← Chapters

သူ့ကို ဘေးကင်းအောင်ထားပါ

Vol. 9 Ch. 898

သူ့ကို ဘေးကင်းအောင်ထားပါ

Vol. 9 Ch. 898

အဏ္ဏဝါခေါ်သံဂိုဏ်းရှိ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ တောင်တန်းများထဲတွင် မျောက်တစ်ကောင်သည် အရက်ပုလင်းတစ်ပုလင်းကို မော့လိုက်၊ ချလိုက်လုပ်၍ ထိုင်နေသည်။ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးကို မော့ကြည့်နေသည့် သူ၏မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်တစ်ခု တောက်ပနေသည်။

" ဒီလိုအရာမျိုးကို မြင်ရတာနဲ့တင် ပေးဆပ်ခဲ့ရသမျှ တန်နေပြီ။ ငါပြန်လာနိုင်အောင်လို့ အခုထက်ကြီးကြီးမားမား ပေးဆပ်ရမယ်ဆိုရင်တောင် တန်တယ်ဟေ့ "

မျောက်သည် ဟက်ဟက်ပက်ပက်ရယ်မောကာ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ ရှိရာဘက်သို့ ကြည့်လိုက်သည်။ သူကြည့်နေသည်မှာ ပိုင်ရှောင်ချန်းမဟုတ်ပဲ တောင်တန်းတစ်ခုပေါ်တွင် အသက်မဲ့သောမျက်ဝန်းများဖြင့် ထိုင်နေသည့် ယုန်တစ်ကောင်ကိုပင် ဖြစ်သည်။

ထိုယုန်ကလေးမှာ တစ်ခါတရံဆိုလျှင် အသိစိတ်ပြန်ဝင်လာပါသော်လည်း အခြားအချိန်များတွင်မူ သူ၏ အသိစိတ်များမှာ ရှုပ်ထွေးနေသည်သာဖြစ်သည်။ ယခုတွင်မူ သူ၏ အသိစိတ်အာရုံများကို အပြည့်အဝပိုင်ဆိုင်ထားသည်ဖြစ်သဖြင့် သူ၏စိတ်နှလုံးမှာ အလွန်အမင်း လှုပ်ရှားနေပြီဖြစ်သည်။

တစ်ဂိုဏ်းလုံးတွင် အားပေးသံများ၊ ကြွေးကြော်သံများဖြင့် ဆူညံနေသည်။ ပိုင်ရှောင်ချန်းမှာ လွန်စွာအားရကျေနပ်နေ၏။ ယခုတွင် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်သွားပြီ ဖြစ်သဖြင့် သူ့အပေါ်ရှိ ဖိအားများစွာ လျော့ကျသွားပြီလည်းဖြစ်သည်။

ယခုတွင် သူသည် အလွန်အမင်း နောက်ဆံတင်းနေစရာ မလိုတော့ပဲ အဏ္ဏဝါခေါ်သံဂိုဏ်းမှထွက်၍ ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ သွားနိုင်ပြီဖြစ်သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းထဲတွင်ရှိသော သူ၏မြင့်မားလှသော ရာထူးအဆင့်အတန်းကြောင့် လက်အောက်ခံဂိုဏ်းတစ်ဂိုဏ်းအဖြစ် ရှိနေသည့် အဏ္ဏဝါခေါ်သံဂိုဏ်း၏ အခြေအနေမှာလည်း ပို၍တည်မြဲသွားပြီဖြစ်သည်။

ထို့အပြင် စိတ်စွမ်းအင်နတ်ရေစင် ခေါင်းဆောင်ကြီးလည်း ရှိနေမည်ဖြစ်သဖြင့် ဂိုဏ်းအား ခြိမ်းခြောက်လာနိုင်မည့် တစ်ခုတည်းသောအရာမှာ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူ တစ်ယောက်သာဖြစ်သည်။ အခြားသူများဆိုပါက ဂိုဏ်းကို ပြဿနာရှာရန် နှစ်ကြိမ်၊သုံးကြိမ်သာမက လေးကြိမ်ခန့်အထိပင် ပြန်လည် ဆင်ခြင်တွေးတောနေရမည်သာဖြစ်သည်။

