ဖိုရှန်းဂိုဏ်းကို ဂုပ်သွေးစုပ်မယ့် လော့ချန်လေး (၂)
Vol. 10 Ch. 91
ဆေးဖော်ပညာအား ဘေးမှကြည့်ရုံမျှဖြင့် အမှန်တကယ် တတ်မြောက်နိုင်မည်လော။
အဖြေမှာ ရှုထောင့်အပေါ်တွင် မူတည်၍ ကွဲပြားနိုင်သဖြင့် ယတိပြတ်ပြော၍မရပေ။
ပါရမီထူးချွန်သူများအတွက်မူ အနည်းငယ်သော နည်းလမ်း သို့မဟုတ် ချီစွမ်းအား အနည်းငယ် လှုတ်ခတ်မှုဖြင့်ပင် နားလည်သွားနိုင်သော်လည်း၊ အခြေခံမရှိသူအများစုအတွက်မူ အကြိမ်တစ်ရာလေ့လာလျှင်ပင် နားလည်နိုင်မည်မဟုတ်ပေ။
အထူးသဖြင့် ဆေးဖော်စပ်ရာတွင် အခြေခံမရှိသူများအတွက်ဆိုပါက ပိုဆိုးပေလိမ့်မည်။
လော့ချန်၏ အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်မှုမှာ ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူထုတ်လုပ်သမျှ ဆေးလုံးတိုင်းမှာ အနည်းဆုံး အလယ်အလတ်အဆင့် ရှိနေလေသည်။
တစ်နည်းအားဖြင့် သူ၏ ကျွမ်းကျင်မှုမှာ ဆေးဖော်ဆရာ အဆင့်သို့ တက်လှမ်းနေလေပြီ။ သူ၏ နည်းစနစ်များသည်လည်း အစပြုသူများနှင့် လုံးဝကွဲပြားခြားနားနေပြီဖြစ်သည်။
မီလီသည် လော့ချန်၏ လက်လှုပ်ရှားမှုတိုင်းကို အာရုံစိုက်ကြည့်နေသော်လည်း ထိုနည်းစနစ်များကို တတ်မြောက်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူမသည် အလယ်အလတ် အရည်အသွေးရှိသော ဆေးလုံးများကို ဖော်စပ်နိုင်ရန် အခြေခံမှစ၍ စတင်လေ့လာရမည်ဖြစ်ရာ၊ လော့ချန်၏ အဆင့်မြင့်နည်းစနစ်များကို တတ်မြောက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
ထို့ကြောင့်ပင် လော့ချန်သည် သူ၏ ဆေးဖော်စပ်မှု လျှို့ဝှက်ချက်များ ခိုးယူခံရမည်ကို လုံးဝ မစိုးရိမ်ခြင်း ဖြစ်သည်။
ထို့အပြင် ဤအခွင့်အရေးကို အသုံးချကာ တစ်လလျှင် ချီစွမ်းအင်ဖြည့်ဆေးလုံး နောက်ထပ်တစ်ပုလင်းပါ ရယူနိုင်ခဲ့သည်။ သူ၏ တိုးတက်လာသော နာမည်ဂုဏ်သတင်းကို အသုံးချကာ နောက်ထပ် အကျိုးအမြတ်တစ်ခုကို ညှစ်ထုတ်နိုင်ခဲ့ပြန်ပြီ ဖြစ်သည်။
….
