← Chapters

တစ်လအတွင်း ချီသန့်စင် အဆင့်(၆) သို့ တက်လှမ်းခြင်း

Vol. 9 Ch. 89

တစ်လအတွင်း ချီသန့်စင် အဆင့်(၆) သို့ တက်လှမ်းခြင်း

Vol. 9 Ch. 89

ဆေးဖော်ဆောင်အတွင်း လော့ချန်သည် မိမိ၏လက်အောက်ခံ ကျင့်ကြံသူ (၂၀) ခန့်ကို ညွှန်ကြားချက်များ ပေးအပ်လိုက်သည်။ သူ၏ စကားလုံးများမှာ အားပေးမှုနှင့် ဝေဖန်မှုတို့ ရောယှက်နေပြီး သူတို့၏ လိုအပ်ချက်များအား ထောက်ပြရင်း မျှော်လင့်ချက်များကိုလည်း တိကျစွာ ချမှတ်ပေးလိုက်သည်။

ပြောစရာရှိသည်များကို ပြောဆိုပြီးနောက် သူသည် လူအုပ်အား ပြန်လည် ထွက်ခွာခွင့် ပေးလိုက်တော့သည်။

သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း လော့ချန် တီးတိုး ရေရွတ်လိုက်သည်။

“သူတို့အားလုံးက အလယ်အလတ်အဆင့် ကျင့်ကြံသူတွေ ဆိုပေမဲ့ အများစုကတော့ အသက်ကြီးတဲ့သူတွေ၊ ခန္ဓာကိုယ်အားနည်းသူတွေနဲ့ အမျိုးသမီး ကျင့်ကြံသူတွေပဲ၊ ဒီလူတွေ ဆေးနန်းဆောင်ကနေ တိုက်ရိုက် ပြောင်းရွှေ့လာတာ ဖြစ်ရမယ်၊ ငါ့ဒေါ်လေး မုရုံချင်းလျန်နဲ့လည်း သိကြတဲ့ပုံပဲ”

ထိုအတွေးများနှင့်အတူ လော့ချန်သည် ဆေးဖော်ခန်းမ အတွင်းရှိ သူ၏ သီးသန့်နေအိမ်သို့ ခြေဦးလှည့်ခဲ့သည်။

အခြားသော နေအိမ်များမှာ ချိုင့်ဝှမ်းအတွင်း သို့မဟုတ် တောင်စောင်းပေါ်တွင် ရှိကြသော်လည်း သူ၏ နေအိမ်မှာမူ ဆေးဖော်ဆောင်၏ ဘေးကပ်လျက်တွင် တည်ရှိပြီး တောင်ကျစမ်းချောင်းလေးနှင့် ရေကန်ငယ်လေးတစ်ခု၏ အနီးတွင် အေးချမ်းစွာ တည်ရှိနေသည်။

သူ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် မီရှုဟွာမှာ ဆေးဖော်စပ်ဆောင်၏ တာဝန်ခံနှစ်ဦးဖြစ်သော စီကုန်းရှို့ကျား၊ ကူချိုင်ယီတို့နှင့်အတူ သူ့အား စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။

သူတို့သည် အပိုစကားများ ပြောမနေတော့ဘဲ ဆေးဖော်စပ်ဆောင်၏ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များအကြောင်းကိုသာ တိုက်ရိုက် ဆွေးနွေးကြတော့သည်။

“မှော်အာဟာရဆေးလုံးလုံးတွေကို ဖော်စပ်လို့ရပေမဲ့ အရေအတွက်ကိုတော့ အများကြီး မလုပ်သင့်ဘူ။ တစ်လကို အလုံးတစ်ထောင်လောက်ဆိုရင် လုံလောက်ပါပြီ၊ ငါတွက်ချက်ကြည့်ပြီးပြီ၊ အမြတ်က သိပ်မရှိလှဘူးလေ၊ ဒါ့အပြင် ဆေးလုံးအရည်အသွေးက မြင့်မားနေတော့ အဆင့်နိမ့်ဂိုဏ်းသားတွေကို ပေးနေတာက နှမြောစရာပဲ” ဟူ၍ မီရှုဟွာက ဂိုဏ်းကို စီမံခန့်ခွဲရာတွင် ကျွမ်းကျင်သူပီပီ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“ဒီဆေးလုံးတစ်ထောင်ကို အလယ်အလတ်နဲ့ အဆင့်မြင့်ဂိုဏ်းသားတွေအတွက် ဆုလာဘ်အဖြစ် ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးလို့ရတယ်” ဟု ထပ်ပြောလိုက်သည်။

