ကျောက်စိမ်းအမြုတေ ဆေးလုံးကို ဖော်စပ်ခြင်း (၂)
Vol. 10 Ch. 95
စီကုန်းရှို့ကျား၏ ရုတ်တရက် ဆင်ခြေပေးလိုက်မှုအပေါ် မီရှုဟွာ၏ မျက်နှာထားမှာ သံသယအရိပ်အယောင်များဖြင့် ဖုံးလွှမ်းနေဆဲပင်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ထိုစကားများကို သူ လုံးဝ မယုံကြည်ပေ။
သို့သော်ငြားလည်း စီကုန်းရှို့ကျားက အကူအညီတောင်းခံသည့် မျက်ဝန်းများဖြင့် လော့ချန်ထံသို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်ကို မြင်သောအခါ သူသည်လည်း လော့ချန်ထံသို့ အကြည့်လွှဲလိုက်မိသည်။
ဤလူငယ် ဆေးဖော်ဆရာလေး အမှန်တကယ် မည်မျှအထိ တိုးတက်အောင်မြင်နေပြီကို သူ သိလိုစိတ် ပြင်းပြနေသည်။
ကလေးငယ်နှစ်ဦးနှယ် မျှော်လင့်ချက်ကြီးစွာဖြင့် မိမိအား စိုက်ကြည့်နေကြသော အဘိုးကြီးနှစ်ဦး၏ သနားစဖွယ် အကြည့်များကို မြင်ရသောအခါ လော့ချန်မှာ သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။ သူသည် သူ၏ သိုလှောင်အိတ်အတွင်းသို့ လက်နှိုက်ကာ ကျောက်စိမ်းဆေးတစ်ပုလင်းကို ထုတ်ယူလိုက်ပြီး အဘိုးကြီးမီထံသို့ လှမ်းပစ်ပေးလိုက်သည်။
မီရှုဟွာသည် ဆေးပုလင်းကို ဇဝေဇဝါဖြင့် ဖမ်းယူလိုက်သော်လည်း အဖုံးကို ဖွင့်ကာ အတွင်းမှ အရာကို မြင်လိုက်ရသည့် ခဏ၌ သူ၏ မျက်လုံးအစုံမှာ အံ့ဩလွန်း၍ ပြူးကျယ်သွားတော့သည်။
ထို့နောက်တွင်မူ သူ၏ နှုတ်ဖျားမှ
“ဟားဟားဟား….ထင်ထားတဲ့အတိုင်းပါလား၊ မင်းကတော့ တကယ့်ကို ဆေးဖော်စပ်ရာမှာ ပါရမီရှင်ကြီးပါပဲကွာ” ဟု အစချီကာ ဟိန်းထွက်သော ရယ်မောသံကြီး ပေါ်ထွက်လာသည်။
လော့ချန်က သူ့အား လက်မထောင်ပြရင်း ပြန်နောက်လိုက်သည်။
“ ဂိုဏ်းချုပ်မီ က တကယ့်ကို အမြင်စူးရှတာပဲ”
မီရှုဟွာမှာ ခဏတာ ဆွံ့အသွားကာ “အမ် ဒီကောင်လေးကတော့ တကယ့်ကို အရှက်ရော အကြောက်အလန့်ရော မရှိတဲ့ကောင်” ဟုတွေးလိုက်သည်။
သို့သော်လည်း ကျောက်စိမ်းပုလင်းအတွင်းမှ ဖြူဖျော့ဖျော့ ဆေးလုံးလေးကို လက်ဖဝါးပေါ်သို့ လောင်းချလိုက်သည့်အခါ သူ၏ မျက်နှာတွင် ဝမ်းသာအားရမှုများ ပြန်လည် ဖုံးလွှမ်းသွားပြန်သည်။
“ကောင်လေး…. ဒီကိုလာခဲ့စမ်းကွာ”
