← Chapters

လမ်းကြားထဲမှ စတင်လာသော ပြဿနာ

Vol. 14 Ch. 138

လမ်းကြားထဲမှ စတင်လာသော ပြဿနာ

Vol. 14 Ch. 138

ယန်ချင်းက အကြံပြုလိုက်သည်။

“ဒီလိုလုပ်ရင်ကော... ငါအခု နည်းနည်း ဗိုက်ဆာနေပြီ၊ မြေနွယ်စားသောက်ဆိုင်ကို အရင်လမ်းပြပေးပါလား။”

“အဲဒီရောက်မှ စားရင်းသောက်ရင်း အခကြေးငွေကိစ္စ ဆွေးနွေးကြတာပေါ့၊ ခရမ်းမြို့တော် အကြောင်းလည်း နည်းနည်း ပြောပြလို့ရတာပေါ့”

အမှန်တိုင်း ဝန်ခံလိုက်လျှင် ရိုက်နှက်ခံရမည်ဟု ကြိုတင်ပြင်ဆင်ထားသော ကျစ်တာမှာ ယန်ချင်း၏ အကြံပြုချက်ကြောင့် အံ့အားသင့်သွားပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် တစ်မိနစ်ခန့် အချိန်ယူလိုက်ရသည်။

ကျစ်တာက အရှက်ပြေရယ်မောရင်း အလျင်အမြန် ပြန်ဖြေလိုက်သည်။

“ရ... ရပါတယ် အစ်ကိုကြီး၊ အဲဒီလို လုပ်လည်း ရပါတယ်”

မြေနွယ်စားသောက်ဆိုင် ဆိုသည့်အမည်ကို ကြားလိုက်ရချိန်တွင် ကျစ်ရော့လန်၏ မျက်လုံးလေးများ အရောင်လက်သွားသော်လည်း များမကြာမီမှာပင် ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြန်လည် မှေးမှိန်သွားသည်။

အစ်ကိုဖြစ်သူ၏ ဝတ်ရုံကို ဆွဲရင်း စိုးရိမ်တကြီး မေးလိုက်သည်။

“အစ်ကိုကြီး... သူတို့က သမီးတို့ကို...”

ကျစ်တာက ညီမဖြစ်သူ၏ ခေါင်းလေးကို ပွတ်သပ်ကာ ယုံကြည်မှုရှိသော အပြုံးဖြင့် ညင်သာစွာပုတ်ရင်း နှစ်သိမ့်လိုက်သည်။

“ကိစ္စမရှိပါဘူး၊ အဲဒီမှာ စားဖို့ မတတ်နိုင်ဘူးဆိုပေမဲ့ သူတို့က ဧည့်သည်တွေကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ဘူးဆိုတဲ့ နာမည်ကောင်းရှိတာ ငါတို့ နှစ်ယောက်လုံး သိသားပဲ။”

“အဆင်ပြေသွားမှာပါ၊ အနည်းဆုံးတော့ အစ်ကိုကြီးကို အဲဒီအရောက် ပို့ပေးဖို့က လမ်းပြတွေအနေနဲ့ ငါတို့ရဲ့ တာဝန်ပဲလေ။”

“တကယ်လို့ ဝင်ခွင့်မပေးရင်လည်း အစ်ကိုကြီးစားသောက်ပြီးတဲ့အထိ အပြင်ကနေ စောင့်နေလို့ရတာပဲ... ပြီးမှ လည်ပတ်တာကို ဆက်ကြတာပေါ့။ အားလုံး အဆင်ပြေသွားမှာပါ ရော့လန်ရဲ့”

ကျစ်ရော့လန်က အသံတိုးတိုးလေးဖြင့် နာခံလိုက်သည်။

“ဟုတ်ကဲ့ပါ”

ထိုမြင်ကွင်းကို ကြည့်ရင်း ယန်ချင်းတစ်ယောက် သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

