← Chapters

အလိုလိုက် အမိုက်စော်ကား (၁)

Vol. 10 Ch. 96

အလိုလိုက် အမိုက်စော်ကား (၁)

Vol. 10 Ch. 96

မီရှုဟွာသည် ရောက်လာစဉ်က မုန်တိုင်းအလား အလောတကြီး ရှိခဲ့သကဲ့သို့ ပြန်သွားသောအခါတွင်လည်း လေပြင်းနှယ် လျင်မြန်လှသည်။ အကယ်၍ သူသာ အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်း၍ ရမည်ဆိုပါက ထိုနေရာမှ ချက်ချင်းပင် မြှားတစ်စင်းအလား လွင့်ပျံသွားပေလိမ့်မည်။

သူသည် အမှန်တကယ်ပင် အလွန်အမင်း အလျင်လိုနေသဖြင့် နှုတ်ဆက်ရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ ကျောက်စိမ်းအမြုတေ ဆေးလုံး တစ်ပုလင်းကို ဆွဲယူကာ ထွက်ခွာသွားတော့သည်။

ထိုအဘိုးကြီး ဘာကြံစည်နေသည်ကို လော့ချန် ကောင်းကောင်း ခန့်မှန်းနိုင်သည်။

ဆေးလုံးများကို လက်ဝယ်ရရှိသွားပြီဖြစ်၍ မီရှုဟွာသည် ၎င်းတို့အား အသုံးချကာ အဆက်အသွယ်သစ်များ ရှာဖွေခြင်း၊ ရှိရင်းစွဲ မိတ်ဆွေရင်းချာများကို လက်ဆောင်ပဏ္ဏာဆက်၍ ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်တော့မည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဟူသည် ရေရှည်စီမံကိန်းများကို ကျွမ်းကျင်စွာ ချမှတ်နိုင်သည့် မြေခွေးအိုကြီးများ ဖြစ်ကြသည်။ ရှည်လျားသော သက်တမ်းနှင့် နက်ရှိုင်းလှသော အတွေ့အကြုံများက သူတို့အား စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းမှ တားဆီးပေးထားသည်။ ရှေ့ဆယ်လှမ်းခန့် ကြိုတင်တွက်ဆထားခြင်းမှာ သူတို့အတွက် အဆန်းမဟုတ်ပေ။

လော့ချန်၏ ဆေးဖော်စပ်မှုစွမ်းရည် တိုးတက်လာမည့်အချိန် သို့မဟုတ် ဆေးလုံးထုတ်လုပ်မှု အရှိန်အဟုန် မြင့်မားလာမည့် အချိန်ကို ငုတ်တုတ်ထိုင် စောင့်မနေဘဲ မီရှုဟွာ လက်ဦးမှု ရယူလိုက်ခြင်းပင်ဖြစ်သည်။

ဆေးလုံးများ အလုံးအရင်းနှင့် ထွက်ရှိလာမည့် အနာဂတ်တွင် အကျိုးအမြတ်များကို အလွယ်တကူ ရိတ်သိမ်းနိုင်ရန်အတွက် အရောင်းလမ်းကြောင်းများကို ကြိုတင်ဖောက်လုပ်ထားရန် သူ ရည်ရွယ်ထားခြင်း ဖြစ်သည်။

ထိုကဲ့သို့သော အမြော်အမြင်နှင့် နှိုင်းယှဉ်လျှင် သာမန်လူသားများထက် အနည်းငယ်မျှသာ သက်တမ်းပိုရှည်သော ချီသန့်စင်အဆင့် ကျင့်ကြံသူများသည် အလွန်ပင် အမြင်ကျဥ်း ကြသည်ဟု ဆိုရမည်။

လော့ချန်လားကမူ ထိုအမြင်ကျဥ်းသော လူသားများထဲတွင် စံပြပုဂ္ဂိုလ်ကြီးပင် ဖြစ်သည်။

ထိုအခိုက်အတန့်၌ပင် သူ၏ ကျဉ်းမြောင်းလှသော အမြင်အာရုံထဲသို့ မသင်္ကာစရာကောင်းသော အရိပ်တစ်ခု ဝင်ရောက်လာသည်။ တစ်စုံတစ်ယောက်သည် ဆေးဖော်ဆောင်မှနေ၍ တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားနေခြင်းပင်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ အမြင်ကျဥ်းမှုကြောင့် မြင်ကွင်းထဲတွင်ရိပ်ခနဲ မြင်လိုက်သော ထိုအရာကို လက်ရဖမ်းဆီးနိုင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လော့ချန်သည် ထွက်ပေါက်ဝသို့ ရောက်ရှိသွားပြီး လျှပ်စီးကြောင်းတစ်ခုနှယ် လမ်းပိတ်ရပ်လိုက်သည်။

အကြွေးတောင်းသူတစ်ဦး၏ အာဏာစက်အပြည့်ဖြင့် သူ၏လက်ကို ဆန့်ထုတ်ကာ “ပေးစရာရှိတာ ပေးခဲ့” ဟု ခပ်ပြတ်ပြတ်ပြောလိုက်လေသည်။

