← Chapters

အကြွေးတောင်း ကောင်းတဲ့ လော့ချန်လေး

Vol. 9 Ch. 85

အကြွေးတောင်း ကောင်းတဲ့ လော့ချန်လေး

Vol. 9 Ch. 85

လမ်းမထက်ဝယ် ကုန်သည်များ၏ အော်ဟစ်ရောင်းချသံများနှင့် ကျင့်ကြံသူတို့၏ စကားပြောသံများဖြင့် ဆူညံပွက်လောရိုက်နေသည်။ ထိုလူအုပ်ကြားတွင် လော့ချန်သည် သူ၏ အစောင့်အရှောက်နှစ်ဦးနှင့်အတူ ခြေလှမ်းရပ်လိုက်သည်။

သူတို့ရှေ့တွင် ပျာပျာသလဲ ဖြစ်နေသော ကျင့်ကြံသူတစ်ဦး ရပ်နေသည်။

လော့ချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မင်းကို ငါသိတယ်၊ မင်းက တွမ်ဆန်းဖူ မဟုတ်လား"

ထိုသူ၏ မျက်နှာကို မြင်သည်နှင့် လော့ချန် မှတ်မိသွားသည်။ တွမ်ဆန်းဖူသည် တစ်ကိုယ်တော်ကျင့်ကြံသူများ စျေးတန်းတွင် သူ့ဆိုင်ခန်းအား လာရောက်နှောင့်ယှက်ခဲ့သော လူနှစ်ဦးထဲမှ တစ်ဦး ဖြစ်သည်။

သူ မှတ်မိသလောက်ဆိုလျှင် ကျန်တစ်ဦးမှာ ယခုထက်တိုင် တိုင်နီအကျဉ်းထောင်ထဲတွင် ပိတ်လှောင်ခံထားရဆဲ ဖြစ်သည်။

ထိုသူ အသက်ရှင်နေသေးလား သို့မဟုတ် သေခြင်းထက် ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်နေရသလား ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

တွမ်ဆန်းဖူက ခဏမျှ တုံ့ဆိုင်းနေပြီးမှ အနီးအနားရှိ စားသောက်ဆိုင်တစ်ခုဆီသို့ လက်ညွှန်ပြကာ ဆိုသည်။

"မိတ်ဆွေ…. ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုကြီးက ခင်ဗျားကို ဖိတ်နေပါတယ်"

လော့ချန်၏ မျက်ခုံးများ ပင့်တက်သွားသည်။

"ကောင်းထင်ယွမ် လား"

အဖြေကိုပင် စောင့်မနေတော့ဘဲ လော့ချန် ရုတ်တရက် ပြုံးလိုက်သည်။

ထို့နောက် "ဒါဆိုလည်း လမ်းပြလေ"

ဟု ဆိုကာ မည်သို့မျှ ကြောက်ရွံ့ခြင်းမရှိဘဲ ခေါင်းကို မော့၊ ရင်ကိုကော့ကာ အပေါ်ထပ်သို့ တက်လှမ်းသွားတော့သည်။

….

ချင်းကျန်း စားသောက်ဆိုင်သည် တာကျန်းဂိုဏ်းမှ ဖွင့်လှစ်ထားသော ဆိုင်ဖြစ်ပြီး လန်ချန်းဆိပ်ကမ်းနှင့် အလွန်နီးကပ်သည်။ ဤနေရာသည် ကျင့်ကြံသူများ အလုပ်ပြီးချိန်တွင် လာရောက်သောက်စား အနားယူကြသော နေရာပင် ဖြစ်သည်။

ပထမထပ်တွင် စကားပြောသံများဖြင့် ဆူညံနေသည်။

ကျင့်ကြံသူများသည် ကင်ထားသော အသားများကို အားရပါးရ စားသုံးရင်း ပြင်းထန်သော သေရည်များအား သောက်နေကြသည်။ သူတို့သည် တာကျန်းဂိုဏ်းထံမှ ဝိညာဉ်ကျောက်တုံးများ ရှာဖွေကြပြီး ထိုကျောက်တုံးများကိုပင် ဂိုဏ်းပိုင် စားသောက်ဆိုင်များနှင့် လောင်းကစားဝိုင်းများတွင် ပြန်လည် သုံးဖြုန်းနေကြခြင်း ဖြစ်သည်။