လော့ချန်အတွက်မူ မှော်အာဟာရဆေးလုံး တစ်ထောင်ဖော်စပ်ခြင်းမှာ နှစ်ရက် သုံးရက်စာ အလုပ်မျှသာ ဖြစ်သဖြင့် ဘာမှ ကန့်ကွက်‌ စရာမရှိပေ။

“ငါတို့ရဲ့ အဓိကပစ်မှတ်ကတော့ ကျောက်စိမ်းအမြုတေ ဆေးလုံးပဲ” ဟု ဆိုလိုက်ကာ မီရှုဟွာ၏ မျက်နှာမှာ တည်ကြည်သွားပြီး လော့ချန်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

“ငါ့ကို အတိအကျ အဖြေပေးစမ်းပါ၊ အဲဒါကို ဖော်စပ်နိုင်ဖို့ ဘယ်လောက်ကြာမလဲ”

လော့ချန်က မျက်နှာဆူပုတ်ပုတ်ဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော်က ဆေးနည်းအဆင့်ဆင့်ကို အခုမှ စပြီး လေ့လာနေတုန်းရှိပါသေးတယ်၊ ဘယ်လိုလုပ် အတိအကျ အဖြေပေးနိုင်မှာလဲ”

“ပြီးတော့ ခင်ဗျားလည်း ဆေးနည်းကို မြင်ဖူးမှာပါ၊ ကျောက်စိမ်းဆေးပင်ကနေ ကျောက်စိမ်းအမြုတေကို ထုတ်ယူဖို့က အခက်ဆုံးပဲ၊ အဲဒါက ပထမအဆင့် ဝိညာဉ်ပစ္စည်းဖြစ်ပြီး ကျွန်တော့်ရဲ့ အခုကျင့်ကြံမှုအဆင့်နဲ့ဆိုရင် အနှစ်သာရကို မထိခိုက်အောင် လုပ်ဖို့က တော်တော်လေး ခက်ခဲတယ်” ဟု ပြောရင်း ပုခုံးတွန့်ပြလိုက်သည်။

ကြွယ်ဝချမ်းသာသော သူဌေးကြီးတစ်ဦးကဲ့သို့ အမြဲ နုပျိုနေတတ်သော မီရှုဟွာ၏ မျက်နှာမှာ ယခုအခါတွင်မူ တွန့်လိပ်နေသော ပုဆိုးတစ်ထည်နှယ် ရှုံ့တွသွားတော့သည်။

“မှန်တာပေါ့…. ချီသန့်စင် အဆင့် (၅) နဲ့ ကျောက်စိမ်းအမြုတေကို တစ်မျှင်ချင်းစီ ထုတ်ယူဖို့ဆိုတာ နည်းနည်းတော့ စိန်ခေါ်မှုရှိတာပေါ့”

လော့ချန်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ရင်း ဆိုသည်။

“တကယ်လို့ ကျွန်တော် တစ်လကို ချီစွမ်းအင်ဖြည့်ဆေး နောက်ထပ်တစ်ပုလင်း ပိုရမယ်ဆိုရင် အဆင့်(၆) ကို မကြာခင်မှာ ချိုးဖျက်နိုင်လိမ့်မယ်၊ အဲဒီအချိန်ကျရင်တော့ ကျောက်စိမ်းအမြုတေကို အေးအေးဆေးဆေး ထုတ်ယူနိုင်မှာပါ”

ဘေးတွင် ရပ်နေသော စီကုန်းရှို့ကျားက မအောင့်နိုင်တော့ဘဲ ကြားဖြတ်ပြောတော့သည်။

“တစ်လကို ချီစွမ်းအင်ဖြည့်ဆေး နှစ်ပုလင်းနဲ့ ငါတို့ သဘောတူထားပြီးသား မဟုတ်လား၊ အဲဒါက မလောက်သေးဘူးလား”

