နှုတ်သီးကောင်း လျှာပါး ကိုလော့ချန်
Vol. 10 Ch. 99
အကောင်းစား နဂါးရိုး ဟူသော နာမည်ဆန်းကိုကြည့်ရင်း ဗွက်နွယ်မိကျောင်း အရိုးကြီးမှန်း အမှန်အတိုင်း သိနေသော လော့ချန် နှာခေါင်းရှုံ့လိုက်မိသည်။
သို့သော် ဤကဲ့သို့ သားရိုင်းသားမျိုး ရရန်မှာ လွယ်လှသည်မဟုတ်။
လက်ရည်မခေသူမှ ရမည် ဟု သူ အတွေးဝင်ကာ “ကောင်းပြီလေ.... ကျွန်တော် ဒါကို ယူမယ်” ဟု ဆိုရင်း ခေါင်းညိတ်လိုက်သည်။
သို့သော် ဆိုင်ရှင်မှ ဈေးပြောလိုက်သောအခါတွင်မူ….။
“ဘာဗျ၊ ဒီအစုတ်အပဲ့လေးကို ဝိညာဉ်ကျောက် သုံးတုံးလား၊ ခင်ဗျား ရူးနေတာလား၊ မယူတော့ဘူး.... လာ၊ သွားစို့”
လော့ချန် အော်ဟစ်ကာ ကူချိုင်ယီ၏ လက်ကို ဆွဲ၍ ထွက်ခွာရန် ပြင်လိုက်သည်။
ဈေးသည်မှာ အံကြိတ်လိုက်ပြီး စိတ်လျှော့ကာ ပြောလိုက်သည်။
“မိတ်ဆွေ.... ပြန်လာပါဦး၊ ပြန်ပြောကြတာပေါ့ ကဲ…. ဝိညာဉ်ကျောက် နှစ်တုံးပဲ ပေးပါ၊ ဒါထက်တော့ လျှော့လို့ မရတော့ဘူး၊ ဒီနဂါးရိုးက ပိဿာ ၂၀ ကျော် တောင် ရှိတာဗျ”
လော့ချန်သည် မလိုချင်သလိုဟန်ဖြင့် ပြန်လာကာ ဝိညာဉ်ကျောက်များကို ထုတ်ပေးရင်း တစ်ဖက်ကလည်း အပြစ်ရှာနေသေးသည်။ ဤအရာမှာ မိစ္ဆာသားရဲအသား မဟုတ်ကြောင်း၊ ဒဏ်ရာများလည်း များလွန်းသဖြင့် ဟင်းချက်ရန် အနည်းငယ်သာ သုံး၍ရကြောင်း တတွတ်တွတ် ပြောနေမိသည်။
ထိုဈေးသည်ကျင့်ကြံသူမှာ အလကားပေးလိုက်ရသလို မျက်နှာပျက်နေတော့သည်။ ဤကဲ့သို့ ဈေးလည်း အတင်းနှိမ်ကာ ပွစိပွစိလည်းလုပ်၊ အလွန်အမင်း ကတ်သပ်တတ်သော ဈေးဝယ်သူမျိုး သူ သိပ်မတွေ့ဖူးပေ။
အကယ်၍ ဗွက်နွယ်မိကျောင်းရိုးမှာ ရောင်းရခက်နေသော ပစ္စည်းမဟုတ်ပါက ဝိညာဉ်ကျောက် နှစ်တုံးနှင့် ရောင်းမည် မဟုတ်ပေ။
ကူချိုင်ယီမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်ပင် ရယ်ချင်နေမိသည်။
လော့ချန်သည် မကြာသေးမီကမှ အမြတ်ငွေ အမြောက်အမြား ရထားသော်လည်း အလွန်ပင် တွန့်တိုလွန်းနေဆဲ ဖြစ်သည်။ သို့မဟုတ် တွန့်တိုခြင်းတင် မကဘဲ သူသည် မိမိအိတ်ကပ်ထဲမှ တစ်ပြားမှ အပိုထွက်မခံနိုင်သော ဈေးဆစ်ဝါသနာအိုးတစ်ဦး ဖြစ်နေခြင်းကြောင့်လည်း ဖြစ်ပေလိမ့်မည်။
ထို့နောက် လော့ချန်သည် ဈေးအလယ်ပိုင်းတွင် ဆက်လက် ဈေးဝယ်တော့သည်။
သူသည် ကူချိုင်ယီအား လိုအပ်သော ကုန်ကြမ်းစာရင်းအရှည်ကြီး တစ်ခု ပေးလိုက်ပြီး ကုန်ကြမ်းများ စုံစမ်းခိုင်းကာ သူကိုယ်တိုင်လည်း ဆိုင်ခန်းများကို လိုက်လံ စစ်ဆေးနေတော့သည်။
သူတို့သည် တောင်ဘက်ပိုင်းတွင် သုံးနာရီခန့် အချိန်ဖြုန်းပြီးနောက် ဗဟိုလမ်းမကြီးပေါ်သို့ တက်လာခဲ့ကြသည်။
ထိုနေရာတွင် လင်ယွမ်နန်းဆောင်၊ ဆေးပေါင်းတစ်ထောင်ခန်းမ နှင့် ဝိညာဉ်ဆေးနန်းဆောင် ကဲ့သို့သော နာမည်ကြီး ဆိုင်ကြီးများမှ ပစ္စည်းများကို အလုံးအရင်းနှင့် ဝယ်ယူလိုက်တော့သည်။
သူတို့၏ အေးချမ်းလှသော ခြံဝင်းအိမ်လေးသို့ ပြန်ရောက်သောအခါ ကူချိုင်ယီသည် စာရင်းများကို စစ်ဆေးကြည့်ပြီး မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။
“လော့ချန်.... ရှင် ဒီနေ့ တစ်နေ့တည်းနဲ့ ဝိညာဉ်ကျောက် ၃၀၀ တောင် သုံးပစ်လိုက်တာလား”
လော့ချန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး နောက်သို့ပင် ပြန်မကြည့်ဘဲ အိမ်ထဲသို့ ဝင်သွားတော့သည်။
ကူချိုင်ယီမှာ မှင်သက်နေဆဲ ပင်ဖြစ်သည်။
လော့ချန်သည် ပုံမှန်ဆိုလျှင် ဝိညာဉ်ကျောက် ၁ တုံးကိုပင် နှစ်ခြမ်းခွဲသုံးမည်ဟု ထင်ရလောက်အောင် စေးနှဲလှသည်။ သို့သော် ယခုမူ မျက်တောင်တစ်ချက် မခတ်ဘဲ ရာနှင့်ချီသော ငွေများကို သုံးစွဲပစ်လိုက်လေသည်။
