← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

နောက်နေ့မနက် ကျွန်မနိုးလာတဲ့အချိန် ကောင်းဖေးကို ကျွန်မဘေးမှာ တွေ့လိုက်ရတယ်။

သူက ကုတင်ပေါ်မှာ စန့်စန့်ကြီး အိပ်ပျော်နေတာပါ။ သူက တစ်ညလုံး ဘာမှမလှုပ်ဘဲ ငြိမ်ငြိမ်လေး အိပ်နိုင်တဲ့သူလေ။

ကျွန်မ သူ့ကို တစိမ့်စိမ့် ကြည့်နေမိတယ်၊ ဒါပေမဲ့ သူ့ရဲ့ဒီပုံရိပ်ထဲမှာ ကျွန်မ သာယာမနေမိအောင် ထိန်းလိုက်ပါတယ်။

"ကောင်းဖေးရယ်... အခုထိတောင် ရှင် ကျွန်မကို စက်ဆုပ်နေတုန်းပဲလား" လို့။ ကျွန်မ သူ့အပေါ် ဘယ်လောက်ပဲ ကောင်းကောင်း၊ သူကတော့ ကျွန်မကို မုန်းနေတုန်းပါပဲ။ ဒီလို ခံစားချက်မျိုးက ကျွန်မကို ပြိုလဲစေပါတယ်။

ကျွန်မ အိပ်ရာကထပြီး ဆေးသောက်တယ်၊ ပြီးတော့ အပြင်ကို လမ်းလျှောက်ထွက်ခဲ့တယ်။

ကျွန်မ ကိုယ့်ရုပ်ရည်ကိုယ် ဂရုမစိုက်ဖြစ်တာ ကြာပါပြီ။ ဒီမနက် မှန်ထဲကြည့်လိုက်တဲ့အခါ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေတာ တွေ့ရတယ်။ ခန္ဓာကိုယ်က ပိန်ချုံးပြီး ပါးတွေလည်း ချိုင့်ဝင်နေတယ်။ မျက်နှာကို မိတ်ကပ်လေးဘာလေး လိမ်းခြယ်ပြီးတဲ့နောက်မှာတော့ ကမ္ဘာကြီးကို ရင်ဆိုင်ဖို့ သတ္တိလေး နည်းနည်း ပြန်ရလာပါတယ်။

နောက်ဆုံးမှာတော့ ကျွန်မ သင်္ချိုင်းကိုပဲ နောက်တစ်ခေါက် ထပ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ ကျွန်မကို တစ်ဘဝလုံး ပုံအောပြီး ချစ်ခဲ့တဲ့သူတစ်ယောက် ရှိနေတာကိုး။

ကျွန်မ ဖေဖေ့ကို နှုတ်ဆက်စကား ပြောခဲ့တယ်။ နည်းနည်းတော့ ထူးဆန်းနေသလို ခံစားရတယ်။ ဘာလို့ဆို ကိုယ့်ရဲ့ နေ့ရက်တွေက ရေတွက်လို့ရနေပြီဆိုတာ သိနေတဲ့လူက ဒီလောကကြီးကနေ ထွက်ခွာသွားနှင့်ပြီဖြစ်တဲ့ လူတစ်ယောက်ကို လာပြီး နှုတ်ဆက်နေတာလေ။

ကျွန်မ အုတ်ဂူဘေးမှာ ထိုင်ပြီး ဖေဖေ့ကို ရင်ဖွင့်ခဲ့တယ်။

ဖေဖေ့ကို သတိရကြောင်း၊ နောက်ဘဝဆိုတာ ရှိရင် ဖေဖေဟာ ကျွန်မရဲ့ ချစ်သူ ဖြစ်ပါစေလို့ ဆုတောင်းခဲ့တယ်။ ဒါဆိုရင် သူ ကျွန်မကို ပိုချစ်ပေးမှာဖြစ်ပြီး ကျွန်မ ဒီလောက်အထိ ရုန်းကန်နေရမှာ မဟုတ်ဘူးလေ။