မီရှုဟွာကလည်း ဖျောင်းဖျရန် ကြိုးစားသည်။

“တစ်လကို သုံးပုလင်းဆိုတာ တစ်နေ့ကို ဆေးတစ်လုံး သောက်ရမယ့်သဘောပဲ၊ ဆေးတွေကို အဲဒီလောက် ခဏခဏသောက်နေရင် မင်းရဲ့ သွေးကြောမျှင်တွေကို ဝန်ပိသွားစေနိုင်တယ်”

လော့ချန် စိတ်ထဲမှ “ဝန်ပိမယ် ဟုတ်လား၊ ကျွန်တော်က သွေးကြောမျှင်တွေ အကုန်ပွင့်နေတဲ့အပြင် ပါရမီရှင်အဆင့် နွေဦးကျင့်စဉ်ကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်ဗျ၊ တစ်နေ့ကို ဆေးနှစ်လုံးတောင် သန့်စင်နိုင်တာ၊ သုံးပုလင်းဆိုတာ မလောက်မငတောင် ဖြစ်နေဦးမှာ”

ဟူ၍ ကြုံးဝါးလိုက်သော်လည်း အခွင့်အရေးကို အလောတကြီး မယူသင့်မှန်း သူ သိ‌သည်။

ထိုအဘိုးကြီးအား အတင်းအကျပ် ဖိအားပေးလွန်းလျှင် နောက်ပိုင်း အခြေအနေ ကောင်းမည် မဟုတ်ပေ။

သူ ကြေကွဲသလို မျက်နှာပေး ဟန်ဆောင်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

“ကျောက်စိမ်းအမြုတေဆေးနည်းကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့အတွက်ဆိုရင် သွေးကြောမျှင်လေး နည်းနည်းထိခိုက်တာကို ကျွန်တော် ဘယ်ဂရုစိုက်နေပါ့မလဲ၊ ဂိုဏ်းချုပ်မီ.... ကျွန်တော့်အနေနဲ့ ဂိုဏ်းကြီး ထွန်းကားဖို့အတွက် အစွမ်းကုန် ပေးဆပ်ပါရစေ”

မီရှုဟွာ ဝေခွဲမရ ဖြစ်သွားသည်။ တော်တော်လေး ကြာအောင် စဉ်းစားပြီးနောက် သူ ခေါင်းညိတ်လိုက်တော့သည်။

“ကောင်းပြီလေ.... တစ်လကို ချီစွမ်းအင်ဖြည့်ဆေး သုံးပုလင်းပဲ…. ဖြစ်စေရမယ်၊ မင်းရဲ့ စိတ်အားထက်သန်မှုကို ငါတကယ် ကျေနပ်မိတယ်”

လော့ချန်၏ မျက်လုံးများမှာ တောက်ပသွားရသည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ အမှန်ပင် ကြွယ်ဝကြသည်။ ထို့ထက် ဖိုရှန်းဂိုဏ်းသည် သူ့အပေါ်တွင် အတော်လေး အရေးပေးလေသည်။

ကြားလိုက်ရသော ကူချိုင်ယီမှာမူ မနာလိုမှုကြောင့် မျက်လုံးများပင် နီရဲလာတော့သည်။ သူမသည် ထျန်းရှန်းမျှော်စင်တွင် နောက်ဆုံးလ အလုပ်လုပ်ခဲ့စဉ်ကမှ ဝိညာဉ်ကျောက် အမြောက်အမြား ရှာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုမတိုင်မီက သူမ၏ တစ်လဝင်ငွေမှာ ဝိညာဉ်ကျောက် နှစ်ရာ သုံးရာထက် မပိုခဲ့ပေ။

ယခုမူ လော့ချန်သည် ဘာမှမလုပ်ရသေးဘဲ ချီစွမ်းအင်ဖြည့်ဆေး သုံးပုလင်း (ဝိညာဉ်ကျောက် သုံးရာခန့် တန်ဖိုးရှိ) ကို အလကား ရနေပြီ ဖြစ်သည်။

“ကျောက်စိမ်းအမြုတေ ဆေးလုံးက အဓိကပန်းတိုင်ဆိုပေမဲ့ ဆေးဖော်စပ်ဆောင်ရဲ့ အဆောက်အအုံက အခုမှ အခြေကျလာတာဆိုတော့ မင်းအတွက်လည်း ခိုင်မာတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခု ရှိသင့်တယ်” ဟု မီရှုဟွာက လော့ချန်ကို ကြည့်ကာ ဆက်ပြောသည်။

