အခန်း (၂)
Vol. 1 Ch. 2
အခန်း (၂)
နောက်တစ်နေ့မနက် နိုးလာတော့ ကောင်းကင်ယံမှာ အလင်းရောင်ဖျော့ဖျော့လေး သန်းနေပြီ။
ကျွန်မက အိပ်ရင်နောက်ကျပြီး နိုးရင်စောတတ်တဲ့အကျင့်ရှိတယ်။ ဒါဟာ ကောင်းဖေး ကျွန်မကို စိတ်မရှည်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပေါ့။
ဘာလို့လဲဆိုတော့ သူနဲ့စလက်ထပ်တုန်းက ကျွန်မဟာ ကိုယ့်လုပ်ရပ်က သူတစ်ပါးအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာ မစဉ်းစားတတ်သေးတဲ့၊ ကလေးတစ်ယောက်လို ဖြစ်နေခဲ့လို့ပဲ။
ကျွန်မက အိပ်ရာထဲမှာ အကြာကြီး ဆက်လှဲမနေချင်တာကြောင့် အိပ်ရာကထလိုက်ချိန် လှုပ်လှုပ်ရှားရှားနဲ့ အသံတွေမြည်အောင် လုပ်မိတတ်တယ်။
အဲဒီလိုအချိန်မျိုးမှာ ကောင်းဖေးနိုးသွားတတ်ပြီး သူက ကျွန်မကို စူးစိုက်ကြည့်တတ်တယ်။ သူ့အကြည့်တွေက မုန်းတီးမှုတွေနဲ့ အေးစက်နေတတ်တယ်။ ကျွန်မရဲ့ ဖြစ်တည်မှုတိုင်းကို သူက အလိုမကျဖြစ်နေသလိုပါပဲ။
"မင်းက တစ်နေကုန် အိမ်မှာ ဘာမှလုပ်စရာမရှိဘူးဆိုရင်တောင် သူတစ်ပါးအိပ်နေတာကိုတော့ မနှောက်ယှက်သင့်ဘူး"
သူ အဲဒီလိုပြောရင် ကျွန်မကတော့ ဘာမှပြန်မပြောဘဲ ပြုံးနေမိတယ်။ ကျွန်မရဲ့ အပြုံးဟာ မနက်ခင်းနေရောင်ထက်တောင် ပိုပြီး တောက်ပတယ်လို့ ကျွန်မ ယုံကြည်ထားတာ။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်ပဲ ပြုံးပြုံး ကောင်းဖေးရဲ့ နှလုံးသားကိုတော့ နွေးထွေးအောင် မလုပ်နိုင်ခဲ့ပါဘူး။
ကျွန်မ သူ့ကို တွယ်ကပ်ပြီး "ကျွန်မကြောင့် နိုးသွားတာလား၊ နောက်ဆို သတိထားပါ့မယ်။ ရှင် ဆက်အိပ်ဦးနော် ကျွန်မ မနက်စာ သွားလုပ်ပေးမယ်" လို့ပြောပြီး သူ့ကို မနက်ခင်းအနမ်း ပေးလိုက်တယ်။ အဲဒီလိုလုပ်တိုင်း ကောင်းဖေးက မျက်လုံးတွေကို မှိတ်ထားတတ်ပြီး မသတီသလို ကျွန်မရဲ့ တံတွေးတွေကို သုတ်ပစ်ကာ တစ်ဖက်ကိုလှည့်ပြီး ဆက်အိပ်သွားတတ်တယ်။
ဒီနေ့တော့ ကျွန်မရဲ့ လှုပ်ရှားမှုတွေက ငြိမ်သက်နေလို့ထင်ပါရဲ့ သူနိုးမလာဘူး။ ကျွန်မဘက်ကို ကျောပေးပြီး သူ အိပ်ပျော်နေတုန်းပဲ။ ကျွန်မထထိုင်လိုက်ပြီး သူ့ကို ငေးကြည့်နေမိတယ်။ သူ့မျက်နှာကို ကြည့်ရင်း ကျွန်မ မထိန်းနိုင်တော့ဘဲ သူ့ပါးကို ခိုးပြီး အသာလေး နမ်းလိုက်မိတယ်။