လော့ချန်ကမူ သူသည် မည်သည့်အခါမျှ ကမူးရှူးထိုး မလုပ်ခဲ့ကြောင်း ကောင်းကောင်း သိသည်။
သူသည် ဝိညာဉ်ကျောက်များ ရရှိရန် အရူးအမူး အလုပ်လုပ်သလို၊ မလိုအပ်သော ကုန်ကျစရိတ်များတွင်လည်း မည်သူ့ထက်မဆို စေးနှဲတတ်သည်။ သို့သော်မဟာတာအိုကို လျှောက်လှမ်းရာတွင်မူ သူသည် မည်သူထက်မဆို ပိုမို သုံးစွဲရဲသူ ဖြစ်သည်။
ချီစွမ်းအင်ဖြည့်ဆေးများ အလွန်ဈေးကြီးနေချိန်၊ သူ ချီသန့်စင်အဆင့် ၄ တွင် ရှိနေစဉ်ကပင် တစ်ခါဝယ်လျှင် ငါးပုလင်းစီ ဝယ်ယူခဲ့သူ ဖြစ်သည်။
ဝုန်း….
ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုအား သူ၏ ဆေးဖော်စပ်ခန်းထဲတွင် ချလိုက်သည်။ ထို့နောက် အချိန်မဆွဲဘဲ မီးမွှေးကာ၊ ရေထည့်ပြီး ဝိညာဉ်ဆေးနန်းဆောင်မှ ဝိညာဉ်ကျောက် ဆယ်တုံးပေးဝယ်ခဲ့ရသော မူလအစွမ်းမှုန့် များကို လောင်းထည့်ကာ အသေအချာ မွှေလိုက်သည်။
ထို့နောက် ဆေးဖက်ဝင်အပင်များအား အတွေ့အကြုံရှိရှိ တစ်ခုပြီးတစ်ခု ထည့်လိုက်သည်။ နောက်ဆုံးတွင် ဤအရောအနှော၏ အဖိုးတန် ရတနာဖြစ်သော၊ သေးငယ်သော်လည်း အ
လွန်လေးလံလှသည့် မိကျောင်းနဂါးရိုး ၂၀ ပိဿာခန့်အား ပစ်ထည့်လိုက်တော့သည်။
“သုံးနာရီလောက် ချက်ရမယ်၊ ဒါဆိုရင် ချင်ယွမ်ဇီ၏ ဆေးဖော်ပညာ ခွဲခြမ်းစိတ်ဖြာချက် ထဲကအတိုင်း အကောင်းစား အနှစ်သာရမွေးမြူရည် တစ်အိုး ရတော့မှာပဲ”
လော့ချန် မီးရှိန်ကို ညှိရင်း ခပ်တိုးတိုး ပြောလိုက်သည်။
သူသည် ရှေ့ဆက်ရမည့် အခြေအနေများကို ကြိုတွေးကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
ချင်ယွမ်ဇီ၏ ဆေးဖော်ပညာ ခွဲခြမ်းစိတ်ဖြာချက်သည် ဗဟုသုတ ဘဏ်တိုက်ကြီးတစ်ခုသဖွယ်ပင်။ အခြေခံ ဆေးဖော်စပ်မှု သီအိုရီများအပြင် ဆေးဖော်စပ်သူများအတွက် သီးသန့်ရည်ရွယ်ထားသော ဆေးနည်းငယ်များကိုလည်း ဖော်ပြထားသည်။
ဆေးလုံးများကဲ့သို့ မပြည့်စုံသော်လည်း ပုံမှန်အသုံးပြုလျှင် အဆင့်နိမ့် ဆေးလုံးများ၏ အစွမ်းကို ယှဉ်နိုင်ပေသည်။
အနှစ်သာရမွေးမြူရည်မှာ ထိုဆေးနည်းများထဲမှ တစ်ခုဖြစ်သည်။
ဆေးရည်ချိုးခြင်းမှတစ်ဆင့် စုပ်ယူရခြင်းဖြစ်ပြီး ၎င်းသည် ခန္ဓာကိုယ်၏ ဇီဝစွမ်းအားကို မြှင့်တင်ပေးရုံသာမက ဆေးဖော်စပ်သူ၏ ဆေးဘက်ဝင်အာနိသင်များ ပြောင်းလဲမှုကို သိရှိနိုင်သော အာရုံခံစားမှုကိုလည်း တိုးတက်စေသည်။
မူရင်းရေးသားသူ ချင်းယွမ်ကျီ၏ ရည်ရွယ်ချက်မှာ ဆေးဖော်စပ်သူများအား ဆေးလုံးဖော်စပ်စဉ်အတွင်း ဆေးအာနိသင် ပြောင်းလဲမှုများကို ပိုမို ထက်မြက်စွာ သိရှိနိုင်စေရန် ဖြစ်သည်။
သို့သော် လော့ချန်၏ ရည်မှန်းချက်မှာ ထိုသို့ မဟုတ်ပေ။
သူသည် လက်ရှိတွင် အာရုံခံစားမှု တိုးတက်ရန် မလိုအပ်သေးပေ။ သူ လိုအပ်နေသည်မှာ ခန္ဓာကိုယ်၏ ဇီဝစွမ်းအား အမြောက်အမြားပင် ဖြစ်သည်။
သူသည် နေ့စဉ်နှင့်အမျှ ဆေးလုံးများစွာကို ဖော်စပ်နေရပြီး ချီစွမ်းအင်များကိုလည်း အပြင်းအထန် အသုံးပြုနေရသဖြင့် ခန္ဓာကိုယ်မှာ စဉ်ဆက်မပြတ် ပြန်လည်ဖြည့်တင်းမှုများ လိုအပ်နေသည်။
အာဟာရဖြည့်တင်းခြင်းအကြောင်း တွေးမိကာ ရုတ်တရက် သတိရသွားသော လော့ချန်သည် မီးဖိုချောင်သို့ သွားကာ အိုးအကြီးကြီးတစ်လုံးအား ပြင်လိုက်သည်။
ထို့နောက် သူ ဝယ်လာသော ဟင်းသီးဟင်းရွက်များ၊ အရိုးများနှင့် မိစ္ဆာသားရဲအသားများကို ထည့်လိုက်သည်။
“ဒီနေ့တော့ ငါတို့ရဲ့ ဟော့ပေါ့ စားပွဲကြီးပေါ့ကွာ” ဟု ဝမ်းသာအားရ ရေရွတ်လိုက်လေသည်။