“လောလောဆယ်တော့ မင်းရဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံးကိုပဲ ဆက်ပြီး ဖော်စပ်ထားလိုက်”

“အဓိက ကုန်ကြမ်းတွေကရော ဘယ်လိုလုပ်မလဲ”

လော့ချန်က မေးလိုက်သည်။

“အဲဒါတွေကိုတော့ ဆေးပေါင်းတစ်ထောင်ခန်းမကနေ ပုံမှန်ဝယ်ယူပေးဖို့ ငါစီစဉ်ထားတယ်” ဟု မီရှုဟွာက ရှင်းပြသည်။

“ဒါ့အပြင် လိုအပ်တဲ့ အရန်ပစ္စည်းတချို့ကိုတော့ ဆေးနန်းဆောင်ကနေ ရမှာဖြစ်ပေမဲ့ စာရင်းအရတော့ ဆေးဖော်စပ်ဆောင်ကနေ ဝိညာဉ်ကျောက်နဲ့ ပေးချေရမယ်”

‘ဒါကိုတော့ ကျွန်တော်သိတာပေါ့’ ဟူသော မျက်နှာပေးဖြင့် လော့ချန် အသာအယာ ပြုံးလိုက်မိသည်။ ဤသည်မှာ လုပ်ငန်းခွဲများအကြားတွင် အရောင်းအဝယ် လုပ်သလိုဖြစ်သည်။ စနစ်တကျ ရှိအောင် လုပ်ဆောင်ခြင်း ဖြစ်သလို ဆေးနန်းဆောင်အတွက်လည်း ဝင်ငွေရစေမည် ဖြစ်သည်။

“တာဟဲစျေးမြို့တော်ကို ပြင်ပကျင့်ကြံသူတွေ ပိုပိုပြီး ရောက်လာနေကြတာဆိုတော့ အံ့ဖွယ်တစ်သောင်းဆေးလုံးတွေရဲ့ အလားအလာက တော်တော်လေး ကောင်းတယ်”

“နောက်တစ်ခုက ငါတို့ဂိုဏ်းက မြို့ပြင်ဘက်မှာ ဆောင်ကြာမြိုင်တစ်ခု ရှိတယ်၊ အဲဒီကိုလည်း ဒီဆေးလုံးတွေ ပေးပို့လို့ရတာပေါ့”

ဖိုရှန်းဂိုဏ်းမှာ ဒီလိုလုပ်ငန်းမျိုးလည်း ရှိသေးတယ်လား….။

လော့ချန် အံ့အားသင့်သွားရသည်။ သူ ဤအကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ပေ။

ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် သူ့စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။ အံ့သြစရာမရှိတော့ပေ။ ဂိုဏ်းအတွင်း အမျိုးသမီး ကျင့်ကြံသူ အဘယ်ကြောင့် နည်းနေရသည်ကို ယခုမှ သဘောပေါက်တော့သည်။

အများစုမှာ ဆေးနန်းဆောင် သို့မဟုတ် သားရဲနန်းဆောင်များတွင် ရှိနေကြပြီး အချို့မှာမူ ထိုလျှို့ဝှက်သော နေရာများသို့ ရောက်ရှိသွားကြခြင်း ဖြစ်ပေလိမ့်မည်။

ဒီအဘိုးကြီးကတော့…. တကယ့်ကို ကောက်ကျစ်တဲ့ လူအိုကြီးပဲ….။

“တစ်လစာ လိုအပ်တဲ့ ပစ္စည်းစာရင်းကို ပြုစုထားလိုက်၊ အကြီးအကဲစီကုန်းက ဝယ်ယူရေးကိစ္စတွေကို တာဝန်ယူလိမ့်မယ်”

မီရှုဟွာက ညွှန်ကြားလိုက်သည်။

“နားလည်ပါပြီဗျာ” ဟု လော့ချန် စိတ်မပါသလို ရေရွတ်လိုက်သည်

။

မီရှုဟွာသည် လော့ချန်၏ လိုက်လျောညီထွေရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြည့်ကာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

အရာအားလုံး လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေပြီ ဖြစ်သည်။ ဤဂိုဏ်းအား တည်ထောင်ရန် သူ များစွာ ကြိုးစားခဲ့ရသော်လည်း အပြန်အလှန်အားဖြင့် သူနှင့် သူ၏မိသားစုအတွက် ဝိညာဉ်ကျောက် အမြောက်အမြားကို ဆောင်ကြဉ်းပေးခဲ့သည်။

