← Chapters

ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ပြန်ခြင်း

Vol. 9 Ch. 899

ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ပြန်ခြင်း

Vol. 9 Ch. 899

" ခေါင်းဆောင်ကြီး "

ပိုင်ရှောင်ချန်းက အံ့ဩနေသည့် မျက်နှာအမူအရာဖြင့် ရေရွတ်လိုက်သည်။ ခေါင်းဆောင်ကြီးက သူ့အား မှော်ရတနာတစ်ခု သို့မဟုတ် အခြားပစ္စည်းတစ်ခုခု လက်ဆောင်ပေးလိမ့်မည်ဟု သူက တွက်ထားသည်။ လက်ဆောင်မှာ ဟန်ဇောင်ကျောင်းတော်၏ စစ်မှန်သောဝိညာဥ် ဖြစ်နေလိမ့်မည်ဟု သူလုံးဝ မထင်ထားမိပေ။

" အမ်၊ ခေါင်းဆောင်ကြီး။ ဒီ စစ်မှန်သောဝိညာဥ်ကို ကျွန်တော့်ဆီပေးလိုက်တာ မသင့်တော်ဘူးထင်တယ်နော်။ သူက အရမ်းရေးကြီးတယ်။ ပြီးတော့ ကျွန်တော်က အရမ်း နမော်နမဲ့နိုင်တာ။ သူ့ကို မတော်တဆ လွတ်ကျသွားတာတို့ ဘာတို့ဆို ဘယ်လိုလုပ်မလဲ။ တစ်ခုခုသာ ဖြစ်သွားခဲ့ရင်၊ သူ့ကို တခြားတစ်ယောက်ယောက်ဆီပဲ ပေးလိုက်ပါလားဗျာ "

ခေါင်းဆောင်ကြီးသည် ခွဲခွာခြင်းလက်ဆောင်အဖြစ် ထိုခေါင်းတလားအား ပေးနေသည်ကို သူက အလွန်ထူးဆန်းနေတော့သည်။

ထိုခေါင်းတလားထဲတွင် စစ်မှန်သောဝိညာဥ် ပါရှိနေပါသော်လည်း ထူးဆန်းနေဆဲဖြစ်ပြီး ပိုင်ရှောင်ချန်း၏ အမြင်ထဲတွင် မင်္ဂလာမရှိသလို ခံစားနေရသည်။

" သူ့ကို မင်းနဲ့အတူ ယူသွားလိုက် "

စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက ထပ်ပြောလိုက်သည်။ ပိုင်ရှောင်ချန်းအား ထိုခေါင်းတလားနှင့် စစ်မှန်သောဝိညာဥ်တို့ကို ပေးနေရသည့် အကြောင်းအရင်းမှာ အဏ္ဏဝါခေါ်သံဂိုဏ်း ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် ဂိုဏ်းပင် ပျက်စီးသွားနိုင်လောက်သော အန္တရာယ်အားလုံးကြောင့် ဖြစ်သည်။ ကံကောင်းထောက်မစွာ ပိုင်ရှောင်ချန်း ပြန်ရောက်လာခဲ့သဖြင့် အဆုံးတွင် အရာအားလုံး အဆင်ပြေသွားခဲ့သည်။ သို့သော် အနာဂတ်တွင် ဖြစ်လာနိုင်သည့် အရာများကို စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာ စိတ်ပူနေဆဲပင်။

ထို စစ်မှန်သောဝိညာဥ်နှင့် ပတ်သတ်လာလျှင် သူသည် အလောင်းအစားမလုပ်ရဲပေ။ ထို့ကြောင့် ထိုခေါင်းတလားကို ပိုင်ရှောင်ချန်းလက်ထဲသို့ အပ်လိုက်ပါက အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ဆက်၍ထားရှိသည်ထက် ပို၍ဘေးကင်းနိုင်မည်ဟု သူခံစားနေရသဖြင့် သူ့ဆီသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းကို သူ၏ဆရာဖြစ်သော မျောက်ကလေးက အကြံပေးခဲ့သောကြောင့်ဖြစ်သည်။ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာ ယခုတွင် နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်နေပြီ ဖြစ်ပါသော်လည်း သူ၏ဆရာအပေါ်တွင် ထာဝရလေးစားမှု ရှိနေဆဲပင်။

စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာ စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိလိုက်သည်။ သူငြင်းဆိုမည်ကို ခေါင်းဆောင်ကြီးက လက်ခံမည်မဟုတ်ပေ။ ပိုင်ရှောင်ချန်းမှာ ခေါင်းတယမ်းယမ်းနှင့် ခေါင်းတလားအား ကြည့်လိုက်တော့သည်။

" ခေါင်းဆောင်ကြီး၊ နည်းနည်းလောက်ဆွေးနွေးကြည့်ရအောင်ပါဗျ၊ ကျွန်တော့်အမြင်မှာ မသင့်တော်ဘူးထင်လို့ပါ။ တစ်ခုခု အမှားမှားအယွင်းယွင်း ရှိခဲ့ရင်… "

" ဘာမှ အမှားမှားအယွင်းယွင်း ရှိမှာမဟုတ်ဘူး။ ပြီးတော့ ဘာမှဆွေးနွေးနေစရာလည်း မလိုဘူး။ သူ့ကို မင်းနဲ့အတူခေါ်သွားစမ်း ရှောင်ချန်း "

ထိုသို့ဆိုကာ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးသည် လက်ယှက်ကာ ဦးညွှတ်လိုက်သည်။

ပိုင်ရှောင်ချန်းမှာမူ သက်ပြင်းချ၍ ခေါင်းယမ်းကာ သလင်းကျောက်ခေါင်းတလားထဲရှိ ကလေးမလေးကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများမှာ မှိတ်နေသဖြင့် သူမသည် သေဆုံးသွားပြီဟု ထင်ရသည်။ သို့သော်လည်း သူမသည် မသေဆုံးသေးပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခြင်းသာဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိသည်။

အောက်ပိုင်းဒေသကို သူ စည်းရုံး၍ ကုံမြစ်ဂိုဏ်းခွဲကို တိုက်ခိုက်ခဲ့ချိန်တွင် ထိုကလေးမလေးသည် နိုးထလာခဲ့ပြီး နတ်ဘုရားတစ်ပါးနှင့်တူသော မိန်းမပျိုယောက်အသွင် ပြောင်းလဲသွားခဲ့သည်။

သူမသည် ပြန်၍ မအိပ်စက်မီမှာပင် ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲသို့ အဓိပ္ပါယ်ပါပါ စိုက်ကြည့်၍ အဏ္ဏဝါခေါ်သံဆေးလုံး၏ ဖော်စပ်နည်းကို သူ့အား ဖော်ပြခဲ့သည်။

" စစ်မှန်တဲ့ဝိညာဥ်တစ်ခု မပြောနဲ့ ငါ့ကိုယ်ငါတောင် မနည်းဂရုစိုက်နေရပါတယ်ဆိုကွာ "

သူသည် ကလေးထိန်း ဖခင်တစ်ယောက်အလား ဖြစ်သွားပြီဟု တွေးကာ မျက်မှောင်ကြုတ်နေတော့သည်။ သို့သော် ဤကလေးမလေးမှာ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့အတွက် အလွန်အရေးကြီးကြောင်းကို သူက သိသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း မြစ်ကိုဆန်တက်ရသည့် မူလအကြောင်းအရင်းမှာ ဤကလေးမလေးကြောင့် ဖြစ်သည်ဟု ယခင်က စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက သူ့အား ပြောပြခဲ့ဖူးသည် မဟုတ်ပါလော။

