← Chapters

နတ်မျက်စိအတတ်၊ ကမ္ဘာမြေသွေးကြောများကို ကြည့်ရှုခြင်း

Vol. 10 Ch. 100

နတ်မျက်စိအတတ်၊ ကမ္ဘာမြေသွေးကြောများကို ကြည့်ရှုခြင်း

Vol. 10 Ch. 100

“ဒါနဲ့ပတ်သက်ပြီးတော့ကော.... ခင်ဗျားလည်း မသိဘူးလား”

ကူချိုင်ယီက အနည်းငယ် စိတ်ပျက်ဟန်ဖြင့် ပြန်ဖြေသည်။

“ကျွန်မ ထျန်းရှန်းမျှော်စင်ကို စဝင်တုန်းက ချီသန့်စင်အဆင့် ၅ ပဲ ရှိသေးတာလေ၊ ကျွန်မက ကပြဖျော်ဖြေရတာ၊ တိုက်ခိုက်ရတာမှ မဟုတ်တာ၊ အဲဒီလို အကြောင်းအရာတွေကို ဘယ်လိုလုပ် သိမှာလဲ ”

“ဟဲဟဲ.... ညံ့ပါ့ကွာ”

လော့ချန်က နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်ရာ သူမထံမှ မျက်စောင်းတစ်ချက် ချက်ချင်း ရလိုက်တော့သည်။

သို့သော် မကြာမီမှာပင် သူမ၏ မျက်နှာအမူအရာမှာ နူးညံ့သွားပြီး သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။

“ကျွန်မ တိုက်ခိုက်ရေး နည်းစနစ်တွေကို ပိုပြီး လေ့ကျင့်ဖို့ လိုနေပြီထင်တယ်၊ ဖိုရှန်းဂိုဏ်းက ထျန်းရှန်းမျှော်စင်လို မဟုတ်ဘူး၊ ခိုင်မာတဲ့ နောက်ခံမရှိဘူးလေ၊ ဘယ်အချိန်မှာ ဘာပြဿနာ ထပ်တက်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး” ဟု သူမ ခပ်တိုးတိုး ပြောလိုက်သည်။

သူမ ဆိုလိုသည်မှာ မကြာသေးမီက ဖြစ်ပွားခဲ့သော ဂိုဏ်းကြီးနှစ်ခုကြားမှ တိုက်ပွဲကို ဖြစ်သည်။

ထိုတိုက်ပွဲကြောင့် ဓားကျိုး ရွှီရန်ခယ် ကဲ့သို့သော ဝိညာဉ်လက်နက် အပိုင်းအစကို အသုံးပြုနိုင်သည့် အစွမ်းထက် ကျင့်ကြံသူတစ်ဦးပင် အသက်ဆုံးရှုံးခဲ့ရသည်။

အဆုံးအဖြတ်စင်မြင့် ထက်တွင် ထိုနေ့ ဖြစ်ပွားခဲ့သော အဖြစ်အပျက်များမှာ ယခုတိုင် ခြောက်လှန့်နေဆဲ ပင်ဖြစ်သည်။

တာဟဲဈေးမြို့တော်၏ သမိုင်းကြောင်းတစ်လျှောက်တွင် ထိုကဲ့သို့သော အဖြစ်အပျက်များမှာ မဆန်းပေ။ ဂိုဏ်းများစွာ ပေါ်ပေါက်လာလိုက်၊ ပျက်သုဉ်းသွားလိုက်နှင့်ပင် ဖြစ်သည်။

ဖိုရှန်းဂိုဏ်းနှင့် တာကျန်းဂိုဏ်းတို့မှာ လွန်ခဲ့သော ရာစုနှစ်အတွင်းမှသာ နာမည်ကြီးလာခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ခံမရှိဘူး ဟူသည့်စကားကို လော့ချန် မေးစေ့ကို ပွတ်ရင်း စဉ်းစားလိုက်သည်။