သို့သော် ဒုတိယထပ်တွင်မူ လော့ချန် တက်လာသည့် အချိန်အထိ လုံးဝ တိတ်ဆိတ်နေသည်။

အပေါ်ထပ်တွင် ချီ သန့်စင်အဆင့် နောက်ဆုံးအဆင့်ရှိသူ ငါးဦးရှိနေပြီး နှစ်ဦးမှာ အဆင့် ၉ ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လော့ချန်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း သူ၏ ခြေလှမ်းများမှာ ယိုင်နဲ့ခြင်း မရှိပေ။

သူ တည်ငြိမ်စွာ ရှေ့သို့ လှမ်းသွားပြီး စားပွဲ၏ ထိပ်ဆုံးနေရာတွင် ထိုင်နေသော ပုပုဝဝ လူတစ်ဦးအား စိုက်ကြည့်လိုက်သည်။

ထိုသူက ပြန်လည် စိုက်ကြည့်လာပြီး လေသံမာမာဖြင့် မေးလိုက်သည်။

“ဖိုရှန်းဂိုဏ်း ဆေးဖော်ခန်းမရဲ့ ခေါင်းဆောင် လော့ချန်မလား…. ငါ ပြောတာ မှန်တယ်မလား"

လော့ချန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။

"ဒုတိယအစ်ကိုကြီးကောင်းက သတင်းအချက်အလက် အရမ်းမြန်တာပဲ၊ ကျွန်တော်တို့ ဆေးခန်းမက ဆေးတစ်လုံးတောင် မထွက်သေးဘူးလေဗျာ"

"ထိုင်"

"ကျေးဇူးပါ"

လူနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

ထိုစဉ် အပြာရောင် ဝတ်စုံဝတ်ထားသော အခြား အဆင့် ၉ ကျင့်ကြံသူမှာမူ လက်ရန်းကို မှီကာ ပျင်းရိစွာ ရပ်နေသည်။ သူတို့၏ စကားဝိုင်းအား စိတ်ဝင်စားပုံမရဘဲ အောက်ထပ်မှ ဆူညံနေသော လမ်းမကြီးကိုသာ ကြည့်နေသည်။

လော့ချန်၏ အစောင့်အရှောက်များဖြစ်သော ကျိုးယွမ်လီနှင့် လျိုချန်းတို့မှာမူ သိသိသာသာပင် တင်းမာနေကြသည်။ ကောင်းထင်ယွမ် အကြောင်း သူတို့ ကောင်းကောင်း သိကြသည်။

မြစ်နဂါးဟု အမည်တွင်သော ကောင်းထင်ယွမ်….။

သူသည် တာကျန်းဂိုဏ်းချုပ် ဝမ်ဟိုင်ချောင်၏ လက်ရုံးဖြစ်ပြီး ဓားကျိုး ရွှီရန်ခယ်အား အဆုံးအဖြတ်စင်မြင့်ပေါ်တွင် ကိုယ်တိုင် သတ်ဖြတ်ခဲ့သူ ဖြစ်သည်။

အကယ်၍ သူသာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါက ကျိုးညီအစ်ကို နှစ်ဦးမှာ ပူးပေါင်းတိုက်ခိုက်ရေး နည်းစနစ်များ သုံးလျှင်ပင် လော့ချန်၏ ဘေးကင်းမှုကို အာမခံနိုင်မည် မဟုတ်ပေ။

ထိုစဉ် လက်ရန်းနားတွင် ရပ်နေသော အပြာရောင်ဝတ် ကျင့်ကြံသူက ရယ်မောလိုက်သည်။

"ဝမ်ယွမ်ကတော့ အဝေးကနေ စောင့်ကြည့်နေမှာပဲ"

"ဒါပေါ့…. စောင့်ကြည့်မှာပေါ့"

ကောင်းထင်ယွမ်က အေးစက်စွာ ပြန်ပြောသည်။

"ဒါက သူ့ရဲ့ ညီငယ်ပဲလေ"

ထို့နောက် သူသည် စူးရှသော အကြည့်များဖြင့် လော့ချန်အား စိုက်ကြည့်လိုက်သည်။

ဘာစကားတစ်လုံးမှ မပြောဘဲ စိုက်ကြည့်နေခြင်း ဖြစ်သည်။

လော့ချန်၏ မျက်ခုံးများမှာ တဖြည်းဖြည်းချင်း တွန့်ချိုးသွားပြီးမှ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။

"ပြောစရာရှိတာကို ပြောပါဗျာ၊ ဒီလိုလုပ်နေတာက ဧည့်သည်ကို ဆက်ဆံတဲ့ ပုံစံမျိုး မဟုတ်ဘူးဗျ"