ယန်ချင်းက အတွေးနယ်ချဲ့လိုက်သည်။

“နောက်ကျရင် သူတို့ရဲ့ ပါရမီကို စမ်းသပ်ကြည့်ပြီး အဖွဲ့အစည်းမှာ ဝင်လျှောက်လို့ ရမလား ကြည့်ရမယ်။”

“သတ်မှတ်ချက်မြင့်မားတဲ့ ရာထူးတွေအတွက် ပါရမီမရှိရင်တောင် အုပ်ချုပ်ရေးဌာနမှာက အမြဲတမ်းလူအင်အား မလုံလောက်ဘဲ ဝန်ထမ်းတွေအသည်းအသန် လိုအပ်နေတာပဲလေ၊ အဲဒီမှာ ရာထူးတစ်ခုခုများ ရနိုင်မလား ကြည့်ရတာပေါ့”

“အစ်ကိုကြီး...”

ယန်ချင်းက ဖြတ်ပြောလိုက်သည်။

“ယန်ချင်းလို့ပဲ ခေါ်ပါ”

“ဟုတ်ကဲ့ပါ အစ်ကိုကြီး ယန်ချင်း။ ကျွန်တော် လမ်းပြပါ့မယ်၊ မြေနွယ်စားသောက်ဆိုင်က ဒီကနေ သိပ်မဝေးပါဘူး”

ကျစ်တာက စိတ်အားထက်သန်စွာ ဆက်ပြောပြသည်။

“အဲဒီစားသောက်ဆိုင်က ခရမ်းမြက်တွေကလွဲရင် မြို့ရဲ့ ရတနာတစ်ပါးလို့တောင် သတ်မှတ်လို့ရတယ်။ ကျွန်တော်ကတော့ ရိုးရိုးရှင်းရှင်း နေထိုင်တတ်သူမို့ အဲဒီမှာ တစ်ခါမှ မစားဖူးပါဘူး...”

“ ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်းတချို့ကတော့ စားဖူးကြတယ်။ သူတို့ရဲ့ မှတ်ချက်တွေအရဆိုရင် အဲဒီက အစားအသောက်တွေက ပေးရတဲ့ ဝိညာဉ်ကျောက်တုံး တန်ဖိုးတိုင်းနဲ့ ထိုက်တန်တယ်တဲ့”

“အဲဒီမှာ စားသောက်ရတာက ဆေးလုံးတွေ၊ ဆေးရည်တွေ သောက်သုံးရတာနဲ့ အတူတူပဲမို့ ပေးရတဲ့ ငွေကြေးထက် အများကြီးပိုတန်တယ်လို့တောင် သူတို့က သတ်မှတ်ကြတယ်။”

“ ဒါပေမဲ့ ပိုပြီးဈေးသက်သာသလို ဆေးလုံးတွေ၊ ဆေးရည်တွေ သောက်တဲ့အခါ ကြုံတွေ့ရတတ်တဲ့ ခါးသက်သက် အရသာတို့၊ ခန္ဓာကိုယ်ထဲ ဆေးအဆိပ်တွေ စုပုံလာနိုင်တဲ့ အန္တရာယ်တို့လည်း မရှိဘူးလေ”

“အဲဒီအနီးအနားက ဆေးလုံးဆိုင် တချို့ဆို သူတို့ကြောင့် အရောင်းအဝယ် နည်းနည်းတောင် ကျသွားကြတယ်။ အဲဒီရလဒ်အနေနဲ့ လတ်တလော မြို့ထဲမှာ စားသောက်ဆိုင် အရေအတွက်တွေ တိုးလာခဲ့တယ်။”

“ဘယ်ဆိုင်ကမှ မြေနွယ်စားသောက်ဆိုင်ကို မမီကြပေမဲ့ အစားအသောက်ကောင်းပြီး အပြင်အဆင်လည်း လိုက်ဖက်ညီတဲ့ အသင့်အတင့်ကောင်းမွန်တဲ့ ဆိုင်တချို့တော့ ရှိပါတယ်”

