← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

အပိုင်း (၁၀)

အဲဒီနှစ်ရဲ့ နွေဦးရာသီမှာ ကျွန်တော်နဲ့ ကျားကျင့် လက်ထပ်ခဲ့ကြပြီး ကျွန်တော်တို့ ကလေးယူဖို့ စီစဉ်ခဲ့ကြတယ်။

သူမက ကျွန်တော့်ရင်ခွင်ထဲ မှီနွဲ့ရင်း အဲ့ဒီအကြောင်းကို ပြောခဲ့တာပါ။ သူမက သေးသေးလေးနဲ့ ချစ်စရာကောင်းလှပါတယ်။ ကျွန်တော်က သတင်းစာဖတ်နေရင်း "အင်း" လို့ ပြန်ဖြေလိုက်တယ်။

သူမရဲ့ ပုခုံးကို လက်တစ်ဖက်နဲ့ ဖက်ထားရင်း "ငါတို့ ကလေးယူကြတာပေါ့" လို့ ပြောလိုက်မိတယ်။

ဒါနဲ့ ကျွန်တော်တို့ ကလေးတစ်ယောက်ကို ကြိုဆိုဖို့ ပြင်ဆင်မှုတွေ စလုပ်ကြတယ်။ သက်ရှိလေးတစ်ဦး ကျွန်တော်တို့ဘဝထဲ ဝင်လာမှာကို ကြိုဆိုဖို့ဆိုရင် ကျွန်တော်တို့မှာ ခိုင်မာတဲ့ စိတ်ဓာတ်ရှိဖို့ လိုအပ်တယ်လို့ ယုံကြည်ထားလို့ပါ။

ကျားကျင့်ရဲ့ ခန္ဓာကိုယ်ကလည်း ကျန်းမာကြံ့ခိုင်တော့ ကလေးရဖို့ လွယ်ကူမှာပဲလေ။ ကျွန်တော်ကတော့ ဆေးရုံမှာ အထူးတိုင်ပင်ဆွေးနွေးမှု လုပ်ခဲ့တယ်။ အရင်က ကလေးမရအောင် တားဆေး (၁၁) လုံးတိတိ ထိုးခဲ့ဖူးလို့ ဒါက ရလာမယ့် ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်မလားဆိုတာ သိချင်လို့ပါ။

ဆရာဝန်တွေက ကျွန်တော့်ကို သေချာစစ်ဆေးပြီး ရလဒ်ကို ပြောပြခဲ့တယ်။ အဲ့ဒီထိုးဆေးတွေဟာ ကျွန်တော့်ခန္ဓာကိုယ်အပေါ် ဆိုးကျိုးသက်ရောက်မှု မရှိသလောက် နည်းပါးပြီး၊ အဲ့ဒီဆေးထိုးခဲ့တာ လေးနှစ်တောင် ကြာခဲ့ပြီဖြစ်လို့ ဘေးထွက်ဆိုးကျိုးတွေ အားလုံးဟာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကျွန်တော် မျှော်လင့်ထားတဲ့ အဖြေကို ရတဲ့အတွက် ခေါင်းညိတ်လိုက်တယ်။ ဘယ်သူကမှ မကျန်းမာတဲ့ ကလေးတစ်ယောက်ကို မလိုချင်ကြဘူးလေ။ အဲ့ဒီညက ကျွန်တော်တို့ ကလေးယူဖို့ ကြိုးစားခဲ့ကြတယ်။

ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် ဒါဟာ သာမန်သာယာမှုတစ်ခုတင် မဟုတ်ဘဲ ကျွန်တော်တို့ ဘဝနှစ်ခု ထာဝရ ရစ်ပတ်နှောင်ဖွဲ့မှုလို့ ယုံကြည်ခဲ့ကြတယ်။ အခြား မိဘတွေလိုပဲ ကျွန်တော်တို့လည်း ကလေးလေး ရောက်လာမှာကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေခဲ့ကြပါတယ်။

ဒါပေမဲ့ တစ်ခုပဲ... ကျွန်တော်တို့ အတူနေပြီးလို့ ရေချိုးတဲ့အချိန်တိုင်း ဟဲယုရှင်းရဲ့ ရုပ်ပုံလွှာက ကျွန်တော့်ရှေ့မှာ ဝေဝါးစွာ ပေါ်လာတတ်တယ်။

သူမက ကျွန်တော့်ရှေ့မှာ ဒူးထောက်ထိုင်ပြီး လက်မောင်းပေါ် ခေါင်းတင်ကာ သူမ အမြဲတမ်း ကြည့်နေကျအတိုင်း ကျွန်တော့်ကို စိုက်ကြည့်နေမှာကို ကျွန်တော် တောင့်တမိတယ်။

သူမ ကျွန်တော့်ကို ကြည့်စေချင်တယ်။ တကယ်လို့ သူမ ကြည့်နေမယ်ဆိုရင် ကျွန်တော်လည်း သူမရှေ့မှာ ကိုယ်လုံးတီးနဲ့ ဒူးထောက်ချလိုက်မိမှာပါ။

"ဟဲယုရှင်းရယ်... အချိန်တွေကို နောက်ပြန်လှည့်လို့ရရင် ငါ မင်းရဲ့ ကလေးကိုပဲ လိုချင်တယ်။ မင်းရဲ့ ကလေးကိုပဲ ငါ လိုချင်တာ" လို့။

