ရှေးဟောင်းဆေးကျမ်း
Vol. 9 Ch. 83
ထိုဝါးလိပ်စုတ်ထဲမှ ဆေးဖော်စပ်နည်းမှာ မပြည့်စုံသည့်အတွက် လော့ချန်အနေဖြင့် အစပိုင်းတွင် အလွန်အမင်း စိတ်ဝင်တစား မရှိခဲ့ပေ။ သို့သော်လည်း အသေးစိတ် ဖတ်ရှုပြီးနောက်တွင်မူ သူ၏ စိတ်အာရုံမှာ အချိန်အတော်ကြာသည်အထိ လှုပ်ခတ်သွားရတော့သည်။
ချီလမ်းကြောင်းဆေးလုံး….။
အဓိကကုန်ကြမ်းများမှာ ဝိညာဉ်တစ္ဆေမြက် နှင့် ပထမအဆင့် မြေခွေးမိစ္ဆာ၏ သွေးတို့ ဖြစ်ကြသည်။
ဖြည့်စွက်ရမည့် ကုန်ကြမ်းများအဖြစ် နေကြွေဂျင်ဆင်း နှင့် ခုနစ်ပါးဝတ်ဆံပန်းတို့ ပါဝင်သော်လည်း အခြားကုန်ကြမ်း တစ်မျိုးမှာ လိုအပ်နေဆဲဖြစ်ပြီး တိကျသော အချိုးအစား အချက်အလက်များလည်း မပါဝင်ပေ။ ဆေးဖော်စပ်နည်းလမ်းများနှင့် သက်ဆိုင်ရာ ရှောင်ရန်ဆောင်ရန်များကိုလည်း ဖော်ပြထားခြင်း မရှိပေ။ ဝါးလိပ်၏ မီးလောင်သွားသော အစိတ်အပိုင်းနှင့်အတူ များစွာသော အချက်အလက်များ ဆုံးရှုံးသွားခဲ့ပုံရသည်။
သို့သော်လည်း ချီလမ်းကြောင်းဆေးလုံး၏ အာနိသင် ဖော်ပြချက်ကြောင့် သူ၏ နှလုံးသားထဲတွင် လှိုင်းတံပိုးများ ထသွားခဲ့သည်။
ဤဆေးလုံးသည် ဝိညာဉ်အသိစိတ်၏ အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးနိုင်ပြီး သရဲတစ္ဆေများကို ပိုမိုသိမြင်စေနိုင်သည်။
ဤအာနိသင်တစ်ကြောင်းတည်းနှင့်ပင် လော့ချန်မှာ ပြည့်စုံသော ဆေးနည်းကို ရရှိလိုစိတ် ပြင်းပြသွားတော့သည်။
ဝိညာဉ်အသိစိတ်ရဲ့ အခြေခံကို မြှင့်တင်ပေးနိုင်တယ်တဲ့လား….။
ချင်လျန်ချန်း ဇနီးမောင်နှံက သူ့အား ဝိညာဉ်လိပ်ပြာ၊ ဝိညာဉ်အသိစိတ်နှင့် နတ်မျက်စိ တို့၏ အခြေခံသဘောတရားများကို သင်ကြားပေးကတည်းက သူ ထိုအရာများကို အထူးအလေးထားခဲ့ခြင်း ဖြစ်သည်။
သူ ထပ်မံစုံစမ်းကြည့်ရာတွင် သတင်းစကားတစ်ခုကို ကြားသိခဲ့ရသည်။
ဝိညာဉ်အသိစိတ် အခြေခံ ခိုင်မာသူများသည် အခြားသူများထက် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် ပိုမိုလွယ်ကူသည်ဟု ဆိုကြသည်။ ဤသည်မှာ အခြေခံအုတ်မြစ် တည်ဆောက်နိုင်စွမ်းကို တိုက်ရိုက် မြှင့်တင်ပေးလိုက်ခြင်းပင်ဖြစ်ရမည်။