အနည်းငယ် ချီတုံချတုံဖြစ်နေပြီးနောက် ပိုင်ရှောင်ချန်းမှာ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးကိုကြည့်လိုက်၊ သလင်းကျောက်အခေါင်းကိုကြည့်လိုက် လုပ်နေတော့သည်။ အဆုံးတွင် သူသည် စိတ်မပါလက်မပါနှင့် ခေါင်းညိတ်လိုက်သည်။ ထိုခေါင်းတလားနှင့် အလွန်အမင်းလျှို့ဝှက်ဆန်းကြယ်လှပါသော ကလေးမလေးကို သူမည်မျှပင် လက်မခံလိုစေကာမူ သူ့တွင် အခြားရွေးချယ်စရာလုံးဝမရှိပေ။

စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးသည်

ပိုင်ရှောင်ချန်းက လက်ခံလိုက်သည်ကို မြင်လိုက်ရသောအခါမှသာ စိတ်အေးလက်အေး သက်ပြင်းချလိုက်တော့၏။ အခေါင်းထဲရှိ ကလေးမလေးကို နောက်ဆုံးတစ်ကြိမ်ကြည့်လိုက်ပြီးနောက် သူသည် ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူထဲမှ ထွက်သွားတော့သည်။

" အာ၊ ဘာပဲဖြစ်ဖြစ်ပါ "

ပိုင်ရှောင်ချန်းက ခေါင်းယမ်းကာ သက်ပြင်းချလျက် တွေးလိုက်သည်။ ထို့နောက် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်း၍ ခေါင်းတလားအား သူ၏အိတ်ထဲသို့ ဆွဲထည့်လိုက်သည်။ ထိုအခါ သူသည် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး အော်ပြောလိုက်လေသည်။

" လိပ်ကလေး။ မင်းအထဲမှာရှိနေတာ ငါသိတယ်။ ငါ့စကားနားထောင်စမ်း။ ကောင်းကောင်းနေနော်။ ခေါင်းတလားထဲက ကလေးမလေးကို နှောင့်ယှက်မယ် မကြံနဲ့ "

မည်သည့် တုန့်ပြန်မှုမှ ပြန်မကြားလိုက်ရပါသော်လည်း ထိုလိပ်ကလေးမှာ သူ၏စကားကို ကြားလိုက်သည်ဖြစ်ကြောင်း သူကသိသည်။ ခေါင်းတလားကိုသိမ်းဆည်းလိုက်ပြီးနောက် သူသည် တစ်ညလုံး တရားထိုင်လိုက်ပြီး ရောင်နီလာချိန်တွင် မတ်တတ်ထလိုက်တော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်း၏ အထက်ရှိ လေပေါ်သို့ပျံတက်သွားပြီး အောက်သို့ငုံ့ကြည့်၍ သက်ပြင်းချလိုက်သည်။ ထို့နောက် အလင်းတန်းတစ်တန်း အသွင် ပြောင်းလဲ၍ ရှင်းကုံကျစ်တာအိုဂိုဏ်းရှိရာဘက်သို့ ပျံထွက်သွားတော့သည်။

" ငါ ရှင်းကုံကျစ်တာအိုဂိုဏ်းကနေ ထွက်ခွာခဲ့တုံးက ငါ့ကိုသိတဲ့လူ အများကြီးမရှိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ မတူတော့ဘူးကွ "

သူ၏ နတ်အဆင့်ကျင့်ကြံခြင်းအခြေခံနှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် သူသည် ဆဋ္ဌမမြောက် နတ်အဆင့်ကျင့်ကြံသူ ဖြစ်နေပြီဆိုသည့် အချက်ကြောင့် သူသည်ဘဝင်ခိုက်ကာ စိတ်လှုပ်ရှားနေတော့၏။

" ငါ့ စားသောက်ဆိုင်လေးရော ဘယ်လို အခြေအနေရှိနေပြီလဲ မသိဘူး။ ဖက်တီးကျန်းကြီးနဲ့ ရွှီပေါက်ချိုင်တို့ရော ဘာတွေများလုပ်နေတာတုံး။ ဂိုဏ်း အန္တရာယ်နဲ့ကြုံနေရတုံးက သူတို့ဘာလို့ ပြန်လာပြီးမကူညီကြတာလဲ "

