ဆေးနည်းကို ဆန်းစစ်ခြင်းနှင့် ဖြည့်စွက်ခြင်း
Vol. 8 Ch. 80
"ဒီခွက်ကို အတူတူ သောက်ကြရအောင်"
"ခရီးလမ်းက လီပေါင်းထောင်ချီ ဝေးကွာနေပေမဲ့၊ အစ်မရှို့ရှို့ တစ်ယောက် ဘေးကင်းချောမွေ့တဲ့ ခရီးစဉ် ဖြစ်ပါစေဗျာ"
လ ရောင် အောက်တွင် သူတို့ငါးဦးသည် ဝိုင်းဖွဲ့ကာ ရိုးသားဖြူစင်သော ဆုတောင်းစကားများဖြင့် ခွက်ချင်းတိုက်လိုက်ကြသည်။
အကြောင်းစုံ မသိသူအဖို့ ပျော်ပွဲရွှင်ပွဲတစ်ခုဟု ထင်မှတ်မှားစရာပင်ဖြစ်သည်။ သို့သော် အမှန်စင်စစ်တွင်မူ ဤသည်မှာ ဖူရှို့ရှို့အတွက် ကျင်းပပေးသော နှုတ်ဆက်ပွဲ ဖြစ်ပေသည်။
နူးညံ့သော်လည်း ခိုင်မာသော စိတ်ဓာတ်ရှိသည့် ဤအမျိုးသမီးငယ်သည် ဤခြံဝင်းလေးအတွင်း၌ လူတိုင်းအပေါ် အမှတ်တရများ ချန်ရစ်ခဲ့သူဖြစ်ရာ သူမ၏ ထွက်ခွာမှုသည် လူတိုင်း၏ စိတ်ကို အနည်းငယ် လေးလံစေသည်။
ဖူရှို့ရှို့သည် ခွက်ကိုချလိုက်ပြီး လူတိုင်းအား တစ်ချက်ကြည့်လိုက်သည်။ ကူချိုင်ယီနှင့် အကြည့်ချင်းဆုံမိသောအခါ ခဏမျှ ရပ်တန့်သွားသည်။
"ငါ အခု ထွက်သွားတော့မှာဆိုတော့၊ အိမ်မှာရှိတဲ့ ပစ္စည်းတွေအကုန်လုံး ယူသွားလို့ မရဘူး အများစုကိုတော့ ဖုန်းရှဆီမှာ အပ်ခဲ့တယ်၊ ဒါပေမဲ့ နင်တို့အားလုံးအတွက်လည်း ငါ လက်ဆောင်လေးတွေ ပြင်ဆင်ထားပါတယ်"
ထို့နောက် မှော်စာရွက် တစ်ရွက်ကို ရှောင်လင်း ထံ ကမ်းပေးလိုက်ရာ ရှောင်လင်းက အံ့ဩဝမ်းသာစွာဖြင့် လက်ခံလိုက်သည်။
"ဒါက ရနံ့သန့်စင်မှော်စာရွက်လေ၊ ရှောင်လင်း.... နင်က ဆေးပေါင်းတစ်ထောင်ခန်းမမှာ အချိန်အကြာကြီး နေရတာဆိုတော့၊ ကြာလာရင် နင့်ခန္ဓာကိုယ်မှာ ဆေးနံ့တွေ စွဲနေလိမ့်မယ်၊ အဲဒီလို အနံ့အမျိုးမျိုး ရောနေတာကို နင်မကြိုက်မှန်း ငါသိတယ်၊ ဒီမှော်စာရွက်ကို သုံးပြီး အခါအားလျော်စွာ သန့်စင်ပေးရင် အဲဒီအနံ့တွေကို ဖယ်ရှားနိုင်လိမ့်မယ်"
ရှောင်လင်းသည် မှော်စာရွက်ကို ဆုပ်ကိုင်ထားရင်း မျက်ဝန်းများ အနည်းငယ် နီမြန်းလာသည်။
"အစ်မရှို့ရှို့က ထွက်သွားမယ့်သူပဲ၊ ညီမတို့ကပဲ လက်ဆောင်ပေးရမှာကို၊ ဒါကို ဘယ်လိုလုပ် လက်ခံရမှာလဲ"