လော့ချန်သည် သူ၏ ဝိညာဉ်မြစ် ငါးခု အရည်အချင်းဖြင့် ကျင့်ကြံရာတွင် ခက်ခဲနေပြီးသား ဖြစ်ရာ၊ အခြေခံအုတ်မြစ် တည်ဆောက်နိုင်ရန်မှာလည်း အလားတူပင် ခက်ခဲပေလိမ့်မည်။ ယခုအချိန်တွင် သူသည် ချီသန့်စင်အဆင့် ၅ တွင်သာ ရှိနေသေးသော်လည်း၊ တစ်နေ့တွင် ချီ သန့်စင်အဆင့် ထိပ်ဆုံးသို့ ရောက်ရှိနိုင်ခြေရှိသည်။
သို့ဖြစ်ရာ ဝိညာဉ်အသိစိတ်နှင့် ပတ်သက်သော ကိစ္စရပ်များအား သူ ပေါ့ပေါ့ဆဆ သဘောထား၍မရပေ။
‘ဆေးနည်း မပြည့်စုံတာနဲ့ပဲ မရ နိုင်တာတော့မဟုတ်ပါဘူးလေ’ ဟု သူ စိတ်ထဲမှ ဖော့ တွေးလိုက်သည်။
အောင်မြင်မှုအမှတ် လုံလောက်ပါက စနစ် အနေဖြင့် ဤဆေးနည်းအား ဖြည့်စွက်ပေးနိုင်ရုံမျှမက အခြေခံ ကျွမ်းကျင်မှုအဆင့်သို့ပါ ရောက်ရှိစေနိုင်ကြောင်း ထင်ရှားနေသည်။
“ဒါနဲ့ မီရှုဟွာလည်း ဒီမပြည့်စုံတဲ့ ဆေးနည်းကို သိပ်ဂရုစိုက်ပုံမရဘူး၊ သူ ငါ့ကို ဒါပေးလိုက်တာက ငါ့ရဲ့ ဆေးဖော်စပ်မှု ဗဟုသုတတွေ တိုးပွားလာပြီး သူ့အတွက် ကျောက်စိမ်းအမြုတေဆေးလုံးကို ပိုကောင်းအောင် ဖော်ပေးနိုင်ဖို့ ရည်ရွယ်ပုံရတယ်”
“လောလောဆယ်တော့ အသေအချာ လေ့လာထားမယ်၊ အချိန်တန်ရင်တော့ ဒါကို တိတ်တဆိတ် ဖော်စပ်ကြည့်လို့ ရ၊ မရ စမ်းသပ်ရမှာပဲ”
ထိုသို့ ဆုံးဖြတ်ပြီးနောက် လော့ချန်သည် ချီလမ်းကြောင်းဆေးလုံး ဝါးလိပ်အား ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
သူသည် ထိုဆေးအား သွေးချီဆေးလုံး နှင့် ကျောက်စိမ်းနှင်းစက်ဆေးလုံး တို့ကဲ့သို့ပင် အလွန်အရေးကြီးသော ကဏ္ဍတွင် ထည့်သွင်းထားလိုက်တော့သည်။
အတိတ်ကာလတွင် လော့ချန်မှာ ပြားတစ်ချပ်မှ ကုန်းကောက်စရာမရှိအောင်ဆင်းရဲမွဲတေခဲ့ဖူးသည်။
အမည်ခံ ဆေးဖော်ဆရာ ဆိုသော်လည်း အမှန်စင်စစ်တွင်မူ မှော်အာဟာရဆေးလုံး ကိုသာ ဖော်စပ်နိုင်ခဲ့သူ ဖြစ်သည်။ ထိုဆေးများမှာ ပထမအဆင့် ဆေးလုံးဟုပင် အမည်မတပ်နိုင်ဘဲ အဆင့်မမီသော ဆေးစပ်နည်းများသာ ဖြစ်ခဲ့သည်။ အံ့ဖွယ်တစ်သောင်းဆေးလုံးကို စတင် ဖော်စပ်တတ်လာသည့် အခါမှသာ သူ၏ စစ်မှန်သော