← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

ဒီနှစ်မှာတော့ နွေဦးက အရင်နှစ်တွေထက် စောစောရောက်လာပုံပဲ။

မတ်လတောင် မရောက်သေးဘူး၊ သစ်ပင်တွေမှာ အညွန့်အဖူးတွေ ဝေနေပြီ။ ကျွန်မရဲ့ ရောဂါအခြေအနေက တဖြည်းဖြည်း ပိုဆိုးလာတာကြောင့် ချမ်းသာတဲ့သူတိုင်း လုပ်ရမယ့် အလုပ်တစ်ခုကို ကျွန်မ မဖြစ်မနေ လုပ်ခဲ့တယ်။ အဲဒါကတော့ သေတမ်းစာရေးတာပါပဲ။ တကယ်တော့ ကျွန်မ သေတမ်းစာ မရေးချင်ဘူး။ ဘာလို့ဆိုတော့ ကျွန်မရဲ့ နောက်ဆုံးစကားတွေမှာ စာသားငါးလုံးပဲ ရှိမှာမို့လို့ပါ။

"ကောင်းဖေး... ရှင့်ကို ချစ်တယ်"

ဒီလို သေတမ်းစာမျိုး ရေးမယ့်သူက လောကမှာ ကျွန်မတစ်ယောက်ပဲ ရှိလိမ့်မယ်။ ကျွန်မ သေသွားပြီးတဲ့နောက် ကောင်းဖေးကို ကျွန်မရဲ့ ခံစားချက်တွေ ဆက်လက်ဖော်ပြနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ ဒီစာထဲမှာ "ရှင့်ကို ချစ်တယ်" လို့ပဲ ထည့်ရေးချင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မရဲ့ ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲဖို့ တာဝန်ကလည်း ရှိနေသေးတယ်လေ။

ဖေဖေ အသက်ရှိစဉ်က တရားဝင်နည်းလမ်းတွေရော၊ မှောင်ခိုနည်းလမ်းတွေနဲ့ပါ စုဆောင်းခဲ့တဲ့ အမွေအနှစ်တွေက နည်းတာမဟုတ်ဘူး။ အတိအကျမသိပေမဲ့ ဒီမြို့မှာ အချမ်းသာဆုံးတော့ စာရင်းဝင်သွားမှာပဲ။

နောက်ဆုံးတော့ ဖေဖေ့ရဲ့ ကုမ္ပဏီတစ်ခုလုံးကို သူ မဆုံးခင်ကတည်းက လက်တွဲခေါ်ခဲ့တဲ့ လူငယ်လေး တစ်ယောက်ကို လွှဲပေးခဲ့တယ်။ သူ့နာမည်က ချူးရန်ပါ။ ကျွန်မ ရောဂါရှိမှန်းသိပြီးနောက်မှာ ဖေဖေ ကိုယ်တိုင် ကျွန်မရဲ့ ခင်ပွန်းလောင်းအဖြစ် ရွေးချယ်ပေးခဲ့တဲ့ လူငယ်ပေါ့။ ချူးရန်က စာချုပ်တွေကို လက်ခံထားပေမဲ့ လက်မှတ်တော့ မထိုးသေးဘူး။ ကျွန်မကတော့ သိပ်ကို ပင်ပန်းနေပြီမို့ ဘာမှ ဆက်မပြောတော့ပါဘူး။

သူက ဖြောင့်မတ်တဲ့ လူတစ်ယောက်ပါ။ ကောင်းဖေးနဲ့သာ မဆုံခဲ့ရင် ကျွန်မ သူနဲ့ တကယ်လက်ထပ်ဖြစ်မှာပါ။ ကျွန်မ ချူးရန်ကို ပြောလိုက်တယ် - "ဒါက ကောင်းကင်က ပြုတ်ကျလာတဲ့ ကံကောင်းမှုသက်သက် မဟုတ်ဘူးနော်၊ ဒါကို လက်ခံပြီးရင် ရှင် ကြိုးစားပြီး ထိန်းသိမ်းရမယ်။