ကောင်းထင်ယွမ်က မျက်ခုံးပင့်ကာ အံ့ဩသွားပုံရသည်။

ထို့နောက် လေသံကို နှေးကွေးလေးလံအောင် လုပ်ပြီး ဆိုလိုက်သည်။

"မင်းကို ဒီကို ဧည့်သည်အဖြစ် ဖိတ်ထားတာ မဟုတ်ဘူးဆိုတာ မင်း နားလည်သင့်တယ်"

"ဒါဆို ကျွန်တော် ပြန်ရမလား"

တွန့်ဆုတ်ခြင်းမရှိဘဲ လော့ချန် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။

ခဏမျှ ကောင်းထင်ယွမ် ကြောင်အသွားသည်။ ထို့နောက် သူ၏ မျက်နှာမှာ မည်းမှောင်သွားပြီး ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။

သူ အသက်ကို ပြင်းပြင်းရှူကာ ဒေါသကို အတင်းအကျပ် ဖိနှိပ်လိုက်ရသည်။

"ငါ့ညီကို သတ်လိုက်တာ မင်းလား"

လော့ချန်က ခနဲ့တဲ့တဲ့ဖြင့် ပြန်မေးလိုက်သည်။

"ခင်ဗျားညီ ဟုတ်လား…. တွမ်ဆန်းဖူ ပြောတဲ့ ကောင်းထင်အယ် လား၊ ကျွန်တော် သူ့ကို သတ်တယ်လို့ ခင်ဗျား ထင်နေတာလား"

"မဟုတ်ဘူးလား၊ ဒါဆိုရင် အဲဒီတုန်းက မင်း ဘာလို့ ငါ့ကို လာမတွေ့ရဲတာလဲ"

ကောင်းထင်ယွမ်က လော့ချန်၏ မျက်နှာရိပ်မျက်နှာကဲ တစ်ချက်ကလေးမှ လွတ်မသွားအောင် စေ့စေ့ကြည့်နေသည်။

သို့သော် ကံမကောင်းစွာဖြင့် လော့ချန်၏ မျက်နှာတွင် မည်သည့် အပြစ်ရှိစိတ် သို့မဟုတ် ဟာကွက်မျှ သူ ရှာမတွေ့ပေ။

လော့ချန် ပုခုံးတွန့်ပြလိုက်သည်။

"အဲဒီအချိန်တုန်းက ခင်ဗျားတို့ တာကျန်းဂိုဏ်းနဲ့ ကျွန်တော်တို့ ဖိုရှန်းဂိုဏ်းက တိုက်ခိုက်နေကြတာလေ၊ ဒါကို အရူးတောင် သိတယ်၊ ကျွန်တော့်ပုံစံက အရူးနဲ့ တူနေလို့လား၊ မတူပါဘူး၊ အဲဒီတော့ ကျွန်တော်က ခင်ဗျားကို ဘာလို့ လာတွေ့ရမှာလဲ"

"ဒါက အကြောင်းပြချက် မဟုတ်ဘူးကွ"

"ဒါဆို ခင်ဗျားက ဘယ်လို အကြောင်းပြချက်မျိုးကို လိုချင်တာလဲ၊ အခုပဲ ကျွန်တော် ပေးလိုက်မယ်လေ"

ကောင်းထင်ယွမ် အံကြိတ်ကာ ဆိုသည်။

"ငါ စုံစမ်းပြီးပြီ၊ အဲဒီနေ့က မင်း ဆေးကုန်ကြမ်းတွေ ဝယ်ပြီးတာနဲ့ ညနေပိုင်းမှာ အိမ်ကို တန်းပြန်သွားခဲ့တယ်"

လော့ချန်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

"ဒါဆို ကျွန်တော်က သူငယ်ချင်းဖြစ်တဲ့ ချန်ရှို့ဖိန်ရဲ့ အိမ်ကို ဝင်ပြီး သူ့မြေးမလေးရဲ့ မွေးနေ့ကို သွားကျင်းပပေးတယ်လို့ ပြောရင်ရော"

ကောင်းထင်ယွမ် အံ့ဩသွားသည်။ ချန်ရှို့ဖိန်သည် လော့ချန်နှင့် ဆိုင်ခန်း အတူ ဖွင့်ခဲ့သည့် မှော်စာရွက်ဆရာ ဖြစ်သည်။

လော့ချန်က ဆက်၍ လှောင်လိုက်သည်။

"ခင်ဗျားသာ သေချာစုံစမ်းခဲ့ရင် အဲဒီအဘိုးကြီးနဲ့ ကျွန်တော်နဲ့က အတော်လေး ရင်းနှီးတယ်ဆိုတာ သိမှာပါ၊ သူက ကျွန်တော်နဲ့ ဆိုင်ခန်းအတူဖွင့်တယ်၊ ကျွန်တော်ကလည်း သူ့အတွက် မှော်စာရွက်တွေ ရောင်းပေးလေ့ရှိတယ်၊ စောစောလေးကတောင် သူ့မြေးမလေးကို မုန့်ထုပ်တစ်ထုပ် ပေးလိုက်သေးတယ်"

