← Chapters

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ နိဂုံး

Vol. 9 Ch. 87

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ နိဂုံး

Vol. 9 Ch. 87

“ဘာ.... တာဟဲစျေးမြို့တော်ထဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး အသတ်ခံလိုက်ရတယ် ဟုတ်လား”

နံနက်စောစောစီးစီး အခန်းအပြင်သို့ ထွက်လာသော လော့ချန်တစ်ယောက် ခြံဝင်းအတွင်းမှ ပွက်လောရိုက်နေသော တီးတိုးငြင်းခုံသံများကြောင့် ထိတ်လန့်သွားရသည်။

ချင်လျန်ချန်း လင်မယား၊ ကူချိုင်ယီနှင့် ပိုင်မေလင်း၊ ဖုန်းရှတို့ပါမကျန် စုရုံးကာ အခြေခံတည်ဆောက်ခြင်းအဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ဦး ကွယ်လွန်သွားသည့်အကြောင်းကို အသည်းအသန် ဆွေးနွေးနေကြခြင်း ဖြစ်သည်။

ပိုင်မေလင်းက မရပ်မနား ပြောပြနေသည်။

“အလောင်းကို လွန်ခဲ့တဲ့ နှစ်ရက်က လန်ချန်းမြစ်အောက်ခြေမှာ တွေ့တာ၊ အိုင်လောင်တောင်က ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက ဝိညာဉ်အမှတ်အသားနဲ့ ရှာဖွေပြီး ပြန်ဆယ်ယူခဲ့တာ၊ ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်ဘူး၊ လူသတ်မှုပဲ”

လော့ချန် နှာခေါင်းရှုံ့လိုက်မိသည်။

ဤသည်မှာ သိသာလှပါသည်။ မည်သည့်ကျင့်ကြံသူကမှ အကြောင်းမဲ့သက်သက် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ဆုံးဖြတ်မည်မဟုတ်ပေ။

သို့သော်လည်း သူ့စိတ်ထဲ၌ သံသယတစ်ခုက ကိန်းအောင်းနေသည်။

“လူသတ်မှုဆိုရင် လူသတ်သမားက ဘာလို့ အလောင်းကို သေသေချာချာ ဖျောက်ဖျက်မပစ်တာလဲ၊ မြစ်ထဲကို ပစ်ချလိုက်တာက တော်တော်လေး အပေါစားဆန်တဲ့ နည်းလမ်းပဲ၊ အဆင့်မြင့် မီးတောက်တွေ သုံးပြီး ပြာဖြစ်အောင် ဘာလို့ မလုပ်ခဲ့တာလဲ”

“လုပ်ချင်ပေမဲ့ လုပ်လို့မရတာလည်း ဖြစ်နိုင်တာပဲလေ”

ပိုင်မေလင်းက ခေါင်းလေးစောင်းကာ စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

“သူ့ကို သတ်နိုင်ခဲ့ပေမဲ့ အလောင်းကိုတော့ ဖျက်ဆီးလို့ မရခဲ့ဘူးပေါ့ ဟုတ်လား”

လော့ချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“အဲဒီကျင့်ကြံသူမှာ အကာအကွယ်ပေးတဲ့ အစွမ်းထက်ရတနာ တစ်ခုရှိတယ်လေ”

ပိုင်မေလင်းက ဆက်လက်ရှင်းပြသည်။

“ကြားရသလောက်တော့ သူ့ဇနီးက ရွှေအမြုတေအဆင့် ဆရာသမား တစ်ယောက်ဆီမှာ သူ့အတွက် သီးသန့် အပ်နှံလုပ်ခိုင်းထားတာလို့ ပြောကြတာပဲ”

အကာအကွယ်ပေးသည့် အစွမ်းထက်ရတနာဆိုသည်ကိုကြားလိုက်ချိန် လော့ချန်၏ မျက်ခုံးများ လှုပ်ခတ်သွားရသည်။

ထိုစဉ် ဝန်းကျင်ရှိ လေထုမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲနေသည်ကို သူ သတိပြုမိလိုက်သည်။