စီကုန်းရှို့ကျားသည် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး အလွန်အမင်း အပြစ်ကင်းစင်ဟန်ဆောင်ကာ ပြန်မေးလိုက်သည်။

“ဘာကို ပေးရမှာလဲ၊ မင်း ဘာတွေ လာယောင်နေတာလဲ”

လော့ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အံကြိတ်လိုက်မိသည်။

“စောစောက ကစားပွဲလေ.... ခင်ဗျား ရှုံးခါနီးနေပြီ၊ လိမ်ဖို့ မကြိုးစားနဲ့ လောင်းကြေးကို အခုချက်ချင်း ထုတ်ပေး”

စီကုန်းရှို့ကျားက ဇာတ်မင်းသားအမူအရာဖြင့် အံ့ဩဟန်ဆောင်လိုက်သည်။

“လောင်းကြေး ဟုတ်လား….ဘာလောင်းကြေးလဲ၊ ငါက ဘာလို့ အဲဒီလို ကလေးဆန်တဲ့ လောင်းကြေးမျိုး ထပ်ရမှာလဲ၊ ပြီးတော့ ဘယ်သူက ငါ ရှုံးနေတယ်လို့ ပြောလဲ၊ ငါက မင်းပျော်အောင် အလိုက်သင့် ကစားပေးနေတာပါကွ၊ အပျင်းပြေ စစ်တုရင် ကစားရင်း အချိန်ဖြုန်းနေတာ” ဟု ဗြောင်လိမ်လိုက်သည်။

လော့ချန်သည် သူ့အား ခဏတာ တိတ်ဆိတ်စွာ စိုက်ကြည့်နေလိုက်သည်။ ထို့နောက် သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရှေ့သို့ အနည်းငယ် ကိုင်းလိုက်သည်။

“ကောင်းပြီလေ.... ခင်ဗျားက အဲဒီလို ပြောမှတော့....”

စီကုန်းရှို့ကျားက စကားစရပ်ထားသော လော့ချန်အား “ကောင်လေး၊ မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ” ဟူသောအကြည့်ဖြင့် ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။

သူ၏ ပုံစံမှာ လောကဓံကို အဖန်ဖန် ဖြတ်သန်းခဲ့ဖူးသော ဝါရင့်ကြီးတစ်ဦး၏ ဟန်ပန်မျိုး ပေါက်နေသည်။

သို့သော် နောက်တခဏတွင်မူ သူ၏ မျက်နှာကြီးမှာ ခရမ်းချဉ်သီးနှယ် နီရဲလာတော့သည်။

အကြောင်းမူကား လော့ချန်သည် သူ၏ လက်နှစ်ဖက်ကို အသံချဲ့စက်သဖွယ် ပါးစပ်နားတွင် တေ့ကာ “စီကုန်းအကြီးအကဲက လူလိမ်ကြီးဗျို့” ဟု ဆေးဖော်ဆောင်ရဲ့ ဂုဏ်ထူးဆောင် လခြမ်းတောင်ကြား တစ်ခုလုံး တုန်ဟိန်းသွားအောင် အော်ဟစ်လိုက်သောကြောင့်ပင်ဖြစ်သည်။

“ဆေးဖော်ဆောင်ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲကြီး စီကုန်းရှို့ကျားက ခန်းမခေါင်းဆောင်လော့ချန်ဆီမှာ လောင်းကစားကြွေး၊ အရက်ဖိုးနဲ့ မိန်းမကိစ္စတွေကြောင့် ဝိညာဉ်ကျောက် ၃ တုံး အကြွေးတင်နေပါတယ်ဗျို့၊ အခု သူက အကြွေးမဆပ်ဘဲ ထွက်ပြေးဖို့ ကြိုးစားနေပါတယ်ဗျို့”

“ဆေးဖော်ဆောင်ရဲ့ လေးစားဖွယ် အကြီးအကဲကြီး စီကုန်းရှို့....”

“တိတ်စမ်း….မအော်နဲ့တော့….”

စီကုန်းရှို့ကျား၏ မျက်နှာကြီးမှာ နီရဲနေရာမှ မင်ရည်ကဲ့သို့ မည်းနက်သွားတော့သည်။ သူ၏ မျက်နှာထားမှာ ဒေါသနှင့် အရှက်တရားတို့ ရောပြွမ်းကာ မည်းမှောင်နေသည်။ ဒေါသတကြီး နှာမှုတ်သံနှင့်အတူ သူသည် စာအုပ်ငယ်တစ်အုပ်အား လော့ချန်၏ ရင်ဘတ်ဆီသို့ တည့်တည့် ပစ်ပေါက်လိုက်သည်။

စာအုပ်ကို ပစ်ပေးပြီးနောက် ဝတ်ရုံများ တလူလူ လွင့်ပျံနေအောင် ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။