ရင်ထဲမှာတော့ "ကောင်းဖေးရယ် ကျွန်မ ရှင့်ကို အရမ်းချစ်တာပဲ။ ဒီလောကမှာ ကျွန်မလောက် ရှင့်ကိုချစ်တဲ့သူ ရှိမှာမဟုတ်တော့ဘူး" လို့ အော်ဟစ်နေမိတယ်။
ဒီလို ခိုးနမ်းလိုက်ရတာနဲ့တင် ကျွန်မ စိတ်ကျေနပ်သွားခဲ့ပြီ။ အိပ်ရာကထပြီး သူ့အတွက် မနက်စာ ပြင်ဆင်ပေးဖို့ ထွက်လာခဲ့တယ်။ သူက ပဲခေါက်ဆွဲကို သိပ်ကြိုက်တာ။ ပဲခေါက်ဆွဲတစ်ပန်းကန်နဲ့ ဆော့စ်အနည်းငယ်ရှိရုံနဲ့တင် သူ ပျော်နေတတ်တယ်။
ကျွန်မတို့ သူငယ်ချင်းအဖြစ်နဲ့ ပထမဆုံးအကြိမ် အပြင်မှာ စားဖို့ ချိန်းတုန်းက ကျွန်မကတော့ မြို့ထဲမှာ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်မှာ ဝယ်ကျွေးဖို့ ပြင်ဆင်ခဲ့တာပေါ့။ ဒါပေမယ့် သူက စားသောက်ဆိုင်ရဲ့ ခမ်းနားထည်ဝါလှတဲ့ အတွင်းခန်းကို ကြည့်ပြီး ခပ်ဖွဖွလေး ရယ်လိုက်တယ်။
"မမလေးဟဲယုရှင်း... ကျွန်တော်တို့ ဒီမှာ မစားသင့်ဘူး ထင်တယ်"
ကျွန်မကတော့ သူ့ရဲ့ ရယ်သံလေးထဲမှာ နစ်မျောနေပြီး သူက ကျွန်မနဲ့ အတူမစားချင်လို့ ငြင်းတာလို့ ထင်သွားပြီး "ရပါတယ်... ရပါတယ်" လို့ အလောတကြီး ပြောမိတယ်။
ကျွန်မ စိုးရိမ်သွားတာပါ။ ဒါပေမဲ့ ကောင်းဖေးက "မင်းက မင်းရဲ့ အထက်လူကြီးကို ကျွေးတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက် အကုန်အကျခံမှာလဲ။ ဒီတစ်နပ်စာဟာ ကျွန်တော်တို့ရဲ့ လစာ တစ်ဝက်လောက် ရှိနေပြီ။ ရိုးရှင်းတဲ့နေရာတစ်ခုဆို ရပါပြီ။ တကယ်လို့ မမလေးက ဒါကို စီးပွားရေးကိစ္စအတွက် ဖိတ်တာဆိုရင်တော့ ကျွန်တော် လက်ခံပါ့မယ်" တဲ့။
တွေ့လား သူဘယ်လောက်ရိုးသားလဲဆိုတာ။ ကျွန်မရဲ့ နှလုံးသားက ဘယ်လိုလုပ် မလှုပ်ခတ်ဘဲ နေနိုင်မှာလဲ။ ရှင့်ရှေ့မှာ ရပ်နေတဲ့သူဟာ ရှင့်ကို တစ်နှစ်ပတ်လုံး နေ့တိုင်း ဒီလို ဈေးကြီးတဲ့အစားအသောက်တွေ ကျွေးနိုင်လောက်အောင် ချမ်းသာတယ်ဆိုတာ ရှင်မှ မသိခဲ့တာပဲ။
ဒါကြောင့် ကျွန်မ ရှင့်အပေါ် စွဲလမ်းသွားရတာမှာ ရှင်လည်း တာဝန်မကင်းဘူးနော်။ ရှင်သာ ဒီလောက်အထိ အရည်အချင်းရှိပြီး ထူးချွန်မနေခဲ့ရင်၊ ဒါမှမဟုတ် တခြားယောက်ျားတွေလိုပဲ ရုပ်ဝတ္ထုပစ္စည်းတွေအပေါ် မက်မောတဲ့သူ ဖြစ်ခဲ့ရင် ကျွန်မ ရှင့်ကို ဒီလောက်အထိ ချစ်မိပါ့မလား။ ရှင့်နှလုံးသားကို ရဖို့ ဒီလို နည်းလမ်းညံ့တွေ သုံးပါ့မလား။
