ချင်ယွမ်ဇီ၏ ဆေးဖော်ပညာ ခွဲခြမ်းစိတ်ဖြာချက်
Vol. 9 Ch. 82
လော့ချန် လင်းစန္ဒာခန်းမသို့ ရောက်ရှိလာစဉ်က မီရှုဟွာသည် သူ့အား စစ်မှန်လှသော အပြုံးဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့သည်။
သို့သော် လော့ချန် ပြန်လည်ထွက်ခွာသွားချိန်တွင်မူ ထိုအပြုံးသည် တစ်စုံတစ်ခုကြောင့် တောင့်တင်းကာ အတင်းအကျပ် ပြုံးနေရသကဲ့သို့ ဖြစ်နေတော့သည်။
လော့ချန်နှင့် စီကုန်းရှို့ကျားတို့ ထွက်သွားပြီးနောက် မီကျွင်းဖျင်သည် သူမ၏ ဖခင်နှင့်အတူ ကျန်ရစ်ခဲ့သည်။ သူမ၏ စိတ်ထဲတွင် လေးလံနေသော စိုးရိမ်ပူပန်မှုကို သူမ ထုတ်ဖော်ပြောဆိုလိုက်သည်။
"အဖေ…. ဆေးဖော်ခန်းမ တစ်ခု ဆောက်ဖို့က တကယ်ပဲ ဒီလောက်အထိ အများကြီး ရင်းနှီးမြှုပ်နှံဖို့ လိုလို့လား"
ဂိုဏ်း၏ ဘဏ္ဍာရေးနှင့် လူအင်အားကို တာဝန်ယူရသော ကုသိုလ်မှတ်တမ်းခန်းမ၏ ခေါင်းဆောင်ဖြစ်သည့်အလျောက် မီကျွင်းဖျင်သည် ကုန်ကျစရိတ်နှင့် ပတ်သက်လျှင် အလွန်ပင် တွက်ချက်တတ်သူဖြစ်သည်။
လော့ချန် တောင်းဆိုထားသည်များကို အကြမ်းဖျင်း တွက်ကြည့်ရုံနှင့်ပင် ဆောက်လုပ်ရေးစရိတ်မှာ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်နေပြီ ဖြစ်သည်။
ထိုပမာဏထဲတွင် မီမိသားစုမှ ထောက်ပံ့ထားသော ဝိညာဉ်ကျောက်တုံး ၉၀၀ တန် တိမ်စုပ်ဆေးအိုးနှင့် ၄၀၀ တန် ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုတို့၏ တန်ဖိုး မပါဝင်သေးပေ။ ခန်းမတည်ဆောက်ပြီးပါကလည်း ဆေးဖော်စပ်ရန်အတွက် ကုန်ကြမ်းများကို အဆက်မပြတ် ထောက်ပံ့ပေးနေရဦးမည် ဖြစ်သည်။
မီကျွင်းဖျင်သည် နေ့စဉ် ဝိညာဉ်ကျောက်တုံး ထောင်နှင့်ချီ၍ ကိုင်တွယ်နေရသူ ဖြစ်သော်လည်း ဤကဲ့သို့ လက်ဖွာလွန်းသည်ကိုမူ သူမ သဘောမကျလှပေ။
မီရှုဟွာ သက်ပြင်းချလိုက်သည်။ မိမိ၏ သမီးဖြစ်သူရှေ့တွင်မူ သူ၏ ပင်ပန်းနွမ်းနယ်မှုကို ဖုံးကွယ်ထားရန် မလိုဟု သူ ယူဆသည်။
