိုက်သည်။

"အစ်ကိုဝမ်…. ခင်ဗျား ကျွန်တော့်ကို အထင်ကြီးလွန်းနေပြီ၊ ဒါက ဒုတိယအဆင့် ဆေးလုံးဗျ၊ ကျွန်တော် ဘယ်လိုလုပ် ဖော်စပ်နိုင်မှာလဲ၊ ပြီးတော့...."

သူ စကားကို ခေတ္တရပ်ကာ မျက်နှာထား တည်ကြည်သွားသည်။

"ဒါက မိစ္ဆာလမ်းစဉ် ဆေးလုံးပဲ၊ ကျွန်တော်သာ ဒါကို ဖော်စပ်ခဲ့ရင် ကျွန်တော်ရော၊ အစ်ကိုပါ ကြောက်စရာကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံရလိမ့်မယ်"

ကျောက်စိမ်းအိုး ဓားဂိုဏ်းသည် မိစ္ဆာလမ်းစဉ်နှင့် ပတ်သက်လျှင် အလွန်ပင် တင်းကြပ်လှသည်။

အမှန်စင်စစ် အရှေ့ဖျားဒေသရှိ နယ်မြေ ၃၆ ခုလုံးတွင် မိစ္ဆာလမ်းစဉ်ဂိုဏ်းဟူ၍ တစ်ခုမျှ မရှိပေ။

အကောင်းနှင့်အဆိုး ကြားကူးနေသော ပိုးပင်ဂိုဏ်းပင်လျှင် ထျန်းရှန်းမျှော်စင်၏ နာမည်ကို အသုံးချကာ နှစ်ဦးသဘောတူ ဝန်ဆောင်မှုပေးသည့် ပုံစံဖြင့် ဟန်ဆောင် လှုပ်ရှားနေရခြင်း ဖြစ်သည်။

သားရေစပေါ်ရှိ ဆေးနည်းကို ကြည့်ရုံမျှဖြင့် လော့ချန်သည် ပါဝင်ပစ္စည်းများ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သတိပြုမိလိုက်သည်။

ကျင့်ကြံသူတို့၏ အနှစ်သာရသွေး၊ အပြင်းစား ယင်စွမ်းအင်ဆိုးနှင့် လူ့အချင်းများ စသည့် ပါဝင်ပစ္စည်း တစ်ခုချင်းစီမှာ သမ္မာကျင့်ကြံသူများ အသုံးပြုလေ့ရှိသော အရင်းအမြစ်များနှင့် အလှမ်းဝေးလှပြီး ယုတ်ညံ့သော မိစ္ဆာကျင့်စဉ်များတွင်သာ သုံးသည့်အရာများ ဖြစ်သည်။

ဤဆေးလုံးအား ဖော်စပ်ရန် နေနေသာသာ၊ စုဆောင်းမိလျှင်ပင် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ကျင့်ကြံသူတို့၏ လိုက်လံသုတ်သင်ခြင်းကို ခံရပေလိမ့်မည်။

ဝမ်ယွမ်သည်လည်း ဤအချက်ကို သိရှိသဖြင့် စိတ်ပျက်သွားကာ အကြည့်ကို နှိမ့်ချလိုက်သည်။

"နှမြောစရာပဲ၊ ငါ့မှာသာ ဒီဆေးလုံး အထောက်အကူ ရှိမယ်ဆိုရင်၊ အခြေခံအုတ်မြစ်တည်ဆေးလုံး မရှိရင်တောင် ငါ အခြေခံတည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းဖို့ ကြိုးစားနိုင်မှာ"

"ဒါက တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား၊ နေပါဦး…."

