အခန်း (၁၈၅)
Vol. 16 Ch. 185
Ch-185
"ဒါ နင့်အတွက် ဟာသတစ်ခုဖြစ်သွားရပြီဟယ်။ ငါ့ယောက္ခမက ပိတ်ရက်တိုင်း ကလေးတွေနဲ့ ဒီလိုစကားတွေ ပြောရတာ ကြိုက်တယ်လေ"
ယောက္ခမရှေ့မှာ လီချင့်ဟွားက ချင်းရို့အား ပျော်မြူးစွာ ယဉ်ယဉ်ကျေးကျေး ပြောလိုက်၏။
မိသားစုရဲ့ အကျည်းတန်စရာတွေကို လူသိရှင်ကြားမပြသင့်ဘူးဆိုတာ လူတိုင်းသိပေမယ့် လီချင့်ဟွားကတော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးစိတ်ဓာတ်ရှိသူပင်။
ငါတို့လျိုမိသားစုရဲ့ အယုတ်ဆိုးတာတွေကို သိချင်ပါသလား? လာကြည့်ကြလေ၊ အကောင်းဆုံးယောက္ခမနဲ့ အကောင်းဆုံးယောက်မကို တွေ့ဖို့ ငါ့အိမ်က ကြိုဆိုပါတယ်နော်...
အခကြေးငွေပေးစရာမလိုဘူး၊ ဒီတိုင်းစောင့်ကြည့်နေရုံပဲနော်...
လီချင့်ဟွားက ချင်းရို့ကို ထိုသို့ပြောလိုက်တာကို ကြားလိုက်ရသည့်နောက် ယောက္ခမလျိုရဲ့ မျက်နှာမှာ ဝက်အသည်းရောင်သို့ ပြောင်းလဲသွားလေပြီ။
ဒီချွေးမက သူမကိုယ်ပိုင်မိသားစုမကြောင်း ဂရုမစိုက်ဘဲ အပြင်လူတွေကို သိစေတယ်ပေါ့လေ။ ဒီလီချင့်ဟွားက ဘယ်လိုဖုံးဖိရမှန်းမသိဘူးပဲ၊ အရမ်းရှက်ဖွယ်ကောင်းလိုက်တာ...
ယောက္ခမဖြစ်သူက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး "ကလေးတွေနဲ့ ဒီတိုင်း နောက်ပြောင်နေတာပါကွယ်၊ အာရုံမထားနဲ့နော် ရဲဘော်ရှောင်ချင်းရေ"
လျိုယွဲ့: "နေ့တိုင်း အဖွားက သားနဲ့ ညီမလေးကို ဒီလိုပဲ တိတ်တိတ်လေး ပြောပြောနေတာလေ၊ သားရဲ့နားတွေတောင် အူနေပြီ"
"ဖွားဖွားရေ ဖွားမှာ အယ်လ်ဇိုင်းမားရှိတာလား?"
"စောစောကပြောခဲ့တာကို မေ့သွားပြီလား?"
ထျောင့်ထျောင့် ဝမ်းသာအားရဖြင့် "ဖွားကပြောတာ ပါးပါးက အပြင်လူတဲ့၊ သူ့ကိုရိုက်!"
လျိုဖွားဖွားရဲ့ မျက်နှာမှာ ဖြူဖျော့သွားရကာ "ငါ အဲ့လိုမပြောပါဘူး"
"ဖွားကပြောတယ် ပါးပါးက အပြင်လူတဲ့!"
ချင်းရို့: "..."
ဒီမိသားစုက တကယ်ကိုပျော်စရာပါပဲနော်...
