← Chapters

အလိုလိုက် အမိုက်စော်ကား (၂)

Vol. 10 Ch. 97

အလိုလိုက် အမိုက်စော်ကား (၂)

Vol. 10 Ch. 97

လော့ချန်သည် ထန်ဝူချန် ရေးသားသော ကောင်းကင်နတ်သမီး ပန်းကြဲခြင်း ကျမ်းစာအုပ်ကို ဖွင့်လိုက်ပြီး ပထမဆုံး စာကြောင်းအချို့ကို ဖတ်ကြည့်ရုံဖြင့် စိတ်ကျေနပ်စွာ လက်မထောင်ပြလိုက်မိသည်။

သူ၏ အယူအဆအရ အမည်တွင် ‘ချန်’ ပါသော မည်သူမဆိုသည် သူကဲ့သို့ပင် ထူးချွန်ပြောင်မြောက်ပြီး ယဉ်ကျေးသိမ်မွေ့သူများသာ ဖြစ်ရမည်။ အတိအကျဆိုရလျှင် သူကဲ့သို့ လူစားမျိုးများပင်။

ထိုအယူအဆအရ ဤကျမ်းစာအုပ်သည် သူ့အတွက် သီးသန့် ဖန်တီးထားသကဲ့သို့ ဖြစ်နေသည်။

သို့သော်ငြားလည်း သူ၏ ယုံကြည်ချက်မှာ စာအုပ်ကို ဆုံးအောင်ဖတ်လိုက်သည့် ခဏ၌ပင် မှန်းချက်နှင့်နှမ်းထွက်မကိုက် သကဲ့သို့ ဖြစ်သွားရသည်။

ကျမ်းစာအုပ်ထဲတွင် လက်နက်ဝှက် နည်းစနစ် (၃၆) မျိုးအား အသေးစိတ် ဖော်ပြထားပြီး တစ်ခုချင်းစီတွင် မတူညီသော အသုံးချပုံများ ရှိကြသည်။ ၎င်းတို့အား ကျွမ်းကျင်ရန်အတွက် သတ်မှတ်ထားသော လက်နက်ဝှက်များကို ရှာဖွေရမည်ဖြစ်ပြီး တစ်ခုချင်းစီကို စမ်းသပ်လေ့ကျင့်ရပေဦးမည်။

ထိုမျှများပြားလှသော အားထုတ်မှုများကို တွေးကြည့်ရုံဖြင့် လော့ချန် ခေါင်းခဲသွားတော့သည်။

“ဒါက တကယ်ကို အလုပ်ရှုပ်လွန်းတယ်၊ တခြား ကျင့်ကြံသူတွေက ဒီထဲကနေ ဝိညာဉ်လက်နက် ထိန်းချုပ်တဲ့ နည်းစနစ်တွေကို ဘယ်လိုများ ထုတ်ယူကြတာလဲ မသိဘူး” ဟု သူ ညည်းတွားလိုက်သည်။

လမ်းညွှန်ပေးမည့်သူ မရှိသဖြင့် လော့ချန်သည် ကိုယ့်ဘာသာကိုယ် စမ်းတဝါးဝါးဖြင့်သာ ရှေ့ဆက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့လုပ်ဆောင်ရန်မှာ အချိန်အတော်ကြာပေလိမ့်မည်။

“နှမြောစရာပဲ၊ ငါက ဒါကို သုံးပြီးတော့ ရမှတ်တွေ စုမလို့ ကြံထားတာ”

အမှန်စင်စစ် လော့ချန်သည် ဤသာမန်သိုင်းပညာများအား တိုက်ခိုက်ရေးစွမ်းရည် အနည်းငယ် တိုးတက်ရန်လောက်အတွက်သာ သင်ယူနေခြင်း မဟုတ်ပေ။ သူ၏ အဓိက ရည်ရွယ်ချက်မှာ သိုင်းပညာများမှတစ်ဆင့် ကျွမ်းကျင်မှုရမှတ်များကို အလွယ်တကူ ရှာဖွေကာ အောင်မြင်မှုအမှတ်များ စုဆောင်းရန် ဖြစ်သည်။

