အခန်း (၇)
Vol. 1 Ch. 7
အခန်း (၇)
ကျွန်မက သေရမှာကို ကြောက်ပြီး အမြဲတမ်းလည်း စိတ်အားငယ်တတ်သူပါ။ ကျွန်မ မူကြိုစတက်တုန်းကဆိုရင် တခြားကလေးတွေ ကျွန်မပစ္စည်း လုယူသွားရင်တောင်မှ စိတ်ထဲမှာ မကျေနပ်ပေမဲ့ မပြောရဲခဲ့ဘူး။
အိပ်ချိန်မှာ သူတို့ ဆူညံကြပြီး ကျွန်မကို အပြစ်ပုံချရင်တောင် ဘာမှပြန်မပြောဘဲ သူတို့အတွက် အနစ်နာခံပေးတဲ့ သိုးသူငယ်လေးလိုပဲ ကံကြမ္မာကို လက်ခံခဲ့သူပါ။
ကောင်းဖေးနဲ့ ဆုံပြီး သူ့နောက်ကို လိုက်ခဲ့တာကတော့ ကျွန်မဘဝမှာ တစ်ကြိမ်တည်းသော သတ္တိအရှိဆုံး အလုပ်ပါပဲ။ ကျိုးကြောင်းဆင်ခြင်မှုတွေ၊ သိက္ခာတွေကို ဘေးဖယ်ထားပြီး အရှက်မရှိ အတ္တကြီးခဲ့တဲ့အထိ ကျွန်မ သတ္တိရှိခဲ့တာ။ ကောင်းဖေးနဲ့ လက်ထပ်ပြီးတဲ့နောက်မှာ သူနဲ့အတူ ကုန်ဆုံးရတဲ့ နေ့ရက်တိုင်းကို ကျွန်မ လက်ချိုးရေတွက်နေခဲ့တယ်။
ကျွန်မ ဆေးကုသမှု ခံယူဖို့ ငြင်းဆန်ခဲ့တာက သေရမှာကို မကြောက်လို့ မဟုတ်ပါဘူး။
တကယ်တော့ ကြောက်နေတာပါ။ ကုသမှု မအောင်မြင်မှာကို ကြောက်တယ်၊ ခွဲစိတ်ကုတင်ပေါ်မှာတင် တစ်ခုခုဖြစ်သွားမှာကို ကြောက်တယ်၊ ဓာတ်ရောင်ခြည်ကုထုံးတွေကြောင့် ဆံပင်တွေ အစုလိုက် ကျွတ်ပြီး ရုပ်ဆိုးသွားမှာကို ကြောက်တယ်။
ကျွန်မ လောင်းကြေးမထပ်ရဲဘူး။ ကောင်းဖေးနဲ့အတူ ကုန်ဆုံးရမယ့် နောက်ဆုံးနေ့ရက်တွေကို လောင်းကြေးအဖြစ် မတင်ရဲခဲ့ဘူး။
ဒါပေမဲ့ ဒီအခိုက်အတန့်မှာတော့ ကျွန်မ အခုပဲ သေသွားရင် ကောင်းမှာပဲလို့ ရင်ထဲက ဆုတောင်းနေမိတယ်။ အနည်းဆုံးတော့ ကျွန်မ သေဆုံးသွားခြင်းက ကောင်းဖေးကို သူ့အတွက် အသက်နဲ့လဲပြီး ချစ်ခဲ့တဲ့သူတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာကို မဖြစ်မနေ မှတ်မိနေစေမှာလေ။ တခြားလူရဲ့ အသက်နဲ့ ပေးဆပ်ခဲ့ရတဲ့ အကြွေးဆိုတော့ သူ တစ်သက်လုံး ကျွန်မကို မေ့နိုင်မှာ မဟုတ်တော့ဘူးပေါ့။
ဒါပေမဲ့ ကျွန်မရဲ့ အသိစိတ်က ဇွဲကောင်းသလို၊ ကျွန်မရဲ့ ခန္ဓာကိုယ်ကလည်း ခေါင်းမာလွန်းပါတယ်။ ဒါကြောင့် တစ်ခါတလေကျရင် ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ အလိုလို တုံ့ပြန်မှုတွေက ရယ်စရာတောင် ကောင်းနေတတ်ပါတယ်။