"လာဦး၊ မီးမီးဒေါ်လေးချင်းက ပုံစံတွေ အများကြီးဆွဲထားပေးတယ်၊ သမီးဘယ်ဟာကြိုက်လဲ? ဟွားဟွားမားက သမီးအတွက် အဝတ်အစားတွေ ချုပ်ပေးမလို့"
လီချင့်ဟွားက သမီးဖြစ်သူ ထျောင့်ထျောင့်ကို ရင်ခွင်ထဲ ပွေ့ချီလိုက်၏။
သမီးလေးထျောင့်ထျောင့်ကို ယခု ခေါင်းရိတ်ပေးထားသည်လေ။ မိန်းကလေးတွေက ငယ်ရွယ်စဥ်မှာ ခေါင်းရိတ်ထားရင် ဆံပင်ပိုများလာမယ်လို့ ဆိုကြလေရဲ့။
သမီးဖြစ်သူရဲ့ အနာဂတ်မှာ ဆံပင်ထူထူရှိဖို့အတွက် ဟွားဟွားမားက ကလေးမလေးကို သနားညှာတာခြင်းကင်းမဲ့စွာ ကတုံးတုံးပေးထားခဲ့ပြီး ချစ်စရာကောင်းတဲ့ ချည်ဦးထုပ်လေး ဆောင်းပေးထားခဲ့သည်။
ချင်းရို့ ဆွဲပေးထားတဲ့ ပုံစံတွေထဲကနေ ထျောင့်ထျောင့်လေးက အရမ်းရှုပ်ထွေးလွန်းတဲ့ နှင်းဆီပန်းပုံစံကို ရွေးလိုက်ပြီး လျိုယွဲ့ကတော့ ဝေလငါးဝတုတ်ပုံစံလေးကို ရွေးချယ်လိုက်၏။ သူက ဒီပုံစံကို ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ဆီမှာ မြင်ဖူးထားသည်ဖြစ်ရာ အတော်လေးလှတယ်လေနော်။
"ကောင်းပြီ ဟွားဟွားမားက ဒီပုံစံကို ရေးချထားပြီး မင်းတို့အတွက် ချက်ချင်းလုပ်ပေးမယ်နော်"
"ဒေါ်လေးချင်း မီးကိုဖက်၊ ဒေါ်လေးချင်း ဖက်ပေး..." ရှောင်ထျောင့်ထျောင့်က ချင်းရို့အား ပွေ့ဖက်ရန် အော်နေလေရဲ့။
ချင်းရို့ ထျောင့်ထျောင့်လေးကို သူမရင်ခွင်ထဲမှာ ပွေ့ဖက်လိုက်၏။ လျိုမိသားစုမှ အနှီကလေးမလေးဟာ ကောင်းစွာ ပျိုးထောင်ခံထားရသည်ပင်။
သူမတို့အိမ်ဘေးက ကျန်းမိသားစုမှ သွင်းသွင်းလေးဆိုရင် သူ့နာမည်က သွင်းသွင်းဆိုသော်ငြား ထျောင့်ထျောင့်လောက် မဖွံ့ထွားပါချေ။
သည့်အပြင် ထျောင့်ထျောင့်လေးမှာ "လက်မဲလေး"တစ်စုံရှိနေလေရဲ့။
"ဘယ်ကဘယ်လိုဖြစ်လာတာလဲမသိပါဘူးဟယ်၊ ဘာလို့ သူ့လက်တွေက ဒီလောက်မည်းတူးနေရတာလဲ..."
လီချင့်ဟွားက သူ့သမီးရဲ့လက်တွေ အရမ်းမည်းတူးနေကြောင်း ချင်းရို့အား မပြောပြဘဲမနေနိုင်ဖြစ်၍ "မီးရဲ့လက်မဲမဲလေးကို ဒေါ်လေးချင်းဆီ ပြလိုက်"
"ဟီး ဟီး ဟီး ..."
ကလေးမလေးထျောင့်ထျောင့်ဟာ သူမလက်နှင့် မျက်နှာကို ကိုင်ထား၍ မျက်နှာနှင့် လက်ကြားက အသားအရောင်မှာ အလွန်ကွာခြားနေပေသည်။ သူမရဲ့မျက်နှာလေးက ဖြူဖွေးချောမွတ်နူးညံ့နေစဥ် လက်လေးတွေကတော့ မဲတူးနေလေ၏။ တောင်ပေါ်က မျောက်တွေရဲ့ လက်နဲ့ ပိုတူနေပါသေးရဲ့။
- ကျောက်မီးသွေးတူးရာမှ အခုလေးတင် ပြန်ရောက်လာတဲ့ လက်သည်းတွေလိုမျိုးပဲ...
