← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

အောက်တိုဘာလ ၁၃ ရက်နေ့ ။

ရာသီဥတုကတစ်နေကုန်သာယာနေခဲ့တယ်။ ဒါပေမယ့် နေဝင်ရိုးရီအချိန်မှာ တော့ မပြောမဆိုနဲ့ မိုးရွာချလာပြီး‌ အေးလာခဲ့တယ်။

၆ နာရီထိုး‌တော့ ကျွန်မပုခုံးပေါ်မှာ ပုဝါတစ်ထည်ခြုံပြီး ကျွန်မယောက်ျားဖြစ်သူကောင်းဖေးကို ကြိုဖို့ အိမ်ပြင်ထွက်ခဲ့မိတယ်။

သူခရီးကနေပြန်ရောက်တာနဲ့သူ့ကိုတွေ့ချင်နေတာလေ။ သူခရီးသွားနေတာတစ်ပတ်လောက်‌ရှိနေပြီဆိုတော့ကျွန်မလွမ်းနေပြီ။

သူသာကျွန်မကို စိတ်မဆိုး‌နေဘူးဆိုရင် ကျွန်မ အခုအချိန် လေဆိပ်မှာ သူပြန်လာတာကိုစောင့်နေလောက်ပြီ ။ ဒါပေမဲ့ သူ ဖုန်းဆက်တုန်းက ကျွန်မလာကြိုမယ်လို့ပြောလိုက်တာ လွန်ခဲ့တဲ့ သုံးရက်လုံးလုံး သူကျွန်မဖုန်းတွေကို တစ်ချက်မှမကိုင်ခဲ့ဘူး။ ရွေးချယ်စရာမရှိတော့လို့ သူ့ဆန္ဒအတိုင်းပဲ လိုက်လျောခဲ့ရတာပေါ့။

ည ၇ နာရီအတိမှာတော့ ကောင်းဖေးကို ကျွန်မ မြင်လိုက်ရပြီ။ ကျွန်မ ပြင်ဆင်ပေးထားတဲ့ ခရင်မ်ရောင် ကုတ်အင်္ကျီအရှည်ကို သူ ဝတ်ထားတယ်လေ။

ကျွန်မ စိတ်လှုပ်ရှားစွာနဲ့ သူ့ဆီ ပြေးသွားပြီး "ကောင်း‌ ဖေး" လို့ ခေါ်မိတယ်။ သူ့ရဲ့ နွေးထွေးတဲ့ ရင်ခွင်ထဲမှာ ခိုလှုံချင်လှပြီ။

ကျွန်မအသံကို ကြားတော့ သူ ခေါင်းမော့ကြည့်လာတယ်။ ကျွန်မ အိမ်ရှေ့မှာ ထွက်စောင့်နေလိမ့်မယ်လို့ သူ မထင်ထားဘူးထင်ပါရဲ့။ ကျွန်မ ပြေးလာတာကို ကြည့်နေတဲ့ သူ့မျက်လုံးတွေက ချက်ချင်းဆိုသလို အေးစက်သွားတယ်။ ကျွန်မရဲ့ ဖက်လှဲတကင်း ကြိုဆိုမှုကို သူက အလိုမကျစွာပဲ ရှောင်ထွက်လိုက်တယ်။

သူ့ရဲ့ စက်ဆုပ်ရွံရှာမှုက အထင်အရှားပါပဲ။

ကျွန်မ တစ်သက်လုံး သူ့ဆီကနေ နွေးထွေးမှု အစအနလေးတောင် ရနိုင်မှာ မဟုတ်ဘူး ထင်ပါရဲ့။

သူ့ကိုကြည့်လိုက်တော့လည်းကျားရှေ့မှောက်လှဲတဲ့ယုန်သူငယ်တစ်ကောင် လိုပဲ။

ကောင်းဖေးရဲ့ မပျော်ရွှင်မှုကို ကျွန်မ သိနေပေမဲ့လည်း ဂရုမစိုက်ချင်ယောင် ဆောင်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ တုံ့ပြန်မှုကလည်း သိပ်ပြီး လွန်လွန်ကဲကဲ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရင်း ဆက်ပြုံးနေမိတယ်။ သူ့လက်မောင်းကို အရှက်မရှိ တွယ်ကပ်ထားရင်း ရင်ထဲရှိတာတွေကို ဖွင့်ပြောလိုက်မိတယ်။

"ကောင်းဖေးကျွန်မ ရှင့်ကို အရမ်းလွမ်းနေတာ"