ဖိုရှန်းဂိုဏ်းတွင် နောက်ခံမရှိဟု ထင်ရသည်မှာ တစ်ခုခု မှားနေသလိုပင် ဖြစ်သည်။

အရာအားလုံးမှာ မြင်ရသလောက် မရိုးရှင်းနိုင်ပေ။

သူတို့နှစ်ဦး မြို့ပြင်သို့ ထွက်လာကြစဉ် စကားဝိုင်းမှာ ပေါ့ပေါ့ပါးပါး အကြောင်းအရာများ ဘက်သို့ ပြောင်းလဲသွားသည်။

ကူချိုင်ယီက စကားစလာသည်။

“ဒါနဲ့....ဖူရှို့ရှို့ ပြောင်းသွားကတည်းက အရှေ့ဘက်ဆောင်က အားနေတာ ရှင် အဲဒီကို ပြောင်းချင်လား”

“နေပါစေဦး ကျွန်တော့်အဆောင်မှာ အခန်းတွေက နည်းနည်း အေးတာကလွဲရင် တခြား အပြစ်ပြောစရာ မရှိပါဘူး”

“မကြာခင် ဆောင်းဝင်တော့မယ်လေ၊ ပိုပြီး အေးလာတော့မှာ”

ဆောင်းဝင်တော့မည့်အသိကြောင့် လော့ချန် အံ့ဩသွားမိသည်။ ထိုအခါမှသာ လမ်းဘေးရှိ သစ်ပင်များမှ သစ်ရွက်များ ဝါနေသည်ကို သူ သတိထားမိတော့သည်။

ကျင့်ကြံသူများသည် ပြင်းထန်သော အပြောင်းအလဲမှလွဲ၍ အပူအအေးကို သိပ်မခံစားမိတတ်ကြပေ။ သူ မသိလိုက်ဘဲ နွေအကုန် ဆောင်းအကူး ကာလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူတို့နှစ်ဦးနောက်မှ ဖိုရှန်းဂိုဏ်း ကိုယ်ရံတော်နှစ်ဦးမှာ အမီလိုက်လာကြသည်။

လော့ချန်သည် လခြမ်းတောင်ကြားဘက်သို့ ဦးတည်ပြီး သွားနေခြင်း မဟုတ်ကြောင်းကို သူတို့ သတိထားမိသွားကြသည်။

“ခန်းမခေါင်းဆောင်လော့.... ကျွန်တော်တို့ ဘယ်သွားကြမလို့လဲ”

ကျိုးယွမ်လီက သိလိုစိတ်ဖြင့် မေးလိုက်သည်။

လော့ချန် ပြုံးလိုက်ပြီး “ငါတို့ ပင်မဆောင်ကို သွားမလို့၊ ဂိုဏ်းချုပ် ရှိ၊ မရှိ သွားကြည့်ချင်တယ် ဆွေးနွေးစရာလေး ရှိလို့” ဟု ပြန်ဖြေလိုက်သည်။

သို့သော် ရောက်သွားသည့်အခါ မီရှုဟွာမှာ ရှိမနေပေ။

အမှန်စင်စစ် မီရှုဟွာသည် ဖိုရှန်းဂိုဏ်းတွင် နေ့စဉ် ရှိမနေတတ်ပေ။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီးနောက် တည်ထောင်ခဲ့သော မီမိသားစု ကိုလည်း စီမံခန့်ခွဲရသေးသည်။ ယခုအခါ မီမိသားစုမှာ တာဟဲဈေးမြို့တော်အနီးတွင် လူသိများနေပြီး ဖိုရှန်းဂိုဏ်းကိုပါ ထိန်းချုပ်ထားသဖြင့် အသစ်ရောက်လာသော မိသားစုအချို့ထက်ပင် ဩဇာညောင်းနေပေသည်။

ထို့ကြောင့် အသစ်ရောက်လာသော မိသားစုများစွာမှာ မီရှုဟွာအား လာရောက် ဂါရဝပြုလေ့ ရှိကြသည်။

သူနှင့် မတွေ့လိုက်ရသဖြင့် လော့ချန် အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် သူ့တွင် သူ၏ သံသယများကို အတည်ပြုရန် အခြားနည်းလမ်းများ ရှိနေသေးသည်။

….