အဘယ်ကြောင့် ပိုင်မေလင်းနှင့် ချင်းလင်ချန်းတို့သာ စကားပြောနေကြပြီး ကူချိုင်ယီမှာမူ

တိတ်ဆိတ်နေရသနည်း။

လော့ချန်၏ အကြည့်ကို သတိပြုမိသွားသော ကူချိုင်ယီ၏ မျက်နှာတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ယှက်သန်းသွားသည်။

သူမ ခေတ္တမျှ ဝေခွဲမရ ဖြစ်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

“ဖေးပေါ်ဝမ်မှာ ထူးခြားတဲ့ အစွမ်းထက်ရတနာ တစ်ခုရှိတာ အမှန်ပဲ၊ အဲဒါကို ဖန်လုံ လို့ ခေါ်တယ်၊ အဲဒါကို အသက်သွင်းလိုက်တာနဲ့ ကောင်းကင်ဘုံရဲ့ အကာအကွယ် အမိုးအကာတစ်ခုလို ပြောင်းလဲသွားပြီး အတွင်းနဲ့ အပြင်က ချီစွမ်းအား မှန်သမျှကို လုံးဝဥဿုံ ဖြတ်တောက်ထားနိုင်တယ်၊ ရွှေအမြုတေအဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်တာမျိုး မဟုတ်ရင် အဲဒါကို ဖျက်ဆီးဖို့က မဖြစ်နိုင်သလောက်ပဲ”

“ဒါပေမဲ့ ဖန်လုံကို အသက်သွင်းလိုက်ပြီဆိုရင် အတွင်းကလူကလည်း အပြင်ကို ပြန်ထွက်လို့ မရတော့ဘူး၊ တစ်ယောက်ယောက်က လာကယ်မှပဲ ထွက်လို့ရတော့မှာ”

အမှန်တကယ်ပင် ဆန်းကြယ်ပြီး ထူးဆန်းလှသော ရတနာပင်ဖြစ်သည်။ ရန်သူကို ခုခံပေးနိုင်သော်လည်း အသုံးပြုသူကိုပါ တစ်ပါတည်း ပိတ်လှောင်ထားသည့် သဘောပင် ဖြစ်သည်။

မုရုံချင်းလျန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ချိုင်ယီ.... နင်က အဲဒီကျင့်ကြံသူကြီးကို သိနေတာလား”

ကူချိုင်ယီက အသာအယာ ခေါင်းညိတ်ပြရင်း သူမ ဝတ်ဆင်ထားသော ပါးလွှာသည့် ဝတ်ရုံလေးကို ညွှန်ပြလိုက်သည်။

“ဒါက သူ တာဟဲစျေးမြို့တော်က ထျန်းရှန်းမျှော်စင်မှာ တည်းခိုတုန်းက ကျွန်မကို လက်ဆောင်ပေးခဲ့တာလေ၊ အဆင့်မြင့် အကာအကွယ်ပစ္စည်း တစ်ခုပေါ့”

အဆင့်မြင့် အကာအကွယ်ပစ္စည်းတစ်ခုအား ဤမျှ လွယ်လွယ်ကူကူ ပေးကမ်းနိုင်သည်လား။ ထိုကျင့်ကြံသူကြီးမှာ အလွန်ပင် ရက်ရောလှပေသည်။

ခေတ္တမျှ မုရုံချင်းလျန်နှင့် ပိုင်မေလင်းတို့သည် ကူချိုင်ယီအား ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။ ကူချိုင်ယီကမူ ရှင်းပြရန် မကြိုးစားတော့ပေ။ သူမသည် ထိုပစ္စည်းကို ပြန်ပေးရန် ကြိုးစားခဲ့ဖူးသော်လည်း ထိုလူက အတင်းအကျပ် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

သူ ပေးပြီးသား ပစ္စည်းအား ပြန်ပေးခြင်းမှာ သူ့မျက်နှာအား ဖြတ်ရိုက်သကဲ့သို့ ဖြစ်သည်ဟုပင် ထိုလူက ဆိုခဲ့ဖူးသည်။