ကောင်းထင်ယွမ်၏ မျက်နှာတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူ၏ တပည့်များ တင်ပြသော အစီရင်ခံစာထဲတွင်လည်း ဤပတ်သက်မှုကို ဖော်ပြထားခဲ့သည်မှာ အမှန်ပင်။

အမှန်စင်စစ် ကျင့်ကြံသူများ အချင်းချင်း ကူညီကြသည်မှာလည်း မဆန်းလှပေ။

တောင်တန်း၊ မြစ်ချောင်း သို့မဟုတ် လျှို့ဝှက်ချက် ရှိသော နေရာများတွင် မည်သူမျှ မိမိတို့၏ အသက် မသေနိုင်ဟု အာမမခံနိုင်ပေ။ အကယ်၍ သေဆုံးသွားခဲ့လျှင် သူတို့ ချန်ထားရစ်ခဲ့သူများအား သူငယ်ချင်းများက စောင့်ရှောက်ပေးလိမ့်မည်ဟု သဘာဝအတိုင်း မျှော်လင့်ကြသည်။

ဤအစဉ်အလာမှာ ဂိုဏ်းကြီးများတွင် ပို၍ပင် ထင်ရှားလှသည်။

အကယ်၍ လော့ချန်သာ ချန်ရှို့ဖိန်၏ မြေးမလေးအတွက် မွေးနေ့သွားကျင်းပပေးသည်ဟု ပြောပါက လုံးဝကို ယုတ္တိရှိနေသည်။

ကောင်းထင်ယွမ် တွန့်ဆုတ်သွားသည်ကို မြင်သောအခါ လော့ချန် ဟန်ပါပါဖြင့် သက်ပြင်းချလိုက်သည်။

ထို့နောက် ထိုင်ခုံတွင် ပေါ့ပေါ့ပါးပါး ပြန်ထိုင်လိုက်ပြီး ဝိုင်တစ်ခွက်ကို ငှဲ့ကာ ဖြည်းညှင်းစွာ သောက်လိုက်သည်။

"ကျွန်တော် အကြံပေးရမယ် ဆိုရင်တော့ ခင်ဗျားအနေနဲ့ လပြည့်ညတောင်တန်းကို သွားတတ်တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကို စုံစမ်းသင့်တယ်၊ လူအများစုက ဝမ်တောင်တန်းကိုပဲ သွားကြပေမဲ့ လပြည့်ညတောင်တန်းအထိ သွားရဲတဲ့လူတွေက တကယ့် လူကြမ်းတွေပဲ၊ သူတို့ကသာ ခင်ဗျားရဲ့ သံသယရှိသူတွေ ဖြစ်သင့်တာဗျ၊ ဒါနဲ့ ခင်ဗျားညီလေးက ချီ သန့်စင်အဆင့် ၅ လို့ ကျွန်တော် ကြားတယ်နော်၊ အဲဒီအချိန်တုန်းက ကျွန်တော့်ရဲ့ အဆင့်က ဘယ်လောက်လဲ"

ကောင်းထင်ယွမ်က စဉ်းစားမနေဘဲ “အဆင့် ၃” ဟု လွှတ်ခနဲ ပြောလိုက်မိသည်။

လော့ချန် စိတ်ထဲမှ တွေးလိုက်မိသည်။

တာကျန်းဂိုဏ်းရဲ့ သတင်းစုဆောင်းတဲ့ စွမ်းရည်က တကယ့်ကို ရယ်စရာပဲ….။

ထို့နောက် သူ လက်မထောင် ပြကာ ဆက်ပြောလိုက်သည်၊

"ဒါပဲလေ အဆင့် ၃ ကျင့်ကြံသူက အဆင့် ၅ ကျင့်ကြံသူကို ဘယ်လိုလုပ် သတ်နိုင်မှာလဲပြော၊ နောက်ပြီး ကျွန်တော်က အားနည်းတဲ့ ဆေးဖော်ဆရာ တစ်ယောက်ပဲ၊ ခင်ဗျားတို့လို သွေးဆာနေတဲ့ တိုက်ခိုက်ရေးသမားတွေကို ဘယ်လို ယှဉ်နိုင်ပါ့မလဲဗျာ”