သူသည် ရုတ်တရက် အနည်းငယ် စိုးရိမ်စပြုလာတော့သည်။ ရွှီပေါက်ချိုင်နှင့် ဖက်တီးကျန်းကြီးတို့က ထိုသို့ပြုမူစရာ အကြောင်းလုံးဝမရှိပေ။

" သူတို့ တစ်ခုခုများဖြစ်နေပြီလား "

သူက ထိုသို့တွေးကာ အနည်းငယ် အရှိန်တင်လိုက်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် အလယ်ဒေသကိုဖြတ်ရန် အချိန်မကြာလိုက်သည့်အပြင် မပင်ပန်းလိုက်ပေ။ မကြာမီ သူသည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ နယ်စပ်သို့ရောက်သွားတော့သည်။ ထိုအနားသို့ရောက်သွားသည့်အခါ သူ့အား စစ်ဆေးရန် အငွေ့အသက်သုံးခု ထွက်ပေါ်လာသည်ကို သူအာရုံခံမိလိုက်သည်။ ၎င်းအငွေ့အသက်သုံးခုမှာ ချက်ချင်းပင် တအံ့တသြနှင့် နောက်သို့ဆုတ်သွားကြသည်။

အနည်းငယ်ကြာသောအခါ အနီးအနားရှိ တောင်တစ်လုံးဆီမှ လူသုံးယောက်ပျံသန်းထွက်လာပြီး လက်ယှက်၍ သူရှိရာဘက်သို့ ဦးညွှတ်လိုက်ကြသည်။

" မင်္ဂလာပါ ခေါင်းဆောင်ကြီးပိုင် "

သူတို့သည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အဝတ်အစားများကို ဆင်ယင်ထားပြီး ဂိုဏ်း၏ နယ်စပ်ဒေသကို စောင့်ကြည့်ရန် တာဝန်ကျနေသူများဖြစ်သည်။ သူတို့သည် ပိုင်ရှောင်ချန်းအကြောင်း ကြားထားပြီးဖြစ်ပြီး သူတို့သည် ပင်မဂိုဏ်းနှင့် အဏ္ဏဝါခေါ်သံဂိုဏ်းအကြားရှိ အနီးစပ်ဆုံးနေရာတွင် ရှိနေသည်ဖြစ်သဖြင့် ပိုင်ရှောင်ချန်း ရောက်လာမည်ကို စောင့်ဆိုင်းနေကြသည်။ တစ်ချက်မျှ ကြည့်လိုက်ရုံနှင့် သူတို့မှာ မည်မျှတုန်လှုပ်နေသည်ကို မြင်နိုင်သည်။

ပိုင်ရှောင်ချန်းမှာ သူတို့ကိုမသိသော်လည်း သူ့အားဆက်ဆံနေသည့်ပုံစံကြောင့် ကျေနပ်နေ၏။ သူက လက်ကိုနောက်ပစ်၍ ဝါရင့်ဂိုဏ်းသားတစ်ယောက် ပုံစံဖမ်းလိုက်ပြီး သဘောထားကြီးမြတ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏လမ်းအတိုင်း ဆက်၍သွားလိုက်တော့သည်။

သူထွက်သွားသောအခါတွင် ဂိုဏ်းသားသုံးယောက်မှာ သက်ပြင်းများချ၍ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့အားလုံး၏ မျက်လုံးများထဲရှိ ကြည်ညိုလေးစားမှုများကို တစ်ယောက်ကို တစ်ယောက် မြင်နေကြတော့သည်။

" သူ့လိုမျိုး ဘာမှမဟုတ်တဲ့ ဂိုဏ်းပိစိေလးက ဓားစားခံတစ်ယောက်က သံမဏိသွေးကြောခန်းမက နတ်အဆင့်ခေါင်းဆောင်ကြီး ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူကထင်မိမှာတုံး "

