← Chapters

ချီဖုံးကွယ်မှော်အတတ်

Vol. 9 Ch. 86

ချီဖုံးကွယ်မှော်အတတ်

Vol. 9 Ch. 86

မြို့တွင်းပိုင်းသို့ ပြန်ရာလမ်းမှာ လူစည်ကားလှသော်လည်း လော့ချန်သည် တည်ငြိမ်သော ခြေလှမ်း၊ တည်ငြိမ်သော အမူအရာဖြင့် ရှေ့မှ လျှောက်လှမ်းနေသည်။

သူ၏ နောက်တွင်မူ အစောင့်အရှောက်နှစ်ဦးက နိုးနိုးကြားကြားရှိလှသော လှုပ်ရှားမှုများဖြင့် ကပ်လျက် လိုက်ပါလာကြပြီး သူ၏ ဘေးကင်းမှုအား အစွမ်းကုန် တာဝန်ယူထားကြသည်။ စောစောက တွေ့ဆုံပွဲကြောင့် သူတို့၏ စိတ်အာရုံမှာ အစွမ်းကုန် တင်းမာနေခဲ့ကြခြင်း ဖြစ်သည်။

သို့သော် သူတို့သာ သိခဲ့မည်ဆိုလျှင် အန္တရာယ်မှ လွတ်မြောက်လာသူမှာ သူတို့မဟုတ်ဘဲ ရှေ့မှ လျှောက်နေသော လော့ချန်ကိုယ်တိုင်သာ ဖြစ်သည်။

လော့ချန်သည် ယခုမှပင် ရင်ထဲမှ သက်ပြင်းအရှည်ကြီးကို တိတ်တဆိတ် ချနိုင်တော့သည်။

သူ၏ ဦးခေါင်းထက်တွင် အမြဲရှိနေသော ဓားတစ်စင်းမှာ ယခုမှပင် အနည်းငယ် ဝေးကွာသွားသကဲ့သို့ ခံစားလိုက်ရသည်။

ကောင်းထင်ယွမ်နှင့် တွေ့ဆုံရခြင်းမှာ မမျှော်လင့်ထားသော ကိစ္စဖြစ်သော်လည်း ယုတ္တိရှိလှပေသည်။

ဖူရှို့ရှို့နှင့် ဦးလေးချန်တို့အား လိုက်ပို့ရန် ဆုံးဖြတ်ခဲ့စဉ်ကတည်းက ဤအခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း သူ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ ထို့ကြောင့်ပင် အရန်အစီအစဥ် များစွာကိုလည်း ပြင်ဆင်ထားခဲ့သည်။

သူ၏ လှုပ်ရှားမှုတိုင်း၊ စကားတစ်လုံးချင်းစီတိုင်းနှင့် လေသံအနိမ့်အမြင့် ပြောင်းလဲမှုတိုင်းမှာ အသေအချာ တွက်ချက်ထားခြင်း ဖြစ်သည်။ အမူအရာမှစ၍ မည်သည့်အချိန်တွင် အလျော့ပေးရမည်၊ မည်သည့်အချိန်တွင် ပြန်လည် တုံ့ပြန်ရမည်ကို သိရှိခြင်းအထိ အရာအားလုံးမှာ သဘာဝကျနေစေရန် ဖန်တီးထားခြင်း ဖြစ်သည်။

ဟာကွက်များ ရှိနေသယောင် ထင်ရသော်လည်း ထိုဟာကွက်များကပင် အမှန်တရားနှင့် ပို၍ နီးစပ်နေစေခဲ့သည်။

ကောင်းထင်ယွမ်၏ ဒန်ထျန် ပျက်စီးသွားပြီး ဝိညာဉ်အသိစိတ် ပျက်ပြားသွားကြောင်း ဝမ်ယွမ်ထံမှ စတင်သိရှိခဲ့စဉ်ကတည်းက သူတို့နှစ်ဦး ရင်ဆိုင်ရမည်မှာ ရှောင်လွှဲ၍မရမှန်း သူ သိခဲ့သည်။