"ဒါနဲ့ ဆက်ပြောရဦးမယ်…. ခင်ဗျားညီလေးက ကျွန်တော့်ရဲ့ ခြံဝင်းကို ဖျက်ဆီးသွားခဲ့တယ်၊ အဲဒါက ကျွန်တော် ခင်ဗျားနဲ့ မရှင်းရသေးတဲ့ ကြွေးမြီပဲ၊ အဲဒီခြံဝင်းက သိပ်မတန်ပေမဲ့ ကျွန်တော့်အတွက်တော့ တန်ဖိုးရှိတဲ့ အိမ်ကလေးလေ၊ အထဲမှာရှိတဲ့ ပရိဘောဂတချို့ဆိုရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး အတော်လေး တန်လိမ့်မယ်"

လော့ချန် ရင်ကော့ပြီး ပြောလိုက်သည်။

ကောင်းထင်ယွမ်၏ မျက်နှာမှာ မည်းမှောင်သွားပြီး အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။ သူ၏ ရင်ထဲတွင် ဒေါသများ ထွက်နေသည်။ ယနေ့သည် သူ လော့ချန်နှင့် စာရင်းရှင်းရမည့်နေ့ဟု တွက်ထားခဲ့သည်။ ယခုမူ လော့ချန်ကပင် သူ့ဆီမှ အကြွေး ပြန်တောင်းနေသည်။

ကောင်းထင်ယွမ် ဖြည်းညှင်းစွာ လေပူထုတ်လိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းကာ ဆိုသည်။

"ဒါဆိုရင် အဲဒီနောက်ပိုင်းမှာ မင်း ဘာလို့ မြို့တွင်းပိုင်းကို အမြန် ပြောင်းသွားတာလဲ၊ ငါတို့ မင်းနောက်ကို လိုက်လာမှာ ကြောက်လို့လား၊ ဒါမှမဟုတ် ငါ့ညီလေးရဲ့ ပစ္စည်းတွေကို ယူပြီး အဲဒီပိုက်ဆံနဲ့ ပြောင်းသွားတာလား"

အမှန်အတိုင်း ပြောရလျှင် ဤတစ်ကြိမ်တွင် သူ၏ ခန့်မှန်းချက်မှာ လုံးဝ မှန်ကန်နေသည်။

သို့သော် လော့ချန်တွင် ပြန်လည် တုံ့ပြန်ရန် နည်းလမ်း ရှိနေသည်။

သူ နှာခေါင်းရှုံ့လိုက်ပြီး စားပွဲကို ဝုန်းခနဲ ရိုက်လိုက်ကာ

"တခြားသူတွေရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ကျွန်တော် မက်မောတတ်သလား ဆိုတာကို ဟိုဟိုဒီဒီ လိုက်မေးကြည့်လိုက်ပါဦး" ဟု အသံကို မြှင့်‌ ပြောလိုက်တော့သည်။

"ကျွန်တော်က ဆေးဖော်ဆရာဗျ၊ ဝိညာဉ်ကျောက်တုံး မရှားတဲ့ တစ်ခုတည်းသော အတတ်ကျင့်ကြံသူပဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မှတ်ထားလိုက်၊ ကျွန်တော်က ဆင်းရဲသား တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်ဘူး၊ အရင်က ကျွန်တော် တစ်နေ့ကို ဝိညာဉ်ကျောက်တုံး ရာနဲ့ချီ ရှာနိုင်တာကို တောင်ဘက် ကျင့်ကြံသူဈေးကွက်မှာ ဘယ်သူမသိဘဲ ရှိလို့လဲ၊ နောက်ပြီး အမြန် မြို့တွင်းကို ပြောင်းသွားတယ် ဆိုတာကရော ဘာလဲ၊ ခင်ဗျားမှာသာ ဝိညာဉ်ကျောက်တုံး ရှိရင် မြို့တွင်းက ဝိညာဉ်ကြော ရှိတဲ့ နေရာကို မပြောင်းဘဲ နေမှာလား….”

“ဒါပေါ့.... ကျွန်တော့် ဝိညာဉ်ကျောက်တုံးတွေက ကောင်းကင်က ကျလာတာ မဟုတ်ဘူး၊ ခင်ဗျားညီလေးက ကျွန်တော့်အိမ်ကို ဖျက်ဆီးခဲ့တာ၊ သူ သေသွားပြီဆိုရင်တောင် သူ့အစ်ကိုကြီးအနေနဲ့ ခင်ဗျားက ကျွန်တော့်ကို ပြန်ပေးရမှာ မဟုတ်ဘူးလား….”

