← Chapters

ဖိုရှန်းဂိုဏ်းကို ဂုပ်သွေးစုပ်မယ့် လော့ချန်လေး (၁)

Vol. 9 Ch. 90

ဖိုရှန်းဂိုဏ်းကို ဂုပ်သွေးစုပ်မယ့် လော့ချန်လေး (၁)

Vol. 9 Ch. 90

လော့ချန်သည် နံနက်စောစောတွင် နိုးထလာခဲ့သည်။

နံနက်ခင်းကျင့်ကြံခြင်းကို အဆုံးသတ်ပြီးနောက် သူသည် တိတ်ဆိတ်စွာ ထိုင်နေရင်း အတွေးထဲ နစ်မြောနေမိသည်။ သူ၏ စိတ်နောက်ကွယ်တွင် စိုးရိမ်ပူပန်မှုတစ်ခုက အရိပ်လို လိုက်နေသည်။ ထိုအရာမှာ အရေးပေါ် အကျပ်အတည်း မဟုတ်သော်လည်း အချိန်အတော်ကြာအောင် သူ စဉ်းစားနေခဲ့သော အရာပင် ဖြစ်သည်။

သူသည် ဤဆေးဖော်စပ်ဆောင်ရှိ အလုပ်မှန်သမျှကို တစ်ယောက်တည်း ဒိုင်ခံ လုပ်မနေချင်‌ပေ။ အကယ်၍ ထိုအတိုင်းဆိုရပါက သူ အလုပ်လုပ်ရင်းနှင့်ပင် အိုမင်းကာ သေ ဆုံးသွားနိုင်ပေသည်။

သူသည် အလုပ်ကို ခွဲဝေပေးရန် ကြိုးစားခဲ့သေးသည်။

ဥပမာအားဖြင့် မီးတောက်ထိန်းချုပ်ခြင်းမှာ အခြားသူများကို ခိုင်း၍ရနိုင်သော အလုပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် လွန်ခဲ့သော ရက်က ဆေးဖိုများကို ဖွင့်လှစ်သောအခါ အခြားသူများအား မီးထိန်းခိုင်းခဲ့သည်။ သို့သော် ရလဒ်မှာမူ စိတ်ပျက်စရာပင်ဖြစ်သည်။

အလောတကြီး သင်ကြားပေးထားသော ကျင့်ကြံသူများသည် လုပ်ငန်းစဉ်များကို ထိရောက်စွာ မကိုင်တွယ်နိုင်ကြပေ။ လော့ချန်သည် အခန်းသုံးခုကြား လျင်မြန်စွာ ကူးသန်းနေရပြီး သူတို့၏ အမှားများကို လိုက်လံ ပြင်ဆင်နေရသည်။ မှော်အာဟာရဆေးလုံးမှာ အဆင့်မရှိသဖြင့် ရိုးရှင်းသော်လည်း အံ့ဖွယ်တစ်သောင်းဆေးလုံးမှာမူ ပထမအဆင့် ဆေးလုံးဖြစ်ရာ အနုစိတ် ဂရုစိုက်မှုများစွာ လိုအပ်လှသည်။

ဤအတိုင်းသာ ဆက်သွားလျှင် သူပင်ပန်းနွမ်းနယ်သွားမည်ကို စိုးရိမ်သဖြင့် လော့ချန် တစ်နံနက်လုံး နည်းလမ်းရှာနေခဲ့သည်။ နောက်ဆုံးတွင် သူ အဖြေတစ်ခုကို ရရှိခဲ့သည်။ ထိုအရာမှာ အလုပ်များအား ထပ်မံ၍ အဆင့်ဆင့် ခွဲဝေပစ်ရန်ပင် ဖြစ်တော့သည်။

….

“တာဝန်ခွဲမယ် ဟုတ်လား”

စုရုံးနေသော ကျင့်ကြံသူများကြားတွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်သွားသည်။ ဤနေရာတွင် ကျင့်ကြံသူ အယောက်သုံးဆယ် ရှိနေသော်လည်း လော့ချန် ဘာကို ဆိုလိုသည်ကို မည်သူမျှ နားမလည်ကြပေ။

သူတို့ စိတ်ထဲတွင် ဆေးဖော်စပ်ခြင်းဆိုသည်မှာ တစ်ဆက်တည်း လုပ်ရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ မည်သို့ အပိုင်းပိုင်း ခွဲခြားနိုင်မည်မှာ စဥ်းစားစရာဖြစ်‌နေတော့သည်။