“ဘာ….ဖေးပေါ်ဝမ် ဟုတ်လား”

လော့ချန်က ထိုအမည်ကို ရွတ်ဆိုကြည့်ရင်း ဆိုသည်။

“အဲဒါ အိုက်လောင်တောင်က တာဝန်ခံ မဟုတ်ဘူးလား”

တာဝန်ခံ ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို ကူချိုင်ယီ ကောင်းစွာ နားလည်သည်။ သူမ လော့ချန်အား မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး သက်ပြင်းချကာ ဆိုသည်။

“သူပါပဲ၊ မဟုတ်ရင် အိုက်လောင်တောင်က ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးကိုယ်တိုင် သူ့ကို လာရှာမှာ မဟုတ်ဘူး၊ ဒီကိစ္စကြောင့် အိုက်လောင်တောင်ရဲ့ နတ်သက်ကြွေအိမ်ရာ ဆိုင်တောင် ပိတ်ထားတာ နှစ်ရက်ရှိပြီ”

နတ်သက်ကြွေအိမ်ရာ ဆိုင်ကြီး ပိတ်ထားသည်ကို ကြားလိုက်သော ထိုအခိုက်အတန့်တွင် လော့ချန် အခြေအနေကို သဘောပေါက်သွားတော့သည်။

အံ့သြစရာမရှိတော့ပေ။ သူ၏ ဆေးဖော်စပ်ဆောင်အား လာရောက် ဆောက်လုပ်ပေးနေသော အိုက်လောင်တောင်မှ ကျင့်ကြံသူများသည် ကျန်ရှိသော လုပ်အားခကိုပင် မတောင်းတော့ဘဲ အဘယ်ကြောင့် အလောတကြီး ထွက်သွားကြသည်ကို ယခုမှ ရှင်းလင်းသွားတော့သည်။

သူတို့သည် ဤမျှ ကြီးမားသော အဖြစ်အပျက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သို့သော် ထိုသူသည် နေအိမ်များကို ပြုပြင်ရန်နှင့် စကားရည်လုစင် ဆောက်လုပ်ရန် လာခဲ့ခြင်း ဖြစ်သည်။ သူ့အား မည်သူက သတ်ရဲသနည်း၊ သတ်နိုင်စွမ်းရော ရှိသနည်း။

လော့ချန်သည် စပ်စုလိုစိတ်ဖြင့် ဖေးပေါ်ဝမ်၏ နောက်ခံကို ပြန်လည် သုံးသပ်ကြည့်လိုက်မိသည်။

“သူ့ရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်နှောင်းပိုင်း ကျင့်ကြံမှုကို ထားလိုက်ပါဦး…. ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတစ်ယောက်ရဲ့ မြေးမလေးကို လက်ထပ်ထားတဲ့ သမက်ဖြစ်နေတာတောင် သူ့ကို ထိရဲတဲ့သူ ရှိသေးတယ်ပေါ့”

လူစုမှာ အဖြေကို ရှာမရနိုင်သဖြင့် ခေတ္တမျှ ဆွေးနွေးပြီးနောက် လူစုခွဲလိုက်ကြသည်။ အားလုံးတွင် ကိုယ်စီအလုပ်များ ရှိကြသည် မဟုတ်ပါလော။

မထွက်ခွာမီ မုရုံချင်းလျန်က လူတိုင်းအား သွားလာရာတွင် သတိထားရန် မှာကြားလိုက်သည်။

“လူသတ်သမားက သူစိမ်းလည်း ဖြစ်နိုင်သလို၊ တာဟဲစျေးမြို့တော်ထဲမှာ ပုန်းအောင်းနေတုန်းလည်း ဖြစ်နိုင်တယ်”

အားလုံး သဘောတူကြသော်လည်း အလေးအနက်တော့ မထားကြပေ။

အခြေခံတည်ဆောက်ခြင်းအဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးအား သတ်နိုင်သည့်သူသည် ကြီးမားသော ရည်မှန်းချက် ရှိသူသာ ဖြစ်ပေလိမ့်မည်။ သူတို့ကဲ့သို့ အဆင့်နိမ့်သူများအား အာရုံစိုက်နေမည် မဟုတ်ပေ။