သူ ဆေးဖော်စပ်နည်းအသစ်များကို ရယူပြီးနောက်ပိုင်းတွင် သူ၏ ပေါများလှသော အောင်မြင်မှုအမှတ် သိုလှောင်မှုမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

သူ၏ အံ့ဖွယ်တစ်သောင်းဆေးလုံး ကျွမ်းကျင်မှုမှာ ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားသဖြင့် ရမှတ်တစ်မှတ် ရရှိခဲ့ကာ စုစုပေါင်း ၂၃ မှတ် ရှိလာခဲ့သည်။ သို့သော် ကျောက်စိမ်းအမြုတေ ဆေးလုံး ဖော်စပ်နည်းကို ဖွင့်လိုက်သည်နှင့် ရမှတ် ၁၀ မှတ်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

ယခုအခါ သူ့တွင် မပြည့်စုံသေးသော ပထမအဆင့် ချီလမ်းကြောင်းဆေးလုံး၊ ဒုတိယအဆင့် ကျောက်စိမ်းနှင်းစက်ဆေးလုံး နှင့် ပြည့်စုံသော ဒုတိယအဆင့် သွေးမိစ္ဆာဆေးလုံး ဖော်စပ်နည်းများ ရှိနေသည်။ ထိုနည်းလမ်းများကို ပြီးပြည့်စုံအောင် လုပ်ဆောင်ရန်ဖြစ်စေ၊ အဆင့်မြှင့်တင်ရန်ဖြစ်စေ အောင်မြင်မှုအမှတ်များမှာ မရှိမဖြစ် လိုအပ်နေသည်။

လော့ချန်သည် အကျပ်အတည်း ဆိုက်လာမှ အသည်းအသန် ကြိုးစားမည့်အစား ကြိုတင်၍ အစီအစဉ်ချထားရန် လိုအပ်ကြောင်း သိသူဖြစ်သည်။

မှော်ဂါထာများအား သင်ယူပြီး ကျွမ်းကျင်ရန် ခက်ခဲမှုနှင့် နှိုင်းယှဉ်လျှင် သိုင်းပညာမှာ များစွာ ပိုမိုလွယ်ကူသည်။ ရိုးရှင်းစွာဆိုရလျှင် သာမန်သိုင်းပညာများသည် လူသားတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ်တွင်သာ အခြေခံသည်။ ခန္ဓာကိုယ် ကြံ့ခိုင်လေ၊ သိုင်းပညာ၏ စွမ်းအား ပိုမိုကြီးမားလေပင် ဖြစ်သည်။

ကျင့်ကြံသူများသည် ချီစွမ်းအင်များဖြင့် အမြဲတစေ သန့်စင်နေတတ်သောကြောင့် ခန္ဓာကိုယ်မှာ သာမန်ထက် သာလွန်စွာ ကြံ့ခိုင်နေပြီးသား ဖြစ်သည်။ အနည်းငယ်မျှ လေ့ကျင့်လိုက်ရုံဖြင့် အခြေခံအဆင့်အား အလွယ်တကူ ကျော်ဖြတ်နိုင်သည်။

ထို့ကြောင့်ပင် လော့ချန်၏ လေဟုန်စီးအတတ်မှာ လျင်မြန်စွာ တိုးတက်ခဲ့ခြင်း ဖြစ်သည်။

သဘာဝကျစွာပင် သူသည် ထိုသို့သော အောင်မြင်မှုကို ထပ်မံရယူလိုသည်။

သို့သော် ကံမကောင်းစွာဖြင့် ကောင်းကင်နတ်သမီး ပန်းကြဲခြင်းထဲရှိ အသေးစိတ်လှသော နည်းစနစ်များမှာ အဟန့်အတားကြီးတစ်ခု ဖြစ်နေခဲ့သည်။ တိုးတက်မှုမှာ အလွန်နှေးကွေးနေသည်။

သို့သော်လည်း လော့ချန် လက်မလျှော့ပေ။

“လူတိုင်း ကျင့်နေကြတယ်ဆိုရင်တော့ ထူးခြားချက်တစ်ခုခု ရှိရမယ်၊ အခုလောလောဆယ်တော့ အလောတကြီး လုပ်ဖို့ မလိုပါဘူး” ဟု သူ တွေးလိုက်သည်။