ချင်းရို့ မရယ်ဘဲမနေနိုင်တော့။ သူမ ယခင်တုန်းက မူကြိုမှာစာသင်စဥ် ထူးဆန်းတဲ့ "လက်မဲလေးတွေ"ရှိတဲ့ ကလေးအချို့ကို တွေ့ဖူးပါသည်။ သူတို့လေးတွေရဲ့ လက်သည်းတွေက သူတို့ခန္ဓာကိုယ် အစိတ်အပိုင်းတွေထက် ပိုမဲတူးနေတာလေ...
ချင်းရို့ ငယ်စဥ်ကတော့ သူမကို လက်ဖြူလေးလို့ သိကြပေ၏။ သူမရဲ့လက်တွေက ဖြူအုချောမွတ်နေပြီး သူမအသားအရေကလည်း အလွန်နူးညံ့ဖွေးအိနေသည်မှာ မျက်နှာကအသားအရေထက်တောင် ပိုလှပနေပါသေးတယ်။
"က လေး က သွက် တယ် နော်"
"တက်ကြွတာ၊ အရမ်းတက်ကြွနေရောပဲ။ ထျောင့်ထျောင့်လို့ နာမည်ပေးထားတာ အရမ်းမှန်တာပဲဟယ်"
လီချင့်ဟွားက သူမသမီးရဲ့ ထျောင့်ထျောင့်ဆိုတဲ့ နာမည်ကို အလွန်ဂုဏ်ယူနေပါသေးသည်။ သူမရဲ့အမြင်အရ ထျောင့်ထျောင့်ဆိုတဲ့ နာမည်က အရမ်းကောင်းတယ်လေ...
ချင်းရို့က လီချင့်ဟွား၊ သူမရဲ့ ကလေးနှစ်ယောက်နှင့် စကားစမြည်ပြောဆိုနေစဥ် ယောက်မဖြစ်သူ လျိုရှောင်ယွီက တခြားမိန်းမငယ်လေးတစ်ဦးကို လျိုအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။
သူတို့လက်ထဲမှာလည်း အထည်တစ်စကို ကိုင်ဆောင်ထားပြီး အဝတ်အစားချုပ်ဖို့ လျိုမိသားစုရဲ့ အပ်ချုပ်စက်ကို အသုံးပြုရန် စိတ်ကူးရှိသည်မှာ ထင်ရှားနေပေသည်။
"ဒေါ်လေး"
လျိုယွဲ့နှင့် ထျောင့်ထျောင့်တို့က လျိုရှောင်ယွီကို အကြိမ်အနည်းငယ် ခေါ်လိုက်၏။ လျိုရှောင်ယွီသည် အရပ်ရှည်ရှည်၊ ပိန်သွယ်ပြီး လေးထောင့်မျက်နှာရှိသူပင်။ သူမဟာ ကျစ်ဆံမြီးဆံပင်ထားရန် မကြာသေးမီက စီစဉ်ထားခဲ့သည်။
သူမဘေးနားက မိန်းကလေးကို ကျန့်ချောင်လင်လို့ခေါ်ပြီး သူမသည်လည်း ဒီမိသားစုခြံဝင်းထဲက အရာရှိမိသားစုရဲ့ ယောက်မဖြစ်၍ နှစ်ယောက်သား အတူတူထွက်လည်လေ့ရှိကြသည်။
ကျန့်ချောင်လင်သည် လူများစွာနှင့်တွေ့ဆုံပြီးနောက် နောက်ဆုံးမှာတော့ မကြာခင် လက်ထပ်တော့မည်ဖြစ်၏။
