လော့ချန်၏ ပေါင်းကူးတံတား ဂိုဏ်းချုပ်မီ
Vol. 10 Ch. 93
ယနေ့သည်လည်း ဖိုရှန်းဂိုဏ်း၏ ဆေးဖော်ခန်းမခေါင်းဆောင် လော့ချန်အတွက် အလုပ်များလှသော နေ့တစ်နေ့ပင် ဖြစ်သည်။
ဆေးမဖော်စပ်မီ လော့ချန်သည် တာဝန်ခံနှစ်ဦးနှင့် အဆင့်မြင့် ချီသန့်စင်အဆင့် ကျင့်ကြံသူ သုံးဦးအား ခေါ်ယူတွေ့ဆုံခဲ့သည်။ ထိုသုံးဦးမှာ တိုက်ခိုက်ရေးအဖွဲ့ သုံးဖွဲ့မှ ရွေးချယ်ထားသော ကျင့်ကြံသူများဖြစ်ပြီး ဆေးလုံးများအား သတ်မှတ်ထားသော အရောင်းဌာနများသို့ ပို့ဆောင်ရန် တာဝန်ယူရမည့် အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည်။
အံ့ဖွယ်တစ်သောင်းဆေးလုံး အလုံး ၁၀၀၀ ခန့်အား ပို့ဆောင်ရန်အတွက် ကျင့်ကြံသူ အယောက်သုံးဆယ်ဖြင့် ခြံရံသွားခြင်းမှာ ခြင်ကို အမြောက်နှင့် ပစ်သကဲ့သို့ ပုံကြီးချဲ့လွန်းသည်ဟု ထင်ရသော်လည်း ဂိုဏ်းချုပ်၏ တိုက်ရိုက်အမိန့် ဖြစ်သဖြင့် မည်သူမျှ မေးခွန်းမထုတ်ဝံ့ကြပေ။
သို့သော် လော့ချန်ကမူ နားလည်ထားသည်။ ဤအစီအစဉ်မှာ လက်ရှိဆေးလုံးများအတွက် မဟုတ်ဘဲ အနာဂတ်တွင် ထွက်ပေါ်လာမည့် ကျောက်စိမ်းအမြုတေ ဆေးလုံးများအတွက် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်သည်။
ပို့ဆောင်ရေးအဖွဲ့ ထွက်ခွာသွားပြီးနောက် လော့ချန်သည် ဆေးဖော်စပ်ခန်းအတွင်းသို့ အေးအေးလူလူ လှမ်းဝင်လိုက်သည်။
ကူချိုင်ယီသည် အလုပ်သင်များကို ညွှန်ကြားကာ ကုန်ကြမ်းသေတ္တာများအား အစီအရီ ချထားစေရင်း အလုပ်များနေသည်။ မီးထိန်းသူများမှာလည်း သူတို့၏ နေရာအသီးသီးတွင် အသင့်စောင့်ဆိုင်းနေကြသည်။
“ဒီနေ့အတွက် ဆေးဖော်စပ်တာကို စတင်ကြစို့”
ဟု သူ ခန့်ညားစွာ ကြေညာလိုက်သည်။
အနီးနားရှိ ကျင့်ကြံသူများမှာ လော့ချန်အား မနာလိုစိတ်ဖြင့် ငေးကြည့်နေကြသည်။
တစ်လတာလုံး တူညီသော အလုပ်များကို ထပ်ခါတလဲလဲ လုပ်ကိုင်နေရသဖြင့် သူတို့မှာ ငြီးငွေ့လာကြပြီ ဖြစ်သည်။ နေ့စဉ်နေ့တိုင်း ကုန်ကြမ်းပြင်ဆင်၊ မီးထိန်း၊ ဆေးဖိုဆေးကြော စသည့် ပျင်းရိငြီးငွေ့ဖွယ် အလုပ်များမှာ ကျင့်ကြံသူများအတွက်ပင် အသက်ရှူကျပ်စရာ ကောင်းလှပေသည်။
အကယ်၍ ဤသည်မှာ ကျင့်ကြံခြင်းလောက မဟုတ်ဘဲ ကမ္ဘာမြေသာ ဖြစ်ပါက ဤလူများသည် စက်ရုံတစ်ခု၏ အလုပ်သမားများသာ ဖြစ်ကြပေလိမ့်မည်။ သို့သော် လော့ချန်ကမူ ထိုအချက်ကို ဂရုမစိုက်ပေ။