သို့သော် သူသည် ထိုရင်ဆိုင်မှုအား တစ်ဖက်လူ၏ စည်းကမ်းချက်များအတိုင်း အဖြစ်မခံလိုပေ။ အကယ်၍ ဤတွေ့ဆုံမှုသာ မလွဲမသွေ ဖြစ်လာရမည်ဆိုပါက သူကိုယ်တိုင်ကသာ အခြေအနေကို ထိန်းချုပ်ထားသူ ဖြစ်ရမည်။

ထို့ကြောင့်ပင် ယနေ့ ရဲတင်းသော လုပ်ရပ်၊ ကျားတွင်းထဲသို့ ကိုယ်တိုင် ဝင်ရောက်ခဲ့သော ခြေလှမ်းများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ သူသည် ဖိတ်ခေါ်ခံရ၍ သွားခဲ့ရခြင်းဟု ထင်ရသော်လည်း အမှန်စင်စစ် သူကိုယ်တိုင်ကသာ ဤအခြေအနေထဲသို့ လိုလိုလားလား လမ်းလျှောက်ဝင်သွားခဲ့ခြင်း ဖြစ်သည်။

အမှန်စင်စစ် လော့ချန်သည် ကောင်းထင်ယွမ်နှင့် တိုက်ရိုက် ပတ်သက်ဖူးခြင်း မရှိသလို တစ်ဖက်လူမှာ မည်သို့သော လူစားမျိုးဖြစ်သည်ကိုလည်း သူ အတိအကျ မသိ‌ပေ။ သတင်းအချက်အလက်များစွာ စုဆောင်းထားခဲ့သော်လည်း အချို့သော အရာများကိုမူ လူချင်း ရင်ဆိုင်တွေ့မှသာ သိနိုင်မည် ဖြစ်သည်။

ကျင့်ကြံခြင်းလမ်းစဉ် ပြတ်တောက်သွားသူဖြစ်ရာ ကောင်းထင်ယွမ်၏ စိတ်နေစိတ်ထားမှာ မည်မျှအထိ ကြမ်းတမ်း ပြင်းထန်သွားမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

ထိုမသေချာမှုကြောင့်ပင် လန်ချန်းဆိပ်ကမ်းသို့ ခြေမချမီ လော့ချန်သည် အရန်အစီအစဉ် များစွာအား ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ပထမဆုံး အကာအကွယ်မှာ ရိုးရှင်းလှသည်။ သူ မထွက်ခွာမီ စီကုန်းရှို့ကျားအား သူ သွားမည့်ခရီးစဉ်ကို ပေါ့ပေါ့ပါးပါး ပြောပြခဲ့သည်။ စီကုန်းရှို့ကျား သိပြီဆိုလျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မီရှုဟွာလည်း သေချာပေါက် ကြားသိပေလိမ့်မည်။

ယခုအချိန်တွင် သူသည် မီရှုဟွာ၏ မျက်စိထဲတွင် အလွန်တန်ဖိုးရှိသော လူတစ်ယောက် ဖြစ်နေသဖြင့် သူ့အား တစ်စုံတစ်ခု အဖြစ်ခံလိမ့်မည် မဟုတ်ပေ။ အကယ်၍ ကောင်းထင်ယွမ်က သူ့အား ဖမ်းဆီးရန် ကြိုးစားခဲ့လျှင်ပင် အခြေအနေများ လက်လွန်မသွားမီ မီရှုဟွာ ကြားဖြတ် ဝင်ရောက် စွက်ဖက်ပေလိမ့်မည်။

ဒုတိယအချက်မှာ သူ ရောက်ရောက်ချင်း ဝမ်ယွမ်နှင့် အရင်ဆုံး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ချင်းကျန်း စားသောက်ဆိုင်အတွင်း၌ တစ်စုံတစ်ခု လွဲချော်သွားခဲ့လျှင်၊ သို့မဟုတ် ကောင်းထင်ယွမ်သာ စိတ်မထိန်းနိုင်ဘဲ ရမ်းကားလာခဲ့လျှင် ဝမ်ယွမ်မှာ ချက်ချင်း ဝင်ရောက်ကူညီနိုင်ရန် အနီးအနားတွင် ရှိနေသည်။