တံတွေးများ စင်ထွက်လာသည်အထိ တက်ကြွစွာဖြင့် ကျစ်တာက ဆက်ပြောလေသည်။

“အစ်ကိုကြီး စားသောက်ပြီးလို့ နောက်ထပ် ဆိုင်တစ်ဆိုင်ကို သွားကြည့်ချင်သေးတယ်ဆိုရင်... အထူးအခါသမယတွေမှာ ကျွန်တော် သွားလေ့ရှိတဲ့ ဆိုင်တစ်ဆိုင်ကို ခေါ်သွားပေးနိုင်ပါတယ်။”

“သိပ်တော့ မကြီးကျယ်ပေမဲ့ အစားအသောက်နဲ့ လေထုက အရမ်းကောင်းတယ်။”

“မြေနွယ်စားသောက်ဆိုင် ဒါမှမဟုတ် တခြားနာမည်ကြီး အဆင့်မြင့်စားသောက်ဆိုင်တွေလောက် အရည်အသွေး မကောင်းပေမဲ့ သူတို့ဆီမှာ ရှိတဲ့ ပါဝင်ပစ္စည်းတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ပြင်ဆင်ပေးကြတယ်။”

“ အဲဒီက ကိတ်မုန့်နဲ့ လက်ဖက်ရည်က အကောင်းဆုံးပဲ။ ပြီးတော့ အမြဲတမ်းတိုးတက်အောင် ကြိုးစားနေကြတယ်... အခုဆို ဝက်သားဖက်ထုပ်တွေကိုတောင် စမ်းလုပ်နေကြပြီ”

စိတ်ဝင်စားမှုအပြည့် ပါဝင်သော လေသံဖြင့် ယန်ချင်းက မေးလိုက်သည်။

“အိုး... အဲဒီစားသောက်ဆိုင် နာမည်က ဘာတဲ့လဲ”

ယန်ချင်းအတွက်တော့ အစားအသောက်ဆိုသည်မှာ အစားအသောက်ပင် ဖြစ်သည်။

အကယ်၍ မိမိ၏ အသက်မွေးဝမ်းကျောင်း လက်ရာအပေါ် စိတ်အားထက်သန်သူများက ပြင်ဆင်ထားခြင်း ဖြစ်ပါက အသုံးပြုထားသော ပါဝင်ပစ္စည်းများ၏ အရည်အသွေးကိုပင် ဂရုမစိုက်ဘဲ အလွန်အရသာရှိရှိ စားသုံးနိုင်သူ ဖြစ်သည်။

ဘေးဘက်မှနေ၍ ကျစ်ရော့လန်က မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ဖန်တီးကာ တိုးညှင်းစွာ ဝင်ဖြေလိုက်သည်။

“ဝမ်စားသောက်ဆိုင်လို့ ခေါ်ပါတယ်၊ ဆိုင်ကို ဦးစီးနေတဲ့ အဘိုးနဲ့ အဘွားက အရမ်းသဘောကောင်းကြတယ်”

ကျစ်တာနှင့် အကြောင်းရင်း မတူညီသော်လည်း ထိုစားသောက်ဆိုင်ကို သဘောကျကြောင်း ထင်ရှားနေသည်။

ယန်ချင်းက သဘောတကျ ပြုံးလိုက်သည်။

“ခရမ်းမြို့တော်ရဲ့ အကောင်းဆုံးလမ်းပြတွေဆီကနေ ဒီလောက် ချီးကျူးခံနေရမှတော့ မထွက်ခွာခင် အဲဒီက အစားအသောက်ကို အနည်းဆုံးတစ်ခါလောက် သွားမစမ်းကြည့်ရင် ငါက အရူးဖြစ်သွားမှာပေါ့”

ကျစ်ရော့လန်ကလည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ထောက်ခံနေစဉ် ကျစ်တာက ပျော်ရွှင်စွာဖြင့် အာမခံလိုက်သည်။

“အစ်ကိုကြီး ယန်ချင်း... လုံးဝနောင်တရမှာ မဟုတ်ပါဘူး”