သူသည် ခက်ခဲသော လမ်းကို ကျော်ဖြတ်ခဲ့ပြီးပြီဖြစ်၍ ယခုအခါ အသီးအပွင့်များကို ခံစားနေခြင်း ဖြစ်သည်။ ထျန်းရှန်းမျှော်စင်မှ နာမည်ကျော် ရှန်းရှန်း ပင်လျှင် ဂိုဏ်းတစ်ခု၌ မီးထိန်းအလုပ်သင်အဖြစ် သုံးနှစ်တာ အချိန်ကုန်ဆုံးခဲ့ရသည်။ ထို့ကြောင့် အောင်မြင်မှုတိုင်းမှာ အောက်ခြေမှ စရပြီး သည်းခံနိုင်စွမ်းလည်း လိုအပ်လှသည်။
သူ့ဘေးတွင်မူ မီလီတစ်ယောက် အလုပ်ရှုပ်နေသည်။ သူမသည် လော့ချန်၏ နဖူးမှ ချွေးများကို သုတ်ပေးသလို၊ သူ အလိုရှိသည့်အခါတိုင်း ဝိုင်ကို ကမ်းပေးတတ်သည်။ ဆေးဖော်စပ်နည်း လာရောက်လေ့လာသူ ဖြစ်သော်လည်း ယခုအခါတွင်မူ လော့ချန်၏ ကိုယ်ပိုင်အစေခံလေး တစ်ဦးနှယ် ဖြစ်နေတော့သည်။ သူမ ကိုယ်တိုင်လည်း ဤအခြေအနေသို့ မည်သို့ ရောက်သွားသည်ကို မဝေခွဲတတ်တော့ပေ။
တစ်လတာလုံး အာရုံ စူးစိုက်လေ့လာခဲ့သော်လည်း မီလီမှာ သိသိသာသာ တိုးတက်မှု မရှိသေးပေ။ ဆေးတစ်သုတ် ဖော်စပ်ပြီးသွားသောအခါ သူမ သက်ပြင်းချရင်း စိတ်ပျက်လက်ပျက် ဖြစ်နေစဉ်မှာပင် ဆေးဖိုဖုံး ပွင့်သွားတော့သည်။
သင်းပျံ့လှသော ဆေးရနံ့များက အခန်းတစ်ခုလုံးအား ဖုံးလွှမ်းသွားသည့်အခါ သူမ၏ အာရုံများ ပြန်လည် နိုးကြားလာသည်။ သူမသည် ဆေးဖိုအတွင်းသို့ ငုံ့ကြည့်လိုက်ပြီးနောက် မျက်လုံးအစုံ ပြူးကျယ်သွားရတော့သည်။
လော့ချန်၏ လက်ချောင်းထိပ်တွင် ရှိနေသော ဆေးလုံးမှာ သစ်သီးတစ်လုံးခန့် အရွယ်အစားရှိပြီး ခရမ်းရောင်သန်းသော အနီရင့်ရောင်ဖြင့် တောက်ပနေသည်။ ထိုဆေးလုံးမှာ စူးရှသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။
မီလီ ထိတ်လန့်တကြားဖြင့်
“ထိပ်တန်းအဆင့် အံ့ဖွယ်တစ်သောင်းဆေးလုံး….” ဟု အော်ဟစ်လိုက်မိသည်။
သူမ၏ အသံကြောင့် အနီးနားရှိ ကျင့်ကြံသူအားလုံး၏ အကြည့်မှာ လော့ချန်ထံသို့ ရောက်သွားကြသည်။
လော့ချန်ကမူ တည်ငြိမ်စွာဖြင့် ထိုဆေးလုံးကို မြှောက်ပြလိုက်သည်။
လွန်ခဲ့သော တစ်လအတွင်း ဆေးလုံးပေါင်း တစ်ထောင်ကျော် ဖော်စပ်ခဲ့ပြီးနောက် သူ၏ ကျွမ်းကျင်မှုမှာ ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ယခင်က သူသည် ဖိုရှန်းဂိုဏ်းသို့ ရောက်ကာစ ဖြစ်သဖြင့် ဤအရည်အချင်းကို ဖုံးကွယ်ထားခဲ့သော်လည်း ယခုမူ အရင်းအမြစ်များ ရရှိရေးအတွက် တစ်ခါတစ်ရံ ယခုကဲ့သို့ စွမ်းဆောင်ပြရန် လိုအပ်သည်ဟု သူ ယူဆလိုက်သည်။
သူသည် ထိုဆေးလုံးအား မီလီထံသို့ အသာလေး ဝှေ့ယမ်း ပစ်ပေးလိုက်သည်။
သူမ အလန့်တကြား ဖမ်းယူလိုက်ရသည်။ လော့ချန်သည် စကားတစ်ခွန်းမှ မဆိုဘဲ သူ၏ သီးသန့် ကျောက်တုံးအိမ်လေးအတွင်းသို့ မြောက်ကြွကြွနှင့် လှမ်းဝင်သွားသည်။
