← Chapters

နှုတ်ဆက်ခွဲခွာခြင်း

Vol. 9 Ch. 84

နှုတ်ဆက်ခွဲခွာခြင်း

Vol. 9 Ch. 84

နောက်တစ်နေ့ နံနက်တွင် လော့ချန်၏ အိမ်ဝင်းသို့ ဧည့်သည်တစ်ဦး ရောက်လာသည်။ သူမမှာ လွန်ခဲ့သောလအနည်းငယ်ကထက် ပိုမိုယုံကြည်မှုရှိလာသည့် နူးညံ့သိမ်မွေ့သော မိန်းကလေးငယ် ရှောင်ယွဲ့ဖြစ်သည်။

"အစ်ကိုကြီးလော့၊ ဒီလအတွက် ဝင်ငွေ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၆၂၀ ပါ"

သူမသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး သိုလှောင်အိတ်တစ်လုံးကို ထုတ်ပြသည်။

လော့ချန်က သူမလက်ထဲမှ ရင်းနှီးနေသော ဝိညာဉ်သိုလှောင်အိတ်ကို ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

"အဘိုးက သူ့ရဲ့ ဝိညာဉ်သိုလှောင်အိတ်ကို မင်းကို ပေးလိုက်တာလား" ဟု မေးလိုက်သည်။

ရှောင်ယွဲ့သည် ထိုအိတ်အား နူးညံ့စွာ ပွတ်သပ်လိုက်ပြီး ခေါင်းညိတ်ပြသည်။

ဤအိတ်မှာ ဝိညာဉ်သိုလှောင်အိတ်တစ်ခုထက် ပိုသည်။ သာမန်သိုလှောင်အိတ်မဟုတ်ဘဲ သူမ၏ဖခင် ခုန်ပျံကျား ထားရစ်ခဲ့သော အမွေအနှစ် ဖြစ်သည်။

ဖခင်ဖြစ်သူသည် တိုက်ပွဲမဝင်မီ ဤအိတ်အား သူမ၏ အဘိုးဖြစ်သူထံ အပ်နှံခဲ့သည်။ ဖခင်ဖြစ်သူသည် တိုက်ပွဲတွင် ကျဆုံးသွားပြီးနောက် သူမနှင့် အဘိုးဖြစ်သူတို့သာ ကျန်ရစ်ခဲ့သည်။

"အဘိုးက ပြောတယ်.... ကျွန်မရဲ့ လုပ်ငန်းက ကြီးလာပြီ၊ ကုန်ပစ္စည်းတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေကို အရင်ကထက် ပိုကိုင်တွယ်နေရပြီဆိုတော့ ဝိညာဉ်သိုလှောင်အိတ်ရှိမှ ပိုအဆင်ပြေမှာတဲ့"

ရှောင်ယွဲ့က ရှင်းပြသည်။

ချီ သန့်စင်အဆင့် ၂ ဖြင့် ဝိညာဉ်သိုလှောင်အိတ်ကို အသုံးပြုနိုင်ခြင်းမှာ အတော်လေး ဘေးကင်းလှသော မြို့တွင်းပိုင်းတွင်သာ ဖြစ်နိုင်သည့် အခွင့်အရေး ဖြစ်သည်။

လော့ချန်မှာ အနည်းငယ် မနာလိုဖြစ်သွားမိသည်။ သူ ဤကမ္ဘာသို့ ကူးပြောင်းလာစဉ်က ဤကဲ့သို့သော အမွေအနှစ်မျိုး မရခဲ့ပေ။

သူသည် ဝိညာဉ်ကျောက်တုံးများကို တစ်ချက်တို့ထိကာ ဈေးနှုန်းများအရ စာရင်းတွက်ချက်လိုက်သည်။ အစပိုင်းတွင် ဝိညာဉ်ကျောက်တုံး ၂၀၀ ရင်းနှီးမြှုပ်နှံခဲ့ရာ တစ်ဝက်မှာ နတ်ပဲစေ့ နှင့် ပြောင်းဖူးပေါက်ပေါက် ထုတ်လုပ်ရန်ဖြစ်ပြီး ကျန်တစ်ဝက်မှာ နာနတ်ဝိုင် ဝယ်ယူရန်ဖြစ်သည်။