ကျွန်မ သတိရလာတဲ့ အချိန်မှာ နေ့လည်ခင်း ရောက်နေပြီ၊ နေရောင်ကလည်း ကောင်းကင်မှာ တောက်ပနေတယ်။ ဘယ်နှရက်နေ့လဲဆိုတာတော့ ကျွန်မ မသိဘူး၊ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တော့ စာကလေးတချို့က ပြတင်းပေါက်ဘောင်ပေါ်မှာ ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်နေကြတာ တွေ့ရတယ်။ သေချာကြည့်ဖို့ ကိုယ်ကို နည်းနည်း လှုပ်လိုက်တာနဲ့ ကျောရိုးကနေ ပြင်းထန်တဲ့ နာကျင်မှုတွေ ပေါ်လာခဲ့တယ်။
ကျွန်မကို စစ်ဆေးဖို့ ပြင်နေတဲ့ သူနာပြုတွေက ကျွန်မ သတိရလာတာကို တွေ့သွားပြီး ဆရာဝန်ကို အမြန်သွားခေါ်ကြတော့တယ်။ ဆရာဝန်နဲ့အတူ ကောင်းဖေး ကပ်ပါလာခဲ့တယ်။
"မင်းက ကံတော်တော်ကောင်းတာပဲ၊ တစ်ဖက်ကလည်း ကံဆိုးတယ်လို့ ပြောရမယ်"
ကျွန်မ ခေါင်းညိတ်လိုက်မိတယ်။ ကျွန်မလို နောက်ဆုံးအဆင့်ကင်ဆာ ရောဂါသည်တစ်ယောက်အတွက် ကားတိုက်မှုကနေ အသက်ရှင်ကျန်ရစ်တာက အံ့ဖွယ်ပါပဲ။ ဒါပေမဲ့ ကံဆိုးတာကတော့ မရှိသလောက် နည်းပါးနေတဲ့ ကျွန်မရဲ့ သက်တမ်းက ပိုပြီး တိုတောင်းသွားတော့မှာမို့လို့ပါ။
ဆရာဝန်က ကျွန်မကို စစ်ဆေးပြီး မှတ်တမ်းစာအုပ်ထဲမှာ တစ်ခုခု ရေးလိုက်တယ်။
"မင်းမှာ ပုံမှန်ပြနေကျ ဆရာဝန်ရှိလား"
ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။ ဒါပေမဲ့ ကျွန်မပြနေတဲ့ ဆရာဝန်က ပုံမှန်ပြနေကျ ဆရာဝန်လို့တောင် မခေါ်နိုင်ပါဘူး၊ ကျွန်မက ဆေးယူရုံလောက်ပဲ သွားတာကိုး။
"သူတို့ရဲ့ ဖုန်းနံပါတ်ကို နောက်မှ ပေးခဲ့ပါ"
ဆရာဝန်က ဒီစကားပြောရင်း ကောင်းဖေးကို လှမ်းကြည့်လိုက်တယ်။
"ရှင့်ခင်ပွန်းဆီမှာ အဲဒီဖုန်းနံပါတ် မရှိဘူး။ ကျွန်မတို့ ရှင့်ရဲ့ ဆရာဝန်နဲ့ ဆက်သွယ်ရပါလိမ့်မယ်။"
ဆရာဝန်နဲ့ နာပြုတွေ ထွက်သွားကြတော့ အခန်းထဲမှာ ကျွန်မနဲ့ ကောင်းဖေးနှစ်ယောက်တည်း ကျန်ခဲ့တယ်။ ကျွန်မ သတိလစ်နေတာ ဘယ်နှစ်ရက် ရှိပြီလဲ မသိပေမဲ့ သူကတော့ ချင်မင်းပွဲတော်နေ့တုန်းက ဝတ်ထားတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ထားတုန်းပါပဲ။
အင်္ကျီတွေက နွမ်းဖတ်ပြီး သူ ကျွန်မကို စိုက်ကြည့်နေတယ်၊ သူ့မျက်လုံးတွေထဲမှာ သွေးကြောမျှင်လေးတွေ ရဲနေတာကို တွေ့ရတယ်။ ကျွန်မ တစ်ခုခု ပြောချင်ပေမဲ့ ဘာပြောရမလဲ၊ ဘယ်လိုပြောရမလဲ မသိဘူး။ အားကိုးရာမဲ့တဲ့ ခံစားချက်တွေကြောင့်ပဲ ကျွန်မ ဆက်ပြီး တိတ်ဆိတ်နေမိတယ်။
