ဟိုနေရာ၊ ဒီနေရာ၊ အနှံ့အပြား
Vol. 9 Ch. 81
ဆေးဖော်ဆောင်သည် လော့ချန် စိုးရိမ်ခဲ့သလိုမျိုး ကျဉ်းကျပ်ပြီး စိုစွတ်နေခြင်းမျိုး မဟုတ်ဘဲ အလွန်ကျယ်ဝန်းလှသည်။ အထဲသို့ ခြေချလိုက်သည်နှင့် သူ အတိုင်းထက်အလွန် ကျေနပ်သွားတော့သည်။
လခြမ်းတောင်ကြား၏ အသည်းနှလုံးပမာ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသော ထိုအခန်းမှာ စတုရန်းမီတာ တစ်ထောင်နီးပါး ကျယ်ဝန်းလှသည်။ ယခင်က ဤနေရာမှာ ဓားနန်းဆောင်အတွက် ကြယ်ငွေသတ္တုရိုင်းများ စီမံခန့်ခွဲရာနေရာ ဖြစ်ခဲ့ဖူးသည်။
တောင်နံရံပေါ်မှ စိမ့်စမ်းရေမှာလည်း ဆေးဖော်ဆောင်၏ အရှေ့တောင်ဘက် ထောင့်စွန်းရှိ ရေကန်ငယ်လေးထဲသို့ စီးဝင်နေသည်။
"ဒီနေရာမှာ ဆေးဖော်ဆောင် ထားတာက တကယ်ကို ဉာဏ်ကောင်းတယ်"
လော့ချန်က ချီးကျူးလိုက်ပြီး စကားဆက်လိုက်သည်။
"ဒါပေမဲ့ ဒီဖွဲ့စည်းပုံကို ပြန်ပြင်ဖို့ လိုအပ်မယ်"
"မင်းက ဆေးဖော်ဆောင်ရဲ့ ခန်းမမှူးပဲ၊ မင်းစိတ်တိုင်းကျ စီစဉ်ပါ"
စီကုန်းရှို့ကျားက ပြုံးရွှင်စွာဖြင့် ပြန်ဖြေသည်။
"အခန်း ၅ ခန်း ခွဲဖို့ လိုလိမ့်မယ်၊ အခန်းကြီး ၂ ခန်းနဲ့ အခန်းငယ် ၃ ခန်းပေါ့၊ အခန်းကြီးတစ်ခန်းက ကျွန်တော့်ရဲ့ နေအိမ်၊ နောက်တစ်ခန်းကတော့ ဆေးဖက်ဝင်ပစ္စည်းတွေကို ပြုပြင်မွမ်းမံမယ့် ဆေးဝါးတိုက် ဖြစ်လိမ့်မယ်၊ အခန်းငယ်သုံးခန်းကတော့ ရှင်းပါတယ်၊ အဲဒါတွေက တကယ့် ဆေးဖော်ဆောင်တွေပေါ့၊ ကျွန်တော့်မှာ ပထမအဆင့် အဆင့်နိမ့် ဆေးဖိုတစ်ခု ရှိပြီးသား၊ ဂိုဏ်းချုပ်မီ ကတိပေးထားတဲ့ ဆေးဖိုနှစ်လုံးက ဘယ်တော့ ရောက်မလဲ"
စီကုန်းရှို့ကျားက သူ၏ ဝိညာဉ်သိုလှောင်အိတ်ကို ပုတ်ပြလိုက်သည်။
"ဒီမှာ အဆင်သင့် ရှိနေပါပြီ၊ အလယ်အလတ်အဆင့် ဆေးအိုးတစ်လုံးနဲ့ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို တစ်လုံးပါ"
လော့ချန် အံ့အားသင့်သွားသည်။ ဆေးအိုးဆိုသည်မှာ တကယ့်ရတနာပင် ဖြစ်သည်။
"ဆေးဖော်ဆောင် ပြင်ဆင်တာမျိုး ကျွန်တော် အတွေ့အကြုံ ရှိပါတယ်၊ ဒါပေမဲ့ အကြီးစား ဆေးဖော်စပ်ဖို့အတွက်ကျတော့ ဒါက မလုံလောက်မှာ စိုးရိမ်မိတယ်၊ ဒါကြောင့်...."
