ဝမ်စားသောက်ဆိုင်မှ ကြိုဆိုခြင်း
Vol. 14 Ch. 140
တွေ့ကြုံရသမျှကို အကဲခတ်ရင်း ယန်ချင်းက တွေးလိုက်သည်။
“အနည်းဆုံးတော့ သူတို့အားလုံး ဆိုးမနေပါဘူး... ဒါပေမဲ့ ဒီအပြုအမူနဲ့တင် ရနံ့တစ်ထောင်စားသောက်ဆိုင်နဲ့ အဖွဲ့အစည်းက တခြားစားသောက်ဆိုင်တွေကို မမီဘူးပဲ။”
အခြေခံစည်းမျဉ်းတစ်ခုအနေဖြင့် အဖွဲ့အစည်းပိုင်နက်အတွင်းရှိ စားသောက်ဆိုင်အားလုံးသည် အလွှာပေါင်းစုံမှ ဖောက်သည်များအတွက် သင့်တော်မည့် ဟင်းလျာစာရင်းကို ဖန်တီးထားရသည်။
အဆင့်နိမ့်မှသည် အဆင့်မြင့်အထိ ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူနိုင်သော အစားအသောက်များ၊ ရွှေပြား ငွေပြားများဖြင့် ဝယ်ယူနိုင်သော အစားအသောက်များ စသည်ဖြင့် စကားလုံး၏ အဓိပ္ပာယ်အရကိုပင် လူတန်းစားမရွေး အားလုံးအကျုံးဝင်စေရန် လိုအပ်သည်။
….
ယန်ချင်းက လှည့်ထွက်ရန် ပြင်ရင်း ရှင်းပြလိုက်သည်။
“တောင်းပန်ပါတယ်။ ကျွန်တော်က ဒီမြို့ကို အခုမှ ရောက်လာတဲ့ ဧည့်သည်အသစ်မို့ ကြေညာချက် ထုတ်တုန်းက မသိလိုက်လို့ပါ။”
“ ကျုံရွှမ်က သူ့ဆိုင်နားရောက်ရင် ဝင်ခဲ့ဖို့ ဖိတ်ထားလို့ ဝင်လာတာပါ။ အခုလို အတင်းဝင်လာမိတဲ့အတွက် ထပ်ပြီး တောင်းပန်ပါတယ်။”
“ကျွန်တော် ပြန်ပါတော့မယ်။ သူ ပြန်လာရင် ယန်ချင်း ဝင်သွားတယ်လို့ ပြောပေးပါ။”
သူ၏ ဧကရာဇ်အာရုံဖြင့် စားသောက်ဆိုင်တစ်ခုလုံးကို စူးစမ်းကြည့်လိုက်သောအခါ ကျုံရွှမ်၏ အရှိန်အဝါကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ။
ယန်ချင်းက မောင်နှမနှစ်ဦးကို ညင်သာစွာခေါ်လိုက်သည်။
“သွားကြရအောင်။”
ကလေးနှစ်ဦးလည်း ခေါင်းညိတ်ကာ သူနှင့်အတူ လှည့်ထွက်လာခဲ့ကြသည်။
လူလတ်ပိုင်းကြီးမှာ ယန်ချင်း၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ကျန်ရစ်ခဲ့သော်လည်း တားဆီးရန်မူ မကြိုးစားခဲ့ပေ။
သူကိုယ်တိုင် ဝင်ရောက်စွက်ဖက်ရခြင်း၏ အကြောင်းရင်းမှာ ယန်ချင်းထံတွင် လွှမ်းခြုံနေသော ထူးဆန်းမှုများကြောင့် ဖြစ်သည်။
အပြင်ပန်းတွင် အသက် ၂၀ အရွယ်ခန့်သာ ရှိပြီး ကျင့်ကြံခြင်းအဆင့် လုံးဝမရှိသော လူငယ်တစ်ဦးဟု ထင်ရသော်လည်း၊ အခြေတည်အဆင့် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ အင်အားကို အသုံးမပြုပါက ဖွင့်မရအောင် ကန့်သတ်ထားသော သူတို့၏ တံခါးကို အလွယ်တကူ ဆွဲဖွင့်နိုင်ခဲ့သည်။