လော့ချန်သည် သူ၏ အစ်ကိုကြီးအပေါ် လုံးဝဥဿုံ ယုံကြည်ထားသူ ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ မပါဝင်သရွေ့ တာဟဲဈေးမြို့တော်တွင် ဝမ်ယွမ်၏ နှစ်မျိုးစပ် ကျင့်ကြံခြင်းအား ယှဉ်နိုင်သူ ရှိလိမ့်မည် မဟုတ်ပေ။ အဆုံးအဖြတ်စင်မြင့်၏ ထူးချွန်ပါရမီရှင်များစာရင်းတွင် သူ ရရှိထားသော အဆင့်ကပင် သက်သေပြနေသည်။ သူသည် တာဟဲဈေးမြို့တော်၏ နံပါတ်တစ် ချီ သန့်စင်အဆင့်သမား ဖြစ်နေဆဲပင် ဖြစ်သည်။

သို့သော် လော့ချန်သည် သူ၏ အသက်ကို အခြားသူများ၏ လက်ထဲတွင်သာ လုံးလုံးလျားလျား ပုံအပ်ထားမည့် လူစားမျိုး မဟုတ်ပေ။

ချင်လျန်ချန်းနှင့် မကြာခဏ လေ့ကျင့်တိုက်ခိုက်ဖူးသဖြင့် ချီ သန့်စင်အဆင့် နောက်ဆုံးအဆင့်ရှိသူများ၏ တိုက်ခိုက်မှု မှော်အတတ်များအား သူ လက်တွေ့ သိရှိထားသည်။ အကယ်၍ ချောင်းမြောင်း တိုက်ခိုက်ခြင်း ခံရလျှင်ပင် သူသာ သတိရှိနေမည်ဆိုပါက အနည်းဆုံး ထွက်ပြေးလွတ်မြောက်နိုင်သည်အထိ ခုခံနိုင်မည်ဟု ယုံကြည်မှု ရှိသည်။

တိုက်စစ်ပိုင်းတွင်မူ သူ၏ ရွေးချယ်စရာများမှာ အကန့်အသတ် ရှိနေသေးသည်။

အထွတ်အထိပ်အဆင့် မီးလုံးအတတ်မှာ သူ၏ တစ်ခုတည်းသော ဖဲချပ်ပင်ဖြစ်သည်။ ထွက်ပြေးသည့် နေရာတွင်မူ ပြိုင်ပွဲသာ ရှိခဲ့လျှင် သူ နံပါတ်တစ် ရမည်ဟု ယုံကြည်ချက်ရှိရှိ ကြွေးကြော်ရဲသည်။ အခြား မည်သည့် ချီ သန့်စင်အဆင့်သမားမျှ ဒုတိယနေရာကိုပင် လုဝံ့ကြမည် မဟုတ်ပေ။

လေလွင့်ခြေလှမ်းနှင့် လေခွင်းအတတ် တို့အား ပါရမီရှင်အဆင့်အထိ တတ်မြောက်ထားရုံတင်မက၊ အဆင့်မြင့် မှော်လက်နက်ဖြစ်သော တိမ်တက်ဖိနပ်ကိုပါ ပိုင်ဆိုင်ထားသဖြင့် အန္တရာယ်ကြုံသည်နှင့် ထွက်ပြေးရန် လိုအပ်သော နည်းလမ်းအားလုံး သူ့တွင် ရှိနေသည်။ ကောင်းထင်ယွမ် မည်မျှပင် အင်အားကြီးစေကာမူ သူ့အား တားဆီးနိုင်မည် မဟုတ်ပေ။

ဤအချက်အားလုံးကို စဉ်းစားပြီးနောက် လော့ချန် တွန့်ဆုတ်မနေတော့ဘဲ ထိုတွေ့ဆုံပွဲသို့ မကြောက်မရွံ့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ရိုးရှင်းသည်။ အတိတ်မှ ကိစ္စများအား တတ်နိုင်သမျှ ဖုံးကွယ်ထားရန်နှင့် မလိုအပ်သော ပဋိပက္ခများကို ရှောင်ရှားရန်သာ ဖြစ်သည်။

ကောင်းထင်ယွမ် သူ့အား ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အရေးမကြီးတော့ပေ။