ဒါမှမဟုတ်ရင်လည်း ကျွန်မကို သာမန်လူတစ်ယောက်အဖြစ်ပဲ ပြန်မွေးဖွားပါစေ၊ ဒါဆိုရင် ကျွန်မ ကောင်းဖေးကို ဆက်ချစ်နေရင်တောင် ကျွန်မရဲ့ အချစ်တွေက ဒီလောက်အထိ အတ္တမကြီးဘဲ အရာအားလုံးကို ဖျက်ဆီးပစ်တာမျိုး ဖြစ်မှာမဟုတ်ဘူး။

စကားပြောရင်းနဲ့ ကျွန်မ ပင်ပန်းလာတာကြောင့် အုတ်ဂူကို မှီပြီး အိပ်ပျော်သွားခဲ့တယ်။ နိုးလာတော့ ညနေစောင်းနေပါပြီ။ မပြန်ခင်မှာ ဖေဖေ့ကို ပြောခဲ့တယ် - "ဖေဖေ... ဘဝကြီးက ခက်ခဲလွန်းတယ်။ သမီး ဘာလို့ ဒီလောက် လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းထားရတာလဲ။ သမီး ပင်ပန်းနေပြီ၊ ဆက်ပြီးတော့ မသွားချင်တော့ဘူး" လို့။

ကျွန်မ ခပ်တွေတွေနဲ့ပဲ အိမ်ပြန်လာခဲ့တယ်၊ အိမ်ရောက်တော့ ဗိုက်တော်တော် ဆာနေပြီ။ ကောင်းဖေး အိမ်မှာ မရှိဘူး၊ အလုပ်သွားပြီလို့ပဲ ထင်လိုက်ပါတယ်။ စားစရာတစ်ခုခု လုပ်ဖို့ မီးဖိုချောင်ထဲ ဝင်ခဲ့တယ်။ ကောင်းဖေး အကြိုက်ဆုံး ပဲခေါက်ဆွဲ စားချင်မိတာပါ။

ခေါက်ဆွဲစပြီး ပြင်ရုံရှိသေးတယ်၊ တံခါးဖွင့်သံ ကြားလိုက်ရတယ်။ ကောင်းဖေး ကျွန်မနား ရောက်လာတယ်။ သူက အော်ဟစ်ပြီး ခေါက်ဆွဲပန်းကန်ကို ကျွန်မလက်ထဲကနေ လုယူလိုက်တယ်။ "မင်းက ဘာလို့ အမြဲ ဒီလိုပဲလဲ။ ငါ ဘယ်နှခါ ထပ်ပြောရမလဲ။ မီးဖိုချောင်ထဲ မဝင်နဲ့လို့ ပြောထားတာ မင်း နားမလည်ဘူးလား။ ပြီးတော့ ဘာလို့ တစ်ခွန်းမှမပြောဘဲ အိမ်က ထွက်သွားရတာလဲ။ ငါ့ကို ရင်ဆိုင်ရတာ အဲဒီလောက်တောင် ပျင်းစရာကောင်းနေလို့လား။ ငါ့အသက်ကို ကယ်ခဲ့မိတာကို မင်း နောင်တရနေတာလား" တဲ့။

ကျွန်မ မလှုပ်မယှက် တောင့်တောင့်ကြီး ရပ်နေမိတယ်၊ တစ်လက်မတောင် မလှုပ်ရဲပါဘူး။ သူ့ရဲ့ ဒေါသက ကျွန်မ မမျှော်လင့်ထားတဲ့ အရာပါ။ ကျွန်မ အကြောင်းပြချက်တစ်ခုကို အသည်းအသန် စဉ်းစားပြီးမှ ပြောလိုက်တယ်

"အရင်တုန်းကတော့ ရှင်က ကျွန်မ ဘယ်သွားသွား ပြောစရာမလိုဘူး၊ ဒါတွေက ရှင့်နဲ့ မဆိုင်ဘူးလို့ ပြောခဲ့တာပဲ။ ကျွန်မ ဗိုက်ဆာလို့ တစ်ခုခု စားချင်လို့ပါ။ ဒါက ကိစ္စကြီးမှ မဟုတ်တာ၊ ကျွန်မ ရှင့်အတွက် နှစ်နှစ်တောင် ချက်ကျွေးခဲ့တာပဲ မဟုတ်လား။ ကိစ္စနှစ်ခုကို ရောမချလိုက်ပါနဲ့" လို့။