ရှင့်ရဲ့ ပြောဆိုပြုမူမှုတိုင်းကို သေချာစဉ်းစားရမယ်။ ဘာလို့ဆိုတော့ ရှင့်ရဲ့ ဘဝက ရှင့်တစ်ယောက်တည်းအတွက် မဟုတ်တော့ဘူး၊ ရှင်ဟာ ဒီကုမ္ပဏီရဲ့ အသက်သွေးကြော ဖြစ်သွားပြီ။ တစ်ခုခု မှားယွင်းသွားရင် ရှင်ကပဲ ပထမဆုံး တာဝန်ယူရမှာ။ ဥပဒေနဲ့ ငြိစွန်းရင်လည်း ရှင်ပဲ ခံရမှာ။ ဒါကြောင့် ကျွန်မကတော့ ဒီအမွေကို ကောင်းချီးတစ်ခုလို့ တစ်ခါမှ မသတ်မှတ်ခဲ့ဘူး" လို့။

ဒီငွေတွေက ငွေရေးကြေးရေး ပူပန်စရာမလိုတဲ့ ဘဝတစ်ခုကို ပေးနိုင်ရုံသာမက လူတစ်ယောက်ရဲ့ လွတ်လပ်မှုကိုပါ ဝယ်ယူသွားတာလို့ ကျွန်မ ယုံကြည်တယ်။ ကျွန်မ ဒီအမွေတွေကို စွန့်လွှတ်ခဲ့တာလည်း အဲဒီအကြောင်းပြချက်ကြောင့်ပါပဲ။ မိဘမဲ့ဂေဟာအတွက်လည်း ငွေအမြောက်အမြား လှူခဲ့တယ်။ ဒါပေမဲ့ သူတို့က ကျွန်မတစ်ယောက်တည်းအပေါ်မှာပဲ မှီခိုနေလို့ မရဘူးလေ။

ပရဟိတအဖွဲ့အစည်းဆိုတာ တခြားနေရာတွေကပါ အကူအညီ ယူရတာပဲ။ အဲဒီဂေဟာကို ကျွန်မ ကိုယ်တိုင် တည်ထောင်ခဲ့တာ ဆိုပေမဲ့လည်း အခုတော့ ကျွန်မတစ်ယောက်တည်းနဲ့ မဆိုင်တော့တဲ့ အရာတစ်ခု ဖြစ်နေပါပြီ။

ကျန်တာကတော့ ကျွန်မတို့ မိသားစုပိုင်တဲ့ အိမ်ကြီး နှစ်လုံးပဲ။ တစ်လုံးကတော့ ဖေဖေ အသက်ရှိစဉ်က နေခဲ့တဲ့ ဘိုးဘွားပိုင်အိမ်။ နောက်တစ်လုံးကတော့ ကျွန်မနဲ့ ကောင်းဖေး အခုနေနေတဲ့ အိမ်။ ကျွန်မ ဘယ်လိုပဲ ကြိုးစားပြီး နွေးထွေးတဲ့ အိမ်လေးတစ်လုံးဖြစ်အောင် ဖန်တီးခဲ့ပါစေ၊ ဘယ်တော့မှ နွေးထွေးမှုမရှိခဲ့တဲ့ အိမ်ပေါ့။

ဖေဖေနေခဲ့တဲ့ အိမ်ကိုတော့ ကောင်းဖေးရဲ့ မိဘတွေကို ပေးခဲ့ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒီအိမ်ကို ငှားစားမလား၊ ရောင်းစားမလား သူတို့သဘောပဲ။ အနည်းဆုံးတော့ သူတို့မှာ ငွေရေးကြေးရေးအတွက် ပူစရာမလိုတော့ဘူးလေ။ ဒါဟာ သူတို့ရဲ့ ချွေးမတစ်ယောက်အနေနဲ့ ကျွန်မ ပေးနိုင်တဲ့ နောက်ဆုံး စေတနာပါ။ ကျွန်မ အခုနေနေတဲ့ အိမ်ကိုတော့ ဘယ်သူ့ကိုမှ မပေးရက်ဘူး။