ဆေးဖော်စပ်ခြင်း ခရီးစဉ်မှာ စတင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အသစ်စက်စက် ဆေးနည်း သုံးမျိုး တစ်ပြိုင်နက် ပိုင်ဆိုင်လိုက်ရခြင်းမှာ မည်သည့် ဆေးဖော်ဆရာအတွက်မဆို ဂုဏ်ပြုထိုက်သော ကိစ္စပင် ဖြစ်သည်။ သူသည် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ကြီးထဲသို့ ချက်ချင်းပင် ခုန်ဝင်လိုစိတ် ပြင်းပြနေမိသည်။
သို့သော်လည်း လော့ချန်သည် ဆေးလုံးများကို ချက်ချင်း စတင်မဖော်စပ်သေးပေ။ ထိုအစား နေ့စဉ် ကျင့်ကြံခြင်းအပြင် လခြမ်းတောင်ကြားရှိ ဆေးဖော်ခန်းမ ဆောက်လုပ်မှုကို သွားရောက် စစ်ဆေးခြင်းဖြင့် အချိန်ကုန်လွန်စေသည်။ ထို့အပြင် ဖိုရှန်းဂိုဏ်း၏ ကုသိုလ်ခန်းမမှ စာအုပ်တစ်အုပ်ကိုလည်း အတော်လေး နားပူနားဆာ လုပ်ကာ ငှားယူနိုင်ခဲ့သည်။
စွယ်စုံဆေးကျမ်း….။
ဤစာအုပ်မှာ ဝမ်ယွမ် တန်ခိုးမထွန်းတောက်မီက သူ၏ လမ်းဘေးဈေးဆိုင်လေးတွင် အမြဲရှိနေခဲ့သော်လည်း မည်သူမျှ မဝယ်ယူခဲ့သော စာအုပ်ဖြစ်သည်။ ဝမ်ယွမ် ခန်းမခေါင်းဆောင် ဖြစ်လာပြီးနောက် ထိုပစ္စည်းများကို ဖိုရှန်းဂိုဏ်းသို့ ပြန်လည် အပ်နှံခဲ့ရာ ကုသိုလ်ခန်းမက တာဝန်ယူ ထိန်းသိမ်းထားခြင်း ဖြစ်သည်။
လော့ချန် သွားရောက် ငှားရမ်းသောအခါ မီကျွင်းဖျင်က ဇွတ်အတင်း ငြင်းဆန်ပြီး ဝိညာဉ်ကျောက်တုံးဖြင့် ဝယ်ယူရန်သာ ပြောဆိုနေခဲ့သည်။
သို့သော် လော့ချန်ဆိုသည်မှာ အရူးလုပ်ခံမည့် လူစားမျိုးမဟုတ်ပေ။
“ဂိုဏ်းချုပ်က မိသားဝင်စိတ်ဓာတ်ရှိပါ၊ သဘောထားပါ ပြောထားတာကို ကျွန်တော့်ဆီက ဝိညာဉ်ကျောက်တုံးတွေ ယူချင်သေးတာလား” ဟု မီရှုဟွာ၏ အမည်ကို တိုက်ရိုက် သုံးနှုန်းလိုက်မှသာ မီကျွင်းဖျင်က မကြည်ဖြူစွာဖြင့် စာအုပ်ကို ငှားပေးလိုက်တော့သည်။
သူထင်သည့်အတိုင်း မီရှုဟွာ၏ လော့ချန်အပေါ် ရင်းနှီးမြှုပ်နှံမှုများ တိုးလာသည်နှင့် အမျှ တောင်းဆိုမှု သေးသေးလေးများသည် ဖြည့်ဆည်းရ ပိုလွယ်လာသည်။ ဤသည်ကို ရင်းနှီးထားပြီးသား အရင်းအနှီးအပေါ် အခြေခံ၍ အခွင့်အရေး ယူတတ်ခြင်းဟု ဆိုနိူင်ပေသည်။
….