ယခုအခါ သူသည် ၆၀၀ ကျော် ပြန်လည်ရရှိခဲ့သဖြင့် အမြတ်အစွန်းမှာ မဆိုးလှပေ။

တာဟဲဈေးမြို့တော်တွင် အဆုံးအဖြတ်စင်မြင့် တစ်ခုတည်းသာ ရှိနေသည်မှာ နှမြောစရာပင်၊ မဟုတ်ပါက ဤလုပ်ငန်းမှာ အလွန်အမင်း ပိုမိုကျယ်ပြန့်လာနိုင်ပေသည်။

စာရင်းတွက်ချက်ပြီးနောက် ကြီးကြီးမားမား လွဲချော်မှု မရှိပေ။

လော့ချန်သည် ယွမ်မိသားစုက သူ့အား လိမ်လိမ့်မည်ဟုလည်း မထင်ပေ။

ပထမအချက်မှာ ဤလုပ်ငန်းလေးသည် သူ စိတ်ကူးပေါက်ရာမှ ပေါ့ပေါ့ပါးပါး စတင်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ ယွမ်မိသားစု၏ ဂုဏ်သိက္ခာအား လူတိုင်း သိကြသည်။ လော့ချန် ရိုးရှင်းသော ထိုင်ခုံတစ်ခု ပေးခဲ့စဉ်ကပင် အဘိုးအိုယွမ်က နှစ်တစ်ရာသက်တမ်းရှိ ဗူးသီးစိမ်းအား လက်ဆောင်ပြန်ပေးခဲ့ဖူးသည်။

တတိယအချက်မှာ ကလေးမလေးကို ကြည့်ရင်း လော့ချန် မပြုံးဘဲ မနေနိုင်တော့ပေ။

ဤသည်မှာ သူ၏ မေတ္တာတရားကို တည်ဆောက်သည့် နည်းလမ်းလည်း ဖြစ်သည်။

မသန်စွမ်းသူတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးအား စောင့်ရှောက်ခြင်းအားဖြင့် သူသည် ဖိုရှန်းဂိုဏ်းအတွင်း၌ လူချစ်လူခင် များပြားမှုကို ရရှိထားခဲ့သည်။

နဂါးပတ်ကျား နှင့် သတ္တုတွင်းခန်းမခေါင်းဆောင်တို့က သူ့အား ထောက်ခံပေးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဤအချက်များကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေလိမ့်မည်။

လော့ချန်သည် ဝိညာဉ်ကျောက်တုံး အများစုကို သူ့အိတ်ထဲသို့ သိမ်းလိုက်ပြီးနောက် ဝိညာဉ်ကျောက်တုံး ၃၀ အား ဖယ်ကာ ရှောင်ယွဲ့ထံသို့ ပြန်ပေးလိုက်သည်။

"ရော့…. ဒါကို ယူထား၊ ဒါက ပြီးခဲ့တဲ့လအတွက် မင်းရဲ့ လုပ်အားခပဲ"

ရှောင်ယွဲ့သည် ဝိညာဉ်ကျောက်တုံးများကို သူမ၏ အိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်သွားသည်။

ဤသည်မှာ သူမကိုယ်ပိုင် ကြိုးစားအားထုတ်မှုဖြင့် ဝိညာဉ်ကျောက်တုံးများကို ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်သည်။ သူမသည် ဖခင်နှင့် အဘိုးအပေါ်တွင်သာ မှီခိုနေရသော ကလေးငယ်တစ်ဦး မဟုတ်တော့ချေ။

စိတ်လှုပ်ရှားနေသော မိန်းကလေးကို ကြည့်ကာ လော့ချန်သည် သူမ၏ နူးညံ့သော ဆံပင်များကို ဖွဖွလေး ပွတ်သပ်လိုက်သည်။

"ကြိုးစားပြီး လုပ်နော်၊ နောင်ကျရင် ထပ်တိုးပေးဦးမယ်၊ မင်းရဲ့ အစ်ကိုလော့က နှလုံးသားမရှိတဲ့ အမြတ်ကြီးစား ဆိုင်ရှင် မဟုတ်ဘူး"

"ဟုတ်ကဲ့ပါ အစ်ကိုကြီးလော့"