ထို့နောက် ခေါင်းကို ခါယမ်းလိုက်ကာ ရှေးဦးပုလဲဟု ခေါ်သော နည်းစနစ်တစ်ခုကို မှတ်သားလိုက်ကာ စာအုပ်အား သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

သူ ဤနည်းစနစ်ကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ ထိုလက်နက်ဝှက်သည် ရိုးရှင်းသော ပုလဲလုံးလေးများသာ ဖြစ်သောကြောင့်ပင်။

ကျမ်းစာထဲ၌ ဖော်ပြချက်အရ ထိုပုလဲလုံးလေးများသည် ရန်သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်နှင့် အတွင်းအားဖြင့် ဖောက်ခွဲပစ်နိုင်သည်။ ထိုအခါ ပုလဲအတွင်းမှ ချီစွမ်းအင်များနှင့် အစအနများမှာ ရန်သူ၏ ကိုယ်တွင်းအင်္ဂါများအား အစိတ်စိတ်အမွှာမွှာ ဖြစ်စေကာ ပြင်းထန်ပြီး ကုသရန် ခက်ခဲသော ဒဏ်ရာများကို ဖြစ်စေသည်။

ထိုအရာသည် အမှန်ပင် ယုတ်မာညစ်ပတ်ပြီး ရက်စက်လှသော လက်နက်တစ်ခု ဖြစ်သည်။

လော့ချန်တွင် ယခုလောလောဆယ် ရှေးဦးပုလဲကို ဖော်စပ်ရန် နည်းလမ်းမရှိသော်လည်း သူ့တွင် ပိုမိုအဆင်ပြေသော အစားထိုးပစ္စည်းတစ်ခု ရှိနေသည်။

ထိုအရာမှာ ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်စဉ်က ပျက်စီးသွားသော ဆေးလုံးအမှုန်အမွှားများမှ ဖြစ်တည်လာသည့် ကျောက်စိမ်းစေ့လေးများပင်ဖြစ်သည်။

ဆေးလုံးအဖြစ် အသုံးမဝင်သော်လည်း ၎င်းတို့သည် ပထမအဆင့် ကျောက်စိမ်းသန့် မှ ဖြစ်တည်လာခြင်း ဖြစ်သည်။ ထိုအရာများ၏ သိပ်သည်းမှု၊ အလေးချိန်နှင့် မာကျောမှုတို့မှာ လက်နက်ဝှက်အဖြစ် သုံးရန် အလွန်ပင် ပြည့်စုံလှသည်။

အမှန်စင်စစ် သာမန်လူသားလောကမှ ရှေးဦးပုလဲ များထက်ပင် များစွာ ပိုမို အဆင့်မြင့်နေပေလိမ့်မည်။

စာအုပ်ကို သိမ်းလိုက်ပြီးနောက် လော့ချန်သည် ကူချိုင်ယီ လက်ဆောင်ပေးခဲ့သော အခြားကျမ်းစာအုပ်ကို ဖွင့်ကြည့်လိုက်သည်။

ထိုအရာမှာ ဝမ်ယွမ် တစ်ချိန်က လမ်းဘေးတွင် ရောင်းစားခဲ့ဖူးသော တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်းပင်။

လော့ချန် ဤစာအုပ်အပေါ်တွင် ကြီးကြီးမားမား မျှော်လင့်မထားခဲ့ပေ။

ပထမဆုံး မြင်လိုက်ရသည့် အမည်အရ ၎င်းမှာ ခန္ဓာကိုယ် နာကျင်အောင် လုပ်ပြီးမှ ရရှိမည့် သံသဲလက်ဝါး ကဲ့သို့ ပညာတစ်ခုဟု သူ ထင်ခဲ့သည်။ ထိုသို့ လေ့ကျင့်ရန်အတွက် သံသားတိုင်များကို ရိုက်ရမည်၊ ဆေးရည်များထဲတွင် လက်ကို နှစ်ထားရမည် စသည့် အလုပ်ရှုပ်သော ကိစ္စများကို လော့ချန် မလုပ်လိုပေ။