ဒါပေမဲ့ အဲ့ဒီတမ်းတမှုတွေက မဖြစ်လာနိုင်တော့ဘူးလေ။ ကျွန်တော့်မှာ သူမကို သတိရလို့ ပြန်ကြည့်စရာ ဓာတ်ပုံလေးတောင် မကျန်တော့ပါဘူး။ ကျွန်တော် ချက်ချင်း သတိပြန်ဝင်လာခဲ့တယ်။ သူမရဲ့ ကိုယ်နံ့ကိုတောင် မေ့နေပြီဖြစ်တဲ့ ကျွန်တော်က ဘယ်လိုလုပ် ဒီလိုစကားမျိုးတွေ ပြောနိုင်ရက်တာလဲ။

ကျွန်တော်တို့ မျှော်လင့်ထားတာထက် ကလေးက နောက်ကျပြီးမှ ရောက်လာခဲ့တယ်။ ကြိုးစားပြီး (၅) လ အကြာမှာပါ။ ကျားကျင့်က ကိုယ်ဝန်စစ်ဆေးတံပေါ်က မျဉ်းနှစ်ကြောင်းကို ပြရင်း ကျွန်တော့်ကို ရယ်လိုက် ငိုလိုက်နဲ့ ပြောတယ်။ "ဖေး... ငါတို့မှာ ကလေးလေး ရပြီ" တဲ့။

ကျွန်တော် အဲ့ဒီစစ်တံလေးကို ယူပြီး သူမရဲ့ တုန်ရင်နေတဲ့ လက်တွေကို ဆုပ်ကိုင်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ "မငိုပါနဲ့... ကျေးဇူးတင်ပါတယ်" လို့ ချော့မော့ပြောရင်း သူမရဲ့ မျက်နှာလေးကို ပွတ်သပ်ကာ နမ်းရှုံ့မိတယ်။

ဒါဟာ ရိုးရှင်းပြီး ကလေးဆန်တဲ့ ပျော်ရွှင်မှုမျိုးပါ။ ကလေးရပြီဆိုတော့ သူ့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ စလုပ်ကြတယ်။ အစက နွေဦးအစောပိုင်းမှာ ကလေးယူဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပေမဲ့ ဆေးစစ်တာတွေ ဘာတွေနဲ့ နောက်ဆုံး အောက်တိုဘာလရောက်မှ အောင်မြင်ခဲ့တာပါ။

မကြာခင်မှာပဲ ဆောင်းရာသီ ရောက်လာပြီး ပတ်ဝန်းကျင်မှာ အေးစိမ့်တဲ့ အအေးဒဏ်က ပြင်းထန်လာခဲ့တယ်။ ကျားကျင့်က ကျွန်တော့်ကို တစ်ခု ပြောပြတယ်။ ကျွန်တော် အိပ်ပျော်နေရင်း လမ်းလျှောက်တတ်တယ်တဲ့။

အဲ့ဒီစကားကို ကြားတဲ့အခါ ကျွန်တော် သိပ်ပြီး ဂရုမစိုက်ခဲ့ဘူး။ ကျွန်တော်က အသက် ၃၀ နီးပါး ရှိနေပြီ၊ ကိုယ့်ဘာကိုယ် မသိဘဲ ဘယ်လိုလုပ် အိပ်ပျော်ရင်း လမ်းလျှောက်မှာလဲ။ ဒါပေမဲ့ ကျားကျင့်က တကယ့်အရှိအတိုင်း အသေအချာ ပြောနေတာပါ။ သူမ အိပ်ပျော်နေတုန်းမှာ ကျွန်တော် သူမဘေးမှာ မရှိဘူးဆိုတဲ့ ခံစားချက်ကို ရနေတယ်လို့ ပြောပါတယ်။

ကျွန်တော်က ငြင်းပေမဲ့ သူမကတော့ မလိမ်ဘူးလို့ အခိုင်အမာ ပြောတယ်။ သူမက ပိုပြီး စိတ်လှုပ်ရှားလာတဲ့အခါ သူမရဲ့ ဒေါသကြောင့် ကလေးကို ထိခိုက်မှာ စိုးလို့ ကျွန်တော် ဆက်မငြင်းတော့ဘူး။ အဲ့ဒီအစား သူမကို ဖက်လိုက်ပြီး အနည်းငယ် ဖောင်းနေပြီဖြစ်တဲ့ သူမရဲ့ ဝမ်းဗိုက်ပေါ် လက်တင်ကာ ပြုံးရင်း ပြောလိုက်တယ်။

"ငါ မင်းဘေးမှာ မရှိရင် မင်းဗိုက်ထဲ ရောက်နေလို့ ဖြစ်မှာပေါ့" လို့။ သူမက စိတ်ပျက်လက်ပျက်နဲ့ ရယ်ပြီး ကျွန်တော့်ကို ဆတ်ခနဲ ရိုက်လိုက်တယ်၊ ကျွန်တော်က မယဉ်ကျေးဘူးတဲ့။ အဖေဖြစ်တော့မယ့် လူက ကလေးအတွက် စံနမူနာကောင်း မပြဘူးဆိုပြီး ဆူပါတယ်။ ကျွန်တော်ကတော့ ရယ်နေမိတယ်။