ဤမျှ နီးကပ်သော အကွာအဝေးမှပင် လူလတ်ပိုင်းကြီးမှာ ယန်ချင်းထံမှ မည်သည့် ချီအတက်အကျကိုမျှ အာရုံမခံမိပေ။
ထို့ကြောင့် သူက ယဉ်ကျေးစွာဆက်ဆံရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး၊ ဆိုင်ရှင်နှင့် သူငယ်ချင်းဖြစ်သည် ဆိုသောအချက်လည်း ပါဝင်သည်။
ထိုစကားက မည်မျှ မှန်ကန်သည်ကိုမူ မသေချာပေ။ အဘယ်ကြောင့်ဆိုသော် လူအများအပြားသည် စားသောက်ဆိုင်ထဲ ဝင်ခွင့်ရရန်၊ အထူးသဖြင့် ထိုင်စရာ နေရာမရှိချိန်များတွင် ထိုစကားမျိုးကိုပင် အသုံးပြုလေ့ ရှိကြသောကြောင့် ဖြစ်သည်။
ယန်ချင်းနှင့် ပတ်သက်သည့် ကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်ကာ လက်ရှိအလုပ်ကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်ရင်း လူလတ်ပိုင်းကြီးက တွေးလိုက်သည်။
“သူ့ နောက်ခံက ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ရွှေဝါးရုံစံအိမ်ရဲ့ ကျောထောက်နောက်ခံ ရှိတဲ့ ဒီစားသောက်ဆိုင်ကိုတော့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။”
“ဒါနဲ့ စကားမစပ်... ပင်မရုံးချုပ်က ဧည့်သည်နဲ့ ခရမ်းမြို့တော်ဌာနခွဲမှူးကို ဧည့်ခံဖို့ သခင်လေး အချိန်မီ ရောက်လာပါစေလို့ပဲ ဆုတောင်းရမယ်။”
ထို့နောက် အလုပ်သမားများ ပိုမိုသွက်လက်စွာ လှုပ်ရှားလာစေရန် အမိန့်များကို ဆက်လက် အော်ဟစ်နေလေသည်။
….
ယန်ချင်းနှင့် ကျစ် မောင်နှမတို့မှာ မြေနွယ်စားသောက်ဆိုင်မှ မီတာအနည်းငယ်မျှ ဝေးကွာသွားပြီဖြစ်ပြီး ဝမ်စားသောက်ဆိုင်ဆီသို့ ဦးတည်သွားနေကြသည်။
ဝမ်စားသောက်ဆိုင်မှာ မြေနွယ်စားသောက်ဆိုင်နှင့် အတော်လေး ဝေးကွာသောကြောင့် ထိုနေရာသို့ ရောက်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
လမ်းများ၊ အဆောက်အအုံများနှင့် ဆိုင်များမှာ မြေနွယ်စားသောက်ဆိုင် ရှိသော လမ်းနှင့် ယှဉ်လျှင် အဆင့်အတန်း အတော်လေးနိမ့်ကျနေပုံရသည်။
အခြေခံ အဆောက်အအုံပိုင်းအရ ကြည့်လျှင် အသင့်အတင့် ကောင်းမွန်နေသေးသော်လည်း၊ လက်မှုပညာရှင် တစ်ဦး မဟုတ်သူပင်လျှင် ဤနယ်မြေ နှစ်ခုကြားရှိ ကြီးမားသော အဆင့်အတန်း ကွာဟချက်ကို သတိပြုမိနိုင်ပေသည်။