လော့ချန်က ခပ်ဟဟ ရယ်မောလိုက်ရင်း
"အိုင်လောင်တောင်က ကျင့်ကြံသူတွေကို ဖိတ်ပြီး ပုံကြမ်းဆွဲခိုင်းရင် မကောင်းဘူးလား"
အိုင်လောင်တောင်သည် ကျောက်စိမ်းအိုးနယ်မြေအတွင်း အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်းစုကြီး ဖြစ်ပြီး ဗိသုကာကျင့်ကြံသူများ၊ ဆောက်လုပ်သူများနှင့် ဝိညာဉ်စံအိမ် ဆောက်လုပ်ရေး ပစ္စည်းများ ပေါများလှခြင်းကြောင့် နာမည်ကျော်ကြားသည်။
စီကုန်းရှို့ကျား ခဏမျှ တွန့်ဆုတ်သွားသည်။
"မလိုလောက်ပါဘူး၊ တကယ် လိုအပ်လို့လား"
"မလိုလောက်ဘူး ဟုတ်လား"
လော့ချန်၏ မျက်နှာထားမှာ တည်ကြည်သွားပြီး ပြတ်သားစွာ ဆိုလိုက်သည်။
"ဆေးဖော်ဆောင် ပုံကြမ်းသာ မှားယွင်းရင် အဆိပ်သင့်တာ၊ မီးလောင်တာ၊ ပေါက်ကွဲတာတွေအပြင် တခြား ဘေးအန္တရာယ် အမျိုးမျိုး ကြုံရနိုင်တယ်ဗျ"
"အဲ.... ခန်းမခေါင်းဆောင်ငယ်လော့၊ ကျွန်တော့်ကိုတော့ မလိမ်ပါနဲ့ဦး၊ ကျွန်တော်လည်း စာသင်ခဲ့ဖူးတာပါပဲ"
စီကုန်းရှို့ကျားက သံသယစိတ်ဖြင့် ပြန်ဖြေသည်။
လော့ချန် သက်ပြင်းချလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို မယုံဘူးလား၊ ဒါဆို အကြီးအကဲချင် ဒါမှမဟုတ် လီစီတို့ ညီအစ်ကိုတွေကို သွားမေးကြည့်လိုက်လေ၊ မကြာခင်ကတင် ကျွန်တော့်ရဲ့ ဆေးဖော်ဆောင်ကို ကျွန်တော်ကိုယ်တိုင် ပေါက်ကွဲအောင် လုပ်ခဲ့တာ၊ လီစီနဲ့ သူ့ညီအစ်ကိုတွေပဲ ကျွန်တော့်အိမ်ကို ပြန်ပြင်ပေးခဲ့ရတာဗျ"
စီကုန်းရှို့ကျားမှာ ပါးစပ်ဟသွားသော်လည်း စကားလုံးများ ထွက်မလာတော့ပေ။ အိုင်လောင်တောင်မှ ကျင့်ကြံသူများ တောင်းမည့် အခကြေးငွေကို တွေးမိသောအခါ သူ့မျက်နှာမှာ နီမြန်းသွားတော့သည်။
"ဒီကိစ္စကတော့ ဂိုဏ်းချုပ်မီရဲ့ ဆုံးဖြတ်ချက် လိုအပ်လိမ့်မယ် ထင်တယ်"
"အာ…. တကယ်တော့ ဒါက ခင်ဗျားထင်သလောက် မကြီးမားပါဘူး၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကိုတော့ ကျွန်တော်တို့ မတတ်နိုင်ပေမဲ့ ချီ သန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်နှစ်ယောက်လောက် ငှားရင် လုံလောက်ပါတယ်၊ သူတို့မှာ အတွေ့အကြုံ အများကြီး မရှိရင်တောင်၊ သူတို့ဆီက အကြံပြုချက် အနည်းငယ်ဟာ ကျွန်တော်တို့အတွက် တစ်ဝက်အားစိုက်ရုံနဲ့ နှစ်ဆ အကျိုးသက်ရောက်မှု ရှိစေလိမ့်မယ်"