ဖူရှို့ရှို့က ပြုံးရုံသာ ပြုံးပြပြီး လော့ချန်ဘက်သို့ လှည့်လိုက်သည်။
ထို့နောက် သူမ၏ ဝိညာဉ်သိုလှောင်အိတ်ထဲမှ အိုးဖြင့်စိုက်ထားသော ဝိညာဉ်ပင် နှစ်အိုးကို ထုတ်ယူလိုက်သည်။
"ကုမုဒြာ ဆေးပင် လေ၊ လော့လေး…. နင် ဒါကို အမြဲသဘောကျမှန်း ငါသိတယ်၊ ငါနဲ့အတူ ယူသွားလို့ မရတာကြောင့် ဒါကို နင့်ကို ပေးခဲ့မယ်"
လော့ချန်က ငြင်းဆန်ရန် နှုတ်ပြင်လိုက်သော်လည်း စကားလုံးများက လည်ချောင်းဝတွင်ပင် တစ်ဆို့နေခဲ့သည်။
လရောင်ပင်သည် သူ့အတွက် အမှန်ပင် အလွန်အကျိုးရှိသော အရာဖြစ်သည်။ ထိုအရာသည် စိတ်ကို တည်ငြိမ်စေကာ ဝိညာဉ်အာရုံကို စုစည်းပေးနိုင်ရုံမျှမက၊ တစ်ခါက သူ့အား နှလုံးသားစမ်းသပ်မှုမှပင် နိုးထစေခဲ့ဖူးသည်။
သူသည် နိမ့်ပါးသော ကျင့်ကြံခြင်းအဆင့်တွင် ရှိနေပါလျက် အဘယ်ကြောင့် ထိုစမ်းသပ်မှုနှင့် ကြုံခဲ့ရသနည်းဟု အမြဲ တွေးတောနေခဲ့မိသည်။
အလုပ်ကြိုးစားလွန်းခြင်းနှင့် အပြင်ပန်း ဖိအားများအပြင်၊ အခြားကမ္ဘာမှ ကူးပြောင်းလာသူတစ်ဦး၏ ရှုပ်ထွေးသော အတွေးစများကလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပေသည်။ လရောင်ပင်သည် ကျင့်ကြံခြင်းအတွက် အမှန်တကယ်ပင် အစွမ်းထက်သော အထောက်အပံ့တစ်ခု ဖြစ်သည်။
သူ တွေဝေနေစဉ်မှာပင် ဖူရှို့ရှို့က အံ့ဩနေသော ကူချိုင်ယီထံသို့ အခြားသော ပန်းအိုးငယ်လေးတစ်ခုကို ကမ်းပေးလိုက်ပြန်သည်။
"ဒါက အဖူးဝေ နေကြာ ပန်းလေး၊ ငါ ဒီခြံထဲမှာ ဒါကို အမြဲစိုက်ချင်ခဲ့ပေမဲ့ အမြဲတမ်း ရှုံးနိမ့်ခဲ့ရတယ်"
နေကြာပန်းများအား ဖျက်ဆီးခဲ့သူမှာ သူ မဟုတ်သည့်အလား လော့ချန်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်။
"ဒါလေးကိုတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ငါ အောင်အောင်မြင်မြင် စိုက်ပျိုးနိုင်ခဲ့တာ"
သူမ၏ လေသံမှာ နူးညံ့သွားသည်။
"ချိုင်ယီ.... ဒါကို နင့်ကို ပေးခဲ့မယ်"