လော့ချန်၏ မျက်လုံးများမှာ ထိုစကားကို ပြောလိုက်သူ လော့အာဒူဆီသို့ ရောက်သွားသည်။ သူသည် အသက်ကြီးပိုင်း ဖြစ်သလို ဖော်ရွေသော သူတစ်ဦးလည်း မဟုတ်ပေ။ သူ၏ နောက်ကွယ်တွင်မူ တောင်ဆင်းကျား လော့ဝူတီ ရှိနေပြီး ထိုသူသည် မီရှုဟွာ၏ ဘက်တော်သား ဖြစ်ကြောင်း ဗြောင်ကျကျ ပြသထားသူ ဖြစ်သည်။

မီရှုဟွာက ထောက်ခံသည့်တိုင် သူ၏ နောက်လိုက်များကလည်း ထိုကဲ့သို့ သဘောထားရှိမည်ဟု မဆိုလိုပေ။

လော့ချန်က တည်ငြိမ်သော မျက်နှာပေးဖြင့် အေးစက်စွာ ပြန်ပြောလိုက်သည်။

“ဟုတ်တယ်၊ အလုပ်ခွဲဝေဖို့ လိုအပ်တယ်၊ မင်းတို့ထဲက တချို့က ဆေးဖော်စပ်နည်း လာသင်ချင်တာကို ငါသိတယ်၊ ဒါပေမဲ့ ငါ့ကို ပြောကြည့်စမ်း.... ဂိုဏ်းကြီးတွေမှာ ဆေးဖော်စပ်သူ တစ်ယောက်ဖြစ်ဖို့ ဘယ်လို အဆင့်ဆင့် လေ့ကျင့်ပေးရသလဲဆိုတာ မင်းတို့ သိသလား”

ဤမေးခွန်းက လူတိုင်းအား ဆွံ့အသွားစေသည်။ လော့ချန်က ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် လူအုပ်ကြားမှ တည်ငြိမ်အေးဆေးသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။

“ဆေးဖက်ဝင် အပင်တွေကို အရင်ဆုံး ခွဲခြားတတ်ရမယ်၊ မီးတောက် ထိန်းချုပ်နည်းကို ကျွမ်းကျင်ရမယ်၊ မရေမတွက်နိုင်တဲ့ စာပေတွေကို လေ့လာရမယ်၊ ဆေးနည်းတွေကို သုတေသန လုပ်ရမယ်၊ နည်းစနစ်တွေကို ပြီးပြည့်စုံအောင် လေ့ကျင့်ရမယ်.... ပြီးတော့မှ အဆင့်နိမ့် ဆေးလုံးကနေ အဆင့်မြင့် ဆေးလုံးတွေဆီကို တဖြည်းဖြည်းချင်း ကူးပြောင်း ဖော်စပ်ရတာပါ”

ထိုအဖြေကိုကြားလိုက်ရသောအခါ လော့ချန် အနည်းငယ် အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်မိသည်။

ပြောလိုက်သူမှာ မျက်နှာဖျော့သော်လည်း တည်ငြိမ်သော အမူအရာရှိသည့် မီလီပင် ဖြစ်သည်။

သူမသည် မီကျွင်းဖျင်၏ သမီးဖြစ်သလို မီရှုဟွာ၏ မြေးမလေးလည်း ဖြစ်သည်။

လော့ချန် မီလီနှင့် သိပ်မပတ်သက်ချင်ပေ။ အထူးသဖြင့် မီလီနှင့် ပြဿနာမတက်ချင်သောသူများတွင် သူထိပ်ဆုံးကဖြစ်သည်။

မီမိသားစုအတွင်း သူမ၏ အဆင့်အတန်းမှာ မည်မျှရှိသည်ကို သူ မသေချာသော်လည်း သူမအား ဆေးဖော်စပ်ဆောင်သို့ ပို့လိုက်သည်ကို ကြည့်ခြင်းဖြင့် သူမတွင် တစ်စုံတစ်ရာသော အရှိန်အဝါ ရှိနေ၍ပင် ဖြစ်ရမည်။

လော့ချန် လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး ဆိုသည်။

“ဟုတ်ပါတယ်၊ မီလီ ပြောတာ မှန်ကန်ပါတယ်”

သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လူအုပ်ရှေ့တွင် ဖြည်းညင်းစွာ လမ်းလျှောက်ရင်း ဆက်ပြောသည်။

“ဂိုဏ်းကြီးတွေတောင်မှ ဒီအဆင့်တွေကို လိုက်နာရတာ၊ ဒါဆို မင်းတို့က အခြေခံ မရှိဘဲနဲ့ အဲဒီထက် ပိုလုပ်နိုင်မယ်လို့ ဘာလို့ ထင်နေရတာလဲ”

သူသည် စကားကို ခဏရပ်ကာ အားလုံးကို ဝေ့ကြည့်လိုက်သည်။

“ဒါကြောင့် အလုပ်တွေကို ခွဲဝေပြီး တစ်ယောက်ချင်းစီက သတ်မှတ်ထားတဲ့ တာဝန်တစ်ခုတည်းကိုပဲ အာရုံစိုက်ဖို့ လိုအပ်တာ၊ အဲဒါက မင်းတို့ လိုအပ်တဲ့အရာ ဖြစ်သလို မင်းတို့ အခုလောလောဆယ် လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာလည်း ဖြစ်တယ်”

ထိုစကားနောက်တွင် မည်သူမျှ ပြန်မပြောဝံ့တော့ပေ။ သူသည် ဆေးဖော်စပ်ဆောင်၏ အကြီးအကဲ ဖြစ်ပေသည်။

အချိန်မဖြုန်းဘဲ လော့ချန်သည် လူအယောက်သုံးဆယ်အား ငါးယောက်စီ ပါဝင်သော အဖွဲ့ခြောက်ဖွဲ့ ခွဲလိုက်သည်။ အဖွဲ့တစ်ဖွဲ့က အရန်ပစ္စည်း အချို့ကို ကိုင်တွယ်ရမည်၊ အခြားတစ်ဖွဲ့က နောက်ထပ် အရန်ပစ္စည်းများကို စီမံရမည်။ အဖွဲ့နှစ်ဖွဲ့မှာ အဓိက ကုန်ကြမ်းများကို ပြုပြင်ရန်ဖြစ်ပြီး ကျန်အဖွဲ့နှစ်ဖွဲ့မှာမူ ဆေးဖော်ဆောင် သုံးခုလုံးအတွက် မီးတောက်ကို အလှည့်ကျ ထိန်းချုပ်ရန် ဖြစ်သည်။

“မင်းတို့အားလုံးမှော်အာဟာရဆေးလုံးနဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို မြန်မြန်ဆန်ဆန် ကျွမ်းကျင်အောင် လုပ်ရမယ်၊ ပြီးရင် ငါသင်ပေးထားတဲ့ နည်းစနစ်တွေအတိုင်း ပြုပြင်ကြ”

“ဒါ့အပြင်.... မင်းတို့ တာဝန်ယူထားတဲ့ အပိုင်းကို မကျွမ်းကျင်သေးခင်မှာ တခြားအဖွဲ့တွေရဲ့ နယ်မြေထဲကို ခြေလှမ်းမလာကြဖို့ ငါသတိပေးချင်တယ်၊ အဲဒီလိုလုပ်တာက မင်းတို့ရဲ့ တိုးတက်မှုကို နှေးကွေးစေရုံပဲ ရှိလိမ့်မယ်”

သူ ပြောပြီးသည်နှင့် အပြင်ဘက်သို့ လက်ဟန်ပြလိုက်သည်။ ကူချိုင်ယီသည် သူ တောင်းဆိုထားသော ဆေးဖက်ဝင် ပစ္စည်းများနှင့်အတူ ရောက်ရှိလာသည်။ လော့ချန်သည် ဂျင်ဆင်းမြစ်တစ်ခုကို မြှောက်ပြကာ သင်ခန်းစာကို စတင်တော့သည်။

အလုပ်ခွဲဝေရန် လိုအပ်သလား ဟူသော မေးခွန်းအား ဖြေရမည်ဆိုလျှင် လောာ့ချန်ကမူ သေချာပေါက် လိုအပ်သည် ဟု ယူဆသည်။ အကယ်၍ သူသာ ထိုသို့ အလုပ် မခွဲဝေပါက တစ်ဖက်လူသည် ဆေးဖော်စပ်ခြင်း၏ အဆင့်တိုင်းအား တဖြည်းဖြည်းချင်း သင်ယူသွားနိုင်ပေလိမ့်မည်။ အချိုးအစား၊ အချိန်နှင့် နည်းစနစ်များကို သိရှိသွားမည် ဖြစ်သည်။ ထိုအခါ သူ့တန်ဖိုးမှာ ကျဆင်းသွားပေလိမ့်မည်။