ဒီအိမ်က ဘယ်လောက်ပဲ နွေးထွေးမှု မရှိနေပါစေဦး၊ ဒါဟာ သူနဲ့ ကျွန်မ အတူနေခဲ့တဲ့၊ ကျွန်မ တန်ဖိုးထားတဲ့ အမှတ်တရတွေ ရှိတဲ့ နေရာလေ။ ကျွန်မ ဒီအိမ်ကို ကောင်းဖေးကိုပဲ ပေးချင်တာပါ။ ဒါပေမဲ့ သူ့ရဲ့ စိတ်ကို ကျွန်မ ကောင်းကောင်းသိတယ်။ သူက မာနကြီးပြီး ခေါင်းမာတဲ့သူမို့ ဒါကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။

ဒါကြောင့် ကျွန်မတို့အိမ်ကို ဒီအတိုင်းပဲ ထားခဲ့မယ်။ နှစ်တွေ ကြာလာလို့ ပျက်စီးသွားပါစေဦး၊ ဒီအိမ်လေးကတော့ ကျွန်မ သူနဲ့ အတူရှိခဲ့ဖူးတဲ့ နေ့ရက်တွေအတွက် ထာဝရ သက်သေအဖြစ်၊ ကျွန်မတို့ရဲ့ ပတ်သက်မှုကို အငြင်းပွားလို့မရတဲ့ အထောက်အထားအဖြစ် တည်ရှိနေပါလိမ့်မယ်။

အဲဒီနောက် ကျွန်မ ယောက္ခမတွေကို သွားတွေ့ဖို့ ဆုံးဖြတ်ပြီး စူပါမားကတ်ကနေ ပစ္စည်းတွေ အများကြီး ဝယ်ခဲ့တယ်။ လက်ထပ်ပြီး နှစ်နှစ်အတွင်းမှာ သူတို့ကို ကျွန်မ နှစ်ခါပဲ တွေ့ဖူးတာ။ ပထမတစ်ခါက ဖေဖေ သူတို့ကို လွှတ်ပေးလိုက်တုန်းကနဲ့ ဒုတိယတစ်ခါက ကောင်းဖေးနဲ့ ကျွန်မ မင်္ဂလာဆောင်တုန်းကပေါ့။

သူတို့နှစ်ယောက် ကျွန်မကို မြင်တဲ့အချိန် သူတို့မျက်နှာမှာ ထိတ်လန့်ကြောက်ရွံ့မှုတွေကို ဖုံးကွယ်လို့ မရခဲ့ဘူး။ မိစ္ဆာတစ်ကောင်ကို မြင်လိုက်ရသလိုပဲ။

အိမ်ထဲမဝင်ခင်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးလိုက်တယ်။ "ယုကျင်းရေ... အဆင်ပြေအောင် ကြိုးစားပါ၊ လှလှပပ ပြုံးထားနော်" လို့။ ကျွန်မ ဖိနပ်ချွတ်ပြီး တက်ကြွတဲ့ အသံနဲ့ ဧည့်ခန်းထဲကို အော်ပြောလိုက်တယ်။ "ဖေဖေ၊ မေမေ... သမီး လာလည်တာပါ" လို့။ ကျွန်မ အသံက တအား ကျယ်သွားတယ် ထင်ပါတယ်။ ယောက္ခမ နှစ်ယောက်လုံး အဲဒီနေရာမှာတင် ကြက်သေသေသွားလို့ပါပဲ။ ယောက္ခထီးကြီးက သူ့ရဲ့ အဝေးမှုန်မျက်မှန်ကို ကိုင်ရင်း လေထဲမှာ တန့်သွားခဲ့တယ်။ အတော်ကြာတဲ့အထိ သူ မလှုပ်မယှက် ဖြစ်နေခဲ့တာ။

ကျွန်မကတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ အထဲဝင်သွားပြီး ဒူးထောက်ထိုင်ကာ သူ့ကို မျက်မှန်တပ်ပေးလိုက်တယ်။ ပြီးတော့ ရယ်ပြီး ပြောလိုက်တယ် - "သတင်းစာ ဖတ်ချင်လို့လား ဟင်" လို့။ ပြီးတော့ ချွေးမကောင်းတစ်ယောက်ပီပီ စားပွဲပေါ်က သတင်းစာတချို့ကို ကမ်းပေးလိုက်တယ်။ ယောက္ခမဘက် လှည့်ပြီးတော့လည်း "မေမေ... သမီး ဟင်းချက်စရာတွေ အများကြီး ဝယ်လာတယ်နော်၊ ရေခဲသေတ္တာထဲ ထည့်ပေးခဲ့မယ်" လို့ ပြောလိုက်တယ်။