လော့ချန်သည် အမှတ်မထင် ရှေ့သို့တစ်လှမ်း တိုးလိုက်မိပြီးမှ သူ့ကိုခေါ်သည်မဟုတ်မှန်း သတိထားမိသွားကာ မျက်နှာပျက်ပျက်ဖြင့် ပြန်ရပ်လိုက်သည်။
‘တောက်…. သူက လော့အာဒူကို ခေါ်တာပဲ၊ တစ်နေ့ ငါ့ဘုန်းတန်ခိုး ထွန်းတောက်လာတဲ့အခါ လူတွေကြားထဲ ရိုသေခန့်ညားပြီး ပထမဦးစားပေးဖြစ်နေစေရမယ်’ ဟု စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။
လော့ဝူတီ၏ တူဖြစ်သူ လော့အာဒူသည် နားမလည်နိုင်သော မျက်နှာပေးဖြင့် ရှေ့သို့ တိုးလာခဲ့သည်။
“ဂိုဏ်းချုပ်ကြီး”
“ဒီဆေးလုံးကို သောက်လိုက်စမ်း”
“မင်းရဲ့ ကျင့်စဉ်ကို အသက်သွင်း၊ ချီကို လှည့်ပတ်ပြီး ဆေးလုံးကို ချေဖျက်ကြည့်လိုက် ပြီးရင် မင်း ဘယ်လိုခံစားရလဲဆိုတာ ငါ့ကို ပြန်ပြော”
မီရှုဟွာက အမိန့်ပေးသံဖြင့် ညွှန်ကြားလိုက်သည်။
“နားလည်ပါပြီ ခင်ဗျာ” ဟု လော့အာဒူက ချက်ချင်း ပြန်ပြောလိုက်သည်။
လော့အာဒူသည် ပုံမှန်အားဖြင့် ခပ်ပေါ့ပေါ့နေတတ်သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ရှေ့မှောက်တွင်မူ အလွန်ပင် လိမ္မာယဉ်ကျေးနေတော့သည်။
သူသည် ကျောက်စိမ်းအမြုတေ ဆေးလုံးကို မျိုချလိုက်ပြီးနောက် သူ၏ ကျင့်စဉ်ကို ချက်ချင်း အသက်သွင်းကာ ချီစွမ်းအားကို စတင် လှည့်ပတ်တော့သည်။
ထိုအခိုက်အတန့်တွင် သူ၏ ကိုယ်နေဟန်ထားမှာ အလွန်ပင် ထူးဆန်းသွားသည်။ ကြည့်ရသည်မှာ ဆောင့်ကြောင့်ထိုင်နေသော ဖားပြုတ်တစ်ကောင်လိုလို၊ သို့တည်းမဟုတ် တောင်ပေါ်မှ ဆင်းလာသည့် အမွှေးအမျှင်များ ထောင်ထနေသော သားရဲကျားတစ်ကောင်လိုလို ဖြစ်နေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လော့ချန်မှာမူ အံ့အားသင့်ကာ မှင်သက်သွားရတော့သည်။
သူ၏ ဇဝေဇဝါ ဖြစ်နေသော အမူအရာကို မြင်သောအခါ ကူချိုင်ယီက အနားသို့ ကပ်ပြီး တီးတိုးရှင်းပြသည်။
“ကျင့်စဉ်တိုင်းမှာ သူ့အသုံးနဲ့သူ ရှိကြတာပဲ၊ ဒါကြောင့် ကျင့်ကြံတဲ့ နည်းလမ်းချင်းလည်း မတူကြဘူး၊ လော့အာဒူက သူ့ဦးလေး လော့ဝူတီဆီက တောင်ကျော်ကျားရဲ ကျင့်စဉ်ကို သင်ထားတာလို့ ပြောကြတယ်၊ အဆင့်တိုင်းမှာ သူဟာ မိစ္ဆာကျားတစ်ကောင်ရဲ့ လှုပ်ရှားမှုတွေကို အတုယူပြီး ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံက ချီစွမ်းအင်တွေကို ပိုမို စုပ်ယူနိုင်အောင် လုပ်ရတယ်”