"ဖျင်အာ…. သမီး နားမလည်ပါဘူး၊ ဒီလောက် ရင်းနှီးမြှုပ်နှံမှုဆိုတာ အစပြုရုံပဲ ရှိသေးတာ"
မီကျွင်းဖျင် အံ့ဩသွားကာ "ဒါတောင် တော်တော်များနေပြီလေ" ဟု ဆိုလိုက်သည်။
မီရှုဟွာက ခေါင်းခါပြရင်း ဆိုသည်။
"ဆေးဖော်ဆရာဆိုတာ ဂိုဏ်းကြီးတွေမှာပဲ ဘာလို့ ရှိတာလဲ သမီးသိလား၊ မျိုးနွယ်စုပိုင် ဆေးဖော်ဆရာတွေဆိုတာတောင် ရွှေအမြုတေ မိသားစုတွေ ဒါမှမဟုတ် အခြေခံတည်ဆောက်ခြင်းအဆင့် မိသားစုတွေနဲ့ပဲ ပတ်သက်နေတာ၊ ဒီလိုမျိုး မမြင်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အကြောင်းရင်းတစ်ခုပဲ”
"ငါတို့ မီမိသားစုက အခြေခံတည်ဆောက်ခြင်းအဆင့် မိသားစုသစ်ပဲ ရှိသေးတော့ ဒီလိုအသုံးစရိတ်က ခက်ခဲတာ အမှန်ပဲ၊ ဒါပေမဲ့ ဖိုရှန်းဂိုဏ်းရဲ့ အင်အားကို အသုံးချပြီး လုပ်ရမှာပဲ"
မီကျွင်းဖျင်သည်လည်း မိမိမိသားစု၏ အခြေအနေကို ကောင်းကောင်းသိသည်။ ကျင့်ကြံသူတစ်ဦး၏ ဆေးဖော်စပ်မှု လုပ်ငန်းစဉ်ကို ဆယ်စုနှစ်၊ ရာစုနှစ်ချီ၍ ထောက်ပံ့ပေးရမည်ဟု တွေးမိရုံနှင့်ပင် သူမ ထိတ်လန့်သွားတော့သည်။ ဤသည်မှာ ယခုမှ အခြေစိုက်စ မိသားစုတစ်ခု မတတ်နိုင်သော အရာ ပင်ဖြစ်သည်။
"လော့ချန်ရဲ့ တောင်းဆိုမှုတွေက တခြားသူတွေနဲ့ ယှဉ်ရင် အတော်လေး နည်းပါသေးတယ်"
မီရှုဟွာက ဆက်ပြောသည်။
"ဒုတိယအဆင့် ဆေးဖော်ဆရာတွေဆိုရင် ပိုပြီး ဂုဏ်မောက်ကြတာ၊ သူတို့ သုံးတဲ့ ကိရိယာတွေက အနည်းဆုံး အဆင့်မြင့် မှော်လက်နက်တွေ ဖြစ်ရမယ်၊ သာမန်မီးကိုလည်း အသုံးမခံဘူး၊ မြေအောက်မီး ပဲ သုံးမယ်လို့ ဇွတ်အတင်း ပြောကြတာ၊ မြေအောက်မီး တပ်ဆင်ထားတဲ့ ဆေးဖော်ဆောင် တစ်ခုရဲ့ ကုန်ကျစရိတ်က ဘယ်လောက်ရှိလဲ နင်သိလား"
မီကျွင်းဖျင်က ခပ်တိုးတိုး မေးလိုက်သည်။
"ဘယ်လောက်လဲ"
"မြေအောက်မီး စမ်းရေတွင်းကို ရှာဖွေတာကနေ မီးထုတ်ယူတာ၊ မှော်အစီအရင်တွေ ဆောက်တာ၊ အခန်းကို အပူကာတာတွေ အားလုံးအပါအဝင်ကို အိုင်လောင်တောင်ရဲ့ ကျင့်ကြံသူတွေက တစ်ခါတုန်းက ဝိညာဉ်ကျောက်တုံး ၈၀၀၀ လို့ ဈေးခေါ်ဖူးတယ်"