ကျွန်မဟာ တခြား ချွေးမတွေလိုပဲ ပြုမူနေခဲ့တာပါ။ လူကြီးနှစ်ယောက်ရဲ့ အံ့ဩနေမှုကို လျစ်လျူရှုပြီး ကျွန်မတစ်ယောက်တည်းပဲ အကောင်းဆုံး ချွေးမတစ်ယောက် ဖြစ်အောင် သရုပ်ဆောင်နေခဲ့မိတယ်။ ဘာမှ ထူးထူးခြားခြား ဖြစ်မနေသလို၊ ကျွန်မတို့ဟာ တခြားမိသားစုတွေလိုပဲ ပုံမှန်မိသားစုတစ်ခု ဖြစ်နေသလိုမျိုးပေါ့။ ရေခဲသေတ္တာထဲကို ပစ္စည်းတွေ အပြည့်ထည့်ပေးခဲ့တယ်။

ပြီးတော့ အိမ်သန့်ရှင်းရေး လုပ်ပေးတယ်။ သိပ်မကျယ်တဲ့ သူတို့အိမ်လေးကို တစ်နေကုန် သန့်ရှင်းရေး လုပ်ပေးခဲ့တာပါ။ ကြမ်းပြင်ကို သေချာ သန့်နေအောင် နှစ်ခါတိုက်တယ်၊ စောင်တွေ၊ အိပ်ရာခင်းတွေ လျှော်ပေးတယ်။ ပြီးတော့ မီးဖိုချောင်ထဲဝင်ပြီး ဟင်းငါးပွဲ ချက်ပေးခဲ့တယ်။

ကျွန်မ ဟင်းပွဲတွေကို ကိုင်ပြီး ယောက္ခမတွေကို ပြုံးပြနေမိတယ်။ ကျွန်မ ပြုံးရင် လှတယ်လို့ သူများတွေ ပြောကြသလို၊ ကျွန်မရဲ့ အပြုံးက လူကြီးတွေကို စိတ်ရွှင်လန်းစေတယ်လို့လည်း ဆိုကြတာပဲလေ။ သူတို့ရဲ့ မပြောင်းလဲတဲ့ မျက်နှာတွေကို မမြင်ချင်ယောင်ဆောင်ပြီး ကျွန်မ ဆက်ပြီး ပြုံးနေခဲ့တယ်။ ညစာစားပြီးတော့ ယောက္ခထီးကြီးရဲ့ ခြေထောက်ဆေးပေးဖို့ ရေနွေးဇလုံတစ်ခု ပြင်လိုက်တယ်။ ဇလုံက သိပ်မကြီးသလို သိပ်လည်း မသေးပါဘူး။ ကျွန်မ လက်မှာ လက်သုတ်ပုဝါလေး တစ်ထည် တင်ထားလိုက်ရင်း "ဖေဖေ... သမီး ခြေထောက် ဆေးပေးမယ်နော်" လို့ ပြောလိုက်တယ်။

ယောက္ခထီးကြီးက ယောက္ခမကို လှမ်းကြည့်တယ်၊ သူကလည်း ကျွန်မ ဘာတွေ ကြံစည်နေတာလဲ ဆိုတာကို သိချင်တဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီနှစ်တုန်းက ကောင်းဖေးကို ရအောင်ယူဖို့ ကျွန်မ သုံးခဲ့တဲ့ နည်းလမ်းတွေက သူတို့ကို အခုထိ ကြောက်လန့်နေစေတုန်းမို့လို့ပါ။ ယောက္ခထီးကြီးက အသက်ကြီးပြီ၊ ပြီးတော့ ဝှီးချဲပေါ်မှာ အကြာကြီး နေခဲ့ရတာကြောင့် ခြေထောက်ကြွက်သားတွေက သိသိသာသာ သိမ်လှီနေတယ်။ ရာသီဥတုက အေးတာကြောင့် ရေက သိပ်မနွေးမှာ စိုးလို့ ကျွန်မ ပြင်ပေးတဲ့ရေက တော်တော်လေး ပူနေခဲ့တယ်။