ကျစ်တာ၏ ပြောပြချက်အရ ဤနေရာကို အောက်ဘက် ဈေးကွက်နယ်မြေဟု ခေါ်ဆိုပြီး၊ မြေနွယ်စားသောက်ဆိုင်နှင့် အခြားဆိုင်ကြီးများ တည်ရှိရာ နေရာကို အထက်ဘက် ဈေးကွက်နယ်မြေဟု ခေါ်ဆိုကြောင်း ယန်ချင်း သိလိုက်ရသည်။
မြေနွယ်စားသောက်ဆိုင်မှ ထွက်ခွာလာပြီးနောက် သူတို့အားလုံးမှာ နှုတ်ဆိတ်နေသည့် သဘောတူညီချက် တစ်ခု ရယူထားသည့်အလား ထိုနေရာတွင် ဖြစ်ပျက်ခဲ့သည်များကို ဘာမှ ထုတ်မပြောခဲ့ကြပေ။
ဝမ်စားသောက်ဆိုင်သို့ သွားရန် ယန်ချင်းက အကြံပြုလိုက်ရာ မောင်နှမနှစ်ဦးလုံး အလွန်သဘောကျသွားပြီး အစောပိုင်းက ညှိုးငယ်နေမှုများ အလျင်အမြန် ပျောက်ကွယ်ကာ တက်ကြွလာကြသည်။
အနည်းဆုံးတော့ အပြင်ပန်းတွင် ထိုသို့ ထင်ရသော်လည်း၊ ဝမ်စားသောက်ဆိုင်သို့ မရောက်မီ လမ်းတစ်လျှောက် ဖြတ်သန်းသွားသော နေရာများအကြောင်းကို လမ်းပြအနေဖြင့် ပြန်လည် ရှင်းပြကာ ဖုံးကွယ်ရန် ကြိုးစားနေကြသည့်တိုင် သူတို့၏ မျက်လုံးများထဲတွင် နက်ရှိုင်းစွာဖုံးကွယ်ထားသော ဝမ်းနည်းမှုများကို ယန်ချင်း မြင်တွေ့နေရသည်။
ကြိုတင် ပြောပြထားသည့်အတိုင်းပင် ၎င်းမှာ နံ့သာဖြူသားများဖြင့် တည်ဆောက်ထားသော သုံးထပ် စားသောက်ဆိုင်ငယ်လေး တစ်ခုဖြစ်ပြီး၊ အတွင်းပိုင်း အပြင်အဆင်မှာ သစ်သား ထိုင်ခုံဝိုင်းများ၊ စားပွဲများနှင့် နေရာအနှံ့တွင် လန်းဆန်းမှု အနည်းငယ် ပေးစွမ်းနိုင်သော အလှစိုက်ထားသော သစ်ပင်အနည်းငယ်တို့ဖြင့် ရိုးရှင်းလှသည်။
အထူးသဖြင့် ပျော်ရွှင်စွာရယ်မောသံများ၊ အငမ်းမရစားသောက်နေသံများနှင့် စားပွဲဝိုင်းများကြား ကူးလူးဆက်သွယ် စကားပြောဆိုသံများဖြင့် လှိုက်လှဲစွာ ကြိုဆိုနေပြီး သက်ဝင်လှုပ်ရှားနေသော နေရာလေးတစ်ခုဖြစ်သည်။
၎င်းက ယန်ချင်းကို အဖွဲ့အစည်းမှ စားသောက်ဆိုင်များ၏ ညစာစားချိန်ကို သတိရသွားစေသည်။
လူတိုင်းနီးပါး အလုပ်ဆင်းပြီးနောက် ထိုအချိန်တွင် အားလုံးအတူတူ ဆုံတွေ့ကြကာ၊ မတူညီသော ဌာနများမှ ဝန်ထမ်းများက ရယ်မောသံများ၊ နောက်ပြောင်သံများနှင့်အတူ အရသာရှိသော အစားအသောက်များကို မျှဝေစားသုံးတတ်ကြသည်။
ယန်ချင်းက ပြုံးရင်း မှတ်ချက်ချလိုက်သည်။
“ဒီနေရာလေး ကောင်းသားပဲ။”
ကျစ်တာက သူ၏ နှာခေါင်းကို လက်ညှိုးဖြင့် ပွတ်သပ်ရင်း ဝင့်ကြွားစွာ ပြန်ပြောလိုက်သည်။
“ပြောသားပဲ။”
“ကျစ်တာ... မင်း ဘာအကြံအစည်တွေ ထုတ်နေပြန်ပြီလဲ။ သနားစရာ ရော့လန်လေးကိုတော့ ဒီထဲ ဆွဲမသွင်းသင့်ဘူးနော်။”