လခြမ်းတောင်ကြားသို့ ပြန်ရောက်သောအခါ သူသည် မနက်ခင်းကို အံ့ဖွယ်တစ်သောင်းဆေးလုံး လေးအိုး ဖော်စပ်ခြင်းဖြင့် စတင်လိုက်သည်။

ထို့နောက် ကျောက်စိမ်းအမြုတေ ဆေးလုံးကို အရင် ဖော်စပ်ခြင်း မပြုဘဲ မီးထိန်းသူများထဲမှ တစ်ဦးဖြစ်သည့် ချွီဟန်ချန်း ဆိုသော အဘိုးကြီးကို ရှာလိုက်သည်။

ဆေးဖော်ဆောင်၏ ဝန်ထမ်းများထဲတွင် အဘိုးအိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များသာ အများစုဖြစ်သော်လည်း ချွီဟန်ချန်းမှာ ထူးခြားသည်။ သူသည် ချီသန့်စင် အဆင့် ၆ သို့ ရောက်ရှိနေပြီး တာဟဲဈေးမြို့တော်တွင် အခြေကျနေသူ ဖြစ်သည်။ သူ့တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် ရှိသော်လည်း ကံမကောင်းစွာဖြင့် ဝိညာဉ်အမြစ် မပါရှိကြပေ။ သူ၏ မျှော်လင့်ချက်မှာ နောက်ထပ် ကလေးများ သို့မဟုတ် မြေးများထဲမှ ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာရန်ပင် ဖြစ်သည်။

“ခန်းမခေါင်းဆောင်…. ကျွန်တော့်ကို ရှာနေတယ်ဆိုလို့”

ချွီဟန်ချန်းက အသာအယာ ဦးညွှတ်ကာ မေးလိုက်သည်။

လော့ချန် အနည်းငယ် ပြုံးလိုက်ပြီး စကားစသည်။

“ဟုတ်တယ်ဗျ…. သတင်းကောင်း ရှိတယ်၊ ဒီနေ့ကစပြီး ခင်ဗျားကို အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးလိုက်ပြီ၊ ခင်ဗျားက မီးထိန်းသူအားလုံးရဲ့ အဆိုင်းတွေ၊ တာဝန်တွေကို ကြီးကြပ်ပေးရမယ်၊ ပြီးတော့ ခင်ဗျားရဲ့ လစာကိုလည်း တစ်လ ဝိညာဉ်ကျောက် တစ်တုံး တိုးပေးမယ်၊ ဒါပေမဲ့....ခြွင်းချက်တခုရှိတယ်”

ဤသတင်းကောင်းကို ကြားလိုက်ရသဖြင့် အဘိုးအိုမှာ သိသိသာသာ စိတ်လှုပ်ရှားသွားတော့သည်။

မီးထိန်းရသည့် အလုပ်မှာ အလွန်ပင် ပင်ပန်းလှသည်။ အပူချိန်ကို အမြဲကြည့်နေရသလို၊ ထင်းများကို ညှိရသည်၊ မီးအရှိန်မပျက်စေရန် မီးလုံးမှော်အတတ်ကိုလည်း ခဏခဏ အသုံးပြုရသည်။ ဤအလုပ်ကို တစ်လကျော်ကြာအောင် နေ့စဉ်လုပ်ခဲ့ရသဖြင့် သူ အလွန်ပင် နွမ်းနယ်နေပြီ ဖြစ်သည်။

အကယ်၍ သူသာ အဖွဲ့ခေါင်းဆောင် ဖြစ်သွားပါက သူကိုယ်တိုင် မီးထိန်းရန် မလိုတော့ဘဲ အခြားသူများကိုသာ ကြီးကြပ်ရပေတော့မည်။

သို့သော်လည်း ဤကဲ့သို့သော သတင်းကောင်းမှာ အလကား မရနိုင်သည်ကို သူ သိသည်။ အမြဲ ကမ်းလှမ်းချက်တစ်ခု ကပ်ပါလာတတ်သည် မဟုတ်ပေလော။