အကယ်၍ ကျောက်စိမ်းအမြုတေ ဆေးလုံးကိုသာ အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့လျှင် အခြေခံတည်ဆောက်ခြင်းအဆင့်နှောင်းပိုင်းသို့ တက်လှမ်းရန် အရင်းအမြစ်ကိစ္စမှာ စိုးရိမ်စရာ မဟုတ်ပေ။

“ကဲ.... ငါလည်း သွားတော့မယ်၊ ဒီနေ့ကစပြီး အကြီးအကဲစီကုန်းက ဆေးဖော်စပ်ဆောင်ရဲ့ ပြင်ပရေးရာတွေကို ကိုင်တွယ်ပြီးတော့ တာဝန်ခံ ကူချိုင်ယီက အတွင်းရေးကိစ္စတွေကို ကြီးကြပ်လိမ့်မယ်”

“လော့ချန်…. မင်းကတော့ ဆေးဖော်စပ်ဖို့ကိုပဲ အာရုံစိုက်ထားလိုက်”

လော့ချန် စိတ်ထဲမှ ကျိတ်တွေးနေမိသည်။ ဆေးဖော်စပ်ခြင်းသည် ဝိညာဉ်ကျောက်ရှာရန်ဖြစ်သည်။ ဝိညာဉ်ကျောက်ရှာခြင်းသည် ကျင့်ကြံရေး ဆေးဝယ်ရန် ဖြစ်သည်။ ယခုမူ ဂိုဏ်းချုပ်ကြီးမှ ဆေးများအား တိုက်ရိုက်ပေးနေလေပြီ။ သူ့အနေနှင့် အချိန်ဖြုန်း ဆေးထိုင်ဖော်နေခြင်းထက် အချိန်ရတုန်း အမြန်ဆုံး ကျင့်ကြံရန် ပိုမိုစိတ်ဝင်စားသည်။

….

ယနေ့တွင် လော့ချန်သည် ချီစွမ်းအင်ဖြည့်ဆေး နောက်ထပ်တစ်ပုလင်းအား လက်ခံရရှိခဲ့သည်။

ယခုလဆန်းပိုင်းက ရရှိခဲ့သော နှစ်ပုလင်း၊ သူကိုယ်တိုင် ဝယ်ထားသော လက်ကျန် နှစ်ပုလင်းတို့နှင့် ပေါင်းလိုက်လျှင် လော့ချန်၏ လက်ထဲတွင် ချီစွမ်းအင်ဖြည့်ဆေး ငါးပုလင်းတိတိ ရှိနေပြီ ဖြစ်သည်။

တစ်နေ့လျှင် ဆေးနှစ်လုံးနှုန်းဖြင့် သောက်ပါက ၂၅ ရက်ခန့် ခံပေလိမ့်မည်။

ပါရမီရှင် အဆင့် နွေဦးကျင့်စဉ်၊ မြို့တွင်းပိုင်းမှ အဆင့်မြင့် ဝိညာဉ်ကြောနှင့် ဖူရှို့ရှို့ လက်ဆောင်ပေးခဲ့သော လရောင်ဆေးပင်တို့၏ အကူအညီဖြင့် သူသည် နေ့နေ့ညည မနားမနေ ကျင့်ကြံအားထုတ်နေတော့သည်။

နွေဦးကျင့်စဉ်၏ ပတ်လမ်းတစ်ခု ပြီးဆုံးသွားသည့်အခါ လော့ချန် သူ၏ အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကြည့်လိုက်သည်။

[အခြေအနေပြကြေးမုံပြင်]

အမည် - လော့ချန်

သက်တမ်း - ၂၇/၇၅

ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)

အဆင့် - ချီသန့်စင် အဆင့် ၅ (၃၈/၁၀၀)

အောင်မြင်မှုအမှတ် - ၂၂ မှတ်

[ကျင့်စဉ်များ]

နွေဦးကျင့်စဉ် - ပါရမီရှင်အဆင့် (၆၀၀/၁၀၀၀)

[မှော်အတတ်များ]

မီးလုံးမှော်အတတ် - အထွတ်အထိပ်အဆင့်

လေလွင့်ခြေလှမ်း - ပါရမီရှင်အဆင့် (၈၀၀/၁၀၀၀)