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် အရမ်းကို သာမန်အတိုင်းပဲလို့ ထင်နေတာ။ နောက်ပြီး ကျွန်တော် တကယ်ပဲ အိပ်ပျော်ရင်း လမ်းလျှောက်နေတယ်ဆိုရင်တောင် ဘယ်ကို သွားမှာလဲ၊ ဘယ်သူနဲ့ တွေ့မှာလဲ။ ဒါပေမဲ့ ကိစ္စက အဲ့ဒီမှာတင် မပြီးသွားဘူး။ ကျားကျင့်က ကျွန်တော် အိပ်ပျော်ရင်း လမ်းလျှောက်တာကို အရမ်း စိုးရိမ်နေပုံရတယ်။

သူမက ကျွန်တော် ညလယ်ခေါင်မှာ အိမ်ကနေ ထွက်သွားတာ ဖြစ်ရမယ်လို့ ခဏခဏ ပြောနေတော့တာပဲ။ ကျွန်တော်လည်း စိတ်တိုပြီး ဒေါသထွက်မိသွားတယ်၊ နောက်နောင် ဒီစကားမျိုး မပြောဖို့ သူမကို တားမြစ်လိုက်တယ်။ ကျွန်တော် ဒေါသထွက်မယ်လို့ သူမ တစ်ခါမှ မထင်ထားခဲ့တဲ့အတွက် သူမ ကြောက်သွားပုံရတယ်။ သူမ တိတ်ဆိတ်သွားပြီး ကျွန်တော့်ကို ကြည့်နေတော့တယ်။ ဒီအကြောင်းကိုလည်း ထပ်မပြောတော့ဘူး။

ကျွန်တော် ကျားကျင့်ကို သားဖွားမီးယပ် အထူးကုဆီ လိုက်ပို့ခဲ့တယ်။ တစ်ခါတလေ ကျွန်တော် သူမနဲ့အတူ အထဲဝင်ဖြစ်ပေမဲ့ တစ်ခါတလေတော့လည်း အပြင်ဘက်က ထိုင်နေတတ်ပါတယ်။

ဟိုဒီကြည့်လိုက်တော့ ဆေးရုံနံရံတွေက အသစ်ပြန်သုတ်ထားပုံရတယ်၊ ဖြူလွလွနဲ့ လက်တွေ့မဆန်သလိုပဲ။ အဖြူရောင် ကြွေပြားတွေနဲ့ ပေါင်းလိုက်တဲ့အခါ နေရောင်ခြည်တောင် သန့်စင်သွားသလို၊ အရောင်အဝါတွေ ပျောက်ဆုံးသွားသလို ခံစားရတယ်။ ကျွန်တော့်ရှေ့မှာ အဖြူရောင်ပင်လယ်ကြီးက အဆုံးမရှိ ဆန့်တန်းနေသလိုပဲ၊ ကျွန်တော့် မျက်ခွံတွေ လေးလံလာခဲ့တယ်။

စင်္ကြံလမ်းက အနည်းငယ် ရှည်ပြီး အဆုံးမှာ ပြတင်းပေါက်တစ်ခု ရှိတယ်။ ပြတင်းပေါက် အပြင်ဘက်မှာ မြက်ခင်းစိမ်းစိမ်းတွေနဲ့ ပန်းနီနီလေးတွေ ရှိတယ်။ ပန်းရနံ့တွေကို ရလိုက်သလိုပဲ၊ ပြီးတော့ ဟဲယုရှင်း လမ်းလျှောက်လာတာကို မြင်လိုက်ရတယ်။

သူမက ပြုံးနေဆဲပဲ၊ အဲ့ဒီ အပြုံးကပဲ သူမ ရှင်သန်နေရတဲ့ တစ်ခုတည်းသော အကြောင်းရင်း ဖြစ်နေသလိုမျိုး။ နောက်တော့ သူမရဲ့ ပုံရိပ်က ယာဉ်တိုက်မှုဖြစ်ပြီး ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတုန်းက ပုံစံမျိုး ပြောင်းသွားတယ်။

နိုးလာတဲ့အခါ ဆန်ပြုတ်သောက်ချင်ပေမဲ့ ကျွန်တော့်ကို စကားမပြောဘဲ နေခဲ့တဲ့ ပုံစံမျိုးပေါ့။ ကျွန်တော် မိန်းမောသွားပြီး ရှေ့ကို လျှောက်သွားမိတယ်၊ စိတ်ထဲမှာ မြင်ကွင်းတွေကို ပြန်စီစစ်နေမိတယ်။ ရှေ့ဆက်သွားနိုင်ဖို့ ဒါတွေကို ပြန်စီစဉ်ရမယ်။

ကျွန်တော် သူမအနားကို တိုးသွားပြီး သူမကို စိုက်ကြည့်ရင်း ဘေးမှာ ထိုင်လိုက်တယ်။ ဘာကြောင့်လဲတော့ မသိဘူး၊ ကျွန်တော့် မျက်ဝန်းတွေမှာ မျက်ရည်တွေ ပြည့်လာခဲ့တယ်။