လျိုရှောင်ယွီကဲ့သို့ပင် သူမဟာ မူလက ရေတပ်အရာရှိတစ်ဦးကို ရှာဖွေလိုသော်လည်း သူမရဲ့ ပညာအရည်အချင်းမှာ မမြင့်မားသလို သူမရဲ့အသွင်အပြင်သည်လည်း သာမန်မျှသာ။ သူမက စိတ်သဘောဆိုးသူနှင့် အိမ်ထောင်မပြုချင်ခဲ့သလို သူမမွေးရပ်မြေရှိ ဆင်းရဲတဲ့ဆွေမျိုးတစ်သိုက်ဆီက ဆွဲချခံရပြီး မိထွေးဖြစ်ရမဲ့ ဒုတိယအိမ်ထောင်ကိုတောင်လည်း ပိုတောင်မလိုချင်ပါချေ။
ထို့ကြောင့် ကျန့်ချောင်လင်က တခြားသူတွေအပေါ် အထင်မကြီးသလို တခြားသူတွေကလည်း သူမကို မနှစ်သက်ကြပါချေ။ သူမလည်း အပြန်ပြန်အလှန်လှန် ရှေ့တိုးနောက်ဆုတ်လုပ်နေခြင်းဖြင့် သူမရဲ့ ကိုယ်ပိုင်စံနှုန်းတွေကို မြှင့်လိုက်တာကြောင့် အိမ်ထောင်ရေးမှာ ပြဿနာကြီး ဖြစ်ခဲ့ရလေတော့သည်။
ကျန့်ချောင်လင်နှင့် လျိုရှောင်ယွီတို့ အတူတွဲဖြစ်ခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံးက အခြေအနေတွေ တူနေကြသော်လည်း အချင်းချင်း တိတ်တဆိတ် ပြိုင်ဆိုင်နေကြ၏။
အပေါ်ယံမှာတော့ တစ်ယောက်နဲ့တစ်ယောက် နှစ်သိမ့်ပေးနေကြပေမယ့် အမှန်တကယ်မှာတော့ သူတို့က လက်တွဲဖော်ကောင်းတစ်ယောက်ကို အရင်ရှာတွေ့လိုကြကာ တခြားသူကို မနာလိုအားကျစေချင်နေကြသည်ပင်။
မကြာသေးမီက ကျန့်ချောင်လင်ဟာ သည်းမခံနိုင်တော့သဖြင့် ငါးဖမ်းကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးနှင့် မိတ်ဆက်ပေးခြင်းခံခဲ့ရ၏။ သူမက ထိုလူရဲ့ ရုပ်ရည်ကိုလည်း သဘောကျမိသလိုဖြစ်ပြီး ထိုလူက ငယ်ရွယ်ကာ တက်ကြွသူပင်။ သူက အရာရှိမဟုတ်သော်ငြား အခြေအနေတွေက လက်သင့်ခံနိုင်ဖွယ်ရှိသလို သူမမိသားစုရဲ့ စည်းရုံးရေးအောက်တွင် ကျန့်ချောင်လင် သဘောတူခဲ့တော့သည်။
ယခုအခါ လက်ထပ်ပွဲအတွက် ပြင်ဆင်ရန် အချိန်ဖြစ်တာကြောင့် သူမမိသားစုက သူမအတွက် ဝတ်စုံအသစ်နှစ်စုံ ချုပ်ရမယ်လို့ ဆိုခဲ့သည်ပင်။
"ငါလက်ထပ်တော့မယ်"
"ဝတ် စုံအသစ် နည်းနည်း ချုပ်မလို့"
လျိုရှောင်ယွီက ကျန့်ချောင်လင် မကြာခင် လက်ထပ်တော့မည်ကို သိလိုက်ရတဲ့အခါ သူမစိတ်ထဲမှာ သောကရောက်နေခဲ့ပေမယ့် ကျန့်ချောင်လင်က "တံငါသည်"တစ်ယောက်နှင့်လက်ထပ်မှာဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် တိတ်တဆိတ်ရယ်မောခဲ့လေသည်။ ငါးတွေက ဘယ်လောက်တန်လို့လဲနော်...