လော့ချန်သည် ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် အခြားကျင့်စဉ်များကို ကောင်းစွာ မသိရှိထားပေ။ သူ၏ တစ်ခုတည်းသော အတွေ့အကြုံမှာ နွေဦးကျင့်စဉ်သာ ဖြစ်သည်။
ထိုသစ်ဓာတ်ဆိုင်ရာ ကျင့်စဉ်မှာ တည်ငြိမ်မှုကို အလေးပေးသည်။ ကျင့်ကြံရာတွင် မြေကြီးထဲ၌ အမြစ်တွယ်နေသော သစ်ပင်တစ်ပင်ကဲ့သို့ ငြိမ်သက်အေးချမ်းစွာ ရှိနေရမည် ဖြစ်သည်။ တောင်ကျော်ကျားရဲ ကျင့်စဉ်မှာမူ နွေဦးကျင့်စဉ်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး လှုပ်ရှားမှုနှင့် ရန်လိုမှု ပြင်းထန်သော နည်းလမ်းဖြစ်ကြောင်း ထင်ရှားလှသည်။
အခြားကျင့်စဉ်များတွင် မည်သို့သော ထူးခြားချက်များ ရှိနိုင်ဦးမည်နည်းဟု လော့ချန် တွေးတောမိသွားသည်။ သူသိလိုစိတ် ပြင်းပြနေရင်း ကူချိုင်ယီအား လှမ်းကြည့်လိုက်ရာ သူမသည် သူ၏ အကြည့်ကို တမင် ရှောင်ဖယ်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ နှုတ်ခမ်းထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။
“မိန်းကလေးကူ.... နောက်မှ ကျွန်တော်တို့ နှစ်ယောက်တည်း ဒီကျင့်စဉ်ကို အတူတူ လေ့ကျင့်ကြမလား” ဟု နောက်တောက်တောက် ပြောလိုက်သည်။
“သွားစမ်းပါဟာ”
သူမက မျက်စောင်းလှမ်းထိုးရင်း ဒေါသတကြီး ပြန်အော်လိုက်သည်။
သူတို့နှစ်ဦး တိုးတိုးတိတ်တိတ် စနောက်နေကြစဉ် မီရှုဟွာက သူတို့ဘက်သို့ မကျေမနပ် ကြည့်လိုက်ပြီး လော့အာဒူ အနှောင့်အယှက် မဖြစ်စေရန်အတွက် အသံလုံမှော်အစီအရင်တစ်ခုကို ချက်ချင်း ဖန်တီးလိုက်သည်။
အဆင့်နိမ့် ကျင့်ကြံသူများအတွက် ကျင့်စဉ်တစ်ခုကို အသက်သွင်းပြီး ချီစွမ်းအား လှည့်ပတ်ရန်မှာ အချိန်အတော်ကြာတတ်သည်။ လော့ချန် မှတ်မိသလောက်ဆိုလျှင် သူ၏ အစောပိုင်း ကာလများတွင် နွေဦးကျင့်စဉ် တစ်ပတ်လည်ရန် နှစ်နာရီနီးပါး ကြာခဲ့ဖူးသည်။ သူ၏ ကျွမ်းကျင်မှု တိုးတက်လာမှသာ မိနစ်သုံးဆယ်ခန့်အထိ တိုတောင်းသွားခြင်း ဖြစ်သည်။