ဤစကားကို ကြားသောအခါ စီကုန်းရှို့ကျား သက်ပြင်းချနိုင်သွားသည်။ အိုင်လောင်တောင်မှ ချီ သန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူများမှာ ဝိညာဉ်ကျောက်တုံး များစွာ ကုန်ကျမည် မဟုတ်ပေ။
"နောက်ပြီး ကုန်ကြမ်းကိစ္စ ရှိသေးတယ်၊ ဆေးဖော်ဆောင် ဆောက်လုပ်မယ့် ပစ္စည်းတွေကတော့ အညံ့စားတွေ မဖြစ်ရဘူး"
လော့ချန်၏ အမူအရာမှာ တည်ကြည်လေးနက်သွားရာ သူသည် ကြီးမားလှသော တာဝန်တစ်ခုကို ထမ်းဆောင်နေသည့်အလားပင်ဖြစ်သည်။
"အရင်ကတော့ ချောင်းဖြူကျောက်ပြားတွေကို သုံးခဲ့တာ၊ အခုတော့ တစ်ချပ်ကို ဝိညာဉ်ကျောက်တုံး တစ်တုံးတန်တဲ့ ချောင်းဖြူကျောက်စိမ်းပြားတွေကို သုံးရမယ်"
တစ်ချပ်ကို ဝိညာဉ်ကျောက်တုံး တစ်တုံးတဲ့လား….။
စီကုန်းရှို့ကျားမှာ သူ၏ တည်ငြိမ်မှုများ နောက်တစ်ကြိမ် ပြိုလဲတော့မလို ခံစားလိုက်ရသည်။
"အာ.... ခင်ဗျားတို့လို အပြင်လူတွေ နားမလည်တာ တစ်ခုက ဆေးဖော်စပ်တဲ့နေရာမှာ သုံးတဲ့ မီးထင်းဟာလည်း အလွန် အရေးကြီးတယ်ဗျ"
"ဒီနေရာမှာ မြေအောက်မီး မရှိသလို၊ ကျွန်တော့်မှာလည်း အခြေခံအုတ်မြစ်မီး မရှိသေးတော့ သာမန်မီးကိုပဲ သုံးရမှာပဲ”
"သာမန်မီး ဆိုရင်တောင် သတ်မှတ်ချက်တွေ ရှိသေးတယ်၊ ထင်းအမျိုးအစား မတူရင် ထွက်လာတဲ့ မီးလျှံရဲ့ အပူချိန်ကလည်း ကွာခြားတယ်ဗျ၊ မက်မွန်သားတို့၊ ထင်းရှူးသားတို့က အဆင်မပြေဘူး၊ ကျွန်တော်တို့အနေနဲ့ စိမ်းလဲ့သံသားထင်းနဲ့ ပျားဖယောင်းထင်းတွေကို အများကြီး ဝယ်ရမယ်"
စီကုန်းရှို့ကျားမှာ အတွေ့အကြုံမရှိသော တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်ပေ။ သူသည် တာဟဲဈေးမြို့တော်တွင် ဆယ်စုနှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ပြီး ချီ သန့်စင်အဆင့် ၉ သို့ ရောက်ရှိထားသည့် ထိပ်သီးကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် စိမ်းလဲ့သံသားထင်းနဲ့ ပျားဖယောင်းထင်းများ၏ တန်ဖိုးကို သူ ကောင်းကောင်း သိသည်။
ထိုအရာများမှာ အနည်းဆုံး ဝိညာဉ်ကျောက် ရာနှင့်ချီ၍ ဝယ်ယူရလေ့ရှိပြီး လင်ယွမ်နန်းဆောင်တွင်သာ ရောင်းချလေ့ရှိသည်။