“ဒီနေ့ ဆေးဖော်စပ်ရင်းနဲ့ ငါ အကြံဥာဏ် တစ်ခု ရခဲ့တယ်၊ အဲ့ဒါကြောင့် ငါ သုံးရက်ကြာ တံခါးပိတ် ကျင့်ကြံတော့မယ် ဘယ်သူမှ လာမနှောင့်ယှက်စေနဲ့”
ကျောက်တံခါးမှာ မြည်ဟည်းသံနှင့်အတူ ပိတ်သွားတော့သည်။ မီရှုဟွာ ကိုယ်တိုင် တပ်ဆင်ပေးထားသော ပထမအဆင့် ကာကွယ်ရေး အစီအရင်များမှာလည်း ချက်ချင်းပင် အသက်ဝင်လာခဲ့သည်။
မီလီမှာမူ လက်ထဲမှ ဆေးလုံးကို ကြည့်ရင်း ကြောင်တောင်တောင် ကျန်ရစ်ခဲ့ပြီးမှ သတိဝင်လာကာ မီမိသားစု စံအိမ်တော်သို့ အလောတကြီး ပျံသန်း ထွက်ခွာသွားတော့သည်။
….
“ဝင်လာခဲ့…. ငါ့ကို ဒီလောက် အသည်းအသန် လာတွေ့ရအောင် ဘာကိစ္စလဲ”
မီရှုဟွာ၏ အသံမှာ သူ၏ ကျင့်ကြံခန်းအတွင်းမှ ထွက်ပေါ်လာသည်။
သူသည် ဂိုဏ်း၏ ကိစ္စရပ်များကြောင့် ကျင့်ကြံရန် အချိန်မရဘဲ ဖြစ်နေခဲ့သည်။ ယခုမှ တံခါးပိတ် ကျင့်ကြံခွင့်ရသည်မှာ နှစ်ရက်ပင် မရှိသေးပေ။ ထိုအချိန်တွင်မှာမှ အသံပို့လွှင့်အတတ်ဖြင့် အတင်းအကျပ် ခေါ်ယူခံရသဖြင့် အတော်လေး တင်းနေသည်။
မြေးမဖြစ်သူ မီလီက ချက်ချင်း စကားစလိုက်သည်။
“ထိပ်တန်းအဆင့် ဆေးလုံး.... ခေါင်းဆောင်လော့ချန် ဒီနေ့ပဲ ဖော်စပ်လိုက်တာပါ” ဟု ပြောကာ သူမ၏ လက်ထဲမှ ဆေးလုံးကို ရိုသေစွာ ဆက်သလိုက်သည်။
မီရှုဟွာမှာ တဒင်္ဂမျှ ဆွံ့အသွားသည်။ သူသည် ဆေးလုံးပေါ်ရှိ လိုင်းသုံးကြောင်းနှင့် တောက်ပသော အရောင်အသွေးကို ကြည့်ရင်း တုန်လှုပ်သွားမိသည်။
လော့ချန်သည် ဆေးဖော်စပ်သည့် သက်တမ်း ၁၀ နှစ် သို့မဟုတ် နှစ်၂၀ အတွင်း ထိပ်တန်းအဆင့်ဆေးလုံးအား ဖော်နိုင်နေပြီမှာ ကြောက်မက်ဖွယ်ကောင်းသည့် အရည်အချင်းပင် ဖြစ်သည်။
မီလီက ထပ်လောင်းပြောလိုက်သည်။
“သူက အကြံဉာဏ်တစ်ခု ရခဲ့လို့ သုံးရက်ကြာ တံခါးပိတ် ကျင့်ကြံမယ်လို့ ပြောပါတယ်”
ထိုစကားကို ကြားရသောအခါ မီရှုဟွာတစ်ယောက် ထိုင်မနေနိုင်တော့ပေ။
“အကြံဉာဏ်ဟုတ်လား….သူ ပြန်ထွက်လာရင် ကျောက်စိမ်းအမြုတေ ဆေးလုံးကို ဖော်စပ်နိုင်တော့မှာလား”
မီရှုဟွာ အခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်နေတော့သည်။
“ဟုတ်တယ်.... သေချာပေါက် ဖြစ်နိုင်တယ်၊ ကျောက်စိမ်းအမြုတေ ဆေးလုံးသာ ရရင် ငါ့ရဲ့ မဟာတာအိုက အောင်မြင်တော့မှာပဲ”
ထို့နောက် သူ ရုတ်တရက် ရပ်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။
“သွားစို့…. လခြမ်းတောင်ကြားက ဆေးဖော်ဆောင်ကို သွားမယ်၊ လော့ချန် ကျင့်ကြံနေတဲ့ သုံးရက်အတွင်း ဘယ်သူမှ မနှောင့်ယှက်စေရဘူး၊ သူဘေးမသီရန်မခအောင် ငါကိုယ်တိုင် သွားစောင့်ရှောက်မယ်”
….