လော့အာဒူသည်လည်း ကျားတစ်ကောင်၏ ပုံသဏ္ဌာန်မျိုးစုံကို ထူးဆန်းစွာ လှုပ်ရှားရင်း နှစ်နာရီတိတိ အချိန်ကုန်ဆုံးခဲ့သည်။
ပုံစံတစ်ခုစီကို မိနစ်နှစ်ဆယ်ခန့်အထိ ထိန်းထားရသည်။ နောက်ဆုံးတွင် သူသည် ချွေးများဖြင့် ရွှဲနစ်ကာ အမောတကောဖြင့် သူ၏ ကျင့်စဉ်ကို အဆုံးသတ်လိုက်တော့သည်။
မီရှုဟွာက “ တောင်ကျော်ကျားရဲ ကျင့်စဉ်မှာ လှုပ်ရှားမှု ကိုးမျိုးရှိတယ်၊ မင်းက ခြောက်မျိုးအထိ လုပ်နိုင်နေပြီဆိုတော့ မင်းရဲ့ ချီသန့်စင် အလယ်အလတ်အဆင့် အခြေခံက အတော်လေး ခိုင်မာနေပြီပဲ” ဟု ဆိုကာ အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
လော့အာဒူမှာ ချီးကျူးခံရသဖြင့် ဂုဏ်ယူဝင့်ကြွားသွားသည်။ သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ပြီးနောက် ဆေးလုံး၏ အာနိသင်ကို စတင် ဖော်ပြတော့သည်။
“ဆေးလုံးရဲ့ အာနိသင်က အနည်းငယ် အေးစက်တဲ့ သဘောရှိတယ်၊ ချီစွမ်းအင်ဖြည့်ဆေးလုံး လောက်တော့ နူးညံ့မှု မရှိဘူးဗျ” ဟု သူ စဉ်းစားကာ ပြောလိုက်သည်။
“ဒါက သဘာဝပဲ” ဟု လော့ချန် ချက်ချင်း တုံ့ပြန်လိုက်သည်။
“အဓိကကုန်ကြမ်းက ကျောက်စိမ်းသန့် ဖြစ်နေတာကိုး၊ သူက ပင်ကိုကတည်းက အေးစက်တဲ့ ယင်ဓာတ် ရှိတော့ ဆေးလုံးရဲ့ အာနိသင်ကလည်း အေးစက်နေမှာပဲလေ”
လော့အာဒူက ခေါင်းညိတ်ကာ “အာနိသင်ကတော့ မဆိုးဘူးဗျ၊ ကျွန်တော့်ရဲ့ ချီစွမ်းအား စုစုပေါင်းကို တစ်ထောင်မှာ တစ်ပုံ ဒါမှမဟုတ် နှစ်ပုံလောက်အထိ တိုးလာစေတယ်” ဟု ဆက်ပြောသည်။
တစ်ထောင်မှာ တစ်ပုံ သို့မဟုတ် နှစ်ပုံဆိုသည်မှာ ၀.၁ ရာခိုင်နှုန်း သို့မဟုတ် ၀.၂ ရာခိုင်နှုန်းခန့် ဖြစ်သည်။
လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသည်မှာ မျှော်လင့်ထားသည်ထက် ပိုနည်းနေကာ ဖော်စပ်နည်းတွင် အားနည်းနေသည်ဟု ယူဆလိုက်သည်။
သို့သော် မီရှုဟွာကမူ အတော်လေး ကျေနပ်နေပုံရသည်။ သူ ပြုံးရင်း ဆိုသည်။
“လော့အာဒူက ချီသန့်စင် အဆင့်လေးပဲ ရှိသေးတာ၊ သူ ချီစွမ်းအင်ဖြည့်ဆေးလုံးတစ်လုံး သောက်ရင်တောင် အများဆုံး တစ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ရာခိုင်နှုန်းပဲ တက်လာမှာ ပြောရရင် ဒီအဆင့်နိမ့် ကျောက်စိမ်းအမြုတေ ဆေးလုံးဟာ ချီစွမ်းအင်ဖြည့်ဆေးလုံးရဲ့ အာနိသင် ဆယ်ပုံတစ်ပုံလောက် ရှိနေပြီပေါ့”