အနာဂတ်မှာ သူမတွေ့မယ့်လူက ကျန့်ချောင်လင်ထက် ပိုကောင်းမှာ သေချာပါတယ်လေ။
"မရီးချင်းလည်း ငါတို့အိမ်ကို ရောက်နေတာပဲ"
လျိုရှောင်ယွီနှင့် ကျန့်ချောင်လင်တို့ နှစ်ယောက်စလုံး ချင်းရို့ကို မြင်လိုက်ရတဲ့အခါ လျိုရှောင်ယွီက မနေနိုင်ဘဲ ချင်းရို့အား တစ်ချက်ကြည့်လိုက်ရာ သူမဟာ အရမ်းကြည့်ကောင်းပြီး သူမရဲ့အသားအရေလည်း ဖြူဖွေးကာ နှင်းဆီရောင်သန်းနေသလို ဆံနွယ်နက်နက်တွေက ခေါင်းထက်တွင် ခွေလျက်ရှိနေလျက်။
သူမက ရိုးရိုးရှင်းရှင်း ၀တ်စားထားတာတောင်မှ တခြားသူတွေထက် အမြဲလိုလို ပိုလှပနေပြီး လူတော်တော်များများလည်း သူမရဲ့ ဝတ်စားဆင်ယင်မှုကို တိတ်တဆိတ်အတုခိုးတတ်ကြသည်လေ။
လျိုရှောင်ယွီ အနည်းငယ် မပျော်မရွှင်ဖြစ်သွားရ၏။ ချင်းရို့ဟာ မယဥ်မကျေးပြုမူတတ်တယ်လို့ သူမ ခံစားရရုံတင်မကဘဲ ဤဒေသရှိ ညီအစ်မတော်တော်များများသည်လည်း အတူတူပဲလို့ ခံစားခဲ့ရလေသည်။
သူမရဲ့ အမြင်အရ "လှလှပပ ၀တ်စားဆင်ယင်ခြင်း" ကဲ့သို့သော အရာများဟာ အိမ်ထောင်မပြုသေးတဲ့ မိန်းကလေးတွေရဲ့ အခွင့်ထူးဖြစ်သည်ပင်။
ချင်းရို့လိုမျိုး အိမ်ထောင်ရှင်မတွေကတော့ သူမရဲ့ မွေးရပ်မြေက ကလေးမွေးပြီးသား ကျေးလက်အမျိုးသမီးတွေလို ဖြစ်နေရမှာလေ။
ကလေးကို ချီပိုးထားရင်း နေ့တိုင်း လယ်လုပ်ရကာ အဖာအထေးအဝတ်အစားတွေဝတ်ပြီးတော့ သူတို့ဆံပင်တွေကိုတောင်မှ ခပ်တိုတိုဖြတ်ထားရမည်ဖြစ်သလို သူတို့ကိုယ်သူတို့ ဂရုစိုက်မနေသင့်ပါချေ။
နင်က အိမ်ထောင်ပြုပြီးသွားပြီး အိမ်မှာအမျိုးသားရှိနေတာတောင်မှ ဘာလို့ လှလှပပဝတ်ဆင်ပြီး ပျားတွေလိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထွက်ချင်နေသေးတာတုန်း?
လျိုရှောင်ယွီ ပြောလာခဲ့သည်။
"မရီးချင်း နင် ဘာလို့ ဒီလိုလှလှပပလေးတွေ နေ့တိုင်းဝတ်နေရတာလဲ? ကလေးရှိပြီးသား အိမ်ထောင်သည်အမျိုးသမီးက အိမ်မှာပဲ ကိုယ့်ယောက်ျားနဲ့ ကလေးတွေကို ပြုစုကျွေးမွေးဖို့ အာရုံစိုက်နေသင့်တာ မဟုတ်ဘူးလား?"