မီကျွင်းဖျင် အသက်ရှူမှားသွားသည်။
"ဒါကတော့ ဓားပြတိုက်နေတာပဲ အဖေရယ်"
မီရှုဟွာက သက်ပြင်းချရင်း ဆိုသည်။
"အေး….ဒါတောင် ကုန်ကြမ်းဖိုး မပါသေးဘူးနော်၊ ကုန်ကြမ်းတွေကိုလည်း အိုင်လောင်တောင်ရဲ့ နတ်သက်ကြွေအိမ်ရာ ကနေပဲ ဝယ်ရမယ်၊ အဲဒီမှာလည်း သူတို့က အမြတ်ဖြတ်ကြဦးမှာ”
"ဒါကြောင့် လော့ချန်က တောင်းဆိုမှုတွေ အများကြီး လုပ်နေတယ်လို့ ထင်ရပေမဲ့ ဒါက ၁၀၀၀၊ ၂၀၀၀ လောက်ပဲ ရှိတာ၊ ငါရော ဖိုရှန်းဂိုဏ်းပါ ဒါကို တတ်နိုင်ပါတယ်"
မီကျွင်းဖျင်က ဖခင်ဖြစ်သူအား မေးလိုက်သည်။
"ဒါဆို နောက်ပိုင်းမှာ အရင်းပြန်ရပါ့မလား"
"အရင်းကတော့ သေချာပေါက် ပြန်ရမှာပေါ့၊ ဒါပေမဲ့ အမြတ်ကြီးကြီးမားမား ရမရ ဆိုတာကတော့ အဲဒီကလေးက ငါပေးထားတဲ့ ဆေးနည်းကို ဖော်နိုင်၊ မဖော်နိုင်ပေါ်မှာပဲ မူတည်လိမ့်မယ်"
မီရှုဟွာက အေးဆေးစွာ ပြောလိုက်သော်လည်း သူ၏ လေသံထဲတွင် မျှော်လင့်ချက်နှင့် တွန့်ဆုတ်မှုတို့ ရောယှက်နေသည်။
….
"အကြီးအကဲစီကုန်း.... ဆေးဖော်ခန်းမ ကိစ္စတွေကိုတော့ ခင်ဗျားလက်ထဲပဲ အပ်ခဲ့ပါ့မယ်"
"ဒါပေါ့…. ဂိုဏ်းချုပ်မီကလည်း ခင်ဗျားကို အပြည့်အဝ ထောက်ပံ့ဖို့ အမိန့်ပေးထားပြီးသား၊ ကျွန်တော် ဘာမှ နှောင့်နှေးအောင် မလုပ်ပါဘူး"
"ဒါဆို မနက်ဖြန်မှ တွေ့ကြတာပေါ့"
"ကောင်းပါ့ဗျာ၊ မနက်ဖြန်မှ တွေ့ကြတာပေါ့"
မြို့တွင်းလမ်းဆုံတွင် စီကုန်းရှို့ကျား အလျင်အမြန် ထွက်ခွာသွားသည်ကို ကြည့်ကာ လော့ချန် ခပ်ပါးပါး ပြုံးလိုက်သည်။
ထို့နောက် သူသည် စိတ်မရှည်တော့ဘဲ အိမ်သို့ ဦးတည်လိုက်တော့သည်။
မကြာမီပင် သူ၏ ခြံဝင်းလေးသို့ ပြန်ရောက်လာခဲ့သည်။
သူသည် တံခါးကို ပိတ်လိုက်သော်လည်း မီးထွန်းရန် မကြိုးစားတော့ပေ။ အသစ်ပြင်ဆင်ထားသော အခန်းတွင်း၌ မှန်မျက်နှာကြက် နှစ်ခု ပါဝင်သောကြောင့် အလင်းရောင်မှာ ယခင်ကထက် အများကြီး ပိုကောင်းနေသည်။
လော့ချန်သည် စားပွဲတွင် ထိုင်လိုက်ပြီး သူ၏ ဝိညာဉ်သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို ထုတ်လိုက်သည်။