"သြော်….မေ့တော့မလို့၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်က အစ်ကို လုပ်ထားတဲ့ မုန့်တွေ အခန်းထဲမှာ ရှိတယ်၊ အဲဒါတွေကို သိမ်းသွားလိုက်နော်၊ ရှေ့လမှာ ရောင်းဖို့ လုံလောက်လိမ့်မယ်"

"ဟုတ်ကဲ့.... သွားယူလိုက်ပါ့မယ်"

ကလေးမလေးက စိတ်လှုပ်ရှားစွာဖြင့် အခန်းထဲသို့ အပြေးအလွှား ဝင်သွားသည်။ ထို့နောက် နတ်ပဲစေ့များ၊ အမဲသားခြောက်များနှင့် ပြောင်းဖူးပေါက်ပေါက်များကို သူမ၏ ဝိညာဉ်သိုလှောင်အိတ်ထဲသို့ ‌တစ်ခုချင်း ထည့်နေသည်။

ထိုမြင်ကွင်းကို ကြည့်ကာ လော့ချန် ပြုံးမိပြန်သည်။

အမှန်စင်စစ် ဤလုပ်ငန်းလေးမှာ အတော်လေး အဆင်ပြေလှသည်။

အဆုံးအဖြတ်စင်မြင့် တစ်ခုတည်းမှာသာ ရောင်းရသဖြင့် အမြတ် အလွန်အမင်း မရသော်လည်း တစ်လလျှင် ဝိညာဉ်ကျောက်တုံး ရာဂဏန်းခန့် အပိုရနေလေရာ မည်သူမဆို ကျေနပ်ကြမည်သာ။

သို့သော် နောင်အလုပ်များလာလျှင် မုန့်လုပ်ရန် အချိန်ရှိတော့မည် မဟုတ်ပေ။ လော့ချန်သည် မေးစေ့ကို ပွတ်ရင်း ဤကိစ္စအား မည်သို့ကိုင်တွယ်ရမည်ကို စဉ်းစားနေမိသည်။

ရှောင်ယွဲ့အား အောင်မြင်မှု အရသာ ပေးပြီးကာမှ ချက်ချင်း အလုပ်လက်မဲ့ ဖြစ်အောင် သူ မလုပ်ချင်၊ မလုပ်ရက်ပေ။

ထိုသို့ တွေးတောရင်း လော့ချန် မြို့တွင်းပိုင်းမှ ထွက်လာခဲ့သည်။

….

မြို့တံခါးဝတွင် ကျိုးယွမ်လီနှင့် လျိုချန်းတို့က သူ့အား စောင့်နေကြပြီ ဖြစ်သည်။

ထိုနှစ်ဦးကို မြင်လိုက်ရသောအခါ လော့ချန်၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

‘ငါ လော့လေးက သက်တော်စောင့်တွေနဲ့ အလုပ်တက် အလုပ်ဆင်း လုပ်နေရတဲ့အဆင့် ရောက်သွားပြီပဲ….’ ဟု တွေးမိလိုက်သည်။

"ခန်းမခေါင်းဆောင်လော့.... ကျွန်တော်တို့ လခြမ်းတောင်ကြားကို တိုက်ရိုက် သွားကြမှာလား"

"ဟင့်အင်း…. ဒီနေ့တော့ လန်ချန်းဆိပ်ကမ်း ကို သွားကြမယ်"

ကျိုးယွမ်လီက စိုးရိမ်တကြီးဖြင့် ဆိုသည်။

"အဲဒါက တာကျန်းဂိုဏ်း ရဲ့ နယ်မြေလေ"

"အဲဒါ ငါတို့နယ်မြေလည်း ဟုတ်နေတာပဲ မဟုတ်လား"

လော့ချန်က ပြန်ပက်လိုက်သည်။

ထို့နောက် သူသည် ထိုနှစ်ဦးအား ဆက်၍ အရေးမစိုက်တော့ဘဲ တိမ်တက်ဖိနပ်ကို အသက်သွင်းကာ လန်ချန်းဆိပ်ကမ်းဆီသို့ ပေါ့ပေါ့ပါးပါး ပျံသန်းသွားတော့သည်။

ထိုနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အမြန်ပင် နောက်မှ လိုက်သွားကြသည်။

….