ထိုကမ်းလှမ်းချက်မှာ ခြွင်းချက် ဆိုသည့် စကားလုံးနောက်တွင် ရှိနေသည်။

ချွီဟန်ချန်းသည် လော့ချန် သူ့အား စိုက်ကြည့်နေသည်ကို သတိထားမိလိုက်သဖြင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။

“ခန်းမခေါင်းဆောင် ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောပါ၊ ကျွန်တော် ကူညီနိုင်တာမှန်သမျှ အစွမ်းကုန် ကူညီပါ့မယ်”

“ရိုးရိုးလေးပါ”

လော့ချန်က ပြုံးရင်း ပြောလိုက်သည်။

“လာ.... ကျွန်တော့်နောက် လိုက်ခဲ့”

အစောင့်အရှောက်များကိုပင် အတူမခေါ်တော့ဘဲ လော့ချန်သည် ချွီဟန်ချန်းအား လခြမ်းတောင်ကြား၏ အနောက်ဘက်ရှိ တောအုပ်ကြီးဆီသို့ ခေါ်ဆောင်သွားသည်။ သူတို့ရှေ့တွင် တိတ်ဆိတ်ပြီး ကျယ်ပြောလှသော ရှေးဟောင်းသစ်တောကြီး ရှိနေသည်။

ချွီဟန်ချန်းက တံတွေးကို မျိုချလိုက်ပြီး

“ခန်းမခေါင်းဆောင်.... ဒီထက် ပိုသွားရင် လပြည့်ညတောင်တန်းကို ရောက်တော့မယ်၊ အဲဒီမှာ ဝိညာဉ်ဝံပုလွေတွေ ရှိတယ်၊ သိပ်နီးနီးကပ်ကပ် မသွားတာ ပိုကောင်းမယ်ထင်တယ်”

“စိတ်မပူပါနဲ့ ၊ ငါတို့ ဒီမှာပဲ နေမှာ”

လော့ချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူသည် တောစပ်ရှိ ကွင်းပြင်တစ်ခုကို ရွေးချယ်လိုက်ပြီး ချွီဟန်ချန်းဘက်သို့ လှည့်ကာ မျက်လုံးများ တောက်ပလျက် မေးလိုက်သည်။

“ခင်ဗျား မီးလုံးမှော်အတတ် တတ်တယ် မဟုတ်လား”

“ဟုတ်ကဲ့…. တတ်ပါတယ်ခင်ဗျာ”

“ကောင်းပြီ…. အခု ခင်ဗျားရဲ့ အစွမ်း အကုန်သုံးပြီး မီးလုံးမှော်အတတ်ကို ထုတ်လွှတ်စမ်း၊ ခင်ဗျားမှာရှိတဲ့ ချီစွမ်းအင်တွေ ကုန်သွားတဲ့အထိ ထုတ်လွှတ်ရမယ်၊ ပြီးတော့ မီးလုံးတိုင်းက အပြင်းထန်ဆုံး စွမ်းအား ဖြစ်နေရမယ်”

ချွီဟန်ချန်း ခဏတာ မှင်သက်သွားသော်လည်း ညွှန်ကြားချက်အတိုင်း မီးလုံးမှော်အတတ်ကို စတင် အသုံးပြုလိုက်တော့သည်။

လော့ချန် ဘေးမှနေ၍ အသေအချာ စောင့်ကြည့်နေသည်။

သာမန်ကျင့်ကြံသူတစ်ဦး၏ မီးလုံးများနှင့် သူ၏ အထွတ်အထိပ်အဆင့် မီးလုံးမှော်အတတ်အား နှိုင်းယှဉ်နေခြင်း ဖြစ်သည်။