ပဲခေါက်ဆွဲက ရိုးရှင်းပေမဲ့ လုပ်ရတာတော့ မလွယ်ဘူး။ စလုပ်ကြည့်တုန်းကဆိုရင် ကျွန်မ ခေါက်ဆွဲ ကီလို ၅၀ လောက်တောင် လွှင့်ပစ်ခဲ့ရတယ်။ နေ့တိုင်း ကောင်းဖေး ကြိုက်တဲ့ ဟင်းတွေကို ချက်တတ်ဖို့ လေ့လာတာကပဲ ကျွန်မရဲ့ တစ်ခုတည်းသော ဝါသနာ ဖြစ်လာခဲ့တယ်။ 'ကြိုးစားရင် ဘုရားမတာပဲ' လို့ အားလုံးက ပြောကြတယ်။
ကံကောင်းတာက ကျွန်မလို ဇွဲရှိတဲ့သူကို နတ်ကောင်းမတာပဲပေါ့။ သူက ကျွန်မချက်တဲ့ ခေါက်ဆွဲကို တစ်ခါမှ ချီးကျူးဖော် မရပေမဲ့ သူ့ရဲ့ မျက်နှာအမူအရာလေးတွေကို ကြည့်ပြီး သူ ကျေနပ်နေတယ်ဆိုတာ ကျွန်မ သိနိုင်ပါတယ်။
ဒီခေါက်ဆွဲချက်ဖို့ အချက်နှစ်ချက် သတိထားရတယ်။ ပထမက ခေါက်ဆွဲဟာ ကျစ်လျစ်ပြီး စိမ့်နေရမယ်၊ ဒုတိယက ဆော့စ်က သူ့ရဲ့ မူလအရသာအတိုင်း မွှေးနေရမယ်၊ ဆီမများရဘူး။
ကျွန်မ အကောင်းဆုံး ခေါက်ဆွဲတွေကို သုံးပေမဲ့ ပြုတ်တဲ့အချိန်နဲ့ မီးအရှိန်ကိုတော့ သင်ယူခဲ့ရတယ်။ ပြုတ်တာ များသွားရင်လည်း ခေါက်ဆွဲက ပြဲသွားတတ်ပြီး ပြုတ်တာ နည်းရင်လည်း မာနေတတ်တယ်။
ဆော့စ်အတွက်ကတော့ လတ်ဆတ်မှုရှိအောင် ကျွန်မ ကိုယ်တိုင်ပဲ လုပ်တယ်။ မီးအသင့်အတင့်နဲ့ အိုးကို အပူပေးပြီး ဆီနဲ့ မြေပဲဆံတွေကို ထည့်တယ်၊ မြေပဲတွေ ရွှေအိုရောင် သန်းလာတဲ့အထိ လှော်တယ်။ ပြီးရင် သကြားနဲ့ နှမ်းဆီထည့်ပြီး ဆော့စ်က ပျစ်ပျစ်လေး ဖြစ်လာတဲ့အထိ မွှေပေးရတယ်။
ကျွန်မ ချက်ပြုတ်နေတဲ့အချိန်မှာ ခေါက်ဆွဲတစ်ပန်းကန် လုပ်နေတာလို့ မခံစားရဘဲ ဒါဟာ အနုပညာတစ်ခု ဖန်တီးနေသလိုပဲ။ ကောင်းဖေးအပေါ် ထားတဲ့ ကျွန်မရဲ့ ကြီးမားတဲ့ အချစ်တွေကို ဒီရိုးရှင်းတဲ့ ခေါက်ဆွဲလေးထဲမှာ ထည့်သွင်းထားတာပါ။ ကျွန်မမှာ စကားပြောမတတ်တော့ ရှင့်ကို ချစ်တယ်လို့ ထပ်ခါတလဲလဲ ပြောတာကလွဲရင် ဒီလို နည်းလမ်းလေးနဲ့ပဲ ကျွန်မရဲ့ ခံစားချက်တွေကို ဖော်ပြနိုင်ခဲ့တယ်။
အချိန်တန်တော့ ရွှေရောင်ပန်းပွင့်လေးတွေပါတဲ့ ပန်းကန်ပြားပေါ်မှာ မွှေးပျံ့နေတဲ့ ခေါက်ဆွဲတွေ အဆင်သင့် ဖြစ်နေပြီ။ ကောင်းဖေးက ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်မြိတ်တွေ မကြိုက်တာကြောင့် ဘာအစာပလာမှ မထည့်ထားဘူး။ ပန်းကန်ကို ချထားခဲ့ပြီး ရေတစ်ခွက်ယူဖို့ အိပ်ခန်းထဲ ပြန်ဝင်လာခဲ့တယ်။