ရိုးရိုးရှင်းရှင်း ပြောရလျှင် လော့ချန်သည် အသက်ရှင်သန်ရန် ရုန်းကန်နေရသော အမည်မသိ တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်တော့ပေ။ သူသည် ဖိုရှန်းဂိုဏ်း၏ အဓိက ခန်းမကြီး ကိုးခုထဲမှ တစ်ခုဖြစ်သော ဆေးဖော်ခန်းမ၏ ခေါင်းဆောင် ဖြစ်သည်။

အနာဂတ်တွင် သူသည် ဂိုဏ်းအတွက် အဆုံးမရှိသော အကျိုးအမြတ်များကို သယ်ဆောင်လာပေးမည့်သူ ဖြစ်သည်။

ယခုပင် ထိုသူများသည် လော့ချန်အပေါ်တွင် အရင်းအနှီးများစွာ မြှုပ်နှံထားကြပြီး ဖြစ်သည်။

ထိုအရင်းအနှီးများ ပြန်မရသေးသရွေ့ သူ့အား ထိပါးရန် ကြိုးစားသူ မည်သူမဆို သူတစ်ယောက်တည်းအား ဆန့်ကျင်နေခြင်း မဟုတ်တော့ပေ။ ထိုသူတို့သည် မီရှုဟွာနှင့် ဖိုရှန်းဂိုဏ်း တစ်ခုလုံးအား စိန်ခေါ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

သူ စိတ်ထဲမှ တိတ်တဆိတ် ပြုံးလိုက်မိသည်။ ယခုမူ သူ့တွင် ခိုကိုးရာနေရာ ရှိသွားပြီ ဖြစ်သဖြင့် အမူအရာများသည် ယခင်ထက် တည်ငြိမ် ရင့်ကျက်လာပြီ ဖြစ်သည်။

မြို့တံခါးဝသို့ ရောက်သောအခါ သူ လှည့်ကြည့်ကာ အစောင့်အရှောက် နှစ်ဦးအား လက်ပြ နှုတ်ဆက်လိုက်သည်။ ထိုနှစ်ဦးမှာ ယနေ့ ဖြစ်ပျက်သမျှအား မီရှုဟွာထံ အစီရင်ခံရန် အပြေးအလွှား သွားကြတော့မည်မှာ ဗေဒင်တွက်စရာပင် မလိုတော့ပေ။

စောစော သတင်းပို့လေ ကောင်းလေ ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ဩဇာအာဏာရှိသူတစ်ဦးက ကြားဝင်၍ ကိစ္စအဝဝအား ရှင်းလင်းပေးခြင်းမှာ အကောင်းဆုံး ဖြစ်သည်။ ထိုမှသာ သူ အမှန်တကယ် စိတ်အေးနိုင်မည် ဖြစ်သည်။

….

"ကောင်း ညီအစ်ကိုတွေ ဟုတ်လား"

မီရှုဟွာက မည်သည့် ခံစားချက်မျှ မဖော်ပြသော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

ထို့နောက် သူ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"မင်းတို့ရဲ့ အမြင်အရဆိုရင် အဲဒါ လော့လေး လက်ချက်လို့ ထင်လား"

လျိုချန်းမှာ ခဏမျှ တွန့်ဆုတ်သွားပြီး စားသောက်ဆိုင်ထဲမှ အခိုက်အတန့်၊ လော့ချန်၏ ဝိုင်ထွေးထုတ်လိုက်ပုံနှင့် အခြေအနေ တစ်ခုလုံးအား ကိုင်တွယ်သွားပုံတို့ကို ပြန်လည် မြင်ယောင်နေမိသည်။

သို့သော် သူ မဖြေမီမှာပင် ကျိုးယွမ်လီက အရင် ဝင်ပြောလိုက်သည်။

"အဲဒါက အရေးမကြီးပါဘူး"

"ဟားဟား.... ဟုတ်တယ်၊ အရေးမကြီးဘူး၊ ချီသန့်စင်အဆင့် အလယ်အလတ် ကျင့်ကြံသူ တစ်ယောက်ရဲ့ ရှင်ခြင်း သေခြင်းပဲဥစ္စာ"

မီရှုဟွာက ခပ်ပါးပါး ပြုံးလျက် ဆိုကာ လက်ထဲမှ လက်ဖက်ရည်ခွက်ကို မော့၍ ဖြည်းညှင်းစွာ သောက်လိုက်သည်။