လော့ချန်သည် သူ့ရှေ့မှ လူအား အံ့ဩတကြီး စိုက်ကြည့်လိုက်သည်။

"အစ်ကိုက အခြေခံအုတ်မြစ်တည်ဆေးလုံးမပါဘဲ အဆင့်တက်နိုင်တယ် ဟုတ်လား"

"အခြေခံအုတ်မြစ် တည်ဆောက်ဖို့အတွက် အဲဒီဆေးလုံးက မရှိမဖြစ် လိုအပ်တယ်လို့ ဘယ်သူပြောလဲ"

ဝမ်ယွမ်က ပြန်၍ မေးခွန်းထုတ်လိုက်သည်။

လော့ချန် ခဏမျှ ဆွံ့အသွားသည်။ သူ ကျင့်ကြံခဲ့သည့် နှစ်များအတွင်း တွေ့ကြုံခဲ့ရသော လူများနှင့် ဖြစ်ရပ်များကို အသေအချာ ပြန်လည် စဉ်းစားကြည့်သည်။ ဝိညာဉ်အမြစ်ကောင်းသည့် ကျင့်ကြံသူများသည် အခြေခံအုတ်မြစ် တည်ဆောက်သည့်အခါ မည်သည့် အတားအဆီးမျှ မရှိဘဲ ဆေးလုံးလည်း မလိုအပ်ကြပေ။

ထို့အပြင် ဝိညာဉ်အမြစ် နှစ်ခု ရှိသူများထဲတွင်လည်း အခြားသော အားဖြည့်ဆေးလုံးများကို အသုံးပြု၍ အောင်မြင်စွာ အဆင့်တက်နိုင်သူများ ရှိသည်။ သူသိသော လူတစ်ဦးဆိုလျှင် အခြေခံအုတ်မြစ်တည်ဆေးလုံးမပါဘဲ ကျင့်ကြံခြင်းအဆင့် တက်ရန် ကြိုးစားခဲ့ဖူးသူ ရှိသေးသည်။ ထိုသူမှာ ဖူရှို့ရှို့ ပင် ဖြစ်သည်။

သူတို့၏ ပထမဆုံး တွေ့ဆုံပွဲအပြီးတွင် ပိုင်မေလင်းက ဖူရှို့ရှို့၏ အကြောင်းကို ပြောပြခဲ့ဖူးသည်။

ဖူရှို့ရှို့တွင် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ တပည့်ဖြစ်ခဲ့သူ ကျင့်ကြံဖော်တစ်ဦး ရှိသည်။ သို့သော် ထိုသူမှာ အခြေခံအုတ်မြစ် တည်ဆောက်ရာတွင် ရှုံးနိမ့်ခဲ့သဖြင့် ဂိုဏ်း၏ အပြင်ဘက်အဖွဲ့သို့ ရာထူးလျှော့ချကာ စီမံခန့်ခွဲရေး တာဝန်များသာ ထမ်းဆောင်ရသူ ဖြစ်သည်။ နောက်ပိုင်းတွင် ထိုသူမှာ စိတ်ပျက်အားငယ်ကာ ကာမဂုဏ်များကြားတွင်သာ ပျော်မွေ့နေခဲ့တော့သည်။

သူမ၏ ကျင့်ကြံဖော် ဆုတ်ယုတ်လာသည်ကို မကြည့်ရက်၍လော သို့မဟုတ် သူမကိုယ်တိုင်တွင် အရင်းအမြစ် လုံလောက်ပြီဟု ယူဆ၍လော မသိရသော်လည်း၊ ဖူရှို့ရှို့သည် အခြေခံအုတ်မြစ်တည်ဆေးလုံးမပါဘဲ အဆင့်တက်ရန် ကြိုးစားခဲ့သည်။ သို့သော် အဆုံးတွင် သူမ ရှုံးနိမ့်ခဲ့ရသည်။

ရှုံးနိမ့်ခဲ့သော်လည်း သူမ၏ ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် ပြင်းထန်သော ဒဏ်ရာများ မရရှိခဲ့ဘဲ နှစ်အနည်းငယ် ကုသပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။

ထို့ကြောင့်ပင် နတ်ဘုရားမှော်စာရွက်နန်းတော်က သူမအား တန်ဖိုးထားကာ တာဝန်ခံ အဖြစ် ရာထူးတိုးပေးပြီး ဂိုဏ်းသို့ ပြန်ခေါ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ဤသို့ စဉ်းစားကြည့်လျှင် အခြေခံအုတ်မြစ်တည်ဆေးလုံးသည် မရှိမဖြစ် လိုအပ်ချက်ကြီး တစ်ခု မဟုတ်တော့သည်အလား စဉ်းစားစရာပင်ဖြစ်သည်။