ပစ္စည်းများ မွှေနှောက်ကြည့်ပြီးနောက် သူသည် ခေါက်ဆွဲနှင့် ကြာဇံ ဝယ်ရန် မေ့သွားကြောင်း သတိထားမိလိုက်သည်။ သို့သော် ဖြတ်ထိုးဥာဏ်ကောင်းသော အမောင် လော့ချန်သည် သန့်စင်ထားသော သားရဲအကြောအစုလိုက်အား ဆွဲယူကာ ထည့်လိုက်သည်။
ထို့နောက် စိတ်ကျေနပ်စွာ လက်ခုပ်တီးလိုက်သည်။ ယခုမူ အားလုံး ပျော်ပျော်ပါးပါး စားသောက်ရန်သာ ကျန်တော့သည်။
….
လခြမ်းတောင်ကြား၏ တစ်နေရာ၌ ဖြစ်သည်။
ဇနီးမောင်နှံနှစ်ဦးသည် တိတ်ဆိတ်သော လမ်းကြားလေးအတိုင်း လက်ချင်းချိတ်ကာ အိမ်သို့ ပြန်လာကြသည်။ ဇနီးသည် မုရုံချင်းလျန်က ချင်လျန်ချန်း၏ လက်မောင်းကို ချိတ်ကာ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနေသည်။
“လစာ ရပြီရှင့်”
သူမ ဝမ်းသာအားရ ပြောလိုက်သည်။
“ဆေးခန်းမက ဝိညာဉ်ကျောက် ၃၀၀၊ ဆေးဖော်ဆောင်က ၁၀၀ ဒါပေမဲ့ အဓိက ဝင်ငွေကတော့ ဝိညာဉ်ငါး လုပ်ငန်းကပဲ၊ ခေါင်းလောင်းရွှေအိုးရိပ်မြုံနဲ့ စာချုပ်ချုပ်ထားသလို တခြား ကျင့်ကြံသူ မိသားစုတစ်ခုဆီကလည်း အမှာစာရထားတော့ ဒီလထဲမှာ ဝိညာဉ်ကျောက် ၅၀၀ ကျော် ရလိုက်တယ်”
ထို့နောက် သူမ ဂုဏ်ယူစွာ ပြုံးလိုက်ပြီး “ရှင်ကော…. ဒီလ ဘယ်လောက်ရလဲ ယောက်ျား” ဟု မေးလိုက်သည်။
ချင်လျန်ချန်း၏ မျက်နှာမှာ နီရဲသွားပြီး “၃၀၀” ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ၏ ဝင်ငွေမှာ ဇနီးဝင်ငွေ ထက်ဝက်မျှပင် မရှိသဖြင့် သူ ရှက်မိနေသည်။
အိမ်ထောင်ဦးစီးတစ်ဦးအနေဖြင့် သူ အနည်းငယ် စိတ်ပျက်မိနေခြင်းပင်။
မုရုံချင်းလျန် ရယ်မောလိုက်သည်။
“စိတ်မကောင်းမဖြစ်ပါနဲ့ရှင်၊ ရှင်ကပဲ ဝိညာဉ်ငါးကန်ကို အရင်ဆုံး သိမ်းပိုက်ပေးခဲ့တာပဲဥစ္စာ၊ ကျွန်မက အဲဒါကို စီမံပေးရုံတင်ပါ”
ထိုသို့ ပြောသော်လည်း ချင်လျန်ချန်းမှာ မတင်မကျ ဖြစ်နေဆဲပင်။
ဖိုရှန်းဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်လာရခြင်းမှာ သူ ထင်သလောက် အမြတ်မထွက်ခဲ့ပေ။
သူ့တွင် အာဏာ မရှိသလို ဩဇာလည်း မရှိပေ။ သို့သော် သူသာ ထိုနေရာ မယူခဲ့လျှင် မုရုံချင်းလျန်သည် ဆေးခန်းမ၏ ခေါင်းဆောင် ဖြစ်လာလိမ့်မည် မဟုတ်သည်ကို သူ ပြန်တွေးမိလိုက်သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချင်လျန်ချန်းသည် လရောင်အောက်မှ လမ်းကြားလေးကို ကြည့်ရင်း မျက်နှာထား နူးညံ့သွားသည်။
“နောက်လအနည်းငယ်လောက် ဝိညာဉ်ကျောက်တွေ ထပ်စုပြီးရင် ရှောင်ဟူဆီ ပို့ပေးကြရအောင်”
“ရှောင်ဟူ တစ်ယောက် တိမ်ပြိုဂိုဏ်း မှာ ဘယ်လိုနေလဲ မသိဘူး၊ ငါတို့ ပေးခဲ့တဲ့ ဆေးလုံးတွေကော ကုန်ပြီလား၊ သူ့ဂိုဏ်းတူညီအစ်ကိုတွေနဲ့ကော အဆင်ပြေရဲ့လား မသိဘူး”
မုရုံချင်းလျန်သည် ဘေးနားမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ချင်လျန်ချန်း၏ လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။
သူတို့ မိသားစု၏ ပုံစံမှာ အနည်းငယ် ထူးခြားသည်။
ချင်လျန်ချန်းသည် အိမ်ထောင်ဦးစီး ဖြစ်သော်လည်း ပြင်ပကိစ္စများအား မုရုံချင်းလျန်က ပိုမို စီမံလေ့ရှိသည်။
တင်းကျပ်သော ဖခင်များ၊ ခင်ပွန်းများနှင့် မတူဘဲ ချင်လျန်ချန်းသည် သူ၏ ခံစားချက်များကို ပွင့်လင်းစွာ ဖော်ပြလေ့ရှိသည်။
သူတို့သားလေး ရှောင်ဟူ အိမ်တွင် ရှိစဉ်ကပင် သူသည် ကောင်လေးအား မြှောက်လိုက်၊ ကစားလိုက်ဖြင့် နေ့စဉ် ပျော်ရွှင်အောင် ထားတတ်သဖြင့် ရှောင်ဟူမှာ တစ်ခါတစ်ရံ ရှက်ပင် ရှက်မိတတ်သည်။
“အဘိုးကြီးချင်....”