လော့ချန် မျက်ခုံးပင့်လိုက်သည်။ မီရှုဟွာသည် ဤနယ်ပယ်တွင် အတွေ့အကြုံ အတော်များပုံရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဤအချက်မှာ လော့ချန် စဉ်းစားနေသည့် အချက်လည်း ဖြစ်သည်။ ဖြစ်နိုင်လျှင် ထိုအဘိုးကြီးထံမှ ဤကဲ့သို့သော ဗဟုသုတများကို နည်းနည်းပါးပါး အရေခွံလှန် ထုတ်ယူနိုင်ပါက ကောင်းမည်ဟု တွေးနေမိသည်။
မည်သို့ပင်ဖြစ်စေ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ထံမှ ပညာ အနည်းငယ် ခိုးယူနိုင်ပါက အကျိုးကျေးဇူး အများကြီး ရနိုင်ပေသည်။
အသုံးပြုသူထံမှ ထင်မြင်ချက်များ ရယူပြီးနောက် မီရှုဟွာ အခြားသူအားလုံးကို ပြန်လွှတ်လိုက်သည်။
သူ လော့ချန်အား စိတ်လှုပ်ရှားစွာ ကြည့်၍ မေးလိုက်သည်။
“အောင်မြင်နှုန်းက ဘယ်လောက်လဲ”
လော့ချန်က တည်ငြိမ်စွာဖြင့် ပြန်ဖြေသည်။
“လွန်ခဲ့တဲ့ ဆယ်ရက်အတွင်းမှာ တစ်ခါပဲ အောင်မြင်ခဲ့ပါတယ်၊ ကျွန်တော့်ရဲ့ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို နဲ့ ဖော်လိုက်တာပါ၊ တစ်သုတ်မှာ ဆေးလုံး တစ်ဆယ့်တစ်လုံး ထွက်ပါတယ်”
ထိုစကား ကြားရသောအခါ မီရှုဟွာ၏ စိတ်လှုပ်ရှားမှုများ အနည်းငယ် မှေးမှိန်သွားရသည်။
ကျောက်စိမ်းအမြုတေ ဆေးလုံးများအား အံ့ဖွယ်တစ်သောင်းဆေးလုံး များကဲ့သို့ ရောင်းချ၍ မရနိုင်ပေ။
ထိုက်ရှန်းဈေးကွက်ရှိ ရွှေကျောက်နန်းဆောင်မှ ဆရာကြီး ခန်းတုံးယွဲ့ ပြောခဲ့ဖူးသကဲ့သို့ အံ့ဖွယ်တစ်သောင်းဆေးလုံးမှာ ဈေးနှုန်း အလွန်အမင်း ဖောင်းပွနေခြင်း ဖြစ်သည်။ ၎င်း၏ ထူးခြားသော ဆေးဖက်ဝင် ဂုဏ်သတ္တိများနှင့် မိစ္ဆာသားရဲများကို မကြာခဏ တိုက်ခိုက်နေရသော တာဟဲဈေးမြို့တော်ကဲ့သို့ နေရာမျိုးတွင် ရှိနေသောကြောင့်သာ တစ်လုံးလျှင် ဝိညာဉ်ကျောက် ငါးတုံးနှင့် ရောင်းနိုင်ခြင်း ဖြစ်သည်။
အကယ်၍ သာမန် ဈေးမြို့တော်များတွင်ဆိုလျှင် တစ်လုံးကို ဝိညာဉ်ကျောက် ၁ တုံး သို့မဟုတ် ၂ တုံးထက် ပိုတန်မည် မဟုတ်ပေ။