ဝမ်ယွမ်က အေးဆေးစွာပင် ဆက်ပြောသည်။

"ငါက ရိုးရာ ကျင့်ကြံတဲ့ လမ်းစဉ်ကို မလိုက်ဘဲ ကိုယ်ခံပညာ ကျင့်ကြံခြင်း ကိုပဲ အာရုံစိုက်နေတာ၊ တကယ်လို့ ငါ့ရဲ့ သွေးချီတွေက အရည်အသွေးပိုင်းအရ ပြောင်းလဲမှု တစ်ခု ဖြစ်သွားမယ်ဆိုရင်၊ အခြေခံအုတ်မြစ်တည်ဆေးလုံးကို အားမကိုးဘဲ ငါ အဆင့်တက်နိုင်တယ်၊

ဒီ သွေးမိစ္ဆာဆေးလုံးကတော့ ငါ့ရဲ့ သွေးစွမ်းအင်တွေကို အလှည့်အပြောင်း ဖြစ်စေမယ့် ဆေးလုံးဆိုတာ သေချာတယ်"

ဆေးလုံးတစ်လုံး ဖြစ်သည့်တိုင် ကျင့်ကြံသူများနှင့် သာမန်လူများ၏ အသက်များအား အဓိက ကုန်ကြမ်းအနေနှင့် သုံးထားခြင်းက ခက်နေသည်။

နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။

ခဏအကြာတွင် ဝမ်ယွမ်က သားရေစကို ပြန်ယူရန် လက်လှမ်းလိုက်သော်လည်း လော့ချန်က ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။

"အစ်ကိုဝမ်…. ဒါကို ကျွန်တော့်ဆီမှာပဲ ထားလိုက်ပါ"

သူ၏ လေသံမှာ ပြတ်သားနေသည်။

"ကျွန်တော် ဆေးနည်းကို ပြုပြင်ကြည့်ပါ့မယ်၊ အဓိက ပါဝင်ပစ္စည်းတွေကို တခြားအရာတွေနဲ့ အစားထိုးကြည့်မယ်၊ ခင်ဗျားနဲ့ သင့်တော်မယ့် ဆေးတစ်မျိုးမျိုးကို ကျွန်တော် ဖော်စပ်နိုင်ကောင်း ပါလိမ့်မယ်"

ဝမ်ယွမ်သည် သူ့အား ခဏမျှ စိုက်ကြည့်နေပြီးနောက် လက်ကို ပြန်ရုပ်လိုက်သည်။

"ကောင်းပြီ.... ဒါဆိုလည်း မင်းပဲ ယူထားလိုက်တော့"

လော့ချန်သည် သားရေစအား အသေအချာ ထုပ်ပိုးပြီး ခါးကြားရှိ ဝိညာဉ်သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်သည်။

သူ ထွက်ခွာရန် ပြင်ဆင်စဉ် နောက်သို့ ပြန်လှည့်ကြည့်ကာ တည်ကြည်သော မျက်နှာဖြင့် ဆိုလိုက်သည်။

"အစ်ကိုဝမ်…. ရှောင်ဝူရန်ဆီက အစ်ကို ဘာတွေ ထပ်ယူထားသေးလဲဆိုတာ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ သွေးလမ်းစဉ်ဆိုတာ တားမြစ်ထားတဲ့ လမ်းပဲဗျ၊ ကိုယ်ခံပညာ ကျင့်ကြံတာက ခက်ခဲပေမဲ့ ဒါဟာ မှန်ကန်တဲ့ လမ်းစဉ်ပါ၊ သတိထားပါဦး"

"အင်းပါ"

သူ ရိုးရှင်းစွာပင် ပြန်ပြောလိုက်သော်လည်း ထိုစကားအား အလေးအနက် ထား၊ မထားကိုမူ မသိနိုင်ပေ။

….