ဤတစ်ကြိမ်တွင် သူမ၏ အကြည့်ထဲ၌ ကူချိုင်ယီအပေါ် မကျေနပ်သည့် အရိပ်အယောင်များ မရှိတော့ဘဲ အသိအမှတ်ပြုမှုသာ ကျန်ရှိတော့သည်။
ကူချိုင်ယီ ပန်းအိုးကို လှမ်းယူလိုက်စဉ် ဖူရှို့ရှို့က ဆက်ပြောသည်။
"နင်က သူတို့နဲ့ မတူဘူး၊ အခု ထျန်းရှန်းမျှော်စင်ကနေ ထွက်လာပြီဆိုတော့ နင့်ရဲ့ အနာဂတ်က ပိုပြီးတော့တောင် ခက်ခဲလာနိုင်တယ်၊ ဒါပေမဲ့ နင့်ရဲ့ မျက်ဝန်းတွေက ဖုန်မှုန့်တွေနဲ့ ပြည့်နေရင်တောင်၊ နင့်ရဲ့ နှလုံးသားကတော့ မှန်တစ်ချပ်လို ကြည်လင်နေပြီး နင် တကယ် ဘာလိုချင်သလဲဆိုတာကို အမြဲ သိနေလိမ့်မယ်လို့ ငါ ယုံကြည်တယ်၊ အနာဂတ်မှာ နင် ရွှံ့နွံထဲမှာ နစ်နေရင်တောင်၊ ဒီပန်းလေးလိုပဲ နေရောင်ခြည်ရှိရာဘက်ကို အမြဲ ရှင်သန်ကြီးထွားလာလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"
ကူချိုင်ယီ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝိုင်းလာသည်။ သူမ အမြန် သုတ်လိုက်သော်လည်း သူမ၏ အပြုံးမှာ တောက်ပနေသည်။ အမျိုးသမီးအချင်းချင်း နားလည်နိုင်သော ဘာသာစကားဖြင့် သူတို့ ဆက်သွယ်လိုက်ကြခြင်းပင်ဖြစ်သည်။
လော့ချန်သည် သူကိုယ်တိုင် အကြာကြီး ပြုစုပျိုးထောင်ခဲ့ရသော၊ ယခုအခါမှ အမှန်တကယ် သူ့ပိုင်ဆိုင်မှု ဖြစ်လာသော လရောင်ပင်ကို ပိုက်ထားရင်း အားနာစွာဖြင့် ဆိုလိုက်သည်။
"အစ်မရှို့ရှို့ကို ကျွန်တော်တို့ကပဲ လက်ဆောင်ပေးရမှာပါ၊ အစ်မက အခု နေရာအသစ်မှာ အစကနေ ပြန်စရတော့မှာလေ"
"အစကနေ ပြန်စရမှာ"
ဖူရှို့ရှို့က ခပ်ပါးပါး ပြုံးလိုက်သည်။
"ဟုတ်တယ်…. ဒီလို ရင်နာစရာကောင်းတဲ့ နေရာကနေ ထွက်ခွာသွားတာဆိုတော့ အားလုံးကို အစကနေပဲ ပြန်စသင့်တာပေါ့"
လူတိုင်း၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ မြင်တွေ့ရသောကြောင့် သူမက အငွေ့အသက်ကို ပြောင်းလဲရန် သတင်းကောင်းတစ်ခု မျှဝေလိုက်သည်။
"နတ်ဘုရားမှော်စာရွက်ဂိုဏ်းက ငါ့ကို အခွင့်အရေးတစ်ခု ပေးထားတယ်၊ ငါသာ ငါးနှစ်အတွင်း အခြေခံအုတ်မြစ် တည်ဆောက်နိုင်ရင် ဂိုဏ်းတွင်းတပည့် ဖြစ်လာလိမ့်မယ်"