ကျွန်မ ဖြည်းဖြည်းချင်း ဆေးပေးရင်းနဲ့ စိတ်ထဲမှာ တွေးနေမိတယ်။ ဒီလူဟာ ကျွန်မ အချစ်ဆုံးဖြစ်တဲ့ ကောင်းဖေးကို ပေးခဲ့တဲ့သူပဲ ဆိုပြီး သူ့အပေါ် သိပ်ကို ကျေးဇူးတင်နေမိတာ။ ကျွန်မကြောင့်ပဲ သူ့ရဲ့ဘဝမှာ ဆင်းရဲဒုက္ခတွေ ခံစားခဲ့ရတာဆိုတော့ ကျွန်မ သူ့အပေါ် အကြွေးတွေ တင်နေခဲ့တာပေါ့။

ကောင်းဖေးရဲ့ မိဘတွေက ကျွန်မရဲ့ ဒီလို ထူးဆန်းတဲ့ အပြုအမူတွေကို ဆက်ပြီး သည်းမခံနိုင်တော့တာကြောင့် ကောင်းဖေးဆီကို ဖုန်းဆက်လိုက်ကြပုံရပါတယ်။ အတော်လေးကြာတော့ ကောင်းဖေး အိမ်ထဲကို ဒေါသတကြီး ဝင်လာတယ်။ ကျွန်မကတော့ "ရှင် ရောက်လာတာ အချိန်ကိုက်ပဲ၊ ကျွန်မတို့ မိသားစုတွေ အားလုံး အတူတူ ထိုင်ကြရအောင်" လို့ ပြောချင်နေတာ။ ဒါပေမဲ့ စကားတောင် မဟရသေးခင်မှာပဲ သူက ကျွန်မကို ဆွဲခေါ်သွားပါတော့တယ်။

ဟုတ်ပါတယ်၊ လက်ကို တွဲခေါ်တာ မဟုတ်ဘဲ အတင်း ဆွဲခေါ်သွားတာပါ။ သူ ကျွန်မကို ကားထဲ အတင်းတွန်းထည့်လိုက်တာကြောင့် ကျွန်မ ခေါင်းက ကားထိုင်ခုံနဲ့ ပြင်းပြင်းထန်ထန် ဆောင့်မိသွားတယ်။ ကျွန်မ သတိမဝင်ခင်မှာပဲ ကောင်းဖေးက ကားစက်နှိုးပြီး အရှိန်နဲ့ မောင်းထွက်သွားခဲ့ပြီ။ သူက ပြောသေးတယ် - "ဟဲယုကျင်း... မင်း ရူးနေတာလား" လို့။

"ကျွန်မ မရူးပါဘူး"

ကျွန်မ ခေါင်းနောက်စိကို ကိုင်ကြည့်လိုက်တယ်။ နာတယ်။ တော်တော်နာတာ။ ကျွန်မ ခေါင်းက နောက်ထပ် ထိခိုက်မှုတွေကို မခံနိုင်တော့ဘူးလေ။ ကောင်းဖေးရယ်... ရှင်ကတော့ လူဆိုးကြီးပါပဲ။

"ဒါဆိုရင် ဘာလို့ အကြောင်းပြချက်မရှိဘဲ ငါ့မိဘတွေကို သွားနှောင့်ယှက်နေတာလဲ"

သူက ကျွန်မကို လှည့်ကြည့်ပြီး အော်ပြောတယ်။ သူ့မျက်လုံးတွေက ဒေါသကြောင့် ရဲနေတာပဲ။ ကျွန်မ မှတ်မိသလောက် သူဟာ ဒီလိုမျိုး တစ်ခါမှ မပြုမူခဲ့ဖူးဘူး။ သူဟာ အမြဲတမ်း ယဉ်ကျေးပြီး စာပေတတ်တဲ့ လူတစ်ယောက်ပါ။ မိန်းမတစ်ယောက်ကို လက်ပါမယ့်သူ မဟုတ်ဘူး။ သူ ကျွန်မကို မုန်းရင်တောင်မှ လူရှေ့မှာဖြစ်ဖြစ် ကွယ်ရာမှာဖြစ်ဖြစ် ကျွန်မကို နာကျင်အောင် လုပ်မယ့်သူ မဟုတ်ဘူး။