ထို့အပြင် နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများဆိုသည်မှာ ပေါပေါပဲပဲ ရှိနေသည် မဟုတ်ပေ။ ကောင်းကင်တံတားမြစ်ဒေသ တစ်ခွင်လုံးတွင် လေးယောက်သာရှိသည်ဖြစ်ပြီး သူတို့အားလုံးမှာ မြစ်ဝဂိုဏ်းများ၏ ခေါင်းဆောင်ကြီးများ ဖြစ်နေကြသည်။

သုံးရက်တာဆိုသော အချိန်မှာ လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားသည်။ စိတ်စွမ်းအင်နတ်ရေစင် ခေါင်းဆောင်ကြီး၏ သတင်းများမှာ အလယ်ဒေသ၏ ကျင့်ကြံခြင်းလောကတွင် ပျံ့နှံ့နေပြီဖြစ်သောကြောင့် လက်ရှိတွင် နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်မှ မပိုင်ဆိုင်ထားကြသည့် အခြားဂိုဏ်းသုံးဂိုဏ်းမှာ ပြဿနာမရှာရဲကြတော့ပေ။ ထို့အပြင် သူတို့သည် အဏ္ဏဝါခေါ်သံဂိုဏ်းအား လက်ဆောင်ပဏ္ဍာများပင်ဆက်သ၍ ကြည်ကြည်ဖြူဖြူ လေးလေးစားစား ဦးညွှတ်နေကြပြီဖြစ်သည်။

အကြီးဆုံးဖြစ်သော ထိုဂိုဏ်းသုံးဂိုဏ်းပင် ထိုသို့ပြုမူနေပြီသဖြင့် အခြား အသေးစားဂိုဏ်းများနှင့် ကျင့်ကြံသူမျိုးနွယ်စုများဆိုလျှင် ဖော်ပြနေစရာပင် မလိုတော့ပေ။ ထိုသတင်းများမှာ အောက်ပိုင်းဒေသများအထိ ပျံ့နှံ့သွားကြသဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်းအပေါ်ထားရှိကြသည့် ကြည်ညိုလေးစားမှုများမှာ ပို၍ကြီးထွား ပွားများလာကြတော့သည်။

အောက်ပိုင်းဒေသရှိ ဂိုဏ်းများစွာမှာ အလယ်ဒေသ၏ အခြားဂိုဏ်းသုံးဂိုဏ်း၏ အချုပ်အခြာအာဏာအောက်သို့ ကျရောက်ခဲ့ရသည်။ သို့သော် ယခုအခါ အဏ္ဏဝါခေါ်သံဂိုဏ်းသည် အလယ်ဒေသတွင် နံပါတ်တစ်ဂိုဏ်း ဖြစ်နေပြီဖြစ်သဖြင့် အောက်ပိုင်းဒေသရှိ အသေးစား ဂိုဏ်းများမှာ သူတို့ကို အမျက်ထွက်အောင် ပြုမူမိပါက ဆိုးရွားလှသော အကျိုးဆက်များကို ခံစားရမည်ဖြစ်ကြောင်း သိကြသည်။

အဏ္ဏဝါခေါ်သံဂိုဏ်းသည် အလယ်ဒေသ၊ အောက်ပိုင်းဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသအားလုံးကို အပြီးတိုင် မသိမ်းသွင်းရသေးပါသော်လည်း သူတို့၏အာဏာသည် အမြင့်ဆုံးသော အဆင့်အထိ ရောက်ရှိနေပြီဖြစ်သည်။

ထိုအချင်းအရာကို ရှင်းကုံကျစ်တာအိုဂိုဏ်းကလည်း သတိထားမိပေသည်။ သာမန်အခြေအနေဆိုလျှင် အဖွဲ့အစည်းတစ်ခုထဲက ထိုပမာဏအထိ တန်ခိုးထွားလာသည်ကို သူတို့သည် တားဆီးရန် ကြားဝင်မည်သာဖြစ်သည်။ ထိုအခြေအနေမျိုးသည် ဂိုဏ်းထဲရှိ အခြားနတ်အဆင့်ခေါင်းဆောင်ကြီးများအတွက် ရရှိနိုင်သည့် အထောက်အပံ့ပစ္စည်းများအပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်သည် မဟုတ်လော။