သူတို့၏ မျက်ဝန်းများ တောက်ပသွားကြသည်။ တစ်ကြိမ် ရှုံးနိမ့်ဖူးသော ကျင့်ကြံသူတစ်ဦးအတွက် ဤသို့သော အခွင့်အရေးမျိုး ရရှိရန်မှာ အလွန်ပင် ရှားပါးလှသည်။
ဤသည်မှာ ဂိုဏ်းက သူမအား အခြေခံအုတ်မြစ်တည်ဆေးလုံး ထောက်ပံ့ပေးဖွယ် ရှိကြောင်းလည်း ညွှန်ပြနေသည်။
ဖူရှို့ရှို့သည် အသေးစိတ်ကိုမူ ထပ်မရှင်းပြတော့ပေ။ သို့သော် မည်သူမျှ သူမအတွက် စိုးရိမ်မနေကြတော့ဘဲ အခြေခံအုတ်မြစ် အောင်မြင်စွာ တည်ဆောက်နိုင်ပါစေကြောင်းနှင့် အနာဂတ်တွင် အောင်မြင်လာသောအခါ သူတို့အား သတိရပါစေကြောင်းသာ ဆုတောင်းပေးလိုက်ကြသည်။
"နောက်ငါးရက်ဆို ထွက်တော့မှာလား"
လော့ချန်က မေးလိုက်သည်။
"ကျွန်တော် အားလောက်ပါတယ်၊ အစ်မကို လာပို့ပါ့မယ်"
တိတ်ဆိတ်သော အခန်းငယ်အတွင်း လော့ချန်သည် ချီစွမ်းအင်ဖြည့်ဆေး တစ်လုံးကို မှီဝဲလိုက်သည်။ လရောင်ပင်မှ ထွက်ပေါ်လာသော သင်းပျံ့သည့် ရနံ့များကြား၌ နွေဦးကျင့်စဉ်ကို စတင် လည်ပတ်လိုက်သည်။
ကျင့်စဉ် တစ်ပတ်ပြည့်ပြီးနောက် သူ၏ အခြေအနေပြ ကြေးမုံပြင်ကို ကြည့်လိုက်ရာ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုမှာ အနည်းငယ် ရှေ့သို့ တိုးသွားသည်ကို မြင်လိုက်ရသည်။
ကျင့်စဉ်အပြီးတွင် သူ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်ထဲတွင်မူ အတိုင်းထက်အလွန် ဝမ်းမြောက်နေမိသည်။ မိမိ၏ ကြိုးစားမှုအတွက် ချက်ချင်း လက်ငင်း အကျိုးကျေးဇူးကို မြင်တွေ့ရခြင်းသည် စွဲလမ်းစရာ ကောင်းလှပေသည်။
ကုတင်ပေါ်တွင် လဲလျောင်းရင်း သူသည် သားရဲသားရေစကို ထုတ်လိုက်သည်။
"သွေးမိစ္ဆာဆေးလုံး…. ဒါကို ငါ တိုက်ရိုက် သင်ယူလို့ ရမလား မသိဘူး"
သူ့တွင် အောင်မြင်မှုအမှတ်၂၁ မှတ်အထိ ရှိနေရာ ပထမအဆင့် ဆေးနည်း နှစ်ခုကို တတ်မြောက်ရန် လုံလောက်လှသည်။
သို့သော် သွေးမိစ္ဆာဆေးလုံးမှာ ဒုတိယအဆင့် ဆေးနည်း ဖြစ်နေသည်။
သူ စဉ်းစားနေစဉ်မှာပင် သူ၏ ကြေးမုံပြင်ပေါ်ရှိ အောင်မြင်မှုအမှတ် ကဏ္ဍမှာ လက်ခနဲ ဖြစ်သွားပြီး စာတန်းအသစ်အချို့ ပေါ်လာသည်။
