လော့ချန်လေးကို အလိုလိုက်မည့် ဂိုဏ်းချုပ်မီ
Vol. 10 Ch. 92
နေ့ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ လော့ချန်၏ အဆင့်အတန်းမှာလည်း တစ်စတစ်စ ပြောင်းလဲလာခဲ့သည်။
တစ်ကိုယ်တော်ကျင့်ကြံသူဘဝမှ နောက်လိုက်တစ်ယောက်၊ နောက်လိုက်ဘဝမှ အလုပ်သမားတစ်ယောက်၊ အလုပ်သမားဘဝမှ တစ်ဆင့်ပြီးတစ်ဆင့် သူသည် ဂိုဏ်း၏ အဖိုးတန် လက်တွဲဖော် တစ်ဦး ဖြစ်လာခဲ့လေပြီ။ သူနှင့်အတူ ဆေးဖော်ဆောင်ကြီးမှာလည်း သိသိသာသာ ပြောင်းလဲလာခဲ့သည်။
ယခင်က ဖရိုဖရဲ ဖြစ်နေခဲ့သော နေရာလေးမှာ ယခုအခါ စနစ်တကျ လည်ပတ်နေသော စက်ယန္တရားကြီးတစ်ခုနှယ် ဖြစ်နေသည်။
အလုပ်သင် ဆေးဖော်စပ်သူများမှာ အခြေကျလာပြီး၊ မီးထိန်းသူများမှာလည်း ကျွမ်းကျင်မှု တိုးတက်လာကာ၊ ဆေးလုံးထိန်းသိမ်းသူများမှာလည်း တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူတို့၏ တာဝန်များကို တိကျစွာ ထမ်းဆောင်နေကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လတာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
လကုန်ပိုင်းတွင် လော့ချန်သည် ဖိုရှန်းဂိုဏ်း၏ အတွင်းရေး အစည်းအဝေးတစ်ခုသို့ တက်ရောက်ခဲ့သည်။ ထိုနေရာတွင် သူ၊ မီရှုဟွာ၊ မီကျွင်းဖျင်၊ တိုက်ခိုက်ရေးအဖွဲ့ ခေါင်းဆောင်သုံးဦးဖြစ်သော ကျန်းဝမ်၊ လော့ဝူတီ၊ ယန်ဝေ၊ ဆေးဖော်ဆောင်၏ တာဝန်ခံနှစ်ဦးဖြစ်သော စီကုန်းရှို့ကျားနှင့် ကူချိုင်ယီတို့သာ ရှိကြသည်။
အစည်းအဝေးတွင် တိုက်ခိုက်ရေးအဖွဲ့ သုံးဖွဲ့စလုံးမှ လူအင်အား ဆယ်ဦးစီ (ချီသန့်စင် အဆင့်မြင့် တစ်ဦးနှင့် အလယ်အလတ်အဆင့် ကိုးဦး) ခွဲထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
ဤအဖွဲ့ငယ် သုံးဖွဲ့မှာ နောင်တွင် ဆေးဖော်ဆောင်အတွက်သာ သီးသန့် အလုပ်အကျွေး ပြုရမည်ဖြစ်ပြီး ကာကွယ်ရေး၊ ပို့ဆောင်ရေးနှင့် ကုန်ကြမ်းဝယ်ယူရေး လုပ်ငန်းများကို တာဝန်ယူရမည် ဖြစ်သည်။
အစည်းအဝေးအတွင်း လော့ဝူတီက အကြံပြုချက်တစ်ခု တင်ပြခဲ့သည်။
“ကျွန်တော့်မှာ နှင်းကြာပန်း စျေးမြို့တော်နဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ရှိတယ်၊ နည်းနည်းတော့ စွန့်စားရပေမဲ့ အဲဒီလမ်းကြောင်းကိုသာ ဖောက်နိုင်ရင် အမြတ်က တကယ့်ကို အများကြီး ရလိမ့်မယ်”