" မင်းပြောတဲ့ပုံစံက နတ်အဆင့်ခေါင်းဆောင်ကြီး တစ်ယောက်ဖြစ်ဖို့ကလွယ်ကူတဲ့ ကိစ္စတစ်ခုကျလို့။ ခေါင်းဆောင်ကြီးပိုင်က နတ်အဆင့်ရောက်ပြီးချင်း အလယ်ပိုင်း နတ်အဆင့်မှာရှိတဲ့ အခြားကျင့်ကြံသူသုံးယောက်ကိုပါ အနိုင်တိုက်ခဲ့တယ်လို့ ငါကြားတယ်။ အဲဒီတိုက်ပွဲလည်းပြီးရော ဂိုဏ်းရဲ့ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးက သူ့ကို ထောက်ခံခဲ့တာတဲ့ "

" ဟုတ်တယ်ကွ။ ခေါင်းဆောင်ကြီးပိုင် ရှင်းကုံကျစ်တာအိုဂိုဏ်းကို စရောက်တုံးက ငါတို့ သူနဲ့မိတ်ဆွေမဖွဲ့မိခဲ့တာ ဆိုးတာပဲ။ ငါတို့သာ သူနဲ့မိတ်ဆွေဖွဲ့ခဲ့မယ်ဆိုရင် အခုဆို နာမည်ကြီးနေလောက်ပြီ "

ထိုသုံးယောက်မှာ သက်ပြင်းများချ၍ သတင်းပို့ပေလွှာများထုတ်၍ ပိုင်ရှောင်ချန်း ရောက်ရှိလာကြောင်းကို ဂိုဏ်းထံသို့ သတင်းပို့လိုက်ကြသည်။

မကြာမီ ပိုင်ရှောင်ချန်း ပြန်လာပြီဟူသော သတင်းများ ပျံ့နှံ့သွားတော့သည်။ သံမဏိသွေးကြောခန်းမသည် ပထမဆုံး လှုပ်ရှားလာခဲ့ပြီး အလုံးလိုက်အရင်းလိုက် ထွက်လာကာ အဖွဲ့များဖွဲ့စည်း၍ သူပြန်အလာကို စောင့်ဆိုင်းနေကြသည်။

တပ်မကြီးငါးခုမှ တပ်သားများစွာအပါအဝင် သံမဏိသွေးကြောခန်းမ၏ အဖွဲ့ဝင် တစ်သိန်းလုံး ရှိနေကြသည်။ ထိုမြင်ကွင်းမှာ မြင်ရသူတိုင်းအတွက် တုန်လှုပ်ဖွယ်ဖြစ်နေမည်မှာ အမှန်ပင်။

ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့မှာမူ မပျော်နိုင်ပေ။ ဂိုဏ်းသို့ပြန်ရောက်လာပြီးနောက် သူတို့သုံးယောက်စလုံးမှာ တံခါးပိတ်ကျင့်ကြံရန် ဝင်ရောက်သွားခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ လက်အောက်ရှိ လက်အောက်ငယ်သားအချို့သည်လည်း တံခါးပိတ်ကျင့်ကြံကြပြီး အချို့မှာမူ ပိုင်ရှောင်ချန်းကို ထွက်၍ကြိုနေကြသည်။

ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ဂိုဏ်းသားအများစုမှာ ပိုင်ရှောင်ချန်းရောက်လာသည်ကို ထွက်၍ ကြိုကြသည်သာဖြစ်သည်။ အချို့မှာသူ့ကိုသိသော်လည်း အများစုမှာ သူနှင့် သူစိမ်းများဖြစ်ကြသည်။ သို့သော် သူစိမ်းများပင်လျှင် သူ၏နာမည်ကို သိနေကြပြီဖြစ်သည်။

" ခေါင်းဆောင်ကြီးပိုင်က အရင်တုံးက အဏ္ဏဝါခေါ်သံဂိုဏ်းက ဓားစာခံတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ သူ ကုံမြို့တော်ကို ရောက်ရောက်ချင်း အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တာ "

" ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ထိပ်တန်းကြယ်ပွင့်တွေထဲ ရောက်သွားတုံးကလည်း အုတ်အော်သောင်းနင်း ဖြစ်သွားကြသေးတယ်လေ "