"နင့်ယောက်ျားက နေ့တိုင်း နင့်ကို ဒီလိုမျိုး မြင်ရင် နင်က တခြားယောက်ျားတွေကို မြူဆွယ်ချင်နေတာလို့ သူထင်သွားလိမ့်မယ်နော်"
"ယောက်ျားတစ်ယောက်က လက်ထပ်ပြီးသွားရင် ရိုးရိုးရှင်းရှင်းဘဝကို သဘောကျကြတာလေ။ နင်က ဒီကိစ္စကြောင့် နင့်ယောက်ျားနဲ့ ရန်ဖြစ်ရရင် ဆုံးရှုံးရကျိုးနပ်မှာ မဟုတ်ဘူး"
တစ်ဖက်မှ ကျန့်ချောင်လင်ဟာ လျိုရှောင်ယွီရဲ့ အတွေးတွေကို မသိဘဲ ဘယ်နေမှာတုန်း?
သူမ အပြုံးလေးနှင့် ပြောလာခဲ့၏။
"နင့်ရဲ့ခေါင်းဆောင်လု ကွာရှင်းဖို့ စောင့်နေတဲ့ လူဘယ်နှစ်ယောက်ရှိလဲ နင်မသိပါဘူးနော်။ ကလေးနှစ်ယောက်အတွက် မိထွေးလုပ်ကြဖို့လေ"
အရာရှိတွေကို လက်ထပ်ဖို့ မျှော်လင့်နေသူဖြစ်သော လျိုရှောင်ယွီနှင့် ကျန့်ချောင်လင်တို့က လျှို့ဝှက်ပြောဆိုခဲ့ပြီးဖြစ်၏။ သူတို့က တခြားသူတွေအတွက် မိထွေးမဖြစ်လိုကြပေ။ မိထွေးလုပ်ရမယ်ဆိုရင်တော့ ခေါင်းဆောင်လုကို လက်ထပ်ပြီး အမြွှာယောက်ျားလေးတွေအတွက် မိထွေးဖြစ်လိုခဲ့သည်ပင်။
ယခုအခါ ကျန့်ချောင်လင်သည် ဒီလိုကိစ္စများကို မတွေးတော့ပေမယ့် လျိုရှောင်ယွီရဲ့ အတွေးတွေကိုတော့ ပြတ်ပြတ်သားသား ထိုးဖောက်မြင်နိုင်လေရဲ့။
ချင်းရို့ နားထောင်ပြီးနောက် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး
"ငါက ငယ်သေးတယ်လေ၊ လူတွေကို တွေ့ဆုံဖို့ အပြင်မထွက်ခင်မှာ ငါ ကောင်းကောင်းမွန်မွန် ၀တ်စားထားရမှာပဲ"
"ငါမသေသေးသရွေ့ ငါ့သားတွေရဲ့ မိထွေးဖြစ်ဝံ့တဲ့ ဘယ်သူမဆို ကတ်ကြေးနဲ့ ထိုးသတ်ပစ်မယ်။ ငါသေရင်တောင်မှ ငါ့လောင်လုနဲ့ ကလေးတွေအနားမှာ နေ့တိုင်း တဝဲလည်လည်ကပ်တွယ်နေဦးမှာ။ သူတို့သုံးယောက်ဆီ ချဉ်းကပ်ဖို့ လာတဲ့သူတိုင်း သူတို့ကို ငါနဲ့အတူ ငရဲဆီ ခေါ်သွားလိုက်မယ်..."
ဤစကားလုံးတွေကြောင့် လျိုရှောင်ယွီနှင့် ကျန့်ချောင်လင်တို့ နှစ်ယောက်စလုံး အနည်းငယ် ကြောက်လန့်သွားရလျက်။
ချင်းရို့ဟာ ချစ်စရာကောင်းပြီး နူးညံ့တဲ့ပုံပေါက်သော်လည်း သူမပါးစပ်မှ ထွက်လာတဲ့ စကားလုံးတွေက ပြတ်သားလွန်းသည်လေ။
xxx