လခြမ်းတောင်ကြားမှ ထွက်ခွာသွားစဉ် သူသည် နောက်သို့ လှည့်မကြည့်တော့သလို ရပ်တန့်ခြင်းလည်း မရှိတော့ပေ။ သို့သော် အနီးနားရှိ ကျင့်ကြံသူအများအပြားက မျက်လုံးအဝိုင်းသားဖြင့် စိတ်ဝင်တစား၊ ရယ်ချင်ပက်ကျိ ကြည့်နေကြသည်ကိုမူ သူ သတိမပြုမိဘဲ မနေနိုင်ခဲ့ပေ။

သူ မကျေမနပ် ရေရွတ်လိုက်မိသည်။

“ဘယ်လိုကောင်လဲကွာ၊ သာမန် လက်နက်ဝှက် လျှို့ဝှက်ကျမ်းစာအုပ်လေး တစ်အုပ်တည်းဟာကို.... ဒီလောက်အထိ အရှက်ခွဲဖို့ လိုလို့လား”

လော့ချန်ကမူ သူ၏ ညည်းတွားသံကို မကြားလိုက်ပေ။

အကယ်၍ ကြားခဲ့လျှင်မူ “ဒါပေါ့…. လိုတာပေါ့ဗျ” ဟု ပြန်ပြောမိလိမ့်မည်။

ဤသည်မှာ သူတို့၏ စစ်တုရင် ကစားပွဲမှ လောင်းကြေးဖြစ်သည်။ အကြီးအကဲနှစ်ဦးအား စည်းမျဉ်းများ သင်ပေးပြီးနောက် လော့ချန်က လောင်းကြေးထပ်ရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။

သူတို့ သုံးဦးစလုံးသည် သာမန် သိုင်းပညာကျမ်းစာအုပ် တစ်အုပ်စီကို လောင်းကြေးအဖြစ် စားပွဲပေါ် တင်ခဲ့ကြသည်။

ထိုကဲ့သို့သော ပစ္စည်းများမှာ တာဟဲဈေးမြို့တော်တွင် အတော်လေး ပေါများပြီး ဝိညာဉ်ကျောက် အများအပြား တန်ဖိုးမရှိပေ။ မည်သို့ပင်ဆိုစေကာမူ သိုင်းပညာကို မည်မျှပင် ကျွမ်းကျင်အောင် လေ့ကျင့်ထားပါစေ၊ သာမန် မီးလုံးမှော်အတတ် တစ်ချက်ကိုပင် တားဆီးနိုင်မည် မဟုတ်ပေ။

သို့သော် လော့ချန်အတွက်မူ မတူညီပေ။ သူ့တွင် သာမန် ကျင့်ကြံသူများနှင့် မတူကွဲပြားစေသော အားသာချက်ဖြစ်သည့် ကျွမ်းကျင်မှုစနစ် ရှိနေသည်။ ထိုစနစ်မှတစ်ဆင့် သာမန် သိုင်းပညာများကိုပင် အမြင့်ဆုံး အလားအလာအထိ သန့်စင် မွမ်းမံနိုင်လေသည်။

ပြီးပြည့်စုံသော အဆင့်သိုင်းပညာသည် တိုက်ခိုက်ရာတွင် အနည်းငယ်သော အထောက်အကူကိုသာ ပေးစွမ်းနိုင်သော်လည်း လော့ချန်အတွက်မူ မည်သည့် အားသာချက်မဆို ပြုစုပျိုးထောင်ထိုက်ပေသည်။

ယခုအချိန်အထိ သူသည် ဆေးဖော်စပ်ခြင်း၊ အသက်ရှင်သန်ရေးနှင့် အခြေခံကျင့်ကြံခြင်း ကိစ္စများဖြင့်သာ လုံးပန်းနေခဲ့ရသဖြင့် သိုင်းပညာ နည်းစနစ်များကို သေချာစွာ လေ့လာရန် အချိန်မရှိခဲ့ပေ။ သူ အချိန်ပေး လေ့ကျင့်နိုင်ခဲ့သည့် တစ်ခုတည်းသော ပညာမှာ ကိုယ်ဖော့ပညာ လေဟုန်စီးအတတ်သာ ရှိသည်။

ယခုအခါ အားလပ်ချိန် အနည်းငယ် ရလာပြီဖြစ်၍ လော့ချန်သည် သဘာဝကျစွာပင် သိုင်းပညာဘက်သို့ စိတ်ဝင်စားလာခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် ငါးပွဲကစားပြီး အနိုင်အရှုံး ဆုံးဖြတ်ရန် အကြံပြုခဲ့သည်။ အများဆုံး အနိုင်ရသူက လောင်းကြေးအားလုံးကို သိမ်းယူရမည် ဖြစ်သည်။ စီကုန်းရှို့ကျားနှင့် ကူချိုင်ယီတို့ကလည်း ချက်ချင်း သဘောတူခဲ့ကြသည်။

အကြောင်းမှာ သူတို့ လောင်းကြေးထပ်ထားသည်မှာ ဈေးကွက်တွင် ဈေးကောင်းမရနိုင်သော သာမန် အစအန ပစ္စည်းလေးများသာ ဖြစ်သောကြောင့်ပင်ဖြစ်သည်။