ဒါဟာ ကျွန်မဘဝမှာ အအောင်မြင်ဆုံး ပြန်လည်ချေပချက် တစ်ခုဖြစ်မယ်လို့ ခံစားရတယ်။ အရင်ကဆိုရင်တော့ ကျွန်မက "တောင်းပန်ပါတယ် ကောင်းဖေးရယ်၊ ကျွန်မ ရှင့်ကို ချစ်လို့ပါ" လို့ပဲ ပြောနေကျလေ။

ဒီတစ်ခါတော့ ကောင်းဖေး ဘာမှပြန်မပြောနိုင် ဖြစ်သွားတယ်။ သူ ကျွန်မကို အကြာကြီး စိုက်ကြည့်နေခဲ့တယ်။ အဲဒီအခွင့်အရေးကို သုံးပြီး ခေါက်ဆွဲပန်းကန်ကို လက်ထဲ ပြန်လုယူလိုက်တယ်။

"ရှင်ရော စားမလား... ရှင့်အတွက် နောက်တစ်ပန်းကန် လုပ်ပေးမယ်လေ" လို့ ပြောလိုက်တယ်။ ဒါဟာ ကောင်းဖေးနဲ့အတူ စားခဲ့ရတဲ့ အကြာဆုံး ထမင်းတစ်နပ်ဖြစ်မယ် ထင်တယ်။ သူကတော့ မစားပါဘူး၊ ကျွန်မ စားနေတာကိုပဲ ကြည့်နေတယ်။ ကျွန်မ ရင်ထဲမှာတော့ နည်းနည်းလေး ဝမ်းသာနေမိတယ်၊ ဘာလို့လဲဆိုတော့ အရင်အချိန်တွေကတည်းက သူနဲ့အတူလုပ်ဖူးချင်တဲ့ ဆန္ဒပေါင်း ထောင်သောင်းထဲမှာ တစ်ခုက သူ့ကို ကျွန်မနဲ့အတူ ထမင်းတစ်နပ် စားစေချင်တာပါ။

ဒါပေမဲ့ အဲဒီည သန်းခေါင်ယံမှာ ကျွန်မ ရုတ်တရက် လန့်နိုးလာခဲ့တယ်။ ကျွန်မရဲ့ ကျောပြင်က စိုထိုင်းနေပြီး တစ်စုံတစ်ယောက်က ကျွန်မကို တင်းတင်းကျပ်ကျပ် ဖက်ထားလို့ပါ။ ကျွန်မနောက်က လူရဲ့ ခန္ဓာကိုယ်က ရှိုက်ကြီးတငင် ငိုကြွေးသံတွေနဲ့အတူ တုန်ယင်နေတယ်။ တစ်ခဏအတွင်းမှာပဲ ကျွန်မ သတိဝင်လာပေမဲ့ ဘာအသံမှ မထွက်ဘဲ ကိုယ်ကိုပဲ ပိုပြီး ကွေးထားလိုက်ပြီး အိပ်ပျော်သွားအောင်ပဲ ကြိုးစားလိုက်ပါတယ်။

ဧပြီလ ၂၀ ရက်နေ့။

နွေဦး အစောပိုင်းနေ့ရက်တွေမို့ ကောင်းကင်က သာယာပြီး လေထုက နွေးထွေးနေတယ်။ တစ်ညအတွင်းမှာပဲ ကောင်းဖေးရဲ့ အလုပ်တွေက သိပ်ကို လျော့နည်းသွားပုံရတယ်။ သူက အလုပ်ကို နောက်ကျမှသွားပြီး အစောကြီး ပြန်လာတတ်တယ်။ ကျွန်မ သိပ်ပျော်ပေမဲ့ ရှင့်ရဲ့ အထက်လူကြီးက စိတ်မဆိုးပါစေနဲ့လို့လည်း ဆုတောင်းမိပါတယ်။ ကျွန်မ ကောင်းဖေးနဲ့ အတူနေရမယ့် နေ့ရက်တွေကို လက်ချိုးရေတွက်နေမိတယ်။ ကျွန်မဘဝရဲ့ ကျန်ရှိနေတဲ့ နှစ်လတာကို ဒီလိုမျိုးပဲ ဆက်ပြီး ဖြတ်သန်းသွားနိုင်မယ်ဆိုရင် အရင်က ရခဲ့တဲ့ နှစ်ဝက်ထက် ပိုတန်ဖိုးရှိမှာပါ။