အံ့ဖွယ်တစ်သောင်းဆေးလုံးများမှာ အရည်အသွေးအရ အဆင့်အတန်း ရှိသည်။
အလွယ်တကူ ဖော်စပ်နိုင်သော မှော်အာဟာရဆေးလုံးများနှင့် မတူဘဲ ဤဆေးလုံးများမှာ အချိန်နှင့် အာရုံစူးစိုက်မှု များစွာ ပေးရသည်။ တစ်မနက်လုံး ကြိုးစားပြီးနောက်တွင် ဆေးဖော်စပ်ခန်း ၃ ခန်းလုံး၏ ဆေးသုတ်များ ပြီးဆုံးသွားတော့သည်။
မီရှုဟွာ၏ စောင့်ကြည့်မှုအောက်တွင် လော့ချန် အခြားကျင့်ကြံသူများအား ပြန်လွှတ်လိုက်ပြီး ဆေးလုံးများကို ကိုယ်တိုင်ကိုယ်ကျ စတင်ထုတ်ယူတော့သည်။
ဆေးဖော်စပ်ခန်းအတွင်း၌ လော့ချန်သည် တည်ငြိမ်သော မျက်နှာပေးဖြင့် ဆွဲငင်မှော်အတတ်ကို အသုံးပြုကာ ဆေးဖိုဖုံးကို ဖွင့်လိုက်သည်။
လေပူများ ထွက်ပေါ်လာသကဲ့သို့ အသံနှင့်အတူ ဆေးဖို ပွင့်သွားသည်။ အဆင့်နိမ့် ကြေးနီဆေးဖိုမှ ဆေးလုံး ၁၀ လုံး ထွက်ပေါ်လာရာ ၇ လုံးမှာ အလယ်အလတ်အဆင့်ဖြစ်ပြီး ၃ လုံးမှာ အဆင့်နိမ့် ဖြစ်သည်။
လော့ချန် အတော်လေး ကျေနပ်သွားသည်။
ဤသည်မှာ သူတမင်တကာ လုပ်ယူထားသော ရလဒ်ပင်ဖြစ်သည်။ အကယ်၍ သူသာ ကိုယ်တိုင်အတွက် ဖော်စပ်ခြင်းဆိုလျှင် ဆေးများအားလုံး အလယ်အလတ်အဆင့် ဖြစ်နေမည်မှာ သေချာလှသည်။
သို့သော် မီရှုဟွာ၏ ဝိညာဉ်အသိစိတ်က စောင့်ကြည့်နေနိုင်သဖြင့် လော့ချန် သူ၏ အရည်အချင်းအစစ်အမှန်ကို ထုတ်မပြရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
ဒုတိယအခန်းရှိ ဆေးဖိုကို ဖွင့်လိုက်သောအခါတွင်မူ တူးနံ့တစ်ခုက သူ့အား ဆီးကြိုနေသည်။
လော့ချန် နှာခေါင်းကို အသာရှုံ့လိုက်သော်လည်း တည်ငြိမ်နေဆဲ ဖြစ်သည်။ ပြီးပြည့်စုံအဆင့်တွင်ပင် ကျရှုံးမှုဆိုသည်မှာ ရှိတတ်သည်။ သူ၏ လက်ရှိ အောင်မြင်မှုနှုန်းမှာ ၄၀ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိနေသည်။
ဤနှုန်းမှာပင် အတော်လေး အထင်ကြီးစရာ ကောင်းလှသည်။ ဆေးဖော်စပ်သူတို့၏ လောကတွင် ဆေးလုံးအဆင့် မြင့်မားလေ အောင်မြင်မှုနှုန်း နိမ့်ကျလေ ဖြစ်သည်။
အလယ်ပိုင်းပြည်နယ်မှ ဒဏ္ဍာရီလာ ဆေးနန်းရှင်ကြီးပင်လျှင် တတိယ၊ စတုတ္ထအဆင့် ဆေးလုံးများကို ဖော်စပ်သည့်အခါ တစ်ခါတစ်ရံ ကျရှုံးတတ်သေးသည်။ လော့ချန်၏ အမြင်တွင် အောင်မြင်မှုနှုန်း ၅၀ ရာခိုင်နှုန်းကျော်လျှင်ပင် ဆေးဖော်စပ်ခြင်းမှ ရရှိသော အမြတ်အစွန်းမှာ ထိတ်လန့်ဖွယ် ကောင်းလှပေလိမ့်မည်။
အပြင်ဘက်ရှိ မီရှုဟွာမှာမူ ဆေးတစ်သုတ် ကျရှုံးသွားသည်ကို သိလိုက်ရသည့်အခါ မျက်မှောင်ကြုတ်သွားသည်။ ဝိညာဉ်ကျောက် ငါးတုံးစာ ကုန်ကြမ်းများ ဆုံးရှုံးသွားပြီ ဖြစ်သည်။