ချီစွမ်းအင်ဖြည့်ဆေးလုံး နှစ်ပုလင်း….။
ဤသည်မှာ သူလောလောလတ်လတ် ရရှိထားသော ရှေ့လအတွက် လစာဖြစ်သည်။ ယခင်က သူစုဆောင်းထားသော ပိုက်ဆံဖြင့် ဝယ်ခဲ့သည့် ငါးပုလင်းမှာ ကုန်ခါနီးနေပြီ ဖြစ်သောကြောင့် ဤဆေးလုံးများမှာ အချိန်ကိုက်ပင်။
ချီစွမ်းအင်ဖြည့်ဆေးများအပြင် ဟောင်းနွမ်းကာ ဝါကျင့်နေသော စာအုပ်တစ်အုပ်နှင့် ဝါးလိပ်နှစ်လိပ်လည်း ပါဝင်သည်။ သူသည် ပထမဦးစွာ နတ်မျက်စိအတတ်ကို အသုံးပြု၍ မည်သည့် ထောင်ချောက် သို့မဟုတ် လှည့်ကွက်မျှ မပါဝင်ကြောင်း အသေအချာ စစ်ဆေးလိုက်သည်။
ထို့နောက်မှသာ စိတ်ချလက်ချဖြင့် စာအုပ်ကို ကောက်ကိုင်လိုက်တော့သည်။
ချင်ယွမ်ဇီ၏ ဆေးဖော်ပညာ ခွဲခြမ်းစိတ်ဖြာချက်….။
ဤစာအုပ်မှာ မီရှုဟွာ ကတိပေးထားခဲ့သော ဆေးဖော်စပ်ခြင်းဆိုင်ရာ စာအုပ်ဖြစ်သည်။ စာမျက်နှာများမှာ ဝါကျင့်နေပြီး ဘေးပတ်လည်တွင် လက်ရေးဖြင့် မှတ်စုများစွာ ရေးခြစ်ထားသည်။
ဖတ်ရှုသူမှာ လော့ချန် တစ်ဦးတည်း မဟုတ်ကြောင်း ထင်ရှားလှသည်။ မိသားစုဝင်များလည်း အကြိမ်ကြိမ် ဖတ်ရှုခဲ့ကြပုံရသည်။
လော့ချန် နိဒါန်းကို ကောက်ဖတ်လိုက်သည်။
‘ဆေးဖော်ပညာသည် ကျယ်ပြောနက်ရှိုင်းလှပြီး ကျင့်ကြံခြင်းဆိုင်ရာ အတတ်ပညာရပ်များစွာထဲတွင် ထိပ်ဆုံးမှ ရှိနေပေသည်။ မှော်လက်နက်များ၊ မှော်စာရွက်များ၊ မှော်အစီအရင်များ သို့မဟုတ် ရုပ်သေးပညာရပ်များကဲ့သို့ သိသာထင်ရှားသော စွမ်းအားမျိုး မရှိသော်လည်း၊ ၎င်းသည် ကျင့်ကြံသူတို့အား မဟာတာအိုသို့ လှမ်းတက်ရာတွင် အထောက်အပံ့ ပေးပေသည်’
‘ငါသည် အရည်အချင်း နည်းပါးသော်လည်း အခြေခံတည်ဆောက်ခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ ထို့အပြင် ငါသည် တတိယအဆင့် ဆေးဖော်ဆရာ တစ်ဦးဖြစ်ရာ ကျင့်ကြံသူ ဟူသော ဘွဲ့ထူးနှင့် ထိုက်တန်ပေသည်’
‘ဤစာအုပ်သည် ငါ ဆေးဖော်စပ်နေစဉ် ရေးသားခဲ့သော မှတ်စုများ ဖြစ်ပြီး ဆေးဖော်စပ်ခြင်း အခြေခံမှသည်….’