ဘာလို့လဲဆိုတော့ အခု ကောင်းဖေးက ကျွန်မဘေးမှာ အရင်ကထက် အချိန်တွေ အများကြီး ပိုပေးနေလို့ပါပဲ။

သူက ကျွန်မ ငြိမ်သက်နေတာကို ကြည့်ပြီး ဘာတွေတွေးနေတာလဲလို့ မေးတယ်။ ကျွန်မ ခေါင်းမော့ပြီး သူ့ကို ကြည့်လိုက်မိတော့ သူ့ရဲ့ ရုပ်ရည်က သိပ်ကို ခန့်ညားလွန်းတယ်လို့ ရုတ်တရက် တွေးမိသွားတယ်။ အဲဒီအတိုင်းပဲ သူ့ကို ပြောလိုက်မိတာကို သူက ဒေါသတကြီးနဲ့ ပြန်စိုက်ကြည့်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။

မနေ့ညက ခန္ဓာကိုယ်ထဲက နာကျင်မှုတွေကြောင့် လန့်နိုးလာတဲ့အချိန်မှာ ကောင်းဖေးက ကျွန်မရဲ့ ဆေးတွေထည့်ထားတဲ့ အံဆွဲကို မွှေနှောက်ရှာဖွေနေတာ မြင်လိုက်ရတယ်။ ဘာဖြစ်လို့လဲလို့ မေးချင်ပေမဲ့ သူက ကျွန်မရဲ့ ဆေးမှတ်တမ်းတွေကို သေသေချာချာ ဖတ်နေပြီး ဆေးညွှန်းတွေကို အာရုံစိုက် လေ့လာနေတာ တွေ့လိုက်ရတယ်။

ပြီးတော့ အံဆွဲထဲက ဆေးထုပ်လေးတွေကို တစ်ခုချင်းဖွင့်ပြီး ဆေးညွှန်းတွေကို စာတစ်လုံးချင်း ဖတ်နေတာ။ တစ်ခါတလေ သူ ကျွန်မကို လှမ်းကြည့်တတ်တယ်။ ကျွန်မကတော့ အိပ်ချင်ယောင်ဆောင်ပြီး ကိုယ်ကို တစ်ဖက်လှည့်ကာ မျက်လုံးကို အမြန်မှိတ်ထားလိုက်ရတယ်။

သူ ကျွန်မကို ဖက်ပြီး ငိုခဲ့တဲ့ ညကို သတိရမိပြီး ဘာအကြောင်းမှမရှိဘဲ ကျွန်မ မျက်ဝန်းထောင့်ကနေ မျက်ရည်တွေ စီးကျလာပြန်တယ်။ နောက်ဆုံးတော့ သူ ကျွန်မကို ဘယ်လိုချစ်ရမလဲဆိုတာ သိသွားပြီထင်ပါရဲ့ ။

နောက်နေ့မနက်မှာတော့ ကျွန်မက ကောင်းဖေးရဲ့ မွေးနေ့တုန်းက မလုပ်ပေးခဲ့ရတဲ့ အရာတွေကို ပြီးဆုံးအောင် လုပ်ပေးဖို့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။

ကျွန်မ နောင်တတွေနဲ့ မထွက်ခွာသွားချင်ဘူး။ ပြီးတော့ မနေ့ညက ကောင်းဖေးရဲ့ လုပ်ရပ်တွေက ကျွန်မရင်ထဲမှာရှိနေတဲ့ အမုန်းတရားတွေကို အရည်ပျော်သွားစေခဲ့ပြီလေ။ ကျွန်မ အိမ်ကို အလှဆင်တယ်၊ ဖယောင်းတိုင်တွေနဲ့ ပန်းအစိုလေးတွေ ဝယ်ခဲ့ပြီး ရိုမန့်တစ်ဆန်ဆန်လေး ပြင်ထားလိုက်တယ်။ သူပြန်လာတဲ့အချိန် အိမ်ထဲက အပြောင်းအလဲတွေကို ကြည့်ပြီး ကျွန်မကို စိုက်ကြည့်တယ်။

"ဘယ်လိုလဲ... ဖယောင်းတိုင်ထွန်းပြီး ထမင်းစားရတာ ရှင့်အတွက် ရိုးအီနေပြီလား" လို့ မေးလိုက်တယ်။