သူနာပြုက ဆေးလာလဲပေးတဲ့အချိန် ကျွန်မ ဗိုက်ဆာတယ်လို့ ပြောလိုက်တယ်။ ဇီးသီးအနီလေးတွေနဲ့ ပြုတ်ထားတဲ့ ဆန်ပြုတ် ပျစ်ပျစ်လေး သောက်ချင်တယ်လို့လည်း ပြောမိတယ်။ ကျွန်မက စားရသောက်ရတာ ဂျီကျတတ်သူလို့ပါ တမင်ထည့်ပြောလိုက်သေးတယ်။
နာပြုက ကောင်းဖေးကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်ပြီး -
"ရှင် လူနာကို ဘယ်လို ပြုစုနေတာလဲ၊ လူနာ ဗိုက်ဆာနေတာတောင် မသိဘူးလား"
ပြီးတော့ ကျွန်မဘက် လှည့်ပြီး -
"အခုအချိန်မှာ ဇီးသီးဆန်ပြုတ် ဘယ်မှာ သွားဝယ်ရမလဲ" ဆိုပြီး မကျေမနပ် မျက်နှာနဲ့ ပြောတော့တာပဲ။
ကျွန်မ မျက်လုံးလေးတွေ ဝိုင်းသွားပြီး အဲဒီသူနာပြုကတော့ ကိုင်တွယ်ရ တော်တော်ခက်တဲ့သူပဲလို့ တွေးနေမိတယ်။ ကောင်းဖေးကတော့ ဆန်ပြုတ်သွားဝယ်ဖို့ အခန်းထဲက ထွက်သွားခဲ့တယ်။ ကျွန်မ သူ့ကို စောင့်နေရင်းနဲ့ပဲ ပြန်အိပ်ပျော်သွားပြန်တယ်။
နောက်တစ်ခါ ပြန်နိုးလာတော့ မှောင်နေပြီ၊ ကုတင်ဘေးက စားပွဲပေါ်မှာတော့ ဆန်ပြုတ်တစ်ခွက် ရှိနေခဲ့တယ်။ ကောင်းဖေးက ဆိုဖာပေါ်မှာ ထိုင်နေတယ်၊ သူ့ရဲ့ ခြေတံရှည်ကြီးတွေကို ဆန့်ထားပြီး ခေါင်းကို ဒူးကြားထဲ ထည့်ထားတဲ့ သူ့ပုံစံက တအားကို ကြည့်ကောင်းနေပါတယ်။ ကျွန်မ နာကျင်မှုကို အောင့်ခံပြီး ဆန်ပြုတ်ခွက်ယူကာ ဖြည်းဖြည်းချင်း ခပ်သောက်နေမိတယ်။
ဆန်ပြုတ် တစ်ဝက်လောက် ကုန်တော့မှ ကောင်းဖေး နိုးလာတယ်။ ကျွန်မကို စိုက်ကြည့်နေတဲ့ ပုံစံကြီးက ကျွန်မကို နည်းနည်း စိတ်လှုပ်ရှားစေတယ်။ အနေရခက်မှုတွေ ပြည့်နှက်နေသလိုပဲ။ ကျွန်မ ဇွန်းကို မြှောက်ပြပြီး လွှတ်ခနဲ ပြောလိုက်မိတယ်။
"ရှင်ရော သောက်မလား"
ဒါဟာ ကျွန်မ သတိရလာပြီးကတည်းက သူ့ကို ပြောတဲ့ ပထမဆုံး စကားပါ။ ကောင်းဖေး ဘာမှ ပြန်မပြောဘူး။ သူ ကျွန်မကို တွေဝေနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေပြီး ခဏနေတော့ ခေါင်းငုံ့၊ သူ့ကုတ်အင်္ကျီကို ကောက်ယူပြီး ထွက်သွားတော့တာပဲ။
နောက်မှ သူနာပြုကို မေးကြည့်တော့ ကျွန်မ သုံးရက်နဲ့ သုံးညတိုင်တိုင် သတိမေ့နေခဲ့တာတဲ့။ ကားတိုက်ခံရတဲ့ ညက ခွဲစိတ်မှုဟာ နာရီပေါင်းများစွာ ကြာခဲ့ပေမဲ့ အသက်အန္တရာယ် ထိခိုက်တဲ့ ဒဏ်ရာတော့ မပါဘူးလို့ သူမက ပြောပြတယ်။
ဒီလောကမှာ ဆေးရုံတက်ရတာက ကျွန်မ အမုန်းဆုံး အရာတွေထဲက တစ်ခုပါပဲ။ အပေါ်ယံ ဒဏ်ရာတွေ ကျက်သွားပြီး အိပ်ရာက ထနိုင်ပြီဆိုတာနဲ့ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ် ဆေးရုံမှာ နေရတာက သိပ်ကို စိတ်ဓာတ်ကျဖို့ ကောင်းလွန်းတယ်။