နေဝင်ရီတရော အချိန်တွင် လော့ချန်နှင့် ကူချိုင်ယီတို့သည် စည်ကားလှသော အပြင်မြို့ရှိ လမ်းမများအတိုင်း အိမ်သို့ ပြန်လာခဲ့ကြသည်။

ချင်လျန်ချန်းမှာ လခြမ်းတောင်ကြားရှိ မုရုံချင်းလျန်အား ကူညီရန် သွားသောကြောင့် သူတို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

ယခင်က ဖုန်ထူပြီး မညီမညာ ဖြစ်နေသော မြေလမ်းများမှာ ယခုမူ ကျောက်စရစ်များ ခင်းကာ မြေညှိထားပြီး ဖြစ်သည်။

ကျောက်စိမ်းအိုး ဓားဂိုဏ်းသည် ဈေးမြို့တော်အား တစ်စစ တိုးတက်အောင် လုပ်ဆောင်နေပြီး ကျင့်ကြံသူများနှင့် ကုန်သည်များကို ဆွဲဆောင်နေသည်။

ဤပြောင်းလဲမှုမှာ တစ်ရက်တည်းနှင့် ဖြစ်လာသည် မဟုတ်ပေ။ အဆုံးအဖြတ်စင်မြင့် ဖွင့်ပွဲ အခမ်းအနား မတိုင်ခင်ကတည်းက တဖြည်းဖြည်း စတင်ခဲ့ခြင်း ဖြစ်သည်။ ကျောက်စိမ်းအိုး ဓားနန်းဆောင်သည် အပြင်ဘက်ပိုင်းအား ဖြည်းဖြည်းချင်း တိုးချဲ့နေခြင်း ဖြစ်သည်။

ပတ်ဝန်းကျင် ပိုကောင်းလာလေ ကျင့်ကြံသူများ ပိုမို လာရောက် နေထိုင်လေ ဖြစ်မည်။ လူများလေလေ၊ ဤဂိုဏ်းကြီးများအတွက် ဝိညာဉ်ကျောက်တုံးများ ပိုမို ရရှိလေလေ ဖြစ်သည်။

အပြင်မြို့တွင် လူပိုစည်ကားလာသော်လည်း ယခင်ကထက် ပို၍ ဘေးကင်းလာသည်မှာ အမှန်ပင်ဖြစ်သည်။ အကြောင်းမှာ ကျောက်စိမ်းအိုး၏ ရွှေအမြုတေ ကျင့်ကြံသူ၏ ဩဇာမှာ ယခုတိုင် လွှမ်းမိုးနေဆဲ ဖြစ်သောကြောင့်ပင်။

ဓားနန်းဆောင်တွင် ယခင်ကကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မြောင်ကျန်း တစ်ဦးတည်း ရှိသည် မဟုတ်တော့ဘဲ၊ အဆုံးအဖြတ်စင်မြင့်ကို တာဝန်ယူရန်အတွက် ဂိုဏ်းအတွင်းမှ အခြား ကျင့်ကြံသူတစ်ဦးကိုပါ ထပ်မံ စေလွှတ်ထားသည်။

ပြောင်းလဲသွားသော်လည်း ရင်းနှီးနေဆဲဖြစ်သော အပြင်မြို့ လမ်းမများကို ကြည့်ကာ လော့ချန် သက်ပြင်းမချဘဲ မနေနိုင်ပေ။

တာဟဲဈေးမြို့တော်မှာ တစ်နေ့ထက်တစ်နေ့ ပို၍ စည်ကားသာယာလာပြီး ကျင့်ကြံသူများ၏ ဘဝမှာလည်း တိုးတက်လာနေသည်။ သို့သော် ဤသည်မှာ ချီ သန့်စင်အဆင့် အလယ်နှင့် အဆင့်မြင့်သမားများကိုသာ ဆိုလိုခြင်းဖြစ်ပြီး အဆင့်နိမ့် ကျင့်ကြံသူများမှာမူ ဆင်းရဲဒုက္ခများကြားတွင် ရုန်းကန်နေရဆဲပင်ဖြစ်သည်။