ကျွန်မ သူ့ကို ထိုင်ခိုင်းပြီး ကိတ်မုန့်လှီးပေးတယ်၊ ပြီးတော့ ဆုတောင်းခိုင်းလိုက်တယ်။

"ကောင်းဖေး... အဲဒီနေ့က မှာလိုက်တဲ့ ကိတ်မုန့်က အရမ်းချိုလွန်းလို့ ကျွန်မ ပျို့အန်ချင်သလို ဖြစ်ခဲ့ရတယ်။ ဒီနေ့တော့ ဆိုင်ကို ခရင်မ်နည်းနည်းပဲ ထည့်ခိုင်းထားတယ်။"

သူ ဘာမှမပြောဘူး။ တစ်ချိန်လုံး ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီး ထိုင်နေတာ။ ကောင်းဖေး ကိတ်မုန့်စားတာကို ကြည့်နေချင်ပေမဲ့ မမျှော်လင့်ဘဲ ကျွန်မ နှာခေါင်းကနေ သွေးတွေ ရုတ်တရက် လျှံထွက်လာတယ်။ သွေးစက်တွေက နှာခေါင်းထဲကနေ တဒေါက်ဒေါက် ကျလာပြီး အဖြူရောင် စားပွဲခင်းပေါ်မှာ ပြန့်ကြဲသွားတော့တာပဲ။

ကျွန်မ ထိတ်လန့်သွားပြီး ခေါင်းကို အမြန်မော့လိုက်တယ်။

ကောင်းဖေးကတော့ ခေါင်းငုံ့ပြီး စားနေတုန်းပဲ။ ဖယောင်းတိုင်မီးက မှိန်နေတာမို့ သူ မမြင်လောက်ဘူးလို့ပဲ ထင်လိုက်ပါတယ်။ သူ့ကိုမသိစေချင်လို့ အများကြီး မစဉ်းစားနိုင်တော့ဘဲ "ဒီခရင်မ်တွေက ကျွန်မကို ပျို့အန်ချင်အောင် လုပ်နေတုန်းပဲ" လို့ ပြောပြီး ရေချိုးခန်းထဲကို ပြေးဝင်ခဲ့တယ်။

ရေချိုးခန်းထဲ ရောက်တာနဲ့ တံခါးကို ချက်ချင်း ဂျက်ချလိုက်မိတယ်။ ဒါပေမဲ့ နှာခေါင်းထဲက သွေးတွေက တားမရအောင် ဆက်ထွက်နေတာကြောင့် ရင်ထဲမှာ စိုးရိမ်ထိတ်လန့်မှုတွေ စပေါ်လာတယ်။ ဒီလိုမျိုး လက္ခဏာကို ကျွန်မ တစ်ခါမှ မဖြစ်ဖူးသလို ဆရာဝန်တွေကလည်း သတိမပေးခဲ့ဖူးဘူး။

ကျွန်မ ရေဘုံဘိုင်ကို ဖွင့်ပြီး မျက်နှာကို ရေနဲ့ သစ်လိုက်တယ်၊ ထွက်နေတဲ့ သွေးတွေကို အသည်းအသန် သုတ်ပစ်တယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ သုတ်သုတ် လက်ဆေးကန်ထဲက ရေတွေကတော့ နီမြန်းနေတုန်းပဲ။

ကျွန်မ ခေါင်းကို အနောက်ဘက်ကို လန်ထားပြီး တတ်နိုင်သမျှ မော့ထားပေမဲ့ သွေးတွေက ဆက်ပြီး စီးကျနေတုန်းပါ။

သွေးတွေက ကျွန်မရဲ့ အင်္ကျီပေါ်ကို စီးကျပြီး နီရဲစေတယ်။ ကောင်းဖေးသိသွားမှာကို ကျွန်မ ကြောက်လို့ နှာခေါင်းသွေးထွက်တာကို ဂရုမစိုက်နိုင်တော့ဘဲ လက်ဆေးကန်ထဲကို ကိုင်းညွှတ်ပြီး အင်္ကျီမှာ သွေးတွေ စင်သွားအောင် အတင်းလျှော်နေမိတယ်။ နဂိုကတည်းက ကျွန်မ ခန္ဓာကိုယ်က ကိုယ်ခံအား နည်းနေတာ။ဒီလိုမလုပ်သင့်မှန်းသိတယ် ။