ပွဲစဉ်အချို့ ပြီးသွားသောအခါ လော့ချန် နှစ်ပွဲနိုင်ပြီး ကူချိုင်ယီလည်း နှစ်ပွဲနိုင်ထားသည်။ စီကုန်းရှို့ကျားမှာမူ တစ်ပွဲမျှ မနိုင်သေးပေ။

နောက်ဆုံးပွဲစဉ်တွင် လော့ချန် အသာစီးရနေပြီဖြစ်၍ သူ၏ အနိုင်ရရှိမှုကို ကောက်ခံရန် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။

လော့ချန် စိတ်ထဲတွင် ကြုံးဝါးလိုက်သည်။

‘ဘယ်သူမှ ငါ့ဆီကနေ လိမ်ရှောင်သွားလို့ မရစေရဘူး’

ကောင်းထင်ယွမ် သူ့အား ဝိညာဉ်ကျောက် ငါးတုံး ပေးရန် ကျန်နေသေးသလို၊ ကျောက်စိမ်းအိုး ဓားဂိုဏ်းမှလည်း ဝိညာဉ်ကျောက်ဆုဖလား ပေးရန် ကျန်နေသေးသည်ကို သူ ယနေ့ထက်တိုင် မှတ်မိနေဆဲ ဖြစ်သည်။

ကောင်းကင်နတ်သမီး ပန်းကြဲခြင်း….။

စာအုပ်၏ ခေါင်းစဉ်ကို မြင်လိုက်ရသောအခါ လော့ချန် ခေတ္တမျှ ကြောင်သွားသည်။

“ဒီ အဘိုးကြီးကတော့လေ.... ဘာလို့ ငါ့ကို သူ့စရိုက်နဲ့ လုံးဝမလိုက်ဖက်တဲ့ သိုင်းကျမ်းစာအုပ် လာပေးနေရတာလဲ”

သူ ကြောင်အမ်းအမ်းဖြင့် ရပ်နေစဉ် ကူချိုင်ယီသည် ကျော့ရှင်းသော ခြေလှမ်းများဖြင့် လျှောက်လာသည်။ သူမသည် စာအုပ်ခေါင်းစဉ်ကို တစ်ချက်ကြည့်လိုက်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းရင်း ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။

“ဩော်.... ဒီကျမ်းစာအုပ်ကိုး”

သူမက ရယ်စရာအဖြစ် ပြောလိုက်သည်။

“ခင်ဗျား သိလို့လား”

လော့ချန်က မျက်ခုံးပင့်ရင်း မေးလိုက်သည်။

“ဟိုး လွန်ခဲ့တဲ့ အချိန်တုန်းက တာအိုလမ်းစဉ်ထဲကို ဝင်ခါစ သိုင်းဆရာတစ်ယောက် တာဟဲဈေးမြို့တော်ကို ရောက်လာခဲ့တယ်၊ သူ့မှာ ဘာပိုင်ဆိုင်မှုမှ မရှိတော့ ဒီကျမ်းစာအုပ်ကို ရောင်းစားခဲ့တာ” ဟု ကူချိုင်ယီက ရှင်းပြသည်။

“အဲဒီလူက တော်တော် ပါးနပ်တယ်၊ သူက မိတ္တူတွေ အများကြီးပွားပြီး တစ်အုပ်ကို ဝိညာဉ်ကျောက် တစ်တုံး ဒါမှမဟုတ် အဲဒါနဲ့ ညီမျှတဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေနဲ့ လဲလှယ် ရောင်းချခဲ့တာ၊ ဒါကြောင့် ဒီစာအုပ်က တာဟဲဈေးမြို့တော်မှာ နေရာအနှံ့ ပျံ့နှံ့နေပြီးသား”

စီကုန်းရှို့ကျားက ပေါများနေသည့် ပစ္စည်းတစ်ခုအား လောင်းကြေးအဖြစ် သုံးကာ လိမ်ချင်နေသည့် အရှက်မရှိသည့် အဘိုးကြီးများလား ဟု တွေးကာ လော့ချန် ထောင်းခနဲ ‌ဒေါသထွက်သွားသည်။

ထိုအခိုက် ရုတ်တရက် အတွေးတစ်ခု သူ့ခေါင်းထဲ ဝင်လာသည်။ နေရာအနှံ့ ပျံ့နှံ့ ပြီး ရောင်းအားကောင်းခဲ့သည်ဆိုသည်မှာ ကျင့်ကြံသူများကြားတွင် ရေပန်းစားလောက်သည့် ကောင်းကွက်တစ်ခုခု ရှိ၍လည်း ဖြစ်နိုင်ပေသည်။

လူသုံးများသည့် ပစ္စည်းတစ်ခု ဖြစ်လာပြီဆိုလျှင် တန်ဖိုးတစ်ခုခုတော့ ရှိစမြဲပင်ဖြစ်သည်။ ဥပမာ သိုလှောင်အိတ်များ၊ ချီစွမ်းအင်ဖြည့်ဆေးလုံးများ ကဲ့သို့ဖြစ်သည်။