သူကျွန်မကိုအေးစက်နေလည်း ကျွန်မကတော့ သူ့ကို မလွမ်းဘဲ မနေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ ကျွန်မ တစ်သက်တာလုံးမှာ တစ်ဦးတည်းသော ချစ်ရသူ ဖြစ်နေလို့ပါ။

ကျွန်မအတင်း ဖက်ထားတဲ့ သူ့ခန္ဓာကိုယ်ကတော့ အလိုက်သင့်ရှိမနေဘူး။ ကောင်းဖေးက ရင်အုပ်ကျယ်ကျယ်နဲ့အရပ်ရှည်ပြီး အဝတ်အစားတွေ အထပ်ထပ် ဝတ်ထားပေမဲ့ ကျွန်မဆီကိုတော့ နွေးထွေးမှု တစ်စက်ကလေးမှ မရောက်လာဘူး။

အဲဒီအစား သူက သူ့လက်တွေက ကျွန်မကိုပဲ တွန်းထုတ်လိုက်တယ်။ ပြီးတော့ မာဆတ်ဆတ်နဲ့ပြောလိုက်တာက "အိမ်ထဲ ဝင်ရအောင်" တဲ့။

သူ့ရဲ့ "အိမ်" ဆိုတဲ့ စကားလုံးလေးကြောင့် ကျွန်မ ပြုံးလိုက်မိတယ်။ ဒါဟာ သူ့ဘက်က သတိမထားမိဘဲ ပြောလိုက်တဲ့ စကားမှန်း သိပေမဲ့လည်း ကျွန်မကတော့ သူ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ကိုယ့်ဘက်ကနေ လိုရာဆွဲ တွေးနေကျမို့ ရင်ထဲမှာ နွေးထွေးသွားရပြန်တယ်။

"အိမ်ပြန်မယ် ဟုတ်တယ်ကောင်းဖေ အိမ်ပြန်ကြရအောင်"

ရေချိုးခန်းထဲက ရေကျသံတွေ ကြားနေရတယ်။ ကျွန်မ ခေါင်းငုံ့ပြီး ကောင်းဖေးရဲ့ ခရီးဆောင်အိတ်ကိုနေရာချပေးနေမိတယ် ။ သူခရီးကပြန်လာတိုင်း ကျွန်မအတွက်လက်ဆောင်ဆိုတာ ဘယ်တော့မှ ပါမလာမှန်း ကျွန်မ သိပါတယ်။

အဲဒီအတွက်ကောင်းဖေးအမြဲလိုလိုပြောလေ့ရှိတာကကျွန်မက ချမ်းသာတဲ့သူမို့ ဒီလောကမှာ ဝယ်လို့မရတာ မရှိဘူးတဲ့။ ကျွန်မသာ လိုချင်ရင် အတင်းအဓမ္မ လုယူလို့တောင်ရတယ်တဲ့။ဒါကြောင့် သူက ကျွန်မကို ဘာမှပေးစရာ မလိုဘူးတဲ့။

အဲဒီစကားတွေ ပြောချိန်မှာ သူ့အသံက လှောင်ပြောင်သံတွေ ပါနေပြီး မျက်လုံးတွေကလည်း အေးစက်နေတတ်တယ်။

ကျွန်မလည်းသူ့ကို ကျွန်မ ဝယ်နိုင်တဲ့ အရာအားလုံးဟာ ဘယ်လောက်ပဲ တန်ဖိုးကြီးကြီး၊ ရှင်ပေးတဲ့ အရာလေး တစ်ခုတည်းကိုတောင် မမီပါဘူးလို့ပြန်ပြောချင်ခဲ့တယ်။ဒါပေမဲ့ သူ့မျက်နှာက အမူအရာကို မြင်လိုက်ရတဲ့အခါ ကျွန်မ ပြောချင်တဲ့ စကားလုံးတွေကို ပြန်မျိုချလိုက်ရတယ်။

ဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့ နှစ်တွေက ကျွန်မ သူ့ကို အတင်းအဓမ္မ ယူခဲ့တဲ့ ပုံစံကို သူ မေ့လို့မရသေးဘူးလေ။ကျွန်မရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အာဏာဟာ ကောင်းဖေးဘယ်တော့မှ လက်မခံနိုင်တဲ့ အရာနှစ်ခုပဲ။