ဒါပေမဲ့ သူသိသွားမှာထက်စာရင်တော့ အအေးမိသွားတာကမှ ကောင်းဦးမယ်လို့ ကျွန်မ ခံစားရတယ်။ ကျွန်မရဲ့ လက်တွေက တုန်တုန်ယင်ယင်နဲ့ အလောတကြီး ဆေးနေတုန်းမှာပဲ တံခါးက အရှိန်အဟုန်နဲ့ ပွင့်ထွက်သွားပါတယ်။

လှည့်ကြည့်လိုက်တော့ ကောင်းဖေး။ သူက တံခါးဝမှာ ခြင်္သေ့တစ်ကောင်လို ရပ်နေတာ တွေ့လိုက်ရတယ်။

ကျွန်မ အားမရှိတဲ့ အသံနဲ့ သူ့ကို ခေါ်ဖို့ကြိုးစားပေမဲ့ ကျွန်မရဲ့ စကားလုံးတွေကတော့ သူ့ရဲ့ အနမ်းတွေကြားမှာ ပျောက်ကွယ်သွားပါတော့တယ်။

အရင်တုန်းကတော့ ကောင်းဖေးက ကျွန်မကို စနမ်းရင် ဘယ်လိုနေမလဲလို့ ခဏခဏ စိတ်ကူးယဉ်ဖူးတယ်။ မိုးသောက်ချိန် နေထွက်ခါစ ပန်းရောင်ကောင်းကင်အောက်မှာ ဖြစ်မလား၊ ဒါမှမဟုတ် ကြယ်တွေစုံတဲ့ ညအမှောင်အောက်မှာလား၊ ဒါမှမဟုတ် ဆီးနှင်းတွေ ဝေနေတဲ့ ဆောင်းညမှာလားပေါ့။ ကျွန်မမှာ စိတ်ကူးယဉ်မှုတွေ အများကြီးရှိခဲ့ပေမဲ့ သူက ကျွန်မကို အခုလို အခြေအနေမျိုးမှာ နမ်းလိမ့်မယ်လို့တော့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။

သူက အသက်အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့လိုက်ရလို့ အားကိုးရာ ရှာနေတဲ့ သတ္တဝါလေးတစ်ကောင်လိုပါပဲ။ ကျွန်မကို နံရံမှာ ကပ်ထားပြီး သူ့ရဲ့ ကိုယ်လုံးကြီးနဲ့ ဖိထားတယ်၊ ကျွန်မတို့ ကြားမှာ အပ်တစ်ဖျားစာတောင် အကွာအဝေး မရှိစေချင်တဲ့အတိုင်းပါပဲ။ သူ့ရဲ့ လျှာက ကျွန်မရဲ့ ပါးစပ်ထဲကို တိုးဝင်လာပြီး ကျွန်မ တစ်ကိုယ်လုံးကို ဝါးမြိုပစ်ချင်နေတဲ့အလား အပူတပြင်း တစ်ခုခုကို ရှာဖွေနေခဲ့တယ်။

နောက်ဆုံးမှာတော့ ကောင်းဖေးရဲ့ စိတ်မထိန်းနိုင်တဲ့ အနမ်းတွေဟာ သူ့ကို ပင်ပန်းသွားစေပုံရတယ်။ သူ ကျွန်မကို မှီတွယ်ပြီး ကျွန်မရဲ့ ညှပ်ရိုးနားမှာ ခေါင်းဝှက်ကာ ငိုချလိုက်ပါတော့တယ်။ သူ့ရဲ့ ငိုသံတွေက သိပ်ကို ကျယ်လောင်လွန်းတယ်။ ယောက်ျားတစ်ယောက်က ဒီလောက်အထိ အော်ဟစ်ငိုကြွေးနိုင်တယ်ဆိုတာ ကျွန်မ တစ်ခါမှ မသိခဲ့ဖူးပါဘူး။ အစမှာတော့ အသံတိုးတိုးနဲ့ ရှိုက်ငိုနေရာကနေ တဖြည်းဖြည်း ကျယ်လောင်လာခဲ့တယ်။ သူ အော်ငိုလွန်းလို့ သူ့အသံတွေတောင် ကွဲအက်သွားတော့မလားလို့ ကျွန်မ ထင်မိပါရဲ့။