ကျောက်စိမ်းအမြုတေ ဆေးလုံးမှာမူ ချီစွမ်းအင်ဖြည့်ဆေးလုံး၏ ဆယ်ပုံတစ်ပုံမျှသာ အစွမ်းရှိသည်ဟု သက်သေပြနေသည်။ ထို့ကြောင့် ဆေးတစ်ပုလင်း၏ ဈေးနှုန်းကို အလွန်အမင်း မြှင့်ထား၍ မရနိုင်ပေ။ အကြောင်းမှာ ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံမှု အရင်းအမြစ်များအတွက် ကုန်ကျစရိတ်ကို အလွန်ပင် တွက်ကပ်တတ်သောကြောင့် ဖြစ်သည်။
“တစ်သုတ်ကို ကုန်ကျစရိတ် ၅ တုံးရှိနေရင်၊ တစ်ပုလင်းကို ၁၀ တုံးလောက်နဲ့ ရောင်းမှ အမြတ်နည်းနည်း ထွက်မှာပဲ” ဟု မီရှုဟွာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထို့နောက် သူ လော့ချန်အား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
“မင်း ဆေးလုံးထွက်နှုန်းကို မြှင့်ပေးနိုင်မလား”
လော့ချန်က လက်နှစ်ဖက်ကို ဖြန့်ပြရင်း ပြန်ဖြေလိုက်သည်။
“လောလောဆယ်တော့ မဖြစ်နိုင်သေးဘူးဗျ၊ ဒီဆေးလုံးဖော်နည်းမှာ သိသိသာသာ တိုးတက်လာမှပဲ ရမယ်၊ အဲဒါထက် အံ့ဖွယ်တစ်သောင်းဆေးလုံးလို အများအပြားလည်း ထုတ်လို့ မရသေးဘူး၊ ကျွန်တော်ကိုယ်တိုင်လည်း ကျွမ်းကျင်မှု အပြည့်မရှိသေးသလို ဒီနည်းစနစ်တွေကို တခြားသူတွေကိုလည်း လက်ဆင့်မကမ်းနိုင်သေးဘူးလေ”
ယခုအချိန်တွင် အရာအားလုံးကို လော့ချန်တစ်ဦးတည်းသာ ကိုင်တွယ်နေရသည်။
အကယ်၍ အလုပ်သင်များ သို့မဟုတ် မီးထိန်းသူများအား ဤမျှ နူးညံ့သိမ်မွေ့သော လုပ်ငန်းစဉ်တွင် ကူညီခိုင်းပါက ကျရှုံးနှုန်းမှာ အဆမတန် မြင့်တက်သွားလိမ့်မည်။
ဖြစ်နိုင်သည်မှာ တစ်သုတ်လျှင် တစ်လုံးပင် ထွက်ရန် ခက်ခဲပေလိမ့်မည်။
ထိုစကား ကြားရသောအခါ မီရှုဟွာ၏ အိုမင်းနေသော မျက်နှာမှာ စိုးရိမ်စိတ်များဖြင့် တင်းမာသွားသည်။ သူ၏ နဖူးပေါ်မှ အရေးအကြောင်းများမှာ တာဝန်ဝတ္တရားများ၏ ဖိအားကြောင့် ပို၍ အိုစာသွားသကဲ့သို့ ထင်ရသည်။
ထိုမြင်ကွင်းကို မြင်သောအခါ လော့ချန် အနည်းငယ် သနားသွားမိသည်။ သူ ဖိုရှန်းဂိုဏ်းသို့ စရောက်ကာစက မီရှုဟွာအား ပိုက်ဆံပေါပြီး ဘာမှမသိသည့် ပျော်ပျော်နေတတ်သော အဘိုးကြီးတစ်ဦးဟုသာ ထင်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဤအဘိုးအိုတွင်လည်း သူ၏ ကိုယ်ပိုင်ဝန်ထုတ်ဝန်ပိုးများ ရှိနေကြောင်း သူ နားလည်လာခဲ့သည်။