သို့သော်လည်း စာမျက်နှာအချို့ကို ဖတ်ကြည့်လိုက်သောအခါ သူ လုံးဝ စိတ်ဝင်စားသွားတော့သည်။

“ဒါ…. ဒါက အတွင်းအားကို ထိန်းချုပ်ပြီး ထုတ်လွှတ်ရတဲ့ လက်ဝါးသိုင်းပါလား”

၎င်းသည် ရှားပါးလှသော အတွင်းအားသုံး နည်းစနစ်တစ်ခု ဖြစ်သည်။ ထိုကျမ်းတွင် သိုင်းကျင့်ကြံသူများက အတွင်းအား သို့မဟုတ် စစ်မှန်သော စွမ်းအင်ကို ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများနှင့် အပ်စိုက်မှတ် များမှတစ်ဆင့် အပြင်ဘက်သို့ မည်သို့ ထုတ်လွှတ်ရမည်ကို ဖော်ပြထားသည်။

“ဘုရားရေ.... ဒါက တကယ့်ကို အံ့ဩစရာပဲ” ဟုပင် လော့ချန် ရေရွတ်မိလိုက်သည်။

သူသိသလောက်ဆိုလျှင် သာမန်သိုင်းလောကတွင် သိုင်းကျင့်ကြံသူ ထိပ်တန်းအဆင့် များသာ အတွင်းအားကို အပြင်သို့ ထုတ်လွှတ်နိုင်သည်။ သို့သော် ဤလက်ဝါးသိုင်းသည် ဆန်းသစ်သော နည်းလမ်းကို အသုံးပြုထားသဖြင့် ထိုအဆင့်သို့ မရောက်သေးလျှင်ပင် အတွင်းအားကို အပြင်သို့ ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

သူ ရေးသားသူ၏ အမည်ကို ကြည့်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဝမ်ယွမ် ဖြစ်နေသည်။

“ဒါက ငါ့အစ်ကိုကြီး ဖန်တီးခဲ့တဲ့ ပညာပဲ”

လော့ချန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ ပိုမိုစိတ်ဝင်စားသွားကာ စာမျက်နှာများကို လှန်ကြည့်လိုက်သည်။

“ဒါပေမဲ့ နာမည်ကတော့ သိပ်မမိုက်ဘူး၊ တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း တဲ့လား၊ မိုးကောင်းကင်ဖြိုလက်ဝါးတို့၊ သက်တံဖြူလက်ဝါးတို့ ပေးရင် ပိုမိုက်မှာ၊ လေခွဲလက်ဝါး လို့တောင် ပေးလို့ရသေးတယ်”

သူသည် ဝမ်ယွမ်၏ အမည်ပေးမှု စွမ်းရည်ကို ရယ်မောပြောင်လှောင်နေသော်လည်း သူ၏ ရင်ထဲတွင်မူ စိတ်လှုပ်ရှားမှုများ ပြင်းထန်နေသည်။

သို့သော် အတွင်းအား စွမ်းအင်သည် သူ့တွင် ရှိမနေပေ။

ထို့အပြင် စစ်မှန်သော ချီစွမ်းအင်လည်း မရှိပေ။

သို့ရာတွင် သူ့၌ အတွင်းအားထက် သာလွန်သော ချီစွမ်းအင် ရှိနေသည်။

ကျမ်းစာထဲ၌ ဖော်ပြထားသော သွေးကြောလမ်းကြောင်းများမှာ သူ့အတွက် လုံးဝ အခက်အခဲ မရှိဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပင်မသွေးကြော (၁၂) သွယ်နှင့် အထူးသွေးကြော (၈) သွယ်စလုံးမှာ ပွင့်နေပြီးသား ဖြစ်သည်။ ရှောက်ဖု၊ လောင်ကုန်း၊ ကျုံးကျူး၊ ကျုံးချုန်း နှင့် ဟယ်ကူ စသည့် အပ်စိုက်မှတ်များမှာလည်း သူ့အတွက် ပြဿနာ မဟုတ်ပေ။