ကျွန်မ ပြန်ထွက်လာတော့ ကောင်းဖေးက ထမင်းစားခန်းထဲမှာ ရောက်နေပြီ။ သူ့ရဲ့ အင်္ကျီလက်က ကြယ်သီးတွေကို တပ်နေရင်း ခေါက်ဆွဲပန်းကန်ကို စိုက်ကြည့်နေတယ်။ ပြီးတော့ ကုလားထိုင်ကို ဆွဲပြီး ထိုင်လိုက်တယ်။ သူ့ရှေ့မှာ ရေခွက်လေး ချပေးရင်း သူ့ဆီက ချီးကျူးစကားတစ်ခွန်း ကြားရနိုးနဲ့ မျှော်လင့်နေမိတယ်။ ဒီမြို့ကြီးတစ်မြို့လုံးမှာ ကျွန်မ ကိုယ်တိုင် မီးဖိုချောင်ဝင်ပြီး အိပ်ရေးပျက်ခံ ချက်ကျွေးတာဆိုလို့ သူ တစ်ယောက်တည်း ရှိတာပါ။
တကယ်တော့ ဒါတွေ ကျွန်မ လုပ်စရာ မလိုပါဘူး။ ကျွန်မ လက်ထပ်တဲ့နေ့ကစပြီး ဖေဖေက အိမ်ဖော်တွေ အများကြီး ငှားပေးခဲ့တယ်။ အိမ်အလုပ် အားလုံးကို သူတို့ကပဲ လုပ်ပေးကြတာ။ ကျွန်မ အသက် ၂၀ အတွင်းမှာ ပထမဆုံးအကြိမ် အိမ်ကနေ ခွဲထွက်လာတာဆိုတော့ ဖေဖေက ကျွန်မကို ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်စေချင်မှာ မဟုတ်ဘူး။
ဒါပေမဲ့ ကျွန်မကပဲ အိမ်ဖော်တွေကို အကုန်ပြန်လွှတ်လိုက်တာ။ ကောင်းဖေးရယ်... ဒီလောကမှာ ကျွန်မလိုချင်တာ ရှင့်တစ်ယောက်တည်းပါ။ ရှင့်အချစ်ကိုရဖို့ ကျွန်မ ဘာမဆို လုပ်ဖို့ အသင့်ပါပဲ။
ဒါတွေအားလုံးဟာ ရှင့်ဆီက ချီးကျူးစကား တစ်ခွန်းလေး ကြားချင်ရုံသက်သက်နဲ့ လုပ်ခဲ့တာဆိုတာ ရှင် သိရဲ့လား။
ဒါပေမဲ့ သူကတော့ အဲဒီလို စကားမျိုး တစ်ခါမှ မပြောခဲ့ဘူး။ ကျွန်မ သူ့ကို စိုက်ကြည့်နေတာ မြင်တော့ သူက တူကို ချလိုက်ပြီး စိတ်မရှည်စွာနဲ့ ပြောတယ်။
"မမလေး ဟဲယုရှင်း... ဒီမနက်စောစောမှာ ကျွန်တော့်ဆီက ဘာလိုချင်နေတာလဲ"
နောက်ပိုင်း သူ ကျွန်မကို ဒီလို တစိမ်းဆန်ဆန် ခေါ်ဝေါ်တာတွေ ပိုများလာတယ်။ အကြောင်းပြချက်မရှိဘဲ ကျွန်မ ရင်ထဲမှာ စိုးရိမ်စိတ်တွေ တိုးလာပြီး ဝေ့တက်လာတဲ့ မျက်ရည်တွေကို အတင်းထိန်းကာ ခေါင်းခါပြလိုက်တယ်။ သူ့ရှေ့က ခုံမှာ ထိုင်လိုက်ပြီး ပြုံးပြုံးလေး သူ့ကိုကြည့်လိုက်တယ်။
"ဟင့်အင်း... ကောင်းဖေး ဒီနေ့ ခေါက်ဆွဲက ထူးခြားတဲ့ အရသာ ရှိမနေဘူးလား"
"မရှိဘူး"
ကျွန်မ တိုးတိုးလေးပဲ ရေရွတ်လိုက်မိတယ်။ ဒီနေ့ ကျွန်မ ပဲငပိရည်အစား ပုံးရည်တွေ ထည့်ထားတာလေ ရှင် ဘယ်လိုလုပ် အရသာ မကွဲပြားတာလဲ။ ကျွန်မနဲ့ အတူနေရတာ ရှင့်ဘဝကြီးက အရောင်အသွေး မရှိလွန်းလို့ စားသမျှ အစာတွေတောင် အရသာ မရှိတော့တာလား။
ကောင်းဖေးက သူ့အစားအစာတွေကို အမြန်စားပြီး အဝတ်အစားလဲဖို့ အိပ်ခန်းထဲ ပြန်ဝင်သွားတယ်။