ဝိညာဉ်လက်ဖက်ရည်အား မျိုချပြီးနောက် သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ ဒီလို ကိစ္စမျိုးတွေ နောက်ထပ် မဖြစ်လာတာ အကောင်းဆုံးပဲ"

သူ ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် ဝမ်ဟိုင်ချောင်ထံသို့ သတင်းစကား ပေးပို့ကာ တပည့်များအား ထိန်းထိန်းသိမ်းသိမ်း ရှိစေရန် သတိပေးခိုင်းမည်။ သူတို့ ဂိုဏ်းနှစ်ခုကြား ပဋိပက္ခမှာ ယခုမှပင် စတင် တည်ငြိမ်ကာစ ရှိသေးရာ၊ အဆင့်မရှိသော တပည့်အချို့ကြောင့် အခြေအနေအား ပြန်လည် ဆိုးရွားမသွားစေလို‌ပေ။

မည်သို့ပင်ဆိုစေကာမူ ရေကြောင်းလုပ်ငန်းအား ရရှိခြင်းမှာ တစ်ဖက်သတ် အကျိုးအမြတ် မဟုတ်ပေ။

သူသည် ဝမ်ဟိုင်ချောင်နှင့် အခြားသော ပူးပေါင်းဆောင်ရွက်မှုများကိုလည်း စီစဉ်ထားခဲ့သည်။ သူတို့၏ အကျိုးစီးပွားများမှာ ယခုအခါ ရောယှက်နေပြီဖြစ်ရာ မလိုအပ်သော အငြင်းပွားမှုများမှာ မလိုလားအပ်သော ရှုပ်ထွေးမှုများကိုသာ သယ်ဆောင်လာပေလိမ့်မည်။

အနာဂတ်တွင် ဂိုဏ်းနှစ်ခုကြား ဆက်ဆံရေးမှာ ပိုမို သဟဇာတ ဖြစ်လာနိုင်ခြေ ရှိသည်။ အကယ်၍ ကောင်းထင်ယွမ်သာ သူ၏ ဝင်ငွေလမ်းကြောင်းအား ဖြတ်တောက်ရန် ကြိုးစားလာပါက ဂိုဏ်းနှစ်ဖက်စလုံး မည်သူ့အတွက်မျှ ကောင်းလိမ့်မည် မဟုတ်ပေ။

"မင်းတို့ နှစ်ယောက်၊ အစောင့်အရှောက် တာဝန်ကို အသေအချာ ထမ်းဆောင်ကြ၊ ဒါက ငါ့ရဲ့ ဝိညာဉ်အသိစိတ် အနည်းငယ် ပါဝင်တဲ့ အသံပို့ ကျောက်စိမ်းပြားပဲ၊ တကယ်လို့ မင်းတို့ မယှဉ်နိုင်တဲ့ ရန်သူနဲ့ တွေ့ရင် ဒါကို ချက်ချင်း အသက်သွင်းပြီး ငါ့ကို အကြောင်းကြား…."

"လော့လေးကို ဘာမှ အထိအခိုက် မရှိစေရဘူး"

မီရှုဟွာက အမိန့်ပေးလိုက်သည်။

ကျိုးယွမ်လီက အလေးအနက် ခေါင်းညိတ်ပြပြီး ကျောက်စိမ်းပြားအား ဂရုတစိုက် လက်ခံလိုက်တော့သည်။

….

လော့ချန်သည် သူ၏ အခန်းတံခါးကို ပိတ်လိုက်ပြီး စမ်းရေကို ကျိုကာ လက်ဖက်ရည်ခါး တစ်အိုးကို ဖျော်လိုက်သည်။ ယခုမှ သူသည် စိတ်အေးလက်အေးဖြင့် စားပွဲတွင် ထိုင်ကာ ဦးလေးချန် မထွက်ခွာမီ ပေးခဲ့သော ပစ္စည်းအား ထုတ်လိုက်သည်။