ချင်ယွမ်ဇီ၏ ဆေးဖော်ပညာ ခွဲခြမ်းစိတ်ဖြာချက် နှင့် စွယ်စုံဆေးကျမ်းတို့တွင် ထိုအပ်စိုက်မှတ်များ၏ တည်နေရာကို အသေးစိတ် ဖော်ပြထားပြီးသား ဖြစ်သည်။

သူ လုပ်ရမည့်အရာမှာ ချီစွမ်းအင် အနည်းငယ်ကို အသုံးပြုကာ ထိုနေရာများကို လှုံ့ဆော်ဖွင့်ထုတ်ပေးရန်သာ ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ပြီးပါက တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်းကို ကျွမ်းကျင်ရန်မှာ အလွန်လွယ်ကူပေလိမ့်မည်။

တွေးမိသည်နှင့် လော့ချန် ချက်ချင်းပင် လက်တွေ့လုပ်ဆောင်တော့သည်။

သူသည် ကျမ်းစာထဲမှ အခြေခံနည်းလမ်းအတိုင်း သူ၏ ချီစွမ်းအင်ကို လှည့်ပတ်လိုက်ရာ မည်သည့် အဟန့်အတားမျှ မရှိဘဲ ချောမွေ့စွာ စီးဆင်းသွားသည်။ ချီစွမ်းအင်မှာ သူ၏ လက်ဖဝါးဆီသို့ ရောက်ရှိသွားသောအခါ အပ်ဖျားတစ်ခုကဲ့သို့ စုစည်းသွားပြီး အပ်စိုက်မှတ်များအား အသာအယာ ထိုးဖောက်လိုက်သည်။

ဖောက်.... ဖောက်.... ဖောက်.... ဖောက်.... ဖောက်….

မျက်စိတစ်မှိတ်အတွင်းမှာပင် အပ်စိုက်မှတ် ငါးခုစလုံး ပွင့်သွားတော့သည်။ ယခုအခါ ချီစွမ်းအင်ကို အပြင်သို့ ထုတ်လွှတ်မည့် လမ်းကြောင်း ပွင့်သွားပြီ ဖြစ်သည်။ ထိုလမ်းကြောင်းကို လိုအပ်သည့်အခါမှသာ ဖွင့်နိုင်ပြီး အခြားအချိန်များတွင် ပိတ်ထားနိုင်သည်။

လမ်းကြောင်း မကျယ်မည်ကို စိုးရိမ်သဖြင့် လော့ချန်သည် ချီစွမ်းအင်ဖြင့် အကြိမ်ကြိမ် ချဲ့ထွင်လိုက်ရာ သူ၏ လက်ဖဝါးမှ အေးမြသော လေပြည်လေးများ ထွက်ပေါ်လာသည့် အချိန်မှသာ ရပ်တန့်လိုက်တော့သည်။

“ကောင်းပြီလေ....ငါ့အစ်ကိုကြီးရဲ့ သိုင်းပညာက ဘယ်လောက် စွမ်းမလဲဆိုတာ ကြည့်ရသေးတာပေါ့” ဟု သူ ပြုံးရင်း ရေရွတ်လိုက်သည်။

ပြောပြောဆိုဆိုဖြင့် သူသည် လက်မောင်းကို မြှောက်ကာ မြေပြင်ပေါ်သို့ ပြင်းထန်သော လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။

ချီစွမ်းအင်များသည် မြစ်ရေအလား တစ်ဟုန်ထိုး စီးဆင်းသွားကာ လက်ဖဝါးမှတစ်ဆင့် ပေါက်ကွဲထွက်သွားတော့သည်။

ဒိုင်း….

မိုးကြိုးပစ်သံကဲ့သို့ ပြင်းထန်လှသော ပေါက်ကွဲသံကြီးသည် ကျောက်တုံးအိမ်လေးအတွင်း၌ သာမက အပြင်ဘက်အထိပါ တုန်ဟိန်းသွားတော့သည်။

“လော့ချန် ရှင်ဘာဖြစ်တာလဲ….”