ယေဘုယျအားဖြင့် ကျင့်ကြံသူများသည် မှော်အတတ်များ လေ့ကျင့်ရာတွင် အားထုတ်မှု အနည်းဆုံးသာ လုပ်လေ့ရှိကြသည်။ ၎င်းတို့သည် အစွမ်းထက်နိုင်သော်လည်း လက်ဟန်ခြေဟန်များ လုပ်ရခြင်း၊ ဂါထာရွတ်ရခြင်းနှင့် ချီစွမ်းအင် လမ်းကြောင်းရှာရခြင်းတို့ကြောင့် အချိန်ယူရပြီး တိုက်ခိုက်မှုနှုန်းမှာ နှေးကွေးလှသည်။

မီးလုံးမှော်အတတ်၊ ရွှေလှံမှော်အတတ်နှင့် ရေမြှားမှော်အတတ် ကဲ့သို့သော အဆင့်နိမ့်မှော်အတတ်များအစား အသုံးပြုရ လွယ်ကူပြီး မြန်ဆန်သော ဝိညာဉ်လက်နက်များ သို့မဟုတ် မှော်စာရွက် များကိုသာ အစားထိုး အသုံးပြုကြသည်။

မှော်အတတ်များ၏ အားနည်းချက်မှာ နှေးကွေးခြင်းပင် ဖြစ်သည်။ ဝိညာဉ်လက်နက်မှာ စွမ်းအင်ဖြင့် ထိန်းချုပ်ရုံသာ လိုပြီး၊ မှော်စာရွက်မှာ ချက်ချင်း အသုံးပြုနိုင်သည်။

ထို့ထက် ပိုဆိုးသည်မှာ မှော်အတတ်များသည် စွမ်းအင်စားသုံးမှု အလွန်များခြင်းပင် ဖြစ်သည်။ တစ်ခါ အသုံးပြုတိုင်း ကျင့်ကြံသူ၏ ချီစွမ်းအင် သိုလှောင်မှုကို လျော့နည်းစေသဖြင့် အဆင့်တက်ရန် ခက်ခဲစေသည်။

ထို့ကြောင့်ပင် အဆင့်တက်ရန် မျှော်လင့်ချက် မရှိတော့သူများ သို့မဟုတ် ဝိညာဉ်လက်နက် မဝယ်နိုင်သူများသာ မှော်အတတ်များကို အဓိကထား လေ့ကျင့်ကြသည်။

ချွီဟန်ချန်းမှာ ထိုအချက်များနှင့် ကွက်တိကျသော အသက်ကြီး ကျင့်ကြံသူတစ်ဦးပင် ဖြစ်သည်။

သူ၏ မီးလုံးမှော်အတတ်မှာ အတော်အတန် ခိုင်မာပြီး ကျွမ်းကျင်အဆင့် ရှိမည်ဟု လော့ချန် ခန့်မှန်းလိုက်သည်။ သူ၏ လက်ဟန်များမှာ မြန်ဆန်ပြီး လေ့ကျင့်ထားသည့်ဟန် ရှိသည်။

သို့သော် သူ့တွင် ထိန်းချုပ်မှု အားနည်းနေသည်။ သူ၏ မီးလုံးများသည် ပစ်မှတ်ကို အတိအကျ မထိဘဲ အနည်းငယ် လွဲချော်နေသလို၊ လော့ချန်ကဲ့သို့ မီးလုံးအများအပြားကို တစ်ပြိုင်တည်း မထိန်းချုပ်နိုင်ပေ။

သို့သော် လော့ချန်သည် ဝေဖန်ရန် လာခြင်း မဟုတ်ပေ။

“တစ်လုံး၊ နှစ်လုံး…. ၁၆ လုံး၊ ၁၇ လုံး…. ဆက်လုပ်ဦးမလား” ဟု သူ မေးလိုက်သည်။

ချွီဟန်ချန်း၏ မျက်နှာမှာ ချွေးများဖြင့် ရွှဲနစ်နေသည်။ သူသည် ဖြူဖျော့ကာ တုန်ရင်နေသည်။

“မ.... မရတော့ဘူး”

သူ မောဟိုက်စွာ ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ ချီစွမ်းအင်က ဒီ ၁၇ လုံးပဲ ခံနိုင်ပါတယ်”