တောင်ပေါ်စမ်းရေ စီးဆင်းနေသည့် ဘေးတွင် မှီထိုင်ကုလားထိုင်လေးဖြင့် လဲလျောင်းရင်း၊ ရှေ့တွင် အလုပ်လုပ်နေသော တပည့်များကို ကြည့်ကာ လော့ချန်သည် စွယ်စုံဆေးကျမ်းအား အာရုံစိုက် ဖတ်ရှုနေတော့သည်။
သူသည် ချင်ယွမ်ဇီ၏ ဆေးဖော်ပညာ ခွဲခြမ်းစိတ်ဖြာချက်အစား ဤစာအုပ်ကို အရင်ဖတ်ရန် ရွေးချယ်ရခြင်းမှာ ချင်ယွမ်ဇီ၏ စာအုပ်ထဲတွင် ပါဝင်သော လိုအပ်ချက်တစ်ခုကြောင့် ဖြစ်သည်။
ဆေးဖော်စပ်ခြင်း လမ်းစဉ်သည် ဆေးပင်များကို ခွဲခြားတတ်ခြင်းမှ စတင်ကာ၊ ကုန်ကြမ်းများကို ပြင်ဆင်တတ်ခြင်း၊ မီးထိန်းညှိမှုကို ကျွမ်းကျင်ခြင်းတို့မှတစ်ဆင့် ဆေးလုံးဖော်စပ်ခြင်းသို့ တဖြည်းဖြည်းချင်း တက်လှမ်းရမည် ဖြစ်သည်။
ဤသည်မှာ အချိန်ယူ စုဆောင်းရမည့် လုပ်ငန်းစဉ်ကြီး တစ်ခုပင်ဖြစ်သည်။
လော့ချန်သည် မိမိ၏ ဆေးဖော်စပ်ခြင်း အခြေခံမှာ အလွန်ပင် နိမ့်ပါးကြောင်း သိရှိထားပြီးသားဖြစ်သည်။ အမှိုက်အဆင့်ဟု ခေါ်လျှင်ပင် လွန်မည် မဟုတ်ပေ။
သူ့အနေဖြင့် အဆင့်မြင့် မှော်အာဟာရဆေးလုံးများနှင့် အလတ်စား အံ့ဖွယ်တစ်သောင်းဆေးလုံးများကို ဖော်စပ်နိုင်ခြင်းမှာ စနစ် မှ တိုက်ရိုက် ကူးပြောင်းပေးမှုနှင့် သူ၏ နေ့စဉ် လေ့ကျင့်မှုများကြောင့်သာ ဖြစ်သည်။
သို့သော် ထိုဆေးလုံးနှစ်မျိုးမှလွဲလျှင် သူ၏ ဗဟုသုတမှာ အလွန်ပင် တိမ်လှသည်။ ထို့ကြောင့်ပင် ရှန့်ရှန့်နှင့် ဆေးဖော်စပ်ခြင်းအကြောင်း ဆွေးနွေးစဉ်က သူ အရှက်ရခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ အခွင့်အရေးနှင့် ကျင့်ကြံသူတစ်ဦး၏ လမ်းညွှန်ချက်ကို ရရှိထားပြီဖြစ်ရာ သူသည် သူ၏ အခြေခံကို ခိုင်မာအောင် တည်ဆောက်လိုစိတ် ပြင်းပြနေသည်။
ပထမဆုံးအနေဖြင့် ဆေးပင်များကို ခွဲခြားတတ်ခြင်းမှ စတင်ရမည်။
ကျမ်းထဲရှိ ရှည်လျားပြီး သေးသွယ်သော အင်္ဂါအစိတ်အပိုင်းတစ်ခု၏ ပုံရိပ်ကို ကြည့်ရင်း လော့ချန် ရုတ်တရက် နားလည်သွားသည်။
"ဒါဆို မီးခွေးမြီးက ယောက်ျားအားတိုးစေရုံတင် မကဘူး၊ မီးဓာတ်မှော်တွေကို လေ့ကျင့်တဲ့နေရာမှာလည်း အထောက်အကူ ပေးတာကိုး၊ ဒါကို ပါးစပ်ထဲမှာ ငုံထားရုံနဲ့ ပြင်းထန်တဲ့….အဲ….ထားလိုက်ပါတော့၊ ဒီအသုံးအနှုန်းကိုတော့ ကျော်လိုက်ရအောင်"
"တောက်…. အပြာရောင် ရှောက်ချိုမြက်က ကြည့်ရတာ သာမန်ပဲ၊ ဒါပေမဲ့ အမျိုးအစား ပေါင်း ၄၉ မျိုးတောင် ရှိတာလား၊ အနီးအနားက တွမ်မိသားစုက ဒါကို ဘာလို့ လယ်ကွင်းအကျယ်ကြီး စိုက်ထားသလဲဆိုတာ မဆန်းတော့ဘူး"
“ကျောက်စိမ်းဆေးပင် ဒါ ကျောက်စိမ်းအမြုတေဆေးလုံး ရဲ့ အဓိကကုန်ကြမ်း မဟုတ်လား သေသေချာချာ ကြည့်ရဦးမယ်”
….