“ရော့လန်... အဘွားဝမ်ကို ငါ့စာရင်းနဲ့ တိမ်ပြာကိတ်မုန့် ယူခိုင်းလိုက်လေ။”
“ငါ့စာရင်းထဲလည်း ဆီးသီးဖျော်ရည်တစ်ခွက် ထည့်လိုက်။”
“ငါ့စာရင်းထဲတော့ ဖက်ထုပ်နည်းနည်း ထည့်။”
ကျစ်တာနှင့် ကျစ်ရော့လန်တို့ ဝင်လာသည်ကို မြင်သောအခါ ဖောက်သည်အချို့က ဝင်ရောက် နောက်ပြောင်လိုက်ကြသည်။
ကျွေးမွေးမည့် အစားအသောက်များတွင် မိမိနာမည် မပါလာသည်ကို ကြားလိုက်ရသဖြင့် ကျစ်တာက အလျင်အမြန် မေးလိုက်သည်။
“ကျွန်တော့်အတွက်ကော ဘာမှမရဘူးလား။”
“လောင်းကြေးရှုံးထားလို့ ငါ့ကို ပေးစရာရှိတဲ့ ငွေပြားလေးတွေ အရင် ပြန်ဆပ်ဦး။”
“ကျစ်တာ... နယ်ကလာတဲ့ ငါ့ရဲ့သွေးသောက်ညီအစ်ကို တစ်ယောက်ကို အကောင်းဆုံးပန်းပဲဆိုင်ကို လမ်းပြပေးမယ်ဆိုပြီး ရွှေပြား ၄ ပြား ယူသွားတဲ့အပြင် ဟိုရောက်တော့ အဆမတန်ခေါင်းပုံဖြတ်ခံရအောင် လုပ်ထားသေးတယ်... မင်းက ဘယ်လိုလုပ် ဒီလောက်တောင် မျက်နှာပြောင်တိုက်နိုင်ရတာလဲ။”
“နေပါဦး၊ သူက မင်းကိုလည်း အဲဒီလို လုပ်ခဲ့တာလား။ ငါ့ရဲ့ ဦးလေးဘက်က မြေးမလေးကိုလည်း အဲဒီလိုပဲ လုပ်ခဲ့တာလေ။ အခုတော့ ငါ သူတို့ဆီ သွားလည်လို့တောင် မရတော့ဘူး။”
“ သူတို့အိမ်က ဝိညာဉ်စုစည်းခြင်းအစီအရင် ဘယ်လောက်တောင် ကောင်းလိုက်လဲဆိုရင် ဧည့်ဂေဟာလေးမှာတောင်... ဟင်း... ကျစ်တာ... မင်း တော်တော် ယုတ်မာတဲ့ကောင်။”
“ဘာလို့ ကိုယ်ပိုင်သတင်းအချက်အလက် အဖွဲ့အစည်း မထောင်တာလဲ။ မင်းက အဲဒီလို အဖွဲ့အစည်းတစ်ခုကို သေချာပေါက်ရပ်တည်နိုင်အောင် လုပ်ပေးနိုင်တယ်ဆိုပြီး အမြဲတမ်း ကြွားနေတာပဲလေ။”
“ သတင်းပွဲစားလုပ်လို့ ရတဲ့ ပိုက်ဆံတွေနဲ့ဆို ငါတို့ကို ခုလို ကပ်စေးနဲပြီး ကြွားလုံးထုတ်နေမယ့်အစား နှစ်ချီပြီးတောင် ကျွေးထားလို့ ရနေပြီ။”
“သူ အဲဒီလို လုပ်မယ်မထင်ဘူး။ သူ ဘယ်လောက် ကပ်စေးနဲလဲဆိုတာ ငါတို့အားလုံး အသိပဲလေ။ ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကြီးတစ်ခုလုံးကို ရှာတွေ့ရင်တောင် ငါတို့ဆီက အခမဲ့ အစားအသောက် ရအောင် နှိုက်ထုတ်နေဦးမယ့်ကောင်။”
“ဟုတ်တယ်... သူက အဲဒီလို လူစားမျိုး။ ကပ်စေးနဲတဲ့ ပိုက်ဆံမက်လေး။”
ကျစ်ရော့လန်နှင့် ပတ်သက်လျှင် ကြင်နာတတ်သော လေသံများသည်၊ ကျစ်တာ အလှည့်ရောက်သောအခါ လက်စားချေလိုသော ဒေါသများနှင့် ပြာကျသွားစေမည့် စကားလုံးများအဖြစ် ရုတ်တရက် ပြောင်းလဲသွားကြလေသည်။