လော့ချန် မျက်မှောင်ကြုတ်သွားသည်။

၁၇ လုံးပဲလား….။

သူသည် မီးလောင်ရာများဖြင့် မည်းမှောင်နေသော မြေပြင်ကို ကြည့်လိုက်သည်။

“ခင်ဗျားမှာ ဘယ်လို ဝိညာဉ်မြစ် အမျိုးအစား ရှိတာလဲ၊ ပြီးတော့ ချီသန့်စင် အဆင့် ၆ ရောက်တာ ဘယ်လောက် ကြာပြီလဲ” ဟု သူ ရုတ်တရက် မေးလိုက်သည်။

“ကျွန်တော့်မှာ ဝိညာဉ်မြစ် ၃ ခုရှိပါတယ်၊ အသက် ၇၅ နှစ်မှာ အဆင့် ၆ ကို ရောက်ခဲ့တာဆိုတော့ အခုဆို ၁၈ နှစ် ရှိပါပြီ”

ဆိုလိုသည်မှာ သူသည် အသက် ၉၃ နှစ် ရှိပြီ ဖြစ်သည်။

“ခင်ဗျား အသက်အရွယ်နဲ့ ဒီလောက်အထိ လုပ်နေရတာ တကယ့်ကို ပင်ပန်းမှာပဲ”

လော့ချန်၏ လေသံမှာ ပိုမို ယဉ်ကျေးသွားသည်။

ချွီဟန်ချန်းက အမောဖြေရင်း ပြုံးလိုက်သည်။

“သိပ်မပင်ပန်းပါဘူး၊ ကျွန်တော့်ကို ရာထူးတိုးပေးတဲ့အတွက် ခန်းမခေါင်းဆောင်ကိုပဲ ကျေးဇူးတင်ရမှာပါ၊ နောင်ကျရင် ပိုပြီး သက်သာသွားမှာပါ”

လော့ချန် ခေါင်းညိတ်ပြလိုက်ပြီး အတွေးနယ်ချဲ့လိုက်သည်။

၁၈ နှစ်လောက် ရှိနေပြီဆိုပါက ဆေးလုံး မကူလျှင်ပင် ဝိညာဉ်မြစ် သုံးခုရှိသူတစ်ယောက်သည် အဆင့် ၆ ၏ပါရမီရှင်အဆင့်ကို ရောက်နေသင့်သည်။

“မဟုတ်သေးဘူး…. အစောပိုင်းနဲ့ အလယ်အလတ်အဆင့် ကျင့်ကြံသူတွေမှာ ငွေကြေး မချမ်းသာကြတော့ မြို့တွင်းက အဆင့်မြင့် ဝိညာဉ်သွေးကြော နေရာတွေမှာ မနေနိုင်ကြဘူး၊ ဒါကြောင့် အဆင့်တက်တာက နှေးနေတာ ဖြစ်မှာ”

ဤအဘိုးကြီးမှာ အဆင့်ခြောက်၏ အလယ်အလတ်ပိုင်းလောက်တွင်သာ ရှိပေလိမ့်မည်။

သူသည် လော့ချန်ထက် အဆင့်တက် ပိုစောနေသော်လည်း စုစုပေါင်း ချီစွမ်းအင်သည် သူ၏ထက်ဝက်တောင် မရှိပေ။

လော့ချန်၏ မျက်ခုံးများ မြင့်တက်သွားသည်။ သူ၏ ချီစွမ်းအင် သိုလှောင်နိုင်စွမ်းမှာ သာမန်လူများထက် များစွာ ပိုမိုနေသည်ကို သူ သိလိုက်ရပြီ ဖြစ်သည်။

မီးလုံးမှော်အတတ်မှာ သူ အကျွမ်းကျင်ဆုံး မှော်အတတ်ဖြစ်သည်။

သူ အဆင့် ၅ တွင် ရှိစဉ်ကပင် တစ်ခါတည်းနှင့် အလုံးပေါင်း ၁၀၀ နီးပါး ထုတ်လွှတ်နိုင်သည်။ သို့သော် မီးလုံးတိုင်းအား အပြင်းထန်ဆုံး စွမ်းအားဖြင့် ထည့်သွင်း အသုံးပြုမည်ဆိုလျှင် အလုံးပေါင်း ၂၀ ခန့်သာ ထုတ်လွှတ်နိုင်သည်။ ဤသည်မှာ အကန့်အသတ်ပင် ဖြစ်သည်။