သူ ငိုနေချိန်မှာ သူ့ခန္ဓာကိုယ်ကြီးက တုန်ယင်နေခဲ့တယ်။ ကျွန်မ သူ့ကို နူးနူးညံ့ညံ့ ပြန်ဖက်ထားလိုက်ပြီး တိုးတိုးလေးပဲ သူ့ကို နှစ်သိမ့်ပေးလိုက်တယ် - "ကောင်းဖေးရယ်... ကျွန်မ ရှင့်ကို ချစ်တယ်။ ရှင့်ကို ချစ်ခဲ့မိတာကို ကျွန်မ ဘယ်တော့မှ နောင်တမရပါဘူး" လို့။

အဲဒီညက ကျွန်မ အများကြီးကို ပျော်ခဲ့ရတယ်။ ဒါဟာ ကျွန်မဘဝရဲ့ အပျော်ဆုံး နေ့ရက်တွေထဲက တစ်ရက် ဖြစ်မှာပါ။ ကျွန်မရဲ့ ဝိညာဉ်တောင် လွင့်ပျံသွားမလားလို့ ခံစားရတဲ့အထိ စိတ်ကျေနပ်မှု ရခဲ့ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် "အခုချိန်မှာ သေသွားရင်တောင် နောင်တမရှိတော့ဘူး" လို့ ကျွန်မ ခံစားလိုက်ရတယ်။ နောက်နေ့မနက် မိုးလင်းတဲ့အခါ ကျွန်မ ဒီလောကကြီးမှာ မရှိတော့ဘူးဆိုရင်တောင် ကောင်းကင်ကြီးကို ကျေးဇူးတင်နေမိမှာပါ။

အဲဒီနေ့က မေ ၅ ရက်နေ့။ ကောင်းကင်မှာ တိမ်တွေဖုံးနေခဲ့တယ်။ အဲဒီနေ့က သူက မအိပ်ဘဲ နေနေပြီး ညဉ့်သန်းခေါင်ကျော်မှပဲ အိပ်ရာဝင်ခဲ့တယ်။ သူက တစ်ညတည်းနဲ့ ဂျီကျတတ်တဲ့ ကလေးတစ်ယောက်လို ဖြစ်သွားတာပါ။ သူ ဘာတွေ စိတ်ကောက်နေလဲ ကျွန်မ မသိဘူး၊ ဘယ်လိုပဲ ချော့ချော့ သူကတော့ ကျွန်မစကားကို နားမထောင်ပါဘူး။ ကျွန်မ အိပ်ပျော်သွားတဲ့အထိတောင် ကောင်းဖေးဟာ သူ့ရဲ့ ခံစားချက်တွေနဲ့ မွန်းကြပ်နေတုန်းပါပဲ။ သူ ခံစားနေရတာကို ကြည့်ပြီး ကျွန်မ ရင်ထဲမှာလည်း မခံမရပ်နိုင်အောင် နာကျင်ရပါတယ်။

ကံကောင်းတာက နောက်နေ့မနက်ရောက်တော့ ကောင်းဖေးရဲ့ ထူးဆန်းတဲ့ အပြုအမူတွေ ပျောက်သွားပါတယ်။ ကျွန်မ သူ့ရဲ့ ရင်ခွင်ထဲမှာ ခေါင်းမှီထားလိုက်တယ်။ သူ ကျွန်မကို တွန်းမထုတ်ပါဘူး။ အဲဒီအစား သူ့ရဲ့ လက်ချောင်းလေးတွေနဲ့ ကျွန်မရဲ့ ခေါင်းကို နူးနူးညံ့ညံ့လေး ပွတ်သပ်ပေးနေပါတယ်။ ပြီးတော့ တိုးတိုးလေး ကျွန်မကို မေးတယ် - "ဆေးသောက်ချင်ပြီလား" လို့။