အဲဒီနှစ်က ကျွန်မဖေဖေနဲ့အတူ လေလံပွဲ တစ်ခုကို တက်ခဲ့တုန်းကကောင်းဖေး နဲ့ စတွေ့ခဲ့တာ။ အဲဒီတုန်းက သူ့ရဲ့ စမတ်ကျကျ ဝတ်စုံနဲ့၊ ဖောက်သည်တွေကို ရှင်းပြနေတဲ့ သူ့စကားလုံးတွေက တိကျပြတ်သားလွန်းတယ်။

ကျွန်မသူ့ကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပြီးသူကျွန်မကိုသတိပြုမိအောင်ကြိုးစားခဲ့တယ်။ လေလံ ပွဲပြီးတာနဲ့ သူ့ရှေ့မှာ ပြုံးပြုံးလေး သွားရပ်ခဲ့တာကိုမှတ်မိနေတုန်းပဲ။ ကျွန်မဟာ ခန်းမတံခါးဝမှာသူ့ကို သားကောင်ကို စောင့်နေတဲ့ သားရဲကြီးတစ်ကောင်လိုကို စောင့်နေခဲ့တာ။

လက်ထပ်ပြီးတဲ့နောက် မှာတော့ကောင်းဖေး က ကျွန်မကို အမြဲပြောလေ့ ရှိတယ်။ " ဟဲယုကျင်း၊ မင်း ငါ့ကို စွဲလမ်းပြီး ဒီလို နည်းလမ်းမျိုးစုံနဲ့သာရ‌ အောင်ယူမယ်မှန်း သိခဲ့ရင် အဲဒီတုန်းကတည်းက နင့်ကို စကားတစ်ခွန်းတောင် မပြောဘူးလို့ ငါ ကျိန်ရဲတယ်"တဲ့။

ဒါပေမဲ့ ကျွန်မကတော့ ပြုံးပြုံးလေးပဲသူ့ကိုပြန် ပြောခဲ့တယ်။ " ကောင်းဖေး ရှင့်ကို ကျွန်မ ချစ်တယ်"

အချိန်တိုင်းမှာ သူ့ကို ချစ်ကြောင်း ပြောတာကလွဲလို့ ကျွန်မ ဘာလုပ်ရမှန်း မသိတော့ဘူး။ လေလံပွဲအပြီးမှာ ကျွန်မတို့ သိကျွမ်းခဲ့ကြပေမဲ့ သူငယ်ချင်းအဆင့်မှာပဲ ရပ်နေဖို့ ကျွန်မ မလိုလားဘူးလေ။

ပိုင်ဆိုင်ချင်ခဲ့တယ်။အဲဒီတော့ ကျွန်မ ဘဝမှာ ပထမဆုံးအကြိမ် အဖြစ်ဖေဖေ့ကို ကျွန်မရဲ့ တစ်ခတည်းသော ဆန္ဒကို ဖွင့်ပြောခဲ့တယ်။

"ချမ်းသာတယ်၊ အာဏာရှိတယ်" ဆိုတဲ့ စကားလုံးတွေက ကျွန်မနဲ့ မဆိုင်ပါဘူး။ အဲဒါတွေက ကျွန်မရဲ့ဖေဖေ ထျန်ရှင်းကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌ ၊ ဒီမြို့ရဲ့ ထိပ်တန်းလူကုံထံတွေထဲက တစ်ယောက်နဲ့ပဲ သက်ဆိုင်တာပါ။ ဒီမြို့မှာ သူ မလုပ်နိုင်တာ မရှိဘူး။ သူ့ရဲ့ တစ်ဦးတည်းသော သမီးလေး ဘဝမှာ ပထမဆုံးအကြိမ် လိုချင်မိတဲ့ ဆန္ဒလေးတစ်ခုကိုလည်း သူ အလွယ်တကူ ဖြည့်ဆည်းပေးနိုင်ပါတယ်။

ကျွန်မ ဝန်ခံပါတယ်။ဖေဖေ့ရဲ့ နည်းလမ်းတွေက နည်းနည်းတော့ လွန်သွားတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကောင်းဖေးက ကျွန်မကို လုံးဝ စိတ်မဝင်စားဘူး။ ကျွန်မကလည်း သူ့ဇနီး ဖြစ်ချင်ဇောနဲ့ ဖေဖေ့ကို မတားခဲ့တဲ့အပြင် အဲဒီလို ဖြစ်လာတာကိုတောင် ဝမ်းသာနေခဲ့သေးတယ်။