နိဒါန်းကို ဖတ်ကြည့်ရုံနှင့်ပင် ဆေးဖော်ဆရာ ချင်ယွမ်ဇီ၏ စကားလုံးများထဲမှ ဂုဏ်ယူဝင့်ကြွားမှုကို လော့ချန် ခံစားလိုက်ရသည်။ အမှန်တကယ်လည်း သူ ဂုဏ်ယူထိုက်ပေသည်။
အခြေခံတည်ဆောက်ခြင်း အဆင့်တွင် ရှိနေပါလျက် တတိယအဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ခြင်းမှာ သာမန်ကိစ္စ မဟုတ်ပေ။
စာအုပ်ထဲရှိ အကြောင်းအရာများမှာ အလွန် အသေးစိတ်လှသည်။ ဆေးဖော်စပ်ခြင်းဆိုင်ရာ အခြေခံနည်းစနစ်အားလုံး နီးပါးကို ဖော်ပြထားသော်လည်း အချို့သော နည်းပညာဆိုင်ရာ အသုံးအနှုန်းများက လော့ချန်ကိုပင် ခေါင်းကိုက်သွားစေသည်။
"ဒါက တကယ့်ကို စာအုပ်ကောင်းပဲ၊ ဒါပေမဲ့ ဘယ်သူမှတော့ အချိန်တိုအတွင်းမှာ အကုန်လုံးကို နားလည်နိုင်မှာ မဟုတ်ဘူး၊ ငါ ဖြည်းဖြည်းချင်းပဲ လေ့လာရမယ်"
လော့ချန်သည် စာအုပ်ကို ဂရုတစိုက် ပြန်သိမ်းလိုက်ပြီးနောက် ဝါးလိပ်နှစ်လိပ်ကို ကြည့်လိုက်သည်။
ဝါးလိပ်တစ်ခုမှာ အကောင်းအတိုင်း ရှိနေသော်လည်း အခြားတစ်ခုမှာမူ မီးလောင်ထားသည့် အမှတ်အသားများ ရှိနေသည်။
မီရှုဟွာသည် သူ့အား ဆေးနည်းနှစ်မျိုး ပေးခဲ့သော်လည်း တစ်ခုမှာ မပြည့်စုံသဖြင့် အလွန်အမင်း မျှော်လင့်မထားပေ။
ထိုအဘိုးကြီး အမှန်စင်စစ် စိတ်ဝင်စားသည်မှာ အကောင်းအတိုင်း ရှိနေသော ဆေးနည်းဖြစ်သည်။
ကျောက်စိမ်းအမြုတေ ဆေးလုံး ဟု လော့ချန်က အကောင်းအတိုင်း ရှိနေသော ဝါးလိပ်ကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
လော့ချန်သည် ဆေးနည်းကို အသေအချာ လေ့လာနေသည်။ အဓိက ကုန်ကြမ်းများ၊ အချိုးအစားများမှစ၍ အာနိသင်နှင့် ရှောင်ရန်ဆောင်ရန်များအထိ အားလုံးကို စစ်ဆေးနေသည်။
သူ မသိလိုက်ခင်မှာပင် နေဝင်ရီတရော အချိန်သို့ ရောက်ရှိသွားသည်။
သူသည် တဒိတ်ဒိတ် ခုန်နေသော နားထင်ကို ပွတ်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်မိသည်။