ကူချိုင်ယီ အနည်းငယ် ပြုံးလိုက်သည်။

“ဒါပေါ့၊ ရှိတာပေါ့ ဒါက လက်နက်ဝှက် နည်းစနစ်တစ်ခုပဲ၊ ဒါပေမဲ့ ကျင့်ကြံသူတွေက ဒါကို သင်ယူပြီးတဲ့အခါ ကောင်းကင်နတ်သမီး ပန်းကြဲခြင်း ပညာက သာမန် လက်နက်ဝှက်တွေအတွက်တင် မကဘူးဆိုတာ တွေ့ရှိလာကြတယ်။ အဲဒါက ဝိညာဉ်လက်နက် ထိန်းချုပ်မှုကိုပါ သိသိသာသာ တိုးတက်စေတယ်” ဟု ရှင်းပြလိုက်သည်။

“ဝိညာဉ်လက်နက် ထိန်းချုပ်မှုဆိုတာ ဆွဲငင်အား၊ ချီစွမ်းအင် ထိန်းချုပ်မှု၊ ဒါမှမဟုတ် ဝိညာဉ်အသိစိတ် အားကောင်းမှုတွေနဲ့ပဲ မဆိုင်ဘူးလား”

လော့ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အဲဒါက လုံးဝကြီးတော့ မမှန်ဘူး၊ တိုက်ပွဲတစ်ခုမှာ အချိန်ကိုက်လှုပ်ရှားမှု၊ ထောင့်ချိုး၊ အရှိန်အဟုန်နဲ့ စည်းချက်ညီမှုတွေ အားလုံးကို ထည့်သွင်းစဉ်းစားရတယ်” ဟု သူမက ပြန်ဖြေသည်။

ထို့နောက် စာအုပ်ကို ညွှန်ပြရင်း ပေါ့ပေါ့ပါးပါး ဆက်ပြောသည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ.... ဒီ လက်နက်ဝှက် နည်းစနစ်က အဲဒီအချက်တွေကို အထူးအလေးပေးထားတယ်၊ ဒီပညာကို ဖန်တီးခဲ့တဲ့ ဆရာကြီးက လူသား သေမျိုးကမ္ဘာမှာရှိတဲ့ ထန်ဂိုဏ်းက လာတာလို့ ပြောကြတာပဲ”

“ကျွန်တော် သိတယ်၊ သိတယ်၊ အဲဒီနေရာမှာ ဗုဒ္ဓအမျက်ဒေါသ ထန်ကြာပန်း ဆိုတဲ့ လက်နက်ဆန်းလည်း ရှိတယ်မလား”

ကူချိုင်ယီသည် ဗုဒ္ဓအမျက်ဒေါသ ထန်ကြာပန်း ဆိုသည်ကို မကြားဖူးသောကြောင့် မျက်နှာတွင် နားမလည်နိုင်သော အမူအရာများ ပေါ်လာသည်။

သူမ ထိုအကြောင်းကို ထားလိုက်ကာ ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် အံ့ဩစရာကောင်းစွာပင် အခြားစာအုပ်ငယ်တစ်အုပ်ကို ထုတ်ယူပြီး သူ့ထံသို့ ပေါ့ပေါ့ပါးပါး ကမ်းပေးလိုက်သည်။

“ရှင် သိုင်းပညာကို ဒီလောက် စိတ်ဝင်စားနေမှတော့ ဒီစာအုပ်ကိုပါ ပေးလိုက်ပါ့မယ်”

လော့ချန်က စာအုပ်ကို ယူလိုက်ပြီး ခေါင်းစဉ်ကို အသံထွက် ဖတ်လိုက်သည်။

“တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း ဆိုပါလား….”

ခေါင်းစဉ်ကို ဖတ်ပြီးနောက် သူ ကူချိုင်ယီအား သံသယဖြင့် ကြည့်လိုက်သည်။

“ခင်ဗျား ဒီဟာကြီးကို ကျင့်ထားတယ်လို့တော့ မပြောနဲ့နော်”

အဆုံးအဖြတ်စင်မြင့် ထက်တွင် ဆံနွယ်များ လွင့်ပျံလျက်၊ အေးဆေးတည်ငြိမ်သော မျက်ဝန်းများဖြင့် ပွဲကို ဦးဆောင်ခဲ့သော ကျော့ရှင်းလှပသည့် မိန်းမပျိုလေးတစ်ဦးက ရုတ်တရက် တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်းအား ထုတ်သုံးပြီး ကျောက်တိုင်ကြီးကို တစ်ချက်တည်း ရိုက်ခွဲလိုက်မည့် ပုံရိပ်ကို သူ မြင်ယောင်ကြည့်လိုက်သည်။

လုံးဝ ဖြစ်နိုင်စရာ အကြောင်းမရှိသော ဟာသတခုနှင့်သာ တူပေလိမ့်မည်။

အဘိုးကြီးက ကောင်းကင်နတ်သမီး ပန်းကြဲခြင်း ပေးပြီး၊ လှပတဲ့ မိန်းမလေးကကျတော့ တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း ပေးနေပါလား၊ အခြေအနေက လုံးဝ ပြောင်းပြန် ဖြစ်နေပြီ….။