"လော့ချန်.... ကျေးဇူးတင်ပါတယ်"

ကူချိုင်ယီက တိုးတိုးလေး ဆိုလိုက်သည်။

လော့ချန် သူမဘက်သို့ အံ့ဩတကြီး လှည့်ကြည့်ကာ ဆိုသည်။

“ကျေးဇူးတင်တာလား ဘာအတွက်လဲ၊ ခင်ဗျား ဖိုရှန်းဂိုဏ်းကို ဝင်လိုက်ရင်တောင် ထျန်းရှန်းမျှော်စင်မှာတုန်းကထက် ဝင်ငွေ အများကြီး လျော့သွားမှာလေ"

"အဲဒါက အဓိက မဟုတ်ပါဘူး၊ ကျွန်မ အဲဒီမှာ နှစ်အတော်ကြာ နေခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ တစ်ခုခုက ပြောင်းလဲနေသလိုပဲ၊ တစ်ခုခုက မူမမှန်တော့ဘူးလို့ ခံစားရပြီး ကျွန်မကို စိတ်မသက်မသာ ဖြစ်စေတယ်"

ကူချိုင်ယီ၏ အကြည့်မှာ ဝေးလွင့်နေပြီး သူမ၏ မျက်နှာပေါ်တွင် စစ်မှန်သော အပြုံးတစ်ခု ပေါ်လာသည်။ သူမ အလုပ်နားပြီး အိမ်မှာနေစဉ်ကတည်းက သူမ၏ နေထိုင်မှုမှာ ပုံမှန်အတိုင်း ဖြစ်လာသည်။ လူမှုဆက်ဆံရေးများမှာလည်း ယခင်ကကဲ့သို့ ရှုပ်ထွေးခြင်း မရှိတော့ပေ။

ကူချိုင်ယီက သူ့အား တစ်ချက်ကြည့်ကာ ဆက်‌ပြောလိုက်သည်။

"ဒါ့အပြင်.... ရှင်က ဆေးဖော်ခန်းမကို ဦးဆောင်နေတာဆိုတော့ အနာဂတ်မှာ အဲဒီနေရာက သေချာပေါက် စည်ပင်လာမှာပဲလေ"

လော့ချန်က ရယ်မောလျက် ဆိုသည်။

"ခင်ဗျား ကျွန်တော့် အပေါ် ဒီလောက်တောင် ယုံကြည်မှု ရှိတာလား"

ကူချိုင်ယီက ခေါင်းကို စောင်းကာ လော့ချန်၏ ခန့်ညားသော ဘေးတိုက်ပုံစံကို စိုက်ကြည့်နေသည်။

"အစ်ကိုကြီးချင်က ကျွန်မကို ပြောပြတယ်၊ ရှင်က ဆေးဖော်ခန်းမရဲ့ အမြတ်ဝေစုကို ရမှာဆို၊ ရှင်လည်း အမြတ်တွေ အများကြီး ရချင်မှာပဲ မဟုတ်လား"

လော့ချန်က ခပ်ပါးပါး ပြုံးလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ပေ။

ဆေးဖော်ခန်းမမှ သူ မည်မျှ အမြတ်ရမည်ကို မီရှုဟွာနှင့် ဖိုရှန်းဂိုဏ်းသားများက ဆုံးဖြတ်မည် ဖြစ်သော်လည်း၊ ဆေးဖော်ခန်းမ မည်မျှ အမြတ်ထွက်မည် ဆိုသည်မှာမူ သူ၏ အရည်အချင်းအပေါ်တွင်သာ မူတည်သည်။

ထိုသို့ လုပ်ဆောင်ရာတွင်လည်း သူသည် မိမိကိုယ်ကို အရှုံးခံမည် မဟုတ်ပေ။ အကြောင်းမှာ စားသောက်ဆိုင်ရှိ ထမင်းချက် တစ်ယောက်သည် မိမိဘာသာ ငတ်အောင် ထားလိမ့်မည် မဟုတ်သောကြောင့်ပင်ဖြစ်သည်။