“ကဲ….ဝိညာဉ်ကျောက်တုံး ငါးတုံး.... အခုပဲ ထုတ်ပေးလိုက်"

လော့ချန် ဒေါသတကြီးဖြင့် အကြွေးတောင်းလိုက်သည်။

ကောင်းထင်ယွမ် မှာ ဤမျှ ရဲတင်းလှ‌သော စကားများကိုကြားပြီး မျက်နှာအပျက်ကြီးပျက်ကာ တွန့်လိမ်သွားတော့သည်။

အစောင့်အရှောက် လျိုချန်းမှာလည်း လုံးဝကို အံ့အားသင့်သွားရသည်။ အဆင့် ၉ ရှိ မြစ်နဂါး ရှေ့တွင် အဆင့် ၅ ကျင့်ကြံသူတစ်ဦးက ဝိညာဉ်ကျောက် တောင်းရဲသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သူတင်မကဘဲ ကောင်းထင်ယွမ် ခေါ်လာသော နောက်ဆုံးအဆင့် ကျင့်ကြံသူများလည်း အလားတူပင် အံ့ဩနေကြသည်။

စောနက လျစ်လျူရှုထားသော အပြာရောင်ဝတ် ကျင့်ကြံသူပင် မျက်မှောင်ကြုတ်လိုက်သည်။

"ကလေး…. မင်းရဲ့ လေသံကို ဆင်ခြင်စမ်း၊ မင်း စကားပြောနေတာ တာကျန်းဂိုဏ်းရဲ့ ဒုတိယခေါင်းဆောင်နဲ့နော်"

"ကျွန်တော်ကလည်း ဖိုရှန်းဂိုဏ်း ဆေးဖော်ခန်းမရဲ့ ခေါင်းဆောင်ပဲ"

လော့ချန်က စူးစိုက်ကြည့်ကာ ပြန်ပက်လိုက်သည်။

"တော်တော့ ဟေ့"

ကောင်းထင်ယွမ်က မျက်နှာပျက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။

ယခုအချိန်တွင် သူ့ စိတ်ထဲ၌ ရှုပ်ထွေးနေသည်။

သူ၏ ညီလေးအား အဆင့် ၃ ကျင့်ကြံသူလေးက သတ်သွားသည် ဆိုသည်ကို သူ လုံးဝ မယုံကြည်နိုင်ပေ။ မဖြစ်နိုင်သော အရာပင်ဖြစ်သည်။ သို့တိုင်အောင် အကြိမ်ကြိမ် စုံစမ်းသော်လည်း အခြားသော သဲလွန်စများ ပေါ်မလာခဲ့ပေ။

ကျန်ရှိနေသော တစ်ခုတည်းသော သဲလွန်စမှာ လော့ချန် ဖြစ်သည်။ ထို့ကြောင့်သာ သူ့အား ယနေ့ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ကောင်းထင်ယွမ် ထင်ထားသည်မှာ သူ၏ ဝိညာဉ်ဖိအားအား သုံး၍ အမှန်တရားကို ညှစ်ထုတ်နိုင်လိမ့်မည်ဟုပင်။

အကယ်၍ လော့ချန်သည် လူသတ်သမား မဟုတ်လျှင်ပင် သဲလွန်စတစ်ခုခု ပေးနိုင်လိမ့်မည်ဟု သူ ယူဆခဲ့သည်။

သို့သော်လည်း လော့ချန်မှာ ဤကိစ္စနှင့် လုံးဝ မပတ်သက်သကဲ့သို့ ပုံစံမျိုး ဖြစ်နေရုံတင်မက လျော်ကြေးပါ ပြန်တောင်းရဲနေသည်။

‘ဒါက တကယ်ပဲ သူနဲ့ မဆိုင်တာလား’ ဟု ဝေခွဲမရဖြစ်နေသည်။

"တောက်…. တောက်…. ခင်ဗျားတို့ ပုံစံကိုလည်း ကြည့်ဦး၊ တကယ့်ကို အထက်တန်းစားတွေလို ဟန်ဆောင်နေကြတာပဲ"

လော့ချန်က လှောင်ပြောင်သရော်သော လေသံဖြင့် ရုတ်တရက် ရယ်မောလိုက်သည်။

ထို့နောက် နှာခေါင်းရှုံ့ကာ ခေါင်းခါ၍ ပြောလိုက်သည်။

"အဘိုးကြီးမီတောင် ကျွန်တော့်ကို ဒီလိုမျိုး မလုပ်ဘူး၊ ခင်ဗျားကတော့ လာပြီး ဟန်ထုတ်နေတယ် ခင်ဗျားဆီမှာ ဝိညာဉ်ကျောက်တုံး ငါးတုံးတောင် မရှိဘူး ထင်ပါရဲ့"