“စွန့်စားမှ အကျိုးများမယ်ဆိုတဲ့ စကားလည်း ရှိတာပဲ၊ စမ်းကြည့်သင့်တာပေါ့”
တစ်စုံတစ်ယောက်က ထောက်ခံလိုက်သည်။ အခြားသူများမှာလည်း စိတ်ဝင်တစား ရှိပုံရသည်။
သို့သော် လော့ချန်၏ လက်ရှိ ဆေးထုတ်လုပ်မှုနှုန်းကို သိထားသော မီရှုဟွာက ထိုအကြံကို ပယ်ချလိုက်တော့သည်။
“ဒီလမှာ ဆေးဖော်ဆောင်က အံ့ဖွယ်တစ်သောင်းဆေးလုံး ၉၈၀ ပဲ ထုတ်နိုင်သေးတယ်၊ ဒါက တာဟဲစျေးမြို့တော်ရဲ့ ဝယ်လိုအားကိုတောင် မနည်းဖြည့်ဆည်းနေရတာပဲ၊ တကယ်လို့ နှင်းကြာပန်းလမ်းကြောင်းကို ဖောက်လိုက်ရင်တောင် ငါတို့မှာ ရောင်းစရာ ဆေးအလုံအလောက် မရှိဘူး”
“ဒါ့အပြင် အဲဒီနေရာက အေးစက်ခြောက်သွေ့ပြီး တာဟဲစျေးမြို့တော်လောက် မစည်ကားဘူး၊ လုပ်ရကျိုး မနပ်ဘူး”
မီရှုဟွာ၏ ပြတ်သားသော စကားကြောင့် လော့ဝူတီမှာ စိတ်ပျက်သွားရသည်။ သူသည် ဝမ်ယွမ်ကဲ့သို့ပင် သူ၏ ညီအစ်ကိုတစ်ဦးအား နေရာပေးရန် ကြိုးစားခဲ့ခြင်း ဖြစ်သော်လည်း ဆေးထုတ်လုပ်မှု ကန့်သတ်ချက်ကြောင့် လော့ချန်ကိုသာ ပို ကြိုးစားရန် တိုက်တွန်းလိုက်ရတော့သည်။
လော့ချန်ကမူ ခပ်အေးအေးပင် ရယ်မောရင်း “အစွမ်းကုန် ကြိုးစားပါ့မယ်” ဟုသာ ပြန်ပြောလိုက်သည်။
အစည်းအဝေးအပြီးတွင် လော့ချန်သည် မီကျွင်းဖျင်၏ လက်ထဲမှ ချီစွမ်းအင်ဖြည့်ဆေးလုံး လေးပုလင်းကို မယုံနိုင်စရာ ကောင်းလောက်အောင် တည်ငြိမ်စွာ ယူဆောင်သွားသည်ကို အားလုံး ငေးကြည့်နေကြရသည်။
“တစ်လကို နှစ်ပုလင်းပဲ မဟုတ်လား”
“ဒီကောင်က ဘယ်တုန်းက လစာတိုးသွားတာလဲ”
“လော့ချန်က မီရှုဟွာရဲ့ တရားမဝင် သားများလားကွာ”
အစရှိသော အတင်းအဖျင်း စကားများကို လော့ချန် ဂရုမစိုက်ပေ။ သူသည် တစ်လလျှင် ဆေးလုံး တစ်ထောင်နီးပါး ထုတ်ပေးနေသူ ဖြစ်ရာ ထိုဆေးလုံးများ၏ တန်ဖိုးမှာ ဝိညာဉ်ကျောက် ၄၀၀၀၊ ၅၀၀၀ ဝန်းကျင် ရှိသည်။ တစ်နည်းအားဖြင့် သူ၏ တစ်လစာ ထုတ်လုပ်မှုမှာ ချီစွမ်းအင်ဖြည့်ဆေးလုံး ပုလင်း ၅၀ သို့မဟုတ် ထိပ်တန်း မှော်လက်နက် နှစ်ခုစာနှင့်ပင် ညီမျှသည်။
ထို့ကြောင့် မီရှုဟွာတို့သားအဖ မည်မျှပင် နှမြောနေပါစေ၊ လော့ချန်အား ဤလစာပေးရန်မှတစ်ပါး အခြားနည်းလမ်း မရှိပေ။
….