ကျွန်မကတော့ ကိုယ့်ခေါက်ဆွဲကို ဂရုမစိုက်နိုင်တော့ဘဲ သူ့နောက်ကို လိုက်သွားခဲ့တယ်။ တံခါးဖွင့်လိုက်တော့ ကောင်းဖေးက ဘောင်းဘီလဲနေတုန်း၊ သူက အတွင်းခံအဖြူလေးပဲ ဝတ်ထားသေးတယ်။ သူ ကျွန်မကို စိုက်ကြည့်တယ်။ ခဏလောက်တော့ သူ တစ်ခုခု ပြောချင်ပုံရပေမဲ့ နောက်တော့ ကျောခိုင်းသွားပြန်တယ်။
သူဘာပြောချင်လဲဆိုတာ ကျွန်မ သိပါတယ်။ အရင်ကလည်း သူ ဒါမျိုးတွေ အကြိမ်ကြိမ် ပြောဖူးတာပဲ။
သူ အဝတ်အစားလဲနေတာကို ကျွန်မ စိုက်ကြည့်နေတာကို သူ မကြိုက်ဘူးတဲ့။
ကျွန်မတို့ အတူနေတဲ့အချိန်မှာ သူ့ကို စိုက်ကြည့်နေတာကိုလည်း သူ မကြိုက်ဘူးတဲ့။
သူက ကျွန်မကို အမြဲတမ်း မျက်လုံးမှိတ်သွားတဲ့အထိ၊ ဒါမှမဟုတ်ရင်လည်း ကျွန်မရဲ့ မျက်လုံးတွေကို သူ့လက်ဖဝါးနဲ့ အုပ်ထားပြီး မှောင်အတိကျသွားအောင် လုပ်တတ်တယ်။
ဒါပေမဲ့ ကျွန်မကတော့ ဘယ်လိုပြောပြော နားမထောင်တဲ့ ကလေးတစ်ယောက်လိုပဲ။ သူ အဲဒီလိုပြောရင် ကျွန်မက ရယ်နေမိတာ။ သူလည်း ဘာမှမတတ်နိုင်တော့ဘဲ ကျွန်မကို သဘောရှိ လွှတ်ထားလိုက်ရတော့တာပေါ့။
ကျွန်မ ဗီရိုဆီသွားပြီး သူ့အတွက် အဝတ်အစားတွေ ထုတ်ပေးတယ်၊ ပြီးတော့ နက်ကတိုင်ကို ကမ်းပေးလိုက်တယ်။ ဟုတ်ပါတယ်... ကျွန်မ ဒီလို တုံးအတဲ့ အလုပ်တွေ လုပ်နေတာဟာ သူ့ရဲ့ နက်ကတိုင်ကို ချည်ပေးခွင့် ရချင်လို့ပါ။ ကျွန်မရဲ့ ခေါင်းမာမှုကို သူ ဘာမှမတတ်နိုင်ခဲ့ဘူး။ သူ့ဘက်က ကျွန်မအပေါ် ထားတဲ့ ခံစားချက်ဟာ မုန်းတီးမှုအပြင် "မတတ်သာမှု" ဆိုတာလည်း ပါဝင်နေတယ်။ သူ့ဘဝထဲကနေ ဖယ်ထုတ်ချင်ပေမဲ့ ဖယ်ထုတ်လို့မရတဲ့ အားနည်းချက်တစ်ခုလိုပေါ့။
ကျွန်မကတော့ သူ့ရဲ့ အဲဒီလို မတတ်သာမှုလေးကိုပဲ ဆွဲကိုင်ပြီး သူ့ရဲ့ အာရုံစိုက်မှုကို ရအောင် ယူနေမိတာ။ ကျွန်မ သေသေချာချာလေး သူ့နက်ကတိုင်ကို ချည်ပေးပြီး ညှိပေးလိုက်တယ်။
သူ့ကို ကြည့်လိုက်တော့ သူက ကျွန်မကို ကြည့်မနေဘူး။ ဒါက ထုံးစံအတိုင်းပါပဲ။ ကျွန်မ ပြီးသွားပြီဆိုတာနဲ့ သူ နောက်လှည့်ထွက်သွားပြီး သူ့ရဲ့ ရုံးသုံးအိတ်ကို ယူဖို့ စာကြည့်ခန်းထဲ ဝင်သွားတယ်။
သူထွက်သွားတာနဲ့ အိမ်ကြီးဟာ ခြောက်ကပ်သွားတော့တာပဲ။ ပြတင်းပေါက်ကနေ ဝင်လာတဲ့ နေရောင်ခြည်ကလည်း အိမ်ထဲကို နွေးထွေးမှု မပေးနိုင်တော့ဘူး။ ကျွန်မ ပြင်ဆင်ထားတဲ့ မနက်စာကို ကြည့်ပြီး စားချင်စိတ်မရှိတာနဲ့ အကုန်လုံးကို သွန်ပစ်လိုက်တယ်။
တကယ်တော့ "လန်လန်" ပြောတာ မှန်ပါတယ်။ ဘာလို့ ကျွန်မက ဒီလို နေချင်ရတာလဲ။