"မီရှုဟွာက ငါ့ကို ဒီခေါ်လာဖို့ ဘာလို့ ဒီလောက် ကြိုးစားခဲ့တာလဲ၊ နောက်ပြီး ဆေးဖော်ခန်းမ တည်ဆောက်ဖို့ ဘာလို့ ဒီလောက် အကုန်အကျ ခံခဲ့တာလဲ ဆိုတာ အံ့ဩစရာ မဟုတ်တော့ဘူး၊ တကယ်လို့ ငါသာ ဒီဆေးလုံးကို တကယ် ဖော်နိုင်ရင် ဖိုရှန်းဂိုဏ်းကတော့ ချမ်းသာပြီပဲ….မဟုတ်ဘူး....မီရှုဟွာတော့ ချမ်းသာပြီပဲ"
လော့ချန်သည် ဆေးဖော်ခန်းမမှ ရရှိသော အမြတ်အစွန်းများကို သူ၏ အမြတ်ဝေစု ဖယ်ပြီးနောက် မည်သို့ ခွဲဝေကြသည်ကို ချင်လျန်ချန်းအား တိတ်တဆိတ် မေးမြန်းထားခဲ့ဖူးသည်။
တိကျသော ကိန်းဂဏန်းများ မသိရသော်လည်း ဂိုဏ်းချုပ်မီရှုဟွာက အများဆုံး ရရှိသည်မှာ ထင်ရှားလှသည်။ အခြားသော ခန်းမခေါင်းဆောင်များနှင့် အဆင့် ၉ ကျင့်ကြံသူများမှအပ ကျန်သူများမှာ ဝိညာဉ်ကျောက်တုံး လုံးဝနီးပါး မရရှိကြပေ။
ဆိုလိုသည်မှာ ဆေးဖော်ခန်းမ၏ အမြတ်အစွန်း အများစုမှာ မီရှုဟွာ၏ အိတ်ကပ်ထဲသို့ ရောက်သွားမည် ဖြစ်သည်။ ထို့အပြင် ကျောက်စိမ်းအမြုတေ ဆေးလုံးမှာ အမြတ်အစွန်း အမြောက်အမြား ထွက်ပေါ်လာစေနိုင်သော ပစ္စည်းတစ်ခု ဖြစ်သည်။
အကြောင်းမှာ ထိုဆေးလုံးသည် အမှန်တကယ်ပင် သမ္မာကျင့်ကြံရေးဆေး တစ်မျိုး ဖြစ်နေသောကြောင့်ပင်။
ဤအချက်တစ်ခုတည်းနှင့်ပင် ဤဆေးလုံး၏ တန်ဖိုးကို ဆုံးဖြတ်ရန် လုံလောက်လှသည်။ ဆေးနည်း၏ ဖော်ပြချက်အရ ဤဆေးလုံးကို မှီဝဲပါက ကျင့်ကြံသူတို့၏ ချီစွမ်းအားကို မြင့်တက်စေနိုင်သည်ဟု ဆိုသည်။
သာမန် အာနိသင်တစ်ခုပင်။ ထိုသို့ သာမန်ဖြစ်လေလေ၊ လူသုံးများလေလေ ဖြစ်သည်။
သို့သော် ဤကဲ့သို့သော ဆေးမျိုးကို ဆေးနည်းရော၊ ဖြန့်ဖြူးမှုလမ်းကြောင်းပါ ဂိုဏ်းကြီးများကသာ အပြည့်အဝ ထိန်းချုပ်ထားခြင်း ဖြစ်သည်။ သာမန် အဖွဲ့အစည်းများတွင် ဤကဲ့သို့သော ဆေးမျိုး ရရှိရန် လမ်းမရှိပေ။ ရခဲ့လျှင်ပင် ဂိုဏ်းသားများက သေချာပေါက် ကြားဖြတ် နှောင့်ယှက်ပေလိမ့်မည်။
“ဒါပေမဲ့ ဒီဆေးလုံးမှာ အားနည်းချက်တွေ အများကြီး ရှိနေတာပဲ”
လော့ချန်သည် ဆေးနည်း၏ အာနိသင်နှင့် ရှောင်ရန်ဆောင်ရန်များကို ပြန်လည် မြင်ယောင်ရင်း နှမြောတသ ဖြစ်သွားသည်။