ကျွန်တော် သူမရဲ့ ညှပ်ရိုးနားမှာ ခေါင်းဝှက်ထားလိုက်တယ်။ ဒါတွေက မျက်ရည်တွေ မဟုတ်ဘူးလို့ ပြောနေပေမဲ့ မျက်ရည်တွေကတော့ ဆက်ကျနေတုန်းပဲ။ ကျွန်တော် သတိပြန်ဝင်လာတဲ့အချိန် ကျားကျင့်က ကျွန်တော့်ဘေးက ပြတင်းပေါက်နားမှာ ရပ်နေတယ်။ သူမက ခေါင်းလေးစောင်းပြီး ကျွန်တော့်ကို စူးစမ်းသလို၊ ရယ်ချင်သလို ကြည့်နေတယ်။

ကျွန်တော် ထရပ်ပြီး သူမဆီ လျှောက်သွားလိုက်ပြီး ပြန်ရအောင်လို့ပဲ ပြောလိုက်မိတယ်။

တကယ်လို့သာ ကျားကျင့်က ကျွန်တော့်ကို အိပ်ပျော်ရင်း လမ်းလျှောက်တယ်လို့ မပြောဘဲ အတိတ်ကို ပြန်တမ်းတနေတယ်လို့ ပြောခဲ့မယ်ဆိုရင် ကျွန်တော် တွန့်ဆုတ်မနေဘဲ သဘောတူမိမှာပါ။

ဒါပေမဲ့ ကျားကျင့်က ကျွန်တော် အိပ်ပျော်ရင်း လမ်းလျှောက်တဲ့အကြောင်းကို တစ်ခွန်းမှ ထပ်မဟတော့ဘူး။ ဒါပေမဲ့ တစ်ရက်မှာတော့ သူမက ကျွန်တော့်ရင်ခွင်ထဲ ရုတ်တရက် တိုးဝင်လာပြီး "ဖေး... မေးစရာရှိတယ်" တဲ့။

ကျွန်တော် သူမကို ဖက်ထားရင်း သူမဆံပင်က ရနံ့ကို ရှူရှိုက်လိုက်မိတယ်။ သူမဆီက လာဗင်ဒါ ခေါင်းလျှော်ရည် အနံ့က တော်တော်ပြင်းတယ်။ "ပြောလေ" လို့ ကျွန်တော် ပြောလိုက်တယ်။

သူမက ကျွန်တော့် ပေါင်ပေါ်မှာ မျက်နှာချင်းဆိုင် ပြောင်းထိုင်လိုက်တယ်။ သူမရဲ့ မျက်လုံးတွေက တောက်ပနေပြီး "ရှင် ဟဲယုရှင်းကို သတိရနေတုန်းလား... တစ်ခါတလေဖြစ်ဖြစ်ပေါ့" လို့ မေးတယ်။

ကျားကျင့်က ဘာလို့ ဒီမေးခွန်းကို ရုတ်တရက် မေးတာလဲ ကျွန်တော် မသိဘူး။ သူမ ခေါင်းကို ပွတ်ပေးရင်း "ဘာလို့ မေးတာလဲ" လို့ ပြန်မေးမိတယ်။ သူမက ကိုယ်ကို လှည့်လိုက်ပြီး ကျောပေးထားတယ်။ ကိုယ်ဝန်ဆောင်ထားရတဲ့ လူတစ်ယောက်ရဲ့ အပြောင်းအလဲလို့ပဲ ကျွန်တော် တွေးလိုက်မိတယ်။

"သိချင်လို့ပါ။ ရှင် သူမကို မုန်းသလား၊ ချစ်သလား။ အဲ့ဒီနှစ်တုန်းက သူမက ရှင့်ကိုရော ရှင့်မိဘတွေကိုရော နာကျင်အောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ သူမ သေသွားပြီ။ ကောင်းဖေး... ဒီလို အဆုံးသတ်က ရယ်စရာမကောင်းဘူးလား၊ ရှင်တို့ နှစ်ယောက်က တစ်သက်လုံး အတူနေသွားရမှာ" တဲ့။

ကျွန်တော်လည်း ဒီအဆုံးသတ်က နည်းနည်းတော့ ရယ်စရာကောင်းတယ်လို့ ထင်မိပေမဲ့ "မင်း ငါနဲ့ အတူမရှိချင်ဘူးလား" လို့ပဲ မေးလိုက်တယ်။ "ဟဲယုရှင်း သေမှသာ ငါ မင်းနဲ့ အတူရှိနိုင်မှာလေ" လို့ ပြောလိုက်မိတယ်။

သူမက ကျွန်တော့် လက်ချောင်းတွေကို ကိုင်ပြီး ကိုက်လိုက်ရင်း "ရှိချင်တာပေါ့။ ကျွန်မသေရင်တောင် ရှင့်ဘေးမှာ ရှိနေချင်သေးတယ်။ ဒါပေမဲ့ ဖေး... ရှင် မှတ်ထားရမှာက ရှင် ကျွန်မကို ချစ်တယ်လို့ ကျွန်မထင်မှသာ ရှင့်ဘေးမှာ နေမှာ" လို့ ပြောတယ်။