နားချပြောဆိုမှု‌ တွေကတစ်ဆင့်ကောင်းဖေး ကို မသိမ်းသွင်းနိုင်တဲ့အချိန်မှာ‌တော့ ဖေဖေက ရက်စက်တဲ့ နည်းလမ်းကို သုံးခဲ့တယ်။ သူ့ရဲ့ မိဘတွေကို ဖမ်းဆီးပြီး ဓားစာခံလုပ်ခဲ့တာ။ ရွေးချယ်စရာ မရှိတော့တဲ့အဆုံးမှာ ကောင်းဖေးဟာ သူ့ ရည်းစားနဲ့လမ်းခွဲပြီးကျွန်မကိုလက်ထပ်ခဲ့ရပါတယ်။

လက်ထပ်တဲ့နေ့မှာပဲ ကောင်းဖေးက ကျွန်မရဲ့ လက်မှာ မင်္ဂလာလက်စွပ်ကို စွပ်ပေးရင်း ကလဲ့စားချေတဲ့ အနေနဲ့ ပြောခဲ့တယ်။

" ဟဲယုကျင်း အချစ်ကို ခဏထားဦး၊ မင်းကို ငါ ပျော်ရွှင်မှုတောင် ပေးမှာမဟုတ်ဘူး။ ငါ့တစ်ဘဝလုံးကို အသုံးချပြီး နင် သေတဲ့အထိ ငါ မုန်းတီးသွားမယ်" တဲ့။

မင်္ဂလာဆောင်တဲ့နေ့မှာ "မုန်းတယ်" နဲ့ "သေတယ်" ဆိုတဲ့ စကားလုံးတွေကို သုံးဖို့ဆိုကတည်းက သူ ကျွန်မကို တကယ်ကို စက်ဆုပ်နေလို့ ဖြစ်မှာပါ။

ဒါပေမဲ့ ကျွန်မကတော့ သူ့ကိုပဲ စိုက်ကြည့်နေခဲ့တယ်။ မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးတွေနဲ့ပဲ "ရပါတယ် ကောင်းဖေး ကျွန်မ ရှင်ကို ချစ်နေရင် ရပါပြီ။ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးမှာ လိုအပ်တဲ့ ပျော်ရွှင်မှုတွေကို ကျွန်မပဲ အကုန်ပေးပါ့မယ်။ ကျွန်မ သေတဲ့နေ့အထိ ရှင် ကျွန်မဘေးမှာ ရှိနေပေးရင် ရပါပြီ" လို့ ပြန်ပြောခဲ့တယ်။

ကျွန်မ သူ့အဝတ်အစားတွေကို တစ်ခုချင်းစီပြီး ခေါက်နေမိတယ်။ အတွင်းခံတွေ၊ ရှပ်အင်္ကျီတွေ၊ ကုတ်အင်္ကျီနဲ့ နက်ကတိုင်တွေကို အရောင်းဝန်ထမ်း တစ်ယောက်ထက်တောင် ပိုပြီး ကျွမ်းကျင်‌ အောင်ကျွန်မ‌ ခေါက်တတ်နေပြီ။

ကျွန်မဟာ စည်းစိမ်တွေနဲ့ လို‌လေ သေးမရှိကြီးပြင်းခဲ့ပေမဲ့ သူ နဲ့ လက်ထပ်တဲ့နေ့ကစပြီး ဇနီးကောင်းတစ်ယောက် ဖြစ်အောင် သင်ယူခဲ့တာပါ။

မကြာခင်မှာပဲ့‌ ကောင်းဖေးက ရေချိုးခန်းထဲက ထွက်လာတယ်။ သူ့ခန္ဓာကိုယ်မှာ မျက်နှာသုတ်ပုဝါ အဖြူရောင်တစ်ထည်ကိုပဲပတ်ထားတယ်။ ကျွန်မသူ့ကိုတစ်ချက်ကြည့်ပြီး အဝတ်အစားတွေကို ဆက်‌ ခေါက်နေမိတယ်။ သူက ကျွန်မကို ကြည့်တောင်မကြည့်ဘဲ ကုတင်ဆီ တန်းသွားခဲ့တယ်။

ဒါပေမဲ့ ကျွန်မကတော့ သူ့အနားမှာ မနေဘဲ မနေနိုင်တာမို့ ကျန်တဲ့ အဝတ်အစားတွေကို အမြန်သိမ်း၊ ရေချိုးပြီး သူ့ဘေးက ကုတင်ပေါ်ကို တက်လိုက်တယ်။