လော့ချန်သည်ပင် သူတို့ကိုယ်သူတို့ မည်သူမှ နင်းချင်စိတ်မရှိသော လမ်းဘေး အမှိုက်ပုံကြီးများနှယ် တန်ဖိုးမရှိသူများ ဖြစ်သည်ဟု နောက်ပြောင်လိုက်သေးသည်။ ဤစကားကြောင့်ပင် နံဘေးရှိ အမျိုးသမီး ကျင့်ကြံသူများ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရလေသည်။

ဆေးဖော်စပ်ဆောင်မှာ ပြီးစီးလုနီးပါး ဖြစ်လာပြီဖြစ်သော်လည်း လာရောက်သူများမှာ လျော့မသွားဘဲ ပိုမိုများပြားလာသည်။ လော့ချန်မှာ ယခင်ကကဲ့သို့ လွတ်လပ်မှု မရှိတော့ဘဲ အလုပ်များဖြင့် ပိနေတော့သည်။

သူသည် ဆေးဖော်စပ်ဆောင်သို့ ဝင်ရောက်ရန် လျှောက်ထားသူများ၏ အမည်စာရင်းကို မဖတ်ချင်ဖတ်ချင်ဖြင့် ကြည့်လိုက်မိသည်။

လော့ဝူတီ၏ တူ လော့အာဒူ၊ ချီသန့်စင်အဆင့် (၄)။

နဂါးပတ်ကျား ရန်ဝေ၏ သား ရန်ချီ၊ ချီသန့်စင်အဆင့် (၁)၊ အသက် ၉ နှစ်သာ ရှိသေးသော်လည်း ဆေးဖော်စပ်ဆောင်သို့ ပို့ဆောင်ရန် စိတ်ဝင်စားခြင်းခံရသူဖြစ်သည်။

မီရှုဟွာ၏ မြေးမ မီလီ၊ အသက် ၂၁ နှစ်၊ ချီသန့်စင် အဆင့် (၄)။ သူမ၏ ပါရမီမှာ သိပ်မထူးခြားလှပေ၊ မဟုတ်လျှင် ဂိုဏ်းကြီးများသို့ အပို့ခံရပြီး ဖြစ်ပေလိမ့်မည်။

ထိုသူများ၏ မျက်နှာများက လော့ချန်၏ စိတ်ထဲတွင် တစ်ယောက်ပြီးတစ်ယောက် ဖြတ်ပြေးနေသည်။ အချို့က လူငယ်တို့ဘာသာ ရည်မှန်းချက် ကြီးမားနေကြပြီး၊ အချို့က မာနထောင်လွှားနေကြကာ၊ အချို့မှာမူ သံသယများဖြင့် ဝေခွဲမရ ဖြစ်နေကြသည်။

သူတို့အားလုံးမှာ ဂိုဏ်းခွဲခေါင်းဆောင်များက လော့ချန်၏ ဆေးဖော်စပ်ဆောင်ထဲသို့ အတင်းထိုးထည့်လိုက်သူများ ဖြစ်ကြသည်။

လော့ချန် ငြင်းဆန်၍ မရမှန်း သိသည်။ ဤသည်မှာ လင်းစန္ဒာခန်းမ အစည်းအဝေးတွင် သူ သဘောတူခဲ့သည့် ကတိတစ်ခု မဟုတ်ပေလော။ သူတို့၏ မျိုးဆက်များအား ဆေးဖော်စပ်နည်း သင်ပေးပါ့မည်ဟု သူ ကတိပေးခဲ့သည်။

သို့သော် သူ မည်မျှ သင်ပေးမည်ဆိုသည်မှာမူ သူ့အပေါ်တွင်သာ မူတည်သည်။

သူတို့ထဲမှ ဘယ်နှစ်ယောက် ဆေးဖော်စပ်ခြင်းပညာအား တတ်မြောက်သွားမည်မှာမူ နောက်ကိစ္စတစ်ခုဖြစ်သည်။