သို့သော်လည်း ပိုင်ရှောင်ချန်းမှာ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးကိုယ်တိုင် အသိအမှတ်ပြုခဲ့ရသည်အထိအောင် တိုက်ပွဲတွင် ကြီးမားသော ဂုဏ်အရှိန်အဝါတစ်ခုကို စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့မှာ အံကြိတ်၍ ထိုအခြေအနေကို လက်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ သူတို့သုံးယောက်စလုံးမှာ ထိုအခြေအနေကို တွေးတောမိပါသော်လည်း ပိုင်ရှောင်ချန်းကို အလွန်အမင်းကြောက်ရွံ့နေကြသဖြင့် ကန့်ကွက်လိုကြောင်း တစ်ခွန်းတလေပင် မပြောကြပေ။

ထိုဖြစ်ရပ်ကြောင့် အထိနာသွားခဲ့သည့် နတ်အဆင့်ခေါင်းဆောင်တစ်ယောက်လည်း ရှိသေးသည်။ သူသည် ကုံရပ်ကွက်မှ ကလေးငယ် နတ်အဆင့်ကျင့်ကြံသူ ဖြစ်သည်။ သဘောတရားအရဆိုလျှင် အဏ္ဏဝါခေါ်သံဂိုဏ်းသည် သူ၏လက်အောက်တွင် ရှိနေသည်။ သို့သော် စစ်ပွဲဖြစ်ပွားခဲ့သည့် အချိန်တွင် ထိုကလေးငယ် နတ်အဆင့်ကျင့်ကြံသူသည် အတောမသတ်နိုင်သော ဆင်ခြေများပေးကာ အကူအညီပေးရန် ငြင်းဆန်ခဲ့သည်။

ထို့နောက် ဒုတိယမြောက် အန္တရာယ်နှင့် ကြုံရသည့်အခါတွင်လည်း သံမဏိသွေးကြောခန်းမက လှုပ်ရှားခဲ့ပါသော်လည်း ထိုကလေးငယ် နတ်အဆင့်ကျင့်ကြံသူမှာ မလှုပ်ရှားခဲ့ပေ။ ထိုကိစ္စအားလုံး ပြီးစီးသွားသောအခါတွင် ထိုကလေးငယ် နတ်အဆင့်ကျင့်ကြံသူမှာ အဏ္ဏဝါခေါ်သံဂိုဏ်းမှ သူနှစ်စဥ်ရရှိသည့် လက်ဆောင်ပဏ္ဍာ အရေအတွက်ကို မြှင့်တင်သင့်၊ မမြှင့်တင်သင့် တွေးနေတော့သည်။

ကြိမ်ဖန်များစွာ ဆင်ခြင်သုံးသပ်လိုက်ပြီးနောက် သူသည် သက်ပြင်းချကာ ထိုအတွေးများကို စွန့်ပစ်လိုက်တော့သည်။ ပိုင်ရှောင်ချန်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးမားပုံကို သူ ကြားသိထားပြီဖြစ်သဖြင့် သူနှင့် ပြဿနာတက်အောင် လုပ်မိပါက ကြုံတွေ့နိုင်သည့် အကျိုးဆက်များအား နောင်တရနေမည်ကို ကြောက်ရွံ့နေသည် မဟုတ်ပါလော။

အဏ္ဏဝါခေါ်သံဂိုဏ်းအား ပြဿနာရှာမည့်လူမရှိတော့သဖြင့် ၎င်းမှာ တိုးတက်ကြီးပွားကာ အင်အားကြီးထွားလာပြီး နယ်ပယ်များ ချဲ့ထွင်လာနိုင်တော့သည်။ ထိုသို့ဖြင့် နှစ်လတိတိ ကုန်ဆုံးသွားသည်။

ထိုအတောအတွင်း ပိုင်ရှောင်ချန်းမှာ သူ၏အချိန်အများစုကို တံခါးပိတ်တရားကျင့်ကြံ၍ ထာဝရသွေးအကြောင်းကိုလေ့လာခြင်းနှင့် ယခုတွင် သူသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဖြစ်သဖြင့် မည်သည့် အတတ်ပညာအသစ်ကို ကျင့်ကြံသင့်ကြောင်းများကို တွေးတောကာ ကုန်ဆုံးစေခဲ့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းသည် အလယ်ဒေသဂိုဏ်း တစ်ဂိုဏ်းသာ ဖြစ်နေသေးသည် မဟုတ်လော။ နတ်အဆင့်သိုင်းကွက်များကို အလိုရှိပါက ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ သွား၍ ယူမှသာ ရမည်ဖြစ်သည်။

စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့သည် ယခင်က မြောက်ပိုင်း ကောင်းကင်တံတားမြစ်ရှိ ဟန်ဇောင်ကျောင်းတော် ဖြစ်ခဲ့ပါသော်လည်း အပျက်အဆီး အဆုံးရှုံးများစွာနှင့် ရင်ဆိုင်ခဲ့ရပြီးမှ အရှေ့အရပ်သို့ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန် ဆက်လက်ရှင်သန်နေနိုင်သေးသည့် အချက်ပင်လျှင် အလွန်ဆန်းကြယ်သော ဖြစ်ရပ်တစ်ခုဖြစ်သည်။

ဂိုဏ်းထဲတွင် ဝှက်ထားသော မပြည့်စုံသော နတ်အဆင့်သိုင်းကွက်အချို့ ရှိပါသော်လည်း စိတ်စွမ်းအင်နတ်ရေစင် ခေါင်းဆောင်ကြီးကမူ ၎င်းတို့မှာ သင့်တော်မှု မရှိဟုဆို၍ ပိုင်ရှောင်ချန်းအား ပေးရန်ငြင်းဆန်ခဲ့သည်။ သူသည် ပိုင်ရှောင်ချန်းအား ရှင်းကုံကျစ်တာအိုဂိုဏ်းသို့သာ သွား၍ ရွေးချယ်ခိုင်းခဲ့သည်။

သူ့ထံတွင် ကောင်းမွန်သော နတ်အဆင့်သိုင်းကွက် တစ်ကွက်မှမရှိပါသော်လည်း သူ၏ ထာဝရသွေးမှာမူ တိုးတက်လာခဲ့ပြီး တစ်စက်တိတိ ဖန်တီးနိုင်ခဲ့သည်။

ထိုပြိုင်ဘက်ကင်းသွေးစက်မှာ အနီရောင်မဟုတ်ပဲ ရွှေရောင်ဖြစ်ပြီး သူ၏သွေးကြောများထဲသို့ ဖြတ်၍စီးဆင်းသွားချိန်တွင် ၎င်းသွေးစက်မှာ တောက်ပစွာ လင်းလက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ မြင့်မြတ်သော အငွေ့အသက်တစ်ခုကို စီးဆင်းသွားစေသဖြင့် သူ အလွန်အမင်း ကျေနပ်နေရတော့သည်။

" ဆေးလုံးတွေအပြင် ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သက်စောင့်အား အကုန်လုံးနီးပါးကို ဖန်တီးပေးထားတာတောင် သွေးစက်တစ်စက်ပဲ ရတယ် "

သူ မျက်မှောင်ကြုတ်နေတော့သည်။ ကံကောင်းသည့်အချက်တစ်ချက်မှာ သူသည် အလွန်မဝသလို အလွန်ပိန်မနေပေ။ အကယ်၍ ထိုသို့သာဖြစ်ခဲ့ပါက ထာဝရသွေးစက်ကို လုံးဝ ပြီးမြောက်အောင်မြင်နိုင်မည်မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် ထာဝရသွေးစက်တွင်လည်း လျှို့ဝှက်မှော်အတတ်တစ်ခု ရှိနေသည်။

ထာဝရအပိုင်း၏ အခြားအဆင့်များတွင် လည်မျိုဖမ်းဆုပ်ကွက်၊ တောင်ဖြိုသိုင်း၊ ထာဝရပြုစားခြင်းအတတ်နှင့် ထာဝရဧကရာဇ်လက်သီးတို့ ရှိနေသည်။ ပဥ္စမအဆင့်၏ လျှို့ဝှက်မှော်အတတ်မှာ နတ်ဘုရားဇီဝိန်ချုပ်သိုင်းဖြစ်သည်။

နတ်ဘုရားဇီဝိန်ချုပ်သိုင်း၏ ရည်ရွယ်ချက်မှာ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများကို သတ်ရန်ဖြစ်သည်။

ထိုနတ်ဘုရားဇီဝိန်ချုပ်သိုင်းကို သုံးလျှင် သူသည် အံ့သြဖွယ်ကောင်းသော အမြန်နှုန်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထာဝရဧကရာဇ်လက်သီးက သူ၏အပြင်အားကို ငါးဆအထိမြှင့်တင်ပေးနိုင်သည့်အတိုင်း နတ်ဘုရားဇီဝိန်ချုပ်သိုင်းသည်လည်း သူ၏အမြန်နှုန်းကို မြှင့်တင်ပေးနိုင်သည်။ ထိုအမြန်နှုန်းကို စိတ်ကူးနှင့် မှန်းဆရန် မဖြစ်နိုင်လုနီးပါးပင်။