ကျွန်မရဲ့ ကိုယ်လုံးက သူ့ နဲ့ ထိသွားတဲ့အခါ မြွေတစ်ကောင်လိုပဲ သူ့ရင်ခွင်ထဲကို အမြန်တိုးဝင်လိုက်တယ်။ သူက ကျွန်မကို တွန်းထုတ်ချင်နေတယ်၊ သူဟာ ကျွန်မကို ဖက်ပြီး အိပ်ဖို့ ဘယ်တော့မှ ဆန္ဒမရှိဘူး။

ဒါပေမဲ့ ကျွန်မကတော့ သူ့ရဲ့ ကိုယ်လုံးကြီးကို တွယ်ကပ်ထားရင်း ကလေးလေးတစ်ယောက်လို ဂျီကျနေမိတယ်။ "ကောင်း‌ဖေး ရှင် ကျွန်မကို လွမ်းလား "

အဲစကားက နေ့ခင်းဘက်မှာ ကျွန်မ ဘယ်တော့မှ မမေးရဲတဲ့ မေးခွန်းပါ။ ကိုယ့်လက်ချောင်း ငါးချောင်းတောင် မမြင်ရတဲ့ ညမှောင်မှောင်ထဲမှာပဲ ဒီစကားကို တိုးတိုးလေး မေးရဲတာပါ။ကောင်းဖေးဟာ ဒီမေးခွန်းကို မကြိုက်ဘူးဆိုတာ ချက်ချင်း သိလိုက်ရတယ်။ သူ ကျွန်မကို တွန်းထုတ်လိုက်လို့ပါ။

ဒါပေမဲ့ ကျွန်မက လက်မလျှော့ဘဲ သူ့ညဝတ်အင်္ကျီထဲကို လက်လျှိုသွင်းလိုက်တယ်။ သူ့ရဲ့ စိတ်တွေ နိုးကြွလာတဲ့အထိ ကျွန်မ ခပ်ရဲရဲလေး ဆော့ကစားနေမိတယ်။ သူက ကျွန်မရဲ့ လက်တွေကို ဖမ်းကိုင်ပြီး ရပ်တန့်စေလိုက်ပြီး သူ့မျက်လုံးတွေက ကျွန်မကို စိုက်ကြည့်နေတယ်။ သူ့ရင်ခွင်ထဲကို ပိုတိုးကပ်ပြီး ညှို့ယူတဲ့ အသံနဲ့ မေးလိုက်တယ်။ " ကောင်းဖေးရှင် ကျွန်မကို လွမ်းလား"

တခြားလူတွေ ပြောလေ့ရှိတယ်။

ရမ္မက်ဇောကြွနေချိန်မှာ ယောက်ျားတွေဟာ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားတတ်တယ်တဲ့။ ဒါကြောင့် အဲဒီအချိန်မှာ သူ က "အင်း... လွမ်းတယ်" လို့ ပြောလာမလားဆိုပြီး ကျွန်မ မျှော်လင့်နေမိတာ။ ချက်ချင်းဆိုသလို သူက ကျွန်မကို သူ့အောက်ကို ဖိချလိုက်တယ်။ သူ့မျက်လုံးထဲမှာ ဒေါသနဲ့ ရမ္မက်တွေ ရောပြွမ်းနေတဲ့ သည်းခံစိတ်တွေ ပြည့်နေပေမဲ့ အဲဒီထက် ပိုသိသာနေတာကတော့ ငြင်းပယ်လို့မရတဲ့ မုန်းတီးမှုပါပဲ။

သူ့မျက်လုံးတွေကို ကြည့်နေရင်း ကျွန်မ ရင်ထဲမှာ ထူးဆန်းတဲ့ ဝမ်းနည်းမှုတစ်ခုက တင်းကျပ်လာတယ်။ ဒီလိုအချိန်မှာတောင် ကောင်းဖေး ဟာ ကျွန်မကို မုန်းတယ်ဆိုတာကို မေ့မသွားအောင် သတိကပ်ထားနိုင်ပါလား။

ရုတ်တရက် ကျွန်မ ထွက်ပြေးချင်စိတ် ပေါက်သွားပေမဲ့ ရင်ထဲက ပုန်းကွယ်နေတဲ့ ဗီဇတစ်ခုကြောင့် သူ့ဆီကိုပဲ ပိုတိုးကပ်မိသွားတယ်။ကျွန်မ သူ့ခါးကို ဖက်ထားလိုက်တယ်။ မျက်ရည်တွေကို အောင့်ထားပြီး ရင်ထဲကိုပဲ ပြန်မျိုချလိုက်ရတယ်။ အစကတည်းက ကျွန်မမှာ မျက်ရည်ကျပိုင်ခွင့် မရှိခဲ့တာပါ။