မှောင်မိုက်သော ညကောင်းကင်ယံအောက်တွင် လော့ချန် သူ၏ ခုတင်ပေါ်၌ ထိုင်နေသည်။
သူသည် ချီစွမ်းအင်ဖြည့်ဆေးလုံး၏ စွမ်းအားများကို စုပ်ယူရင်း ပါရမီရှင်အဆင့် နွေဦးကျင့်စဉ်အား လည်ပတ်စေလိုက်ရာ ချီစွမ်းအားများမှာ သူ၏ သွေးကြောများအတွင်း၌ လှိုင်းလုံးကြီးများနှယ် တိုးဝှေ့ စီးဆင်းလာတော့သည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြည့်သိပ်နေသော ချီစွမ်းအားများမှာ ပို၍ ကြီးထွားလာသည်။
လော့ချန် အံကို တင်းတင်းကြိတ်ကာ နောက်ထပ် ဆေးတစ်လုံးကို ထပ်မံ မျိုချလိုက်သည်။
“ဒီနေ့ ငါ ချီသန့်စင် အဆင့် ၆ ကို တက်လှမ်းမယ့် နေ့ပဲ၊ တစ်ချီတည်းနဲ့ အောင်မြင်အောင် လုပ်မယ်”
သူ ပြန်လည် မျက်လုံးဖွင့်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ချီစွမ်းအား လှိုင်းနှုန်းများမှာ အဆင့် (၆) သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သက်သေပြနေသည်။
အဆင့် - ချီသန့်စင် အဆင့် ၆ (၁/၁၀၀)
အောင်မြင်မှု၏ ပျော်ရွှင်မှုမှာ ခဏတာသာ ဖြစ်သည်။ လော့ချန်သည် တွက်ချက်မှုတစ်ခုကို ပြုလုပ်ကြည့်လိုက်ပြီးနောက် မျက်နှာပျက်သွားရသည်။ အဆင့် (၃) တွင် ဆေးတစ်လုံးဖြင့် ၂ မှတ်တိုးစေခဲ့သော်လည်း၊ အဆင့် (၄) တွင် ၁ မှတ်၊ အဆင့် (၅) တွင် ဆေးနှစ်လုံးမှ ၁ မှတ်သာ တိုးခဲ့သည်။
ယခု အဆင့် (၆) တွင်မူ ၁ မှတ် တိုးရန်အတွက် ဆေးငါးလုံးခန့် လိုအပ်နေပြီ ဖြစ်သည်။ ဆိုလိုသည်မှာ အဆင့် (၇) သို့ ရောက်ရန်အတွက် ဆေးပုလင်း ငါးဆယ် (ဝိညာဉ်ကျောက် ငါးထောင်တန်ဖိုး) လိုအပ်မည် ဖြစ်သည်။
သူ စိတ်ပျက်လက်ပျက်နှင့် အခြားသူများထက် အဘယ်ကြောင့် ပိုကုန်နေရသည်ကို စဉ်းစားနေမိသည်။ သူ၏ ဝိညာဉ်မြစ် ငါးမျိုး သို့မဟုတ် သွေးကြောအားလုံးအား ပွင့်စေသော ပါရမီရှင်အဆင့် ကျင့်စဉ် များကြောင့်ပေလောဟု ဝေခွဲမရဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ၊ သူသည် ကျင့်ကြံရေး အရင်းအမြစ်များအား ယခုထက် ပိုမို လိုအပ်နေပြီ ဖြစ်သည်။ ထို့အပြင် ချီစွမ်းအင်ဖြည့်ဆေးလုံးအပေါ် ဆေးယဉ်ပါးလာမှုကိုလည်း ဖြေရှင်းရပေဦးမည်။