သူ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး မေးမြန်းလိုက်သည်။
"ဒီလောက် အကုန်အကျခံပြီး လုပ်ရင် အမြတ်ပြန်ရပါ့မလား"
"ဒါက များတယ်လို့ ခေါ်လို့ရလို့လား"
လော့ချန်က မျက်လုံးအပြူးသားဖြင့် နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"မများဘူး ဟုတ်လား"
စီကုန်းရှို့ကျား၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုကြောင့် ဝေဝါးသွားတော့သည်။
လော့ချန်က နွမ်းလျသော လေယူလေသိမ်းဖြင့် သက်ပြင်းချလိုက်သည်။
"ဒီလိုပါပဲလေ…. ခင်ဗျားတို့လို တိုက်ခိုက်ဖို့ပဲ သိတဲ့ ဓားပြကျင့်ကြံသူတွေက ဆေးဖော်ပညာရဲ့ အနုပညာကို ဘယ်နားလည်ပါ့မလဲ"
တိုက်ခိုက်သတ်ဖြတ်တာပဲ သိတဲ့လူ ဟုတ်လား၊ ငါက တပည့်တွေတောင် သင်ပေးခဲ့တဲ့ လူကွ၊ ပြီးတော့....ဘယ်သူ့ကို ဓားပြ လို့ ခေါ်နေတာလဲ၊ ငါက ဂိုဏ်းအဖွဲ့ဝင် တစ်ယောက်ပဲ၊ ဒီလို ရှက်စရာကောင်းတဲ့ အလုပ်မျိုးကို ဘယ်တော့မှ နှိမ့်ဆင်းပြီး မလုပ်ဘူးကွ….။
စီကုန်းရှို့ကျား၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။ သို့သော် သူ ပြန်မပြောနိုင်ပေ၊ အကြောင်းမှာ သူသည် ဆေးဖော်ပညာနှင့် ပက်သက်၍ ဘာမှမသိသောကြောင့် ဖြစ်သည်။
တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ကိုးဆယ်ကိုးရာခိုင်နှုန်းမှာ ဆေးဖော်စပ်ခြင်းအကြောင်း နားမလည်ကြသည်မှာ ပုံမှန်ဖြစ်သည်။ သူတို့ သိသည်မှာ ဆေးလုံးအချို့၏ အာနိသင်နှင့် ဝယ်ရန် ဝိညာဉ်ကျောက်တုံး မည်မျှ လိုအပ်မည် ဆိုသည်ကိုသာ ဖြစ်သည်။
အဓိက ပါဝင်ပစ္စည်းများနှင့် အချိုးအစား၊ ဖော်စပ်ရာ ပတ်ဝန်းကျင်နဲ့ လိုအပ်သော ကိရိယာများသည် သူတို့အတွက် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်နေဆဲ ဖြစ်သည်။
"သြော်….မေ့တော့မလို့၊ နောက်တစ်ခု….မြူငြိမ်မိုးဖွဲနံ့သာတွေကိုလည်း ဝယ်ထားလိုက်ပါ၊ အသုံးဝင်တယ်၊ ပြီးတော့ ဒီစမ်းရေကို မဖျက်ဆီးပါနဲ့၊ ဒီ ရေအရည်အသွေးက ဆေးလုံးအဆင့်ကို မြှင့်ပေးနိုင်တယ်၊ အဲဒီဘက်မှာ ကျွန်တော့်အတွက် စာကြည့်တိုက်တစ်ခု ဆောက်ပေးပါ၊ ဆေးဖော်စပ်တာက အမြဲတမ်း သင်ယူနေဖို့ လိုတယ်ဗျ၊ ရပ်တန့်နေလို့ မဖြစ်ဘူး၊ နောက်ပြီးတော့…."