လမ်းလျှောက်နေရင်း မုရုံချင်းလျန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဂိုဏ်းက မကြာသေးခင်ကပဲ ထိပ်တန်းအဆင့် သတ္တုဓာတ် ဝိညာဉ်လက်နက် ဓားကြီးတစ်လက် ရထားတယ်လို့ ကြားတယ်၊ အဲဒါက ရှင့်ရဲ့ တိုက်ခိုက်ရေးဟန်နဲ့ ကွက်တိပဲ”
“ကျွန်မတို့ အဲဒါကို ဝယ်ကြမလား”
ချင်လျန်ချန်းမှာ အံ့ဩသွားရသည်။
“ဝယ်မယ်၊ ဒါပေမဲ့ ငါတို့ ရှောင်ဟူအတွက် ဝိညာဉ်ကျောက်တွေ စုနေတာ မဟုတ်ဘူးလား”
မုရုံချင်းလျန်က ခေါင်းခါရင်း နူးညံ့စွာ ပြုံးလိုက်သည်။
“သူ့အတွက်လည်း ဆက်စုမှာပါ၊ ဒါပေမဲ့ အခုချက်ချင်းကြီးတော့ မဟုတ်သေးဘူး၊ သူက ချီသန့်စင် အစောပိုင်းအဆင့်မှာပဲ ရှိသေးတော့ အရင်းအမြစ်တွေ အများကြီး မလိုသေးဘူး၊ ဒါပေမဲ့ ရှင်ကတော့ မတူဘူး၊ ရှင့်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ အခွင့်အရေး အများကြီး ရှိတယ်၊ အဲဒီကို ရောက်ဖို့ဆိုရင် ရှင့်မှာ အားကိုးရမယ့် ဝိညာဉ်လက်နက်တစ်ခု ရှိဖို့ လိုတယ်”
သူမသည် ခင်ပွန်းဖြစ်သူအား စိုက်ကြည့်ရင်း ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
“ရှင်သာ အဆင့်တက်သွားရင် ရှောင်ဟူလည်း ဂိုဏ်းထဲမှာ သူ့အဖေအတွက် ပိုပြီး ဂုဏ်ယူနိုင်မှာပေါ့”
ချင်လျန်ချန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး သူမ၏ စကားများအား သေသေချာချာ စဉ်းစားလိုက်သည်။ ထို့နောက် သူ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
“မင်း ပြောတာ မှန်တယ်”
သူ နောက်ဆုံးတွင် ပြောလိုက်သည်။
“ငါ့မှာ မီရှုဟွာပေးထားတဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံး ရှိနေတာပဲ၊ အဲဒါကို အလကား မဖြစ်စေရဘူး”
ထို့နောက် သူ ပြုံးလိုက်ပြီး ဘေးတွင် လူမရှိသည်ကို ကြည့်ကာ မုရုံချင်းလျန်အား ခိုးနမ်းလိုက်တော့သည်။
“မင်းက တကယ့် ဇနီးကောင်းပဲ၊ မင်းသာ အဆင့်ပြည့်သွားရင် ငါလည်း မင်းကို အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်အောင် ကူညီပေးမယ်”
မုရုံချင်းလျန်သည် သူမ၏ ပါးပေါ်မှ တံတွေးများကို သုတ်လိုက်ပြီး ရှက်ရှက်နှင့် စိတ်ဆိုးဟန်ဆောင်ကာ သူ့အား တွန်းထုတ်လိုက်သည်။
“အရှက်မရှိတဲ့ အဘိုးကြီး”
သူမ သူ့အား စနောက်ကာ တွန်းထုတ်ရင်း ခြံဝင်းထဲသို့ ဝင်လိုက်သည့်အခါ ပြင်းထန်ပြီး မွှေးကြိုင်လှသော ဟင်းနံ့ကြီးက သူမအား ဆီးကြိုလိုက်တော့သည်။
ထိုအနံ့မှာ နှာချေချင်လောက်အောင် စူးရှလှသော်လည်း ဗိုက်ဆာအောင်လည်း လှုံ့ဆော်ပေးနေသည်။
“ဦးလေးချင် နဲ့ ဒေါ်လေးမုရုံ ပြန်လာကြပြီလား”
လော့ချန်သည် အငွေ့တထောင်းထောင်း ထွက်နေသော သံအိုးကြီးဘေးမှ သူတို့အား လက်လှမ်းပြလိုက်သည်။
“လာ…. ဟော့ပေါ့ လာစားကြပါ၊ ဒေါ်လေးတို့အတွက် ပန်းကန်နဲ့ တူတွေ အဆင်သင့် ပြင်ထားတယ်”
လော့ချန် ပြောပြောဆိုဆိုဖြင့် အရိုးတစ်ခုကို အားရပါးရ ကိုက်နေသော ပိုင်မေလင်းအား ခြေထောက်ဖြင့် အသာအယာ တို့လိုက်ရာ သူမ မကျေမနပ်နှင့် နေရာဖယ်ပေးလိုက်ရသည်။
သူမဘေးတွင် ကူချိုင်ယီသည် ပန်းကန်နှစ်စုံအား ချပေးကာ ချင်ဇနီးမောင်နှံအတွက် သေရည်များ ငှဲ့ပေးလိုက်သည်။