လော့ချန် ကိုယ်တိုင်ပင်လျှင် သူ၏ ဆေးဖော်စပ်ခြင်း အခြေခံကို ခိုင်မာအောင် ကြိုးစားနေရဆဲ ဖြစ်သည်။ ထိုကလေးတစ်သိုက်အား တစ်ညတည်းနှင့် ဆေးဖော်စပ်သူကြီးများ ဖြစ်လာအောင် သူ အဘယ်မှာ လုပ်ပေးနိုင်ပါမည်နည်း။ ဤသည်မှာ ကျင့်ကြံခြင်းလောက၏ ဟာသတစ်ခုပင်ဖြစ်သည်။

တောင်ကြားချိုင့်ဝှမ်းအတွင်း၌ စွယ်စုံဆေးကျမ်းကို ကိုင်ဆောင်ကာ လေ့လာနေကြသော လူငယ်တစ်စုကို ကြည့်ရင်း လော့ချန် ပြုံးလိုက်မိသည်။ ဤသူများအား ယုံကြည်၍ မရနိုင်ပေ။ သူသည် မိမိအတွက် အမှန်တကယ် အသုံးဝင်မည့် လက်ထောက်ကို သီးသန့် မွေးမြူရပေလိမ့်မည်။

….

လခြမ်းတောင်ကြားအတွင်း၌ လူငယ်တစ်စု စုရုံးကာ စကားစမြည် ပြောဆိုနေကြသည်။ သူတို့၏ စကားဝိုင်းမှာ ဆေးဖော်စပ်ဆောင် ခေါင်းဆောင် လော့ချန်၏ အကြောင်းပင်။

“သူက ငါ့ထက်တောင် မကြီးဘူး၊ ဒါပေမဲ့ ခန်းမခေါင်းဆောင် ဖြစ်နေပြီလား”

ပြောလိုက်သူမှာ လော့ဝူတီ၏တူ လော့အာဒူ ဖြစ်သည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ ခက်ထန်လှပြီး တောတောင်ထဲသို့ ဝင်ရောက်ကာ မိစ္ဆာသားရဲများ၏ သွေးကို မြင်ဖူးထားသူ ဖြစ်ကြောင်း ထင်ရှားလှသည်။ သို့သော် ဤအတွေ့အကြုံမှာ အခြားသူများနှင့် ယှဉ်လျှင် အလွန်အမင်း ထူးခြားနေခြင်း မရှိခြေ။

အကြောင်းမှာ ဤနေရာရှိ လူတိုင်း၏ လူကြီးမိဘများသည် တောတောင်ထဲတွင် သွေးချောင်းစီး၊ အလောင်းပုံကြားမှ တိုက်ပွဲဝင်လာကြသူများ ဖြစ်သည်။

သူ့ရှေ့တွင် ထိုင်နေသော ထန်ချွမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“မင်းက အသက်ကြီးပေမဲ့ ကျင့်ကြံမှုအဆင့်က မမြင့်ပါဘူး၊ ခွန်အားကလွဲရင် မင်းမှာ ဘာရှိလို့လဲ၊ ထိပ်ဆုံးရောက်ချင်ရင် အရည်အချင်း ရှိရတယ်ကွ”

ထန်ချွမ်မှာ ကျန်းဝမ် ထောက်ခံပေးထားသူ ဖြစ်သော်လည်း သွေးသား မတော်စပ်ကြပေ။ သူသည် ကျန်းဝမ်နှင့်အတူ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော ရဲဘော်တစ်ဦး၏ မျိုးဆက်သာ ဖြစ်သည်။

ကျန်းဝမ်နှင့် လော့ချန်မှာ ရင်းနှီးကြသဖြင့် ထန်ချွမ်သည်လည်း သဘာဝကျစွာပင် လော့ချန်၏ ဘက်တော်သား ဖြစ်လာခဲ့သည်။