သို့သော် လော့ချန် တတိယမြောက် ဆေးအိုးကြီးကို ဖွင့်လိုက်ရာမှ ထွက်ပေါ်လာသော သင်းပျံ့သော ရနံ့များကြောင့် မီရှုဟွာ၏ မျက်မှောင်မှာ ပြေလျော့သွားတော့သည်။
လော့ချန်သည် သစ်သားဗန်းကြီးကို ကိုင်ကာ ဆေးဖော်စပ်ခန်းအတွင်းမှ တည်ငြိမ်စွာ ထွက်လာခဲ့သည်။
“ဒီတစ်ခါတော့ ကံကောင်းသွားတယ်၊ ဆေးလုံး ၃၀ ရတယ်၊ အများစုက အလယ်အလတ်အဆင့်တွေပဲ၊ အနည်းငယ်ကတော့ အဆင့်နိမ့်တွေပေါ့၊ ဂိုဏ်းချုပ်ကို စိတ်မပျက်စေခဲ့ပါဘူး”
သူ ခပ်အေးအေးပင် ပြောလိုက်သည်။
ထို့နောက် ဗန်းကို မီလီထံသို့ ကမ်းပေးလိုက်ပြီး လက်မှ ဖုန်များကို ခါလိုက်သည်။ အမြဲ တည်ငြိမ်နေတတ်သော မီလီမှာ ယခုအခါ ပါးပြင်လေးများ နီမြန်းလာပြီး အလွန်ပင် စိတ်လှုပ်ရှားနေပုံရသည်။
အကြောင်းမှာ ဆေးဖော်စပ်ခန်း ၃ ခန်း၊ ကုန်ကြမ်း လေးသုတ်တွင် သုံးသုတ်မှာ အောင်မြင်ခဲ့ပြီး ဆေးလုံး ထက်ဝက်ကျော်မှာ အလယ်အလတ်အဆင့် ဖြစ်နေသောကြောင့်ပင်။
လော့ချန်သည် သာမန် ပထမအဆင့် ဆေးဖော်စပ်သူ မဟုတ်ဘဲ သူတို့ကြားတွင် ထိပ်တန်းကျင့်ကြံသူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
လော့ချန်ကမူ အံ့ဖွယ်တစ်သောင်းဆေးလုံး အလုံး ၃၀ ဆိုလျှင် ဝိညာဉ်ကျောက် မည်မျှ ရနိုင်မည်နည်းဟူ၍ အမြတ်အစွန်းကိုသာ တွက်ချက်နေတော့သည်။
“လော့ချန်.... မင်း တကယ်ကို တော်ပါပေတယ်”
မီရှုဟွာက လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်။
လော့ချန် ခပ်ပြုံးပြုံးပင် လက်ခါပြလိုက်သည်။ ထို့နောက် ဤအခြေအနေကို အခွင့်အရေးယူကာ ထပ်မံ တောင်းဆိုလိုက်ပြန်သည်။
“ဒီနေ့ အောင်မြင်တာက ကံကောင်းလို့ပါ၊ အမြဲတမ်း ဒီလို ဖြစ်နေမှာတော့ မဟုတ်ဘူး၊ ဒါနဲ့ ဂိုဏ်းချုပ်မီ.... ကျွန်တော့်မှာ လူအင်အား မလုံလောက်သေးဘူး…. အလယ်အလတ်အဆင့် ကျင့်ကြံသူ နောက်ထပ် နည်းနည်းလောက် ပို့ပေးလို့ ရမလား”
မီရှုဟွာ အံ့ဩဟန်နှင့် မျက်ခုံးပင့်လိုက်သည်။
“ဟမ်…. မလောက်သေးဘူးလား….”
လော့ချန်က ဗန်းထဲရှိ ဆေးလုံးများကို ညွှန်ပြကာ အကြောင်းပြချက် ပေးလိုက်သည်။
“ဆေးလုံးတွေ ထွက်လာပြီးရင် ဆေးအာနိသင် တည်ငြိမ်ဖို့အတွက် စောင့်ကြည့်ရတဲ့ ကာလရှိတယ်၊ အဲဒီအချိန်မှာ ပြင်ပအခြေအနေကြောင့် ဆေးအာနိသင် လျော့မသွားအောင် အမြဲတမ်း စောင့်ကြည့်နေရမယ့် အဖွဲ့တစ်ဖွဲ့ လိုအပ်တယ်”
မီလီသည်လည်း အဘိုးဖြစ်သူထံ လော့ချန်ဘက်မှ ကူပြောလိုက်သည်။
“ဟုတ်ပါတယ် အဘိုး…. ချင်ယွမ်ဇီရဲ့ ဆေးဖော်ပညာ ခွဲခြမ်းစိတ်ဖြာချက်ကျမ်း ထဲမှာလည်း အဲဒီလိုပဲ ဖော်ပြထားပါတယ်”