ဝမ်စားသောက်ဆိုင်အကြောင်း ပြောနေစဉ် ကျစ်တာပြသခဲ့သော အပြုံးမှာ သူတို့ ခဏတာ အပြန်အလှန် စကားပြောဆိုမှုအတွင်း အစစ်မှန်ဆုံး အပြုံးတစ်ခု ဖြစ်ကြောင်းကို ယန်ချင်း သတိပြုမိလိုက်သည်။

…

လမ်းလျှောက်သွားနေစဉ်အတွင်း ကျစ်တာသည် လမ်းပြတစ်ဦး၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေသည်။

စီးပွားရေး လုပ်ငန်းများအကြောင်း အကျဉ်းချုပ် မိတ်ဆက်ပေးသည့်အပြင် ဟိုဟိုဒီဒီ ဗဟုသုတအသေးအဖွဲလေးများကိုပါ ထည့်သွင်း ပြောပြနေသည်။

မျှဝေစရာ သတင်းအချက်အလက်တွေ အများကြီး ရှိပြီး အသေးစိတ် အချက်အလက်တွေကို မှတ်သားတဲ့နေရာမှာ တော်တယ်ဟု ကျစ်တာ ပြောခဲ့ခြင်းမှာ မျက်နှာပြောင်တိုက်ပြီး ဝင့်ကြွားနေခြင်း သက်သက်မဟုတ်ကြောင်း ယန်ချင်း ဝန်ခံရမည် ဖြစ်သည်။

သူ၏ ထိုးထွင်းသိမြင်မှု အချို့မှာ အလွန်စေ့စပ်သေချာစွာ အကဲခတ်တတ်သူများသာ ရရှိနိုင်သော အချက်များ ဖြစ်နေသောကြောင့်ပင်။

သတင်းအချက်အလက်များက မနားတမ်း ရေပန်းကဲ့သို့ ပန်းထွက်နေသဖြင့် ဆယ်မိနစ်နီးပါး အချိန်ကုန်လွန်သွားခဲ့ပြီး၊ ကျစ်ရော့လန်ကလည်း ရံဖန်ရံခါ ဘေးမှနေ၍ ရှက်ရွံ့စွာဖြင့် အမြင်လေးများကို ဝင်ရောက် ဖြည့်စွက်ပေးနေသည်။

လမ်းလျှောက်လာရင်းနှင့် ရှက်ရွံ့မှုများ တဖြည်းဖြည်း လျော့နည်းလာကာ ကျစ်တာ ပြောပြနေသော အသေးစိတ်အချက်အလက်များ၏ တိကျမှုနှင့် ပတ်သက်၍ အစ်ကိုဖြစ်သူနှင့် တစ်ခါတစ်ရံ အငြင်းပွားလာသည်အထိပင်။

ယန်ချင်းသည် မောင်နှမနှစ်ဦး၏ ဆက်ဆံရေးကို နှစ်သက်သဘောကျစွာဖြင့် ဟိုဟိုဒီဒီ မေးခွန်းအနည်းငယ်ကို ရံဖန်ရံခါ ဝင်ရောက် မေးမြန်းပေးနေသည်။

နောက်ထပ်မေးခွန်းတစ်ခု မေးရန် ပြင်လိုက်စဉ်မှာပင် ယန်ချင်းမှာ ရုတ်တရက် ရပ်တန့်သွားသည်။

ညာဘက်ရှိ လမ်းကြားတစ်ခုထဲသို့ လှည့်ပတ် စူးစမ်းလိုက်ပြီးမှသာ မောင်နှမနှစ်ဦး၏ လမ်းပြမှုဆီသို့ အာရုံပြန်လှည့်လိုက်သည်။

ထိုကလေးနှစ်ဦးမှာ သူတို့၏ အခန်းကဏ္ဍများတွင် အလွန်နစ်မြောနေကြသဖြင့် ယန်ချင်း၏ ခေတ္တ ရပ်တန့်သွားမှုကို သတိပြုမိပုံ မပေါ်ပေ။