လေခွင်းမှော်အတတ် - ပါရမီရှင်အဆင့် (၅၇၀/၁၀၀၀)

ဆွဲငင်ခြင်းမှော်အတတ် - ပါရမီရှင်အဆင့် (၆၀၀/၁၀၀၀)

နွယ်ရှင်နှောင်ကြိုး - ပြီးပြည့်စုံအဆင့် (၃၈၀/၅၀၀)

နတ်မျက်စိ မှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၈၀/၅၀၀)

သန့်စင်ခြင်းမှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၀၀/၅၀၀)

ကုသခြင်းမှော်အတတ် - အခြေခံအဆင့် (၅/၁၀၀)

ချီဖုံးကွယ်မှော်အတတ် - အခြေခံအဆင့် (၁/၁၀၀)

[အတတ်ပညာများ]

ပထမအဆင့် ဆေးဖော်ဆရာ

မှော်အာဟာရဆေးလုံး - ပါရမီရှင်အဆင့် (၉၁၀/၁၀၀၀)

အံ့ဖွယ်တစ်သောင်းဆေးလုံး - ပြီးပြည့်စုံအဆင့် (၃၁၁/၅၀၀)

စစ်ဆေးပြီးနောက် သူ ခေါင်းယမ်းလိုက်မိသည်။ လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်ခန့်မှာ အားနေသယောင် ရှိသော်လည်း အမှန်တကယ်တွင်မူ ကိစ္စအမျိုးမျိုးဖြင့် အလုပ်ပိနေခဲ့ခြင်း ဖြစ်သည်။

မှော်အတတ်များတွင် လေလွင့်ခြေလှမ်း နှင့် လေခွင်းအတတ် တို့မှာ နေ့စဉ်အသုံးပြုသဖြင့် တိုးတက်မှုအရှိဆုံး ဖြစ်သော်လည်း နောက်အဆင့်တစ်ခုသို့ ရောက်ရှိနိုင်ခြင်း မရှိသေးပေ။ သန့်စင်ခြင်း မှော်အတတ်မှာမူ ပြီးပြည့်စုံအဆင့် ရောက်ရှိသွားသည်။ ၎င်းမှာ ဆေးဖော်စပ်မှုကို ထိန်းချုပ်ရန် ဆယ်ရက်တိုင်တိုင် လေ့ကျင့်ခဲ့စဉ်က မကြာခဏ အသုံးပြုခဲ့ရခြင်းကြောင့် ဖြစ်သည်။ အောင်မြင်မှုအမှတ် တစ်မှတ်မှာလည်း ဤနေရာမှ ရရှိခဲ့ခြင်း ဖြစ်သည်။

အခြားသော မှော်အတတ်များမှာမူ သိသာသော ပြောင်းလဲမှု မရှိသေးပေ။ သူသည် ချီသန့်စင် အဆင့် (၅) ၏ ၃၈ မှတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤတိုးတက်မှုနှုန်းမှာ အလွန်ပင် သင့်တင့်လှပေသည်။

ဆေးနှစ်လုံးက သူ့အား တစ်မှတ်တိုးစေပြီး သာမန်ကျင့်ကြံမှုသက်သက်က တစ်လလျှင် ၁၅ မှတ်ခန့် တိုးစေသည်။ ဤသည်မှာ ပါရမီရှင်အဆင့် ကျင့်စဉ်၏ အမြင့်ဆုံး စွမ်းဆောင်ရည်ပင် ဖြစ်သည်။

ဆေးများ အဆက်မပြတ် ရနေကာ ကျင့်ကြံမှုကိုလည်း ပုံမှန်အတိုင်း ဆက်လုပ်သွားလျှင် အဆင့် (၆) သို့ ရောက်ရန် နောက်ထပ် တစ်လခွဲလောက်သာ လိုတော့မည်ဖြစ်သည်။

လော့ချန် စိတ်အေးသွားရသည်။ ဤကျင့်ကြံမှုအရှိန်မှာ အံ့မခန်းလှပေ။ သွေးကြောများ အားလုံးပွင့်နေပြီး အရင်းအမြစ်များ အလျှံပယ်ရှိမှသာ ဤကဲ့သို့ မြန်ဆန်နိုင်ခြင်း ဖြစ်သည်။