အပြင်ဘက်မှ ကူချိုင်ယီ၏ စိုးရိမ်တကြီး အော်မေးသံ ထွက်ပေါ်လာသည်။

“ကျွန်တော်.... ကျွန်တော် အဆင်ပြေပါတယ်၊ အား.... ဟက်ချိုး….”

လော့ချန်၏ နှာချေသံကြီးမှာ မိုးခြိမ်းသံနှယ်ပင်။

“ကျွန်တော် ခဏလောက် တံခါးပိတ် ကျင့်ကြံဦးမယ်၊ ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးခိုင်းနဲ့နော်” ဟု လိုဏ်ဂူနက်ကြီးထဲမှ ထွက်ပေါ်လာသော အသံမျိုးဖြင့် ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားရမှ ကူချိုင်ယီ စိတ်အေးသွားတော့သည်။ သူမသည် လော့ချန် လတ်တလော သင်ကြားပေးထားသော မီးထိန်းနည်းစနစ်သစ်များကို လေ့ကျင့်နေကြသည့် မီးထိန်းသူများထံသို့ ပြန်လှည့်သွားတော့သည်။

ထိုမီးထိန်းသူများသည် တစ်လကျော်ကြာ လေ့ကျင့်ထားရသူများ ဖြစ်သည်။

အခြေခံ အတွေ့အကြုံရှိထားသဖြင့် ကျောက်စိမ်းအမြုတေ ဆေးလုံး အတွက် လိုအပ်သော မီးထိန်းနည်းကို လျင်မြန်စွာ ကျွမ်းကျင်လာကြသည်။ သို့သော် နေ့စဉ်နှင့်အမျှ မီးဖိုများနားတွင် အချိန်ဖြုန်းနေရသဖြင့် သူတို့၏ အသားအရေမှာ နီမြန်းကာ ခြောက်သွေ့နေကြသည်။

“ဆေးဖော် အလုပ်က တကယ်ကို မလွယ်ကူပါလား” ဟု ကူချိုင်ယီ တွေးမိသည်။

“ရှန်းရှန်းက မီးထိန်းသူအဖြစ် သုံးနှစ်တောင် လုပ်ခဲ့တာကို သူ့အသားအရေက ဘယ်လိုလုပ်ပြီး အပြစ်အနာအဆာမရှိ ချောမွေ့နေရတာလဲ” ဟူ၍ သူမ သိလိုစိတ် ပြင်းပြနေမိသည်။

ကူချိုင်ယီ၏ သံသယများအတွက် လော့ချန်တွင် အဖြေရှိသည်။

စစ်မှန်သော ဆေးဖော်စပ်သူတစ်ဦးသည် မီးထိန်းနည်းကိုတင် မကဘဲ မီးဒဏ်ခံနည်းကိုပါ တတ်မြောက်ထားရသည်။

တော်ရုံဆရာတစ်ဦးဆိုလျှင် မီးဒဏ်ကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို မည်သို့ ကာကွယ်ရမည်ကိုပါ သင်ကြားပေးထားပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် လော့ချန်၌ ကူချိုင်ယီကို ဖြေကြားပေးရန် အချိန်မရှိပေ။

အကြောင်းမှာ ယခုအချိန်၌ သူသည် ဆေးဖော်ဆောင်၏ အောက်ဘက်တွင်ရှိသော မြေအောက်လိုဏ်ဂူကြီးတစ်ခုထဲသို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။ အတိအကျဆိုရလျှင် ၎င်းမှာ လိုဏ်ဂူတစ်ခုတည်း မဟုတ်ဘဲ အချင်းချင်း ဆက်သွယ်နေသော ကြီးမားလှသည့် မြေအောက်ဥမင်လိုဏ်ခေါင်းကြီး ဖြစ်နေခြင်းပင်။

ပင့်ကူအိမ်သဖွယ် ရှုပ်ထွေးနေသော ဥမင်လမ်းကြောင်းများကို ကြည့်ရင်း လော့ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

ဤသည်မှာ သတ္တုတွင်းဟောင်းကြီး တစ်ခုဖြစ်လေသည်။

ဤမြေအောက် ကွန်ရက်သည် ကျောက်စိမ်းအိုးဓားဂိုဏ်းအနေဖြင့် လခြမ်းတောင်ကြားတွင် ကြယ်ငွေသတ္တုများ တူးဖော်စဉ်က ကျန်ရစ်ခဲ့သော အမွေအနှစ် ဖြစ်သည်။