" မင်းက ပိုင်ရှောင်ချန်းအကြောင်းကို လုံးဝ မကြားဖူးဘူး ဟုတ်လား။ ကုံမြို့တော်က စားသောက်ဆိုင်အကြောင်းတော့ မင်းကြားဖူးမှာပါ။ အေး... အဲဒါ သူပိုင်တဲ့ စားသောက်ဆိုင်လေ။ အဲဒီ ကီလိုမီတာ ငါးဆယ် ပတ်ပတ်လည် နေရာတစ်ခုလုံးက သူ့ကိုယ်ပိုင် နယ်မြေတစ်ခုပဲ "

မကြာမီ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် စကားသံများဖြင့် တစီစီမြည်နေတော့သည်။ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးက သူ့အားရာထူးတစ်ခု အပ်နှင်းခဲ့စဥ်ကလည်း သူ့အကြောင်း လူအများက ပြောဆိုခဲ့ကြသေးသည်လည်းဖြစ်သည်။ ထို့ကြောင့် သံမဏိသွေးကြောခန်းမက သူ၏အလာကို ကြိုရန်ထွက်လာကြချိန်တွင် ထိုစကားသံများမှာ ပို၍များပြားကာကျယ်လောင်လာကြခြင်းဖြစ်သည်။

သံမဏိသွေးကြောခန်းမ၏ ခေါင်းဆောင်ကြီးမှာမူ အထူးပျော်မြူးနေတော့သည်။ သူက လက်ကိုဝှေ့ယမ်း၍ ခေါင်းလောင်းများကို တီးလိုက်ရာ တစ်ဂိုဏ်းလုံးသို့ ခေါင်းလောင်းမြည်သံများ လွင့်ပျံသွားတော့သည်။

ထိုခေါင်းလောင်းများ ရှစ်ကြိမ်တိတိ မြည်ဟည်းသည့်အချက်ကိုကြည့်၍ ရာထူးအလွန်ကြီးမားသော လူတစ်ယောက်ရောက်လာသည်ဖြစ်ကြောင်း သိနိုင်သည်။ ယခုထက် ပို၍များသည့် တစ်ခုထဲသော ခေါင်းလောင်းသံမှာ ကိုးကြိမ်ဖြစ်ပြီး ၎င်းမှာ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများအတွက် ဖြစ်သည်။ ခေါင်းလောင်းသံ ရှစ်ကြိမ်မှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ရောက်လာသည့်အချက်ကို ကိုယ်စားပြုသည်။

ထိုခေါင်းလောင်းသံများ ကောင်းကင်ယံတွင် မြည်ဟည်းနေစဥ် ဂိုဏ်းသားများအပေါ်တွင် ကြီးမားသောဖိအားကြီးများ သက်ရောက်လာတော့သည်။ တချိန်ထဲမှာပင် လူတိုင်းသည် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ကြသောအခါ အလင်းတန်းတစ်တန်းသည် အမြန်ဆုံးသော အရှိန်ဖြင့် ဂိုဏ်းဆီသို့ ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။

သက်တံ့အဆောက်အဦ၏ အောက်ရှိ မြို့လေးမြို့ထဲမှ မရေမတွက်နိုင်သော လူပေါင်းများစွာမှာ ထိုအလင်းတန်းကို ကြည့်နေကြသည်။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်းအား သိကြသည်ဖြစ်စေ၊ မသိကြသည်ဖြစ်စေ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

သံမဏိသွေးကြောခန်းမမှ ကျင့်ကြံသူများမှာမူ အခြားလူတိုင်းထက် အဆင်သင့်ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်း ရောက်လာသည်နှင့် သူတို့မှာ အသံအားလုံးကိုပေါင်းစည်း၍ မိုးခြိမ်းသံကဲ့သို့ သြဇာအပြည့်ပါသော အသံကြီးတစ်သံဖြင့် နှုတ်ဆက်လိုက်ကြသည်။

" ကျွန်တော်တို့ ရိုသေလေးစားစွာ ဂါဝရပြုပါတယ် ခေါင်းဆောင်ကြီးပိုင်ခင်ဗျား "

All Chapters