ထိုအရာမှာ ပိတ်စဖြူ တစ်ခုဖြစ်ပြီး မီးခိုးဖျော့ရောင်ရှိကာ အလင်းပေါက်နေသည်။ မည်မျှအထိ ပေါ့ပါးသနည်းဆိုလျှင် ဘာမှမရှိသကဲ့သို့ပင် ခံစားရသည်။ အကယ်၍ သေသေချာချာ မကြည့်လျှင် ရှိနေမှန်းပင် မသိနိုင်ပေ။

"အဲဒီ ကပ်စေးနဲအဘိုးကြီးက လက်ဆောင်ပေးခဲပါတယ်၊ ဒါပေမဲ့ မထွက်ခင် ဒါကို ပေးခဲ့တယ်ဆိုတော့….ဘာလဲဆိုတာ ကြည့်ရဦးမယ်"

လော့ချန်သည် ပြုံးလျက် ပိတ်စကို ဖြန့်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သာမန်အတိုင်းပင် ဖြစ်သော်လည်း အပေါ်တွင် ထူးဆန်းသော ပုံစံများ ရှိနေသည်။ ထိုအရာများမှာ မှော်စာရွက်များပေါ်ရှိ သင်္ကေတများနှင့် တူသော်လည်း လုံးဝတော့ မတူညီပေ။

"အဝတ်ပေါ်မှာ ဆွဲထားတဲ့ မှော်စာရွက်လား"

လော့ချန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ကာ အလိုအလျောက်ပင် ချီစွမ်းအား အနည်းငယ်ကို ထိုပိတ်စထဲသို့ ထည့်သွင်းလိုက်သည်။

သူ၏ ချီစွမ်းအားမှာ ပိတ်စထဲသို့ စိမ့်ဝင်သွားသည့် ခဏမှာပင် ထူးဆန်းသော သင်္ကေတများမှာ မြေနီတီကောင်များကဲ့သို့ တွန့်လိမ်လှုပ်ရှားလာကြသည်။

တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ ထူးဆန်းသော ချီစွမ်းအား လှည့်ပတ်မှု နည်းလမ်းတစ်ခု ပေါ်ထွက်လာသည်။ ထိုအရာမှာ သူ၏ အသိစိတ်ထဲသို့ တိုက်ရိုက် ရိုက်နှိပ်လိုက်သကဲ့သို့ပင်ဖြစ်သည်။

လော့ချန်သည် ထိုမှော်အတတ်အား အသေးစိတ် လေ့လာရင်း သူ၏ အမူအရာ ပြောင်းလဲသွားတော့သည်။

အမွှေးတိုင် တစ်ဝက်စာခန့် ကြာပြီးနောက်တွင်မှ မီးခိုးရောင် ပိတ်စအား လက်မှ ချလိုက်သည်။ သူ၏ စိတ်ထဲတွင် အံ့ဩမှုနှင့် ချီးကျူးမှုတို့ ရောယှက်နေသည်။

"ဦးလေးချန်…. ခင်ဗျားကတော့ ခင်ဗျားရဲ့ တန်ဖိုးအရှိဆုံး ထမင်းအိုးကြီးကို ကျွန်တော့်ကို ပေးသွားခဲ့တာကိုး"

ထိုပိတ်စထဲတွင် မှတ်တမ်းတင်ထားသော မှော်အတတ်မှာ ချီဖုံးကွယ်မှော်အတတ်ဟု ခေါ်သည်။ တတ်မြောက်သွားပါက ကျင့်ကြံသူများသည် မိမိတို့၏ ကိုယ်ပိုင် ချီစွမ်းအင်ကို ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။ ခန္ဓာကိုယ်မှ ထွက်သော အနံ့အသက်များ၊ သွေးချီနှင့် ချီစွမ်းအား လှုပ်ခတ်မှုများကိုပင် ဖုံးကွယ်နိုင်ခြင်း ဖြစ်သည်။

အထွတ်အထိပ်အဆင့်သို့ ရောက်ပါက ဤအတတ်သည် ချီစွမ်းအား လှိုင်းများကို စိတ်ကြိုက် လှည့်ပတ်နိုင်သဖြင့် မိမိ၏ ကျင့်ကြံဆင့်ကို လုံးဝ ဖုံးကွယ်ထားနိုင်ပေလိမ့်မည်။ မိမိထက် ကျင့်ကြံဆင့် အဆင့်ကြီး တစ်ဆင့်လုံး မြင့်မားသူများသာလျှင် ဤလှည့်ကွက်ကို မြင်နိုင်ပေလိမ့်မည်။