"အိမ်ပြန်ကြစို့၊ ဒီနေ့ည ရှို့ရှို့က ထမင်းချက်ကျွေးမယ်တဲ့၊ ကျွန်တော်တို့အတွက် နှုတ်ဆက်ညစာ ဖိတ်ထားတယ်လေ"

ဖူရှို့ရှို့၏ အမည်ကို ကြားသောအခါ ကူချိုင်ယီ ခဏမျှ မှင်တက်သွားသည်။

အမျိုးသမီးချင်း ဖြစ်သော်လည်း တစ်ဖက်လူမှာ အမြဲ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေခဲ့သကဲ့သို့ပင်။ နာမည်ကြီးဂိုဏ်းမှ တပည့်တစ်ဦး၏ ကျင့်ကြံဖော် ဖြစ်ခဲ့သူ၊ ဂိုဏ်းကြီး ခြောက်ဂိုဏ်းအနက် တစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ၊ အခြေခံအုတ်မြစ် တည်ဆောက်ရန် ရဲရဲဝံ့ဝံ့ ကြိုးစားခဲ့သူ၊ ယခုမူ နတ်ဘုရားမှော်စာရွက်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ခရီးစတင်တော့မည့်သူ ဖြစ်သည်။

နှိုင်းယှဉ်ကြည့်လျှင် ကူချိုင်ယီမှာ တာဟဲဈေးမြို့တော်ထဲတွင် ရုန်းကန်နေရဆဲ ပင်ဖြစ်သည်။

သူမ၏ စိတ်ထဲတွင် ဘာမှ မခံစားရပါဟု ပြောလျှင် လိမ်ရာရောက်ပေလိမ့်မည်။ သို့သော် ထိုအရာမှာ မနာလိုစိတ်မျိုးတော့ မဟုတ်ပေ။ ပို၍ ပြင်းထန်သော စမ်းသပ်မှုများကို ကြံ့ကြံ့ခံကာ သူမထက် ပိုမို ခိုင်မာစွာ နေထိုင်နိုင်သော ဖူရှို့ရှို့အား သူမ လေးစားမိရုံသာ ဖြစ်သည်။

သို့သော်လည်း တာဟဲဈေးမြို့တော်ထဲတွင် ရုန်းကန်နေရခြင်းမှာ အထူးအဆန်းမဟုတ်ဟု သူမတွေးမိသည်။ သူမ ဘေးနားရှိ လူငယ်လေးဆိုလျှင်လည်း အခက်အခဲမှန်သမျှကို မတုန်မလှုပ်ဘဲ အကောင်းမြင်စိတ်ဖြင့် ရင်ဆိုင်နေသည် ဖြစ်သည်။

သူမ ညင်သာစွာ ပြုံးလိုက်ရာ သူမ၏ လှပသော ပါးပြင်ပေါ်တွင် ပါးချိုင့်လေး နှစ်ခု ပေါ်လာသည်။

"အိမ်အပြန်ကျရင် သခွားသီး နှစ်လုံးလောက် ဝယ်သွားရအောင်"

သူမ ရုတ်တရက် ဆိုလိုက်သည်။

"သခွားသီး ဘာလုပ်ဖို့လဲ"

လော့ချန်က မျက်ခုံးပင့် မေးလိုက်သည်။

"နှစ်တိုင်း ဒီလိုအချိန်ဆိုရင် လင်ယွမ်နန်းဆောင်မှာ ဝိညာဉ်သစ်သီး တစ်မျိုးကို ရောင်းလေ့ရှိတယ်၊ အရသာက တကယ် ကောင်းတယ်"

"ကောင်းပြီလေ ဒါပေမဲ့ ခင်ဗျား ပိုက်ဆံပေးရမှာနော်"

"ရှင်ကတော့ တကယ့် ကပ်စေးနှဲပဲ အေးပါဟယ်.... ကျွန်မပဲ ဝယ်ပါ့မယ်"

All Chapters