ကျောက်တုံးအိမ်လေးအတွင်း၌ လော့ချန်မှာမူ အေးအေးလူလူပင် ရှိနေသည်။
သုံးရက်ကြာ တံခါးပိတ်ကျင့်ကြံခြင်းမှာ သူ့အတွက်တော့ အနည်းငယ် ပျင်းရိစရာ ကောင်းလှသည်။
သူသည် ဝမ်ယွမ်ပေးထားသော ဒုတိယအဆင့် သွေးမိစ္ဆာဆေးလုံး ဖော်စပ်နည်းကို ထုတ်ယူ လေ့လာနေသည်။ ထိုဆေးမှာ ဒုတိယအဆင့် ဖြစ်သဖြင့် နားလည်ရန် ခက်ခဲလှသော်လည်း သူ အစားထိုး ကုန်ကြမ်းများကို စဉ်းစားနေသည်။
လူ့သွေးအစား မိစ္ဆာသားရဲသွေးအား သုံးလို့ ရမည်လား ဟုတွေးတောနေသည်။
သူသည် ပျင်းလာသည့်အခါ ဆေးကျမ်းကို ဖတ်လိုက်၊ ချီဖုံးကွယ်မှော်အတတ်ကို ကျင့်လိုက်၊ သို့မဟုတ် ကုသခြင်းမှော်အတတ်ကို ကျင့်ရန် မိမိကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်လိုက်၊ ပြန်လည် ကုသလိုက်ဖြင့် အချိန်ဖြုန်းနေတော့သည်။
မီရှုဟွာ အမျှော်လင့်ဆုံး ဖြစ်နေသည့် ကျောက်စိမ်းအမြုတေဆေးလုံး အတွက်မူ လော့ချန် စိုးရိမ်ခြင်း မရှိပေ။ ထိုဆေးမှာ ပထမအဆင့် ဆေးနည်းသာ ဖြစ်သဖြင့် သူ၏ စနစ်မှ အောင်မြင်မှုအမှတ်များကို သုံးကာ အချိန်မရွေး သင်ယူနိုင်သည်။
….
သုံးရက်တာ ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
လော့ချန် အခန်းပြင်သို့ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။
အပြင်ဘက်တွင် သူ့အား စောင့်ကြိုနေသော အဘိုးကြီး မီရှုဟွာကို မြင်လိုက်ရသည့်အခါ သူ အံ့အားသင့်သွားမိသည်။
“သုံးရက်ဆိုတဲ့ အချိန်အတွင်းမှာ မင်းက ချီသန့်စင် အဆင့် (၆) ကိုတောင် ရောက်သွားပြီပဲ”
မီရှုဟွာ၏ အက်ရှရှအသံကြီး ထွက်ပေါ်လာသည်။ သို့သော် လော့ချန် ပြန်မပြောနိုင်ခင်မှာပင် အဘိုးကြီးက စိတ်မရှည်စွာဖြင့် ဆက်မေးလိုက်သည်။
“မင်း.... မင်း အခု ကျောက်စိမ်းအမြုတေ ဆေးလုံးကို ဖော်စပ်နိုင်ပြီလား”
လော့ချန်မှာ ကြောင်တောင်တောင် ဖြစ်သွားရတော့သည်။ အဘိုးကြီးသည် ယခုလေးတင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသော လူကိုပင် မျက်နှာသာ မပေးပေ။
အဆင့်တက်သည့်အတွက် ဂုဏ်ပြုလက်ဆောင်လေး ဘာလေး ပေးမည်လား ဟု ယောင်ရမ်း ကြည့်လိုက်သေးသည်။