အောင်မြင်မှုအမှတ် - ၂၁ (သက်ဆိုင်ရာ ကျင့်စဉ်များ၊ မှော်အတတ်များနှင့် အတတ်ပညာများကို တတ်မြောက်ရန် အသုံးပြုနိုင်သည်)
လက်ရှိအဆင့် - ပထမအဆင့် ဆေးဖော်ဆရာ။ အဆင့်မြင့် ဆေးနည်းများကို တတ်မြောက်ရန် အောင်မြင်မှုအမှတ် ၁၀ ဆ လိုအပ်သည်။
မပြည့်စုံသော အဆင့်တူ ဆေးနည်းများအတွက် အပိုဆောင်း ရမှတ်များကို အသုံးပြု၍ ဆန်းစစ်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် တတ်မြောက်ခြင်းတို့ ပြုလုပ်နိုင်သည်။
ဤစာတန်းများကို ဖတ်ပြီးနောက် လော့ချန်၏ နှလုံးသားမှာ ရင်ခုန်သံ မြန်လာတော့သည်။
စနစ်သည် မပြည့်စုံသော ဆေးနည်းများအား ဆန်းစစ်ပြီး ဖြည့်စွက်ပေးနိုင်သည်။
သူသည် ဆေးနည်းကို မတတ်မြောက်နိုင်ခြင်း မဟုတ်ဘဲ အောင်မြင်မှုအမှတ် မလုံလောက်ခြင်းသာ ဖြစ်သည်။ ထို့အပြင် စနစ်တွင် မပြည့်စုံသော ဆေးနည်းများကို ဖြည့်စွက်ပေးနိုင်သော စွမ်းရည်လည်း ရှိနေသည်။
ဤသည်မှာ သူ အခြေခံအုတ်မြစ် တည်ဆောက်သည့် အဆင့်သို့ ရောက်ရှိသွားပါက ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ ဆေးနည်းကို ဖြည့်စွက်နိုင်မည့် အလားအလာ ရှိနေသည်ဟု ဆိုလိုခြင်း ပင်ဖြစ်သည်။
ကျောက်စိမ်းနှင်းစက်ဆေးလုံးသည် သာမန်ဆေးလုံး မဟုတ်ပေ။ ၎င်းမှာ အမျိုးသမီးကျင့်ကြံသူများနှင့် ယင် ဓာတ်ခံရှိသူများအတွက် အဓိက ကျင့်ကြံရေးဆေးလုံးဖြစ်ပြီး ဈေးကွက်ဝယ်လိုအား အလွန်ကောင်းမွန်လှသည်။
အကယ်၍ သူ အခြေခံအုတ်မြစ် တည်ဆောက်ပြီးနောက် ထိုဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပါက အဓိက ဝင်ငွေလမ်းကြောင်းကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။
"စိတ်အေးအေးထား.... အဝေးကြီးအထိ မတွေးနဲ့ဦး"
လော့ချန် သူ့ကိုယ်သူ ပြန်ထိန်းကာ လက်ရှိ အခြေအနေကိုသာ အာရုံစိုက်လိုက်သည်။
"မီရှုဟွာ ပြောတာ ရှင်းတယ်၊ သူ့မှာ ပြည့်စုံတဲ့ ဆေးနည်းတစ်မျိုးနဲ့ မပြည့်စုံတဲ့ ဆေးနည်းတစ်မျိုး ရှိတယ်၊ ဒါကို ငါ အသုံးချနိုင်လိမ့်မယ်"
….