မီရှုဟွာက ခဏမျှ စဉ်းစားပြီး သဘောတူလိုက်သည်။
“ကောင်းပြီလေ…. ကူချိုင်ယီကို ဆေးနန်းဆောင်ကနေ လူထပ်လွှတ်ခိုင်းလိုက်မယ်” ဟု ဆိုကာ ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်တော့ အဆင်ပြေသွားပြီ”
လော့ချန် သမ်းဝေရင်း ဆက်ပြောလိုက်သည်။
“တစ်မနက်လုံး အလုပ်လုပ်ရတာ ပင်ပန်းသွားပြီဗျာ၊ ကျွန်တော် သွားအိပ်တော့မယ်၊ နေ့လယ်စာကို အခန်းရှေ့ကိုပဲ ပို့ထားလိုက်တော့နော်”
မီရှုဟွာ ဆွံ့အသွားရသည်။
“မင်း ဆက်မလုပ်တော့ဘူးလား”
လော့ချန်က သူ့အား တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်သည်။
“ဂိုဏ်းချုပ်မီ.... ကျွန်တော်က လူပါ၊ ရုပ်သေးရုပ် မဟုတ်ဘူး၊ ကျွန်တော်လည်း ပင်ပန်းတတ်တာပေါ့၊ ဝိညာဉ်အသိစိတ်မရှိဘဲ ဆေးဖော်စပ်ခန်း သုံးခန်းကို တစ်ပြိုင်တည်း ထိန်းချုပ်ရတာ ဘယ်လောက် ပင်ပန်းလဲ ခင်ဗျား သိလား….”
“ပြီးတော့ ဆေးဖိုတွေကလည်း ဆက်တိုက်လုပ်မယ်ဆို မခံနိုင်ဘူး၊ ခင်ဗျား ကျွန်တော့်ကို မှော်ရတနာ ဆေးအိုး တစ်လုံးလောက် ဝယ်ပေးနိုင်ရင်တော့ တစ်မျိုးပေါ့ဗျာ….”
မီရှုဟွာ ခါးသီးစွာ ပြုံးလိုက်မိသည်။ မှော်ရတနာ ဆေးအိုး မပြောနှင့်။ မိမိကိုယ်ပိုင် မှော်ရတနာကိုပင် သူ မပိုင်ဆိုင်နိုင်သေးပေ။
….
လော့ချန် နေ့လယ်စာ စားရန် ထွက်လာသည့်အခါ မီရှုဟွာမှာ လခြမ်းတောင်ကြားမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
လော့ချန်သည် ထိုအဘိုးကြီး အနားရှိနေပါက အနေကျပ်လှသည်။ အသက်ရှူရသည်ကိုပင် အရိပ်အကဲ ကြည့်နေရသည်။
ထို့နောက် နေ့လယ်စာကို ကြည့်ကာ ပြုံးလိုက်မိသည်။ သူ၏ နေ့လည်စာမှာ ဝိညာဉ်ထမင်း၊ ဝိညာဉ်ဟင်းသီးဟင်းရွက်များနှင့် ပထမအဆင့် မိစ္ဆာသားရဲသား ဖြစ်သည်။
ဖိုရှန်းဂိုဏ်းသည် သူ့အား အခြားသော ခန်းမခေါင်းဆောင်များထက် ပိုမို ကောင်းမွန်စွာ ပြုစုထားသည်။ သူသည် ဂိုဏ်း၏ အနာဂတ် ငွေတွင်းကြီး ဖြစ်သဖြင့် သူ့အပေါ် များစွာ ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။
လော့ချန်သည် အစားအသောက်များအား ပန်းကန်လုံးကြီးထဲ ခပ်ထည့်ကာ အားရပါးရ စားသောက်ရင်း ဆေးဖော်ဆောင်အတွင်း လှည့်လည်ကြည့်ရှုနေသည်။
စားသောက်ပြီးနောက် သူသည် တောင်ကြားချိုင့်ဝှမ်းအတွင်းရှိ ဆေးနန်းဆောင်သို့ လမ်းလျှောက်သွားခဲ့သည်။
ထိုနေရာတွင် သူ၏ ဒေါ်လေး မုရုံချင်းလျန်တစ်ယောက် စာရင်းဇယားများဖြင့် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။
“ဒေါ်လေး.... အလုပ်ရှုပ်နေတာလား”
မုရုံချင်းလျန် မော့ကြည့်လိုက်သည့်အခါ လော့ချန်ကို တွေ့ရသဖြင့် စိတ်တိုသွားဟန်ရှိသည်။