မုရုံချင်းလျန်က အံ့ဩတကြီး အာမေဍိတ် ပြုလိုက်သည်။
“ဒီလောက် ဟင်းတွေ အများကြီးနဲ့ စားနေကြတာ.... မင်းတို့တွေ ချမ်းသာကုန်ကြပြီလား”
ခြံဝင်းအတွင်းရှိ မီးဖိုပေါ်မှ သံအိုးကြီးထဲတွင် အသားများ၊ ဟင်းသီးဟင်းရွက်များနှင့် နီရဲနေသော ငရုတ်သီးများဖြင့် ဆူပွက်နေသော ဟင်းရည်ကြီးမှာ မြင်ရသူတိုင်းအား သွားရည်ကျစေသည်။
ကူချိုင်ယီက ရယ်မောလိုက်ကာ ဆိုသည်။
“ကျွန်မတို့ရဲ့ ခန်းမခေါင်းဆောင်ကြီးလော့ချန်က လစာတွေ အများကြီး ရထားလို့ ကျွန်မတို့ကို ကျွေးမွေးဧည့်ခံနေတာပါ”
ညစာသည် စားတော်ပွဲကြီးပင် ဖြစ်သည်။
အိုး၏ တစ်ဝက်ကျော်မှာ အသားဖြင့် ပြည့်နေပြီး ဟင်းသီးဟင်းရွက်များမှာလည်း မှော်စွမ်းအင်များ ပါဝင်နေသည်။ ကုန်ကြမ်းဖိုးသည်ပင် ဝိညာဉ်ကျောက် ငါးတုံးခန့် ရှိပေလိမ့်မည်။
အကယ်၍ ခေါင်းလောင်းရွှေအိုးရိပ်မြုံကဲ့သို့ ဆိုင်မျိုးတွင် သွားစားမည်ဆိုလျှင် အနည်းဆုံး ဝိညာဉ်ကျောက် ၅၀ သို့မဟုတ် ၁၀၀ ခန့် ပေးရပေလိမ့်မည်။
ထို့ထက် ပိုမိုထူးခြားသည်မှာ အရသာပင် ဖြစ်သည်။ လော့ချန်သည် စီချွမ်ဟန် ဟော့ပေါ့အရသာမျိုးရရန် ပြင်းရှလှသော ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြုထားသဖြင့် လျှာပေါ်တွင် အရသာစွဲကျန်နေစေသည်။
ချင်လျန်ချန်းနှင့် မုရုံချင်းလျန်တို့ စားကြည့်လိုက်သောအခါ ချက်ချင်းပင် စွဲလန်းသွားကြတော့သည်။
စပ်မည်ကို စိုးရိမ်သောစိတ်များမှာ ပျောက်ကွယ်သွားသည်။ သူတို့သည် ထိုကဲ့သို့သော အရသာမျိုးနှင့် မရင်းနှီးသော်လည်း သူတို့၏ ကျင့်ကြံထားသော ခန္ဓာကိုယ်များမှာ ထိုဒဏ်ကို အလွယ်တကူ ခံနိုင်ရည်ရှိသည်။ အလွန်လည်း စားကောင်းလှသည်။
အသားမှာ အနည်းငယ်မာသော်လည်း အရသာ ရှိလှသည်။ လော့ချန်သည် မှော်အာဟာရဆေးလုံး ဖော်စပ်စဉ်က အသားစိမ်းများကို ကိုင်တွယ်ခဲ့ရသဖြင့် ထိုအသားများကို မည်သို့ ချက်ပြုတ်ရမည်ကို ကျွမ်းကျင်နေခြင်း ဖြစ်သည်။
လူတိုင်း ပျော်ပျော်ပါးပါး စားသောက်နေကြသည်ကို ကြည့်ရင်း လော့ချန်၏ စိတ်ထဲမှ ဝိညာဉ်ကျောက် ၅ တုံးအတွက် နှမြောစိတ်မှာ အစအနပင် မရှိတော့ပေ။
သူသည် ကပ်စေးနှဲတတ်သူ ဖြစ်သော်လည်း ကျင့်ကြံခြင်းနှင့် ပတ်သက်လျှင်ဖြစ်စေ၊ စစ်မှန်သော မိတ်ဆွေများအတွက် ဖြစ်စေ သူ၏ ရရှိမှုများကို မျှဝေရန် ဘယ်သောအခါမှ ဝန်မလေးခဲ့ပေ။
ဤအိမ်နီးချင်းတစ်စုမှာ သူ၏ စစ်မှန်သော မိတ်ဆွေများ ဖြစ်လာနေကြပြီ ဖြစ်သည်။
သူသည် အစောပိုင်းကာလများအား ပြန်ပြောင်း သတိရလိုက်မိသည်။ ကူချိုင်ယီသည် သူ့အား ကျင့်ကြံခြင်း အခြေခံများကို သင်ပြပေးခဲ့သည်။ ဆေးဖို ရရှိအောင် ကူညီပေးခဲ့သည်။ သူမ၏ ခြံထွက် အသီးအနှံများကို ကျွေးခဲ့သလို ယနေ့တွင်လည်း သိုင်းကျမ်းစာအုပ် လက်ဆောင်ပေးခဲ့သည်။
ပိုင်းမေလင်းနှင့် ဖုန်းရှတို့မှာ အလုပ်ချိန် မကိုက်ညီသဖြင့် ခဏခဏ မတွေ့ရသော်လည်း သူ ဆေးပေါင်းတစ်ထောင်ခန်းမ သွားသည့်အခါတိုင်း အရည်အသွေးမြင့် ဆေးပင်များကို တိတ်တဆိတ် ထည့်ပေးတတ်ကြသည်။
ထို့ပြင် ချင်လျန်ချန်း ဇနီးမောင်နှံမှာလည်း သူ့အား မှော်ဂါထာများ သင်ကြားပေးခဲ့သလို၊ ရုပ်သေးရုပ် လက်ဆောင်ပေးခဲ့ကာ ဒုတိယအဆင့် ကျားရိုးဆေးရည်ကိုပါ တိုက်ကျွေးခဲ့သဖြင့် သူ ချီသန့်စင် အဆင့် ၅ သို့ တက်လှမ်းနိုင်ခဲ့သည်။