စီကုန်းရှို့ကျား ကြောင်တောင်တောင် ဖြစ်နေသည်။ ဘေးတွင် ရပ်နေသော ကူချိုင်ယီ မှာလည်း ထပ်တူပင် မှင်သက်နေတော့သည်။
ခဏအကြာ….။
လော့ချန် အဆုံးမရှိသော တောင်းဆိုချက်များအား တရစပ် ပြောဆိုနေဆဲ ဖြစ်သည်ကို မြင်သောအခါ စီကုန်းရှို့ကျားမှာ ဆက်၍ မအောင့်ထားနိုင်တော့ပေ။
"ခန်းမခေါင်းဆောင်လော့.... ဒီကိစ္စက အရေးကြီးသလို ထည့်သွင်းစဉ်းစားရမယ့် အသေးစိတ်တွေလည်း အများကြီးပဲ၊ ကျွန်တော် ချက်ချင်း မဆုံးဖြတ်နိုင်ဘူး၊ ခင်ဗျား ကျွန်တော်နဲ့အတူ ဂိုဏ်းချုပ်ဆီကို သွားတွေ့ရအောင်လား"
လော့ချန်သည် စိတ်ထဲမှ ရယ်မောလိုက်ပြီးနောက် သံသယရှိဟန်ဖြင့် မေးလိုက်သည်။
"အကြီးအကဲစီကုန်း…. ခင်ဗျားပဲ အထွေထွေကိစ္စတွေ အားလုံးကို တာဝန်ယူထားတာ မဟုတ်ဘူးလား"
စီကုန်းရှို့ကျားက နဖူးမှ ချွေးများကို သုတ်လိုက်သည်။
"ကျွန်တော် အသက်ကြီးလာလို့လား မသိဘူး၊ အရင်လို ဦးနှောက်က မထက်မြက်တော့ဘူးဗျာ၊ အခုတော့ ကျွန်တော့်နောက်ပဲ လိုက်ခဲ့ပါတော့"
လော့ချန်က ပုခုံးတွန့်ပြလိုက်ပြီး ကူချိုင်ယီအား အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ကာ ဆေးဖော်ခန်းမထဲမှ ထွက်လာခဲ့တော့သည်။
သူတို့ လမ်းလျှောက်လာစဉ် လမ်းတွင် တွေ့သမျှ ဖိုရှန်းဂိုဏ်း ကျင့်ကြံသူများ အားလုံးက စီကုန်းရှို့ကျားအား ရိုရိုသေသေ နှုတ်ဆက်ကြသည်။ လော့ချန်ကိုမူ သူတို့ မသိကြသဖြင့် စီကုန်းရှို့ကျား၏ တပည့်တစ်ဦးဟုသာ ထင်မှတ်နေကြသည်။
သူတို့ ထွက်သွားပြီးနောက် ကူချိုင်ယီသည် တောင်နံရံအတွင်းရှိ ကြီးမားလှသော ခန်းမထဲတွင် ရပ်နေရင်း စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
"လော့ချန်က ဆေးဖော်စပ်တာနဲ့ ပတ်သက်ပြီး ဒီလောက်အထိ ဗဟုသုတ ကြွယ်ဝလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး သူက အစ်မရှန်းရှန်းထက်တောင် ပိုပြီး ကျွမ်းကျင်ပုံရတယ်"
ယုံကြည်ချက် အပြည့်ဖြင့် ညွှန်ကြားချက်များ ပေးနေသော လော့ချန်၏ ပုံစံကို ပြန်လည် မြင်ယောင်ရင်း ကူချိုင်ယီ မယုံနိုင်အောင် ဖြစ်နေရသည်။ ထိုကဲ့သို့သော ယုံကြည်မှုရှိသည့် အမူအရာမျိုးမှာ သူမ သိထားသော တွက်ကပ်စေးနှဲတတ်သည့် အမျိုးသားတစ်ဦးနှင့် လုံးဝကို မတူညီလှပေ။
"အင်း.... ငါ ဒီမှာ ဒီအတိုင်း ရပ်နေလို့ မဖြစ်ဘူး၊ အစ်မမုရုံကို သွားရှာပြီး ဆေးဖော်ခန်းမရဲ့ အသေးစိတ် အချက်အလက်တွေ၊ အထူးသဖြင့် ဘယ်သူတွေကို ဒီမှာ တာဝန်ချမှာလဲဆိုတာကို သွားစုံစမ်းရမယ်"
ဤသည်မှာ လော့ချန် သူမအား ပေးထားသော တာဝန်ဖြစ်ပြီး သူမ သေချာပေါက် ပြီးမြောက်အောင် လုပ်ရမည်။ အတွင်းရေး အခြေအနေကို ပိုသိလေလေ၊ လော့ချန်အနေဖြင့် မည်သူ့ကို ခိုင်းစေရမည်၊ မည်သူ့ကို ဂရုတစိုက် ဆက်ဆံရမည်ကို ပိုမို ပါးနပ်စွာ စီစဉ်နိုင်လေ ဖြစ်သည်။
….