လော့ချန်သည် အလုပ်ကို စနစ်တကျ စီမံရုံသာမက အသိပညာများကို လျှိုရန်ပါ တမင်တကာ လုပ်နေခြင်း ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က အတွေ့အကြုံများကို စုပေါင်းရန် ကြိုးစားလျှင်ပင် လုပ်ငန်းစဉ်တစ်ခုလုံး၏ အဆင့်ဆင့်အား မြင်တွေ့နိုင်မည် မဟုတ်ပေ။

လော့ချန်သည် သူ၏ လျှို့ဝှက်ချက်များကို မည်သူ့ကိုမျှ အလကား မပေးလိုသည်မှာ အမှန်ပင်ဖြစ်သည်။

….

ထိုသူများအား လေ့ကျင့်ပေးရန် ငါးရက်ခန့် ကြာမြင့်ခဲ့သည်။

ဤအချိန်မှာ မကြာလှဟု ထင်ရသော်လည်း ဂိုဏ်းအတွင်း၌ စိတ်မရှည်မှုများ စတင်လာသည်။

မီရှုဟွာသည် စိုးရိမ်လာသဖြင့် စီကုန်းရှို့ကျားအား လွှတ်ကာ ဆေးဖော်စပ်မှု မည်သည့်အချိန်တွင် စတင်မည်နည်းဟု မေးခိုင်းတော့သည်။ ဆေးဖော်စပ်ဆောင်တွင် ကျင့်ကြံသူများစွာ ပုံအော ထားရှိထားရသဖြင့် ဖိုရှန်းဂိုဏ်းမှာ နေ့စဉ် ဝိညာဉ်ကျောက်များ ဆုံးရှုံးနေရသည်။

စီကုန်းရှို့ကျားက စမ်းတဝါးဝါးဖြင့် လာမေးသောအခါ လော့ချန် ပြုံး၍သာ ပြန်ပြောလိုက်သည်။

“မလောပါနဲ့ဗျာ…. အလောတကြီး မလုပ်ချင်ပါနဲ့”

လော့ချန်ကမူ အလောတကြီး မရှိပေ။ ဤအုပ်စုသာ အလုပ်ကျွမ်းကျင်သွားပါက နောင်တွင် သူ ဆေးဖော်စပ်ရသည်မှာ အလွန်ပင် လွယ်ကူသွားပေလိမ့်မည်။

ငါးရက်အကြာတွင် မီရှုဟွာ ကိုယ်တိုင် ရောက်ရှိလာခဲ့သည်။

လော့ချန် အမိန့်ပေးလိုက်သည့်အခါ ဆေးဖော်စပ်ဆောင်တစ်ခုလုံး သက်ဝင်လှုပ်ရှားလာတော့သည်။

ဆေးဖော်ဆောင် သုံးခုလုံးမှ ရေနွေးငွေ့များနှင့် ဆေးရနံ့များမှာ လေထဲသို့ ပျံ့လွင့်လာသည်။

လော့ချန်သည် အခန်းများကြားတွင် ချောမွေ့စွာ ကူးသန်းလှုပ်ရှားရင်း လက်အောက်ငယ်သားများကို ညွှန်ကြားကာ ဆေးဖိုအတွင်းသို့ ဆေးပင်များကို တည်ငြိမ်စွာ ထည့်သွင်းနေသည်။ ဤသည်ကို မြင်ရသောအခါမှ မီရှုဟွာ စိတ်သက်သာရာ ရသွားတော့သည်။

“အဘိုး....”