သူငယ်ချင်းလည်း မရှိတော့ ကျွန်မဆီ လာလည်မယ့်သူလည်း မရှိဘူး။ ဒါပေမဲ့ ကောင်းဖေးရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ကျွန်မ ဆေးရုံတက်ကုသမှု ခံယူနေရတာ သိသွားပုံရတယ်။ ကျွန်မ သတိရပြီး သုံးရက်မြောက်နေ့မှာ သူတို့ လာလည်ကြတယ်။ ဒါက ကျွန်မကို စိတ်လှုပ်ရှားစေသလို၊ ကျွန်မရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်ခဲ့ဖူးတဲ့ လန်လန်ကိုလည်း သတိရစေတယ်။ လာလည်တဲ့သူတွေထဲမှာ ကောင်းဖေးရဲ့ မွေးနေ့တုန်းက သူ့ကို အိမ်လိုက်ပို့ပေးတဲ့ လူလည်း ပါပါတယ်။
သူက ကျွန်မကို "မရီး" လို့ ခေါ်တာကြောင့် ကျွန်မ သိပ်ပျော်သွားမိတယ်။ သူ့ကို ပြုံးပြလိုက်မိတော့ ဒဏ်ရာတွေကို ဆွဲဆန့်သလို ဖြစ်ပြီး နာသွားပေမဲ့ ကျွန်မရဲ့ ပျော်ရွှင်မှုကိုတော့ မတားဆီးနိုင်ပါဘူး။
အမျိုးသမီးတစ်ယောက်လည်း ပါလာသေးတယ်။ ဖြစ်နိုင်ရင် ဒီအမျိုးသမီးကို ကျွန်မရဲ့ လက်ကျန်အချိန်မှာ နောက်ထပ် မတွေ့ချင်တော့ပါဘူး။ သူမ ရုပ်ရည်ကတော့ သာမန်ပါပဲ။ ဒါပေမဲ့ သူမက ကိုယ့်ကိုယ်ကိုယ် ယဉ်ကျေးသိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက်လို့ ယုံကြည်ချက် အပြည့်ရှိတဲ့ပုံစံမျိုး။ ကျွန်မရှေ့မှာတင် သူမက ကောင်းဖေးနဲ့ ရင်းရင်းနှီးနှီး စကားပြောပြီး ကျွန်မအတွက် လိုအပ်တာတွေကို လုပ်ပေးဖို့ ကောင်းဖေးကို ခိုင်းနေသေးတယ်။
ကောင်းဖေးက ကျွန်မကို စိတ်ဆိုးနေတုန်းလားတော့ မသိဘူး၊ ကျွန်မကို စကား သိပ်မပြောဘူး။ ခဏခဏဆိုသလို သူက ငေးကြည့်ပြီး အတွေးလွန်နေတတ်တယ်။ တစ်ခါတလေကျတော့လည်း ကျွန်မကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတတ်ပြန်ရော။
ကျွန်မ ဆေးရုံက ဆင်းချင်ပြီ။ ဆရာဝန်တွေလည်း ကျွန်မကို မတားနိုင်ပါဘူး။ ကုသမှုဆိုတာ လူနာက လက်ခံမှ ရတာလေ၊ သူတို့က ကျွန်မကို ကုတင်မှာ လက်ထိပ်ခတ်ထားလို့ မရဘူး မဟုတ်လား။ ဆေးရုံက ဆင်းတဲ့အချိန် ဆေးတွေ အများကြီး ပါလာခဲ့တယ်။ အိမ်ရောက်တော့ ဒါတွေကို ကုတင်ဘေး အံဆွဲထဲမှာ သေသေချာချာ စီထည့်လိုက်တယ်။
ကျွန်မ ဆေးတွေ သိမ်းနေတာကို ကြည့်ပြီး ကောင်းဖေးရဲ့ မျက်နှာက အံ့ဩနေသလို ဖြစ်နေတယ်။ ကျွန်မ လက်ခုပ်တီးပြီး သူ့ကို ပြုံးပြလိုက်တယ်။