ထိုသို့ နတ်ဘုရားများကို ဇီဝိန်ချုပ်နိုင်မည့် လမ်းကြောင်းမှာ သူ၏ မပျက်စီးနိုင်သောသွေးများဖြစ်သည်။

ထာဝရသွေးကို ကျင့်ကြံပါက သွေးစက်များက အထွတ်အထိပ်သို့ မရောက်ခင်အထိ ထာဝရတိုင်အောင် မပျက်စီးနိုင်သည့် အခြေအနေသို့ ရောက်မည်မဟုတ်ပေ။ ထိုအဆင့်မတိုင်ခင် နတ်ဘုရားဇီဝိန်ချုပ်သိုင်းကို ထာဝရသွေးစက်ဖြင့် အားဖြည့်၍ ဖော်ပြ၍မရနိုင်သော အမြန်နှုန်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ထိုအမြန်နှုန်းမျိုးနှင့်ဆိုလျှင် သူသည် တိုက်ခိုက်နေစရာပင် လိုမည်မဟုတ်ပေ။ သူသည် တုန်လှုပ်ခြောက်ခြားဖွယ် အမြန်နှုန်းဖြင့် ပြေးလွှားနေရင်း သူ၏ပတ်ပတ်လည်ရှိ သွေးချီများကြောင့် တောင်တန်းများအား ဝင်တိုက်ရုံဖြင့် ၎င်းတို့ကို တုန်ခါသွားစေနိုင်မည်ဖြစ်သည်။ ပို၍တုန်လှုပ်ဖွယ်ကောင်းသည့်အချက်မှာ သူ နတ်ဘုရားဇီဝိန်ချုပ်သိုင်းကို သုံးနေစဥ် မည်သည့်သက်ရှိကိုမဆို ထိမိပါက ၎င်းတို့၏ သက်စောင့်အားအချို့ကိုပါ စုပ်ယူနိုင်ဦးမည်လည်း ဖြစ်သည်။

ထိုအချက်ကြောင့် သူ၏မျက်လုံးများမှာ ကျွတ်ထွက်လုမတတ် ဖြစ်သွားရသည်။ ထာဝရအပိုင်းသည် အမှန်တကယ် မိစ္ဆာဆန်သည့် အတတ်တစ်ခုဖြစ်သည်။

" ငါ့လိုမျိုး ရိုးအေးဖြူစင်ပြီး စိတ်နှလုံးကြင်နာတဲ့ လူစားမျိုးက ဒီလိုမျိုး မိစ္ဆာအတတ်ကို ကျင့်မိလိမ့်မယ်ဆိုတာ မယုံနိုင်လောက်အောင်ပဲ "

သူသည် မျက်မှောင်ကြုတ်၍ သက်ပြင်းချလိုက်ပြီး နတ်ဘုရားဇီဝိန်ချုပ်သိုင်းနှင့် သူ့တွင်ရှိပြီးသားဖြစ်သော အခြားအတတ်များကို မည်သို့ ပေါင်းစည်းသင့်ကြောင်း တွေးတောနေလိုက်တော့သည်။

ဥမာဆိုရလျှင် နတ်ဘုရားဇီဝိန်ချုပ်သိုင်းနှင့် တောင်ဖြိုသိုင်းကိုသာ ပေါင်းစပ်၍ အသုံးပြုလိုက်လျှင်…..၊ ထိုအကြောင်းတွေးလိုက်မိရုံနှင့် သူ၏နှလုံးသားမှာ ကဆုန်ပေါက်လာတော့သည်။

" လည်မျိုဖမ်းဆုပ်ကွက်နဲ့ အဲဒါကို ရောပြီး သုံးကြည့်ရင်ရော၊ ငါ့ပြိုင်ဘက်က အသက်ရှိနေသေးရင် ထာဝရဧကရာဇ်လက်သီးကိုပါ ထပ်သုံးလို့ရသေးတယ်။ အဲဒါတောင် တိုက်ပွဲကမပြီးသေးဘူးဆိုရင် ထာဝရပြုစားခြင်းအတတ်ကို နတ်ဘုရားဇီဝိန်ချုပ်သိုင်းနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ဘယ်သူမှ ငါ့ကိုဖမ်းမိမှာ မဟုတ်တော့ဘူး "