"ထားလိုက်ပါတော့.... ကျွန်တော် ဒီမှာ အချိန်မဖြုန်းချင်တော့ဘူး၊ သွားပြီ"

ထိုသို့ပြောပြီးနောက် လော့ချန် လှည့်ထွက်ရန် ပြင်လိုက်သည်။

လှေကားထိပ်တွင် ချီ သန့်စင်အဆင့် နောက်ဆုံးအဆင့်ရှိသူ သုံးဦးက လမ်းပိတ်ထားသည်။ လျိုချန်းနှင့် ကျိုးယွမ်လီတို့သည်လည်း တိုက်ပွဲဖြစ်ရန် အသင့်အနေအထားဖြင့် ရှေ့သို့ တိုးလာကြသည်။

လော့ချန်က နောက်သို့ပင် လှည့်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်သည်။

"ခင်ဗျားတို့ကိုယ်တိုင် ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တာနော်၊ မီရှုဟွာ ကိုယ်တိုင် ဒီကိုလာပြီး ကျွန်တော့်ကို လာခေါ်ရတဲ့အထိတော့ မဖြစ်စေချင်ဘူး"

ဒုတိယထပ်တစ်ခုလုံးအား တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။

ကောင်းထင်ယွမ် အံကြိတ်ကာ အမိန့်ပေးလိုက်သည်။

"သူ့ကို လွှတ်လိုက်ကြဟေ့"

ကောင်းထင်ယွမ်၏ အမိန့်ကို ကြားရသောအခါ ကျင့်ကြံသူ သုံးဦးမှာ မကျေမနပ်ဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။

လော့ချန်က သူ၏ လက်အင်္ကျီကို ခါယမ်းကာ လေးလံသော ခြေလှမ်းများဖြင့် လှေကားပေါ်မှ ဆင်းသွားရင်း နောက်ဆုံးစကားတစ်ခွန်းအား ချန်ထားခဲ့သည်။

"ဒုတိယအစ်ကိုကြီးကောင်း.... ကျွန်တော့်ကို ပေးဖို့ရှိတဲ့ ဝိညာဉ်ကျောက်တုံး ငါးတုံးကို မမေ့နဲ့ဦးနော်"

….

လော့ချန် ထွက်သွားပြီးနောက် ဒုတိယထပ်မှာ ထူးဆန်းစွာ တိတ်ဆိတ်နေသည်။

မည်သူမျှ စကားမပြောကြပဲ အခန်းတွင်းရှိ တင်းမာမှုမှာ အသက်ရှူရပင် ခက်ခဲစေလောက်အောင် လေးလံနေတော့သည်။

အချိန်အတော်ကြာပြီးမှ အပြာရောင်ဝတ် ကျင့်ကြံသူက သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။

"ဒုတိယအစ်ကိုကြီး.... ဒါ…. ဒါက လပြည့်ညတောင်တန်းကို သွားတတ်တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ်"

ကောင်းထင်ယွမ်၏ လက်ချောင်းများမှာ လက်ရန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။ သူ၏ လေသံမှာ သံသယများဖြင့် တိုးညင်းနေသည်။

"မင်းရော.... ဒါက အဲဒီကလေးနဲ့ မဆိုင်ဘူးလို့ ထင်လား"

"တကယ်လို့ သူသာ လုပ်ခဲ့တာဆိုရင် ဒီလောက်အထိ ရဲတင်းနေမှာ မဟုတ်ဘူးလေ"

"ဒါပေမဲ့ အဆင့် ၅ ကျင့်ကြံသူလေးက ငါ့ရှေ့မှာ ဒီလောက် ရဲတင်းနေတာက ပိုပြီး သံသယဖြစ်စရာ မကောင်းဘူးလား"

"သူက စီကုန်းရှို့ကျားကိုတောင် ဒီထက်ပိုပြီး မလေးမစား လုပ်တာလေ၊ ကျွန်တော် ကြားတာတော့ သူ ဂိုဏ်းတွင်း အစည်းအဝေးမှာ မီရှုဟွာဆီကနေ မှော်လက်နက် နှစ်ခုတောင် လိမ်ယူခဲ့သေးတယ်တဲ့"

အပြာရောင်ဝတ် ကျင့်ကြံသူက ထိုသို့ ပြောရင်း ခပ်တိုးတိုးရယ် လိုက်သည်။

ကောင်းထင်ယွမ်သည် သူ၏ နားထင်ကို ပွတ်ရင်း လက်ရန်းဆီသို့ လျှောက်သွားလိုက်သည်။

သူသည် ယခင်က မခံစားဖူးလောက်အောင် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေမိသည်။