“မင်းက လာရဲသေးတယ်ပေါ့”
“ဘာဖြစ်လို့လဲ”
လော့ချန် ထမင်းပန်းကန်ကို ကိုင်ထားရင်း ကြောင်သွားသည်။
“မင်းရဲ့ ဆေးဖော်ဆောင်က ဒီရက်ပိုင်း ငါတို့ဆီက လူတွေအကုန် ခေါ်သွားတာလေ၊ အခု ငါတို့မှာ လူအင်အား ပြတ်လပ်နေပြီ”
မုရုံချင်းလျန်က သက်ပြင်းချရင်း ပြောလိုက်သည်။ သို့သော် သူမ အမှန်တကယ် စိတ်ဆိုးနေခြင်းတော့ မဟုတ်ပေ။
“ငါ အခု ဂိုဏ်းရဲ့ အပြင်စည်းအဖွဲ့ဝင်တွေထဲကနေ သင့်တော်တဲ့သူတွေကို ထပ်ပြီး ရွေးချယ်နေရတာ၊ ဒါတွေက သူတို့ရဲ့ နောက်ခံမှတ်တမ်းတွေပဲ၊ ငါတို့က စိတ်ချရတဲ့သူတွေကိုပဲ ရွေးရမယ်”
သူမက ဝါးစာလိပ်ပုံကြီးကို ညွှန်ပြကာ ပြောသည်။ ဝါးစာလိပ်ပုံကြီးမှာ ဂိုဏ်း၏ လစ်ဟင်း အလုပ်နေရာများအတွက် အလုပ်လျှောက်လွှာ များဖြစ်သည်။
မုရုံချင်းလျန်က လော့ချန်၏ ပန်းကန်လုံးကြီးကို ကြည့်ကာ ပြောလိုက်သည်။
“မင်းကို ဂိုဏ်းက ရှယ်တွေ ကျွေးနေတာပဲ…. ပန်းကန်ကလည်း မောက်နေတာပဲနော်၊ ဖြည်းဖြည်းစား စားပိုးနင့်နေဦးမယ်”
လော့ချန်က ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက်သည်။
“ဟာ ကျွန်တော်က ဖိုရှန်းဂိုဏ်းရဲ့ ငွေတွင်းကြီးပဲလေ၊ ကျွန်တော်သာ ဒီလို အထူးအခွင့်အရေး မရရင် ဘယ်သူ ရဦးမှာလဲ”
သူ ကျေနပ်စွာ ပြုံးလိုက်မိသည်။ ဖိုရှန်းဂိုဏ်းသို့ ဝင်ရောက်ကာ ဆေးဖော်ဆောင်ကို တာဝန်ယူလိုက်ခြင်းမှာ သူ၏ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်ဟု ဝန်ခံရပေလိမ့်မည်။ အစပိုင်းတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်မည်ဟု ထင်ခဲ့သော်လည်း ရရှိလာသော အကျိုးကျေးဇူးများမှာ များပြားလှသည်။
ယခုအခါ သူသည် စားဝတ်နေရေးနှင့် ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်စရာ မလိုတော့ပေ။
အစောင့်အရှောက်များက သူ့အား စောင့်ရှောက်ပေးနေသလို၊ ကုန်ကြမ်းများမှာလည်း အိမ်အရောက် ရောက်ရှိလာသည်။ ထို့အပြင် တစ်လလျှင် ချီစွမ်းအင်ဖြည့်ဆေးလုံး လေးပုလင်းဆိုသည့် လစာမှာလည်း အလွန်ပင် များလှသည်။
သို့သော် လော့ချန်မှာမူ ဤမျှနှင့် မတင်းတိမ်နိုင်သေးပဲ ‘မလုံလောက်သေးဘူး’ ဟု တွေးလိုက်သည်။
ဖိုရှန်းဂိုဏ်းမှာ ချမ်းသာပြီး မီရှုဟွာမှာလည်း ပို၍ ကြွယ်ဝသည်။ လော့ချန်သည် အကျိုးအမြတ် ပိုမို ရရှိနိုင်မည့် အစီအစဉ်သစ်တစ်ခုကို စတင် စဉ်းစားနေတော့သည်။
သူ၏ မျက်ဝန်းများမှာ လူလည်ကျမည့် အရိပ် အရောင်များဖြင့် တောက်ပနေပြီး နောက်ထပ် မည်သို့ လူလည်ကျ ရမည်ကိုသာ တွေးနေမိတော့သည်။