လော့ချန် သက်ပြင်းတစ်ချက်ချကာ ခုတင်ပေါ်မှ ထရပ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ်…. ဒီနေ့ အဆင့်တက်တာကိုတော့ အောင်ပွဲခံရမယ်ကွာ”
ထို့နောက် သူ နာနတ်ဝိုင် တစ်ခွက် ငှဲ့ယူကာ ရင်ပြင်ထဲသို့ ထွက်လာခဲ့သည်။
ညမှောင်မှောင်တွင် လမင်းကြီးမှာ သာယာစွာ လင်းပနေလျက်ရှိနေပြီး ကြယ်လေးများမှာလည်း မှိတ်တုတ်မှိတ်တုတ်ဖြင့် လှပနေသည်။
ရင်ပြင်ထဲရှိ ဒန်းလေးပေါ်တွင် တစ်ယောက်တည်း ထိုင်ကာ ငေးမောနေသော ပုံရိပ်တစ်ခုကို သူ တွေ့လိုက်ရသည်။
“မိန်းကလေးချိုင်ယီ.... မအိပ်သေးဘူးလား”
ကူချိုင်ယီသည် လော့ချန် ရောက်လာသည်ကို သိသော်လည်း ထမရပ်ဘဲ ခေါင်းညိတ်ရုံသာ ပြုလိုက်သည်။ ခဏအကြာတွင် သူမ မေးလိုက်သည်။
“ရှင် အဆင့် (၆) ကို ရောက်သွားပြီလား”
“ဟာ တန်းသိသွားတာပဲလား၊ ဟားဟား…. ပါရမီရှင်ဆိုတာ ဘယ်လောက်ပဲ ဖုံးဖုံး၊ ထွင်းဖောက်မြင်တာပဲနော်”
လော့ချန်က နောက်ပြောင်လိုက်ရင်း ချီဖုံးကွယ်အတတ်ကို အသုံးပြုကာ သူ၏ အဆင့်ကို အဆင့် (၅) သို့ ပြန်လည် နှိမ့်ချပစ်လိုက်သည်။
ကူချိုင်ယီက သူ့အား တစ်ချက်ကြည့်ကာ လေသံတိုးတိုးဖြင့် ပြန်ပြောသည်။
“အဆင့် (၅) ပဲ မြင်ရတော့တယ်”
လော့ချန်မှာ ကျေနပ်သွားသော်လည်း ကူချိုင်ယီ၏ အမူအရာမှာမူ ဝမ်းနည်းရိပ်များ ဖုံးလွှမ်းနေသည်ကို သတိပြုမိလိုက်သည်။
“မိန်းကလေးချိုင်ယီ.... ဘာဖြစ်လို့လဲ၊ စိတ်မကောင်းဖြစ်စရာ တစ်ခုခု ရှိလို့လား”
သူမက သက်ပြင်းချရင်း ခါးသီးစွာ ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး.... ရှင့်ရဲ့ တိုးတက်မှုကို ကြည့်ရင်း ကျွန်မရဲ့ အခြေအနေကို ပြန်တွေးမိလို့ပါ၊ ရှင့်ရဲ့ ဝင်ငွေက တိုးလာပေမဲ့ ကျွန်မရဲ့ ဝင်ငွေကတော့ သိသိသာသာ ကျသွားခဲ့ပြီ”
လော့ချန် ဆွံ့အသွားရသည်။ ကူချိုင်ယီသည် ယခင် ထျန်းရှန်းမျှော်စင်တွင် ရှိစဉ်က နာမည်ကြီး ကချေသည်တစ်ဦးဖြစ်ရာ ဝင်ငွေ အလွန်ကောင်းခဲ့သည်။ သို့သော် ဖိုရှန်းဂိုဏ်းသို့ ရောက်လာသည့်အခါတွင်မူ သူမ၏ လစာမှာ တစ်လလျှင် ဝိညာဉ်ကျောက် တစ်ရာကျော်သာ ရှိတော့သည်။