ဒါပေမဲ့ ဒီနေ့တော့ ကျွန်မက သူ့ရဲ့ စိတ်ရှည်နိုင်စွမ်း အကန့်အသတ်ကို ကျော်လွန်သွားစေခဲ့ပြီလို့ ထင်တယ်။

"ကျွန်မ သူတို့ကို မနှောင့်ယှက်ပါဘူး။ ကျွန်မ သူတို့ကို ချစ်လို့ပါ"

အဲဒီစကားကို ကြားလိုက်ရတဲ့အခါ ကောင်းဖေးက အံကို တင်းတင်းကြိတ်လိုက်ပြီး အေးစက်တဲ့ လေသံနဲ့ - "ဟဲယုကျင်း... မင်း ချစ်တဲ့သူတွေအတွက် ငါ တကယ် စိတ်မကောင်းဘူး။

လူတိုင်းကသာ မင်းလိုမျိုး ချစ်ကြမယ်ဆိုရင် ဒီလောကက အချစ်တွေအားလုံးဟာ ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးတွေ ဖြစ်ကုန်မှာပဲ။ မင်း ချစ်တဲ့သူတွေက ဘယ်လောက်အထိ တန်ဖိုးကြီးကြီး ပေးဆပ်နေရလဲဆိုတာ မင်း တကယ် သိရဲ့လား" လို့ ပြောတယ်။

သူ့အသံက ဒေါသထွက်နေတဲ့ ခြင်္သေ့တစ်ကောင် ဟိန်းဟောက်လိုက်သလိုပဲ။ ကျွန်မ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စကားလုံးတစ်လုံးမှ ရှာမတွေ့တော့ဘူး။ ဘာလို့လဲဆိုတော့ ကောင်းဖေး ပြောတာ မှန်နေလို့ပါ။ ကျွန်မကြောင့်ပဲ အဲဒီတုန်းက ကောင်းဖေးရဲ့ မိဘတွေ ပြန်ပေးဆွဲခံခဲ့ရတာ။ အဲဒီတုန်းက သူတို့ ထွက်ပြေးဖို့ ကြိုးစားရင်း ယောက္ခထီးကြီး ချော်လဲကျခဲ့ပြီး ခြေထောက်က အရိုးတွေ ကျိုးသွားခဲ့တာ၊ အဲဒီနေ့ကစလို့ အခုထိ သူ ဝှီးချဲပေါ်က မဆင်းနိုင်တော့တာ။ ကျွန်မမှာ အပြစ်ရှိပါတယ်၊ အခုထိလည်း ဒီအပြစ်စိတ်က ကျွန်မ နှလုံးသားကို တမြေ့မြေ့ ဝါးမြိုနေတုန်းပဲ။

ဒီည ကျွန်မ သူ့ခြေထောက်ကို ကိုင်ပြီး ဆေးပေးခဲ့တာဟာ ပထမဆုံးအကြိမ် ထိတွေ့ဖူးတာပါ။ သူ့ခြေထောက်က အာရုံကြောတွေ သေပြီး ကြွက်သားတွေကလည်း သိမ်လှီနေပြီ။ သူ့ခြေထောက်က ကောက်ကွေးနေတာဟာ ရှေးခေတ်က မိန်းမတွေရဲ့ ခြေထောက်ကို စည်းထားသလိုမျိုး၊ ဒါမှမဟုတ် ခြောက်ကပ်နေတဲ့ သစ်ပင်အိုကြီးရဲ့ အမြစ်တွေလိုပဲ။ ကျွန်မရဲ့ အပြစ်တွေကို ခွင့်မလွှတ်နိုင်ဘူးဆိုတာ ကျွန်မ သိတယ်။ ကျွန်မက ခွင့်လွှတ်မှုနဲ့ မထိုက်တန်ဘူးဆိုတာလည်း သိတယ်။

ဒါပေမဲ့ ကျွန်မ တကယ် ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။

"အဲဒီလိုတွေ ဖြစ်သွားဖို့ ကျွန်မ မရည်ရွယ်ခဲ့ပါဘူး"