ထို့ကြောင့်ပင် သူ အနှစ်သက်ဆုံးဖြစ်သော မီးလျှံပိုးအိမ် တိုက်ကွက်မှာ မီးလုံး ၁၀ လုံးဝန်းကျင်မှာသာ ရှိနေခြင်း ဖြစ်သည်။ ထို့ထက် ပိုပါက ထိန်းချုပ်ရန် ခက်ခဲသွားသလို ချီစွမ်းအင် ကုန်ကျစရိတ်လည်း အလွန်များသွားမည် ဖြစ်သည်။

အဆင့် ၆ သို့ တက်လှမ်းပြီးနောက်၊ သူသည် အပြင်းထန်ဆုံး စွမ်းအားဖြင့် မီးလုံး အလုံး ၃၀ ခန့် ထုတ်လွှတ်နိုင်သည်။ အဆင့် ၅ တွင်ရှိစဉ်ကထက် ၁၀ လုံး ပိုများလာခြင်း ဖြစ်သည်။

သူသာ ချွီဟန်ချန်း၏ အသက်အရွယ်နှင့် အဆင့်သို့ ရောက်ရှိသွားပါက အနည်းဆုံး အလုံး ၄၀ ကျော်အား အပြင်းထန်ဆုံး စွမ်းအားဖြင့် ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

ဆိုလိုသည်မှာ သူ၏ ချီစွမ်းအင် သိုလှောင်မှု ပမာဏသည် အဆင့်တူ ကျင့်ကြံသူတစ်ဦးထက် နှစ်ဆကျော် ပိုမိုနေခြင်းပင်။

ဤအဖြေကို သိလိုက်ရသဖြင့် လော့ချန် အံ့အားသင့်သွားရသည်။

ရုတ်တရက် လော့ချန်သည် သူ၏ ပါရမီရှင်အဆင့် နွေဦးကျင့်စဉ်ကို သတိရလိုက်သည်။

ပါရမီရှင်အဆင့် နွေဦးကျင့်စဉ်သည် သူ၏သွေးကြောအားလုံးကို ပွင့်စေကာ ချီစွမ်းအင် သိုလှောင်နိုင်စွမ်းကို နှစ်ဆ တိုးစေခဲ့သည်။ ထို့ကြောင့်ပင် သူသည် အဆင့်တက်ရန်အတွက် အခြားသူများထက် ချီစွမ်းအင်များစွာ ပို၍ စုဆောင်းရနေခြင်း ဖြစ်ပေသည်။

အကြောင်းရင်းကို သိလိုက်ရသဖြင့် လော့ချန်၏ မျက်မှောင်ကြုတ်နေမှုများမှာ ပြေလျော့သွားတော့သည်။

ဤသည်မှာ သေချာပေါက် ကောင်းမွန်သော အရာ ဖြစ်သည်။ တိုက်ခိုက်ရေးနှင့် အခြေခံ ကြံ့ခိုင်မှုပိုင်းတွင် ကြီးမားသော အားသာချက် ဖြစ်သည်။

သို့သော် သက်တမ်း ကန့်သတ်ချက်ရှိသော လော့ချန်အတွက်မူ ဤသည်မှာ အားနည်းချက်ကြီးတစ်ခု ဖြစ်နေသည်။ အဆင့်တက်ရန်အတွက် သူသည် အခြားသူများထက် အချိန်နှင့် အရင်းအမြစ်များစွာ ပိုမို သုံးစွဲရပေဦးမည်။