ကျွန်တော် လက်ကို ပြန်ရုတ်လိုက်တယ်။ ဒီအပြုအမူကို ကျွန်တော် မကြိုက်ဘူး၊ ဘာလို့လဲဆိုတော့ ဒါက ဟဲယုရှင်းကို သတိရစေလို့ပဲ။ သူမက ကျွန်တော့်ကို မြှူဆွယ်တဲ့အခါ ဒီလို ပေါ့ပျက်ပျက် အပြုအမူမျိုးတွေ ခဏခဏ လုပ်တတ်တယ်။ "အင်း... မှတ်ထားပါ့မယ်" လို့ ပြောလိုက်တယ်။

ကျွန်တော် တကယ်ပဲ မှတ်ထားတယ်လို့ ထင်တာပဲ၊ ဘာလို့လဲဆိုတော့ နေ့တိုင်း ကျားကျင့်နဲ့အတူ ကောင်းမွန်တဲ့ နေ့ရက်တွေ ကုန်ဆုံးဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားနေလို့ပါ။

ကျွန်တော်တို့ ကလေးအခန်းကို စတင်ပြင်ဆင်တယ်။ ကလေးအတွက် ပြင်ဆင်ရတာက စိတ်ရှုပ်စရာ ကောင်းသလို ပျော်စရာလည်း ကောင်းတယ်။ ကျွန်တော်က သမီးလေး လိုချင်တာကြောင့် အခန်းကို ပန်းရောင်လေးတွေနဲ့ အချိန်ပေးပြီး သေချာပြင်ဆင်တယ်။ ကျွန်တော့်ဘဝမှာ တစ်ခုခုကို ဒီလောက် အလေးအနက်ထားပြီး မလုပ်ဖူးဘူး။ ကျားကျင့်က ကျွန်တော့်ကို ကြည့်ပြီး ပြုံးတယ်။

"တကယ်လို့ ငါတို့မှာ ကလေးမရှိတော့ရင် ရှင် ဘယ်လိုဖြစ်သွားမှာလဲ" လို့ မေးတယ်။ ဒါဟာ အရမ်းမိုက်မဲတဲ့ မေးခွန်းတစ်ခုလို့ ကျွန်တော် ခံစားရတယ်။ ဒါပေမဲ့ သူမက ကျွန်တော့်ကလေးရဲ့ မိခင်ဖြစ်နေလို့ ကျွန်တော် သူမကို ခွင့်လွှတ်လိုက်ပါတယ်။

ဆောင်းတွင်းနေ့ရက်တွေ ကုန်ဆုံးလာတာနဲ့အမျှ နောက်ထပ် ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ ဟဲယုရှင်းရဲ့ အိမ်ကြီးက နောက်တစ်ကြိမ် ဖောက်ထွင်းခိုးယူခံရပြန်တယ်။ ဒါက အဲ့ဒီနေရာက လုံခြုံရေးတွေ ညံ့ဖျင်းနေတာကြောင့်လို့ ကျွန်တော် သံသယဝင်မိပြီး စာချုပ်အတိုင်း လုံခြုံရေးကုမ္ပဏီဆီကနေ လျော်ကြေးတောင်းချင်ခဲ့တယ်။

ပုံမှန်ဆို အဲ့ဒီဝင်းထဲမှာ အရမ်းချမ်းသာတဲ့ လူတွေ အများကြီး နေကြတာ၊ သူတို့ရဲ့ စည်းစိမ်တွေ တစ်ညတည်းနဲ့ ပြာဖြစ်သွားမှာကို အကြောက်ဆုံးလူတွေပဲ၊ ဒါကြောင့် ဘယ်လိုလုပ် လုံခြုံရေးက ညံ့ဖျင်းနေမှာလဲ။ ကျွန်တော် မကျေမနပ်ဖြစ်ပြီး စာချုပ်ကို ရှာဖို့ အိမ်ကြီးဆီ ပြန်သွားခဲ့တယ်။

ဒါပေမဲ့ ကျွန်တော် စာချုပ်ကို ရှာမတွေ့ခဲ့ဘူး။ အိပ်ခန်းထဲမှာ အထပ်ထပ်အခါခါ ရှာခဲ့ပေမဲ့လည်း လက်လျှော့လိုက်ရတယ်။ ကျွန်တော် ဟဲယုရှင်းရဲ့ ဓာတ်ပုံကို စိုက်ကြည့်နေမိတယ်။

စာချုပ်က ဘယ်မှာလဲ မသိဘူး၊ ဒါမှမဟုတ် အစကတည်းက စာချုပ်ဆိုတာ မရှိခဲ့တာလား။ သူမက ကျွန်တော့်ကို ကြည့်ပြီး ပြုံးနေတယ်။ သူမ အမြဲပြုံးနေကျအတိုင်း၊ သူမရဲ့ မျက်ဝန်းလေးတွေ ဝိုင်းစက်ပြီး ပျော်ရွှင်မှုတွေနဲ့ တောက်ပနေတဲ့ ပုံစံမျိုးပေါ့။

ကျွန်တော် အိမ်ပြန်လာပြီး တံခါးဝမှာ ဖိနပ်ချွတ်လိုက်တယ်။ အရမ်းပင်ပန်းနေပြီ။ ရဲတွေကလည်း အဲ့ဒီနေရာကို လာစစ်ဆေးပြီး အရင်က မေးခွန်းဟောင်းတွေကိုပဲ ထပ်မေးသွားကြတယ်၊ ဒါပေမဲ့ ကျေနပ်လောက်တဲ့ အဖြေတော့ မပေးနိုင်ကြသေးဘူး။