ဂိုဏ်းပြောင်းရွှေ့သွားပြီးနောက် ဥမင်များကို ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဖိုရှန်းဂိုဏ်းက ဤချိုင့်ဝှမ်းကို သိမ်းပိုက်လိုက်သောအခါ ဤနေရာကို ရှာဖွေခဲ့ကြပေလိမ့်မည်။ သို့သော် တန်ဖိုးရှိသော အရာများ မရှိသဖြင့် ဤအတိုင်း ပစ်ထားခဲ့ကြခြင်း ဖြစ်ပေမည်။

ဆေးခန်းမမှ ကြီးမားသော တွင်းပေါက်အချို့အား နေရောင်ခြည်နှင့် မထိတွေ့ရသော ဆေးဘက်ဝင်အပင်များကို အခြောက်ခံရန် သုံးသည်ဟု သူကြားဖူးသည်။

“ဒါဆို ဒီနေရာက ကြယ်ငွေသတ္တု တူးဖော်တဲ့ ပင်မဥမင်ကြီး ဖြစ်ရမယ်”

လော့ချန် တီးတိုးရေရွတ်လိုက်ကာ သူ၏ အခြေအနေပြကြေးမုံပြင်ကို ကြည့်လိုက်သည်။

အသစ်ပေါ်လာသော စာသားကို သူ တွေ့လိုက်ရသည်။

“တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - အခြေခံအဆင့် (၁/၁၀၀)”

လော့ချန် ခါးသီးစွာ ရယ်မောလိုက်မိသည်။

ထိုလက်ဝါးသိုင်းက သူ့အား အကြီးအကျယ် အံ့ဩသွားစေခဲ့သည်။ ပထမဆုံး အကြိမ် စမ်းသပ်လိုက်ရုံဖြင့် သူသည် အားကို မထိန်းနိုင်ဘဲ မြေပြင်တွင် အပေါက်ကြီးဖြစ်အောင် ရိုက်ချလိုက်မိသည်။

ဥမင်လမ်းကြောင်းများစွာ၏ အလယ်ဗဟိုတွင် ရပ်နေရင်း လော့ချန် ခဏတာ ဇဝေဇဝါ ဖြစ်သွားသည်။

မည်သည့်နေရာမှ စ စူးစမ်း ရမည်ကို ခဏတာ တွေဝေပြီးနောက် အကျယ်ဆုံး ဥမင်လမ်းကို သူ ရွေးချယ်လိုက်သည်။ သူ၏ စဉ်းစားချက်အရ အကြီးဆုံးလမ်းမှာ လူသွားလူလာ အများဆုံးဖြစ်ခဲ့သဖြင့် ပိုမိုဘေးကင်းပြီး သွားလာရ လွယ်ကူပေလိမ့်မည်။

ရှေးဟောင်းကျင့်ကြံသူများ၏ ရုပ်အလောင်းများ၊ နတ်ဘုရား အမွေအနှစ်များ သို့မဟုတ် ဝိညာဥ်သန္ဓေတည်အဆင့် သို့ ရောက်ရှိမည့် ဖြတ်လမ်းများကို သူ မမျှော်လင့်ရဲ ပေ။

ထိုအစား မြေအောက်မိစ္ဆာ သားရဲဆိုးများသာ မရှိပါစေနှင့်ဟု သူ ဆုတောင်းနေမိသည်။

“ပင့်ကူတွေ၊ မြွေတွေ၊ အကြေးခွံ သားရဲတွေ.... အဲဒါတွေ ဘာမှ ထွက်မလာပါစေနဲ့”