"သူတို့ ထွက်သွားကြပြီ"
လော့ချန် တစ်ယောက် စာထဲတွင် အာရုံအပြည့် ရောက်နေစဉ်မှာပင် စီကုန်းရှို့ကျားမှာ အပြေးအလွှား ရောက်လာကာ အော်ဟစ်လိုက်သည်။
"ဘယ်သူ ထွက်သွားတာလဲ"
လော့ချန်က ခေါင်းပင် မဖော်ဘဲ မေးလိုက်သည်။
"အိုင်လောင်တောင်က ကျင့်ကြံသူတွေလေ၊ နတ်သက်ကြွေအိမ်ရာက လူတွေ အခုပဲ ထွက်သွားကြပြီ၊ ကျန်နေတဲ့ ဝိညာဉ်ကျောက်တုံးတွေကိုတောင် လာမတောင်းကြဘူး"
လော့ချန် ခေါင်းမော့ကြည့်ကာ မျက်တောင်ခတ်လိုက်ပြီး ဆိုသည်။
"ဒါက ကောင်းတဲ့အချက် မဟုတ်ဘူးလား၊ ကျွန်တော်တို့ ကျန်တဲ့ လုပ်အားခ ပေးစရာ မလိုတော့ဘူးပေါ့"
စီကုန်းရှို့ကျားက ခေါင်းခါပြရင်း ဆိုသည်။
"တစ်ခုခု ဖြစ်နေပြီလို့ ငါ စိုးရိမ်လို့"
"ဟဲဟဲ…. ဘာပဲဖြစ်ဖြစ် ဒါက အိုင်လောင်တောင်ဂိုဏ်းရဲ့ ကိစ္စပဲလေ၊ ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ"
"ဒါပေမဲ့ ဆေးဖော်ခန်းမက မပြီးသေးဘူးလေ"
လော့ချန် ချက်ချင်းပင် ဝုန်းခနဲ ထရပ်လိုက်ပြီး ဆဲဆိုတော့သည်။
"ဒီ ခွေးမသားတွေကတော့ တကယ့်ကို တာဝန်မဲ့တာပဲ၊ အလုပ်သေးသေးလေးကို ဒီအတိုင်း တစ်ပိုင်းတစ်စနဲ့ ပစ်ထားခဲ့တယ်လား၊ ဘာတွေဖြစ်ကုန်တာလဲ"
ထိုသို့ပြောပြီးနောက် သူသည် ဆေးဖော်ခန်းမဆီသို့ အပြေးအလွှား သွားကြည့်လိုက်သည်။
သေသေချာချာ စစ်ဆေးပြီးနောက်တွင်မူ သူ သက်ပြင်းချနိုင်သွားသည်။
"ရပါတယ်.... ဂိုဏ်းကျင့်ကြံသူတွေကတော့ သစ္စာရှိကြသားပဲ၊ ဆေးဖော်ခန်းမရဲ့ အဓိက အဆောက်အအုံပိုင်းကတော့ ပြီးသလောက် ရှိနေပါပြီ၊ နောက်မှ ကုန်ကြမ်းတွေ ထပ်ဖြည့်လိုက်ရင် ရပြီ"
ဤစကားကို ကြားမှ စီကုန်းရှို့ကျားလည်း စိတ်သက်သာရာ ရသွားတော့သည်။
ဤဆေးဖော်ဆောင် သုံးခန်းအတွက် လုပ်အားခနှင့် ကုန်ကြမ်းဖိုးမှာ ဝိညာဉ်ကျောက်တုံး နှစ်ထောင်ခန့် ကုန်ကျခဲ့ရာ၊ ၎င်းမှာ အဆင့်မြင့် မှော်လက်နက်ကောင်း တစ်ခု ဝယ်နိုင်သည့် ပမာဏပင်ဖြစ်သည်။
ဤမျှအထိ ဈေးကြီးသော အဆောက်အအုံမျိုးအား သူ့ တစ်သက်တွင် တစ်ခါမျှ မကြုံဖူးပေ။ ယခုအခါ ပြဿနာမရှိတော့ကြောင်း သိရသဖြင့် သူ ပြုံးပျော်သွားသည်။
"ဂိုဏ်းကျင့်ကြံသူတွေကတော့ နာမည်ဂုဏ်သတင်းကို အလေးထားကြတာပဲ၊ လက်မထောင်ပြဖို့ ထိုက်တန်တယ်"
လွန်ခဲ့သော ရက်အနည်းငယ်က လော့ချန် လုပ်ပြခဲ့သော လက်ဟန်ခြေဟန်ကို စီကုန်းရှို့ကျားက လိုက်လုပ်ပြနေသဖြင့် လော့ချန်မှာ ကြက်သီးပင် ထသွားမိသည်။