ကျားကျင့် ကိုယ်ဝန်ရတာ (၃) လ ရှိပြီ။ သူမက မီးဖွားခွင့် ယူထားပြီး အခုတော့ အိမ်မှာပဲ အနားယူနေတယ်။ အရင်ကဆိုရင် ကျွန်တော် သူမအနားကိုသွားပြီး ဒီနေ့ ဘယ်လိုလဲ၊ ဘာစားလဲ၊ ဘာလုပ်လဲ၊ ငါ့ကို သတိရလား၊ ကလေးလေးရော အဆင်ပြေရဲ့လားလို့ မေးမိမှာပါ။

ဒါပေမဲ့ ဒီနေ့တော့ ကျွန်တော် အဲ့ဒါတွေ တစ်ခုမှ မလုပ်ဖြစ်ဘူး။ နှုတ်ဆက်ရုံပဲ နှုတ်ဆက်ပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်တယ်။ ရေချိုးပြီးတော့ အဝတ်အစားဝတ်ပြီး သူမကို ပြောလိုက်တယ် - "ငါ အပြင်သွားဦးမယ်။ ဒီည ပြန်မလာဖြစ်ဘူး" လို့။

ကျားကျင့်က ရပ်ပြီး ကျွန်တော့်ကို စိုက်ကြည့်လိုက်ရင်း "ဟဲယုရှင်းရဲ့ အိမ်ကိုလား" တဲ့။ "အဲ့ဒီက လုံခြုံရေးစနစ်ကို စစ်ဆေးဖို့ လိုလို့ပါ။ အဲ့ဒီနေရာက ငါ့ဟာ မဟုတ်ပေမဲ့ ဝင်ခွင့်ရှိတာ ငါတစ်ယောက်ပဲ ရှိတယ်ဆိုတာ မင်းသိသားပဲ" လို့ ဖြေလိုက်တယ်။

သူမ ခေါင်းညိတ်တယ်။ ကျွန်တော် ရှေ့တိုးပြီး သူမကို နမ်းလိုက်တယ်။ "ကောင်းကောင်းအနားယူပါ၊ ညနက်အောင် မနေနဲ့ဦး။ တစ်ခုခုဖြစ်ရင် ဖုန်းဆက်လိုက်၊ ဘယ်လောက် နောက်ကျနေပါစေ ချက်ချင်း ပြန်လာခဲ့မယ်။

ကလေးကိုလည်း ငါ့ကိုယ်စား 'ဂွတ်နိုက်' လို့ ပြောပေးပါဦး" ။

ကျွန်တော် ထွက်လာခဲ့တယ်။ အဲ့ဒီညမှာ ကျွန်တော် နောက်ထပ် အိပ်မက်တစ်ခု ထပ်မက်ပြန်တယ်။ အဲ့ဒီအခန်းထဲမှာ ထူးဆန်းတဲ့ ရနံ့တစ်ခု ပြည့်နှက်နေသလိုပဲ၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘူး။ အိပ်မက်ထဲကနေ ကျွန်တော် နိုးထချင်စိတ်တွေ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဒါဟာ အစစ်အမှန် မဟုတ်မှန်း သိနေလို့ပါ။

ကျားကျင့်မှာ ငါ့ကလေး ရှိနေတယ်၊ ငါ စိတ်ကူးယဉ်နေလို့ မဖြစ်ဘူး။

ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော် ဟဲယုရှင်းကို ဖက်ထားလိုက်တယ်၊ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး ရတနာတစ်ခုကို ရထားသလိုမျိုး စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေတယ်။

ကျွန်တော့်မှာ ဒီလို အရူးအမူး စိတ်ကူးယဉ်မှုမျိုး လိုအပ်နေတာပါ။ ကျွန်တော် အဲ့ဒီအခန်းအတွက် ပိုကောင်းတဲ့ လုံခြုံရေးစနစ်တစ်ခု တပ်ဆင်လိုက်တယ်။ အခန်းတစ်ခုလုံးက ပစ္စည်းတွေ ကုန်သလောက် ဖြစ်နေပြီ ဆိုပေမဲ့လည်း အပြင်ပန်းအရ ပြည့်စုံနေသယောင် ဆက်ပြီး ထိန်းရှိမ်းထားဖို့ကလွဲလို့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူး။

ဒါပေမဲ့ ကျွန်တော် တပ်ဆင်ပြီးတဲ့အချိန်မှာတော့ ကျွန်တော့် ဇနီးက ကျွန်တော့်ကို ပြောတယ် - "ရှင် ဆရာဝန်နဲ့ ပြဖို့ လိုနေပြီ" တဲ့။

"ဒီရက်ပိုင်း နည်းနည်း ပင်ပန်းနေပေမဲ့ ဆရာဝန်နဲ့ ပြရမယ့် အဆင့်အထိတော့ မဟုတ်ပါဘူး။ ငါက မင်းထင်တာထက် ပိုပြီး ကျန်းမာပါတယ်" လို့ ပြောလိုက်တော့ သူမက "ကျွန်မပြောတာ စိတ်ကျန်းမာရေးဆရာဝန်ကို ပြောတာ" တဲ့။