ပြီးတော့ ဘာလို့ ဒီလို ယောက်ျားမျိုးနဲ့ အတူနေဖို့ တမ်းတနေရတာလဲ။
"လန်လန်" အပြောအများဆုံး စကားက "ဟဲယုရှင်း၊ နင်က တကယ်လှတာပါ။ နင့်အဆင့်နင့်ရုပ်ရည်က နင့်ကိုအေးစက်စက် ဆက်ဆံတဲ့ ဒီလိုအာခေါင်ခိုက်နေတဲ့ကောင်နောက်ကို လိုက်နေစရာ မလိုပါဘူး။ နင်က မင်းသမီးလေးတစ်ပါးလို မွေးဖွားလာတာ၊ တခြားသူတွေ အားကျရမယ့် ဘဝမျိုးမှာ နေသင့်တာ" တဲ့။
သူ အဲဒီလိုပြောတိုင်း ကျွန်မကတော့ ရယ်ပဲနေမိတာ။ "လန်လန်" က ကျွန်မရဲ့ တစ်ဦးတည်းသော သူငယ်ချင်းမလေးပါ။ ဒါပေမဲ့ သူ့ကို လူတန်းစားခွဲခြားတတ်တဲ့သူလို့ မထင်လိုက်ပါနဲ့။ သူက မိသားစုနောက်ခံ ကောင်းကောင်းက လာတာမဟုတ်ဘူး၊ အလုပ်သမား လူတန်းစားကပါ။ သူ့ရဲ့ ကျောင်းလစာကို သူကိုယ်တိုင် ရှာဖွေခဲ့ရတာ၊ သူ့မိသားစုနောက်ခံက ကောင်းဖေးထက်တောင် နိမ့်ပါးသေးတယ်။
သူက ကျွန်မအတွက် မတရားဘူးလို့ ခံစားရလို့သာ ဒီလိုပြောတာပါ။ ကျွန်မက ကောင်းဖေးကို အကုန်ပုံအောပြီး ချစ်နေပေမဲ့ ကောင်းဖေးကတော့ တစ်ခါမှ အသိအမှတ် မပြုခဲ့ဘူး။ ကျွန်မအချစ်တွေကို သူ သိနေပေမဲ့ ခံစားမပြဘူး၊ လက်ခံထားပေမဲ့ ပြန်မပေးဘူး။ ကျွန်မမှတ်မိသေးတယ်၊ တစ်နေ့မှာ လန်လန်တစ်ယောက် အရက်တွေ အလွန်အကျွံ သောက်ထားရင်း ကျွန်မနားနားကပ်ပြီး ဖွင့်ပြောခဲ့ဖူးတယ်။
"အရူးမ... နင် ကောင်းဖေးကို ချစ်သလိုမျိုး ငါ့ကိုလည်း အဲဒီအချစ်ရဲ့ အစအနလေးလောက်ပဲ ချစ်ပေးမယ့်သူရှိရင် ငါ သူ့နောက်ကို ဘာနောင်တမှမရှိဘဲ လိုက်မှာ"
လန်လန်က သူကိုယ်တိုင် အချစ်ငတ်မွတ်နေသူမို့ တစ်ဖက်လူက သူ့အပေါ် နွေးထွေးမှု အစအနလေး ပြရင်တင်ပဲ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေကို ခံနိုင်ရည်ရှိမယ်လို့ ဆိုတာပါ။
စကားပုံတစ်ခု ရှိတယ်လေ 'ရှင်က ရှေ့ကို တစ်လှမ်းပဲ လှမ်းပေးပါ၊ ကျန်တဲ့ ခြေလှမ်း ၉၉၉ လှမ်းကို ကျွန်မကပဲ လျှောက်လာပါ့မယ်' ဆိုတာ။
ကျွန်မရဲ့ တစ်ဦးတည်းသော သူငယ်ချင်းရဲ့ အနက်ရှိုင်းဆုံး ဆန္ဒကို ကြားလိုက်ရတော့ ကျွန်မ အံ့ဩသွားခဲ့တယ်။ ပြီးတော့ ကျွန်မ တတ်နိုင်တဲ့ နည်းလမ်းအားလုံး သုံးပြီး သူချစ်တဲ့သူကို ပထမခြေလှမ်း လှမ်းလာအောင် အတင်းအကျပ် လုပ်ပေးခဲ့တယ်။
ဒါပေမဲ့ အဲဒီယောက်ျားက ပထမခြေလှမ်း မလှမ်းလာခင်မှာပဲ "လန်လန်" က ကျွန်မနဲ့ အဆက်အသွယ် ဖြတ်ဖို့ ပထမဆုံး ခြေလှမ်းလှမ်းခဲ့တယ်။ သူ ကျွန်မရှေ့မှာ ရပ်ပြီး အော်ဟစ်ခဲ့တယ်။