လန်ချန်းဆိပ်ကမ်းသည် တာဟဲဈေးမြို့တော်နှင့် ဆက်သွယ်ထားသော အကြီးဆုံး ပြင်ပဆိပ်ကမ်း ဖြစ်သည်။ အတွင်းဘက်တွင် တာဟဲဈေးမြို့တော်နှင့် အပြင်ဘက်တွင် လန်ချန်းမြစ်ကို ဆက်သွယ်ထားသဖြင့် တောင်မြောက် ကုန်စည်စီးဆင်းမှု၏ အဓိက အချက်အချာကျသော နေရာဖြစ်သည်။

ဝိညာဉ်သိုလှောင်အိတ်များဖြင့် သယ်ယူရန် မလွယ်ကူသော အကြီးစား ဝိညာဉ်ကုန်ကြမ်းများ အားလုံးနီးပါးကို ရေကြောင်းမှတစ်ဆင့် သယ်ယူကြသည်။

ကျင့်ကြံသူများအနေဖြင့် မီတာထောင်ချီ ရှည်လျားလှသော သစ်လုံးများ သို့မဟုတ် မီတာဆယ်ဂဏန်းမျှ ထူလှ‌ သော သံသတ္တုရိုင်းများအား သယ်ဆောင်၍ လီထောင်ချီ ပျံသန်းရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင် လန်ချန်းဆိပ်ကမ်း၏ အကျိုးအမြတ်မှာ အလွန်ပင် ကြီးမားလှသည်။

အမှန်တကယ်ပင် ဆိပ်ကမ်းပတ်လည်တွင် မြို့ငယ်လေးတစ်မြို့စာခန့်ရှိသော ကုန်သွယ်ရေးပိုင်နက်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ထိုနေရာ၏ အရှင်သခင်မှာ အခြားသူမဟုတ်ဘဲ တာကျန်းဂိုဏ်းပင် ဖြစ်သည်။

သို့သော် ဖိုရှန်းဂိုဏ်းသည်လည်း ဤနေရာတွင် အနည်းငယ် ခြေကုပ်ယူနိုင်ခဲ့ပြီဖြစ်သည်။

အဆုံးအဖြတ်စင်မြင့်ပေါ်မှ ပွဲစဉ်ပြီးနောက် ဖိုရှန်းဂိုဏ်းသည် ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်နေရာယူခဲ့ခြင်း ဖြစ်သည်။

ဤနေရာတွင် တာဝန်ကျနေသော ဝမ်ယွမ်အား နှုတ်ဆက်ပြီးနောက် လော့ချန်သည် သူ၏ အစောင့်နှစ်ဦးနှင့်အတူ ဆိပ်ကမ်းဆီသို့ စိတ်အားထက်သန်စွာ ဦးတည်လိုက်သည်။

….

ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောအကြီးကြီးများ ဆိုက်ကပ်ထားသည်ကို တွေ့ရသည်။

လမ်းတစ်လျှောက်တွင် ချီ သန့်စင်အဆင့် အစောပိုင်းနှင့် အလယ်အဆင့် ကျင့်ကြံသူများစွာမှာ ကုန်စည်များ သယ်ယူခြင်း၊ ခရီးသည်များကို ကူညီခြင်းဖြင့် အလုပ်ရှုပ်နေကြသည်။ အချို့မှာလည်း တာဟဲဈေးမြို့တော်သို့ အသစ်ရောက်လာသော တစ်ကိုယ်တော်ကျင့်ကြံသူများအား အမျိုးမျိုးသော ကျင့်ကြံရေး အရင်းအမြစ်များကို ကျယ်လောင်စွာ အော်ဟစ် ရောင်းချနေကြသည်။

လော့ချန်သည် စိတ်ဝင်တစား ကြည့်ရှုရင်း သူသွားလိုသော နေရာသို့ ရောက်ရှိလာသည်။

ကျားအာဟု အမှတ်အသားပြုထားသော သင်္ဘောကြီးတစ်စင်း ဖြစ်သည်။

ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာမှာ သင်္ဘောပေါ်သို့ ကုန်စည်များ တင်ဆောင်ရင်း အလုပ်ရှုပ်နေကြသည်။

သင်္ဘောပေါ်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမှာလည်း တစ်စုံတစ်ရာ ပျောက်ဆုံးမည်ကို စိုးရိမ်သဖြင့်