နောက်တစ်နေ့ မနက် နေထွက်သည်နှင့် လော့ချန်နှင့် ကူချိုင်ယီတို့သည် လခြမ်းတောင်ကြား သို့ အမြန် ထွက်ခွာခဲ့ကြသည်။
တာဟဲဈေးမြို့တော်မှာ အလွန်ပင် ကျယ်ဝန်းလှသည်။ ဝေးလံသီခေါင်လွန်းသဖြင့် မြေအမြောက်အမြားမှာ အသုံးမချဘဲ ကျန်ရှိနေသေးသည်။
ထိုမြေများကို အကောင်းဆုံး အသုံးချထားသည်မှာ မြို့တွင်းပိုင်းအား ဝန်းရံထားသော အပြင်မြို့ ဆင်းရဲသားရပ်ကွက်များဖြစ်ပြီး အိမ်ခြေပေါင်း သောင်းနှင့်ချီ ရှိသည်။
မြို့တွင်းပိုင်းနှင့် နီးသော နေရာများမှလွဲ၍ ကျန်နေရာများမှာ အတော်လေး လူသူကင်းဝေးသည်။ ဥပမာအားဖြင့် လော့ချန်၏ ခြံဟောင်းအနီး လီအနည်းငယ်အတွင်း၌ အိမ်နီးချင်း တစ်ယောက်မျှ မရှိပေ။
ကျင့်ကြံသူများသည် ဤကျယ်ဝန်းလှသော မြေလွတ်မြေရိုင်းများအား အလကား မထားကြပေ။
ကျောက်စိမ်းအိုး ဓားနန်းဆောင်၏ တိတ်ဆိတ်စွာ သဘောတူခွင့်ပြုချက်ဖြင့် လက်တွေ့ကျကျ အသုံးချကြသည်။
လော့ချန်နှင့် ဝမ်ယွမ်တို့ ပြောခဲ့ဖူးသော လီ၊ တွမ် နှင့် နန်ကုန်း မိသားစုများကဲ့သို့သော မျိုးနွယ်စုများသည် သူတို့၏ ကျင့်ကြံမှုအတွက် မြေငယ်လေးများကို သိမ်းပိုက်ထားကြသည်။
ဒေသတွင်း အကြီးဆုံး တစ်ကိုယ်တော်ကျင့်ကြံသူအဖွဲ့ ဖြစ်သော ဖိုရှန်းဂိုဏ်းသည်လည်း ဤကဲ့သို့သော နေရာကောင်းများကို လက်လွှတ်ခံမည် မဟုတ်ပေ။ လခြမ်းတောင်ကြားမှာ ထိုကဲ့သို့သော နေရာမျိုး ဖြစ်သည်။
တောင်ကြားထဲသို့ ခြေချလိုက်သည်နှင့် လော့ချန်သည် မြို့တွင်းပိုင်းထက် နည်းပါးသော်လည်း အပြင်မြို့ထက် သိသိသာသာ ပိုမိုသိပ်သည်းသော ချီစွမ်းအင်များကို ခံစားလိုက်ရသည်။
"ဒီနေရာက တစ်ခါတုန်းက ငွေ ကြယ်ထွက်တဲ့ သတ္တုတွင်းဗျ၊ ဒါပေမဲ့ ကျောက်စိမ်းအိုး ဓားနန်းဆောင်က အကုန်တူးသွားပြီးတဲ့နောက် ဒီအတိုင်း ပစ်ထားခဲ့တာ"
"နောက်ပိုင်းမှာ ဂိုဏ်းချုပ်မီက ဝိညာဉ်ကျောက်တုံး အနည်းငယ် သုံးလိုက်တော့၊ လခြမ်းတောင်ကြားဟာ ဖိုရှန်းဂိုဏ်းရဲ့ နယ်မြေ ဖြစ်လာခဲ့တာပေါ့"
စီကုန်းရှို့ကျားက တောင်ကြားအတွင်း အလုပ်ရှုပ်နေကြသော လူအုပ်ကြီးကို ညွှန်ပြရင်း ပြုံးလိုက်သည်။
"ဒီအတိုင်း ပစ်ထားတဲ့ သတ္တုတွင်းလို့ မထင်လိုက်နဲ့၊ တကယ်တော့ ဒီအောက်မှာ ဝိညာဉ်ကြောခွဲတစ်ခု ရှိနေတာဗျ၊ အဆင့်နိမ့် ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးဖို့ အကောင်းဆုံးပဲ"