"အဘိုးကြီး….ခေတ်နောက်မလိုက်ပါနဲ့လားဗျာ၊ မထော်မနန်းနဲ့ အားနာလို့ပါ"
"ဒါနဲ့ သတိပေးထားဦးမယ်၊ မနက်ဖြန် ကျွန်တော် ဒီမှာ မရှိဘူးနော်၊ အရာအားလုံးကို သေသေချာချာ စောင့်ကြည့်ထားပေးပါဦး"
စီကုန်းရှို့ကျားက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
“ဘယ်သွားမလို့လဲ”
"သူငယ်ချင်းအချို့ကို သွား နှုတ်ဆက်မလို့ပါ၊ သူတို့ရဲ့ ဆယ်နှစ်တာ တာဝန်ထမ်းဆောင်မှု ပြီးဆုံးသွားလို့ ဂိုဏ်းကို ပြန်ကြတော့မလို့လေ"
လော့ချန်က အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
စီကုန်းရှို့ကျားမှာ မျက်တောင်ခတ်လျက် တောင့်တင်းသွားရတော့သည်။
ဆယ်နှစ်တာ တာဝန်ထမ်းဆောင်မှု အပြီး ဂိုဏ်းကို ပြန်ကြမည်ဆိုသည်မှာ တာဟဲဈေးမြို့တော်ထဲရှိ ဆိုင်ငယ်လေးများ၏ စည်းကမ်းမဟုတ်ဘဲ ထိပ်သီး ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ အစဉ်အလာပင် ဖြစ်သည်။
လော့ချန် ဘယ်တုန်းက ဒီလို ဂိုဏ်းတပည့်တွေနဲ့ သိနေတာလဲ…. သူကိုယ်တိုင် သွားပို့ရလောက်အောင်အထိ ဘယ်အချိန်မှာ ရင်းနှီးသွားတာလဲ….။
"ကျွန်တော် အခုပဲ လစ်ပြီဗျို့"
ဟု ပြောကာ လော့ချန် အမြန်ပင် ထွက်ခွာသွားတော့သည်။
လခြမ်းတောင်ကြားထဲမှ ထွက်လာစဉ် အလုပ်ရှုပ်နေကြသော ကူချိုင်ယီနှင့် မုရုံချင်းလျန်တို့အား လော့ချန် နှုတ်ဆက်ခဲ့သည်။
ကူချိုင်ယီမှာမူ လိုက်မလာခဲ့ပေ။ သူမသည် ဖိုရှန်းဂိုဏ်းသို့ အသစ်ဝင်ထားသူ ဖြစ်သဖြင့် ကျင့်ကြံသူများနှင့် ရင်းနှီးအောင် ကြိုးစားနေရသည့် အဆင့်တွင် ရှိသည်။ ချီ သန့်စင်အဆင့် ၉ ရှိသူဖြစ်ရာ သူမသည် သာမန်အဖွဲ့ဝင်တစ်ဦး ဖြစ်မလာနိုင်ပေ။ လော့ချန်၏ ထောက်ခံမှုဖြင့် သူမသည် ယခုအခါ ဆေးဖော်ခန်းမ၏ တာဝန်ခံတစ်ဦး ဖြစ်လာခဲ့ပြီး၊ ခန်းမအတွင်းရှိ စီကုန်းရှို့ကျားနှင့် ရာထူးချင်း အဆင့်အတန်း တူညီသည်။
လခြမ်းတောင်ကြားမှာ အပြင်မြို့၏ အစိတ်အပိုင်း တစ်ခုဖြစ်သော်လည်း အမှန်စင်စစ်တွင်မူ မြို့ပြင်နှင့် အတော်လေး ဝေးကွာလှသည်။ ထိုနေရာသို့ သွားသောလမ်းတွင် မတော်တဆမှုများ ဖြစ်ပွားလေ့ ရှိသည်။
သို့ဖြစ်ရာ ဖိုရှန်းဂိုဏ်းသည် လော့ချန်အား ကာကွယ်ရန်အတွက် အစောင့်အရှောက်များကို အမြဲ စီစဉ်ပေးထားသည်။