"ဒါတွေက နတ်ဘုရားမှော်စာရွက်ဂိုဏ်းကို ပြန်ပို့မယ့် ဝိညာဉ်ကုန်ကြမ်းတွေပဲ၊ ဒီဆယ်နှစ်အတွင်း နတ်ဘုရားမှော်စာရွက်နန်းတော်က စုဆောင်းထားတဲ့ ပမာဏက အရမ်းများလွန်းလို့ ရေကြောင်းကို သုံးရတာပဲ၊ ဂိုဏ်းကို ရောက်ဖို့ ကတော့ နှစ်နဲ့ချီပြီး ကြာလိမ့်မယ်" ဟု ပွစိပွစိရေရွတ်ကာ ကုန်ပစ္စည်းစာရင်းကို သေသေချာချာ စစ်ဆေးနေသည်။

ဘယ်အချိန်ကတည်းက ရောက်နေသည်မသိသော ဖုရှို့ရှို့ မှာ လော့ချန်၏ ဘေးတွင် ပေါ်လာသည်။

လော့ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"တာကျန်းဂိုဏ်းက တကယ်ပဲ ကျောက်စိမ်းအိုး နယ်မြေကို ဖြတ်ပြီး နတ်ဘုရားမှော်စာရွက်နယ်မြေအထိ ကုန်စည်တွေကို ပို့ပေးနိုင်တဲ့ အရည်အချင်း ရှိလို့လား"

"ဒါပေါ့ မရှိဘူးပေါ့၊ သူတို့က အနီးဆုံးမှာရှိတဲ့ ထိုက်ရှန်းဈေးမြို့တော် အထိပဲ ပို့ပေးမှာ၊ အဲဒီကနေမှ ပိုပြီး အင်အားကြီးတဲ့ ကုန်သည်အဖွဲ့က ဆက်ပြီး တာဝန်ယူမှာပါ" ဟု ဖုရှို့ရှို့က ပြုံးလျက် ဆိုသည်။

လော့ချန် ချက်ချင်း နားလည်သွားသည်။

ဤသည်မှာ ပို၍ ယုတ္တိရှိသည်။ တာကျန်းဂိုဏ်းဆိုသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးတည်းသာရှိသော ဂိုဏ်းငယ်လေး ဖြစ်သည်။ နယ်မြေများစွာအား ဖြတ်ကျော်ရမည့် ကုန်စည်သယ်ယူပို့ဆောင်ရေးအား သူတို့ မည်သို့မျှ စီမံနိုင်မည်မဟုတ်ပေ။

"အစ်မရှို့ရှို့.... ခဏလေး စောင့်ပါဦး"

လော့ချန်သည် အသံလွှင့်မှော်စာရွက် တစ်ခုကို ထုတ်ယူကာ ချက်ချင်း အသက်သွင်းလိုက်သည်။

မှော်စာရွက်မှာ ယိမ်းထိုးလျက် သင်္ဘောကြီးပေါ်သို့ ပျံတက်သွားသည်။

နတ်ဘုရားမှော်စာရွက်နန်းတော်မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက တစ်ချက်ကြည့်သော်လည်း သိပ်ပြီး အရေးမစိုက်လှပေ။

မကြာမီပင် ကုန်းပတ်ပေါ်၌ လူနှစ်ဦး ပေါ်လာသည်။ သူတို့သည် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း လော့ချန်ရှိရာဘက်သို့ လက်ဝှေ့ယမ်းပြကြသည်။

"ဆင်းလာခဲ့ကြဗျို့" ဟု လော့ချန် အော်ဟစ်လိုက်သည်။

ထိုခေါ်သံကို ကြားသောအခါ အဘိုးနှင့် မြေးမလေး ရှုယီတို့ လှည့်ကြည့်လိုက်ကြသည်။

"လော့လေး.... မင်း တကယ်လာပို့တာပဲ"

"အစ်ကိုလော့…. ကျွန်မအတွက် အမဲသားခြောက် ပါလာလား"