ကျင့်ကြံဆင့် တူညီသူများအနေဖြင့် နတ်မျက်စိကဲ့သို့သော မှော်အတတ်များ သုံးလျှင်ပင် စစ်မှန်သော ကျင့်ကြံဆင့်ကို သိရှိနိုင်လိမ့်မည် မဟုတ်ပေ။

တစ်နည်းအားဖြင့် ပြောရလျှင် အထွတ်အထိပ်အဆင့်သို့ ရောက်သွားပါက ဤချီဖုံးကွယ်မှော်အတတ်သည် ရန်သူများအား ရှောင်တိမ်းရန်၊ မိမိ၏ အင်အားအစစ်အမှန်ကို ဖုံးကွယ်ရန်နှင့် ခြေရာဖျောက် သွားလာရန်အတွက် အလွန်ပင် တန်ဖိုးရှိလှပေသည်။

လော့ချန်သည် ဤအတတ်နှင့် လုံးဝ မရင်းနှီးသည်တော့ မဟုတ်ပေ။

အဘိုးချန်၏ နာမည်ကြီး ချီဖုံးကွယ်မှော်အတတ်များမှာ ဤနည်းလမ်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သို့သော် အဘိုးချန်၏ မှော်ပါရမီမှာ သာမန်မျှသာ ဖြစ်သည်။ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော်လည်း သူသည် အခြေခံအဆင့် သို့သာ ရောက်ရှိခဲ့ရသည်။

ထို့ကြောင့်ပင် သူ၏ မှော်စာရွက်များသည် သွေးချီ၊ ကိုယ်နံ့နှင့် အနည်းငယ်သော ချီစွမ်းအား လှုပ်ခတ်မှုကိုသာ ဖုံးကွယ်ပေးနိုင်ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ချီဖုံးကွယ်မှော်အတတ်အား ပြည့်စုံအောင် တတ်မြောက်ခဲ့မည်ဆိုပါက သူ၏ မှော်စာရွက်များသည် ယခုပေါက်ဈေးထက် အနည်းဆုံး နှစ်ဆခန့် ပိုတန်ပေလိမ့်မည်။

အဘိုးချန်တွင် ပါရမီ မရှိခဲ့သော်လည်း လော့ချန်၏ မှော်အတတ် ပါရမီမှာမူ အလွန်ပင် ကောင်းမွန်လှသည်။ သူ တတ်မြောက်ထားသော ပထမအဆင့် မှော်အတတ်အချို့မှာ စနစ်၏ အောင်မြင်မှုအမှတ်များအား မသုံးဘဲ သူကိုယ်တိုင် လေ့ကျင့် တတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စနစ်၏ အထောက်အပံ့ဖြင့် လော့ချန်သည် ဤချီဖုံးကွယ်မှော်အတတ်အား အထွတ်အထိပ်အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်မည်ဟု ယုံကြည်ချက် ရှိသည်။ မူလအတတ်ထက်ပင် ကျော်လွန်သွားနိုင်ချေ ရှိသေးသည်။

"ဒါက တကယ့်ကို အဖိုးတန်တဲ့ လက်ဆောင်ပဲ၊ ခေါင်းလောင်းရွှေအိုးရိပ်မြုံမှာ ကျွေးခဲ့တဲ့ ထမင်းဝိုင်းနဲ့ တန်ပါတယ်"

လော့ချန် ခပ်ပါးပါး ပြုံးလျက် မီးခိုးရောင် ပိတ်စအား နောက်တစ်ကြိမ် ဖြန့်လိုက်သည်။

သူသည် မှော်အတတ် ဂါထာများအား စိတ်ထဲတွင် အထပ်ထပ် အခါခါ ရွတ်ဖတ် မှတ်သားနေသည်။ မကြာမီ အလွတ်ရသွားသည်နှင့် စတင်၍ လေ့ကျင့်တော့သည်။

"ဥုံ….ချီစွမ်းအား မျိုးစေ့ တစ်ခုကို ဒန်တျန်ရဲ့ အပြင်ဘက်မှာ တည်ဆောက်စေ...."

All Chapters