ကျွန်တော် မှင်သက်သွားတယ်။ ခဏလောက်အထိ ကျွန်တော် ဘယ်လို တုံ့ပြန်ရမလဲ မသိဖြစ်သွားတယ်။ ဒါဟာ သူမရဲ့ မှားပြောမိတဲ့ စကားလို့ ထင်ခဲ့ပေမဲ့ ကျားကျင့်က အဝတ်အစားတွေကို သေချာပြင်ပြီး မတ်မတ်ထိုင်နေတဲ့ ပုံစံက ဒီကိစ္စကို အလေးအနက် ဖြစ်စေပါတယ်။ သူမရဲ့ တည်ကြည်တဲ့ မျက်နှာထားကြောင့် ကျွန်တော် လိမ်ညာဖို့တောင် အချိန်မရလိုက်ဘူး။

ကျွန်တော် ရုတ်တရက် ပြောလိုက်တာက "မင်း ဒီနေ့ ပြောလိုက်တဲ့ စကားကို ငါ မေ့လိုက်ရမယ်လို့ ထင်တယ်" လို့။

ကျွန်တော့် ရင်ထဲမှာတော့ နည်းနည်း ခါးသီးပြီး စိတ်ပျက်သွားမိတယ်။ ဘယ်ဇနီးကမှ မိမိရဲ့ ခင်ပွန်းကို စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြဖို့ မတောင်းဆိုသင့်ဘူးလေ။

ကျွန်တော် ထရပ်ပြီး တခြားအခန်းကို ထွက်သွားဖို့ ပြင်လိုက်တယ်၊ သူမရဲ့ မျက်နှာကို ဆက်ကြည့်ပြီး ဒီဗိုက်ထဲမှာ ငါ့ရဲ့ သွေးသားတွေ ရှိနေတယ်လို့ ဆက်ပြီး မတွေးနိုင်တော့လို့ပါ။

ဒါပေမဲ့ ကျားကျင့်က ကျွန်တော် ထင်ထားတာထက် ပိုပြီး စိတ်လှုပ်ရှားနေသလိုပဲ။ သူမက ခုန်ထပြီး ကျွန်တော့်ရှေ့က ပိတ်ရပ်လိုက်တယ်၊ ဒါကို အောင့်အည်းထားတာ ကြာပြီဖြစ်တဲ့ ပုံစံမျိုးနဲ့ပေါ့။

သူမက အသံကျယ်ကျယ်နဲ့ ဆက်ပြောတယ် - "ရှင် ငြင်းလို့ မရဘူး။ ရှင်က အိပ်ပျော်ရင်း လမ်းလျှောက်တာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောနေတယ်။ ဟုတ်တယ်... ရှင် လမ်းလျှောက်နေတာ မဟုတ်ဘူး၊ စိတ်ကူးယဉ်နေတာ။ ဟဲယုရှင်းကို ဒီနေ့အထိ မမေ့နိုင်သေးတာတင် မဟုတ်ဘူး၊ သူမအကြောင်းကို ပိုပိုပြီးတောင် ခဏခဏ တွေးနေမိတာ။ ဒါကို ရှင် ငြင်းလို့ မရဘူး" လို့။

ကျွန်တော် သူမကို စိုက်ကြည့်လိုက်ရင်း "ငါ အဲ့လို မဖြစ်ဘူး" လို့ ပြောတော့ သူမက "ရှင် လိမ်နေတာ။ ကောင်းဖေး... ရှင် အရင်က ကျွန်မကို တစ်ခါမှ မလိမ်ခဲ့ဖူးဘူး" တဲ့။

သူမက ကျွန်တော့်ရှေ့မှာ ငိုနေတော့တယ်၊ မျက်ရည်တွေကလည်း စီးကျလို့။ ကျွန်တော် သူမရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း "ငါတို့ သေတဲ့အထိ အတူနေသွားမယ်လို့ ငါ ကတိပေးပါတယ်" လို့ ပြောလိုက်တယ်။

ဒါဟာ ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို ပေးနိုင်တဲ့ အကောင်းဆုံး ကတိစကားပါ။ ဟဲယုရှင်းဟာ တစ်သက်လုံး စောင့်ဆိုင်းခဲ့တယ်၊ နည်းလမ်းပေါင်းစုံ သုံးခဲ့တယ်၊ ကျွန်တော့်ဆီက ဒီလို ကတိမျိုး ရဖို့ အကြိမ်ပေါင်း ထောင်ချီပြီး ချော့မော့ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော် သူမကို တစ်ခါမှ မပြောခဲ့ဖူးပါဘူး။

ကျွန်တော့် ရင်ခွင်ထဲမှာပဲ ကျားကျင့် အိပ်ပျော်သွားခဲ့တယ်။ အဲ့ဒီညက သူမ ထပ်ပြီး အငြင်းမပွားတော့ဘူး၊ ဒါပေမဲ့ အဲ့ဒီည တစ်ညတည်းပါပဲ။ နောက်တစ်နေ့မှာတော့ သူမက ဆေးရုံသွားပြီး ကျွန်တော့်ကိုယ်စား စိတ်ကျန်းမာရေးဆရာဝန်နဲ့ ရက်ချိန်း ယူထားခဲ့တယ်။