ကျွန်မ ပြုံးပြီးနေခဲ့ပါတယ်။။ ဒါပေမဲ့ သူကတော့ ဘာမှမစဉ်းစားဘဲ အလွယ်တကူ ပြုံးပြနိုင်တဲ့ ကျွန်မလို လူစားမျိုးကို ပိုပြီး စက်ဆုပ်ပုံရတယ်။

ကလဲ့စားချေတဲ့ အနေနဲ့ သူ ကျွန်မနားနား ကပ်ပြီး တိုးတိုးလေး ပြောတယ်.။ "မင်းက ငါ့ဆီကို ကိုယ့်ဘာသာ လာခစားတဲ့ မိန်းမ တစ်ယောက်သက်သက်ပဲ"

သူပြောတာ မှန်ပါတယ်။ ကျွန်မဟာ သူ့အိမ်ရှေ့အထိ ကိုယ့်ဘာသာ လာခစားခဲ့တဲ့ မိန်းမပါ။ကျွန်မတို့ မင်္ဂလာဦးညတုန်းကတောင် ကျွန်မရဲ့ ခင်ပွန်းဟာ ကျွန်မနဲ့ အတူရှိနေခဲ့တာဟာ သူ့သောက်ရေထဲမှာ ကျွန်မ ဆေးခတ်ခဲ့လို့ပါ။

စွဲလမ်းလွန်းတဲ့ ကျွန်မရဲ့ အချစ်သာ မရှိခဲ့ရင် ဒါမျိုး ကျွန်မ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ သူ မူးနေတဲ့အချိန်မှာ ကျွန်မတို့ကြားက အကွာအဝေးကို နီးကပ်အောင် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပေမဲ့ သူဟာ ကျွန်မရဲ့ ကိုယ်သင်းနံ့ကို မှတ်မိနေတာကြောင့် ဘယ်တော့မှ မရခဲ့ဘူး။

တခြားနည်းလမ်း မရှိတော့လို့ လက်ထပ်တဲ့နေ့မှာပဲ သူ့ရဲ့ အမူးပြေရည်ထဲမှာ ဆေးခတ်ဖို့ ဆုံးဖြတ်ခဲ့တာ ပေါ့။

မနက်လင်းတဲ့အခါ ကောင်းဖေးရဲ့မုန်းတီးမှုကို ကျွန်မ ထပ်မံ ရရှိခဲ့တာပေါ့။ သူ ကျွန်မရဲ့ ဗလာကျင်းနေတဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး နှာခေါင်းရှုံ့ခဲ့တယ်။ " ဟဲယုကျင်း မင်းဘာလို့ ဒီလို မလိုအပ်တဲ့ နည်းလမ်းတွေကို သုံးရတာလဲ၊ ငါကခင်ပွန်းတစ်ယောက်ရဲ့ တာဝန်‌ မကျေမှာကို ကြောက်နေလို့လား"

ဒါပေမဲ့ အဲဒီအချိန်က ကျွန်မကတော့ ကျေနပ်နေခဲ့တယ်။ ပြုံးရင်း ခေါင်းခါပြခဲ့ပြီး သူ့ကို ပြန်မငြင်းခဲ့ဘူး။ ကောင်းဖေး က သူ့ရဲ့ မာနထိသွားတာကို ကာကွယ်ဖို့အတွက်ပဲ အဲဒီလို ပြောတာလို့ ကျွန်မ တွေးခဲ့တယ်။

ဒါပေမဲ့ ကျွန်မ ရင်ထဲမှာတော့ တစ်ခုပဲ တွေးနေမိတယ်။သူ အရက်နဲ့ ဆေးတွေရဲ့ အကူအညီ မပါဘဲနဲ့ ကျွန်မကို တကယ်ပဲ ထိတွေ့ဖို့ စိတ်ကူးရှိရဲ့လားလို့လေ။ အဖြေကို ကျွန်မ မသိဘူး။ မသိတဲ့အတွက်လည်း ဒီအလောင်းအစားကို ကျွန်မ မလုပ်ရဲခဲ့ဘူး။

All Chapters