လော့ချန်နှင့် ကူချိုင်ယီတို့သည် သူညွှန်ပြရာကို ကြည့်လိုက်သောအခါ လယ်ကွင်းများထဲတွင်လည်းကောင်း၊ ကျောက်ဆောင်အက်ကြောင်းများ ကြားတွင်လည်းကောင်း စိုက်ပျိုးထားသော ဝိညာဉ်ဆေးပင် အမြောက်အမြားကို မြင်လိုက်ရသည်။
ကူချိုင်ယီက မေးမြန်းလိုက်သည်။
"ဒီနေရာမှာ ကျင့်ကြံလို့ရော ရလား"
"ရတော့ ရတယ်၊ ဒါပေမဲ့ မြို့တွင်းပိုင်းက ဝိညာဉ်ကြောမကြီးလောက်တော့ အကျိုးသက်ရောက်မှု မရှိဘူးပေါ့" ဟု စီကုန်းရှို့ကျားက ပြန်ဖြေသည်။
လော့ချန် ခပ်ဖွဖွ ရေရွတ်လိုက်သည်။
"ဒါတောင် တော်တော်ကောင်းနေပြီဗျ၊ ကျွန်တော် အပြင်မြို့မှာ နေခဲ့ရတာထက် အများကြီး သာတယ်"
အပြင်မြို့တွင် အိမ်ငှားနေခဲ့ရသော အတွေ့အကြုံရှိသည့် ကူချိုင်ယီကလည်း သက်ပြင်းချရင်း ဆိုသည်။
"ဒီလိုနေရာမျိုးကိုသာ တစ်ကိုယ်တော်ကျင့်ကြံသူတွေ သိသွားရင် မနာလိုစိတ်နဲ့ မျက်နှာတွေ စိမ်းသွားကြမှာ သေချာတယ်"
"မနာလိုတာလား"
စီကုန်းရှို့ကျားက နှာခေါင်းရှုံ့လိုက်သည်။
"သူတို့မှာ အတင်းအကျပ် ဝင်လာနိုင်မယ့် ခွန်အားရှိဖို့ အရင်လိုလိမ့်မယ်"
လော့ချန်နှင့် ကူချိုင်ယီတို့သည်လည်း ထိုစကားကို သဘောတူကြသည်။
လခြမ်းတောင်ကြားသည် မည်သူမဆို အဝင်အထွက် လုပ်နိုင်သော အများသုံးနေရာ မဟုတ်ပေ။
ဤတောင်ကြားမှာ ဖိုရှန်းဂိုဏ်း၏ အရေးကြီးသော ဌာနခွဲနှစ်ခု အခြေစိုက်ထားသည်။
၎င်းတို့အနက် ချီ သန့်စင်အဆင့် အဆင့် ၉ ကျင့်ကြံသူ လေးဦး ဖြစ်သော စီကုန်းရှို့ကျား၊ မုရုံချင်းလျန်၊ ကူချိုင်ယီ နှင့် ဆေးဝါးခန်းမမှ အကြီးအကဲ တစ်ဦးတို့ ရှိနေကြသည်။ ထို့အပြင် ၇၊ ၈ အဆင့် ကျင့်ကြံသူ ခြောက်ဦးလည်း ရှိသေးသည်။
ဤကဲ့သို့သော လူအင်အားအပြင် ကျင့်ကြံသူ တစ်ရာကျော်နှင့် သဘာဝအတိုင်း ခံစစ်ကောင်းသော မြေမျက်နှာသွင်ပြင်ကြောင့် ဤနေရာမှာ ခံတပ်ကြီးတစ်ခုနှင့် မခြားပေ။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ကိုယ်တိုင် ပါဝင်ခြင်း မရှိပါက မည်သူကမှ ဤနေရာအား တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
"ငါတို့ရဲ့ ဆေးဖော်ခန်းမကိုတော့ လခြမ်းတောင်ကြားရဲ့ အလုံခြုံဆုံးနဲ့ အနက်ရှိုင်းဆုံး နေရာမှာ တည်ဆောက်နေတာဗျ၊ ဆေးခန်းမမှူးလော့ရေ….ခင်ဗျားရဲ့ ဆေးဖော်စပ်တဲ့ အဆောင်ကို အရင် သွားကြည့်ကြမလားဗျ"