ကျောက်စိမ်းအမြုတေ ဆေးလုံးမှာ လူသုံးများသော ဆေးမျိုး ဖြစ်သော်လည်း ၎င်းတွင် ပါဝင်သော ချီစွမ်းအားမှာ အလွန်နည်းပါးပြီး ချီစွမ်းအင်ဖြည့်ဆေး၏ ဆယ်ပုံတစ်ပုံမျှသာ ရှိသည်။ ထို့အပြင် အလွန်အကျွံ မှီဝဲပါက ဆေးယဉ်ပါးမှု ဖြစ်ပေါ်နိုင်သည်။
ဆေးယဉ်ပါးမှုမှာမူ ဆေးလုံးတိုင်းတွင် ရှိတတ်သောကြောင့် စိုးရိမ်စရာ မရှိလှပေ။
ဤဆေးလုံး၏ အကြီးမားဆုံး အားနည်းချက်မှာ အလွန်အကျွံ သုံးစွဲပါက ဒန်တျန်အား ကျောက်စိမ်းအဖြစ် ပြောင်းလဲသွားစေနိုင်ပြီး ကျင့်ကြံခြင်း လမ်းစဉ်ကို ပိတ်ဆို့သွားစေနိုင်သည်။
ကျင့်ကြံသူတစ်ဦးအတွက် ဤသည်မှာ လုံးဝ လက်ခံနိုင်စရာ မရှိသော ကိစ္စဖြစ်သည်။ ဒန်ထျန်သည် အဆင့်နိမ့် ကျင့်ကြံသူများအတွက် အရေးကြီးဆုံးနေရာ ဖြစ်သည်။ အကယ်၍ ထိခိုက်သွားပါက ကျင့်ကြံခြင်း လမ်းကြောင်း ပြတ်တောက်သွားမည်ဖြစ်ပြီး၊ ကံဆိုးပါက ချီစွမ်းအားများ ဖောက်ပြန်ကာ သေဆုံးသည်အထိ ဖြစ်နိုင်ပေသည်။
ကျောက်စိမ်းအဖြစ် ပြောင်းလဲခြင်းဆိုသည်မှာ အပြုသဘောဆောင်သော စကားလုံး မဟုတ်ပေ။ ကျောက်စိမ်းအဖြစ် ပြောင်းလဲသွားပါက ထိုကျင့်ကြံသူအနေဖြင့် ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းရန် အလွန်ပင် ခက်ခဲသွားပေလိမ့်မည်။
ဆေးဖော်စပ်ခြင်း အသုံးအနှုန်းအရ ထိုအရာအား ဆေးယဥ်ပါးခြင်း ဟု ခေါ်ဆိုကြသည်။
မထူးခြားသော ဆေးလုံးများစွာမှာ ဤကဲ့သို့သော အတားအဆီးများကို ဖြစ်ပေါ်စေတတ်သည်။
ချီစွမ်းအင်ဖြည့်ဆေး ကဲ့သို့သော အသေအချာ လေ့လာပြီးသား ဆေးများတွင်သာ ဤပြဿနာကို ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
အလွန်အကျွံ သောက်သုံးပါက အာနိသင် မရှိတော့သည်မှာ အဆိုးဆုံး ဖြစ်ရပ်ပင်ဖြစ်သည်။
"ဒီလို အားနည်းချက်တွေ ရှိနေရင်တောင်မှ၊ ဒါက အဆင့်နိမ့် ကျင့်ကြံသူတွေအတွက်တော့ တကယ့်ကို အံ့ဩစရာ ဆေးလုံးတစ်လုံးပဲ"
လော့ချန် ထိုသို့ ကောက်ချက်ချမိသည်။
သူသည် ချီ သန့်စင်အဆင့် ၁ မှ အဆင့် ၂ သို့ တစ်လှမ်းချင်း တက်လှမ်းခဲ့ရသူ ဖြစ်သဖြင့် ဆေးလုံးများ မရှိခြင်းကြောင့် ဖြစ်ပေါ်ရသော ဆင်းရဲဒုက္ခများကို ကောင်းကောင်း သိသည်။