လော့အာဒူ၏ မျက်နှာမှာ နီရဲသွားကာ ဝုန်းခနဲထရပ်၍ ပြန်ပက်လိုက်သည်။

“အေးလေ.... မင်းမှာ အရည်အချင်း ရှိတာပေါ့၊ မင်းရဲ့ ကျားနာ ဦးလေးဆီကနေ မိန်းမချော့တဲ့ ပညာတွေ အများကြီး သင်ထားတာ မဟုတ်လား”

ထန်ချွမ်၏ မျက်လုံးများထဲတွင် ဒေါသအဟုန်များ ဟိန်းထွက်သွားပြီး

“ဟေ့ကောင်.... မင်း အဲဒါကို နောက်တစ်ခါ ထပ်ပြောကြည့်စမ်း” ဟု ဆိုကာ ထရပ်လိုက်သည်။

“ပြောတော့ ဘာဖြစ်လဲ…. မင်းကို ငါက ကြောက်နေရမှာလား”

လော့အာဒူကလည်း အားမနာတမ်း ပြန်အော်လိုက်သည်။

နှစ်ယောက်သား အခြေအတင် ဖြစ်နေသည်ကို ကြည့်ရင်း အခြားသူများမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ အမှန်အတိုင်း ပြောရလျှင် ထန်ချွမ်သည် လော့အာဒူအား လုံးဝ မကြောက်ပေ။

လော့အာဒူ၏ ဖခင်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး သူ့ဦးလေးမှာလည်း တူဖြစ်သူအား သိပ်ဂရုမစိုက်လှပေ။ ထို့ကြောင့် သူသည် တိုက်ပွဲခန်းမမှ စစ်သည်တော်များနှင့်အတူ တောထဲ၌ မိစ္ဆာသားရဲများကို မကြာခဏ လိုက်လံ အမဲလိုက်လေ့ရှိသည်။

ကျင့်ကြံမှုအဆင့်အရ ဆိုလျှင်လည်း နှစ်ဦးမှာ တန်းတူပင် ဖြစ်သည်။

“အားလုံးပဲ…. ရန်မဖြစ်ကြပါနဲ့တော့ ရှင်”

နူးညံ့သိမ်မွေ့သော အသံကို ကြားလိုက်ရသည့်အခါ ထန်ချွမ်နှင့် လော့အာဒူတို့သည် နောက်ဆုံးအကြိမ်အဖြစ် ကြိမ်းမောင်းလိုက်ကြပြီးနောက် ရန်ပွဲကို ရပ်လိုက်ကြသည်။

ပြောလိုက်သူမှာ မီရှုဟွာ၏ မြေးမဖြစ်သူ မီလီ ဖြစ်သည်။

သူမမှာ ဝိညာဉ်မြစ် သုံးခုရှိသော ကျင့်ကြံသူဖြစ်ပြီး ချီသန့်စင် အဆင့် (၄) တွင် ရှိသည်။ သူမ၏ နူးညံ့လှပသော မျက်နှာလေးတွင် နာတာရှည် ရောဂါကြောင့် ဖြူဖျော့သော အရိပ်အယောင်များ အမြဲ ရှိနေတတ်သည်။

သူမ အတင်းပြုံးလိုက်ရင်း ဆိုသည်။

“ကျွန်မတို့အားလုံးက ခန်းမခေါင်းဆောင်ဆီမှာ ဆေးဖော်စပ်နည်း သင်ဖို့ ရောက်လာကြတာပဲ၊ ဘာလို့ အခုလို စိတ်မချမ်းသာစရာတွေ လုပ်နေကြမှာလဲ”

အချို့က ခေါင်းညိတ် ထောက်ခံကြသော်လည်း အချို့မှာမူ တိတ်ဆိတ်နေကြပြီး ကိုယ်စီ အတွေးများဖြင့် ရှိနေကြသည်။ အများစုမှာ သူတို့၏ လူကြီးမိဘများဆီမှ ဆေးဖော်စပ်ဆောင် အကြောင်းကို ကြားထားကြပြီး ဖြစ်သည်။ အချို့က လေးလေးစားစား ဆက်ဆံကြသော်လည်း အချို့မှာမူ အရေးမပါသည့် နေရာတစ်ခုဟု မှတ်ယူထားကြသည်။