ထိုပမာဏမှာ အဆင့် (၉) ကျင့်ကြံသူတစ်ဦးအတွက် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် မဆိုထားနှင့်၊ နေ့စဉ် ကျင့်ကြံမှုအတွက်ပင် မလုံလောက်ပေ။
“ကျွန်မ အသက် ၃၉ နှစ် ရှိပြီ…. အခြေခံတည်ဆောက်ခြင်းအဆင့်ကို အမြဲ အိပ်မက်မက်ခဲ့ပေမဲ့ အခုတော့ အဲဒါက ဝေးသထက် ဝေးသွားပြီ”
သူမ၏ အသံမှာ တုန်ယင်နေသည်။
“ထျန်းရှန်းမျှော်စင်ကနေ ထွက်လာခဲ့တာ မှန်ကန်တဲ့ ရွေးချယ်မှု ဟုတ်ရဲ့လားလို့တောင် ကျွန်မ မကြာခဏ တွေးမိတယ်”
လော့ချန် သူမအား မည်သို့ နှစ်သိမ့်ရမည်ကို မသိပေ။ ထို့ကြောင့် ညင်သာစွာသာ ပြောလိုက်သည်။
“အကောင်းဆုံး ရွေးချယ်မှု မဟုတ်ရင်တောင် မှားယွင်းတဲ့ ရွေးချယ်မှုတော့ မဟုတ်ပါဘူးဗျ၊ ထျန်းရှန်းမျှော်စင်က ဟွားမျိုးရိုးနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ အမျိုးသမီး ကျင့်ကြံသူ နှစ်ယောက် သုံးယောက်လောက် သေဆုံးသွားပြီလို့ ကျွန်တော် ကြားတယ်”
ကူချိုင်ယီမှာ တိတ်ဆိတ်သွားတော့သည်။ လော့ချန်လည်း သက်ပြင်းချလိုက်မိသည်။
သူတို့နှစ်ဦး၏ အခြေအနေမှာ ကွာခြားလွန်းလှသည်။ သူသည် ဆေးဖော်စပ်သူတစ်ဦးဖြစ်သဖြင့် အပိုအကျိုးအမြတ်များ ရနေသော်လည်း သူမမှာမူ သာမန်အလုပ်သမားတစ်ဦးသာ ဖြစ်နေသည်။
ဤသည်ကို တွေးမိရင်း လော့ချန် အရေးကြီးသောအချက်ကို သတိပြုမိလိုက်သည်။ သူ၏ အောင်မြင်မှုအပေါ် မှီခိုနေရသော လူပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူသာ ရလဒ်ကောင်းများ ထပ်မံ မပြသနိုင်ပါက ဤလူအုပ်စုကြီးမှာ တဖြည်းဖြည်း ပြိုကွဲသွားနိုင်ပေသည်။
ကျောက်စိမ်းအမြုတေ ဆေးလုံး ဖော်စပ်ရန် အချိန်ဆွဲ နေ၍ မဖြစ်တော့ပေ။
အချိန်အလွန်ကြာသွားပါက သူ့ဘက်တွင် ရပ်တည်ပေးကြသူများ အတွက်သာမက သူရှေ့ဆက်ရမည့် ကျင့်ကြံမှု ခရီးလမ်းအတွက်လည်း ခြိမ်းခြောက်မှုများဖြစ်လာနိုင်သည်။
အံ့ဖွယ်တစ်သောင်းဆေးလုံးမှာ ဝင်ငွေ တည်ငြိမ်သော်လည်း ဖော်စပ်ရာတွင် ထွက်လာသည့် ဆေးလုံးအရေအတွက်မှာ အကန့်အသတ် ရှိသည်။ ကျောက်စိမ်းအမြုတေ ဆေးလုံးကဲ့သို့ ကျင့်ကြံမှုကို တိုက်ရိုက် အကျိုးပြုသော ဆေးလုံးများသာလျှင် ငွေတွင်းအစစ်အမှန်များ ဖြစ်ပေလိမ့်မည်။