ယခုအခါတွင်လည်း ဖိုရှန်းဂိုဏ်းအတွင်း၌ သူ့အား အမြဲ ကူညီပေးနေကြသည်။
ဤကျေးဇူးတရားများမှာ အချိန်ကြာလာသည်နှင့်အမျှ လော့ချန်၏ ရင်ထဲတွင် မှတ်ကျောက်တင်ကျန်ရစ်ခဲ့သည်။ ယခင်က သူ မတတ်နိုင်သဖြင့် သူတို့၏ ရက်ရောမှုအား လက်ခံခဲ့ရသည်။
သို့သော် ယခု သူ သုံးနိုင်စွဲနိုင်လာပြီ ဖြစ်သဖြင့် လူတိုင်းအား ကောင်းမွန်သော ထမင်းတစ်နပ် ကျွေးမွေးသင့်ပေသည်။
လော့ချန် ဝိုင်ခွက်ကို မြှောက်ရင်း ပြုံးကာ ဆိုသည်။
“ဟားဟား….တစ်နေ့ ကျွန်တော် ဒုတိယအဆင့် ဆေးဖော်ဆရာ ဖြစ်လာတဲ့အခါ ခင်ဗျားတို့ အားလုံးအတွက် အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေ ဖော်ပေးမယ်….”
“ဒါပေမဲ့ ကုန်ကြမ်းဖိုးတော့ ခင်ဗျားတို့ ဘာသာ စိုက်ရမယ်နော်၊ အဲဒီဆေးလုံးရဲ့ ကုန်ကြမ်းတွေက အရမ်းဈေးကြီးတယ်လို့ ကြားတယ်”
ဟု လော့ချန် အရှက်မရှိ ထပ်ပြောလိုက်သေးသည်။
လူတိုင်းက ရယ်ပြုံးလျက် နားထောင်နေကြသည်။
ချင်လျန်ချန်းသည်လည်း လော့ချန်အား မြှောက်ပင့်ပေးသည့်အနေဖြင့် ပြောလိုက်သည်။
“အခြေခံတည်ဆောက်ခြင်း ဆေးလုံးဆိုတာ ဘာဟုတ်သေးလဲကွာ၊ မင်းလို လူတော်တယောက်က ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေအတွက် ကြက်သွေးရောင်တိမ်တိုက် ဆေးလုံး တွေအထိ ရည်မှန်းရမှာပေါ့”
လော့ချန်သည်လည်း အလျှော့မပေးဘဲ သူသည် ဝိညာဉ်သန္ဓေတည်အဆင့် နှင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများအတွက်ပါ ဆေးလုံးများ ဖော်စပ်ပေးဦးမည်ဟု ကြုံးဝါးလိုက်ပြန်သည်။
ခြံဝင်းအိမ်လေးထဲတွင် ရယ်မောသံများ ဖုံးလွှမ်းသွားတော့သည်။
ထိုအခိုက်အတန့်တွင် ထုံစပ်စပ် ဟော့ပေါ့နှင့် နွေးထွေးသော ဝိုင်များကြောင့် ကျင့်ကြံခြင်း၏ ပင်ပန်းမှုများမှာ ပျောက်ကွယ်သွားကာ ရှားပါးလှသော အေးချမ်းမှုလေးတစ်ခု ကိန်းအောင်းနေတော့သည်။
သို့သော် ပျော်ရွှင်စရာ အချိန်တိုင်းမှာ ခေတ္တ ရပ်တန့်ရမြဲပင်ဖြစ်သည်။
မီးများ ငြိမ်းသွားပြီး အိုးခွက်များဆေးပြီးသောအခါ လူတိုင်းသည် မိမိတို့ အိမ်သို့ အသီးသီး ပြန်သွားကြတော့သည်။ သူတို့သည် “အနားယူခြင်း” ဟု ခေါ်သော်လည်း အမှန်တကယ်တွင်မူ ကျင့်ကြံခြင်း၏ ပင်ပန်းလှသော ဝတ္တရားများထဲသို့ ပြန်လည် နစ်မြုပ်သွားကြခြင်း ဖြစ်သည်။
လော့ချန်သည် မည်သူထက်မဆို ပိုမို အပြင်းအထန် ကျင့်ကြံသူ ဖြစ်သည်။
သူသည် သူ၏ ဆေးဖော်စပ်ခန်းရှိ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို ထဲသို့ တန်းတန်းမတ်မတ် ခုန်ဝင်လိုက်တော့သည်။
မြင်သာအောင် ပြောရလျှင် သူသည် မိမိကိုယ်ကိုယ် အိုးထဲထည့်ပြီး ချက်နေခြင်းပင် ဖြစ်သည်။
“အား…. မပူပါနဲ့စေနဲ့” ဟုဆိုကာ လော့ချန်သည် အငွေ့တထောင်းထောင်း ထွက်နေသော ဆေးရည်ချိုးကန်ထဲသို့ ဆင်းလိုက်သည်။
ချက်ချင်းပင် သူ၏ မျက်နှာမှာ ထူးဆန်းစွာ ရှုံ့တွသွားတော့သည်။
သူသည် အနှစ်သာရမွေးမြူရည်အား တစ်နေ့ခင်းလုံးနှင့် ညဦးပိုင်းအထိ ချက်ထားခဲ့သဖြင့် ဆေးအာနိသင်များမှာ အပြည့်အဝ ပွင့်ထွက်နေပြီ ဖြစ်သည်။ ၎င်းအား စုပ်ယူရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။