ချီ သန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူ နှစ်ဦးအား တာဝန်ချထားပေးရာ တစ်ဦးမှာ ကျိုး မျိုးနွယ်ဖြစ်ပြီး အခြားတစ်ဦးမှာ လျို မျိုးနွယ်ဖြစ်သည်။
ထိုနှစ်ဦးမှာ ပူးပေါင်းတိုက်ခိုက်ရေး နည်းလမ်းများကို ကျွမ်းကျင်ကြသဖြင့် သာမန် အဆင့် ၉ ကျင့်ကြံသူတစ်ဦးကိုပင် ကြောက်ရွံ့ခြင်း မရှိကြပေ။
ကံကောင်းထောက်မစွာဖြင့် လမ်းခရီးတွင် မည်သည့် မမျှော်လင့်သော အန္တရာယ်မျှ မကြုံခဲ့ရ ပေ။
မြို့တွင်းပိုင်းသို့ ရောက်သောအခါ လော့ချန်က ထိုနှစ်ဦးအား လက်ပြနှုတ်ဆက်လိုက်သည်။
သူ၏ လွတ်လပ်ပေါ့ပါးသော ကျောပြင်ကို ကြည့်ရင်း လျိုချန်း ၏ မျက်နှာတွင် မနာလိုစိတ်များ ပြည့်နှက်နေတော့သည်။
"သူ့ဘဝနဲ့ ငါတို့ဘဝကို ကြည့်စမ်းပါဦး၊ ချီသန့်စင် အဆင့် ၅ ကျင့်ကြံသူလေးကို အဆင့် ၉ ကျင့်ကြံသူ နှစ်ယောက်က နေ့တိုင်း လိုက်စောင့်ပေးနေရတယ်၊ သူက အရင်ဘဝက လုပ်ကြံခံလိုက်ရတဲ့ ဧကရာဇ်မင်းများ ဖြစ်နေခဲ့လား မသိဘူး"
"စကားကို ဆင်ခြင်စမ်းပါ အစ်ကိုလျိုရာ"
ကျိုးယွမ်လီက ခပ်တိုးတိုး ဆိုလိုက်သည်။
"ခန်းမခေါင်းဆောင်လော့ဆိုတာ ခင်ဗျားနဲ့ ကျွန်တော် ဝေဖန်နိုင်တဲ့ လူစားမျိုး မဟုတ်ဘူးဗျ"
လျိုချန်း နှာခေါင်းရှုံ့လိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်သွားသည်။
ကျိုးယွမ်လီက လှမ်းပြောလိုက်သည်။
"မနက်ဖြန် နောက်မကျစေနဲ့ဦး၊ မဟုတ်ရင် ဂိုဏ်းချုပ်ကို ရှင်းပြရ ခက်နေလိမ့်မယ်"
လျိုချန်း၏ ခန္ဓာကိုယ်မှာ ခဏမျှ တောင့်တင်းသွားပြီးနောက် ပျံသန်းသည့်အရှိန်ကို မြှင့်လိုက်တော့သည်။
မြို့တံခါးဝတွင် ကျိုးယွမ်လီ ခေါင်းခါမိသည်။ သူ၏ ညီအစ်ကိုမှာ အမြဲ သူ့အရည်အချင်းနှင့် မလိုက်ဖက်သော ရည်မှန်းချက်များကို ထားတတ်သူ ဖြစ်သည်။
ယခင်ကလည်း သူသည် မိမိကိုယ်ကို အထင်ကြီးကာ သတ္တုတွင်းခန်းမခေါင်းဆောင် ရာထူးအတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သေးသည်။ ဝမ်ယွမ်ပင် အဆင့် ၈ နှင့် ခန်းမကို ဦးဆောင်နိုင်ပါက သူလည်း လုပ်နိုင်ရမည်ဟု ကြွေးကြော်ခဲ့ခြင်း ဖြစ်သည်။
ရလဒ်ကမူ သူ အလဲအလဲအကွဲကွဲ အရိုက်ခံခဲ့ရခြင်းပင် ဖြစ်သည်။
ယခုမူ ဝင်ငွေလည်းများ၊ အလုပ်လည်း သက်သာသည့် နေရာ ရထားပါလျက် မကျေနပ်နိုင်သေးပေ။
"ငါ ဒီအစ်ကိုကြီးကိုတော့ အသိတရားဝင်အောင် သေသေချာချာ ပြောပြရဦးမယ်"