ဒီရိုးရှင်းတဲ့ မေးခွန်းလေးက ကျွန်မကို ဝမ်းသာသွားစေတယ်ဆိုတာ ဝန်ခံပါတယ်။ အရင်တုန်းကဆိုရင် သူက ကျွန်မကို စက်ဆုပ်တာကြောင့် မနက်နိုးနိုးချင်း နာရီဝက်လောက်အတွင်းမှာ ကျွန်မကို စကားမပြောပါဘူး။ အင်း... အဲလောက်တောင် အသိအမှတ်မပြုချင်ခဲ့တာပါ။ ကျွန်မ ပြုံးလိုက်ပြီး သူ့ရင်ခွင်ထဲ ပိုတိုးလိုက်တယ် - "ရှင် တိုက်မှာလား... ကျွန်မမှာ အားမရှိတော့ဘူး" ။

ကောင်းဖေးရဲ့ လက်ချောင်းလေးတွေ ငြိမ်ကျသွားတယ်။ အတော်ကြာမှ သူက "အင်း" လို့ ပြန်ဖြေပါတယ်။

ကျွန်မ ဒီလောက်နဲ့တင် ကျေနပ်သင့်ပြီလို့ ထင်ပါတယ်။ ကောင်းဖေးက စကားနည်းသူ ဖြစ်နေတုန်းဆိုပေမဲ့ အခုရက်ပိုင်းမှာ သူ ထူးထူးခြားခြား စိတ်ထိခိုက်လွယ်နေတယ်လို့ ကျွန်မ ခံစားရတယ်။ ဘာလို့အဲလိုထင်ရလဲဆိုတော့ တစ်နေ့က ကျွန်မ သီချင်းတစ်ပုဒ်ကို လိုက်ဆိုနေတုန်း သူ အခန်းထဲ ဝင်လာတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်းမှာ ကျွန်မရဲ့ အခြေအနေက ပိုဆိုးလာပြီး အပြင်ကို မထွက်နိုင်တော့ပါဘူး။

အဲဒီနေ့က ကျွန်မ မိုဝမ်ဝေ ရဲ့ "Love in Hiroshima" ဆိုတဲ့ သီချင်းကို နားထောင်ရင်း အတွေးတွေ လွန်နေမိတာပါ။ သူမရဲ့ ထူးခြားတဲ့ အသံနဲ့ ဆိုထားတဲ့ စာသားလေးကို ကျွန်မ လိုက်ဆိုနေမိတယ် -

"...ရှင်နဲ့ ချစ်သူဖြစ်ဖို့ ကျွန်မမှာ အချိန်သိပ်မရှိတော့ဘူး၊ ဒီအချစ်ကစားပွဲကို ကျွန်မ စောစောစီးစီး ရပ်ပစ်ခဲ့သင့်တာ..."

တကယ်တော့ ကျွန်မက မိုဝမ်ဝေကို သိပ်ကြိုက်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီသီချင်းကတော့ ကျွန်မနဲ့ တိုက်ဆိုင်နေသလိုပါပဲ။ အဲဒီအချိန်မှာ သူအခန်းထဲ ဝင်လာပြီး ဒီစာသားကို ကြားသွားတာပါ။ လှမ်းတော့မယ့် သူ့ခြေလှမ်းတွေက ရုတ်တရက် ရပ်တန့်သွားပြီး တံခါးဝမှာ ရပ်ကာ ကျွန်မကို စိုက်ကြည့်နေတယ်။ ညနေခင်းရဲ့ နေရောင်တွေကြောင့် အခန်းထဲမှာ ရွှေရောင်လွှမ်းနေပါတယ်။

ခဏနားပြီးတဲ့နောက် ကောင်းဖေးက အထဲကို ဝင်လာပြီး ကျွန်မရဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်တယ်။ သူ့ရဲ့ အနမ်းတွေက နူးညံ့လွန်းပါတယ်။ ဒါပေမဲ့ ကျွန်မ ခေါင်းမော့ပြီး သူ့မျက်လုံးတွေကို ကြည့်လိုက်တဲ့အခါ ကျွန်မ အံ့ဩသွားရတယ်။

သူ့ရဲ့ လှပတဲ့ မျက်ဝန်းတွေထဲမှာ အရောင်တစ်မျိုး တောက်ပနေတာကို မြင်လိုက်ရတယ်။ ကျွန်မရဲ့ မျက်စိထဲမှာတော့ ဒါဟာ အမြင်မှားတာတစ်ခုလိုပဲ ထင်နေမိပါတော့တယ်။

All Chapters