"အိမ်က အကောင်းဆုံးပဲနော်။ ကျွန်မ တစ်ခုခု သွားချက်လိုက်ဦးမယ်။"
မီးဖိုချောင်ထဲ ဝင်ပြီး ရေခဲသေတ္တာကို ဖွင့်ကာ ယောက်မကို ကိုင်လိုက်ရုံရှိသေးတယ်၊ ကောင်းဖေးက လုယူလိုက်ပြီး ကျွန်မနောက်မှာ တင်းမာနေတဲ့ ပုံစံနဲ့ ရပ်နေတာ တွေ့လိုက်တယ်။ သူ့မျက်နှာမှာ တည်ကြည်တဲ့ အမူအရာနဲ့ မျက်မှောင်ကြုတ်ထားတာက သူ သိပ်ကို ပင်ပန်းနေသလိုပဲ။
"ဆရာဝန်ပြောတာ မေ့သွားပြီလား၊ အခန်းထဲ ပြန်သွားတော့"
"ဆရာဝန်ပြောတာက ဥပဒေမှ မဟုတ်တာ။ ရပါတယ်၊ သူတို့ပြောတာကို နားမထောင်တာ ကြာပါပြီ။ ကျွန်မ အခု တစ်ခုခု ချက်မလို့လေ၊ ရှင် ဗိုက်မဆာဘူးလား"
"ငါ အပြင်ကပဲ မှာလိုက်မယ်"
ကျွန်မ ကန့်ကွက်ချင်ပေမဲ့ သူက ဒယ်အိုးကို အဖုံးပိတ်လိုက်ပြီမို့ မကျေမနပ်နဲ့ပဲ အခန်းထဲ ပြန်လာခဲ့ရတယ်။ အဲဒီညက သူ ကျွန်မတို့ အခန်းထဲ ပြန်မလာခဲ့ဘူး။ အရင်တုန်းကဆိုရင် ဒီလိုမျိုးဆို ကျွန်မက သူ့ဘေးမှာ သွားစောင့်နေမလား၊ ဒါမှမဟုတ် အတင်းဆွဲခေါ်ပြီး အိပ်ရာပေါ်မှာ အနားယူခိုင်းမလားပေါ့။ ဒါပေမဲ့ ကားတိုက်မှု ဖြစ်ပြီးတဲ့နောက်မှာ အရင်ကလို ကျွန်မ မလုပ်ရဲတော့ဘူး။ သူက ကျွန်မကို စကား သိပ်မပြောတော့ဘူးလေ။ ကျွန်မဘက်က စကားသွားပြောရင်တောင် သူက သတိကြီးကြီးထားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေသလိုပဲ၊ ကျွန်မကို ဘယ်လို ရင်ဆိုင်ရမလဲ မသိသလိုမျိုးပေါ့။
အခုထိတောင် သူ ကျွန်မကို စကားပြောတဲ့အခါ သူ့စိတ်ထဲမှာ ဘာတွေ တွေးနေလဲဆိုတာ ကျွန်မ နားမလည်နိုင်သေးဘူး။ ဖြစ်နိုင်တာက ကျွန်မရဲ့ အနိုင်ကျင့်တတ်တဲ့၊ အစွဲအလမ်းကြီးတဲ့ အချစ်တွေက သိပ်ကို လွန်ကဲသွားခဲ့လို့ ဖြစ်မှာပါ။
ကျွန်မ ဆေးသောက်ပြီး အိပ်ရာပေါ်မှာ လှဲနေရင်း အိပ်ပျော်သွားအောင် သိုးလေးတွေကို ရေတွက်နေမိတယ်။ သိုးတစ်ကောင်၊ သိုးနှစ်ကောင်... နောက်ဆုံးမှာတော့ အဲဒီသိုးလေးတွေက ကောင်းဖေးရဲ့ မျက်နှာတွေအဖြစ် ပြောင်းလဲသွားပါတော့တယ်။
ကောင်းဖေးရဲ့ အလုပ်ပြောင်းရမယ့် အမိန့်စာက ဘာဖြစ်သွားပြီလဲ ကျွန်မ မသိဘူး။ သူက အစိုးရဝန်ထမ်းဆိုတော့ သူ့အထက်လူကြီးတွေရဲ့ အမိန့်ကို ငြင်းဆန်လို့မရဘူးဆိုတာ ကျွန်မ နားလည်ပါတယ်။
ဒီတစ်ခါတော့ ကျွန်မ ရှင့်အတွက်ကြောင့် ဒဏ်ရာရခဲ့တာနော်။ ဒါကို ရှင် မဖြစ်မနေ မှတ်မိပေးရမယ်။ ရှင် မှတ်မိပေးနိုင်မလားဟင်။