မြေးအဘိုးနှစ်ဦးမှာ အသီးသီးဝမ်းသာအားရ ပြန်ပြောကာ အမြန်ပင် ဆင်းလာကြတော့သည်။

လော့ချန်သည် ရှုယီ၏ ဆံပင်များအား ဖွဖွလေး ပွတ်သပ်ပေးကာ ပါဆယ်ထုတ်လေးတစ်ခုအား သူမလက်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် ဖုရှို့ရှို့ဘက်သို့ လှည့်လိုက်သည်။

"အစ်မရှို့ရှို့.... ဒါက ကျွန်တော်နဲ့ ရင်းနှီးတဲ့ ဦးလေး ချန်ရှို့ဖိန် ပါ၊ သူက ရှေ့နှစ်မှာ ကျင်းပမယ့် ဂိုဏ်းဝင်စာမေးပွဲအတွက် သူ့မြေးမလေး ချန်ရှုယီကို ခေါ်ပြီး နတ်ဘုရားမှော်စာရွက်နယ်မြေကို သွားမှာပါ"

"ဖြစ်နိုင်ရင်…. သူတို့ကို ကူညီစောင့်ရှောက်ပေးဖို့ အစ်မရှို့ရှို့ကို တောင်းဆိုချင်ပါတယ်၊ အစ်မ တတ်နိုင်တဲ့ ဘောင်ထဲကပဲ ကြည့်‌ပေးပေါ့၊ အဆင်မပြေဘူးဆိုရင်လည်း အားမနာပါနဲ့"

သူသည် အလွန်ပင် တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဖူရှို့ရှို့သည် သူမရှေ့ရှိ အဘိုးအိုနှင့် ကလေးမလေးအား ကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် ညင်သာစွာ ခေါင်းညိတ်ပြသည်။

"နတ်ဘုရားမှော်စာရွက်နယ်မြေကို ရောက်ရင် ကျွန်မတို့အားလုံးက တစ်နယ်တည်းသားတွေ ဖြစ်သွားမှာပဲ၊ အချင်းချင်း စောင့်ရှောက်ရမှာပေါ့"

ချန်ရှို့ဖိန်မှာ သူမ၏ စကားကြောင့် အံ့အားသင့်သွားရသည်။

ရှုယီလေးကမူ လော့ချန်၏ လမ်းညွှန်မှုဖြင့် သူမအား မမရှို့ရှို့ ဟု ချိုချိုသာသာ စတင် ခေါ်ဝေါ်နေပြီ ဖြစ်သည်။

လော့ချန်၏ မိတ်ဆက်ပေးမှုကြောင့် နှစ်ဖက်စလုံး ရင်းနှီးသွားကြသည်။

ထိုနှစ်ဦးမှာ ပျံသန်းသင်္ဘော၏ အနိမ့်ဆုံးအလွှာတွင် နေထိုင်ရမည်ဖြစ်ကြောင်း သိလိုက်ရသောအခါ ဖုရှို့ရှို့က ရှုယီအား သူမနှင့်အတူ လာနေရန် ကမ်းလှမ်းလိုက်သည်။ အဘိုးချန်မှာလည်း ကန့်ကွက်စရာ မရှိသဖြင့် ရှုယီအား အထုပ်အပိုးများ သွားယူရန် အမြန် ခိုင်းစေလိုက်တော့သည်။

သူတို့နှစ်ဦး သင်္ဘောပေါ် တက်သွားသည်ကို ကြည့်ရင်း လော့ချန် သက်ပြင်းအရှည်ကြီး ချမိသည်။

ယနေ့ ဤသို့ နှုတ်ဆက်ခွဲခွာပြီးနောက် ဤဘဝတွင် နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရပါဦးမည်လော။

သေချာမသိနိူင်ပေ။

အဘိုးချန် နှင့် လော့ချန် စကားပြောရင်း ခဏကျန်ခဲ့လိုက်ကြသည်။

"လော့လေး.... အဲဒီမိန်းကလေးက တကယ်ပဲ နတ်ဘုရားမှော်စာရွက်ဂိုဏ်းမှာ အခြေခံအုတ်မြစ် တည်ဆောက်နိုင်တဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာနိုင်ခြေ ရှိလို့လား"

"ဘယ်မိန်းကလေးလဲဗျ၊ အစ်မရှို့ရှို့ကို‌ပြောတာလား၊ သူက ကြည့်ရတာ ငယ်ပုံရပေမဲ့ ဦးလေးချန်ထက် အသက်နည်းနည်းပဲငယ်မယ်"