သူ့ညီလေး သေသွားပြီဖြစ်သလို သူ၏ ဒန်ထျန်မှာလည်း ပျက်စီးသွားခဲ့လေပြီ။ အခြေခံအုတ်မြစ် တည်ဆောက်နိုင်မည့် လမ်းကြောင်းမှာလည်း ပြတ်တောက်သွားခဲ့လေပြီ။ ယခုမူကလဲ့စားချေရန် လက်သည်ကိုပင် သူ ရှာမတွေ့နိုင်တော့ပဲ ဖြစ်နေသည်။

အပြာရောင်ဝတ် ကျင့်ကြံသူက ခေါင်းခါလိုက်ပြီး ဆိုသည်။

"ကျွန်တော့် သဘောကို မေးမယ်ဆိုရင်တော့ ထင်အယ်ရဲ့ ကိစ္စကို ခဏလောက် ဘေးဖယ်ထားလိုက်ပါဦး၊ အခုတလော ဂိုဏ်းထဲမှာ သူစိမ်းတွေ ပိုများလာတယ်၊ သင်္ဘောကြီး တချို့ကိုလည်း သူတို့က ထိန်းချုပ်ထားကြတယ်၊ အနှေးနဲ့အမြန် သူတို့က ကျွန်တော်တို့ရဲ့ အကျိုးအမြတ်တွေကို ထိပါးလာကြလိမ့်မယ်"

ကောင်းထင်ယွမ် ဘာမှပြန်မပြောပေ။

ဤအရာအားလုံးမှာ ဝမ်ဟိုင်ချောင်၏ သဘောတူညီချက်ဖြင့် ဖြစ်ပျက်နေခြင်းဖြစ်ကြောင်း သူ သိသည်။

အဆုံးအဖြတ်စင်မြင့်ပေါ်မှ တိုက်ပွဲတွင် သူ သေချာပေါက် ချောင်းမြောင်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ သူ၏ အစားထိုး ရုပ်သေးရုပ်ပင်လျှင် ဖျက်ဆီးခြင်း ခံခဲ့ရသည် မဟုတ်ပါလော။

ဤကိစ္စများအားလုံး၏ အမှန်တရားအား လွှတ်မထားပဲ ဆက်ပြီး စုံစမ်းရမည်ဟု ကောင်းထင်ယွမ် စိတ်ထဲမှ တွေးလိုက်သည်။

သူ လက်ရန်းအား အားပြင်းစွာ ရိုက်လိုက်ပြီး မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သော အမူအရာ ဖြစ်သွားတော့သည်။

အပြာရောင်ဝတ် ကျင့်ကြံသူက သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ယှက်သန်းသွားသည်။

….

လျိုချန်းက “ခန်းမခေါင်းဆောင်.... ခုနက ခင်ဗျားပုံစံက တကယ့်ကို အထင်ကြီးစရာပဲဗျာ” ဟု ဆိုလိုက်သည်။

သူ၏ မျက်လုံးများမှာ အားကျစိတ်ဖြင့် တောက်ပနေပြီး လော့ချန်အား ခန်းမခေါင်းဆောင် ဟု ခေါ်ဆိုရသည်မှာလည်း သိသိသာသာ ပို၍ သဘာဝကျလာတော့သည်။

လော့ချန်က ခပ်ဟဟ ရယ်လိုက်ပြီး လမ်းဘေးတစ်နေရာတွင် တံတွေးထွေးလိုက်သည်။

ကျိုးယွမ်လီသည် လေထဲမှ အနံ့အား ရှူကြည့်လိုက်သည်။ ဝိုင်နံ့ နှင့်တူသည်။ လွန်ခဲ့သော ခဏလေးက အပေါ်ထပ်တွင် လော့ချန် သောက်ခဲ့သော ဝိုင်နံ့ပင် ဖြစ်သည်။

လော့ချန် နှုတ်ခမ်းထောင့်ကို သုတ်လိုက်ပြီး သူတို့နှစ်ဦးအား တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

"အထင်ကြီးစရာ ဟုတ်လား ငါနဲ့သာ အတူရှိနေစမ်းပါ.... တစ်နေ့ကျရင် မင်းတို့လည်း ဒီထက်မက အထင်ကြီးစရာ ကောင်းလာမှာပါကွာ" ဟု ခေါင်းမော့ရင်ကော့၍ ပြောလိုက်သည်။

All Chapters