သူ ထိုသို့ ရေရွတ်လိုက်သည်နှင့် စိတ်ကူးတစ်ခု ရသွားသည်။

သူ လက်ကို တစ်ချက်လှုပ်လိုက်ရာ ရုပ်သေးရုပ်လေးတစ်ခု မြေပြင်ပေါ်သို့ ကျလာပြီး ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။ ၎င်းသည် ကျောက်ဆောင်ကြားရှိ ကျဉ်းမြောင်းသော အပေါက်များကိုပင် အလွန် လျင်မြန်စွာ ဖြတ်ကျော်သွားနိုင်သည့် ကင်းထောက်လေးတစ်ခုနှယ် ပင်ဖြစ်သည်။

“ရုပ်သေးပညာက တကယ်ကို မိုက်တာပဲ၊ ခရီးသွားဖို့၊ လူသတ်ဖို့နဲ့ ရတနာရှာဖို့အတွက် အကောင်းဆုံးပဲ၊ တစ်နေ့ကျရင် ငါ ဒါကို သင်ဦးမယ်”

ပြောပြောဆိုဆိုဖြင့် လော့ချန် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ လှမ်းတက်လိုက်သည်။

ဆေးဖော်ဆောင်၏ အောက်ဘက်တွင်ရှိသော မမျှော်လင့်ထားသည့် စွန့်စားခန်းကြီးတစ်ခုသို့ သူ စတင် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

….

မီကျွင်းဖျင်သည် ဆေးဖော်ဆောင်၏ အလယ်တွင် လက်ပိုက်ရပ်နေသည်။

“လော့ချန် မရှိဘူးလား” ဟု မျက်နှာပျက်ပျက်နှင့်မေးလိုက်သည်။

ကူချိုင်ယီ တွန့်ဆုတ်သွားသည်။

“ရှိတော့ ရှိပါတယ်၊ ဒါပေမဲ့....”

ဟု ပြန်ဖြေလိုက်ရင်း ပြဿနာတစ်ခုခု တက်တော့မည်ကို သူမ ခံစားမိသည်။

“ရှိရင် သူ့ကို ထွက်လာခိုင်းလိုက်လေ”

“သူက တံခါးပိတ် ကျင့်ကြံနေတာပါ ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးခိုင်းပါဘူး”

လော့ချန်၏ မှာကြားချက်အတိုင်း ကူချိုင်ယီက အမှန်အတိုင်း ဖြေလိုက်သည်။

“တံခါးပိတ် ကျင့်ကြံတယ် ဟုတ်လား၊ ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံတဲ့ ကောင်က ရံဖန်ရံခါ တံခါးပိတ် ကျင့်ကြံနေတယ်ဆိုတာ ဘယ်လို အဓိပ္ပာယ်လဲ၊ ဘာမှမသိတဲ့သူတွေဆိုရင် သူက ရာစုနှစ်ပေါင်းများစွာ ကျင့်ကြံနေတဲ့ ဆရာကြီးလို့တောင် ထင်သွားဦးမယ်”

မီကျွင်းဖျင် မကျေမနပ် ပြောရင်း ပစ္စည်းအချို့ကို ကူချိုင်ယီ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

“ဒါက သူ့ရဲ့ ပြီးခဲ့တဲ့လအတွက် အမြတ်ဝေစုတွေ၊ သူ ပြန်ထွက်လာရင် ပေးလိုက်၊ စာရင်းတွေကိုလည်း သေချာစစ်ခိုင်းလိုက်ဦး၊ တစ်ခုခု လိုနေရင် ငါ့ကို လာမရှာနဲ့”

ပြောပြီးသည်နှင့် သူမ နောက်သို့လှည့်ကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။

ကူချိုင်ယီသည် သူမအား ခဏတာ ငေးကြည့်နေပြီးမှ လက်ထဲရှိ အိတ်ကို ဖွင့်ကြည့်လိုက်ရာ မှင်သက်သွားတော့သည်။

အိတ်ထဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်များမှာ စနစ်တကျ စီထားလျက် အရောင်တောက်နေကြသည်။ ၎င်းတို့၏ အပေါ်တွင်မူ သူမ ရင်းနှီးနေသော သစ်သားသေတ္တာလေးတစ်လုံး ရှိနေသည်။

ကူချိုင်ယီ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။

“လော့ချန်ရဲ့ ဝင်ငွေက တကယ်ကို ဒီလောက်အထိ များနေတာလား”

All Chapters