ထို့ကြောင့် ဆေးဖော်စပ်ဆောင်သို့ ရောက်လာသော လူငယ်မျိုးဆက်သစ်များမှာ အမျိုးမျိုး အထွေထွေ ဖြစ်နေကြသည်။ အချို့မှာ ဆေးဖော်စပ်ခြင်းကို စိတ်ရင်းဖြင့် သင်ယူရန် လာကြသော်လည်း အချို့မှာမူ လူကြီးများက အနားမှာ မထားချင်၍ ပို့လိုက်ခြင်းသာ ဖြစ်သည်။

မီလီ သက်ပြင်းတစ်ချက် အသာအယာ ချလိုက်မိသည်။ သူမ၏ စိတ်ထဲတွင် စိုးရိမ်မှုများဖြင့် အလွန်ပင် လေးလံနေသည်။ မီမိသားစုအတွင်း သူမသည် အရေးပါသောသူ တစ်ဦး မဟုတ်ခဲ့ပေ။ မွေးရာပါ အားနည်းချက်ကြောင့် သူမ၏ မိဘများသည် ရှိသမျှ အရင်းအမြစ်များအား သူမအတွက် အကုန်အကျခံခဲ့ရသော်လည်း သူမကမူ ဘာမှ ဖြစ်မလာခဲ့ပေ။

ယခုအခါ မီရှုဟွာ၏ ဦးဆောင်မှုအောက်တွင် မီမိသားစုမှာ အလွန်တရာ ထွန်းကားနေပြီ ဖြစ်သည်။

ပါရမီရှင် လူငယ်များစွာ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာနေပြီး သူမနှင့် သက်တူရွယ်တူ တစ်ယောက်မှာ ဂိုဏ်းကြီးတစ်ခုသို့ ဝင်ရောက်ရန်ပင် ပြင်ဆင်နေပြီဖြစ်သည်။ ထိုသူများနှင့် ယှဉ်လျှင် သူမ၏ တန်ဖိုးမှာ ပို၍ပင် ကျဆင်းသွားပြီး စိတ်ထဲတွင် အပြစ်မကင်းသည့် ခံစားချက်များက ကြီးစိုးနေတော့သည်။

ယခုလည်း သူမ၏ မိခင်က ဆေးဖော်စပ်ဆောင်သို့ အတင်းအကျပ် ပို့လိုက်ခြင်းဖြစ်ရာ သူမ၏ မိခင် မည်သို့ ရည်ရွယ်သည်ကို မီလီ မခန့်မှန်းနိုင်တော့ပေ။ သူမအား အနားမှ ဖယ်ထုတ်လိုက်ချင်၍လော သို့မဟုတ် တစ်ခုခု သင်ယူစေချင်၍လော မသဲကွဲပေ။

သူမ ဆက်ပြီး မစဉ်းစားနိုင်သေးခင်မှာပင် အပေါင်းအဖော်တစ်ဦး၏ အော်ဟစ်သံကြောင့် အတွေးစများ ပြတ်တောက်သွားရသည်။

မီလီ မော့ကြည့်လိုက်သည့်အခါ မြေဝါရောင် အလင်းတန်းတစ်ခု ကောင်းကင်ယံအား ဖြတ်သန်းသွားပြီး လခြမ်းတောင်ကြားအတွင်းသို့ ကျဆင်းသွားသည်ကို မြင်လိုက်ရသည်။

“အဘိုးပါလား”

သူမ၏ ရင်ထဲတွင် စိတ်သက်သာရာရမှုနှင့် စိုးရိမ်မှုတို့ ရောထွေးသွားသည်။ ထို့နောက် ထိုအလင်းတန်း ပျောက်ကွယ်သွားသည်ကို တုန်လှုပ်စွာ ကြည့်နေမိတော့သည်။

….