တောအုပ်ငယ်လေးတစ်ခု၏ အထက်တွင် လူနှစ်ဦးသည် ဝေဟင်၌ ပျံသန်းနေကြသည်။
စီကုန်းရှို့ကျားသည် ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူတစ်ဦး၏ ကျွမ်းကျင်မှုဖြင့် သူ၏ မှော်လက်နက်ကို စီးနင်းနေသည်။ လော့ချန်ကမူ အသစ်ရထားသော တိမ်တက်ဖိနပ်ကို အသုံးပြုထားသည်။ သူ၏ အရှိန်မှာ စီကုန်းနှင့် အတူတူပင် ဖြစ်နေသဖြင့် အကြီးအကဲမှာ တိတ်တဆိတ် အံ့အားသင့်နေရသည်။
သူ တည်ငြိမ်မှုကို ထိန်းကာ ရယ်မောလျက် ဆိုသည်။
"ခန်းမခေါင်းဆောင်လော့.... ခင်ဗျားရဲ့ လေခွင်းအတတ်ကတော့ တကယ့်ကို ပြည့်စုံတဲ့အဆင့် ကို ရောက်နေပြီပဲ"
လော့ချန်က လက်ခါပြလိုက်ရင်း "ဂိုဏ်းချုပ်မီ လက်ဆောင်ပေးထားတဲ့ ဒီဖိနပ်ကြောင့်ပါဗျာ၊ ကျွန်တော်ကတော့ ခင်ဗျားရဲ့ ချီးကျူးစကားနဲ့ မထိုက်တန်ပါဘူး"
စီကုန်းရှို့ကျား၏ အကြည့်မှာ အပြာရောင်နှင့် အဖြူရောင် ရောယှက်နေသော ဖိနပ်များပေါ်သို့ ကျရောက်သွားပြီးမှ နားလည်သွားတော့သည်။
လေခွင်းအစီအရင် ထွင်းထားသည့် အဆင့်မြင့် မှော်လက်နက်ဖြစ်လေရာ ဤမျှအထိ မြန်ဆန်နေသည်မှာ မဆန်းလှပေ။ သို့သော် ဤသည်မှာ လော့ချန်၏ အရှိန်အဝါ တစ်ဝက်မျှသာ ရှိသေးကြောင်း သူသာ သိခဲ့လျှင် ဤမျှ တည်ငြိမ်နိုင်တော့မည် မဟုတ်ပေ။
အမှန်စင်စစ် ဤသည်မှာ လော့ချန် တိမ်တက်ဖိနပ်အား ပထမဆုံးအကြိမ် စမ်းသပ်ခြင်း ဖြစ်သည်။ ၎င်း၏ အရှိန်မှာ ချီ သန့်စင်အဆင့် ၉ ကျင့်ကြံသူတစ်ဦး မှော်လက်နက်နှင့် ပျံသန်းသည့် အရှိန်နှင့် တန်းတူပင် ရှိနေသည်။
ထိုမျှသာမက သူသည် လေခွင်းအတတ် သို့မဟုတ် လေလွင့်ခြေလှမ်း ကိုပါ အသုံးမပြုရသေးပေ။ အကယ်၍ သုံးမျိုးလုံးကို ပေါင်းစပ်လိုက်လျှင် အရှိန်မှာ အနည်းဆုံး နှစ်ဆခန့် ပိုမြန်လာပေလိမ့်မည်
ဤအရှိန်မှာ သာမန် အဆင့် ၉ ကျင့်ကြံသူများထက်ပင် ကျော်လွန်နေပြီလားဟု လော့ချန် တွေးမိသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်လျှင်ရော ကွာခြားမှု မည်မျှ ရှိမည်ကိုစဉ်းစားနေမိသည်။
နှစ်ဦးသား ဖိုရှန်းဂိုဏ်း၏ ဗဟိုဌာနချုပ်သို့ ဆင်းသက်လိုက်သောအခါ မီရှုဟွာမှာ လင်းစန္ဒာ ခန်းမ အတွင်း၌ လက်ဖက်ရည် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူသည် ပြုံးရွှင်နေပြီး အလွန်ဝမ်းမြောက်စရာကောင်းသော ကိစ္စတစ်ခုကို ပြန်လည် မြင်ယောင်နေသည့်အလားပင် ရှိနေတော့သည်။