ကူချိုင်ယီ ရယ်မောလိုက်သည်။

“ကျွန်မ မကျင့်ထားပါဘူး၊ ဒါပေမဲ့ ရှင် သိတဲ့ လူတစ်ယောက်ကတော့ သေချာပေါက် ကျင့်ထားတယ်”

လော့ချန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“ဘယ်သူလဲ”

“ရှင့်အစ်ကိုကြီး ဝမ်ယွမ်လေ”

ကူချိုင်ယီက ရယ်ရင်း ပြောသည်။

“သူ ကျင့်ကြံခြင်းလောကထဲကို မရောက်ခင်တုန်းက သိုင်းသမားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်၊ ဈေးထဲမှာ သိုင်းကျမ်းစာအုပ်တွေ ရောင်းစားခဲ့ရတဲ့ အချိန်တွေတောင် ရှိခဲ့ဖူးတယ် အခု ရှင်ကိုင်ထားတဲ့ စာအုပ်က အဲဒီတုန်းက သူရောင်းခဲ့တဲ့ မိတ္တူတွေထဲက တစ်အုပ်ပဲလေ”

လော့ချန် မှင်သက်သွားသည်။ မူရင်းလော့ချန်၏ မှတ်ဉာဏ်ဟောင်းများထဲတွင် ထိုကဲ့သို့သော မြင်ကွင်းတစ်ခု ရှိခဲ့ဖူးသည်ကို သူ ပြန်သတိရလိုက်သည်။ ဤသို့ဆိုလျှင် သူ့အစ်ကိုဝမ်သည်လည်း တစ်ချိန်က ဘဝအဆင်မပြေဖြစ်ပြီး စားဝတ်နေရေးအတွက် သိုင်းကျမ်းစာအုပ်များကို ပေါင်နှံရောင်းချခဲ့ရဖူးပါလော ဟု တွေးလိုက်မိသည်။

သို့ရာတွင် ပိုဆိုးသည့်အချက်မှာ အစ်ကိုဝမ်၏ ကျမ်းစာအုပ်များအား အခြားသူများက ကူးယူပြီး ပြန်ရောင်းနေကြခြင်းဖြစ်ပေသည်။ စီးပွားရေး အကွက်မြင်ခြင်းတွင် ဝမ်ယွမ်သည် ထန်ဂိုဏ်း၏ လက်နက် ဆရာကြီးလောက် မမီသည်မှာ သေချာနေပြီဖြစ်သည်။

သက်ပြင်းတစ်ချက်ချရင်း လော့ချန်သည် တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း စာအုပ်အား သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။

အချိန်ရမှ သေချာ ဖတ်ကြည့်ရန် သူတေးထားလိုက်သည်။ အကယ်၍ သူ့အတွက် လိုအပ်လာ၍ အဆင်ပြေမည်ဆိုလျှင် တောင်များကို ဖြိုပြီး ကျောက်တိုင်အချို့ကို ရိုက်ခွဲပစ်ခြင်းမှာလည်း မဆိုးလှပေဟု တွေးလိုက်မိသည်။

သို့သော် သူ၏ စူးစမ်းလိုစိတ်များမှာ မပြေပျောက်သေးပေ။ သူ သိချင်နေသော အရာများ ရှိနေသေးသည်။

“မိန်းကလေးချိုင်ယီ၊ ခင်ဗျားရဲ့ အဓိကကျင့်စဉ်က ဘာလဲဟင်၊ တစ်ချိန်ချိန်ကျရင် အတူတူ လေ့ကျင့်ကြမလား”

လော့ချန် အရောင်တောက်နေသော မျက်လုံးများဖြင့် မေးလိုက်သည်။

ဤတစ်ကြိမ်တွင် ကူချိုင်ယီသည် သူမ၏ ပုံမှန်စကားဖြစ်သည့် “သွားစမ်းပါ” ဟု ပြန်မပြောတော့ပေ။ လော့ချန်၏ ရံဖန်ရံခါ ပရောပရည်လုပ်တတ်သော အကျင့်နှင့် သူမ ယဉ်ပါးနေပြီ ဖြစ်သည်။

ထို့အစား သူမ သူ့အား မျက်စောင်းထိုးလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ရှင် နိုင်ပါ့မလားလို့ပဲ ကျွန်မ စိုးရိမ်မိတယ်၊ အဲဒါက ပိုးပန်းပင်ဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုပဲ”

လော့ချန်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။

“ဒါ ကွက်တိပဲ မဟုတ်ဘူးလား၊ မမချိုင်ယီရယ် ကျွန်တော့် ကျင့်ကြံမှုကို အထောက်အကူပြုဖို့ ပိုးပန်းပင်ဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ်လေး သုံးပေးစမ်းပါ”

“သွားစမ်းပါဟာ”

ကူချိုင်ယီတစ်ယောက် သူမ၏ စိတ်ရှည်နိုင်စွမ်းကို အထင်ကြီးလွန်းသွားပုံရသည်။ လော့ချန်၏ အရှက်မရှိမှုကို ခံနိုင်ရည်ရှိဖို့ဆိုလျှင် သူမ အချိန်ပိုလိုအပ်ဦးမည် ဖြစ်သည်။

စနောက်လိုက်ရသဖြင့် ကျေနပ်သွားသော်လည်း ရပ်ရမည့်အချိန်ကို သိသော လော့ချန်သည် သူမ ဒေါသ မထွက်ခင် လိမ္မာပါးနပ်စွာဖြင့် ထွက်ခွာသွားတော့သည်။

ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူတစ်ဦးအား ရန်စခြင်းသည် အန္တရာယ်များလှသည်။

အဘိုးကြီးမီပင် သူ့အား ကာကွယ်ပေးနိုင်ချင်မှ ပေးနိုင်မည်။

….