ထို့ကြောင့် လော့ချန် သူ၏ ပြဿနာကို ဖြေရှင်းပေးရန် ဆုံးဖြတ်လိုက်သည်။
“ဂိုဏ်းချုပ်မီ၊ ကျောက်စိမ်းအမြုတေ ဆေးလုံးတွေ အများကြီး ထွက်ဖို့အတွက် တကယ့် အဓိက အဟန့်အတားက ကျောက်စိမ်းသန့်ကို ကိုင်တွယ်ရတဲ့ နေရာမှာ ရှိနေတာဗျ”
မီရှုဟွာ၏ စိတ်ဓာတ်များ ပြန်လည် နိုးကြားလာသည်။ သူသည် ဆေးနည်းကို အကြိမ်ပေါင်းများစွာ လေ့လာခဲ့ဖူးသလို မီမိသားစု၏ ဆေးဖော်စပ် အလုပ်သင်များကိုလည်း စမ်းသပ်ခိုင်းဖူးသည်။ ထို့ကြောင့် ဤလုပ်ငန်းစဉ်၏ ခက်ခဲပုံကို သူ ကောင်းစွာ နားလည်ထားသည်။
လော့ချန် သူ၏ နားထင်ကို နှိပ်နယ်ရင်း ဆိုသည်။
“ကျောက်စိမ်းကို ပြုပြင်ရင် ဖြစ်ဖြစ်၊ ကျောက်စိမ်းအမြုတေကို ထုတ်ပီး တခြားကုန်ကြမ်းတွေနဲ့ ပေါင်းစပ်တဲ့အခါမှာဖြစ်ဖြစ် ကျွန်တော်က အစွမ်းကုန် အာရုံစိုက်ရတယ်”
“ခင်ဗျား သိတဲ့အတိုင်းပဲ၊ ချီသန့်စင်အဆင့် ကျင့်ကြံသူတွေရဲ့ ဝိညာဉ်အသိစိတ် က အားနည်းတယ်၊ ကျွန်တော်တို့ရဲ့ ဝိညာဉ်အသိစိတ်က ခန္ဓာကိုယ်ထဲကနေ အပြင်ကို ထွက်လို့ မရသေးဘူး၊ ဒီလို အခြေအနေမျိုးနဲ့ ကျွန်တော့်အတွက် တိုးတက်ဖို့ ဆိုတာ ခက်ခဲတယ်” ဟု ဆက်ပြောသည်။
“မင်း ပြောချင်တာက”
မီရှုဟွာ သတိထားပြီး မေးလိုက်သည်။ သူ့စိတ်ထဲတွင် တစ်ခုခုတော့ မှားနေပြီဟု စတင် ခံစားလိုက်ရသည်။
လော့ချန်က သူ၏ အပြစ်ကင်းစင်သော မျက်လုံးများကို ပြူးပြရင်း ဆိုသည်။
“ဒါကြောင့် ခင်ဗျားသာ ကျွန်တော့်ကို ဝိညာဉ်ငြိမ်သက်ဆေး အချို့ ပံ့ပိုးပေးနိုင်ရင် ခင်ဗျားအတွက် ကျောက်စိမ်းအမြုတေ ဆေးလုံးတွေကို ပိုပြီး ဖော်ပေးနိုင်မှာပါ၊ ဥပမာဗျာ စိတ်ငြိမ်နံ့သာတိုင်ပေါ့၊ အဲဒါက ဈေးလည်း သက်သာသလို အာနိသင်လည်း ရှိတယ်၊ ဒီအလုပ်အတွက် အကောင်းဆုံးပဲ၊ ကျွန်တော်သာ တစ်လကို အဲဒီနံ့သာတိုင် သေတ္တာငယ်လေး တစ်ခုလောက် ရရင် ဂိုဏ်းအတွက် အများကြီး ပိုပြီး စွမ်းဆောင်နိုင်မှာပါ”
စိတ်ငြိမ်နံ့သာတိုင်သည် အဆင့်နိမ့်ကျင့်ကြံသူများ လေ့ကျင့်ရာတွင် အကောင်းဆုံး အထောက်အကူပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။