မီရှုဟွာသည် မြေပြင်သို့ ဆင်းသက်သည်နှင့် အချိန်မဆွဲဘဲ လော့ချန်ထံသို့ လျှောက်လာခဲ့သည်။

“လော့လေး….ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်မှုက ဘယ်လောက်ထိ ရောက်ပြီလဲ”

ဆေးဖော်စပ်ဆောင်၏ အခြေခံ အုတ်မြစ်များကြားတွင် ရပ်နေသော လော့ချန်က အသာအယာ ပြုံးပြလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်ရင်း ဆိုသည်။

“ဂိုဏ်းချုပ်ကလည်း ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ၊ ဆေးနည်းကို အခုမှ စတင် လေ့လာနေတုန်း ရှိပါသေးတယ်၊ အဲဒါကသာ အလွယ်တကူ ဖော်စပ်လို့ရရင် ခင်ဗျားတို့ မိသားစုရဲ့ ဂုဏ်သတင်းက လောကအနှံ့ ကျော်ကြားနေတာ ကြာပြီပေါ့”

မီရှုဟွာက အားနာစွာ ရယ်လိုက်သည်။ သူ စိတ်လောနေသည်ကို သူကိုယ်တိုင် သိသည်။ သို့သော် လွန်ခဲ့သောညက ကောက်ထင်ယွမ်အနေဖြင့် လော့ချန်အား ဒုက္ခမပေးရန် ဝမ်ဟိုင်ချောင်နှင့် စကားပြောပြီးနောက် အခြားသော အရေးကြီးသည့် ကိစ္စရပ်များကလည်း သူ့အတွက် ဖိအားဖြစ်‌ နေသည်။

အကယ်၍ ဖိုရှန်းဂိုဏ်း၏ ဆေးဖော်စပ်ဆောင်သာ အရည်အသွေးမြင့် ဆေးလုံးများကို ထုတ်လုပ်နိုင်လျှင် ဒါ့ကျန်းဂိုဏ်းအနေဖြင့် သေချာပေါက် ပါဝင်ပတ်သက်လိုပေလိမ့်မည်။ ဒါ့ကျန်းဂိုဏ်း၏ ဖြန့်ချိရေး လမ်းကြောင်းများနှင့်ဆိုလျှင် သူတို့၏ ဆေးလုံးများအား အခြားသော ဈေးကွက်များအထိ ရောင်းချနိုင်ပေလိမ့်မည်။

မီရှုဟွာက သက်ပြင်းချလိုက်သည်။

“ဆေးဖော်စပ်ဆောင် ဖွင့်ပွဲကို နောက်သုံးရက်မှာ ကျင်းပဖို့ သတ်မှတ်လိုက်ပြီ၊ ငါတို့ဂိုဏ်းက ကျင့်ကြံသူအချို့ကိုလည်း ဖိတ်ထားတယ်၊ မင်းအတွက် ခမ်းနားတဲ့ အခမ်းအနားတစ်ခု စီစဉ်ပေးမလို့၊ ဘာပြောချင်တာ ရှိလဲ” ဟု ပြောကာ သူ၏ စိတ်လောမှုကို ထိန်းချုပ်လိုက်သည်။

လော့ချန်က မျက်တောင်ခတ်လိုက်ရင်း စဉ်းစားလိုက်သည်။ အခမ်းအနား ပွဲကြီးပွဲကောင်းများသည် သူ့အတွက်မူ ပိုကြီးကျယ်လေ၊ ပိုကောင်းလေ ဖြစ်သည်။

လော့ချန်သည် ဝမ်းသာစိတ်ကို မျိုသိပ်ပြီး အခိုင်အမာ ပြောလိုက်တော့သည်။

“ကောင်းပါပြီ…. ဖွင့်ပွဲအခမ်းအနားနဲ့ ဆေးဖိုမီး စတင်ညှိယူတဲ့ပွဲကို တစ်ပါတည်း ပေါင်းလုပ်လိုက်ကြတာပေါ့၊ ကျွန်တော်က ဆေးဖော်စပ်ခြင်းရဲ့ ခမ်းနားတဲ့ အနှစ်သာရကို လူတိုင်း မြင်တွေ့သွားအောင် ပြသပေးလိုက်ပါ့မယ်”

All Chapters