ယန်ချင်းက အတွေးနယ်ချဲ့လိုက်သည်။

“အစောင့်စခန်းက တစ်ယောက်ယောက်များလား၊ မဟုတ်ဘူး... မဖြစ်နိုင်ဘူး၊ ပုန်းနေစရာ အကြောင်းမှ မရှိတာ။”

“ ပြီးတော့ အခြေတည်အဆင့်ရဲ့ ဒုတိယအဆင့်လောက် ရှိတဲ့သူက ခရမ်းမြို့တော်မှာ အစောင့် လုပ်ဖို့ အရည်အချင်း ပြည့်မီမယ် မထင်ဘူး၊ နောက်ယောင်ခံ လိုက်နေတာ ငါ့ကို မဟုတ်လောက်ဘူး”

မောင်နှမ နှစ်ဦးဆီသို့ မျက်လုံးများကို ကျဉ်းမြောင်းကာ ကြည့်ရင်း တွေးလိုက်မိသည်။

….

ချိုင့်ဝင်နေသော မျက်လုံးများ၊ သိမ်းငှက်ကဲ့သို့ ချွန်မြနေသော နှာခေါင်းနှင့် မျက်နှာပေါ်တွင် ဓားဒဏ်ရာ အနည်းငယ် ရှိသည့် ပိန်ပါးပါး အမျိုးသားတစ်ဦးက တီးတိုး ရေရွတ်လိုက်သည်။

“ငါ့ကို သတိထားမိသွားတာလား”

အဆောက်အအုံများမှ ကျရောက်နေသော အရိပ်များကို အခွင့်ကောင်းယူကာ ပုန်းအောင်းနိုင်ရန် လမ်းကြားထဲရှိ နံရံတစ်ခုတွင် ကိုယ်ကို ဖိကပ်ထားလေသည်။

ယန်ချင်း ရှိရာဘက်သို့ သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းကို အလျင်အမြန် ပြန်သွင်းလိုက်သည်။

သိမ်းငှက်နှာခေါင်းနှင့် လူက တီးတိုး ရေရွတ်လိုက်သည်။

“ဟိုကောင်လေးက ဘာလဲ၊ အဲဒီကလေးတွေ ပစ်မှတ်ထားနေကျ လွယ်လွယ်ကူကူ အလိမ်ခံရမယ့် ငကြောင်တစ်ယောက် မဟုတ်ဘူးလား၊ ငါပဲ အရမ်း အာရုံများနေလို့လား မသိပါဘူး။”

“ငါ့ကို သတိမထားမိပါဘူးလေ၊ ဘာပဲဖြစ်ဖြစ် အခု ကလေးတွေရဲ့ တည်နေရာကို အတည်ပြုနိုင်ပြီဆိုတော့ သူဌေးကို အကြောင်းကြားလို့ ရပြီ” ဟောင်းနွမ်းနေသော ဆက်သွယ်ရေး အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။

သိမ်းငှက်နှာခေါင်းနှင့် လူက အနည်းငယ်တုန်ယင်နေသော လေသံဖြင့် သတင်းပို့လိုက်သည်။ “သူဌေး... ကျွန်တော်ပါ၊ အဲဒီ ကလေးနှစ်ယောက်ကို တွေ့ပြီ”

တစ်ဖက်မှ ကြမ်းတမ်းသော အသံတစ်ခုက မေးလိုက်သည်။

“သူတို့ ဘယ်မှာလဲ”

“မြေနွယ်စားသောက်ဆိုင်နဲ့ မီတာအနည်းငယ် အကွာမှာပါ၊ လူငယ်တစ်ယောက်ကို လမ်းပြပေးနေတယ်”

“ဆက်လိုက်သွား... အချိန်တိုင်း မျက်စိအောက်မှာပဲ ရှိနေပါစေ။ ခြေရာမပြတ်စေနဲ့”

သိမ်းငှက်နှာခေါင်းနှင့် လူသည် ပြန်မဖြေမီ ခေတ္တမျှ တွန့်ဆုတ်နေလိုက်သည်။ နောက်ဆုံးတွင် သွားကို ကြိတ်ကာ စိုးရိမ်ပူပန်မှုများကို ဖွင့်ဟရန် ဆုံးဖြတ်လိုက်သည်။