" ပြီးတော့ ဒါက ငါ့ရဲ့ နတ်ဘုရားစွမ်းရည်တွေတောင် မပါသေးဘူး။ ရွှယ်ကျဲကော်တုဖြစ်ဖြစ်၊ ကောင်းကင်တံတားဓမ္မမျက်လုံးဖြစ်ဖြစ်၊ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်တော်ဖြစ်ဖြစ် ထပ်သုံးလိုက်မယ်ဆိုရင်... "

ထိုအချိန်တွင် သူမည်မျှပင် အံ့သြတုန်လှုပ်ဖွယ်ကောင်းသွားနိုင်သည်ကိုတွေး၍ သက်ပြင်းများ ချမိနေတော့သည်။

" ဒါပေမဲ့ နတ်ဘုရားဇီဝိန်ချုပ်သိုင်းကိုသုံးရင် ထာဝရသွေးစက် ကုန်တယ်ကွ။ ပြီးတော့ အခုငါ့မှာက တစ်စက်ပဲ ရှိသေးတာ "

ဖန်တီးရန် အလွန်တရာမှ ခက်ခဲသော ထာဝရသွေးစက်ကို သုံးလိုက်ရမည်ဆိုသော အသိကြောင့် သူသည် နတ်ဘုရားဇီဝိန်ချုပ်သိုင်းအား သုံးသင့်၊ မသုံးသင့်ကိုပင် တွေဝေနေရတော့သည်။

" နတ်ဘုရားဇီဝိန်ချုပ်သိုင်းဆိုတာ တိုက်ပွဲမှာသုံးဖို့ မဟုတ်တာ အသေအချာပဲ။ သက်စောင့်အားရတဲ့ နေရာမှာ သုံးဖို့ပဲနေမှာ "

ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် အဆုံးတွင် သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းမှ ထွက်ခွာ၍ ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ သွားရန်အချိန်ကျပြီဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

သူ၏ နတ်အဆင့် သိုင်းကွက်နှင့်ပတ်သတ်သည့် ပြဿနာ ရှိနေသေးသည်မဟုတ်ပါလော။

ထိုသို့ ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် သူ၏ထွက်ခွာခြင်းအတွက် အဆင်သင့်ပြင်ထားပြီဖြစ်သည့် စုန့်ကျင်းဝမ်အား နှုတ်ဆက်စကားဆိုလိုက်သည်။ သူမသည် စကားများများစားစား မပြောပဲ သိမ်မွေ့စွာနှင့် သူ၏အဝတ်အစားကို သပ်ရပ်အောင်လုပ်ပေးလိုက်ပြီးနောက် သူ့အား ပွေ့ဖက်လိုက်သည်။

သူ မထွက်ခွာခင်မှာပင် စိတ်စွမ်းအင်နတ်ရေစ်ခေါင်းဆောင်ကြီးသည် သူ့အား စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ အလွန်အရေးကြီးသော ပစ္စည်းတစ်ခုကိုပေးရန် ရောက်လာခဲ့သည်။

၎င်းမှာ ကလေးမလေးတစ်ယောက်၏ ရုပ်အလောင်းတစ်ခုကို ထည့်ထားသည့် သလင်းကျောက် ခေါင်းတလားတစ်လုံးဖြစ်သည်။

၎င်းမှာ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ အလျှို့ဝှက်ဆုံးသော သီးသန့်အင်အားဖြစ်သည့် ဟန်ဇောင်ကျောင်းတော်၏ စစ်မှန်သောဝိညာဥ်ဖြစ်သည်။

" သူ့ကို ဘေးကင်းအောင်ထား "

ခေါင်းဆောင်ကြီးက တိုးတိုးလေးဆိုလိုက်သည်။

" စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့မှာ မင်းတစ်ယောက်ပဲ အဲဒီတာဝန်ကိုယူနိုင်တာ။ သူ့ကိုဘေးကင်းအောင်ထား၊ အဲဒါ ငါတို့ရဲ့ အရေးအကြီးဆုံး တာဝန်ပဲ "

All Chapters