"ဟဲယုရှင်း၊ နင် ရူးနေလား။ လူတိုင်းက နင့်လိုပဲ ပိုက်ဆံနဲ့ လိုချင်တာ အကုန်ယူမယ်လို့ ထင်နေတာလား။ ကောင်းဖေး နင့်ကို ဘာလို့ မချစ်လဲဆိုတာ ငါ အခုမှ နားလည်တော့တယ်။ နင် ဒါမျိုး ခံရတာ ထိုက်တန်တယ်"
ကျွန်မ ဆွံ့အသွားခဲ့တယ်။ ဘာပြောရမှန်းမသိဘဲ သူ ကျွန်မဘဝထဲကနေ ထာဝရ ထွက်ခွာသွားတာကိုပဲ ငေးကြည့်နေခဲ့ရတယ်။ "လန်လန်ရယ် ငါ နင့်ကို ပျော်စေချင်ရုံ သက်သက်ပါ"
အဲဒီနေ့က အိမ်ပြန်ရောက်တော့ ကောင်းဖေးရှေ့မှာ ကျွန်မ ပထမဆုံးအကြိမ် ငိုခဲ့တယ်။ မျက်ရည်တွေ ကျနေချိန်မှာ သူ့ရင်ခွင်ထဲ တိုးဝင်ချင်ပေမဲ့ သူကတော့ ဘာမှမခံစားရသလိုပဲ ကြည့်နေတယ်။ သူက ပြောသေးတယ်။ "မင်း ဒါမျိုး ခံရတာ ထိုက်တန်ပါတယ်" တဲ့။
ပြီးတော့ သူ ရေချိုးခန်းထဲ ဝင်သွားတယ်။ တစ်ရက်အတွင်းမှာပဲ ကျွန်မဘဝရဲ့ အရေးကြီးဆုံး လူနှစ်ယောက်က ကျွန်မကို "ဟဲယုရှင်း... နင် ဒါမျိုး ခံရတာ ထိုက်တန်တယ်" လို့ ပြောခဲ့ကြတယ်။
ကောင်းဖေးရုံးသွားပြီးနောက်မှာ ကျွန်မမှာ လုပ်စရာမရှိပေမဲ့ အိမ်ထဲမှာပဲ အချိန်ဖြုန်းမနေချင်ဘူး။ ဒါကြောင့် ၈ နာရီခွဲမှာ အိမ်ကနေ ပုံမှန်အတိုင်း ထွက်လာခဲ့တယ်။ ဒီမြို့ထဲမှာ ကောင်းဖေးနဲ့ အတူနေတဲ့ အိမ်အပြင် ကျွန်မ သွားစရာ နောက်ထပ် နေရာတစ်ခု ရှိသေးတယ်။ ဒီနေရာက မိဘမဲ့ ရောဂါသည် ကလေးတွေကိုပဲ လက်ခံတဲ့ ဂေဟာတစ်ခုပါ။
လူးဝစ်ကို ဒီနေရာအတွက် ဒီဇိုင်းဆွဲခိုင်းတုန်းက ကျွန်မ ပြောခဲ့တာက ဒါကို ခိုလှုံရာစခန်းတစ်ခု မဟုတ်ဘဲ "အိမ်" တစ်ခုလိုပဲ ဖြစ်စေချင်တယ်လို့။ လူးဝစ်က ကျွန်မ ဆိုလိုတာကို နားလည်ပါတယ်။ သူက ကျွန်မရဲ့ နဖူးကို အသာအယာ နမ်းပြီး သူ နားလည်တယ်လို့ ပြောခဲ့တယ်။
အခု ဒီမှာ ကလေး ၅၆ ယောက် ရှိတယ်။ အားလုံးက ငယ်ငယ်လေးတွေပဲ၊ ကိုယ်ခန္ဓာတွေကလည်း ပိန်ချုံး အားနည်းနေကြတယ်။ ဒါပေမဲ့ ကျွန်မကို မြင်တာနဲ့ သူတို့တွေ ချက်ချင်း မျက်နှာဝင်းပသွားပြီး "အန်တီယုရှင်း" လို့ ဝိုင်းခေါ်ကြတယ်။
ဒီမှာကတော့ နေ့စဉ်ကိစ္စတွေကို စီမံခန့်ခွဲဖို့ လူတွေ ငှားထားတယ်။ သူတို့ လစာက မများပေမဲ့ အများစုက စိတ်အားထက်သန်တဲ့ စေတနာ့ဝန်ထမ်းတွေပါ။ အဲဒီအပြင် ကလေးတွေကို ကြည့်ရှုဖို့ ဆရာဝန်နဲ့ သူနာပြုတွေလည်း ရှိတယ်။ အန်တီယုကတော့ ဒီနေရာရဲ့ ဒါရိုက်တာပေါ့။