သိမ်းငှက်နှာခေါင်းနှင့် လူက စိုးရိမ်တကြီး ပြောလိုက်သည်။ “သူဌေး... သူတို့ လမ်းပြပေးနေတဲ့ လူငယ်က ကျွန်တော်နောက်ယောင်ခံ လိုက်နေတာကို သတိထားမိသွားတယ် ထင်တယ်”

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေသည့် အသံကို ကြားလိုက်ရသည်။ အဖြေကို စောင့်ဆိုင်းနေစဉ်အတွင်း စိုးရိမ်တကြီးဖြင့် အသက်အောင့်ထားမိသည်။

“ကိစ္စမရှိဘူး၊ ဆက်သာ လိုက်ထား၊ မိုမျိုးနွယ်စုက သခင်လေး တစ်ယောက်က အဲဒီမောင်နှမနှစ်ယောက်ကို မျက်စိကျနေပြီး ဒီနေ့ သူ့ဆီ ခေါ်လာပေးဖို့ ပြောထားတယ်”

“အဲဒီ မောင်နှမနှစ်ယောက်နဲ့ အရင်က ရှိခဲ့တဲ့ ပတ်သက်မှုရယ်၊ ငါ့အတွက် ပိုက်ဆံတွေ အများကြီး ရှာပေးခဲ့တာတွေကို ထောက်ထားပြီး... ဒီည မပို့ခင် အတူတူနေဖို့ နာရီအနည်းငယ်လောက် အချိန်ပေးဖို့ ဆုံးဖြတ်လိုက်တာ။”

“အဲဒီအချိန်မတိုင်ခင် နောက်ပိုင်း သံသွားကို လွှတ်ပြီး သွားမခေါ်ခင်အထိ သူတို့ရဲ့ တည်နေရာကို အမြဲတမ်းသိနေဖို့ လိုတယ်၊ ဟိုကောင်လေး ကျစ်တာက အမြဲတမ်းပြောင်ချော်ချော်နေတတ်ပေမယ့် သတိကြီးတဲ့ ကောင်စုတ်လေးပဲ”

ကြမ်းတမ်းသော အသံပိုင်ရှင်က ဆက်သွယ်မှုကို အဆုံးမသတ်မီ အမိန့်ပေးလိုက်သည်။

“အလုပ်ကို သေချာလုပ်စမ်း၊ ရင်းနှီးရမယ့် အရာတွေ အများကြီးပဲ၊ မိုမျိုးနွယ်စု သခင်လေးရဲ့ အကူအညီနဲ့ဆိုရင် ငါတို့ မြွေပွေးနက်ဂိုဏ်းက ကျားလက်သည်းဂိုဏ်း ၊ ကျောက်စိမ်းကင်းမြီးကောက်ဂိုဏ်းနဲ့ သွေးနီရောင်ဓားဂိုဏ်းတို့လိုမျိုး ဈေးကွက် နယ်မြေမှာ ထိပ်တန်းမြေအောက်ဂိုဏ်း တစ်ခုအနေနဲ့ ပူးပေါင်းနိုင်လိမ့်မယ်၊ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့၊ ရှုဝေ”

ထိုနေရာတွင် မည်သူမျှ မရှိသော်လည်း သိမ်းငှက်နှာခေါင်းနှင့် လူမှာ ဆက်သွယ်ရေး အဆောင်ကို သိမ်းဆည်းလိုက်စဉ် တုန်ရီနေလေသည်။

…

နောက်ဆုံးတွင် မြေနွယ်စားသောက်ဆိုင် အဝင်ဝ၌ ရပ်တန့်လိုက်ချိန်တွင် ယန်ချင်းက တိတ်တဆိတ် ရေရွတ်လိုက်သည်။

“အော်...သူတို့ ပစ်မှတ်ထားနေတာက ဒီကလေးတွေကိုး”

All Chapters