ဖုရှို့ရှို့၏ အသက်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ သူမ ချင်လျန်ချန်း ဇနီးမောင်နှံနှင့် ဆက်ဆံပုံကို ကြည့်ရုံနှင့် သိနိုင်သည်။ သူမသည် ရုပ်ရည်နုပျိုမှုအား ထိန်းသိမ်းသည့် အတတ်ပညာကို ကျွမ်းကျင်ထားရုံသာ ဖြစ်သည်။

အမှန်စင်စစ် သူမမှာ အသက် ငါးဆယ်ဝန်းကျင် ရှိနေပြီ ဖြစ်သည်။ အသက် ၆၅ နှစ်ရှိပြီဖြစ်သော ချန်ရှို့ဖိန်ပင်လျှင် သူမအား မိန်းကလေး ဟု ခေါ်ရန် မသင့်တော်လှပေ။

လော့ချန် ခဏမျှ စဉ်းစားပြီးမှ တည်ကြည်စွာ ပြောလိုက်သည်။

"အစ်မရှို့ရှို့က အရင်က အခြေခံတည်ဆောက်ခြင်း အဆင့်ကို တက်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ ရှုံးနိမ့်ခဲ့တယ်၊ ဒီတစ်ခါ နတ်ဘုရားမှော်စာရွက်ဂိုဏ်းက သူမကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးထားပေမဲ့ အောင်မြင်ဖို့ကတော့ မသေချာဘူး၊ တကယ်လို့ သူမ ထပ်ပြီး ရှုံးနိမ့်သွားခဲ့ရင် ဟိုမှာ တစ်ယောက်တည်း အားကိုးရာမဲ့ ဖြစ်ကျန်ခဲ့လိမ့်မယ်"

"ရှုယီလေးနဲ့ ကျွန်တော် အများကြီး မပတ်သက်ခဲ့ဖူးပေမဲ့ သူမက ထက်မြက်ပြီး ပါရမီ ပါတဲ့ကလေးဆိုတာ ကျွန်တော် သိတယ်၊ ဦးလေးချန်ရဲ့ နှစ်ပေါင်းများစွာ လမ်းညွှန်မှုနဲ့ဆိုရင် သူမ နတ်ဘုရားမှော်စာရွက်ဂိုဏ်းထဲကို ဝင်ခွင့်ရဖို့ အခွင့်အရေး အများကြီး ရှိတယ်"

"တကယ်လို့ အစ်မရှို့ရှို့သာ ရှုံးနိမ့်သွားပြီး ရှုယီလေးက ဂိုဏ်းထဲ ရောက်သွားခဲ့ရင်၊ အချိန်တန်ရင် ရှုယီလေးက သူမကို ပြန်ကူညီပေးနိုင်အောင် ဦးလေး လုပ်ပေးသင့်တယ်"

အဘိုးချန်မှာ အသေအချာ နားထောင်ရင်း ခေါင်းကို ရံဖန်ရံခါ ညိတ်နေသည်။

နောက်ဆုံးတွင် သူ ပြတ်သားစွာ ပြောလိုက်သည်။

"တာဟဲဈေးမြို့တော်ကနေ လာကြတဲ့သူတွေပဲ၊ အချင်းချင်း ကူညီကြရမှာပေါ့”

လော့ချန် ခပ်ပါးပါး ပြုံးလိုက်သည်။

"ကျွန်တော် သိသားပဲ၊ ဦးလေးက စိတ်နှလုံး နူးညံ့တဲ့ လူပဲဆိုတာ၊ ကျွန်တော် ဘာမှ ထပ်မပြောတော့ဘူး၊ လမ်းခရီး ဘေးကင်းပါစေ.... သင်္ဘောပေါ် တက်တော့လေ"

သင်္ဘောကြီးပေါ်တွင် ကုန်စည်စစ်ဆေးမှုများ ပြီးဆုံးသွားပြီ ဖြစ်သည်။ ကျယ်ဝန်းသော ကုန်းပတ်ပေါ်ရှိ ပျံသန်းသင်္ဘောငယ်လေးမှာ ဝိညာဉ်အလင်းတန်းများ စတင် ထွက်ပေါ်လာနေပြီ ဖြစ်သည်။