"ဟုတ်တယ်... မင်း မရည်ရွယ်ခဲ့ဘူးပေါ့။ ဒါပေမဲ့ သူတို့ကတော့ မင်းကို အခုထိ ကြောက်နေကြတုန်းပဲ မဟုတ်လား။ ငါက သူတို့နဲ့ မင်း မတွေ့ရအောင် အစွမ်းကုန် ကြိုးစားနေတာကို၊ ဒီနေ့ မင်းက ဘာဖြစ်လို့ အကြောင်းပြချက်မရှိဘဲ သူတို့ဆီ ရောက်သွားရတာလဲ။ မင်းမှာ ဦးနှောက်မရှိဘူးလား၊ ဒါမှမဟုတ် မင်းက မွေးကတည်းက အသိတရား မရှိခဲ့တာလား"

ကျွန်မ ဘာပြောရမှန်း မသိတော့ဘူး။ သူ့ဘေးမှာ ထိုင်နေရင်း ကျွန်မရဲ့ အမြင်အာရုံတွေ ဝေဝါးလာပြီး ခေါင်းထဲမှာလည်း အရမ်းလေးလံလာခဲ့ပြီ။ ကောင်းဖေးရယ်... တောင်းပန်ပါတယ်၊ တကယ်ကို တောင်းပန်ပါတယ်၊ ရှင့်ကိုရော ရှင့်မိသားစုကိုရော တောင်းပန်ပါတယ်လို့ပဲ ပြောချင်နေမိတယ်။ သူ့ရှေ့မှာ ကျွန်မဟာ တောင်းပန်စကားကို ဘယ်တုန်းကမှ တွန့်တိုခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး သိပ်ကို အားကိုးရာမဲ့တယ်လို့ ခံစားလိုက်ရတယ်။

ကျွန်မ နေရမယ့်ရက်တွေက လက်ချိုးရေလို့ ရနေပြီ။ ဒါပေမဲ့ အယုတ်ညံ့ဆုံးနဲ့ ခွင့်မလွှတ်နိုင်တဲ့ နည်းလမ်းတွေ သုံးပြီး ရအောင်ယူခဲ့တဲ့ ဒီအမျိုးသားကတော့ ကျွန်မကို အခုထိ မချစ်သေးဘူး။ မချစ်ရုံတင်မကဘူး၊ ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်အပေါ် ထားရှိသင့်တဲ့ အကြင်နာတရား အစအနလေးတောင် မရှိဘူး။ သူက ကျွန်မကို အရိုးထဲကနေ မုန်းတယ်၊ ဒါပေမဲ့ ကျွန်မကတော့ သူ့ကို ချစ်တယ်၊ ကျွန်မရဲ့ အချစ်က သူ့ရဲ့ အမုန်းထက် မလျော့ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ အချစ်က ကျွန်မရဲ့ ဝိညာဉ်ထဲမှာကို ထွင်းထုထားတာမို့လို့ပါ။

ကျွန်မ ကိုယ့်ကိုယ်ကိုယ်ထက် သူ့ကို ပိုချစ်လို့ သူ့မိသားစုနဲ့ နီးစပ်အောင် ကြိုးစားခဲ့တာပါ။ သူ့မိဘတွေကိုလည်း တခြားမိဘတွေလိုပဲ ချွေးမကောင်းတစ်ယောက် ရထားတယ်ဆိုတဲ့ ခံစားချက်မျိုး ပေးချင်ရုံတင်ပါ။ ဒါပေမဲ့ ပြန်ရလိုက်တာကတော့ သူ့ရဲ့ ဆဲဆိုသံတွေနဲ့အတူ ခေါင်းထဲက ပြင်းထန်တဲ့ နာကျင်မှုတွေပါပဲ။

ဒါတွေကို ကျွန်မ ပြောပြချင်ပေမဲ့ ကျွန်မ သိပ်ကို ပင်ပန်းနေပြီ။ သတိမလစ်ခင် နောက်ဆုံးအချိန်လေးမှာ ကျွန်မ တိုးတိုးလေး ပြောလိုက်မိတယ်။

"ကောင်းဖေး... ကျွန်မကို ဒီလိုမျိုး မပြောပါနဲ့။ နောင်တစ်ချိန်မှာ ရှင် နောင်တရမှာကို ကျွန်မ ကြောက်လို့ပါ"

All Chapters