အဲဒီညက... ငါ မိုးလင်းတဲ့အထိ တရားဒေသနာတော်တွေကို နာကြားနေခဲ့မိတယ်။ဒါပေမဲ့ စိတ်ငြိမ်းချမ်းဖို့အတွက် မဟုတ် ၊ သင့်ရဲ့ ဝိညာဉ်အငွေ့အသက်လေးကို တစ်စွန်းတစ်စ ရှာဖွေနိုင်ဖို့ပါ။ အဲဒီလက... ငါ ဓမ္မကျမ်းစာအားလုံးကို တစ်ရွက်ချင်း လှန်လှောဖတ်ရှုနေခဲ့မိတယ်။ဒါပေမဲ့ တရားအသိအမြင်တွေ ပွင့်လင်းဖို့အတွက် မဟုတ် ၊ သင့်လက်ချောင်းလေးတွေ ထိတွေ့ခဲ့ဖူးတဲ့ စာမျက်နှာတွေကို ပြန်လည်ထိတွေ့နိုင်ဖို့ပါ။ အဲဒီနှစ်က...ငါ မြေပြင်ပေါ်မှာ ဒူးထောက်လို့ ဖုန်မှုန့်တွေကို နဖူးနဲ့တိုက်ပြီး ရှိခိုးနေခဲ့မိတယ်။ဒါပေမဲ့ ဘုရားသခင်ကို ပူဇော်ဖို့အတွက် မဟုတ် ၊ သင်ချန်ထားခဲ့တဲ့ နွေးထွေးမှုကို ပြန်လည်ခံစားနိုင်ဖို့ပါ။ အဲဒီဘဝက... ငါ တောင်တန်းပေါင်း သောင်းခြောက်ထောင်ကို ဖြတ်ကျော်ပြီး ဆင်းရဲပင်ပန်းစွာ လှည့်လည်သွားလာနေခဲ့မိတယ်။ နောင်ဘဝ ကောင်းစားဖို့အတွက် မဟုတ် ၊ သင်နဲ့ ပြန်လည်ဆုံစည်းနိုင်ဖို့အတွက်ပါပဲ...။ ကောင်းဖေး... ဒီည၊ ဒီလ၊ ဒီနှစ်နဲ့ ဒီဘဝတစ်ခုလုံးကို ကျွန်မ ဖြတ်သန်းရှင်သန်နေခဲ့တာဟာ... ရှင့်လက်ကိုဆွဲပြီး ဒီဘဝခရီးလမ်းမှာ အတူတူယှဉ်တွဲ လျှောက်လှမ်းနိုင်ဖို့တစ်ခုလေး အတွက်ပဲဆိုတာ ရှင် ယုံပါ့မလားဟင် ။ (ဘာသာပြန်သူရဲ့ ဝန်ခံချက်) ဝတ္ထုက ၁၂ ပိုင်းပဲရှိပါတယ်၊ ဒါကြောင့် တစ်အုပ်တည်းပဲထုတ်လိုက်တာပါ။ ဘာသာပြန်တဲ့အခါမှာလည်း တတ်နိုင်သလောက် မူရင်းစာရေးသူရဲ့ ရည်ရွယ်ချက်နဲ့ ခံစားချက်တွေကို အတတ်နိုင်ဆုံး မပျက်ယွင်းအောင် ကြိုးစားထားပါတယ်။ဘာသာပြန်သူရဲ့ အာဘော်ကိုတောင် လုံးဝထည့်မထားပါဘူး ။ မူရင်း အရေးအသား ၊ မူရင်းအသုံး၊ မူရင်းဝါကျအဖွဲ့အတိုင်းပဲ ပြန်စီပေးထားပါတယ် ၊ ဘာဆိုဘာမှ သိသိသာသာပြင်မထားပါဘူး ။ဘာသာပြန်သပ်သပ်လို့တောင် ပြောလို့ရပါတယ် ။ စာဖတ်သူတို့အနေနဲ့လည်း ဇာတ်ကောင်တွေနဲ့အတူ ထပ်တူထပ်မျှ ခံစားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အရသာပေါ့သွားတယ်ဆိုရင် ဘာသာပြန်သူရဲ့ညံ့ဖျင်းမှုဖြစ်ကြောင်း ဝန်ခံပါတယ်။ ဒီဇာတ်လမ်းတိုလေးက အချစ်စစ်ကို ရှာဖွေနေသူတိုင်း၊ အလွမ်းဓာတ်ခံရှိသူတိုင်းအတွက် အမှတ်တရလေးတစ်ခုဖြစ်လေမလားလို့ မျှော်လင့်ရင်း .... ------