သူ၏ ကျောက်တုံးအိမ်လေးထဲသို့ ပြန်ရောက်သောအခါ လော့ချန် ဆေးလုံးတစ်လုံးကို ပါးစပ်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်သည်။

ဝါးစားလိုက်သည်နှင့် နူးညံ့သိမ်မွေ့သော ဆေးစွမ်းအင် လှိုင်းလေးများ သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားသည်ကို ခံစားလိုက်ရသဖြင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။

“အာနိသင်က ချီစွမ်းအင်ဖြည့်ဆေးလုံးရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိပေမဲ့.... ငါ့ရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင်တော့ ကွက်တိပဲ” ဟု သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အကယ်၍ ဤမြင်ကွင်းကို မီရှုဟွာသာ မြင်လိုက်ရပါက သူ၏ အကောင်းစား ဝိညာဉ်လက်နက်ကို ထုတ်ကာ လော့ချန်အား နေရာမှာပင် ရိုက်သတ်မိလိမ့်မည်မှာ အသေအချာပင်ဖြစ်သည်။

အကြောင်းမှာ လော့ချန် စားလိုက်သည်မှာ ကျောက်စိမ်းအမြုတေ ဆေးလုံး ဖြစ်နေသောကြောင့်ပင်။

မှန်ပေသည်။ သူ တစ်သုတ်လျှင် ဆယ့်တစ်လုံးသာ ထွက်သည်ဟု ပြောခဲ့သော ဆေးလုံးပင် ဖြစ်သည်။ မီရှုဟွာအား လေးလေးနက်နက်ဖြင့် အကုန်အပ်လိုက်သည်ဟု ပြောခဲ့သော ဆေးလုံးပင် ဖြစ်သည်။

သို့သော် ယခု သူသည် ထိုဆေးအား မုန့်ပဲသရေစာသဖွယ် ပေါ့ပေါ့ပါးပါး ဝါးစားနေလေသည်။

အမှန်စင်စစ် သူ၏ သိုလှောင်အိတ်ထဲ၌ နောက်ထပ် ရှစ်လုံး ငြိမ်သက်စွာ ရှိနေသေးသည်။

ဆိုလိုသည်မှာ သူ ယခုစားလိုက်သော တစ်လုံးအပါအဝင် သူ၏ တစ်သုတ်ထုတ်လုပ်မှု ပမာဏမှာ အလုံးနှစ်ဆယ်တိတိ ဖြစ်သည်။

စနစ်၏ အကူအညီပါသော အခြေခံအဆင့် ဆေးဖော်နည်းသည် အောင်မြင်မှုနှုန်းနှင့် ထွက်ရှိမှုနှုန်းအား ပြိုင်ဘက်ကင်း တည်ငြိမ်စေသည်မှာ အမှန်ပင်။

လော့ချန်၏ အောင်မြင်မှုနှုန်းနှင့် ဆေးလုံးထွက်နှုန်းသည် အမြဲ မှတ်သားလောက်အောင် တည်ငြိမ်နေခဲ့သည်။

ကံဆိုးသောနေ့တွင် ငါးလုံး၊ ကံကောင်းသောနေ့တွင် ဆယ်လုံး ထွက်တတ်သည့် အခြားသော ဆေးဖော်စပ်သူများနှင့် မတူဘဲ၊ လော့ချန်၏ ထုတ်လုပ်မှုမှာ ကြောက်ခမန်းလိလိ တည်ငြိမ်လှသည်။ မှော်အာဟာရဆေးလုံး ဖြစ်စေ၊ အံ့ဖွယ်တစ်သောင်းဆေးလုံး ဖြစ်စေ လော့ချန်၏ ထွက်နှုန်းမှာ အမြဲတည်ငြိမ်သည်။

ကျောက်စိမ်းအမြုတေ ဆေးလုံးအတွက် လော့ချန်သည် တစ်သုတ်လျှင် အလုံးနှစ်ဆယ်ခန့် တည်ငြိမ်စွာ ထွက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် မအောင်မြင်သော ဆေးလုံးဟူ၍ မရှိ၊ တစ်သုတ်လုံး ပျက်စီးလျှင် ပျက်စီး၊ သို့မဟုတ်ပါက ပြီးပြည့်စုံစွာ အောင်မြင်သည်သာ ရှိသည်။

ဤမျှ ကြောက်စရာကောင်းသော တည်ငြိမ်မှုကိုသာ ထုတ်ဖော်ပြသလိုက်ပါက ကျင့်ကြံခြင်းလောကတစ်ခုလုံး တုန်လှုပ်သွားမည်မှာ အသေအချာပင်ဖြစ်သည်။