လော့ချန်သည် ငြိမ်သက်စွာ ထိုင်နေရင်း အသားနှင့် သွေးများမှ ထွက်ပေါ်လာသော ဇီဝစွမ်းအားများအား သူ၏ အရေပြားမှတစ်ဆင့် ကိုယ်တွင်းအင်္ဂါများဆီသို့ စိမ့်ဝင်စေလိုက်သည်။ နွေဦးကျင့်စဉ်မှာလည်း အလိုအလျောက် စတင် လည်ပတ်နေပြီ ဖြစ်သည်။
နာရီဝက်ခန့် စိမ်ပြီးနောက် လော့ချန်သည် ချီစွမ်းအင်ဖြည့်ဆေးလုံး တစ်လုံးကို ယူကာ မျိုချလိုက်ပြီး ကျင့်စဉ်ကို ဆက်လက် လည်ပတ်စေသည်။
နောက်ထပ် နာရီဝက် ကြာသောအခါ စိတ်ငြိမ်အမွှေးတိုင် တစ်တိုင်အား ဖြည်းဖြည်းချင်း ထွန်းလိုက်သည်။
လော့ချန်၏ ပင်ပန်းနွမ်းနယ်နေသော စိတ်အာရုံမှာ ခြောက်သွေ့နေသော ချောင်းငယ်လေးသို့ မြစ်မကြီးများ စီးဝင်လာသကဲ့သို့ ပြန်လည် လန်းဆန်းလာတော့သည်။
“နောက်တစ်လုံး”
ထိုသို့ဖြင့် တစ်ညတာ အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတော့သည်။
လော့ချန် ဆေးဖိုထဲမှ ပြန်ထွက်လာသောအခါ အနှစ်သာရမွေးမြူရည်များမှာ ရေအလား ကြည်လင်သွားတော့သည်။
၎င်း၏ ဇီဝစွမ်းအားအားလုံးကို သူ စုပ်ယူ သန့်စင်လိုက်ခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လော့ချန် အတွေးနယ်ချဲ့နေမိသည်။
ဤလောကကြီးတွင် ကျင့်ကြံခြင်းအဆင့်များအား ချီသန့်စင်၊ အခြေခံတည်ဆောက်ခြင်း၊ ရွှေအမြုတေ နှင့် နတ်ဘုရားသန္ဓေ ဟူ၍ တိုင်းတာကြသည်။
သို့သော် ရှေးဟောင်းကာလတွင် ချီသန့်စင် ကျင့်ကြံသူများသည် အနှစ်သာရကို စွမ်းအင်အဖြစ် ပြောင်းလဲခြင်းနှင့် စွမ်းအင်ကို ဝိညာဉ်အဖြစ် ပြောင်းလဲခြင်းမူကို လိုက်နာခဲ့ကြသည်။
ဤအသွေးအသားများထဲမှ ထွက်ပေါ်လာသော အနှစ်သာရမှာ နွေဦးကျင့်စဉ်အား ငါးကြိမ် ပိုမို လည်ပတ်စေနိုင်ရုံသာမက သူ၏ ခန္ဓာကိုယ်ကိုလည်း သန်မာစေကာ ချီစွမ်းအားကိုလည်း အနည်းငယ် တိုးတက်စေခဲ့သည်။
ခန္ဓာကိုယ်အတွင်း ပြည့်စုံနေသော ခံစားချက်ကြောင့် လော့ချန် ပျင်းရိစွာဖြင့် အကြောဆန့်လိုက်သည်။
ဤညမှာ ညတာရှည်သည်ဟု ခံစားရသော ညတစ်ညပင်ဖြစ်သည်။
လော့ချန် သူ၏ အခြေအနေပြကြေးမုံပြင်အား ဖွင့်ကြည့်လိုက်သည်။
[အခြေအနေပြကြေးမုံပြင်]
အမည် - လော့ချန်
သက်တမ်း - ၂၇/၇၅
ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)
အဆင့် - ချီသန့်စင် အဆင့် ၆ (၅/၁၀၀)
အောင်မြင်မှုအမှတ် - ၁၃ မှတ်
[ကျင့်စဉ်များ]
နွေဦးကျင့်စဉ် - ပါရမီရှင်အဆင့် (၆၂၇/၁၀၀၀)
[မှော်အတတ်များ]
မီးလုံးမှော်အတတ် - အထွတ်အထိပ်အဆင့်
လေလွင့်ခြေလှမ်း - ပါရမီရှင်အဆင့် (၈၇၀/၁၀၀၀)
လေခွင်းမှော်အတတ် - ပါရမီရှင်အဆင့် (၆၀၀/၁၀၀၀)
ဆွဲငင်ခြင်းမှော်အတတ် - ပါရမီရှင်အဆင့် (၇၂၁/၁၀၀၀)
နွယ်ရှင်နှောင်ကြိုး - ပြီးပြည့်စုံအဆင့် (၄၃၀/၅၀၀)
နတ်မျက်စိ မှော်အတတ် - ပြီးပြည့်စုံအဆင့် (၄၉၀/၅၀၀)
သန့်စင်ခြင်းမှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၅၀/၅၀၀)
ကုသခြင်းမှော်အတတ် - အခြေခံအဆင့် (၁၅/၁၀၀)
ချီဖုံးကွယ်မှော်အတတ် - အခြေခံအဆင့် (၇၈/၁၀၀)
တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - အခြေခံအဆင့် (၁/၁၀၀)