သို့သော် အဆင့်မြင့်လာသည်နှင့်အမျှ ဆေးလုံးများ၏ အာနိသင်မှာ လျော့ပါးသွားမည်ဖြစ်ကြောင်း သူသိသဖြင့် စိတ်ထဲတွင် စိုးရိမ်မှုများက ကိန်းအောင်းနေဆဲ ဖြစ်သည်။

ယခုအခါ သူ့ လက်ဝယ်တွင် ဝိညာဉ်ကျောက် ၇၀၀ ခန့် စုမိနေပြီ ဖြစ်သည်။ တစ်ချိန်က ဤပမာဏမှာ များပြားလှသည်ဟု ထင်ရသော်လည်း နောင်တွင် လိုအပ်မည့် အရင်းအမြစ်များနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။

“ကျောက်စိမ်းအမြုတေ ဆေးလုံး….မီရှုဟွာ စိတ်လောနေသလို ငါလည်း စိတ်လောနေတာပဲ၊ ဒါပေမဲ့ အခြေအနေအားလုံးက ငါ့လက်ထဲမှာပဲ ရှိသေးတယ်၊ ဒီကိစ္စကို အသုံးချပြီး အဲဒီအဘိုးကြီးဆီကနေ အကျိုးအမြတ်တွေ ပိုပြီး ညှစ်ထုတ်ရဦးမယ်”

သူသည် အခြေအနေပြကြေးမုံပြင်ကို ပိတ်လိုက်ရင်း အတတ်ပညာပိုင်းကို တစ်ချက် ကြည့်လိုက်သည်။

မှော်အာဟာရဆေးလုံးမှာ ရမှတ် ၈၀၀ ကျော်နေပြီ ဖြစ်သည်။ ယနေ့ ဆေးလုံး နှစ်ရာကျော် ဖော်စပ်ခဲ့သော်လည်း ရမှတ်အနည်းငယ်သာ တိုးလာသည်ကို သတိပြုမိလိုက်သည်။

လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ အတွေးတစ်ခု သူ့ ခေါင်းထဲသို့ ဝင်ရောက်လာသည်။ ကျွမ်းကျင်မှု အဆင့်တစ်ခုစီအတွက် သက်ဆိုင်ရာ အဆင့်ရှိသော ဆေးလုံးများကို ဖော်စပ်မှသာ ရမှတ် တိုးတက်လာမည်လားဟု သူဝေခွဲမရဖြစ်သွားသည်။

ယနေ့ သူဖော်စပ်ခဲ့သော မှော်အာဟာရဆေးလုံးအများစုမှာ အဆင့်နိမ့်နှင့် အလယ်အလတ်များသာ ဖြစ်ပြီး အဆင့်မြင့်ဆေးလုံးမှာ ၆၀ သာ ရှိသည်။ သူ၏ ရမှတ် တိုးတက်လာမှုမှာလည်း ထို ၆၀ နှင့် အတိအကျ တူညီနေခြင်း ဖြစ်သည်။

အကယ်၍ ထိုအတိုင်းသာဆိုလျှင် နောင်တွင် သူဖော်စပ်မည့် ဆေးလုံးများ၏ အရည်အသွေးနှင့် အဆင့်ကို သေချာစွာ ထည့်သွင်းစဉ်းစားရပေလိမ့်မည်။

နောက်တစ်နေ့တွင် လော့ချန်သည် သူ၏ သက်တော်စောင့်နှစ်ဦးနှင့်အတူ လခြမ်းတောင်ကြားသို့ ရောက်ရှိလာခဲ့သည်။ သက်တော်စောင့်များကို ချိုင့်ဝှမ်းတွင် ထားရစ်ခဲ့ပြီး သူသည် လူတိုင်းအား ဆေးဖော်စပ်ဆောင်အတွင်းသို့ ဆင့်ခေါ်လိုက်၏။

အရောင်းအဖွဲ့နှင့် ပို့ဆောင်ရေးအဖွဲ့များမှလွဲ၍ ကျန်ရှိသော အယောက်နှစ်ဆယ်ခန့်မှာ သူ၏ တိုက်ရိုက် လက်အောက်ငယ်သားများ ဖြစ်ကြသည်။

“ကဲ…. ဒီနေ့တော့ ငါတို့ တာဝန်တွေ ခွဲဝေကြမယ်”

All Chapters