ထိုအကြောင်းပြချက်ကြောင့် လော့ချန်သည် သူ၏ စစ်မှန်သော စွမ်းရည်ကို အကြိမ်ကြိမ် ဖုံးကွယ်ထားခဲ့သည်။ ဆေးဖော်စပ်စဉ်အတွင်း ကုန်ကြမ်းအချို့အား ချီစွမ်းအားသုံးပြီး တမင် ဖျက်ဆီးပစ်ကာ ဆေးလုံးထွက်နှုန်း မမှန်သယောင် ထင်ရအောင်ပင် လုပ်ဆောင်ခဲ့သည်။

“လောလောဆယ်တော့ ငါ ဒါကို ဖုံးကွယ်ထားပြီး ကျောက်စိမ်းအမြုတေ ဆေးလုံး အပိုတချို့ကို အသာလေး ခိုးသိမ်းထားလို့ ရနေသေးတယ်”

“ဒါပေမဲ့ နောင်ကျလို့ ထုတ်လုပ်မှု ပမာဏ ကြီးလာရင်တော့ ဒီလို ဗြောင်ကျကျ လုပ်လို့ရတော့မှာ မဟုတ်ဘူး”

လော့ချန် ဖျော့တော့စွာ ပြုံးလိုက်သည်။ စားဖိုမှူးဆိုသည်မှာ ငတ်မွတ်ခေါင်းပါးသည့် အချိန်ရောက်သည့်တိုင် ဘယ်သောအခါမှ အစာမငတ်သည်ကို တွေးလိုက်မိသည်။

သဘာဝကျစွာပင် သူသည်လည်း သူ့ကိုယ်သူ အစာငတ်ခံမည် မဟုတ်ပေ။

လက်ရှိတွင် သူ၏ ခန္ဓာကိုယ်သည် တစ်နေ့လျှင် ချီစွမ်းအင်ဖြည့်ဆေးလုံး နှစ်လုံးသာ ခံနိုင်ရည်ရှိသည်။ သို့သော် ထိုအချက်က အခြားဆေးလုံးများကို မသောက်ရဟု ဆိုလိုခြင်း မဟုတ်ပေ။ ဥပမာ ကျောက်စိမ်းအမြုတေ ဆေးလုံးသည် အာနိသင် များစွာ ပိုမိုပျော့ပျောင်းသည်။ သကြားလုံးကဲ့သို့ နူးညံ့လှသည်။

ထိုဆေးကို ချေဖျက်ရန်အတွက် နွေဦးကျင့်စဉ်အား တမင်သက်သက် အသက်သွင်းရန်ပင် မလိုပေ။ ဆေးလုံးသည် ခန္ဓာကိုယ်ထဲတွင် သဘာဝအတိုင်း ပျော်ဝင်သွားသည်နှင့်အမျှ ၎င်း၏ နူးညံ့သော ဆေးစွမ်းအင်သည် ပင်မသွေးကြောမကြီး ၁၂ ခုနှင့် သူ အပင်ပန်းခံ ဖွင့်ထားသော အထူးသွေးကြောမ ၈ ခုထဲသို့ စီးဝင်သွားလေသည်။

နေ့စဉ် မှော်ဂါထာ ရွတ်ဖတ်စဉ်တွင်ဖြစ်စေ၊ ပေါ့ပါးစွာ လှုပ်ရှားသွားလာနေစဉ်တွင်ဖြစ်စေ ဤနူးညံ့သော ဆေးစွမ်းအင်သည် တဖြည်းဖြည်း ပြောင်းလဲကာ စုပ်ယူခြင်း ခံရလေသည်။

ဤအဆင့်တွင် သူသည် ဆေးယဉ်ပါးမှု သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ရန်ပင် မလိုတော့ပေ။

ဆေးဖော်စပ်သူတစ်ဦး အနေဖြင့် လော့ချန်သည် ကျောက်စိမ်းအမြုတေ ဆေးလုံး၏ အာနိသင်နှင့် ကန့်သတ်ချက်များကို မည်သူထက်မဆို ပိုမို ကောင်းစွာ သိရှိထားပြီး စနစ်တကျ စီမံခန့်ခွဲ အသုံးပြုလိမ့်မည် ဖြစ်သည်။

ခြုံငုံပြောရလျှင် လောလောဆယ် ယူလို့ရသလောက် ယူထားလိုက်မည်ဟု ဆိုလိုခြင်းဖြစ်လေသည်။

ပေါ့ပါးသော ရယ်သံလေးနှင့်အတူ လော့ချန်သည် ကောင်းကင်နတ်သမီး ပန်းကြဲခြင်း ကျမ်းစာအုပ်ကို ဖွင့်လိုက်သည်။ လှပသော နတ်သမီးလေးတစ်ပါး ဖြစ်ချင်သည်ဟု လူတိုင်းလိုလို တစ်ခါတစ်ရံတော့ စိတ်ကူးယဥ်ဖူးကြပေလိမ့်မည်။

All Chapters