ကျွန်တော့်ရှေ့က ပျံ့ကြဲနေတဲ့ စာရွက်စာတမ်းတွေကို ကြည့်ပြီး ရင်ထဲမှာ ဒေါသတွေ ထွက်လာတယ်။ သူမ ဒီကိစ္စကို ရပ်လိုက်တော့မယ်လို့ ကျွန်တော် ထင်ခဲ့တာ။

"ငါ နေမကောင်းဖြစ်နေတာ မဟုတ်ဘူး။ ငါ စိတ်မနှံ့တာ မဟုတ်ဘူးဆိုတာ မင်းနားလည်အောင် ငါ ဘယ်နှစ်ခါ ပြောရဦးမလဲ" လို့ ပြောလိုက်တော့ သူမက "ဒါဆို ရှင် ဖြစ်နေတယ်ဆိုတာ ရှင် နားလည်အောင် ကျွန်မကကော ဘယ်နှစ်ခါ ပြောရမလဲ။

ရှင် တကယ်လို့ ဘာမှ မဖြစ်ဘူးဆိုရင် ဆရာဝန် စစ်ဆေးပြီးရင် အဖြေသိရမှာပဲ မဟုတ်ဘူးလား" တဲ့။

"ကိုယ့်ခန္ဓာကိုယ် ကျန်းမာလား၊ မကျန်းမာလားဆိုတာ အပြင်လူက ပြောမှ သိရမှာလား။ ငါ အကုန်လုပ်နိုင်တယ်၊ မင်းပြောတဲ့ အဲ့ဒီ အောက်တန်းကျတဲ့ ရောဂါမျိုး ငါ့မှာ ဘယ်လိုလုပ် ရှိမှာလဲ" လို့ ဒေါသတကြီး ပြောပြီး ကျွန်တော် ဒီအကြောင်းကို ဆက်မပြောချင်တော့တာနဲ့ လှည့်ထွက်ဖို့ ပြင်လိုက်တယ်။

"တကယ်လို့ ရှင် ဆရာဝန်ဆီ မသွားဘူးဆိုရင် ကျွန်မ ဗိုက်ထဲက ကေးကို ဖျက်ချလိုက်မယ်" တဲ့။ ကျွန်တော် မယုံနိုင်သလို သူမကို လှည့်ကြည့်မိတယ်။

ကျွန်တော် သူမကို တကယ်ပဲ သိခဲ့ရဲ့လားလို့ တွေးမိသွားတယ်။ ဒါပေမဲ့ ကျွန်တော် သူမကို သိတာပေါ့။ ကျွန်တော်တို့ တက္ကသိုလ် ပထမနှစ်၊ ကျောင်းအပ်တဲ့နေ့မှာ စတွေ့ခဲ့ကြတာ။ သူမရဲ့ လေးလံတဲ့ ခရီးဆောင်အိတ်ကို သူမတစ်ယောက်တည်း သယ်နေတာ မြင်လို့ ကျွန်တော် ကူသယ်ပေးပြီး အဆောင်အထိ ပို့ပေးခဲ့တယ်၊ ဖုန်းနံပါတ်လည်း ပေးခဲ့တယ်။

နောက်တော့ ကျွန်တော်တို့ ဘာသာရပ်တွေ အတူတူတက်တယ်၊ လှုပ်ရှားမှုတွေ အတူတူလုပ်တယ်။ အဲ့ဒီနောက်မှာတော့ တောအုပ်လေးထဲမှာ နေ့တိုင်း လမ်းလျှောက်ရင်း ချစ်သူတွေ ဖြစ်လာခဲ့ကြတာ။

ဟဲယုရှင်းသာ ရုတ်တရက် ပေါ်မလာခဲ့ရင် သူမဟာ ကျွန်တော့်ဘဝရဲ့ တစ်ဦးတည်းသော မိန်းမ ဖြစ်နေမှာပါ။ မဟုတ်သေးဘူး... ဟဲယုရှင်း ပေါ်လာခဲ့ရင်တောင်မှ ကျားကျင့်ကပဲ ကျွန်တော့်ဘဝ နောက်ဆုံးချိန်ကို အတူကုန်ဆုံးစေမယ့် တစ်ဦးတည်းသော မိန်းမပါပဲ။

အခုဆို သူမက ကျွန်တော့်ကလေးရဲ့ မိခင်တောင် ဖြစ်နေပြီ၊ ဒါပေမဲ့ သူမက ဒီအခြေအနေကို စွန့်လွှတ်ချင်နေတယ်၊ အရာအားလုံးကို လက်လွှတ်ချင်နေတယ်။ နားမလည်နိုင်စရာ ကောင်းတဲ့ အကြောင်းပြချက်တစ်ခုအတွက်နဲ့ သူမ ဗိုက်ထဲက ရှင်သန်နေတဲ့ အသက်လေးကို စွန့်လွှတ်ချင်နေတာတဲ့။

"မင်း စမ်းကြည့်လိုက်လေ... စုကျားကျင့်။ ငါ့ကလေး တစ်ခုခု ဖြစ်သွားရင် ငါ မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး" လို့ ပြောလိုက်မိတယ်။

All Chapters