ဝိညာဉ်ဆေးနန်းဆောင်သည် ချီစွမ်းအင်ဖြည့်ဆေးများကို တစ်လုံးချင်း မရောင်းဘဲ တစ်ပုလင်းလိုက်သာ ရောင်းချပြီး တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး ၁၀၀ ပေးရသည်။
ဝိညာဉ်ကျောက်တုံး ၁၀၀ ဆိုသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် အရေးမပါသလို၊ နောက်ဆုံးအဆင့် ကျင့်ကြံသူများအတွက်လည်း တတ်နိုင်သော ပမာဏ ဖြစ်သည်။
အလယ်အဆင့် ကျင့်ကြံသူများအတွက်မူ နှမြောစရာ ဖြစ်သော်လည်း ဝယ်ယူနိုင်သေးသည်။ သို့သော် အစောပိုင်းအဆင့် ကျင့်ကြံသူများအတွက်မူ ထိုပမာဏမှာ ပိုင်ဆိုင်မှု အားလုံးနှင့် ညီမျှနေသည်။ သူတို့တစ်သက် စုဆောင်းလျှင်ပင် တစ်ပုလင်း ဝယ်နိုင်ရန် မသေချာ။
ကျောက်စိမ်းအမြုတေ ဆေးလုံးကမူ ကွဲပြားသည်။ အဓိက ကုန်ကြမ်းများမှ အာနိသင်နှင့် အားနည်းချက်များအထိ အားလုံးမှာ ဈေးနှုန်းချိုသာရန် သတ်မှတ်ပြီးသား ဖြစ်နေသည်။
တစ်နည်းအားဖြင့် အဆင့်နိမ့် ကျင့်ကြံသူများ တတ်နိုင်သော ဆေးမျိုး ဖြစ်ပေသည်။
"ဆင်းရဲသားတွေက ပိုက်ဆံမရှိဘူး ဆိုပေမဲ့ သူတို့မှာ ဝိညာဉ်ကျောက်တုံး လုံးဝမရှိတာတော့ မဟုတ်ဘူး"
"ငါသာ အဲဒီတုန်းက ဒီလိုဆေးမျိုး ရှိတာ သိခဲ့ရင်၊ အံကြိတ်ပြီးတော့စုဆောင်းပီး တစ်နှစ်ကို အနည်းဆုံး နှစ်လုံး၊ သုံးလုံးလောက် ဝယ်သောက်ခဲ့မိမှာ သေချာတယ်၊ ဒီဆေးလုံးကိုသာ အောင်အောင်မြင်မြင် ဖော်စပ်နိုင်ရင်….ဒါဟာ ဆင်းရဲသား ကျင့်ကြံသူတွေဆီက ဝိညာဉ်ကျောက်တုံးတွေကို စုပ်ယူဖို့အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ ဆေးပဲ"
လော့ချန်သည် အတွေးများကိုလက်စသတ်ရင်း ဝါးလိပ်ကို ပြန်ချလိုက်သည်။
မီရှုဟွာကမူ လော့ချန် ဤဆေးအား ဖော်နိုင်ပါ့မလား စိုးရိမ်နေသော်လည်း လော့ချန်သည် စနစ်ကို ပိုင်ဆိုင်ထားသော လူသားတစ်ယောက်ဖြစ်လေသည်။
သို့သော် လွယ်ကူနေသလိုမျိုး သူ ဟန်ပြမည်မဟုတ်ပေ။
လော့ချန်သည် စိတ်ထဲတွင် အစီအစဉ်များ ရေးဆွဲလိုက်ပြီးနောက် မီးလောင်ထားသည့် ဝါးလိပ်အပိုင်းအစကို ကြည့်လိုက်သည်။
"ချီလမ်းကြောင်းဆေးလုံး ဆိုပါလား"