ရေကြောင်းမှာ ကြီးမားသော ဝိညာဉ်ကုန်ကြမ်းများကိုသာ သယ်ယူမည်ဖြစ်ပြီး၊ ခရီးသည်များမှာမူ ပျံသန်းသင်္ဘောကို စီးနင်း၍ နတ်ဘုရားမှော်စာရွက်နယ်မြေသို့ လျင်မြန်စွာ ပြန်ကြမည် ဖြစ်သည်။

"ကျွန်တော် သွားပြီဗျို့"

လော့ချန် လက်ဝှေ့ယမ်းကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

သို့သော် သူ မထွက်ခွာမီမှာပင် ဦးလေးချန်က “ဒါကို ယူထား” ဟု ဆိုကာ ပိတ်စဖြူ တစ်ခုအား လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

ထို့နောက် အရှုံးကြီးရှုံးသွားသည့် အရောင်းအဝယ်တစ်ခုကို လုပ်လိုက်ရသည်အလား အံကြိတ်ကာ သင်္ဘောပေါ်သို့ အပြေးအလွှား ပြန်တက်သွားတော့သည်။

လော့ချန်သည် လက်ထဲရှိ ပိတ်စကို ကြည့်ကာ လုံးဝ နားမလည်နိုင် ဖြစ်နေတော့သည်။

"အစ်ကိုကြီးလော့.... နောက်ကျရင် ညီမတို့ဆီ လာခဲ့ဦးနော်"

ပျံသန်းသင်္ဘောပေါ်တွင် ရှုယီလေးမှာ သူမ၏ ရှည်လျားသော ကျစ်ဆံမြီးလေး ယိမ်းထိုးနေအောင် လက်ဝှေ့ယမ်း နှုတ်ဆက်နေသည်။ သူမ၏ ဘေးတွင်မူ နူးညံ့စွာ ပြုံးနေသော ဖုရှို့ရှို့နှင့် သက်ပြင်းချနေသော ချန်ရှို့ဖိန်တို့ ရပ်နေကြသည်။

လော့ချန်သည် ညာဘက်လက်ကို မြှောက်ကာ ပြန်လည် နှုတ်ဆက်လိုက်သည်။

"လမ်းခရီး ဘေးကင်းပါစေဗျို့"

ဝုန်း….

ဝိညာဉ်အလင်းတန်းများ တောက်ပလာပြီး လူပေါင်းများစွာ၏ အကြည့်အောက်တွင် ပျံသန်းသင်္ဘောမှာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

ထို့နောက် တစ်ချက်အကွေ့တွင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အဝေးသို့ ပြေးထွက်သွားသည်။

အသက်ရှူသံ အနည်းငယ်အတွင်းမှာပင် ပျံသန်းသင်္ဘောမှာ လူတိုင်း၏ မျက်စိရှေ့တွင် အမည်းစက်ကလေး တစ်စက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"မြန်လိုက်တာ.... ဒါက သာမန် မှော်လက်နက် မဟုတ်တော့ဘူး၊ သေချာပေါက် မှော်ရတနာပဲ ဖြစ်ရမယ်"

လော့ချန်သည် အံ့အားသင့်စွာ ရေရွတ်ရင်း လှည့်ထွက်လာခဲ့သည်။

ယနေ့မှစ၍ သူတို့ကြား အကွာအဝေးမှာ ခြားသွားပြီ ဖြစ်သလို၊ နောက်တစ်ကြိမ် ပြန်တွေ့၊မတွေ့ ဆိုသည်မှာလည်း မသေချာတော့ပေ။

သို့သော်လည်း ယခုအခါ သူသည် ဖိုရှန်းဂိုဏ်း ဆေးဖော်ခန်းမ၏ ခေါင်းဆောင် ဖြစ်နေပြီ ဖြစ်သလို၊ သူတို့သည်မှာလည်း ဂိုဏ်းကြီးတစ်ခု၏ တပည့်များ ဖြစ်နေကြပြီဖြစ်သည်။

နှစ်ဖက်စလုံးတွင် တောက်ပသော အနာဂတ်များ ရှိနေကြပြီ ဖြစ်သဖြင့် စိုးရိမ်ပူပန်စရာ သိပ်မရှိတော့ပေ။

All Chapters