မီလီက တီးတိုး ခေါ်လိုက်သည်။

“‌ပြော....ဒီရက်ပိုင်းအတွင်းမှာ ခေါင်းဆောင်လော့ချန်ဆီကနေ ဘာတွေ သင်ယူမိလဲ”

မီရှုဟွာက လှည့်မကြည့်ဘဲ မေးလိုက်သည်။

မီလီက လေသံတိုးတိုးဖြင့် ပြန်ဖြေသည်။

“သူ့ရဲ့ ဆေးပင်တွေကို ကိုင်တွယ်ပုံက တကယ်ကို ကျွမ်းကျင်တယ်၊ သမီးတို့ မိသားစုက အရင်က ငှားခဲ့တဲ့ ဆေးဖော်စပ်သူတွေထက် အများကြီး သာပါတယ်”

မီရှုဟွာ ခေါင်းယမ်းလိုက်သည်။

“အဲဒီ ဆေးဖော်စပ်သူတွေက အဆင့်နိမ့် ဆေးလုံးတွေကိုပဲ ဖော်နိုင်တာလေ၊ လော့လေးနဲ့ ဘယ်ယှဉ်လို့ ရပါ့မလဲ”

မီလီက ခေတ္တမျှ စဉ်းစားပြီး ဆိုသည်။

“ခေါင်းဆောင်က မီးတောက်ကို ထိန်းချုပ်တဲ့နေရာမှာလည်း အတွေ့အကြုံ အများကြီး ရှိပုံရတယ်”

သို့သော် မီရှုဟွာ လက်ကာပြလိုက်သည်။

“အဲဒါကို ငါမေးနေတာ မဟုတ်ဘူး”

“သူက သမီးတို့ကို တခြားအရာတွေ သိပ်မသင်ပေးဘူး”

သူမ ဝန်ခံလိုက်သည်။

“ပြီးတော့ သူ ကိုယ်တိုင် ဆေးဖော်စပ်တဲ့အခါမှာလည်း သမီးတို့လို အလုပ်သင်တွေကို ကြည့်ခွင့်မပေးဘူး”

“အလုပ်သင် ဟုတ်လား”

မီရှုဟွာသည် ဤစကားလုံးကို စိတ်ဝင်စားသွားသည်။

မီလီက ချက်ချင်းပင် ရှင်းပြသည်။

“လောလောဆယ် ဆေးဖော်စပ်ဆောင်မှာ အလုပ်သင်နဲ့ မီးထိန်းသူဆိုပြီး အခန်းကဏ္ဍ နှစ်ခုပဲ ရှိပါတယ်”

ထိုစကား ကြားရသောအခါ မီရှုဟွာ ခဏမျှ စဉ်းစားပြီးမှ ခေါင်းကို ခိုင်မာစွာ ညိတ်လိုက်သည်။

“မင်း.... အထဲကို ဝင်ပြီး သွားကြည့်လိုက်”

မီလီက အံ့အားသင့်စွာ မော့ကြည့်လိုက်သော်လည်း သူမအဘိုး၏ မယိမ်းယိုင်သော မျက်ဝန်းများကို တွေ့ရသည့်အခါ ငြင်းဆန်၍ မရတော့ပေ။ သူမသည် ဆေးဖော်ဆောင်အတွင်းသို့ ခြေလှမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် လော့ချန် သတိပြုမိသွားသည်။ သူ၏ မျက်ဝန်းများမှာ သူမထံသို့ ရောက်သွားသည်။ ထိုမျက်ဝန်းများမှာ တည်ငြိမ်ကာ ထက်မြက်လှသော်လည်း ဖော်ရွေမှုတော့ မရှိပေ။

မီလီ နေရာမှာပင် တောင့်ခဲသွားတော့သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အပြင်ဘက်တွင် ရှိနေသော မီရှုဟွာက မျက်မှောင်ကြုတ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အခန်းတွင်းသို့ အသံလွှင့်၍ လှမ်းပြောလိုက်သည်။

“မီလီလေးက ငါ့မိသားစုမှာ အလားအလာအရှိဆုံး ဆေးဖော်စပ်သူပဲ၊ သူ့ကို ခဏလောက် ကြည့်ခွင့်ပေးလိုက်ပါ”

“ဒါက ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်ပဲလေ”

လော့ချန်က အေးစက်စွာ ပြန်ပြောလိုက်သည်။

“သူက….”

“မရဘူး.… တကယ်လို့ ဂိုဏ်းချုပ်က ကျွန်တော့်ကို တစ်လကို ချီစွမ်းအင်ဖြည့်ဆေး နောက်ထပ်တစ်ပုလင်း ပိုပေးမယ်ဆိုရင်တော့ စဉ်းစားပေးလို့ ရတာပေါ့”

လော့ချန်က စကားကို ဖြတ်ပြောကာ သူ၏ တောင်းဆိုချက်ကို တင်ပြလိုက်တော့သည်။

All Chapters