[အတတ်ပညာများ]
ပထမအဆင့် ဆေးဖော်ဆရာ
မှော်အာဟာရဆေးလုံး - ပါရမီရှင်အဆင့် (၉၁၀/၁၀၀၀)
အံ့ဖွယ်တစ်သောင်းဆေးလုံး - ပါရမီရှင်အဆင့် (၆၀၀/၁၀၀၀)
ကျောက်စိမ်းအမြုတေ ဆေးလုံး - အခြေခံအဆင့် (၂၀/၁၀၀)
လော့ချန်သည် သူ၏ အခြေအနေပြကြေးမုံပြင်အား အတွေ့အကြုံရှိသူပီပီ အသေအချာ ကြည့်ရှုလိုက်သည်။
မှော်အတတ်များကဏ္ဍတွင် တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း အခြေခံအဆင့် ပါလာသည်မှလွဲ၍ ကြီးမားသော ပြောင်းလဲမှု မရှိပေ။
အတတ်ပညာများကဏ္ဍတွင်လည်း ကျောက်စိမ်းအမြုတေ ဆေးလုံး ထပ်တိုးလာသည်။ ဆေးအလုံး ၂၀ ပါသော တစ်သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခြင်းကြောင့် ကျွမ်းကျင်မှု ရမှတ် ၂၀ ရရှိခဲ့သည်။ ၎င်းမှာ မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်။
သို့သော် လော့ချန်၏ အာရုံကို ဆွဲဆောင်လိုက်သည်မှာ သူ၏ ကျင့်ကြံမှု အဆင့် တိုးတက်မှု ဖြစ်သည်။
သူ အသေအချာ မှတ်မိနေသည်မှာ မနေ့ည မကျင့်ကြံမီက ၎င်းမှာ (၄/၁၀၀) တွင်သာ ရှိသည်။ အဆင့် ၆ သို့ ရောက်ရှိပြီးနောက် ဆယ်ရက်တိုင်တိုင် နွေဦးကျင့်စဉ် နှင့် ချီစွမ်းအင်ဖြည့်ဆေးလုံးများကို သုံး၍ ကျင့်ကြံခဲ့ရသော်လည်း ထိုမျှသာ တိုးတက်ခဲ့ခြင်း ဖြစ်သည်။
ထိုအခြေအနေအရ သူ၏ တိုးတက်မှုမှာ ၁ မှ ၄ သို့သာ တိုးခဲ့ခြင်း ဖြစ်သည်။
သို့သော် မနေ့ည တစ်ညတည်းနှင့်ပင် သူ၏ တိုးတက်မှုမှာ တစ်မှတ်တိတိ ခုန်တက်သွားသည်။
လော့ချန် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
“မနေ့ညက ကုန်ကျစရိတ်တွေက.... ချီစွမ်းအင်ဖြည့်ဆေးလုံး နှစ်လုံး၊ စိတ်ငြိမ်အမွှေးတိုင် တစ်တိုင်၊ ပြီးတော့ အနှစ်သာရမွေးမြူရည် တစ်အိုး၊ အားလုံးပေါင်း ဝိညာဉ်ကျောက် ၄၀ ဝန်းကျင်လောက် ရှိမယ်”
သူ အသက်ပြင်းပြင်း ရှူလိုက်မိသည်။ ထိုကိန်းဂဏန်းမှာ အပြင်ထုတ်ပြောလိုက်မှ ပို၍ အကုန် အကျများသွားမှန်း သိလိုက်ရသည်။
ဤမျှသော ဝိညာဉ်ကျောက် ပမာဏမှာ သာမန် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် တစ်လစာ အသုံးစရိတ် ဖြစ်သည်။ သို့သော် သူ တစ်ညတည်းနှင့် အကုန်သုံးစွဲလိုက်ခြင်း ဖြစ်သည်။
တိုးတက်မှုမှာမူ အံ့ဩစရာ ကောင်းလှသည်။ အကယ်၍ သူ ဤနှုန်းအတိုင်း ဆက်သွားမည်ဆိုလျှင် သုံးလအတွင်း အဆင့် ၇ သို့ ရောက်ရှိပေလိမ့်မည်။
သုံးလအတွင်း အဆင့်ငယ်တစ်ခု ကျော်ဖြတ်နိုင်ခြင်းမှာ မည်မျှ ကြောက်စရာကောင်းသော ပါရမီရှင်မျိုး ဖြစ်နေမှန်း သူသည်ပင် မတွေးတတ်တော့ပေ။
သို့သော် ဝိညာဉ်ကျောက်များ ရင်းပြီး ရထားသော ရလဒ် ဖြစ်နေသဖြင့်
“မဟုတ်သေးဘူး….ငါ့ရဲ့ ဒီခန္ဓာကိုယ်က ကျင့်ကြံမှု အရင်းအမြစ်တွေကို အလွန်အကျွံ စားသုံးနေတာပဲ” ဟု မျက်မှောင်ကြုတ်လျက် ကောက်ချက်ချလိုက်သည်။
“ဒါပေမဲ့ အဲဒီကနေ ဘာအကျိုးကျေးဇူးတွေ ရမှာလဲ၊ လူမသိသူမသိ အားသာချက် တစ်ခုခုတော့ ရှိရမယ်၊ ငါ ဒါကို အတည်ပြုနိုင်ဖို့ ဒါမှမဟုတ် တခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်”
လော့ချန် တစ်ကိုယ်တည်း ကြံစည်နေတော့သည်။