မူလက ဟဲမိသားစုရဲ့ အိမ်အလုပ်တွေကို စီမံပေးရသူဖြစ်ပေမဲ့ ဖေဖေ ဆုံးသွားတဲ့နောက်မှာ ကျွန်မက တခြားအိမ်အကူတွေအားလုံးကို နေရပ်ပြန်လွှတ်လိုက်ပြီး အန်တီယုကိုပဲ ဒီဂေဟာကို ကူညီ စီမံခန့်ခွဲခိုင်းခဲ့တာ။
အန်တီယုက သိပ်ကို ကြင်နာပြီး နူးညံ့တဲ့ အမျိုးသမီးပါ။ ဖေဖေ ဆုံးသွားပြီးနောက်ပိုင်း ကျွန်မကို ချစ်ပေးတဲ့ တစ်ဦးတည်းသောသူလည်း ဖြစ်ပါတယ်။ သူက ကျွန်မရဲ့ ဆံပင်တွေကို ပွတ်ပေးရင်း အမြဲပြောလေ့ရှိတယ်။ "ယုရှင်းရယ် သမီးဟာ ဒီလောကမှာ အချစ်ခံရဖို့ အထိုက်တန်ဆုံးသူပါ" တဲ့။
ဒါပေမဲ့ ကျွန်မကတော့ ပြုံးပြီး "အန်တီယုကလည်း ကျွန်မကို အမွှန်းတင်လွန်းနေပြီ" လို့ ပြန်ပြောမိတယ်။ "ဟဲယုရှင်း" ဆိုတဲ့ ကျွန်မဟာ အချစ်ခံရဖို့ ထိုက်တန်သလား၊ မထိုက်တန်ဘူးလား ဆိုတာကတော့ ကောင်းဖေးရဲ့ အမြင်ပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေတာပါ။
ဒါပေမဲ့ ကောင်းဖေးကတော့ အမြဲပြောပါတယ် "ဟဲယုရှင်း၊ ငါ မင်းကို မုန်းတယ်၊ ငါ သေတဲ့အထိ နင့်ကို ငါ အမြဲ မုန်းနေမှာ" တဲ့။ ကောင်းဖေးရဲ့ ဒီလောက်အထိ အမုန်းခံနေရတဲ့ ကျွန်မက ဘယ်လိုလုပ်ပြီး အချစ်ခံရဖို့ ထိုက်တန်မှာလဲ။
နေ့ခင်းဘက်တွေမှာ ကောင်းဖေးဟာ အိမ်ပြန်ပြီး ထမင်းမစားပါဘူး။ သူက မြို့ထဲက အစိုးရ ရင်းနှီးမြှုပ်နှံမှု ရုံးတစ်ခုမှာ သာမန် ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်လုပ်တယ်။ ဖေဖေ ရှိစဉ်တုန်းကတော့ သူဟာ ဖေဖေ ပင်ပင်ပန်းပန်း တည်ထောင်ခဲ့တဲ့ ကုမ္ပဏီရဲ့ ဆက်ခံသူ ဖြစ်လာမယ်လို့ ကောလာဟလတွေ ထွက်ခဲ့ဖူးတယ်။
ဖေဖေဟာ သူ့ကုမ္ပဏီကို ယုံယုံကြည်ကြည်နဲ့ အပ်နှံနိုင်မယ့်သူ၊ ကျွန်မအတွက် အကောင်းဆုံး ခင်ပွန်းဖြစ်မယ့်သူကို လူတွေအများကြီးထဲကနေ ရွေးချယ်ခဲ့သေးတယ်။
ဒါပေမဲ့ ကျွန်မလို မလိမ္မာတဲ့ သမီးကို ဖေဖေလည်း အရှုံးပေးခဲ့ရတယ်။ ငယ်ငယ်ကတည်းက အလိုလိုက်ခံခဲ့ရတော့ ကျွန်မကလည်း တဇွတ်ထိုးပါပဲ။ ဖေဖေလည်း မတတ်သာဘဲ ကျွန်မကို ကောင်းဖေးနဲ့ လက်ထပ်ခွင့် ပေးခဲ့ရတာပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ ကောင်းဖေးကလည်း သိပ်ကို ခေါင်းမာပြီး မာနကြီးသူပါ။ သူက ဖေဖေ့ရဲ့ ပိုင်ဆိုင်မှုတွေကို စိတ်မဝင်စားဘူး။ ဒါကြောင့် ဖေဖေ့ရဲ့ လုပ်ငန်းကြီးမှာလည်း ဆက်ခံသူ မရှိခဲ့ပါဘူး။