လော့ချန်သည် အခြေခံမူတစ်ခုကို ပြန်သတိရလိုက်မိသည်။ ကျင့်ကြံသူများသည် ချီစွမ်းအင်များကို ခန္ဓာကိုယ်အတွင်း အစဉ်တစိုက် လည်ပတ်စေခြင်းဖြင့် သူတို့၏အတွင်းအား မှာ ကျယ်ပြန့်လာပြီး သွေးကြောများမှာလည်း ပိုမို ခိုင်မာလာကြသည်။ ၎င်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန်အတွက် ချီစွမ်းအင် အမြောက်အမြားကို စုဆောင်းရန် ပြင်ဆင်ခြင်း ဖြစ်သည်။

သူ၏ လက်ရှိ အခြေခံသည် အခြားသူများထက် နှစ်ဆ ပိုနေလျှင် နောက်ပိုင်း၌ အတွင်းအားသည်လည်း အခြားသူများထက် ပို၍များနေလိမ့်မည် ဖြစ်သည်။

ထိုအခါ အဆင့်တက်ရန် လိုအပ်သော ချီစွမ်းအင်သည်လည်း ပို၍ များသွားပေမည်။

တစ်ဆ သို့မဟုတ် နှစ်ဆ။ သို့မဟုတ် သုံးဆပင် ဖြစ်နိုင်သည်။

လော့ချန် ခေါင်းခဲသွားတော့သည်။

“ခန်းမခေါင်းဆောင်.... တခြား ခိုင်းစရာ ရှိသေးလို့လား”

ချွီဟန်ချန်း၏ အသံကြောင့် သူ သတိပြန်ဝင်လာသည်။

လော့ချန် ခေါင်းခါပြလိုက်သည်။

“မရှိတော့ဘူး၊ ဒီနေ့အတွက် ဒီလောက်ပဲ ခင်ဗျား ပြန်လို့ရပြီ”

အဘိုးကြီး ထွက်သွားပြီးနောက် လော့ချန် သက်ပြင်းရှည်ကြီး ချလိုက်သည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ အရာရာတိုင်းမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာပဲ”

ပါရမီရှင်အဆင့် နွေဦးကျင့်စဉ်က ငါ့ကို အကျိုးကျေးဇူးတွေ အများကြီး ပေးခဲ့တယ်။ ဆေးလုံးဖော်စပ်နိုင်စွမ်း တိုးလာတယ်၊ စွမ်းအင်တွေ အလိုအလျောက် ပြန်ပြည့်တယ်၊ ကျင့်ကြံမှုနှုန်း မြန်လာတယ်

အခုကြည့်ရတာ သွေးကြောအားလုံး ပွင့်သွားပြီး အခြေခံ နက်ရှိုင်းသွားတာကလည်း ဖုံးကွယ်ထားတဲ့ အကျိုးကျေးဇူး တစ်ခုပဲ ဒါပေမဲ့ ဒီအကျိုးကျေးဇူးက ငါ့ကို အဆင့်မြန်မြန်တက်ဖို့တော့ အနှောင့်အယှက် ဖြစ်နေပြီ”

ခဏကြာ စဉ်းစားပြီးနောက် လော့ချန် ရုတ်တရက် ရယ်မောလိုက်သည်။

သို့သော်သူ၏ ဆေးဖော်စွမ်းရည်နှင့်ဆိုပါက ဝိညာဉ်ကျောက် ရှာရန်မှာ လက်ဖျောက်တစ်ချက် တီးလိုက်သလောက် လွယ်ကူနေကြောင်း သတိထားမိသွားသည်။

ထိုအချက်ကို သဘောပေါက်သွားပြီးနောက် လော့ချန် စိတ်အေးလက်အေးဖြင့် လခြမ်းတောင်ကြားဆီသို့ ပြန်လာခဲ့သည်။

ရောက်သည်နှင့် သူ တပည့်များကို အော်ပြောလိုက်သည်။

“လူတိုင်းကို အသိပေးလိုက်စမ်း၊ အခုကစပြီး ညနေဘက်တွေမှာ အံ့ဖွယ်တစ်သောင်းဆေးလုံးတွေ မဖော်တော့ဘူး၊ အဲဒီအစား ကျောက်စိမ်းအမြုတေ ဆေးလုံး တွေကိုပဲ အာရုံစိုက်ပြီး ဖော်စပ်ကြမယ်”

All Chapters