တစ်နေ့လျှင် တစ်တိုင် သုံးစွဲခြင်းက ကျင့်ကြံသူများ၏ အခြေခံကျင့်စဉ်များကို ငါးကြိမ်ထက်မက ပိုမို လေ့ကျင့်နိုင်စေပြီး နုနယ်လှသော ဝိညာဉ်များကိုလည်း ပြန်လည် အားဖြည့်ပေးနိုင်သည်ဟု ဆိုကြသည်။
လော့ချန်သည် ထိုအရာကို ယခင်က သုံးစွဲဖူးသည်။ သူ သတ်ပစ်လိုက်သော လူမိုက်တစ်ယောက်ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှာ သူ၏ ဘဝတွင် လူသတ်ပြီး ရတနာလုခဲ့ရသော ရှားပါးလှသော အချိန်များထဲမှ တစ်ခု ဖြစ်သည်။
ထိုအတွေ့အကြုံမှာ သူ့အတွက် ကြောက်စရာကောင်းသော်လည်း လှပသော အမှတ်ရစရာများစွာကိုလည်း ချန်ထားရစ်ခဲ့သည်။
စိတ်ငြိမ်နံ့သာတိုင်မှာ ထိုလှပသော အမှတ်ရစရာများထဲတွင် ပါဝင်သည်။
ထိုနံ့သာတိုင် တစ်ဗူးက သူ့အား မနားမနေ လေ့ကျင့်နိုင်စေခဲ့သလို တိုက်ခိုက်ရေး နည်းစနစ်အသစ်များကို တည်ဆောက်ရန်အတွက်လည်း စွမ်းအင်များ ပေးစွမ်းနိုင်ခဲ့သည်။ ထိုနံ့သာတိုင်နှင့် ချီစွမ်းအင်ဖြည့်ဆေးလုံးများသာ မရှိပါက သူသည် သူ၏ ဒုတိယမြောက် တိုက်ပွဲတွင် ရှင်သန်နိုင်မည် မဟုတ်ပေ။
ထိုအမည်ကို ကြားလိုက်ရသောအခါ မီရှုဟွာ တုန်လှုပ်သွားရသည်။ စိတ်ငြိမ်နံ့သာတိုင်မှာ ဈေးကြီးလွန်း၍ မဟုတ်ပေ၊ သူ့အတွက် တစ်ဗူးပေးရန်ဆိုသည်မှာ ဘာမှခက်ခဲလှသည်မဟုတ်။
သူ့အား တုန်လှုပ်စေသည်မှာ ဤကောင်လေးသည် အခွင့်အရေးရတိုင်း သူ့အား တစ်ဆင့်ပြီးတစ်ဆင့် ပို၍ နှိပ်စက်လာခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း ကျောက်စိမ်းအမြုတေဆေးလုံး အတွက် ဖြစ်လေရာ အငြင်းပွားမနေရန် ဆုံးဖြတ်လိုက်သည်။
မီရှုဟွာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြောသည်။
“စိတ်ငြိမ်နံ့သာတိုင် ဟုတ်လား၊ အေးအေး…. ငါ လူလွှတ်ပြီး ပို့ပေးလိုက်မယ်၊ ဒါပေမဲ့ မင်း ရလဒ်တော့ ပြနိုင်ရမယ်နော်”
“သေချာပေါက်ပေါ့ဗျာ၊ ဒီ လော့လေးက ဘယ်တော့မှ အပိုကတိတွေ မပေးပါဘူး၊ စံအိမ်မှာ အေးအေးဆေးဆေးထိုင်ပြီး ဝိညာဉ်ကျောက်တွေ လက်မနိုင်အောင် ရေတွက်ဖို့သာ ပြင်ထားလိုက်ပါဗျာ”
လော့ချန်တစ်ယောက် ပါးစပ်နားရွက်ချိတ်သည်အထိ ပြုံးဖြီးနေတော့သည်။